အခန်း (၇၉၂)
Vol. 53 Ch. 792
"ဒါက စွမ်းအင်သလင်းကျောက်လား"
ကလေးခေါင်းအရွယ်အစားခန့်ရှိသော ပုံပန်းသဏ္ဍာန်မကျသည့် အဖြူရောင်သလင်းကျောက်ကို ကိုင်ထားရင်း ဤကျောက်တုံးလေးထဲတွင် ဤမျှကြီးမားသော စွမ်းအင်များ ပါဝင်နေကြောင်း ကျန်းမုန့်လောင် ယုံကြည်ဖို့ပင် ခက်ခဲနေချေသည်။
"ဒီလိုကျောက်တုံးဆယ်တုံးလောက်ဆိုရင် သာမန်အဆင့်တစ်မျိုးနွယ်စုတစ်ခုကို တစ်နှစ်စာစွမ်းအင်ထောက်ပံ့ပေးဖို့တောင် လုံလောက်တယ်လေ။ တကယ်လို့ ဒါကို လက်နက်အဖြစ်သာ ပြောင်းလဲလိုက်မယ်ဆိုရင် ကျောက်တုံးတစ်တုံးတည်းနဲ့ နိုင်ငံတစ်နိုင်ငံကို အမှုန့်ကြိတ်ပစ်နိုင်လောက်တယ်မလား"
"ကောင်လေး...မင်းက တော်တော်ကံကောင်းတာပဲ"
"ဒီလောက်ကြီးတဲ့ သလင်းကျောက်ကိုတောင် ရတာဆိုတော့ တကယ့်ကံထူးရှင်ပဲကွ"
"မိတ်ဆွေ... ခင်ဗျားကိုကြည့်ရတာ စိမ်းနေသလိုပဲ။ ကျုပ် ဒီမှာ နေ့တိုင်းနီးပါးရှိနေပေမယ့် ခင်ဗျားကို အရင်က မမြင်ဖူးသလိုပဲ"
လောင်းကစားသမားများက ကျန်းမုန့်လောင်ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ချဉ်းကပ်လာပြီး စကားလာပြောကြသည်။ သူ့ဆီက ကံကောင်းမှုများ ကူးစက်လာလေမလားဟူသော မျှော်လင့်ချက်များလည်း ထားရှိကြသည်။
"ဟားဟားဟား... သေချာပေါက်စိမ်းနေမှာပေါ့။ ကျွန်တော်က ဒီနေ့မှ ဒီကျောက်ရိုင်းစက်ရုံကို ပထမဆုံးအကြိမ် ရောက်ဖူးတာလေ။ ခင်ဗျားတို့ ကျွန်တော့်ကို မမြင်ဖူးတာ ပုံမှန်ပါပဲ"
ကျန်းမုန့်လောင်က ရယ်မောရင်း ပြောလိုက်သည်။
"ပထမဆုံးအကြိမ်လား"
"ဒါဆို မင်း ကျောက်ရိုင်းဝယ်တာ ဒါ ပထမဆုံးအကြိမ်များလား"
"ဟုတ်တယ်။ ပထမဆုံးအကြိမ်ဝယ်တာ"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။
"ဘုရားရေ"
"ဒါက ဘယ်လိုကံမျိုးလဲကွ"
"သူက ကံကောင်းခြင်းအရှင်သခင်ပဲ"
"ပထမဆုံးအကြိမ် ကျောက်ရိုင်းဝယ်တာနဲ့တင် သလင်းကျောက်ရတယ်ဆိုတော့ မင်းက စနစ်ကိုများ ဟက်ခ်လုပ်ထားတာလား"
"ဘာဗေဒင်ဆရာလဲ။ ဒီနေ့ကစပြီး ငါက ဒီကံကောင်းခြင်းအရှင်သခင်ကိုပဲ ယုံကြည်တော့မယ်"
ဤအဖြစ်အပျက်က လောင်းကစားသမားများကို အကြီးအကျယ် မနာလိုဖြစ်သွားစေသည်။ ကျောက်ရိုင်းရာဂဏန်းခန့် ဝယ်ခဲ့သော်ငြား ဘာမှမရဘဲ လက်ဗလာဖြင့် ပြန်သွားရသူများ ဒုနှင့်ဒေးပင်။
"လူတိုင်းမှာ ခေါင်းတစ်လုံး ပခုံးနှစ်ဖက်စီ အတူတူရှိကြတာပဲကို။ သူ့ကံက ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲ"
"ဒီမှာ သလင်းကျောက်တွေကို သီးသန့်ဝယ်တဲ့လူရှိလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ဟိုဘက်မှာ သလင်းကျောက်ဝယ်တဲ့ သီးသန့်ကောင်တာတစ်ခု ရှိတယ်"
လောင်းကစားသမားတစ်ယောက်က ပြောလာလေသည်။
"ဒါပေမဲ့ သူတို့က ဒီမှာဈေးနှိမ်တတ်တယ်။ တကယ်လို့ ဈေးကွက်ထဲကို သွားရောင်းရင် ဒီထက် တစ်ဆယ်ရာခိုင်နှုန်းလောက် ပိုရနိုင်တယ်"
"ပြဿနာမရှိပါဘူး။ ကျွန်တော်က ပိုက်ဆံရှားနေတာမှ မဟုတ်တာ။ အလုပ်ရှုပ်ခံရတာကို မကြိုက်တာပါ"
ကျန်းမုန့်လောင်က ပြုံးလိုက်၏။
"တကယ်လို့ ကျွန်တော်က ဇီဒယ်လ်ကျောက်ရိုင်းတွေထဲကို ထိုးဖောက်မြင်နိုင်တယ်ဆိုရင် ပိုက်ဆံရှာဖို့ ဘာပူစရာလိုတော့မှာလဲ။ ကျွန်တော့်အတွက် တစ်ဆယ်ရာခိုင်နှုန်းက ဘာများအရေးကြီးလို့လဲ"
သလင်းကျောက်ကိုကိုင်ရင်း ကျန်းမုန့်လောင်လည်း ဝယ်ယူရေးကောင်တာဆီသို့ လျှောက်သွားလိုက်၏။
"ဟယ်လို ဒါကို ဘယ်လောက်ပေးဝယ်မလဲ"
အလှဆင်မျက်မှန်ကဲ့သို့သော အရာကို တပ်ထားသည့် အဘိုးအိုတစ်ဦးက လှည့်လာပြီး ကျောက်တုံးကို စစ်ဆေးကြည့်လိုက်သည်။
"မဆိုးဘူးပဲ။ သန့်စင်မှုက အဆင့်အေအထိရောက်တယ်။ ၂၅.၇ကာရက်ရှိတယ်။ မင်းကို ငါ အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား ၄.၈သန်း ပေးနိုင်တယ်"
ကာရက်ဆိုသည်မှာ စကြဝဠာတစ်ခွင် အသိအမှတ်ပြုထားသော အလေးချိန်ယူနစ်ဖြစ်ပြီး တစ်ကာရက်လျှင် ၄၇၂.၆ဂရမ်ခန့် သို့မဟုတ် ၀.၅ကီလိုဂရမ်နီးပါး ရှိသည်။
"လူကြီးမင်း... အဲဒီဈေးက တော်တော်လေး မျှတပါတယ်။ တကယ်လို့ စွမ်းအင်သီးသန့်ဝယ်ယူတဲ့ ကုမ္ပဏီကြီးတွေဆိုရင်တော့ ၅.၅သန်းအထိ ပေးနိုင်ပေမယ့် ဒီနေရာမှာတော့ ဒါက တော်တော်ကောင်းတဲ့အရောင်းအဝယ်တစ်ခုပါပဲ"
တစ်စုံတစ်ယောက်က အကြံပေးလာသည်။
"ကောင်းပြီ။ အဲဒီဈေးနဲ့ပဲ သဘောတူလိုက်မယ်"
"မင်းက တော်တော်ပြတ်သားတဲ့ လူငယ်လေးပဲ"
အဘိုးအိုက ကိရိယာတစ်ခုကတစ်ဆင့် ကျန်းမုန့်လောင်၏ အကောင့်ထဲသို့ သလင်းကျောက်ဒင်္ဂါးပြား၄.၈သန်းကို လွှဲပေးလိုက်သည်။ တကယ်တော့ ဤအရောင်းအဝယ်များက အခွန်ဆောင်ရသော်လည်း ကျောက်ရိုင်းစက်ရုံက အခွန်ဝန်ထုပ်ဝန်ပိုးကို သူတို့ဘာသာ တာဝန်ယူရှင်းပေးခြင်းဖြစ်၏။
"မဆိုးဘူး။ တစ်ခါတည်းနဲ့ ရင်းနှီးမြှုပ်နှံမှုရဲ့ အဆငါးဆယ်ကျော် ပြန်ရတယ်ဆိုတော့...."
ကျန်းမုန့်လောင်၏ မျက်နှာထက်တွင် ကျေနပ်နေဟန်အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
ဤသည်မှာ ဓားပြတိုက်ခြင်းထက်ပင် ပိုမြန်နေသေးသည်။ အရေးအကြီးဆုံးမှာ ဘေးကင်းပြီး သဘာဝပတ်ဝန်းကျင်နှင့်လည်း ကိုက်ညီပေသည်။ ဤသည်မှာ ကိုယ့်စွမ်းရည်စစ်စစ်ဖြင့် ပိုက်ဆံရှာခြင်းသာ။
ကျန်းမုန့်လောင်က ပထမထပ်တွင် တစ်ခေါက် ထပ်လျှောက်ကြည့်လိုက်သည်။ တစ်ပတ်ပတ်ကြည့်ပြီးနောက် ခင်းကျင်းပြသထားသော ကျောက်ရိုင်းနမူနာသောင်းဂဏန်းထဲက ၁၂တုံးလောက်မှာသာ သလင်းကျောက်ပါဝင်နေကြောင်း တွေ့ရသည်။ ဤအချိုးအစားက တစ်ထောင်ပုံတစ်ပုံပင် မပြည့်ချေ။ သူတို့ပြောထားသည့် တစ်ထောင်တွင်ငါးခုဟူသော စကားနှင့် ယှဉ်လိုက်လျှင် လက်တွေ့အရေအတွက်က အလွန်ဖောင်းပွနေပေသည်။
ကျောက်ရိုင်းထဲတွင် အစိမ်းရောင်မြူခိုးများ ရစ်ဝဲနေသော ကျောက်တစ်တုံးရှိကြောင်းကိုလည်း သူ သတိထားမိလိုက်သည်။ ထိုအရာကား အဆင့်နှစ်စွမ်းအင်သလင်းကျောက် ဖြစ်နိုင်ချေသည်။
"လိမ်စားနေတဲ့ကောင်တွေ"
အစကတော့ သူတို့လည်း စီးပွားရေးလုပ်စားရန် လိုအပ်သဖြင့် ကျန်းမုန့်လောင် နည်းနည်းပါးပါးညှာတာပေးဖို့ တွေးထားသည်။ သို့သော် အကယ်၍ သူသာ သလင်းကျောက်ပါသော ကျောက်ရိုင်းမှန်သမျှ အကုန်ဝယ်ပစ်လိုက်လျှင် သူတို့အတွက် စီးပွားရေးလုပ်စရာကျန်ပါဦးမည်လော။
"လောင်းကစားသမားတွေကလည်း အရူးတွေမှ မဟုတ်တာ။ သလင်းကျောက်ပါတဲ့ ကျောက်တုံးတွေအများကြီး ထွက်သွားတာကိုမြင်ပြီးရင် ကျန်တဲ့ကျောက်တွေက တန်ဖိုးမရှိတော့ဘူးဆိုတာ သိသွားမှာပါ"
ကျောက်တုံးတိုင်းတွင် သီးသန့်ထုတ်ကုန်အမှတ်အသားတစ်ခုစီ ပါဝင်ပေသည်။ သူတို့အနေနှင့် ဤကျောက်ရိုင်းအသုတ်ကို ပြန်ရောင်းချခွင့်မရှိပေ။ ဤသည်မှာ စကြဝဠာဥပဒေအရလည်း တားမြစ်ထားပြီးသားပင်။
ဤနည်းဖြင့် ပြခန်းထဲရှိ ကျောက်ရိုင်းသောင်းဂဏန်းကို စွန့်ပစ်ရတော့မည်ဖြစ်လေရာ အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြားဘီလီယံပေါင်းများစွာ ဆုံးရှုံးရပေလိမ့်မည်။
သို့သော် သူတို့က လိမ်စားနေသော လူလိမ်များဖြစ်သဖြင့် ကျန်းမုန့်လောင်အနေနှင့် ဘာကိုယ်ကျင့်တရားဝန်ထုပ်ဝန်ပိုးမှ မခံစားရပေ။ သူ့ရင်ဘတ်ပေါ်ရှိ အနီရောင်လည်စည်းလေးမှာ ပို၍ပင် တက်တက်ကြွကြွ လွင့်ခါနေသည်ဟု ခံစားလိုက်ရသေးသည်။
ထို့ပြင် သူသည် မိမိအရည်အချင်းအစစ်ဖြင့် ပိုက်ဆံရှာနေခြင်းပင်။ လူလိမ်များအတွက် ဘာကြောင့် ထည့်စဉ်းစားပေးနေရမည်နည်း။
"မင်္ဂလာပါ။ ကျွန်တော် ကျောက်ရိုင်းတွေ အများကြီးဝယ်မယ်ဆိုရင် တစ်ယောက်ယောက် ကူညီပေးနိုင်မလား"
ကျန်းမုန့်လောင်က ဝန်ထမ်းများကို မေးမြန်းလိုက်၏။
"လူကြီးမင်းအနေနဲ့ ကျောက်ရိုင်းတစ်တုံးစီအတွက် အော်ဒါတင်ပြီး ငွေပေးချေလို့ရပါတယ်။ တကယ်လို့ အရေအတွက်များမယ်ဆိုရင်တော့ ကျွန်တော်တို့ဝန်ထမ်းတွေက အခမဲ့သယ်ယူပို့ဆောင်ရေးနဲ့ ကျောက်ခွဲပေးတဲ့ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးသွားမှာပါ"
ဝန်ထမ်းတစ်ဦးက ဖြေကြားလေသည်။
"ကောင်းတာပေါ့"
ကျန်းမုန့်လောင်လည်း သူ အစောကမြင်ထားသည့် နံပါတ်စဉ်များအတိုင်း စွမ်းအင်သလင်းကျောက်ပါဝင်သည့် ဇီဒယ်ကျောက်ရိုင်းဆယ့်နှစ်တုံးလုံးကို ဝယ်ယူလိုက်သည်။
စုစုပေါင်းတစ်သန်းကျော်သာ ကျသင့်သည်။ ဤကျောက်တုံးများက မကြာခင် အနည်းဆုံး အိုင်ဇက်သလင်းကျောက်ဒင်္ဂါး သန်းတစ်ရာကျော်အဖြစ် ပြောင်းလဲသွားတော့မည်ဖြစ်ကြောင်း သိနေသည့်အတွက် ကျန်းမုန့်လောင် နည်းနည်းလေးမှ နှမြောမနေချေ။
"လူကြီးမင်းကို ဝန်ဆောင်မှုပေးရတာ ဝမ်းသာပါတယ်"
ဝန်ထမ်းအချို့က ချက်ချင်းပင် အနားသို့ရောက်လာကြသည်။
"လူကြီးမင်း ခုနက ဇီဒယ်ကျောက်ရိုင်း ဆယ့်နှစ်တုံး အော်ဒါတင်ထားပါတယ်။ ချက်ချင်း ကျောက်ခွဲချင်ပါသလား။ တကယ်လို့ ကိုယ်တိုင်သယ်သွားချင်တယ်ဆိုရင်လည်း အိုင်ဇက်မျိုးနွယ်စုရဲ့ မိခင်ကမ္ဘာဂြိုဟ်အထိ အခမဲ့ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကိုလည်း ပေးထားပါတယ်"
"ကျောက်ခွဲဖို့ပဲ ကူညီပေးပါ"
အပေါ်ထပ်ဧရိယာများတွင် ဇီဒယ်ကျောက်ရိုင်းများကို တစ်ချီတည်းဝယ်ယူခြင်းမှာ အဖြစ်များသောကိစ္စဖြစ်ပြီး တချို့လူများဆိုလျှင် အပျော်သက်သက်ဖြင့် ထောင်ပေါင်းများစွာရှိသော ပိုက်ဆံများကို ဖြုန်းလေ့ရှိကြသည်။
သို့သော် အောက်ထပ်ဧရိယာများမှာမူ လောင်းကစားသမားများ၏ ကစားကွင်းပင်။ နှစ်တုံးသုံးတုံးဝယ်သူဆိုသည်မှာ ရှားပါးလှသည်ဖြစ်ရာ တစ်ခါတည်းနှင့် ဆယ်တုံးကျော်ဝယ်ယူခြင်းမှာ အလွန်ထူးဆန်းသောကိစ္စပင်။
ရုတ်တရက်ဆိုသလို လောင်းကစားသမားတစ်အုပ် ဝိုင်းအုံလာကြသည်။
"သူက ခုနလေးတင် အဆင့်တစ်သလင်းကျောက်ကို ဖော်လိုက်တဲ့ ကောင်လေး မဟုတ်ဘူးလား"
"သူက ဒီလောက်ချမ်းသာမယ်လို့ ဘယ်သူက ထင်မှာလဲ"
"ဟားဟားဟား... သလင်းကျောက်တစ်တုံးရလိုက်တော့ သူ့ကံက ကောင်းကင်ဘုံအထိတောင် ရောက်နေပြီလို့ ထင်နေတာလားမသိဘူး။ လောင်းကစားသမားလေး နောက်တစ်ယောက် ထောင်ချောက်ထဲထပ်ကျသွားပြန်ပြီ"
"တန်ဖိုးမရှိတဲ့ ကျောက်ဆယ့်နှစ်တုံးထွက်လာတဲ့အချိန် သူ့မျက်နှာပေါ်က အမူအရာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ငါကြည့်ချင်သေးတယ်"
"လာကြဟေ့ လာကြည့်ကြ"
ဧည့်ခန်းမဆောင်၏ အလုပ်ရုံမှာ လူပေါင်းများစွာ ပြည့်ကျပ်သွားလေသည်။
စက်၏ပွတ်တိုက်မှုအောက်မှာ ပထမဆုံးကျောက်ရိုင်းက တဖြည်းဖြည်း သေးငယ်လာပြီး သိပ်မကြာခင်မှာပင် ထုထည်တစ်ဝက်ခန့် လျော့သွားသည်။
"သွားပြီ။ အသုံးမဝင်တဲ့ကျောက်ပဲ"
"တကယ်လို့ သူဝယ်တဲ့ကျောက်တွေထဲက နှစ်တုံးဆက်တိုက် သလင်းကျောက်တွေ ထွက်လာမယ်ဆိုရင် ဒီအထပ်မှာရှိတဲ့ ကျောက်တုံးတွေအကုန်လုံး ငါစားပြမယ်"
"ဟားဟားဟား... ငါက အထပ်နှစ်ထပ်စာ စားပြမယ်"
"ငါကတော့ အဆောက်အအုံတစ်ခုလုံးကို စားပြမယ်"
လူအုပ်ကြားထဲရှိ ကျန်းမုန့်လောင်ကို ဤလူများက လှောင်ရယ်နေကြသည်။ အတွင်းစည်းပြိုင်ဆိုင်မှုဟူသော သဘောတရားက မျိုးနွယ်စုတိုင်းတွင် ရှိနေပေသည်။
သူတို့က ဒီလောက်အထိတောင် လောင်းရဲကြတာလား...
"နေဦး။ ကိရိယာလေးက လင်းလာပြီ"
ကြည်လင်သော အရောင်အဝါလေး ပျံ့နှံ့လာသည်နှင့်အမျှ ကိရိယာဆီက အလင်းရောင် ထွက်ပေါ်လာချေသည်။ ထိုအရာကား ကျောက်တုံးထဲတွင် စွမ်းအင်သလင်းကျောက် ရှိနေသည်ဟု ညွှန်ပြနေပေသည်။
"စွမ်းအင်သလင်းကျောက် နောက်တစ်တုံးဟေ့"
"ဘုရားရေ.. ဒါက ဖြစ်ရောဖြစ်နိုင်ပါ့မလား"
"ခုနက ဒီအထပ်မှာရှိတဲ့ ကျောက်တုံးတွေအကုန်စားပြမယ်လို့ ပြောတဲ့ကောင် ဘယ်သူလဲ"
...
ကျန်းမုန့်လောင်၏ကံကောင်းမှုကြောင့် လူတိုင်း အံ့ဩနေကြချိန်ဝယ် အနားရှိ နောက်ထပ်ကိရိယာတစ်ခုကလည်း လင်းလာပြန်သည်။
"နောက်ထပ်တစ်တုံးလား"
"မဖြစ်နိုင်ဘူး"
"တစ်တုံးက ကံကောင်းတာဖြစ်နိုင်တယ်။ နှစ်တုံးက တိုက်ဆိုင်မှုဖြစ်နိုင်ပေမယ့် သုံးတုံးဆက်တိုက် သလင်းကျောက်တွေထွက်လာတယ်ဆိုတာကတော့ ဖြစ်နိုင်ခြေက သန်းတစ်ရာမှာ တစ်ပုံတောင် မရှိဘူး။ ဒါက လုံးဝမဖြစ်နိုင်ဘူး"
"စတုတ္ထမြောက်တစ်တုံး... ပဉ္စမမြောက်တစ်တုံး..."
ပရိသတ်များသာမက ဝန်ထမ်းများပါ ဤမြင်ကွင်းကိုကြည့်ရင်း မှင်တက်သွားကြသည်။
"တချို့က ဒီနေရာကို လောင်းကစားလုပ်ဖို့ လာကြတာ။ ဒါပေမဲ့ သူကတော့ စွမ်းအင်သလင်းကျောက်တွေကို လက်ကားလာဝယ်တဲ့လူနဲ့ ပိုတူနေတယ်"
"အစိမ်းရောင်အလင်းတန်းကွ။ အစိမ်းရောင်အလင်းဟေ့။ သူ အဆင့်နှစ်သလင်းကျောက် ဖော်လိုက်ပြီဟေ့"
"ကံထူးသွားပြန်ပြီ။ သူက သလင်းကျောက်အရှင်သခင်များ ဖြစ်နေမလား။ ဒါပေမဲ့ သူက အရမ်းငယ်လွန်းနေတယ်"
"ဆရာ... ကျွန်တော်တို့ကို ဆရာ့တပည့်အဖြစ် လက်ခံပေးပါ"
"ဆရာ...တပည့်လက်ခံလား။ ကျွန်တော် အခက်အခဲတွေကို သည်းခံနိုင်ပါတယ်။ ဘာမဆိုသင်ယူဖို့လည်း ဆန္ဒရှိပါတယ်"
လောင်းကစားသမားများမှာ ကျန်းမုန့်လောင်ဆီသို့ အပြေးအလွှားရောက်လာကြပြီး အလွန်အမင်း လေးစားအားကျနေသော အကြည့်များဖြင့် သူ့ကို ဝိုင်းရံထားလိုက်ကြသည်။
"ဘာဆရာလဲ။ ကျွန်တော်က ဆရာမဟုတ်ပါဘူး"
ကျန်းမုန့်လောင်က လက်ဝှေ့ယမ်းပြလိုက်၏။
"ဒါက ကံကောင်းသွားရုံလေးပါ"