← Chapters

ဝယ်တဲ့ကောင် ငအပဲ

Vol. 53 Ch. 793

ဝယ်တဲ့ကောင် ငအပဲ

Vol. 53 Ch. 793

"ဇီဒယ်လ်သတ္တုရိုင်းတွေက ဘယ်တုန်းကစပြီး ဒီလိုသလင်း‌ကျောက်တွေ အထွက်နှုန်းကောင်းသွားတာလဲ"

လောင်းကြေးထပ်သူများနှင့် ဝန်ထမ်းများမှာ အစတုန်းက အံ့ဩနေရာမှ ကြောင်အမ်းသွားကြလေသည်။ ဤအရာကို ကံကောင်းခြင်းဟု ခေါ်ဆိုနိုင်ပါမည်လော။ စွမ်းအင်ထွက်နှုန်း တစ်ရာရာခိုင်နှုန်းဆိုသည်မှာ ဘိုးဘေးများ ပြန်ရှင်သန်လာလျှင်ပင် ဤမျှ ကံကောင်းနိုင်မည်မဟုတ်ပေ။

သလင်းကျောက်ပညာရှင်များပင် တစ်ရာရာခိုင်နှုန်း အောင်မြင်နိုင်ခြေကို ရရှိခဲ့ဖူးသည်မဟုတ်ပေ။

သတ္တုရိုင်းဆယ့်နှစ်လုံးကို ခွဲထုတ်ပြီးသွားသောအခါ ကျန်းမုန့်လောင်၏ လက်ထဲတွင် အဆင့်တစ်စွမ်းအင်သလင်းကျောက်ဆယ့်တစ်ခုနှင့် အဆင့်နှစ်စွမ်းအင်သလင်းကျောက်တစ်ခုတို့ ရရှိခဲ့လေ၏။

အဆင့်နှစ်စွမ်းအင်သလင်းကျောက်တစ်ခုတည်းနှင့်ပင် လူတိုင်းကို မနာလိုမရှုစိမ့်ဖြစ်စေသည်မှာ အမှန်ပင်။

"ဟယ်လို... ဒီစွမ်းအင်သလင်းကျောက်လေးတွေကို တစ်ချက် တန်ဖိုးဖြတ်ပေးပါဦးဗျ"

ကျန်းမုန့်လောင်က ဝယ်ယူရေးကောင်တာသို့ ပြန်သွားလေသည်။

"အိုး.."

သလင်းကျောက်စစ်ဆေးသည့် အဘိုးအို၏ မျက်နှာကလည်း ဝင်းပသွားသည်။

"လူငယ်လေး... မင်း တော်တော်ကံကောင်းတာပဲ။ တစ်နေ့တည်းနဲ့ စွမ်းအင်သလင်းကျောက်နှစ်လုံး ရဖို့ဆိုတာ တော်တော်ခဲယဉ်းတာ။ ကဲ... ပေးကြည့်ပါဦး"

"အားနာပါတယ်။ အဘိုးတစ်ယောက်တည်း စစ်ဆေးဖို့ဆိုရင် မနိုင်မနင်းဖြစ်သွားမလားပဲ"

ကျန်းမုန့်လောင်က အားနာစွာဖြင့် ပြောလိုက်သည်။

"မနိုင်မနင်းဖြစ်တယ်တဲ့လား။ ဒါက စွမ်းအင်သလင်းကျောက်ကို တန်ဖိုးဖြတ်တာပဲလေ။ ဘယ်လောက်များနိုင်မှာမို့လဲ"

အဘိုးအိုကမူ ဇဝေဇဝါဖြစ်နေဟန် မျက်နှာထားဖြင့် မေးလိုက်လေသည်။

သို့သော်ငြား အလုပ်ရုံထဲမှ ထွက်လာသော စွမ်းအင်သလင်းကျောက်တုံးများကို မြင်လိုက်ရသောအခါတွင်မူ အဘိုးအိုလည်း သူ့အမူအရာကို မထိန်းနိုင်တော့ပေ။

ဤသည်မှာ တန်ဖိုးဖြတ်ခိုင်းပေခြင်းလော။ ပူဇော်ပသနေခြင်းလော။

ဤနေရာတွင် အလုပ်လုပ်သည့် ဝန်ထမ်းတစ်ယောက်အနေနှင့် သူသည် အမှန်တကယ်တွင် အလွန်အားလပ်နေသူတစ်ဦးပင်။ သလင်းကျောက်အထွက်နှုန်း အလွန်နည်းသည့်အတွက်​ ဤအလုပ်က အနားယူတော့မည့် အဘိုးကြီးများအတွက် အေးအေးဆေးဆေးလုပ်ရသည့် အလုပ်မျိုးပင် မဟုတ်လော။

ပုံမှန်ဆိုလျှင် သူသည် လက်ဖက်ရည်သောက်၊ သတင်းစာဖတ်ပြီး အေးဆေးနေကာ အလုပ်များသည့် အချိန်ဆိုလျှင်ပင် သလင်းကျောက် သုံးလေးငါးလုံးမျှသာ စစ်ဆေးရသည်။ လူတစ်ယောက်က အေးချမ်းတည်ငြိမ်သော ဘဝကိုသာ ရှာဖွေကြစမြဲ မဟုတ်ပေလော။

သို့သော်လည်း ယခုတွင်မူ လူတစ်ယောက်တည်းကပင် စွမ်းအင်သလင်းကျောက်ဆယ်လုံးကျော်ကို တစ်ပြိုင်တည်း ရှာဖွေတွေ့ရှိလာသည်။ သူ တန်ဖိုးဖြတ်လာသည့် သက်တမ်းတစ်လျှောက် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"ဒီလူက ဘယ်သူလဲဟ"

အဘိုးအိုက ကျန်းမုန့်လောင်ကို မသိမသာ အကဲခတ်ကြည့်လိုက်သည်။

ဤကဲ့သို့သော အဖြစ်အပျက်မျိုးက ဤသတ္တုရိုင်းသန့်စင်စက်ရုံတွင် အလွန်ရှားပါးသော ဖြစ်ရပ်မျိုးပင်။ လူတစ်ယောက်က သတ္တုရိုင်း၁၂တုံးကို တစ်ပြိုင်တည်းဝယ်ယူပြီး အားလုံးတွင် စွမ်းအင်သလင်းကျောက်များ ပါနေသည်ဆိုခြင်းမှာ သတင်းထူးတစ်ခုပင်။

ရုတ်တရက်ဆိုသလိုပင် စက်ရုံတစ်ခုလုံး၏ အရောင်းခန်းမလည်း လူများဖြင့် ပြည့်နှက်သွားပြီး တိုးမပေါက်နိုင်အောင် ဖြစ်သွားလေသည်။

"အဆင့်ဘီအရည်အသွေး၊ ၂၁.၅ဂရမ်၊ ၃.၁၂သန်း"

"အဆင့်ဘီအရည်အသွေး၊ ၁၉.၂ဂရမ်၊ ၂.၇၈သန်း"

"အဆင့်စီအရည်အသွေး၊ ၂၃.၂ဂရမ်၊ ၂.၈သန်း"

"အဆင့်အေအရည်အသွေး၊ ၂၂ဂရမ်၊ ၄.၁သန်း"

"အဆင့်အက်စ် အရည်အသွေး၊ ၂၈.၂ဂရမ်၊ ၆.၃သန်း"

အဆင့်နှစ်စွမ်းအင်သလင်းကျောက်၊ ၂၆.၅ဂရမ်၊ အဆင့်အက်စ်အရည်အသွေး၊ ၅.၉ဘီလီယံ"

...

"ဆရာ ဒီသလင်းကျောက်တွေအားလုံးအတွက် အိုင်ဇက်သလင်းကျောက်ဒင်္ဂါး စုစုပေါင်း ၅၉.၅၂ဘီလီယံ ပေးနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တစ်ခုခုပြောစရာရှိပါသလား"

"ဟား... ငါတော့ ထောပြီဟေ့"

ဤကိန်းဂဏန်းကို ကြားလိုက်ရသောအခါ ကျန်းမုန့်လောင်၏တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။

လွန်ခဲ့တဲ့နာရီအနည်းငယ်ကပင် သူသည် ခြူးတစ်ပြားပင်မရှိသော လူမွဲတစ်ယောက်ပင်။ သို့သော် ယခုတွင်မူ သူသည် ဘီလီယံပေါင်းများစွာ ကြွယ်ဝချမ်းသာသွားလေပြီ။ သတ္တုရိုင်းများကို ဝယ်လိုက်ရသည့် ပမာဏကား ရင်းနှီးမြှုပ်နှံမှုမှ ပြန်ရလာသည့် အမြတ်၏တစ်စိတ်တစ်ပိုင်းလေးပင် မရှိပါချေ။

"မယုံနိုင်စရာပဲ"

ကျန်းမုန့်လောင်က လက်ဝါးချင်းပွတ်သပ်၍ ပြောလိုက်လေသည်။ ဤသည်မှာ ပထမအထပ်သာ ရှိသေးသည်ဖြစ်ရာ အကယ်၍ အဆင့်မြင့်သည့် နေရာများကိုသာ ရောက်သွားလျှင် သူသည် နိုင်ငံတစ်ခုလုံးထက်ပင် ပိုချမ်းသာသွားမည် မဟုတ်လော။

...

"ဒီတစ်ခေါက် သတ္တုရိုင်းတွေကများ တစ်ခုခုထူးခြားနေတာလား"

လူတစ်ယောက်က ခန့်မှန်းပြောဆိုလိုက်လေသည်။

ကျန်းမုန့်လောင်ကို ကြည့်ရသည်မှာ သာမန်လူတစ်ယောက်အလားပင်။ အနည်းငယ်သုံးနိုင်ဖြုန်းနိုင်သည်ကလွဲလျှင် အခြားထူးခြားချက်မျိုး ဘာမှမရှိပါချေ။ အကယ်၍ လူက မည်သည့်အရာမှ မထူးခြားလျှင် ဤဇီဒယ်လ်သတ္တုရိုင်းများက ထူးခြားနေခြင်းဖြစ်ပေလိမ့်မည်။

ဇီဒယ်လ်သတ္တုရိုင်းများ၏ သလင်းကျောက်ထွက်နှုန်းက တူးဖော်ရာနေရာအပေါ်တွင် မူတည်သည်။ စကြဝဠာကြီးစတင်ဖြစ်ပေါ်ခါစ အစောပိုင်းကာလများတွင် သလင်းကျောက်ထွက်ရှိရာဒေသများ၏ အထွက်နှုန်းမှာ ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းအထိပင် ရှိခဲ့လေသည်။

သို့သော် ဤကဲ့သို့သော သတ္တုရိုင်းမျိုးကို သတ္တုတူးဖော်ရေး အဖွဲ့အစည်ကြီးများကသာ ထိန်းချုပ်ထားပြီး ဈေးနှုန်းကလည်း အလွန်မြင့်မားပြီး သန့်စင်ပြီးသားစွမ်းအင်သလင်းကျောက်များနှင့်ပင် ဈေးနှုန်းချင်း တူပေသည်။ ထိုလူများက ထိုကျောက်များကို အပြင်ကိုလည်း ထုတ်မရောင်းပေ။ များသောအားဖြင့် ကုမ္ပဏီအတွင်းမှာသာ သုံးစွဲကြလေသည်။

အတိအကျပြောရလျှင် ပြင်ပ၌ ရောင်းနေသည့် ကျောက်များမှာ နာမည်ကြီးအောင် တမင်အမွှန်းတင်ထားသည့် အရာများသာ ဖြစ်ပေသည်။ အချို့လူများက ဤအရာနှင့် ချမ်းသာသွားခြင်းမျိုး ရှိခဲ့သော်လည်း အများစုကတော့ ဘာမှမရဘဲ လက်ဗလာဖြင့် ပြန်လှည့်သွားကြရသူများသာ။

ဤမျှအထွက်နှုန်းမြင့်မားနေသည်ကို ကြည့်လျှင် သတ္တုရိုင်းကုမ္ပဏီဘက်က သယ်ယူပို့ဆောင်ရေးတွင် တစ်ခုခုမှားယွင်းသွားပြီး တိုက်ရိုက်သန့်စင်ရန် ရည်ရွယ်ထားသည့် အဆင့်မြင့်သတ္တုရိုင်းများကို သာမန်သတ္တုရိုင်းများနှင့် မှားယွင်းရောနှောလိုက်မိသဖြင့် ယခုလိုအခြေအနေမျိုး ဖြစ်လာခြင်းလည်း ဖြစ်နိုင်သည်။

သို့တည်းမဟုတ် ဤဇီဒယ်လ်သတ္တုရိုင်းများကပင် မူလကတည်းက စွမ်းအင်သလင်းကျောက်ထွက်ဖို့ ရာခိုင်နှုန်းများခြင်း ဖြစ်နိုင်မည်လော။

လောင်းကြေးထပ်သူများမှာ ယနေ့တော့ သူတို့အတွက် ကြွယ်ဝချမ်းသာဖို့ အခွင့်အရေးပဲဟု ထင်မှတ်ကာ စတင်လှုပ်ရှားကြလေသည်။

"ဒီတစ်တုံးကို ငါယူမယ်"

"ဒါကို ငါယူမယ်"

သို့သော်ငြား အိပ်မက်ကသာ လှပနေပြီး လက်တွေ့ဘဝကတော့ ရက်စက်လွန်းလှပေသည်။ သူတို့ တစ်သက်တာစုဆောင်းထားသမျှ ပိုက်ဆံများကို ပုံအောပြီး ဝယ်ယူပစ်လိုက်သည့် သတ္တုရိုင်းများမှာ နောက်ဆုံးတွင်တော့ တန်ဖိုးမဲ့သည့် ​ကျောက်ခဲပုံများသာ ဖြစ်သွားခဲ့သည်။

"ဒီလူက မသင်္ကာစရာတော့ ကောင်းနေပြီ"

အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးနောက် ဤသတ္တုရိုင်းအသုတ်တွင် မည်သည့်ပြဿနာမှ မတွေ့ရကြောင်း သူတို့ အတည်ပြုနိုင်ခဲ့ကြသည်။ ဤလူငယ်လေးတွင် စွမ်းအင်သလင်းကျောက်ပါဝင်သည့် သတ္တုရိုင်းများကို ရာနှုန်းပြည့်မှန်ကန်အောင် ရွေးချယ်နိုင်သည့် ထူးခြားစွမ်းရည်တစ်ခုခု ရှိနေခြင်းသာ ဖြစ်ပေလိမ့်မည်။

"ပညာရှင်ကြီး... ကျွန်တော်တို့ကိုလည်း နည်းလမ်းလေးတွေ မစပါဦး"

"ဟုတ်တယ် ပညာရှင်ကြီး"

ထိုသူတို့၏ မျက်လုံးထဲဝယ် ကျန်းမုန့်လောင်သည် သလင်းကျောက်ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်နေလေပြီ။ သူတို့အနေနှင့် သူ့ကျွမ်းကျင်မှုအနည်းငယ်ကို သင်ယူနိုင်မည်ဆိုလျှင် ခဏတွင်းချင်း ချမ်းသာသွားနိုင်သလို ယခင်က ရှုံးနိမ့်ခဲ့သမျှကိုလည်း အတိုးနှင့်တကွ ပြန်ရနိုင်မည် မဟုတ်ပါလော။

"ခင်ဗျားတို့ မှားနေပြီ။ ကျွန်တော်က ကျွမ်းကျင်ပညာရှင် မဟုတ်ပါဘူး။ ဒီတိုင်းကံကောင်းသွားတာပါ"

ကျန်းမုန့်လောင်က ရလာသည့် ပိုက်ဆံများကို ကျေနပ်အားရစွာ သိမ်းဆည်းလျက် လောင်း​ကစားသမားများကို ရှင်းပြဖို့ ကြိုးစားနေလေသည်။

"ဟုတ်တာပေါ့။ ပညာရှင်ကြီးက ကံကိုပဲ အားကိုးနေတာ"

"ဟုတ်တယ်။ လျှောက်မပြောကြနဲ့တော့"

အဆင့်နှစ်မျိုးနွယ်စုက လာသည့်လူများ၏ ဉာဏ်ရည်မှာ နိမ့်ကျမည်မဟုတ်ပေ။ ကျန်းမုန့်လောင်၏ ငြင်းဆိုမှုက သူတို့ နားလည်ထားသည့် စိုးရိမ်ပူပန်မှုတစ်ခုဖြစ်သည်မှာ သိသာနေသည်။

သလင်းကျောက်များကို ရာနှုန်းပြည့် မှန်ကန်အောင် ရွေးချယ်နိုင်သည်ဆိုခြင်းမှာ မယုံနိုင်စရာကောင်းသည့် စွမ်းရည်တစ်ခုပင်။ ဤသည်မှာ ကြွယ်ဝလှပသည့် အမျိုးသမီးတစ်ဦးကို လက်ထပ်ပြီး ဘဝ၏ အထွတ်အထိပ်ကို ရောက်ရန် အလွယ်ကူဆုံး လမ်းကြောင်းမဟုတ်ပါလား။

အကယ်၍ မကောင်းသော ရည်ရွယ်ချက်ရှိသူ တစ်ယောက်ယောက်ကသာ သူ့ကို သတိထားမိသွားလျှင် ဤအရာဟာ ပြဿနာအကြီးအကျယ်တက်နိုင်သည်။

ထို့ကြောင့်လည်း 'ပညာရှင်'က အရာအားလုံးကို ကံကြောင့်ဟု လွှဲချနေခြင်းဖြစ်ပေလိမ့်မည်။ မည်သူကမှ မယုံကြသော်လည်း ထိုလူကတော့ ဝန်မခံပါချေ။ သူသည် မည်သည်ကိုမှ ဝန်မခံသောကြောင့် သူတို့လည်း ဘာမှမလုပ်နိုင်ပေ။

"ပညာရှင်ကြီး မသွားပါနဲ့ဦး။ အပေါ်ထပ်တွေကို သွားကြည့်ကြရအောင်"

"ဟုတ်တယ်။ ဟုတ်တယ်။ ပညာရှင်ကြီးက ဒီအထပ်မှာရှိတဲ့ သလင်းကျောက်ပါတဲ့ သတ္တုရိုင်းတွေကို အကုန်ဝယ်သွားပြီဆိုတော့ ကျန်ခဲ့တဲ့ဟာတွေက အမှိုက်တွေပဲဖြစ်မှာ။ အခုမှဝယ်တဲ့သူကတော့ အရူးပဲ"

"သွားကြစို့။ အပေါ်ထပ်တွေကို သွားကြည့်ရအောင်"

"ကောင်းပြီလေ။ သွားကြည့်ကြတာပေါ့"

ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်၏။ ထို့နောက် လောင်း​ကစားသမားတစ်သိုက်ခြံရံလျက် သူသည် ဓာတ်လှေကားဖြင့် အပေါ်ထပ်ကို တက်သွားလေတော့သည်။ ပထမထပ်ရှိ အရောင်းခန်းမကြီးကတော့ ဟာလာဟင်းလင်းကြီး ကျန်ရစ်နေခဲ့တော့သည်။

...

"ငါ... ငါတို့ အခုဘာလုပ်ကြမလဲ"

ဝန်ထမ်းတစ်ယောက်က ခန်းမထဲမှာကျန်နေသည့် သတ္တုရိုင်းသောင်းဂဏန်းကို ငေးကြည့်နေမိသည်။ ထိုအရာအားလုံးက အမှိုက်များဟု သတ်မှတ်ခံလိုက်ရပြီဖြစ်၏။ ဤအရာများကို မည်သို့ဖြေရှင်းရမည်နည်း။

မည်သူကများ တန်ဖိုးမရှိသည့် အလကားကျောက်ခဲများကို ပိုက်ဆံပေး၍ ဝယ်မည်နည်း။ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော ဤကုန်ပစ္စည်းများ အလဟဿဖြစ်သွားတော့မည်မှာ ဧကန်မုချပေတည်း။

သတ္တုရိုင်းတစ်တုံးချင်းစီတွင် သီးသန့် အမှတ်အသားများ ရှိနေသည့်အတွက်​ စက်ဖြင့်စစ်လိုက်သည်နှင့် အချက်အလက်များ အကုန်ပေါ်လာမည်ဖြစ်ရာ လိမ်ညာဖို့လည်း မတတ်နိုင်ပါချေ။

"အပေါ်ထပ်ကိုသွားပြီး သူဌေးကို သတင်းပို့လိုက်။ တစ်ယောက်ယောက် ပြဿနာလာရှာနေတာလည်း ဖြစ်နိုင်တယ်"

သူသာ ယခုပုံစံအတိုင်း ဆက်ဝယ်နေလျှင် ဆုံးရှုံးမှုက ဘီလီယံအနည်းငယ်တင် မဟုတ်တော့မည်မှာ အသေအချာပင်။

"ဘာတွေဖြစ်နေတာလဲ"

သတ္တုရိုင်းစက်ရုံ၏ အပေါ်ဆုံးထပ်ရှိ ရုံးခန်းထဲတွင် အိုင်ဇက်မျိုးနွယ်စုရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က စောင့်ကြည့်ကင်မရာမှတ်တမ်းများကို အေးစက်စွာ စိုက်ကြည့်နေချေသည်။

သတ္တုရိုင်းစက်ရုံ၏ပိုင်ရှင်ဖြစ်သူ အော်ရစ်က အိုင်ဇက်မျိုးနွယ်စု၏ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အရောင်းခန်းမ၌ ရုန်းရင်းဆန်ခတ် စဖြစ်ကတည်းက သူ့ကိုယ်ပိုင်ဉာဏ်ရည်တုဆီကတစ်ဆင့် သတိပေးချက်ကို လက်ခံရရှိခဲ့သည်။

"စွမ်းအင်သလင်းကျောက်၁၂ခု။ ဒါက ပထမထပ်မှာရှိတဲ့ သလင်းကျောက်ထွက်နိုင်ခြေရှိတဲ့ သတ္တုရိုင်းတွေအားလုံးနီးပါးပဲ"

အော်ရစ်ခမျာ တုန်လှုပ်သွားလေသည်။

သူ့မိသားစုက အိုင်ဇက်မျိုးနွယ်စုတွင် ဤလုပ်ငန်းကို လုပ်ကိုင်လာသည်မှာ နှစ်ပေါင်း ထောင်ချီကြာပြီဖြစ်သဖြင့် ဤသည်မှာ ဘာကို ဆိုလိုသလဲဆိုသည်ကို သူ ကောင်းကောင်းနားလည်ပေသည်။

စကြဝဠာတစ်ခုလုံးရှိ ဂုဏ်သရေရှိ သလင်းကျောက်ကျွမ်းကျင်ပညာရှင်များပင် ရာနှုန်းပြည့်မှန်ကန်အောင် မရွေးနိုင်ကြပေရာ ဤလူငယ်လေးတွင် မည်သို့သော အတွေ့အကြုံများ ရှိလေသလဲ။

ထိုလူ့ထံတွင် ရတနာတစ်ခုခု ပါလာခြင်းဖြစ်နိုင်သလို ထူးခြားစွမ်းရည်တစ်ခုခု ရှိနေခြင်းလည်း ဖြစ်နိုင်ပေသည်။ အော်ရစ်အတွက်တော့ ပထမအချက်က ပိုဖြစ်နိုင်ခြေရှိသည်။

"သူဌေး ပြဿနာတက်နေပါပြီ"

ဝန်ထမ်းတစ်ယောက်က သုံးဖက်မြင်ဆက်သွယ်ရေးစနစ်ကတစ်ဆင့် သူ့ကို သတင်းပို့လာလေသည်။

"ဘာတွေဖြစ်နေလဲဆိုတာ ငါ သိပြီးသွားပြီ"

အော်ရစ်က ပြန်ဖြေလိုက်သည်။

"လူလွှတ်ပြီး သူ့ကို သတိပေးလိုက်။ သူသာ ဒီအတိုင်းဆက်လုပ်နေရင် ငါတို့စက်ရုံတော့ ဒေဝါလီခံရတော့မှာပဲ"

All Chapters