ဘိုးဘွားပိုင်အုတ်ဂူမှာ ပြဿနာရှိနေတယ်
Vol. 53 Ch. 791
"လူကြီးမင်း... ဇီဒယ်ယ်သတ္တုရိုင်း လာဝယ်တာလား"
အဆောက်အအုံဝင်ပေါက်သို့ ဝင်လိုက်သည်နှင့် ကျန်းမုန့်လောင်ကို ဝန်ထမ်းတစ်ဦးက တားလိုက်၏။
"ဟုတ်တယ်။ ဒီနေရာမှာလည်း စကြဝဠာနိုင်ငံသားမှတ်ပုံတင်ကတ် လိုသေးတာလား"
"အဲ့ဒါတော့ မလိုပါဘူး"
ဝန်ထမ်းက ရှင်းပြလိုက်၏။
"ဒါပေမဲ့ လူကြီးမင်းမှာ လုံလောက်တဲ့ ဝယ်ယူနိုင်စွမ်းရှိမရှိကိုတော့ ကျွန်တော်တို့ အတည်ပြုဖို့လိုပါတယ်။ ပြောရရင် ဒီက သတ္တုရိုင်းတုံးတစ်တုံးက အိုင်ဇက်မျိုးနွယ်စုထဲက သာမန်မိသားစုတစ်စုရဲ့ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်စရိတ်နဲ့ ညီမျှတယ်လေ"
"သြော်... ငါက ဘယ်လိုသက်သေပြရမှာလဲ"
"ဒီစက်ပေါ်မှာ လူကြီးမင်းရဲ့ငွေသွင်းကိရိယာတစ်ခုခုကို စကန်ဖတ်လိုက်ရုံပါပဲ"
ထိုဝန်ထမ်းက ကုမ္ပဏီကြီးတစ်ခုရှိ ဝန်ထမ်းပီပီ ချီးကျူးလောက်စရာကောင်းသော သဘောထားဖြင့် ပြောလိုက်၏။
ကျန်းမုန့်လောင်တွင် အထူးပြုလုပ်ထားသော ငွေသွင်းကိရိယာ မရှိသော်လည်း ဤကဲ့သို့သော ပြဿနာအသေးအဖွဲလေးကို ကောထန်က အလွယ်တကူဖြေရှင်းပေးနိုင်သည်။
စက်က ခဏမျှ လက်ခနဲဖြစ်သွားပြီးနောက် ဒက်ရှ်ဘုတ်ပေါ်ရှိ ဂဏန်းများကို မြင်လိုက်ရသောအခါ ထိုဝန်ထမ်း၏ မျက်နှာထားမှာ ယခင်ကထက် ပိုရိုကျိုးသွားလေဟန်ပင်။
စက်ထဲတွင် ထူးဆန်းစွာ ဝတ်ဆင်ထားသော ဤလူသား၌ အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား ရှစ်ဘီလီယံလက်ငင်းငွေသားရှိကြောင်း ပြသနေသည်။ နေ့စဉ်နှင့်အမျှ လူမပြတ်လပ်သည့် စည်ကားလှသော ဤသတ္တုရိုင်းစက်ရုံတွင် ဤကဲ့သို့သော ပိုင်ဆိုင်မှုမျိုးရှိသူကို သူဌေးဟု သေချာပေါက်သတ်မှတ်နိုင်သည်။
အမှန်တကယ်တွင် လူအများစုမှာ သတ္တုရိုင်းတုံးတစ်တုံးနှစ်တုံး ဝယ်ယူရန်သာ ငွေလုံလောက်ပြီး ကံစမ်းရန် လာကြခြင်းပင်။ ဘီလီယံပေါင်းများစွာ ပိုင်ဆိုင်သူများမှာ အခြေခံအားဖြင့် နောက်ခံအင်အားကြီးမားသူများ ဖြစ်ကြသည်။
"လူကြီးမင်း... ဒါက လူကြီးမင်းရဲ့ဝင်ခွင့်လက်ပတ်ပါ"
ထိုဝန်ထမ်းက ခရမ်းရောင်အလင်းတန်းများ လင်းလက်နေသည့် လက်ပတ်တစ်ကွင်းကို ကမ်းပေးလေသည်။
"ဒီလက်ပတ်နဲ့ဆိုရင် ကျွန်တော်တို့ကုမ္ပဏီရဲ့ အရောင်းဧရိယာ ဘယ်နေရာကိုမဆို ဝင်ရောက်နိုင်ပါတယ်"
"ဘာ... အရောင်းဧရိယာက အများကြီးရှိတာလား"
"ဟုတ်ပါတယ် လူကြီးမင်း"
ထိုဝန်ထမ်းက ရှင်းပြလိုက်၏။
"ဒီအဆောက်အအုံမှာ တစ်ရာ့နှစ်ထပ်ရှိပြီး နယ်မြေငါးခု ခွဲထားပါတယ်။ တစ်ခုချင်းစီက သတ္တုရိုင်းအရည်အသွေးတွေကလည်း မတူကြပါဘူး။ မြေညီထပ်က အရည်အသွေးအနိမ့်ဆုံး သတ္တုရိုင်းတွေက စျေးနှုန်း တစ်သိန်းကနေ နှစ်သိန်းကြား ရှိပြီး သလင်းကျောက်တုံးကို တွေ့နိုင်ခြေက ၀.၀၅ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ သလင်းကျောက်တွေရဲ့ အရည်အသွေးကလည်း မမြင့်ပါဘူး"
"အပေါ်ထပ်က ဧရိယာတွေမှာတော့ စျေးနှုန်းတွေက နှစ်သိန်းကနေ သုံးသိန်း၊ သုံးသိန်းကနေ ငါးသိန်း၊ ငါးသိန်းကနေ ခုနစ်သိန်းနဲ့ ခုနစ်သိန်းကနေ တစ်သန်း အသီးသီးရှိပါတယ်။ စျေးနှုန်းတွေနဲ့အတူ သလင်းကျောက်တွေ့နိုင်ခြေကလည်း မြင့်တက်လာပါတယ်။ အပေါ်ဆုံးထပ်မှာဆိုရင် ကံကောင်းရင် အဆင့်ငါးသလင်းကျောက်တုံးတောင် တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အရမ်း ကံကောင်းဖို့တော့ လိုတာပေါ့"
"ငါ နားလည်ပြီ"
ကျန်းမုန့်လောင် သဘောပေါက်လိုက်သည်။ ဤလက်ပတ်မှာ အခြေခံအားဖြင့် ဝင်ခွင့်လက်မှတ်ပင်။ သက်ဆိုင်ရာအထပ်တွင် သုံးစွဲနိုင်ရန် သက်ဆိုင်ရာပိုင်ဆိုင်မှု ရှိဖို့လည်း လိုအပ်သည်။ ဤသို့သောပုံစံက ကမ္ဘာမြေတွင်လည်း အလွန်ခေတ်စားလှ၏။
"ဒီလက်ပတ်နဲ့ဆိုရင် အပေါ်ဆုံးထပ်ကို တက်လို့ရလား"
"ရပါတယ် လူကြီးမင်း။ အပေါ်ဆုံးထပ်ကို ဝင်ခွင့်ရဖို့ ပိုင်ဆိုင်မှုတစ်ဆယ်ဘီလီယံကျော် ရှိဖို့လိုပါတယ်။ လူကြီးမင်းက ဒီစံသတ်မှတ်ချက်ကို ပြည့်မီပါတယ်"
"တစ်ဆယ်ဘီလီယံတောင်လား။ အဲ့လောက်များတာလား။ အပေါ်ဆုံးထပ်က သတ္တုရိုင်းတွေက သန်းဂဏန်းအဆင့်ပဲရှိတာ မဟုတ်ဘူးလား။ ဒီသတ်မှတ်ချက်က နည်းနည်း မြင့်လွန်းမနေဘူးလား"
"လူကြီးမင်း မသိလို့ပါ..."
ထိုဝန်ထမ်းက အသံနှိမ့်ပြောလိုက်သည်။
"အောက်ထပ်တွေမှာ အကုန်လုံးနီးပါးက လောင်းကစားသမားတွေပါ။ သူတို့က အများအားဖြင့် စီးပွားရေးလုပ်ငန်းရှင် အသေးစားတွေ ဒါမှမဟုတ် အာကာသသိုင်းပညာရှင်တွေပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒီနေရာက နည်းနည်းရှုပ်ထွေးပြီး လူစုံတယ်။ လူကြီးမင်း သဘောပေါက်မယ် ထင်ပါတယ်"
"ဒါပေမဲ့ အပေါ်ဆုံးထပ်မှာတော့ မိသားစုကြီးတွေက ပုဂ္ဂိုလ်တွေ ဒါမှမဟုတ် နောက်ခံမြင့်မားတဲ့လူတွေ ရှိကြပါတယ်။ ပြီးတော့ သလင်းကျောက်ပညာရှင်တချို့ကိုတောင် တွေ့နိုင်ပါသေးတယ်။ အဲ့ဒီအပေါ်မှာ ပိုက်ဆံရှာဖို့ဆိုတာ အသာလေးပါ။ လူမှုရေးအရ ဆက်ဆံဖို့လည်း အဓိကကျပါတယ်"
"သလင်းကျောက်ပညာရှင်က ဘာလဲ။ ပညာရှင်တွေလည်း ရှိတာလား"
"ဒီကို ပထမဆုံးအကြိမ် လာဖူးတာမဟုတ်လား"
ထိုဝန်ထမ်းက ရယ်လိုက်သည်။
"အဲ့လိုပုံစံမျိုးပါပဲ... အမြင်ကျယ်အောင် လာခဲ့တာပေါ့"
"ဒါကြောင့် မသိတာကိုး..."
ထိုဝန်ထမ်းက ဆက်ပြောလေသည်။
"ကျောက်မျက်စစ်ဆေးရေးနယ်ပယ်မှာ ဂိုဏ်းနှစ်ဂိုဏ်း ရှိပါတယ်။ တစ်ခုကတော့ အတွေ့အကြုံဂိုဏ်းပါ။ သူတို့မှာ သလင်းကျောက်ပါတဲ့ကျောက်တုံး သန်းပေါင်းများစွာကို သုတေသနလုပ်ထားတဲ့ အတွေ့အကြုံတွေရှိကြပြီး ထိပ်တန်းဆရာကြီးတွေဆိုရင် ဆယ်ရာခိုင်နှုန်းလောက်အထိ မှန်ကန်နိုင်ခြေရှိကြပါတယ်"
"နောက်တစ်မျိုးကရော"
"နောက်တစ်မျိုးကတော့ အထင်ကြီးချင်စရာကောင်းပါတယ်။ သူတို့မှာ အထူးစွမ်းရည်တွေ ပိုင်ဆိုင်ထားကြပါတယ်။ တချို့က ဝိညာဉ်အာရုံခံနိုင်စွမ်းကို အားကိုးပြီး တချို့ကျတော့ မျက်လုံးနဲ့ပတ်သက်တဲ့ ထူးခြားစွမ်းရည်တွေ ရှိကြတယ်။ ဇီဒယ်လ်သတ္တုရိုင်းရဲ့ ဖုန်မှုန့်တိမ်တိုက်တွေကို ဖောက်ပြီး သလင်းကျောက်စွမ်းအင်စီးဆင်းမှုကိုတောင် အာရုံခံနိုင်ကြတယ်။ မှန်နိုင်ခြေခုနှစ်ဆယ်ရာခိုင်နှုန်းအထိရှိတဲ့ ထိပ်တန်းဆရာကြီးတွေအကြောင်း ကျွန်တော် ကြားဖူးတယ်။ အဲ့ဒီလိုဆရာကြီးတွေက ပုံမှန်ဆိုရင် အစွမ်းထက်တဲ့ အာကာသသိုင်းပညာရှင်တွေပါ"
"သဘောပေါက်ပြီ"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်၏။ ၎င်းမှာ ကမ္ဘာမြေရှိ အဆင့်မြင့်ကလပ်များနှင့် တူသည်။ ပိုက်ဆံရှာစရာမလိုဘဲ မြင့်မားသည့် လူနေမှုအဆင့်အတန်းရှိသော လူများနှင့် တွေ့ဆုံရန်သာဖြစ်၏။
မည်သည့်မျိုးနွယ်စုတွင်မဆို တချို့အရာများမှာ အခြေခံအားဖြင့် တူညီလေဟန်ပင်။
"ဒါပေမဲ့ အဆင့်နှစ်မျိုးနွယ်စုအနေနဲ့ ကျွန်တော်တို့ဆီမှာ အဲ့ဒီလိုဆရာမျိုးတွေကို မြင်ရခဲပါတယ်။ အဲ့ဒီလိုလူစားမျိုးတွေက အနည်းဆုံး အဆင့်လေးသက်ရှိတွေပါ။ ဘယ်မျိုးနွယ်စုမှာမဆို သူတို့ကို ထိပ်သီးပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ်ကြပါတယ်"
"ကျေးဇူးအများကြီးတင်ပါတယ်"
ကျန်းမုန့်လောင်က ကျေးဇူးတင်စကားဆိုပြီးနောက် ပထမထပ်ရှိ ပြခန်းထဲသို့ ဝင်သွားလိုက်သည်။
...
"ငါ ဒီတစ်ခုယူမယ်"
"ငါ အရင်မြင်တာကွ။ လစ်လိုက်တော့"
"ငါအရင်မြင်တာ အသိသာချည်းကို"
"သေစမ်း... လောင်းကစားရှုံးပြန်ပြီကွာ။ မင်းတို့ကောင်တွေ ဒီသတ္တုရိုင်းတုံးတွေကို ပြုစားထားတာလား"
"ဟားဟားဟား... ငါ သလင်းကျောက်တုံး ရပြီဟေ့။ အဆင့်နှစ်သလင်းကျောက်တုံးကွ။ ဘုရားရေ ဟားဟားဟား... ဒီလောက်အကြာကြီးရှုံးနေပြီးမှ နောက်ဆုံးတော့ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီ"
"သောက်ကျိုးနည်း... ကံဆိုးလိုက်တာ။ ဒီလို အမှိုက်သတ္တုရိုင်းတုံးတွေကတောင် အဆင့်နှစ်သလင်းကျောက်တုံးမျိုး ထွက်လာရသလား"
"ဒီလောက်ကြီးတဲ့ အဆင့်နှစ်သလင်းကျောက်တုံးဆိုရင် အနည်းဆုံး အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား နှစ်ဘီလီယံလောက်တော့ တန်မှာပဲနော်"
"ဒီနယ်မြေမှာ ဆယ်နှစ်နေလို့တောင် အဆင့်နှစ်သလင်းကျောက်တုံးတစ်တုံးတွေ့ရဖို့ ရှားတယ်။ ကျွတ် ကျွတ် ကျွတ်...ပွတာပဲ"
ကျန်းမုန့်လောင် ပထမထပ်ခန်းမထဲသို့ ခြေချလိုက်ချိန်မှာပင် အိုင်ဇက်မျိုးနွယ်စုမှ လူတစ်ယောက်က အစိမ်းရောင်သလင်းကျောက်တုံးကိုကိုင်ကာ ပျော်လွန်း၍ ကခုန်နေသည်ကို မြင်လိုက်ရ၏။
အဆင့်တစ်သလင်းကျောက်တုံးများမှာ အရောင်မရှိပါဘဲ ကြည်လင်နေပြီး အဆင့်နှစ်မှာ အစိမ်းရောင်၊ အဆင့်သုံးမှာ အပြာရောင်၊ အဆင့်လေးမှာ အနီရောင်နှင့် အဆင့်ငါးမှာ ခရမ်းရောင်ဖြစ်သည်။ အရောင်နှင့် အရွယ်အစားကို ကြည့်ခြင်းအားဖြင့် ဤအဆင့်နှစ်သလင်းကျောက်တုံး၏ အရည်အသွေးမှာ အလွန်ကောင်းမွန်လှသည်။
ဤဧရိယာတွင် အဆင့်နှစ်သလင်းကျောက်တုံးကို ထုတ်ယူနိုင်ရန်မှာ ဖြစ်နိုင်ခြေသန်းတစ်ဆယ်တွင် တစ်ကြိမ်အောက် လျော့နည်းသည်မှာ အသေအချာပင်။ ကံတရားသက်သက်ကို အားကိုးသူတစ်ယောက်အဖို့ ဤအရာမှာ ယခင်က နဂါးငွေ့တန်းကို ကယ်တင်ခဲ့ဖူးမှသာ ဖြစ်နိုင်ပေမည်။
"စိတ်ဝင်စားစရာပဲ"
ကျန်းမုန့်လောင်က ခန်းမပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်၏။ ပြထားသောဧရိယာတွင် အနည်းဆုံး ကျောက်တုံးနှစ်သောင်းသုံးသောင်းခန့် ရှိသည်။ သိုလှောင်ရုံဧရိယာတွင် ပို၍ပင် များနိုင်သေးသည်။ ပထမထပ်ရှိ စျေးနှုန်းများမှ သိပ်မမြင့်မားလှပေ။ အနိမ့်ဆုံးမှာ အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား ငါးသောင်းသာ ရှိသည်။
"ရှာရင်ဂန်... ပွင့်စေ"
ကျန်းမုန့်လောင်၏ မျက်လုံးထဲတွင် အနီရောင်မာဂါတာမာသုံးခု ရုတ်တရက်ပေါ်လာချေသည်။ မာဂါတာမာစတင်လည်ပတ်သည်နှင့်အမျှ ကျောက်တုံးများက သူ့အမြင်အာရုံထဲတွင် ပြောင်းလဲမှုအမျိုးမျိုးကို စတင်ပြသလာ၏။
ဤသတ္တုရိုင်းတုံးများအကြား မီးခိုးရောင် မြူခိုးများ ရှိနေပေသည်။ ကျောက်တုံးအားလုံးနီးပါးတွင် ရှိနေခြင်းဖြစ်ပြီး ၎င်းမှာ မည်သည့်စွမ်းအင်ပုံစံ သို့မဟုတ် လျှပ်စစ်သံလိုက်လှိုင်းကမှ ထိုးဖောက်မဝင်နိုင်သော ဖုန်မှုန့်အလွှာပင် ဖြစ်ရမည်။
"အကုန်လုံးက အတူတူပဲပါလား"
ကျန်းမုန့်လောင်က ပတ်ဝန်းကျင်ကို အမြန် ဝေ့ကြည့်လိုက်သော်လည်း ထူးခြားသည့်အရာဟူ၍ ဘာတစ်ခုမှမတွေ့ရပေ။
ကျန်းမုန့်လောင်မှာ ပုံစံမမှန်သော အာလူးတစ်လုံးနှင့်ဆင်တူသည့် သတ္တုရိုင်းတုံးတစ်တုံးကို ရုတ်ခြည်းသတိထားမိလိုက်သည်။ မီးခိုးရောင်မြူခိုးများအကြား နို့နှစ်ရောင် နည်းနည်းတောက်နေချေသည်။
"ဝူးဟူး"
ကျန်းမုန့်လောင်လည်း စျေးနှုန်းကို တစ်ချက်ကြည့်လိုက်သည်။ ဤကျောက်တုံး၏ စျေးနှုန်းမှာ အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား ရှစ်သောင်းဖြစ်၏။
"ငါ ဒီဟာယူမယ်"
ကျန်းမုန့်လောင်က ဝန်ထမ်းကို ပြောလိုက်သည်။
"ဒါကို ဘယ်လိုဖွင့်ရတာလဲ"
"ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား"
ဝန်ထမ်းကလည်း ပြန်မေးသည်။
"ဟုတ်တယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်၏။
"ငွေချေပြီးတာနဲ့ လူကြီးမင်း ဗဟိုအလုပ်ရုံဧရိယာကို သွားရောက်ဆောင်ရွက်နိုင်ပါတယ်။ သလင်းကျောက်ပါဝင်တဲ့ ဘယ်သတ္တုရိုင်းတုံးကိုမှ မထိခိုက်စေဘဲ ခွဲခြားပေးနိုင်တဲ့ အတိကျဆုံးကိရိယာတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်"
"ဪ... ကျေးဇူးပဲ"
ကျန်းမုန့်လောင်က ငွေချေပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အလုပ်ရုံဘက်သို့ အပြေးသွားလေတော့သည်။
"အာ... ကံလာစမ်းတဲ့ လူသစ်လေးတစ်ယောက်ပါလား"
ဝန်ထမ်းက တွေးလိုက်၏။ ဤနေရာတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာသူဖြစ်လေရာ ပိုက်ဆံစုပြီး သူတို့ကိုယ်သူတို့ ရွေးချယ်ခံရသူများဟုထင်ကာ ကံကောင်းခြင်းကို မျှော်လင့်ကြသော်လည်း နောက်ဆုံးတွင် အရာအားလုံး ဆုံးရှုံးသွားရသူပေါင်းများစွာကို မြင်တွေ့နေကျပင်။
သလင်းကျောက်ပါဝင်သော သတ္တုရိုင်းအများစုမှာ ပုံသဏ္ဍာန်မှန်ကြသည်။ ဤကဲ့သို့ ရုပ်ဆိုးလှသော ကျောက်တုံးများကမူ သေချာပေါက် ရှုံးမည့်အရာများသာ ဖြစ်၏။
လူသစ်တွေက လေ့လာမှုလေးဘာလေး မလုပ်ကြဘူးလား။ ဒီကိစ္စအတွက် ကံတရားကိုပဲ အားကိုးလို့ရမလား။
"ဘုရားရေ... သလင်းကျောက်ထွက်လာပြီဟေ့"
"ကံကောင်းလိုက်တာနော်"
"ဒီညီလေးကို သိပ်မရင်းနှီးသလိုပဲ"
...
"နောက်ထပ်သလင်းကျောက်တစ်တုံးထပ်ထွက်တာလား"
ထိဝန်ထမ်းက ဗဟိုအလုပ်ရုံဘက်သို့ လှမ်းကြည့်လိုက်လေရာ စက်ပေါ်တွင် ကြည်လင်လှသော အဆင့်တစ်သလင်းကျောက်တစ်တုံး တင်ထားကြောင်း တွေ့လိုက်ရသည်။ ဤကျောက်တုံး၏ အရွယ်အစားနှင့် တောက်ပမှုကို ကြည့်လျှင် အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား ငါးသန်းကျော် တန်ကြေးရှိလောက်သည်။
"သူပါလား"
ထိုကံကောင်းသူမှာ သူ ယခုလေးတင် ငတုံးဟု ထင်ခဲ့မိသော လူသစ်လေးဖြစ်နေလေသည်။
"ပထမဆုံးသတ္တုရိုင်းဝယ်ယူမှုမှာတင် သလင်းကျောက်တုံးကို ရသွားတာလာ။ ဒီကံတရားက... သူ့ဘိုးဘွားတွေကများ ကောင်းချီးပေးထားတာလား"