← Chapters

ငါက မင်းတို့ကိုရောင်းမယ်လို့ ဘယ်သူပြောလဲ

Vol. 53 Ch. 795

ငါက မင်းတို့ကိုရောင်းမယ်လို့ ဘယ်သူပြောလဲ

Vol. 53 Ch. 795

"လူကြီးမင်း... နောက်ဆက်တွဲအကျိုးဆက်တွေကို သေချာစဉ်းစားစေချင်ပါတယ်။ ဒါက သတ္တုတူးဖော်ရေးစက်ရုံသက်သက်ပါ။ ကျွန်တော်တို့ရဲ့ အထက်လူကြီးက ဒီဆုံးရှုံးမှုကို အေးအေးဆေးဆေး ခံနိုင်ရည်ရှိပေမဲ့..."

"မင်းပြောလို့ ပြီးပြီလား။ ပြီးရင်လည်း သွားလို့ရပြီ။ ငါက ပိုက်ဆံရှာရဦးမှာ"

ကျန်းမုန့်လောင်က စလစ်ချီ၏ ခြိမ်းခြောက်မှုကို လုံးဝအရေးမလုပ်ဘဲ ပြန်ပြောလိုက်သည်။

"ဒါမှမဟုတ် မင်းရဲ့လုံခြုံရေးတွေကို ခေါ်ပြီး ငါ့ကို အခုချက်ချင်း အပြင်မောင်းထုတ်ခိုင်းမလား။ ဒါပေမဲ့ သူတို့မှာ အဲဒီလိုလုပ်နိုင်စွမ်းရှိမယ်လို့တော့ ငါမထင်ဘူးနော်"

စလစ်ချီခမျာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာသည်။ လူအများကြီးရှေ့မှာ ကျန်းမုန့်လောင်ကို အတင်းအဓမ္မ မောင်းထုတ်လိုက်ပါက သူတို့ကုမ္ပဏီသာမက ကုန်ကြမ်းပံ့ပိုးသူများ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်နိုင်သည်။

အကယ်၍ ကုန်ကြမ်းပံ့ပိုးသူများ၏ ဂုဏ်သိက္ခာကို ထိခိုက်သွားပါက နောက်ဆက်တွဲ ပြဿနာများမှာ ကြီးမားလာပေလိမ့်မည်။ အဆင့်လေးမျိုးနွယ်စုအဆင့်သို့ တက်လှမ်းရန် အခြေခံအချက်ဖြစ်သည့် ဇီဒယ်လ်သတ္တုရိုင်းကဲ့သို့သော တန်ဖိုးကြီးသတ္တုရိုင်းများကို ကိုင်တွယ်ရာတွင် ယုံကြည်မှုက အလွန်အရေးကြီးသည်။ သူတို့သူဌေးတွင် အဆက်အသွယ်ရှိသည်ဆိုသော်ငြား အဆင့်လေးမျိုးနွယ်စုတစ်ခုအတွက်မူ သူတို့ကို နှိပ်စက်ရန်မှာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်သလို လွယ်ကူလှသည်။

"ပြောစရာရှိတာတော့ ဒါပါပဲ။ ခင်ဗျားတို့ ကြိုက်သလိုသာ လုပ်ကြတော့"

ကျန်းမုန့်လောင်က ရေနွေးပူကို အကြောက်အလန့်မရှိသည့် ဝက်သေတစ်ကောင်နှယ် ဂရုမစိုက်သည့် အမူအရာဖြင့် ပြန်ပြောလိုက်လေရာ စလစ်ချီမှာ ဂွမ်းပုံကို လက်သီးဖြင့် ထိုးလိုက်ရသလို ဘာပြန်ပြောရမှန်းမသိလောက်အောင် ဖြစ်သွားတော့သည်။

အရောင်းဧရိယာသို့ ပြန်ရောက်လာချိန်တွင် လောင်းကစားသမားများက သူ့ဘေးသို့ ဝိုင်းအုံလာကြပြန်သည်။

"ဆရာ... ဘာဖြစ်လို့လဲ။ အဲဒါ ကုမ္ပဏီရဲ့ အရောင်းဒါရိုက်တာ မဟုတ်လား"

"သူတို့တွေ အလျှော့ပေးလိုက်တာတော့ မဟုတ်ပါဘူးနော်"

"ဟုတ်တယ်။ ဆရာကြီးက အောက်ဘက်က စွမ်းအင်သတ္တုတွေအကုန်လုံးကို ရွေးထုတ်သွားတာဆိုတော့ ကျန်တဲ့ ကျောက်တုံးတွေက အလကားကျောက်ခဲတွေ ဖြစ်ကုန်ပြီလေ။ ဒီလောက်တောင် အရှုံးပေါ်နေတာဆိုတော့ သူတို့တွေလည်း ဂနာမငြိမ်ဖြစ်နေမှာပေါ့"

"ဟက်...ဆန်ကုန်မြေလေး။ သူတို့က ငါတို့ဆီကနေ ပိုက်ဆံတွေအများကြီး ဖြတ်စားထားတာ မဟုတ်လား။ ဒီဆုံးရှုံးမှုက သူတို့ရထားတဲ့ အမြတ်တွေနဲ့ယှဉ်ရင် မပြောပလောက်ပါဘူး"

"မှန်လိုက်​လေ ဆရာ... သူတို့ကို မကြောက်နဲ့။ သူတို့ ပြဿနာရှာရဲမှာ မဟုတ်ဘူး။ ဒီဂြိုဟ်ပေါ်မှာ အကြမ်းဖက်ဖို့ ကြံစည်တဲ့ ဘယ်သူ့ကိုမဆို ဂြိုဟ်အရှင်သခင်က လွှတ်ထားမှာ မဟုတ်ဘူး"

"မဟုတ်တာ... ခင်ဗျားတို့တွေ အတွေးလွန်နေကြပြီ"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။

"ခုနတုန်းက မစ္စတာစလစ်ချီက ကျွန်တော့်ကို ခဏခဏလာလည်ဖို့ ဖိတ်ခေါ်နေတာ။ သူက တကယ့်ကို ဧည့်ဝတ်ကျေပွန်တဲ့ အိမ်ရှင်တစ်ယောက်ပါပဲ"

"ဒါပေမဲ့ ဒီမှာ နည်းနည်းပျင်းဖို့ကောင်းနေပြီဆိုတော့ နယ်မြေ၂ဘက်ကို သွားကြည့်ရင် ကောင်းမလားလို့ စဉ်းစားနေတာ"

ထိုစကားကို ကြားလိုက်ရချိန်တွင် လောင်းကစားသမားများ၏ မျက်လုံးများမှာ အရောင်တောက်သွားကြသည်။ နယ်မြေ၂ရှိ သတ္တုရိုင်းအရည်အသွေးနှင့် ကျောက်မျက်အထွက်နှုန်းမှာ နယ်မြေ၁ထက် ပိုမြင့်မားပြီး ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ၀.၈ရာခိုင်နှုန်းခန့် ရှိသော်လည်း ဈေးနှုန်းမှာမူ နယ်မြေ၁ထက် နှစ်ဆကျော် ပိုများသည်။

"ဆရာ... ကျွန်တော်တို့ကိုပါ ခေါ်သွားပါ"

"ဆရာ... ကျွန်တော်တို့လည်း လိုက်ကြည့်ချင်လို့ပါ"

"သွားကြစို့... အားလုံး အတူတူသွားကြမယ်"

လောင်းကစားသမားများမှာ ကျန်းမုန့်လောင်၏အနောက်က နယ်မြေ၂သို့ စိတ်အားထက်သန်စွာ လိုက်ပါသွားကြတော့သည်။

"ဒါရိုက်တာ... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"

ဝန်ထမ်းတစ်ယောက်က စလစ်ချီကို စိုးရိမ်တကြီးကြည့်ကာ မေးလိုက်သည်။

"သူ့ကို ဆက်လုပ်ခိုင်းလိုက်။ ငါတို့လည်း တားလို့မရဘူးလေ"

စလစ်ချီက အံကြိတ်လျက် ပြောလိုက်သည်။

"သူ ဒီဂြိုဟ်ပေါ်ကနေ ထွက်သွားနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့။ သူ ဒီမှာပဲ နေမယ်ဆိုရင်တောင် အထက်လူကြီးက သူ့ကိုနှိမ်နင်းဖို့ နည်းလမ်းရှိပြီးသားပဲ။ အိုင်ဇက်မျိုးနွယ်စုဆိုတာက အဆင့်နှစ်မျိုးနွယ်စုလေးပဲဟာကို"

"ဝိုး... နယ်မြေ၂မှာရှိတဲ့ သတ္တုရိုင်းတွေက တော်တော်အဆင့်မြင့်တာပဲ"

ကျန်းမုန့်လောင်လည်း နယ်မြေ၂၏ ပထမဆုံးအလွှာသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာရှိ သတ္တုရိုင်းဈေးနှုန်းမှာ အိုင်ဇက်သလင်းဒင်္ဂါးပြား နှစ်သိန်းမှ စတင်သည်။

ကျန်းမုန့်လောင်လည်း သတ္တုရိုင်းပေါင်းသောင်းချီကို စကန်ဖတ်ကြည့်ပြီးနောက် သလင်းကျောက်တုံး တစ်ရာနီးပါးကို ရှာဖွေတွေ့ရှိခဲ့သည်။

မူလက သူသည် ပိုက်ဆံအတော်အသင့်ရလျှင် ပြန်ရန် စိတ်ကူးထားသော်လည်း ယခုမူ သူတို့က သူ့ကို ခြိမ်းခြောက်လာသောကြောင့် သည်အတိုင်း ငြိမ်မခံနိုင်တော့ပေ။ ကျန်းမုန့်လောင်ဆိုသည်မှာ ဘယ်တုန်းကမှ ခြိမ်းခြောက်မှုကို ခေါင်းငုံ့ခံခဲ့သူ မဟုတ်ပေ။

ကျန်းမုန့်လောင်လည်း ပြပွဲခန်းမထဲတွင် လှည့်လည်သွားလာရင်း စွမ်းအင်သတ္တု ပါဝင်သည့် မည်သည့်သတ္တုရိုင်းကိုမဆို အကုန်ဝယ်ယူပစ်လိုက်သည်။

"ဆရာ... ကျွန်တော်တို့အတွက်လည်း နည်းနည်းလောက် ရွေးပေးပါဦး"

"ဟုတ်တယ် ဆရာ... တစ်တုံးနှစ်တုံးလောက် ရွေးပေးရုံနဲ့ ဆရာ့အတွက် ဘာမှ လျော့မသွားပါဘူး"

လောင်းကစားသမားများက သူ့ကို ဝိုင်းဝန်း တောင်းဆိုလာကြသည်။

"ကောင်းပြီလေ"

ကျန်းမုန့်လောင်က အဓိပ္ပာယ်ပါသော အပြုံးတစ်ပွင့်ကို လှစ်ဟပြသလိုက်သည်။

"အဟမ်း... ဒီတစ်တုံးက မဆိုးဘူး"

"အင်း... ဒါလေးလည်း ကြည့်ကောင်းသားပဲ"

"ဒါကို ငါယူမယ်"

"ဟေ့... ငါ အရင်ယူထားတာနော်"

"ဟားဟားဟား... ငါက ပိုက်ဆံအရင်ရှင်းလိုက်တာ။ ဒါကြောင့် ဒီရတနာလေးက ငါ့အပိုင်ပဲ"

လောင်းကစားသမားများမှာ ငွေပေးချေသည့် စက်ကိရိယာကိုယ်စီကို ကိုင်ဆောင်ကာ ကျန်းမုန့်လောင်နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြပြီး ဦးသူယူစတမ်း ပြိုင်ဆိုင်နေကြတော့သည်။

ဤအဆင့်တွင် ကျန်းမုန့်လောင်သည် သတ္တုရိုင်းစုစုပေါင်း ၁၁၂တုံးကို ရွေးထုတ်ပေးခဲ့သည်။

အံ့သြစရာမရှိပါဘဲ ထို၁၁၂တုံးစလုံးမှာ စွမ်းအင်သတ္တုများ ဖြစ်နေသောကြောင့် လောင်းကစားသမားများမှာ မနာလိုဖြစ်နေကြတော့သည်။

"တခြားအဆင့်က ကျောက်မျက်ကျွမ်းကျင်သူတွေကိုပါ ဒီဘက် ခေါ်လိုက်တော့"

ဤအဆင့်၏ အရောင်းမန်နေဂျာက အမိန့်ပေးလိုက်သည်။ အကြောင်းမှာ လက်ရှိရှိနေသည့် ကျွမ်းကျင်သူအနည်းငယ်မှာ စွမ်းအင်သတ္တုအမြောက်အမြားကို စစ်ဆေးပေးရန်အတွက် အလုပ်ဒဏ်ကို မခံနိုင်တော့သောကြောင့်ပင်။

"အဆင့်Aအရည်အသွေး၊ ၂၁ ယူနစ်၊ ၃.၉ သန်း"

"လူကြီးမင်း... ဒီပစ္စည်းတွေအားလုံးအတွက် ကျွန်တော်တို့ အိုင်ဇက်သလင်းကျောင် စုစုပေါင်း ၅၂၆သန်းနဲ့ ပြန်ဝယ်ပါ့မယ်"

"ဘာဝယ်မှာလဲ"

ကျန်းမုန့်လောင်က ဖြတ်ပြောလိုက်သည်။

"ငါ မင်းတို့ကို ရောင်းမယ်လို့ ဘယ်သူပြောလဲ"

အကယ်၍ သူတို့ကြားတွင် အခြေအနေ အေးအေးဆေးဆေး ရှိနေခဲ့ပါက ကျန်းမုန့်လောင်အနေနှင့် ပိုက်ဆံနည်းနည်းလျော့လည်း ဂရုစိုက်မည်မဟုတ်ပေ။

သိုသော် ယခုမူ သူတို့က မျက်နှာပျက်အောင်လုပ်ပြီး ခြိမ်းခြောက်ခဲ့သောကြောင့် သူတို့ သူ့ဆီက တစ်ပြားတစ်ချပ် အမြတ်အစွန်းရသွားသည်ကိုပင် အရှုံးကြီးရှုံးသလို ခံစားနေရသည်။

"ဒီစကြာဝဠာသလင်းကျောက်တွေကို ငါ့ဘာသာငါ ရောင်းမယ်"

ကျန်းမုန့်လောင်က အော်ပြောလိုက်သည်။

"သလင်းကျောက်တုံးတွေ ဝယ်မယ့်လူရှိလား"

"ဆရာ... ကျွန်တော် ရှိပါတယ်။ ဒီမှာကြည့်ပါ။ ကျွန်တော် ဝယ်မယ်"

ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော လူတစ်ယောက်က လူအုပ်ထဲမှ တိုးထွက်လာသည်။ သူ့ရုပ်ရည်မှာ အိုင်ဇက်မျိုးနွယ်စုရှိ လူများနှင့် လုံးဝမတူသောကြောင့် အိုင်ဇက်ဂြိုဟ်သား မဟုတ်သည်မှာ သေချာလှသည်။

"မင်းလား။ ဒီပစ္စည်းတွေ အကုန်လုံးကို မင်း ဝယ်နိုင်ပါ့မလား"

ကျန်းမုန့်လောင်က သံသယဖြင့် မေးလိုက်သည်။

"ငါက အခုမှ စရုံပဲရှိသေးတာ။ မကြာခင် ဒီထက်အများကြီး ထပ်ထွက်လာဦးမှာ"

"ဝယ်နိုင်တာပေါ့။ သေချာပေါက် ဝယ်နိုင်ပါတယ်"

ထိုလူက ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်သည်။

"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော့်နာမည်က ဘာ့ခ်ပါ။ ကျွန်တော်က စလစ်ချီကော်ပိုရေးရှင်းကပါ။ ကျွန်တော်တို့ရဲ့ရုံးချုပ်က အဆင့်လေးမျိုးနွယ်စုမှာ ရှိပြီးတော့ စကြာဝဠာသလင်းကျောက်တွေကို အထူးပြုဝယ်ယူတဲ့လူတွေပါ"

"ဟားဟား... ဆရာ... သူတို့ကုမ္ပဏီက ဂြိုဟ်အသီးသီးမှာရှိတဲ့ သတ္တုတွင်းတွေမှာသလင်းကျောက်တူးဖော်ရရှိတဲ့လူတွေဆီက တိုက်ရိုက်လိုက်ဝယ်တဲ့လူတွေလေ။ သူတို့က ကုန်သည်တွေဆိုပေမဲ့ ကုမ္ပဏီရဲ့ငွေကြေးအင်အားကတော့ အရမ်းတောင့်တင်းပါတယ်"

"ဪ... ဟုတ်လား"

ကျန်းမုန့်လောင် ရယ်မောလိုက်သည်။

"ဒါဆိုရင်လည်း ဒီပစ္စည်းတွေကို မင်းကိုပဲ ရောင်းမယ်။ ဈေးဘယ်လောက်ပေးမလဲ တွက်ကြည့်လိုက်ဦး"

"ဆရာ... သူတို့ပေးတဲ့ဈေးထက် တစ်ဆယ်ရာခိုင်နှုန်း ပိုပေးပါ့မယ်။ အားလုံးပေါင်း သန်း၅၈၀ပေါ့။ အခွန်အခတွေလည်း ကျွန်တော်တို့ပဲ တာဝန်ယူပါ့မယ်။ ဒီထက် ပိုပေးဖို့ဆိုရင်တော့ ကျွန်တော့်ရဲ့လုပ်ပိုင်ခွင့်ထက် ကျော်သွားပါလိမ့်မယ်"

"ကောင်းပြီလေ။ အဲဒီဈေးနဲ့ပဲ သဘောတူတယ်"

ဘာ့ခ်လည်း ကျန်းမုန့်လောင်ထံသို့ ပိုက်ဆံကို ချက်ချင်းလွှဲပေးလိုက်ပြီးနောက် ဆက်သွယ်ရေးကိရိယာကို ထုတ်လိုက်သည်။

"ညီအစ်ကိုတို့... ပစ္စည်းတွေ လာသယ်ကြတော့။ လူအများကြီး ခေါ်လာခဲ့။ ဒီနေ့တော့ အော်ဒါအကြီးကြီး ရထားတယ်"

"ဘာ့ခ်... မင်း ငါတို့ရှေ့တင် ဖောက်သည်လုတာကတော့ နည်းနည်းမလွန်လွန်းဘူးလား"

စောစောက မန်နေဂျာက မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။

"စီးပွားရေးဆိုတာ ကိုယ့်အရည်အချင်းနဲ့ကိုယ် လုပ်ကြတာပဲလေ။ ငါက ဈေးပိုပေးနိုင်လို့ သူက ငါ့ကို ရောင်းတာ။ ဘာပြဿနာရှိလို့လဲ။ ပြီးတော့ ငါ့မှာ ဒီနေရာမှာ အရောင်းအဝယ်လုပ်နိုင်တဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေ အပြည့်အစုံရှိတယ်။ မင်းတို့က ငါ့ကို မောင်းထုတ်မှာလား။ မင်းတို့ကုမ္ပဏီက ဒီလိုပဲ စီးပွားရေးလုပ်တာလား"

ဘာ့ခ်က သူတို့ကို စိုးစဉ်းမျှ မကြောက်ပေ။ သူ့ကုမ္ပဏီနောက်ခံကလည်း သူတို့ထက် မနိမ့်ပါးသည့်အပြင် ဤလုပ်ငန်းနယ်ပယ်တွင် ရန်သူရှိနေခြင်းမှာ ဓမ္မတာပင်။ သူ့ကုမ္ပဏီအောက်တွင် အဆင့်လေးစစ်သင်္ဘောအုပ်စုများစွာက အဆင်သင့်စောင့်ဆိုင်းနေကြသည်။

ကုမ္ပဏီ၏ ပင်မအကျိုးစီးပွားကို မထိခိုက်သရွေ့ နှစ်ဖက်စလုံးလည်း ကြီးကြီးမားမား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်လာမည် မဟုတ်ပါဘဲ အများဆုံးရှိလှ စကားများရုံသာ။

"ဟားဟား... ဆရာ ဆက်လုပ်ဦးမှာလား"

ဘာ့ခ်က မေးလိုက်သည်။

"ဒီနေ့တော့ ကျွန်တော် ဆရာ့ဘက်မှာပဲ အကုန်ပုံအောထားတော့မယ်။ ဒီနှစ်အတွက် ကျွန်တော့်ရဲ့ အလုပ်စွမ်းဆောင်ရည်နဲ့ အပိုဆုကြေးတွေက ဆရာ့အပေါ်မှာ မူတည်နေတယ်နော်။ တကယ်လို့ ဆရာသာ အဆင့်နှစ် ဒါမှမဟုတ် အဆင့်သုံးသလင်းကျောက်တွေသာ တူးဖော်နိုင်မယ်ဆိုရင် ကျွန်တော် ရာထူးတောင် တက်သွားနိုင်တယ်"

"ဆက်လုပ်မှာပေါ့။ ပိုက်ဆံမရှာဘဲ နေတာက ပြစ်မှုပဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"တောက်... အဲဒီ လိပ်မျိုးဆက်မြေးကများ ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့။ ငါက ကြောက်နေမယ်ထင်လား။ ဒီနေ့ သူတို့ကို မွဲသွားအောင် လုပ်ပြမယ်။ မင်းမှာ ပိုက်ဆံ အလုံအလောက် ရှိရဲ့လား။ ဒီနေ့ ဒီက အဆင့်၁၀၂ဆင့်စလုံးမှာရှိတဲ့ ပစ္စည်းတွေကို ငါ အပြတ်ရှင်းပစ်မှာ"

"အလုံအလောက် ရှိပါတယ်။ ဆရာ့ဆီမှာ ပစ္စည်းရှိဖို့ပဲ လိုတယ်။ ကျွန်တော်တို့ဆီမှာ ပိုက်ဆံအဆင်သင့်ပဲ"

ဘာ့ခ်၏မျက်နှာထက်တွင် ဝမ်းသာအားရဖြစ်လေဟန် အမူအရာများ အတိုင်းသားပေါ်ပေါက်လာသည်။ သူ့ကော်မရှင်ခမှာ ၀.၁ရာခိုင်နှုန်းခန့် ဖြစ်ပြီး ဤအရောင်းအဝယ် တစ်ခုတည်းကပင် အိုင်ဇက်သလင်းကျောက်ခြောက်သိန်းကို ရရှိလိုက်ပြီဖြစ်၏။ ၎င်းမှာလည်း အဆင့်တစ်ဆင့်တည်းကသာ ရှိသေးသည်။ အကယ်၍ အဆင့်တိုင်းတွင် အဆင့်တစ်သလင်းကျောက်များသာ ရရှိမည်ဆိုလျှင် သူ့အနေနှင့် ကော်မရှင်ခ အိုင်ဇက်သလင်းကျောက် သန်းတစ်ရာနီးပါး ရနိုင်ပေလိမ့်မည်။

သူ့ကဲ့သို့ သာမန်ဝန်ထမ်းတစ်ဦးအတွက်မူ ၎င်းမှာ တစ်နှစ်စာမဟုတ်ပါဘဲ နှစ်ပေါင်းတစ်ရာစာ လုပ်အားခနှင့်ပင် ညီမျှသည်။

အကယ်၍ အဆင့်မြင့်စွမ်းအင်သလင်းကျောက်အချို့သာ ထွက်လာခဲ့လျှင်မူ..... သူ စိတ်တောင် မကူးရဲတော့ပေ။

ထိုသို့တွေးတောရင်း ဘာ့ခ်လည်း သူ့လုပ်ဖော်ကိုင်ဖက်များကို ချက်ချင်းဖုန်းခေါ်လိုက်တော့သည်။

"အစီအစဉ်ပြောင်းသွားပြီဟေ့... လူတွေ ပိုခေါ်လိုက်တော့။ ဒီနေ့ ငါတို့ တစ်သက်စာ အရောင်းပမာဏကို အပြတ်လုပ်ကြမယ်။ ဒီပွဲပြီးရင် ငါတို့အားလုံး ထောပြီပဲ"

All Chapters