မင်းနောင်တရမယ့်အရာတွေကို မလုပ်မိစေနဲ့
Vol. 8 Ch. 718
" ဒါသာမန်မီးတောက်မဟုတ်ဘူး။ ဖန်တီးထားတဲ့ မီးတောက်ပဲ "
" သောက်ကျိုးနည်း။ ငါတို့တိုက်ခိုက်ခံနေရတာလား။ ငါတို့က နန်းမြို့တော်ထဲမှာလေကွာ။ ဘယ်လိုလုပ် ဒီနေရာထိ လာတိုက်တဲ့လူရှိနေရတာလဲ "
" မြန်မြန်လေး ဒီမီးကိုငြှိမ်းကြဟေ့ "
" ဒီမီးက သေချာပေါက် လူလုပ်မီးပဲ။ ဘယ်ကောင်လုပ်တာလဲဆိုတာ ငါသိလို့ကတော့ အဲဒီကောင်ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ် "
တပ်စခန်းတစ်ခုလုံးမှာ ရှုတ်ယှက်ခတ်နေပြီး လူများမှာ ပျံသန်းနေကြကာ ပေါက်ကွဲမှု၏ ရင်းမြစ်ကို လိုက်ရှာနေကြသည်။ လေထုထဲတွင် ပြည့်နှက်နေသည့် အော်ဟစ်သံများကြောင့် ပိုင်ရှောင်ချန်းမှာ လန့်ဖျပ်နေရတော့သည်။ ထိုနေရာတစ်ဝိုက်တွင် ဝိညာဥ်ကျင့်ကြံသူအနည်းငယ် ရှိနေသည်ဖြစ်၍ သူတို့က လှမ်းကြည့်လိုက်သောအခါ သူ၏ရွက်ဖျင်တဲမှာ ဤမီးတောက် ဗဟိုပြုရာနေရာဖြစ်ကြောင်း ရိပ်မိလိုက်ကြသည်။
ပိုင်ဟောက်မှာလည်း အလွန်စိုးထိတ်နေပြီး သူ၏ဆရာမှာ အလွန်အားထားစရာမကောင်းကြောင်း ရုတ်ချည်း သိလိုက်တော့သည်။ ထို့ကြောင့် သူက ဤအခြေအနေကို ဖြေရှင်းနိုင်မည့် အရာကို တွေးတောရှာဖွေနေတော့သည်။
သို့သော် ဝိညာဥ်ကျင့်ကြံသူများ သူတို့ထံသို့ ချဥ်းကပ်လာပြီး ပိုင်ဟောက်မှာ မည်သည့်အကြံမှ မထုတ်ရသေးချိန်တွင် ပိုင်ရှောင်ချန်းမှာ ပိုင်ဟောက်၏ ဝိညာဥ်သိုလှောင်စေတီတော်ကို ကိုင်ကာ လေပေါ်သို့ပျံတက်သွားသည်။ ထို့နောက် သူက ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်ကာ အော်ဟစ်လိုက်တော့သည်။
" ဘယ်ကောင်လုပ်တာလဲကွ။ သောက်ကျိုးနည်း၊ တရားခံ ဘယ်သူတုံး။ မင်းဘယ်ကောင်ဖြစ်ဖြစ် ငါဂရုမစိုက်ဘူးဟေ့။ ငါ့ဟာငါအိပ်နေတာတောင် မီးလောင်ပြီး အသက်ပျောက်တော့မလို့။ တရားလွန်လှပါလား "
" ရောင်းရင်း တပ်သားတို့။ ကျုပ်နဲ့အတူ တရားခံကို ရှာရအောင်ဗျာ။ ကျုပ်တို့ပေါင်းရှာမယ်ဆိုရင် တရားခံဘယ်သူလဲဆိုတာ သေချာပေါက် ဖော်ထုတ်နိုင်မှာပဲ "
သူ၏ စကားသံများထဲတွင် ဒေါသများကို အတိုင်းသား မြင်နေရသည်။ သူ့ဆီသို့ချဥ်းကပ်လာနေသည့် လူများမှာမူ အံ့အားသင့်သွားရပြီး မည်သည့်အရာကိုမှ မတွေးတောနိုင်စဥ် ပိုင်ရှောင်ချန်းမှာ သူတို့ကိုဦးဆောင်၍ တရားခံကို စတင်ရှာဖွေလိုက်လေသည်။
ပိုင်ဟောက်မှာ သူ၏ ဝိညာဥ်သိုလှောင်စေတီတော်ထဲတွင် ဝိညာဥ်ပုံစံဖြင့် ရှိနေသည်။ သူ့ဝိညာဥ်ခန္ဓာကိုယ်၏ ထူးခြားသော ဂုဏ်သတ္တိများကြောင့် သူ့ကိုအခြားလူများက လုံးဝမမြင်ရအောင် နေနိုင်သည်။ ထို့ကြောင့် မည်သူမှ သူ့ကိုမမြင်ကြချေ။ သို့သော် သူတို့သာမြင်နိုင်ပါက သူ၏ ဆရာ ဒေါသတကြီးနှင့် စကားကြီးစကားကျယ်ပြောနေသည်ကို ကြောင်အမ်းအမ်းနှင့်ထိုင်ကြည့်နေသည့် သူ့အား မြင်တွေ့နိုင်မည်ဖြစ်သည်။ ပိုင်ဟောက်သာ အမှန်တရားကိုမသိပါက ထိုဟန်ဆောင်မှုကို ယုံကြည်သွားနိုင်လောက်သည်။
ထိုအခါမှ ပိုင်ဟောက်သည် သူ့ဆရာ၏ပြောစကားဖြစ်သော "အတွေ့အကြုံများစွာရှိတယ် " ဟူသည့် စကား၏အဓိပ္ပါယ်ကို နားလည်သွားတော့သည်။
" ဆ...ဆရာ ပြဿနာရှာဖူးတာ ဒါပထမဆုံးအကြိမ် လုံးဝမဖြစ်နိုင်ဘူး။ ဒီလိုပြဿနာရှာပြီး အပြစ်ကနေလွတ်တာလည်း ပထမဆုံးအကြိမ် မဖြစ်နိုင်ဘူး။ သူ... သူက တကယ်အတွေ့အကြုံရှိတာပဲ "
သို့သော် ပိုင်ရှောင်ချန်းမှာ ဒေါသထွက်နေသည့်အမူအရာဖြင့် ဟန်ဆောင်ပြီး ဘေးနားရှိ ကျင့်ကြံသူများကိုဦးဆောင်ကာ ရှာဖွေနေစဥ် မီးကျွမ်းကာ ဆုတ်ပြဲနေသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် ဝိညာဥ်ကျင့်ကြံသူတစ်ယောက်မှာ လေပေါ်သို့ ပျံတက်လာတော့သည်။ သူ၏ပုံစံအရ အခြေအနေမဟန်သည်မှာ အထင်အရှားပင်။ သူက ပိုင်ရှောင်ချန်းအား တုန်တုန်ရီရီဖြင့် လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။
" တရားခံက မင်းပဲ ပိုင်ဟောက်။ ငါဒီနေရာမှာ ကင်းလှည့်နေခဲ့တာ။ ပေါက်ကွဲမှုက မင်းရဲ့ရွက်ဖျင်တဲထဲကထွက်လာတာ ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တယ်။ မင်း တရားခံကိုရှာဖို့ ကြိုးစားနေတာ ငါ့ဖြင့်မယုံနိုင်ဘူး။ မင်းက တရားခံလေ "
ပိုင်ရှောင်ချန်းမှာ နှလုံးခုန်နှုန်းများ မြန်လာတော့သည်။ သူက ရှင်းပြရန်ပြင်လိုက်စဥ်မှာပင် ဝိညာဥ်ကျင့်ကြံသူ ရှစ်ယောက်ပါသည့် အဖွဲ့တစ်ဖွဲ့မှာ သူ့ဆီသို့ ပျံသန်းလာတော့သည်။
" ငါတို့လည်း မြင်လိုက်တယ်။ ပေါက်ကွဲမှုက မင်းရဲ့ရွက်ဖျင်တဲထဲကနေစဖြစ်တာ "
" အရှက်မဲ့လှပါလား ပိုင်ဟောက်။ သရဲကြီးမြို့ကလူတွေကတော့ မင်းကိုကြောက်ရင်ကြောက်လိမ့်မယ်။ ဒါပေမဲ့ ဒီကဘယ်သူကမှ မင်းရဲ့ အကြိုက်ကိုလိုက်နေမှာ မဟုတ်ဘူး "
ထိုသို့ပြောရင်း သူတို့၏ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ တဟုန်းဟုန်း ပေါ်ထွက်လာကြတော့သည်။ ဘေးနားရှိ အခြားဝိညာဥ်ကျင့်ကြံသူများကမူ သူတို့၏ ရဲဘော်ရဲဘက်များကို မယုံကြည်စရာအကြောင်းမရှိသည်ဖြစ်၍ အပြင်လူဖြစ်သည့် ပိုင်ရှောင်ချန်းကိုမူ ယုံကြည်စရာ အကြောင်းအရင်းလည်းမရှိပေ။ ထို့ကြောင့် သတ်ဖြတ်လိုသည့်စိတ်များဖြင့် ပြည့်နှက်နေသည့် ဒေါသမျက်ဝန်းများမှာ ပိုင်ရှောင်ချန်းအပေါ်သို့ ရောက်လာတော့သည်။
ပိုင်ရှောင်ချန်းကမူ စုတ်သပ်လိုက်ပြီး တောင်းတောင်းပန်ပန် ဆိုလိုက်သည်။
" ငါရှင်းပြပါရစေ နားထောင်ကြပါဦး... "
သို့သော် သူမည်သည့်စကားတစ်ခွန်းမှ ထပ်မပြောနိုင်ခင်မှာပင် မှော်အတတ်များ၏ အငွေ့အသက်များ ပေါ်ထွက်လာပြီး ရောင်စုံမှော်အလင်းတန်းများက သူ့ဆီသို့ ကျဆင်းလာတော့သည်။ သူက ရင်တဒိန်းဒိန်းဖြင့် ဘေးသို့ခုန်ရှောင်လိုက်လေသည်။
သူစောစောက ရှိနေခဲ့သည့်နေရာကို မှော်အတတ်များစွာ ရိုက်ခတ်သွားပြီး အရပ်မျက်နှာအားလုံးရှိ မြေပြင်များမှာ အက်ကွဲသွားရတော့သည်။ ပိုင်ရှောင်ချန်းမှာ ကြောက်ကြောက်လန့်လန့်နှင့် ဦးရေခွံများထုန်ကျဥ်နေပြီး ထွက်ပြေးရန်ကြိုးစားလိုက်ပါသော်လည်း ထိုနေရာတစ်ဝိုက်တွင် ဝိညာဥ်ကျင့်ကြံသူ အမြောက်အမြားရှိနေသည်။ သူ၏မြင်ကွင်းထဲမှာပင် ရာဂဏန်းအနည်းငယ်ရှိနေပြီဖြစ်ပြီး သူ၏နောက်တွင်လည်း များစွာထပ်၍ရှိနေသေးသည်။
" ဒီကောင့်လောက် အရှက်မရှိတဲ့ကောင် ငါမမြင်ဖူးဘူး။ သတ်ကွာ "
" သူအမှုဆောင်ချုပ် ဖြစ်တော့ရော ဘာဂရုစိုက်စရာလိုလဲ။ ဒါက တပ်တွင်းပုန်ကန်မှုပဲ။ ကြီးလေးတဲ့ ပြစ်ဒဏ်ကြီးတစ်ခုပဲ "
သူတို့မှာ ဒေါသတကြီးဖြင့် လိုက်ဖမ်းကြတော့သည်။ ပိုင်ရှောင်ချန်းမှာမူ ရင်တဒိန်းဒိန်းခုန်နေပြီး ပြိုင်ဘက်များကို ရှောင်တိမ်းနိုင်ရန် အတတ်နိုင်ဆုံးကြိုးပမ်းနေသည်။ သို့သော် သူသည် ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်တွင် ရှိနေသည့်တိုင်အောင် ရန်သူများမှာ အချိန်နှင့်အမျှ ထပ်မံ ပေါ်ထွက်လာသဖြင့် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။
" အားလုံး စိတ်အေးအေးထားကြပါ။ နောင်တရမဲ့ လုပ်ရပ်တွေ မလုပ်မိစေနဲ့နော်။ ငါ အကုန်ရှင်းပြပါ့မယ်။ ဆွေးနွေးလိုက်မယ်ဆိုရင် မပြေလည်နိုင်တဲ့အရာ ဘာမှမရှိပါဘူး "
သို့သော် သူ၏စကားကို တုံ့ပြန်မှုများမှာ ဝိညာဥ်ကျင့်ကြံသူ အယောက်တစ်ထောင်ကျော် ထုတ်လွှတ်လိုက်သည့် မှော်အတတ်များစွာသာဖြစ်သည်။
ပင်လယ်ကြီးတမျှ များပြားနေသည့် မှော်အတတ်များမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသဖြင့် ပိုင်ရှောင်ချန်းမှာ အလန့်တကြား အော်ဟစ်လိုက်တော့သည်။ သူ၏အပြင်ခန္ဓာကိုယ်မှ စွမ်းအားကိုအသုံးချကာ အဝေးသို့ တည်နေရာရွှေ့ပြောင်းရန် ပြင်လိုက်သည်။ သို့သော် ထိုသို့မလုပ်နိုင်ခင်မှာပင် မန္တန်အစီအရင်တစ်ခု၏ အငွေ့အသက်တစ်ခု တပ်စခန်းထဲတွင် မြင့်တက်လာသည်ကို သူ ခံစားလိုက်ရသည်။ လူတစ်ယောက်က တပ်စခန်း၏ အကာအကွယ် မန္တန်အစီအရင်ကို ရုတ်တရက် ဖွင့်လိုက်ခြင်းဖြစ်သည်။
" အနိုင်ကျင့်ဖို့လောက် သိတဲ့ကောင်တွေ။ ငါက မတော်တဆ မီးလောင်အောင်လေးပဲ လုပ်မိတာပါ။ ဘယ်သူသေသွားလို့လဲ။ မင်း...မင်းတို့တွေ... တကယ်ပဲ မန္တန်အစီအရင်တစ်ခုကိုသုံးပြီး ငါ့ကိုတိုက်ခိုက်နေကြတာလား "
ပိုင်ရှောင်ချန်း၏ အမြင်တွင် ဤလူများအားလုံးမှာ ရူးသွပ်နေကြသည်။ သူ့ကိုဝန်းရံထားသည့်လူများမှာ ပို၍များပြားလာသော်လည်း မည်သူမှ အနားသို့ကပ်မလာကြပေ။
" ကျိုးကျစ်မို။ ငါတို့ သဘောတူထားတာရှိတယ်နော်။ နောက်သုံးလတိတိ ငါဘာမှဖြစ်လို့မရဘူး "
ကျင့်ကြံသူ အယောက်တစ်သောင်းနီးပါး၏ ဝန်းရံခြင်းကိုခံထားရသော်လည်း သူသည် စွမ်းအားကြီးသော ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်တွင် ရောက်နေပြီဖြစ်ပြီး ကြောက်မက်ဖွယ် အပြင်ခန္ဓာကိုယ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူ၏အသံမှာ အခြားကျင့်ကြံသူများကို ဖုံးလွှမ်းသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့သွားတော့သည်။
သခင်မလေးဟုန်ချိန်မှာ ဖြစ်ပျက်နေသည်များကို သတိထားမိသည်။ ယခုအထိ သူမသည် အံကြိတ်၍ထိုင်ကာ ပိုင်ဟောက်ကိုဒေါသထွက်နေသည်။ အစပိုင်းတွင် သူသည် ပျော့ညံ့ကာ အရှက်အကြောက်ကြီးသည့် လူတစ်ယောက်၏ထင်ရသော်လည်း ယခုမှသာ မျက်နှာပြောင်ကာ ခေါင်းမာသော လူတစ်ယောက်
ဖြစ်နေကြောင်း သိလိုက်ရသည်။ သူတို့နှစ်ယောက်မှာ နားလည်မှုရယူကာ သုံးလတိတိ သဘောတူညီချက်တစ်ခု ထားရှိခဲ့ရသော်လည်း ယခုတွင် နှစ်ရက်သာရှိသေးသော်လည်း သူက ပြဿနာအကြီးကြီးတစ်ခုကို ရှာလိုက်ပြီဖြစ်သည်။
မီးပင်လယ်မှာ ငြိမ်းသက်သွားပြီဖြစ်သော်လည်း စခန်းမှာ အထိနာသွားသည်။ ထို့အပြင် သခင်မလေးဟုန်ချိန်သည် အနှီတပ်စခန်း၏ ခေါင်းဆောင်ဖြစ်သဖြင့် ပျက်စီးသွားသည့်အရာများကို ပြုပြင်အစားထိုးရမည့် ကုန်ကျစရိတ်များအတွက် တာဝန်ယူရမည်ဖြစ်သည်။ ယခုတွင် သခင်မလေးဟုန်ချိန်မှာ ပိုင်ရှောင်ချန်းကို ပြန်မလွှတ်ပဲ ခေါ်ထားမိသည့် ဆုံးဖြတ်ချက်ကို နောင်တရနေပြီဖြစ်သည်။
သို့သော် သူမမှာ သဘောတူညီချက်ကို အလွယ်တကူရုတ်သိမ်း၍မရပေ။ ထို့နောက် အပြင်ဘက်တွင် အော်ဟစ်နေသည့် ပိုင်ရှောင်ချန်း၏ အသံကိုကြားလိုက်ရသောအခါ သူမမှာ ဒေါသများထွက်ကာ ပါးများပင် ဖောင်းလာတော့သည်။ သူမက အံကြိတ်ကာ ရှေ့သို့ခြေတစ်လှမ်းလှမ်း၍ ပျောက်ကွယ်သွားပြီး ပိုင်ရှောင်ချန်း၏ ဘေးတွင် ပေါ်လာတော့သည်။
သူမ ပေါ်ပေါက်လာသောအခါ တုန်ခါမှုလှိုင်းများမှာ အရပ်မျက်နှာအနှံ့ ပျံ့သွားသဖြင့် ဘေးနားတစ်ဝိုက်ရှိ သရဲကြီးတပ်မှ ဝိညာဥ်ကျင့်ကြံသူများမှာ သူတို့၏ သတ်ဖြတ်လိုစိတ်များကို ချုပ်တည်းကာ လက်ယှက်၍ နှုတ်ဆက်လိုက်ကြသည်။
ပိုင်ရှောင်ချန်းမှာ စိုးထိတ်နေဆဲဖြစ်သော်လည်း ဤမီးလောင်အောင် သူ တမင်လုပ်ခဲ့ခြင်း မဟုတ်ပေ။ မတော်တဆ ဖြစ်သွားသည်မဟုတ်ပါလော။ သို့သော် သခင်မလေးဟုန်ချိန်က သဘောတူညီချက်ကို အလေးမထားမည်စိုးသဖြင့် သူက အလျင်အမြန်ဆိုလိုက်သည်။
" ငါတို့ သဘောတူထားတာရှိတယ်နော် မှတ်မိတယ်မလား။ အိမ်းး ငါပြောပါတယ်။ ငါ့ကိုသဘောမကျရင် ပြန်လွှတ်လိုက်လို့။ ဒါပေမဲ့ နင်ကငါ့ကို ဒီမှာ ခြေချုပ်မိအောင် လုပ်တာကိုး "
သူက ငိုမဲ့မဲ့ဖြင့် သက်ပြင်းချလိုက်တော့သည်။
သူ၏ စကားများကြောင့် သခင်မလေးဟုန်ချိန်မှာ ဒေါသထွက်လုမတတ် ဖြစ်သွားတော့သည်။ သူမသည် အသက်ပြင်းပြင်းရှူလိုက်ပြီး တင်းမာနေသည့်အမူအရာဖြင့် ဘေးဘီဝဲယာသို့ကြည့်ကာ အမိန့်ပေးလိုက်သည်။
" မင်းတို့အားလုံး သွားလို့ရပြီ "
ဘေးနားရှိလူအုပ်ကြီးမှာ ပိုင်ရှောင်ချန်းကို ဒေါသထွက်နေကြသော်လည်း စိတ်ငြိမ်အောင်ထားကာ ဦးညွှတ်၍ ထွက်သွားကြတော့သည်။ ခဏအကြာတွင် အရာရာတိုင်းမှာ တိတ်ဆိတ်သွားပြီး မန္တန်အစီအရင်၏ အငွေ့အသက်များပင် ပျောက်ကွယ်သွားတော့သည်။
ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားရသည်။ သူသည် မဟာတံတိုင်းကြီးတွင် စစ်ဦးစီးမှူးတစ်ယောက်ဖြစ်ခဲ့သဖြင့် တပ်ဖွဲ့တစ်ဖွဲ့လုံးကို နောက်သို့ဆုတ်သွားစေနိုင်သည့် နည်းလမ်းနှစ်လမ်းသာ ရှိကြောင်း သူကသိသည်။ ပထမတစ်လမ်းမှာ ကျင့်ကြံခြင်းအခြေခံသုံးရန်ဖြစ်ပြီး ဒုတိယတစ်လမ်းမှာ တပ်ဖွဲ့၏ ယုံကြည်မှုကို ပိုင်ဆိုင်ထားရန်ဖြစ်သည်။ ဤတပ်ဖွဲ့မှာ သခင်မလေးဟုန်ချိန်ကို အဆုံးစွန်ထိ ယုံကြည်ထားသည်မှာ ထင်ရှားပေသည်။
လူတိုင်း ထွက်ခွာသွားကြသောအခါ သခင်မလေးဟုန်ချိန်က ပိုင်ရှောင်ချန်းကို အေးစက်စက် ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် သူ၏စိတ်နှလုံးကို စိုးရိမ်စိတ်များ ဖုံးလွှမ်းသွားရသဖြင့် သူကလျင်မြန်စွာ ဆိုလိုက်လေသည်။
" အမ်... ငါတကယ် တမင်လုပ်တာမဟုတ်ဘူး။ မတော်တဆဖြစ်သွားတာပါ။ မတော်တဆတစ်ခုထက် မပို.... "
" မတော်တဆ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အရေးမပါဘူး။ ငါနင့်ကို သတိပေးမယ်နော်၊ ဒီလိုမျိုး နောက်တစ်ကြိမ်ထပ်ဖြစ်ရင် နင့်ကိုငါ သတ်မယ်။ ဘာသဘောတူညီချက်မှ နင့်ကိုကယ်နိုင်မယ် ထင်မနေနဲ့ "
သူမ၏ စကားလုံးတိုင်းမှာ ပိုင်ရှောင်ချန်း၏ အတွေးထဲတွင် မိုးကြိုးတစ်ချက်ပြီးတစ်ချက် ပစ်နေသကဲ့သို့ ဖြစ်နေတော့သည်။
ထိုသို့ဆိုကာ သူမသည် ပိုင်ရှောင်ချန်းကို လျစ်လျူရှုလိုက်ပြီး မည်သည့်စကားမှ ထပ်မပြောပဲ ထွက်သွားတော့သည်။ အမှန်မှာ သူ့ကိုဆက်ကြည့်နေလျှင် သတ်ချင်သည့်စိတ်များကို မထိန်းနိုင်လောက်အောင် ဖြစ်သွားရမည်ကို သူမက စိုးရိမ်နေခြင်းဖြစ်သည်။
သခင်မလေးဟုန်ချိန် ကိုယ်တိုင်ပေါ်ပေါက်လာသဖြင့် ဤရှုတ်ထွေးမှုမှာ ချက်ချင်း ငြိမ်ကျသွားရသည်။ သို့သော် အရပ်မျက်နှာ ပေါင်းစုံမှ ပိုင်ရှောင်ချန်းကို ဝိုင်းကြည့်နေသည့် အေးစက်စက်အကြည့်များကြောင့် သူ အလွန်နေရခက်နေတော့သည်။
တုန်လှုပ်စရာအကောင်းဆုံးမှာ စခန်းထဲတွင် သူဆက်၍ မီးတောက်ဖန်တီးပါက ဖြစ်လာမည့် အကျိုးဆက်များပင် ဖြစ်သည်။ နောက်ထပ် မီးပင်လယ်တစ်ခုသာ ပေါက်ကွဲထွက်လာပါက သခင်မလေးဟုန်ချိန်က သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမည်မှာ အမှန်ပင်။
သို့သော် သူ၏အတွေးထဲတွင် မီးတောက်မဖန်တီးပဲနေမည်ဟု မဆုံးဖြတ်ထားပေ။ သူသည် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်၏ ငါးဆယ်ရာခိုင်နှုန်းတိတိ ဖန်တီးပြီးသွားပြီဖြစ်ရာ အနည်းငယ်ထပ်၍ ကြိုးစားလိုက်ပါက အောင်မြင်နိုင်မည်ဟု သူကယုံကြည်ထားသည်။
" အာ၊ ဘာပဲဖြစ်ဖြစ်၊ ဘွားတော်ဟုန်ချိန်ကို ရန်မစမိသ၍ အဆင်ပြေမှာပါ။ စခန်းအလယ်မှာ မဖန်တီးဖို့ပဲလိုတာ။ အပေါက်ဝအပြင် နည်းနည်းလောက်ထွက်လိုက်မယ်လေ။ အဲဒါဆို မီးပင်လယ်ထွက်လာရင်တောင် စခန်းရဲ့ အဓိကနေရာတွေ ထိခိုက်မှာ မဟုတ်ဘူး။ အဲဒီလောက်နဲ့တော့ ဘွားတော်ဟုန်ချိန်က ငါ့ကိုဘာမှ မလုပ်လောက်ပါဘူး "
သူက ပြတ်သားမှုများဖြင့် တောက်ပနေသည့် မျက်ဝန်းများဖြင့် စခန်းထဲမှ ပျံထွက်သွားတော့သည်။
သူအပြင်သို့ ရောက်သည်နှင့် နတ်ဘုရားအာရုံတစ်ခုမှာ သူ့ကိုကြည့်နေကြောင်း ခံစားလိုက်ရသည်။ သဘောတူညီချက်အရဆိုလျှင် သူသည် တပ်စခန်းထဲတွင် သုံးလတိတိနေရမည်ဖြစ်သော်လည်း ကိစ္စအသေးအဖွဲလေးများကို အပြင်ထွက်လုပ်ရမည်ဆိုပါက လုပ်ခွင့်ရှိသည်။ ခဏအကြာတွင် သူသည် ခပ်လှမ်းလှမ်းရှိ တောင်နိမ့်လေးတစ်လုံးပေါ်သို့ ရောက်သွားတော့သည်။
ထိုနေရာတွင် သူထိုင်လိုက်သောအခါ သူထင်ထားသည့်အတိုင်း နတ်ဘုရားအာရုံမှာ ပျောက်ကွယ်သွားတော့သည်။