← Chapters

အခန်း (၁၅၆-၁၅၈)

Vol. 11 Ch. 156-158

အခန်း (၁၅၆-၁၅၈)

Vol. 11 Ch. 156-158

အပိုင်း ၁၅၆

- အပိုင်း ၃၀ - မဟူရာရဲတိုက် (၆)

“ယူဂျွန်ဟော့ဟုတ်လား”

ဘာတွေဖြစ်ကုန်တာလဲ။

မဟူရာရဲတိုက်၏ ဒုတိယထပ်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များသည် စမ်းသပ်မှုတစ်ခုအနေဖြင့် တစ်ခါတရံ ဆင်းသက်လာတတ်ကြသည်။ ဤအခြေအနေသည် Ways of Survivalထဲတွင်လည်း ဖြစ်ပျက်ခဲ့ဖူးသည်။ သို့သော် Pink Kid ကင်ယောင်ပဲ ပါဝင်နေသော အဖွဲ့တွင် မိစ္ဆာနယ်စား တစ်ဦး ပေါ်လာခြင်းမျိုးမှာ ယခင်က တစ်ခါမျှ မရှိခဲ့ဖူးချေ။ ထို့ပြင် ထိုမိစ္ဆာသည် ဆင့်ခေါ်ခံရပြီးနောက်တွင် အဘယ်ကြောင့် ယူဂျွန်ဟော့ကို ရှာဖွေနေရသနည်း။

ကျနော် ပြန်မဖြေဘဲ နေလိုက်ရာ ထိုမိစ္ဆာသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး လီဟန်းဆောင်ကို ကြည့်လိုက်သည်။

“မင်းက ယူဂျွန်ဟော့လား”

“...ကျုပ်က လီဟန်းဆောင်ပါ”

“ဒါဆိုရင် ယူဂျွန်ဟော့ဆိုတဲ့သူက ဘယ်သူလဲ”

ကျနော်ပြောလိုက်သည်။ ဤနေရာတွင် မိစ္ဆာနယ်စားကို သွားရောက် ရန်စမိပါက ကောင်းကျိုးရှိမည် မဟုတ်ချေ။

“သူ့ကို ဘာလို့ရှာချင်တာလဲ။ သူ ဒီမှာ မရှိဘူး၊ ဒါကြောင့် ပြန်သွားလိုက်တော့”

မိစ္ဆာနယ်စား တန်တာစီယိုသည် ကျနော့် စကားကို ကြားသောအခါ ရယ်မောလိုက်သည်။

“ပိုးကောင်တစ်ကောင်က ငါ့ကို ပြန်ပြောနေတာပဲ။ ထူးဆန်းလိုက်တာ။ ဆိုးလ်မှာ အစွမ်းအထက်ဆုံးသူက ဒီမှာရှိတယ်လို့ ငါကြားထားတာလေ”

ဆိုးလ်တွင် အစွမ်းအထက်ဆုံး ဟုတ်လား။

“အာ... အဲ့ဒါ ငါ့ကို ပြောတာနဲ့ တူတယ်”

အဖွဲ့သားများအားလုံး ကျနော့်ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြသည်။ သူတို့က ကျနော့်ကို အဘယ်ကြောင့် ထိုသို့ ကြည့်နေကြသနည်း။

ငါပြောလိုက်တာက အမှန်တရားပဲလေ။

တန်တာစီယိုကလည်း ကျနော်ကို စိုက်ကြည့်လာသည်။

“မင်းက ယူဂျွန်ဟော့ မဟုတ်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား”

“ဆိုးလ်မှာ အစွမ်းအထက်ဆုံးသူက ယူဂျွန်ဟော့ မဟုတ်ဘူး။ အဲ့ဒါ ငါပဲ”

ဘာတွေ ဖြစ်ကုန်တာလဲ။ သူက ဘာကြောင့် ဆိုးလ်တွင် အစွမ်းအထက်ဆုံးသူကို ရှာနေရတာလဲ။

[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’နက္ခတ်သည် သင့်အား အားနာနေပါသည်။]

[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’နက္ခတ်သည် ဤမိစ္ဆာအား နှိမ်နင်းပေးရန် သင့်ကို တောင်းဆိုနေပါသည်]

...ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး ဟုတ်လား။

ကျနော် အလိုအလျောက် စဉ်းစားမိသွားသည်။ ရုတ်တရက်ပင် ဘာတွေဖြစ်နေသည်ကို ကျနော် ရိပ်မိလိုက်ပြီ ဖြစ်သည်။

[သင်သည် ရှီလာ၏ နက္ခတ်များကို စိုက်ကြည့်နေပါသည်။]

[ရှီလာ၏ နက္ခတ်များသည် အနေခက်နေကြပါသည်။]

လိလား။ ဒီကောင်တွေက…သူတို့ကိုယ်စားလှယ်ကို ကယ်ဖို့ ငါ့ကို ရောင်းစားလိုက်ကြတာထင်တယ်။

[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’နက္ခတ်သည် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြသနေပါသည်။]

ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး၏ မှတ်ဉာဏ်သည် ကျနော်၏ ဦးခေါင်းထဲတွင် ပေါ်လာသည်။ ဒဏ်ရာရထားသော မင်ဂျီဝန်က တုန်တုန်ရင်ရင်ဖြင့် ပါးစပ်ကို ဖွင့်လိုက်သည်။

—ဆိုးလ်မှာ အစွမ်းအထက်ဆုံးက... ယူဂျွန်ဟော့ပဲ။

[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’နက္ခတ်သည် သင့်အား သနားစဖွယ် အကြည့်ဖြင့် ကြည့်နေပါသည်။]

တစ်စုံတစ်ဦး၏ မှတ်ဉာဏ်ကို ပြသခြင်းသည် ဖြစ်နိုင်စွမ်းနှင့် ဒင်္ဂါးပမာဏ အမြောက်အမြားကို ပေးချေရန် လိုအပ်သည်။ ဝန်မလေးဘဲ မှတ်ဉာဏ်ကို ပြသခဲ့ခြင်းက အခြေအနေမှာ အလွန်အရေးကြီးနေသည်ဟု အဓိပ္ပာယ်ရ၏။

ချီး။ ဒါဆိုလည်း သူ့ကို ယူဂျွန်ဟော့ဆီပဲ လွှတ်လိုက်ပါတော့လား။ ဘာကြောင့် ငါ့ဆီ ရောက်လာရတာတုန်း။ ငါက အနိုင်ကျင့်ရ လွယ်နေလို့လား။

ကျနော် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး လေထဲသို့ စကားပြောလိုက်သည်။

“ဒါဆို ကျနော့်ဘက်က ကူညီပေးမယ်ဆိုရင် ခင်ဗျားတို့တွေက ကျနော့်အတွက် ဘာလုပ်ပေးမှာလဲ”

[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’နက္ခတ်က ဒင်္ဂါးများ ပေးချေမည်ဟု ပြောပါသည်။]

“ဘယ်လောက်လဲ။ ကျနော့်ကို ဒင်္ဂါး ၂,၀၀၀ ထပ်ပေးဦးမှာလား”

[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’နက္ခတ်သည် အနေခက်သွားပါသည်။]

“တခြား တစ်ခုခုပေး။ အသုံးဝင်မယ့်ဟာမျိုး”

[ရှီလာ၏ နက္ခတ်များသည် သူတို့၏ ဂုဏ်သိက္ခာ ထိခိုက်သွားသဖြင့် ‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’ အပေါ် ဒေါသထွက်နေကြပါသည်။]

[‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’နက္ခတ်က ဇာတ်လမ်းတစ်ပုဒ် ပေးမည်ဟု ပြောပါသည်။]

ဇာတ်လမ်းတစ်ပုဒ် ဟုတ်လား။

[ဆုလာဘ် ဇာတ်ဝင်ခန်းအသစ်တစ်ခု ရောက်ရှိလာပါပြီ။]

[ဆုလာဘ် ဇာတ်ဝင်ခန်း - မိစ္ဆာနှင့် တိုက်ခိုက်ခြင်း]

အမျိုးအစား

အရံ

ခက်ခဲမှု

A+

အောင်မြင်ရန် သတ်မှတ်ချက်

မိစ္ဆာနယ်စား ‘တန်တာစီယို’ ကို အနိုင်ယူပါ။

အချိန်ကန့်သတ်ချက်

မရှိ

ဆုလာဘ်

ရှီလာ နက္ခတ်များ၏ ယုံကြည်မှု၊သမိုင်းဝင်အဆင့် ဇာတ်လမ်းတစ်ပုဒ်။

ကျရှုံးမှု

-

သမိုင်းဝင်အဆင့် ဇာတ်လမ်းတစ်ပုဒ်ဆိုသည်မှာ အတော်လေး ကောင်းမွန်သည့် ကမ်းလှမ်းမှုပင် ဖြစ်သည်။

အမှန်စင်စစ် ကျနော်သည် မည်သည့်ကမ်းလှမ်းမှုမှမရှိလျှင်လည်း ထိုမိစ္ဆာနယ်စားကို သတ်ရန် ကြံစည်ထားပြီးသား ဖြစ်သည်။ ရှီလာ၏ နက္ခတ်များသည် နက်ဗျူလာတစ်ခုလောက် အစွမ်းမထက် သော်လည်း ၎င်းတို့သာ ကျနော်အပေါ် အကြွေးတင်သွားမည်ဆိုပါက ကျနော့်အတွက် မဆိုးဘူးဟုပင် ပြော၍ရ၏။ မည်သို့ပင်ဆိုစေကာမူ ကျနော်သည် ဤမိစ္ဆာကို အနိုင်ယူရမည်သာ ဖြစ်သည်။

မိစ္ဆာနယ်စားသည် စောင့်ဆိုင်းရသည်ကို ငြီးငွေ့လာကာ ဟိန်းဟောက်လိုက်သည်။

"မင်းက ဘာလို့ တစ်ယောက်ထဲ စကားပြောနေတာလဲ။ ဒါဆိုရင် မင်းက ယူဂျွန်ဟော့ မဟုတ်ဘူးပေါ့လေ"

တန်တာစီယို၏ ခန္ဓာကိုယ်မှ ပြင်းထန်သော လေလှိုင်းများ ထွက်ပေါ်လာရာ လီဟန်းဆောင်သည် အမြန်ပင် ရှေ့သို့ တိုးထွက်လာခဲ့သည်။

"ဒေါ့ဂျာ။ ကျုပ် သူ့ကို ရင်ဆိုင်လိုက်ပါ့မယ်"

"ဟန်းဆောင်။ ခင်ဗျား တစ်ယောက်ထဲတော့ မဖြစ်ဘူး..."

"ကျုပ် နောက်တစ်ခါ ကျည်ခွံပျောက်သွားတာမျိုး အဖြစ်မခံတော့ဘူး"

ဟန်ဆိုယောင်းက စိတ်ဝင်စားစရာကောင်းသည်ဟု ထင်သည့်နှယ် လေချွန်လိုက်သည်။ တန်တာစီယိုက ရှုပ်ထွေးသော မျက်နှာပေးဖြင့် ပြုံးလိုက်ကာ ပြောလိုက်သည်။

"မင်းရဲ့ ပြိုင်ဘက်က ဘယ်သူလဲဆိုတာ မင်းမသိသေးဘူးပဲ။ မင်းလိုလူမျိုးတွေကို နင်းခြေရတာကို ငါ သဘောကျတယ်"

" ဘယ်သူလဲဆိုတာ မသိဘူးဟုတ်လား"

မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး လီဟန်းဆောင်သည် သံမဏိအသားအရေကို အသုံးပြုကာ ရှေ့သို့ ပြေးထွက်သွားသည်။ လီဟန်းဆောင်၏ ပုခုံးများသည် သံမဏိများဖြင့် ဖုံးလွှမ်းသွားပြီး တန်တာစီယို၏ ပုခုံးပေါ်ရှိ ဦးချိုများကို ရိုက်နှက်လိုက်သည်။ လီဟန်းဆောင်သည် နောက်မဆုတ်ဘဲ မိစ္ဆာနယ်စားကို ရင်ဆိုင်ရဲသည့် သတ္တိရှိ၏။

"မင်းက ဇာတ်လမ်းတစ်ခုကို ဆက်ခံထားတဲ့သူလား"

တန်တာစီယိုက အံ့ဩစွာ မေးလိုက်သည်။

လီဟန်းဆောင်၏ သံမဏိအသားအရေမှာ သံမဏိသခင်ထံမှ ဇာတ်လမ်းတစ်ပုဒ်ကို ဆက်ခံရာမှ ရရှိသည့် အထူးစွမ်းရည် ဖြစ်သည်။ တစ်ချက်တိုက်ခိုက်လိုက်ရုံဖြင့် မိစ္ဆာသည် လီဟန်းဆောင်၏ အစွမ်းအစကို သတိထားမိသွားသည်။ သူသည် နယ်စားတစ်ဦး ဖြစ်သည့်အတွက် 'ဇာတ်လမ်း' တစ်ခု၏ တန်ဖိုးကို ကောင်းစွာ နားလည်သည်။

"ငါ အဲဒါကို စားပစ်မယ်"

တန်တာစီယိုသည် လီဟန်းဆောင်၏ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။ လီဟန်းဆောင်သည် လက်သီးများဖြင့် အဆက်မပြတ် ထိုးနှက်သော်လည်း တန်တာစီယိုမှာ တုန်လှုပ်ခြင်း မရှိချေ။ မိစ္ဆာ၏ ပါးစပ်မှ အစွယ်များ ထွက်ပေါ်လာပြီး လီဟန်းဆောင်၏ ပုခုံးကို ကိုက်ခဲလိုက်၏။

သံမဏိအသားအရေ၏ ကြံ့ခိုင်မှုသည် လီဟန်းဆောင်၏ စိတ်ဆန္ဒနှင့် တိုက်ရိုက် ဆက်နွှယ်နေသည်။ သူ၏ စိတ်ဓာတ် မပျက်စီးသရွေ့ လီဟန်းဆောင်၏ သံမဏိသည် ကျိုးပဲ့သွားမည် မဟုတ်ချေ။

ဤအကြောင်းအရာကို Ways of Survival ထဲတွင် ရေးသားထားလေသည်။ သို့ပေသိ ဇာတ်လမ်းတဝက်ကျိုးပြီး နောက်ပိုင်းမှသာ လီဟန်းဆောင်သည် ထိုကဲ့သို့ အံ့ဩဖွယ်ရာ လုပ်ဆောင်ချက်ကို မူရင်းဇာတ်လမ်းထဲတွင် လုပ်နိုင်ခဲ့ခြင်းဖြစ်၏။

လီဟန်းဆောင်၏ မာကျောသော သံမဏိပေါ်တွင် အက်ကြောင်းများ စတင် ထွက်ပေါ်လာသည်။ လီဟန်းဆောင်၏ မျက်နှာမှာ ဖြူလျော်လာ၏။

"... ဘာကြီးလဲဟ"

တန်တာစီယိုကို ကြည့်ရင်း ဟန်ဆိုယောင်း၏ အကြည့်များ တုန်လှုပ်သွားသည်။

"ကင်ဒေါ့ဂျာ။ ဒီမိစ္ဆာက ဘာလဲ"

ဒိုကဲဘီက ကြေညာခဲ့သော ဆိုးလ်အဆင့်သတ်မှတ်ချက်များ မှားယွင်းနေသည်ဟု ကျနော် မထင်ချေ။ ကျနော်မှလွဲလျှင် ဟန်ဆိုယောင်းသည် မိစ္ဆာနယ်စား၏ အဆင့်အတန်းကို အတိအကျ သိရှိသူ ဖြစ်သည်။

ကျနော် ပြန်ဖြေလိုက်သည်။

"သူက တတိယအဆင့် မိစ္ဆာပဲ"

တတိယအဆင့် အထက်ရှိသော မိစ္ဆာမျိုးစိတ်များတွင် ကိုယ်ပိုင် ဇာတ်လမ်းကိုယ်စီ ရှိကြလေသည်။

[တတိယအဆင့် မိစ္ဆာ 'တန်တာစီယို' သည် ပိုးကောင်သုတ်သင်ခြင်း ဇာတ်လမ်းကို ပြောပြနေပါသည်။]

ပိုးကောင်သုတ်သင်ခြင်းဇာတ်လမ်းဆိုသည်မှာ အတော်လေး အသုံးဝင်သော ဒဏ္ဍာရီတစ်ခု ဖြစ်သည်။ ပိုးကောင်သုတ်သင်ခြင်းသည် အထူးစွမ်းရည် ပုံစံမျိုး မဟုတ်သေးသော်လည်း သူ၏ ကိုယ်ပိုင်ဇာတ်လမ်း ဖြစ်သည့်အတွက် ကိုယ်စားလှယ်များ၏ အထူးစွမ်းရည်များထက် ပိုမို အစွမ်းထက်သည်။

တန်တာစီယို၏ ဇာတ်လမ်း စတင် ထွက်ပေါ်လာသည်နှင့်အမျှ လီဟန်းဆောင်နှင့် ဟန်ဆိုယောင်း အပါအဝင် ကိုယ်စားလှယ် အားလုံးမှာ တောင့်တင်းသွားသော ပိုးကောင်များကဲ့သို့ နေရာတွင်ပင် ရပ်တန့်သွားကြသည်။ လီဂျီဟယ်နှင့် သတိမေ့နေဆဲဖြစ်သော လီဂီယောင်တို့မှာ နာကျင်စွာဖြင့် တွန့်လိမ်နေကြပြီး ကင်ယောင်ပဲမှာမူ ပါးစပ်မှ အမြှုပ်များ ထွက်ကာ လဲကျသွားခဲ့ပြီ ဖြစ်သည်။

၎င်းမှာ 'ဇာတ်လမ်း' ၏ အစစ်အမှန် စွမ်းအားပင် ဖြစ်သည်။ အခြားသော သက်ရှိများကို မိမိ၏ 'ဇာတ်လမ်း' ထဲသို့ ဝါးမြိုပစ်ခြင်း ဖြစ်တော့သည်။ တောင့်တင်းသွားသော ကိုယ်စားလှယ်များသည် သခင်ဖြစ်သူ၏ အမိန့်ကို စောင့်ဆိုင်းနေကြလေ၏။

"ဒါဟာ သုတ်သင်ရမယ့် အချိန်ပဲ၊ ပိုးကောင်တို့"

လီဟန်းဆောင်၏ သံမဏိမှာ အားကိုးရာမဲ့စွာ ကျိုးပဲ့သွားပြီး ဟန်ဆိုယောင်း၏ ကိုယ်ပွားများမှာလည်း ပေါက်ကွဲသွားသည်။ လုံးဝ ဥဿုံ ရှုံးနိမ့်သွားခြင်းပင် ဖြစ်သည်။ 'ပိုးကောင်သုတ်သင်ခြင်း' ဇာတ်လမ်းသည် အားနည်းသော လူအများအပြားကို ရင်ဆိုင်ရာတွင် လွှမ်းမိုးနိုင်သော စွမ်းအားကို ပြသခဲ့သည်။ ဒုတိယထပ်၏ နယ်စားများသည် ခန့်မှန်းရ ခက်ခဲလှ၏။

နောက်သို့ လွင့်စင်သွားသော လီဟန်းဆောင်၏ ပုခုံးကို ကျနော် ဖမ်းထိန်းလိုက်သည်။ ကျနော်နှင့်ထိမိပြီး လီဟန်းဆောင်မှာ ကြောက်လန့်မှုများမှ လွတ်မြောက်သွားကာ စကားကို ထစ်ငေါ့စွာဖြင့် ပြောလေသည်။

"ဒေါ့... ဒေါ့ဂျာ"

"နောက်ကို ဆုတ်နေပါ"

"မဆုတ်ဘူး။ ဒီတစ်ခါတော့ ကျုပ် ဒေါ့ဂျာကို မကာကွယ်ပေးနိုင်ရင်―"

"ကျည်ခွံတစ်ခုက ဒီလောက် လွယ်လွယ်နဲ့ ပျောက်မသွားပါဘူး။ ကျုပ်ကို စောင့်ကြည့်နေလိုက်ပါ"

လီဟန်းဆောင်၏ ပုခုံးကို ပုတ်လိုက်ပြီး ကျနော်ရှေ့သို့ လှမ်းထွက်ခဲ့သည်။

တန်တာစီယိုက သဘောကျစွာ ရယ်မောလိုက်သည်။

"မင်းက ငါ့ဇာတ်လမ်းကို တွန်းလှန်နိုင်တာလား။ မင်းက အတော်အသင့် ပြင်းထန်တဲ့ စိတ်ဓာတ်စွမ်းအား ရှိတဲ့သူပဲ"

"စိတ်ဓာတ်စွမ်းအားက ပြဿနာ မဟုတ်ဘူး"

"ဒါဆိုရင် ဘာလဲ။ ဒူးထောက်စမ်း၊ ပိုးကောင်လေး"

ကျနော်တို့ ပတ်ဝန်းကျင်ရှိ ဖိအားများမှာ ရုတ်တရက် မြင့်တက်လာပြီး လူများမှာ ဒူးထောက် လဲကျသွားကြသည်။ ကျနော်ကမူ အဆင်ပြေနေဆဲ ဖြစ်သည်။ ကျနော် အေးအေးလူလူ လမ်းလျှောက်လာသည်ကို မြင်သောအခါ တန်တာစီယိုမှာ ဇဝေဇဝါ ဖြစ်သွားသည်။ ကျနော်အေးအေးလူလူဖြစ်နေခြင်းမှာ Fourth Wall ကြောင့် ဖြစ်သည်။ ထို့အပြင် အခြေခံပိုကျသည့် ခြားနားချက် တစ်ခုလည်း ရှိနေသေးသည်။

"…ငါ့ကို ဖြေစမ်း။ မင်း ဘယ်လိုလုပ်ပြီး လှုပ်ရှားနိုင်တာလဲ"

"အဲဒီဇာတ်လမ်းကို ရဖို့အတွက်ဆိုရင် အားနည်းတဲ့ ဇာတ်လမ်းပိုင်ရှင် အနည်းဆုံး လူတစ်သိန်းလောက်ကို ရွေးပြီး သတ်ခဲ့ရမှာပဲ။ မင်းက တကယ့်ကို ယုတ်မာတဲ့ ကောင်ပါကွာ"

"ဘာ"

'အဆင့်အတန်း' ခြားနားချက်ပင် ဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် 'ပိုးကောင်သုတ်သင်ခြင်း' က အတော်လေး အသုံးဝင်တဲ့ ဇာတ်လမ်းပဲ။ အနည်းဆုံးတော့ ရန်သူက မင်းထက် အားနည်းနေတဲ့ အချိန်မျိုးမှာပေါ့"

[သင်သည် 'ပိုးကောင်သုတ်သင်ခြင်း' ဇာတ်လမ်းကို စိတ်ဝင်စားမှု မရှိပါ။]

['ပိုးကောင်သုတ်သင်ခြင်း' ၏ အကျိုးသက်ရောက်မှုသည် သင့်ကြောင့် ပျက်ပြယ်သွားပါသည်။]

တန်တာစီယို၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"အနည်းဆုံး အမတ်အဆင့်... မဟုတ်မှလွဲရော မိစ္ဆာဘုရင်အဆင့်လား။ မဟုတ်ဘူး၊ အဲဒါကတော့ မဖြစ်နိုင်ဘူး... မင်းက ပြန်လာသူလား"

မိစ္ဆာမျိုးနွယ်စုများ၏ ထိပ်သီးများဖြစ်သော မိစ္ဆာဘုရင် ၇၂ ပါးသည် ဒဏ္ဍာရီလာအဆင့် နက္ခတ်များနှင့် ညီမျှသည်။

"ဒါပေမဲ့ ပြန်လာသူတစ်ယောက်က မဟူရာရဲတိုက်ရဲ့ ပထမထပ်မှာ ရှိမနေနိုင်ဘူး..."

"အေး။ နှစ်ခုလုံး မှားနေတယ်"

မိမိတို့၏ 'အဆင့်အတန်း' ကို ထုတ်ဖော်ပြသထားသော တည်ရှိမှုတစ်ခုမှာ ဖြစ်နိုင်စွမ်း၏ ကန့်သတ်မှုကို ခံရပေမည်။

[သင်သည် မိစ္ဆာနယ်စား 'တန်တာစီယို' ကို ကြည့်နေပါသည်။]

တန်တာစီယို မျက်နှာဖြူလျော်သွားသည်။ ကျနော် အချိန်ဆွဲမနေဘဲ အသန့်စင်ဆုံးဓါးစွမ်းအင်ကို အသုံးပြုကာ တန်တာစီယိုထံသို့ ပြေးဝင်သွားသည်။

[ယုံကြည်မှုဓား အသက်ဝင်လာပါပြီ။]

[မကျိုးပဲ့နိုင်သောယုံကြည်မှု၏ အထူးရွေးချယ်ခွင့် အသက်ဝင်ပါပြီ။]

[အီသာဓါတ် ဝိသေသလက္ခဏာသည် 'မြင့်မြတ်ခြင်း' အဖြစ် ပြောင်းလဲသွားပါသည်။]

မကျိုးပဲ့နိုင်သောယုံကြည်မှု၏ အသွင်အပြင်သစ်မှာ ကျနော့်အတွက် စိမ်းသက်နေ၏။

"အားးးး"

မိစ္ဆာသည် သူ၏ ဦးချိုထိပ်များ အဖြတ်ခံလိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်လိုက်သည်။ တန်တာစီယို မလှုပ်ရှားနိုင်မီမှာပင် ဒုတိယမြောက် တိုက်ခိုက်မှုက သူ့ထံ ဝင်ရောက်သွားသည်။

နယ်စား၏ ဇာတ်လမ်းက ကျနော့်အပေါ် အကျိုးမသက်ရောက်ရုံသာ မဟုတ်ချေ။ ကျနော်၏ လှုပ်ရှားမှုများ ကိုယ်တိုင်ကပင် သာမန်ကိုယ်စားလှယ်များနှင့် ကွဲပြားနေသည်။ မိစ္ဆာသည် အံကို တင်းတင်းကြိတ်လိုက်သည်။

"နက္ခတ်တစ်ပါးလား။ မဖြစ်နိုင်တာ... ဒါက လုံးဝ မဖြစ်နိုင်ဘူး"

ကျနော်အနေဖြင့် မေရှိယ၏ လမ်းစဉ်ကို ထပ်မံ ငှားရမ်းသုံးစွဲသင့်သလားဟု တွေးတောမိသော်လည်း 'ပိုးကောင်သုတ်သင်ခြင်း' ကို ရင်ဆိုင်ရန်အတွက် 'ဇာတ်လမ်းကိုးကားခ' ကို အသုံးပြုရန် မလိုအပ်ချေ။ 'ဇာတ်လမ်းကိုးကားခ' အရေအတွက်မှာ ကန့်သတ်ချက် ရှိသည့်အပြင် ဇာတ်လမ်းတစ်ပုဒ် မပါဘဲ ကျနော်၏ ကိုယ်ပိုင်စွမ်းရည်များကိုလည်း စမ်းသပ်ရန် လိုအပ်လေသည်။

ပထမဆုံးအနေဖြင့် ကျနော်၏ စွမ်းရည်အလုံးစုံကို ညှိနှိုင်းရန် လိုအပ်၏။

ကြည့်ကြသေးတာပေါ့။

[ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၆၂ -> အဆင့် ၉၀]

[ခွန်အား အဆင့် ၆၀ -> အဆင့် ၉၀]

[လျှင်မြန်မှု အဆင့် ၆၀ -> အဆင့် ၉၀]

[မှော်စွမ်းအင် အဆင့် ၆၂ -> အဆင့် ၉၀]

[စွမ်းရည်အလုံးစုံမှာ သိသိသာသာ မြင့်တက်လာပါသည်။]

[စုစုပေါင်း ဒင်္ဂါး ၁၁၆,၄၀၀ ကို အသုံးပြုလိုက်ပါသည်။]

ကြီးမားသော သုံးစွဲမှုဖြစ်သော်လည်း ထိုက်တန်လှသည်။

[သင့်ခန္ဓာကိုယ်သည် လူသားတစ်ဦး၏ အကန့်အသတ်များသို့ ရောက်ပါတော့မည်။]

[ကြီးမားသော စွမ်းအင်တစ်ခုက သင့်ခန္ဓာကိုယ်ကို ဖြည့်တင်းပေးလိုက်ပါပြီ။]

[စွမ်းရည်အလုံးစုံသည် ဇာတ်ဝင်ခန်း၏ အကန့်အသတ်သို့ ရောက်ရှိသွားပါပြီ။]

ကျနော်၏ နှလုံးခုန်သံမှာ ကဖိန်းဓာတ် အမြောက်အမြား ထိုးသွင်းခံထားရသကဲ့သို့ မြန်ဆန်လာသည်။ ကျနော်၏ ခန္ဓာကိုယ်အတွင်းရှိ အဒရီနယ်လင်ပမာဏမှာ သိသိသာသာ မြင့်တက်လာပြီး ခန္ဓာကိုယ်မှာ ငှက်မွေးတစ်ခုကဲ့သို့ ပေါ့ပါးသွားသည်။

ကျနော်၏ စွမ်းရည်များသည် ပျမ်းမျှအဆင့် ၉၀ တွင် ရှိသည်။ ကိုယ်စားလှယ်များထဲတွင် ကျနော်ကဲ့သို့ စွမ်းရည်မျိုး ရှိသူမှာ ရှိနိုင်မည် မဟုတ်ချေ။ ယခုလုပ်ဆောင်မှုမှာ နက္ခတ်တစ်ပါးအနေဖြင့် ကျနော်သာ လုပ်ဆောင်နိုင်သော တစ်ခုတည်းသော အရာဖြစ်သည်။

"ဒါဆို လုပ်လိုက်ကြတာပေါ့"

ဓားကို အဆက်မပြတ် ကျနော် ဝှေ့ယမ်းလိုက်သည်။ တန်တာစီယို၏ ခန္ဓာကိုယ်မှာ ဓားသွားကြောင့် စုတ်ပြတ်သွားသည်။ ကျနော်၏ စွမ်းရည်များ ရုတ်တရက် မြင့်တက်လာသော်လည်း တန်တာစီယိုမှာ လွယ်လွယ်နှင့် လဲကျမသွားချေ။ သူသည် ကျန်ရှိနေသော မှော်စွမ်းအင်ကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ကို သန်မာအောင် လုပ်ဆောင်နေပုံရသည်။ ဇာတ်လမ်းမှာ အလုပ်မဖြစ်သည့်အတွက် ထိုသို့လုပ်ဆောင်ခြင်းက ပညာရှိသော ရွေးချယ်မှုပင် ဖြစ်သည်။

"အားးးးးးးး"

တန်တာစီယိုသည် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကို မြည်ဟီးလိုက်သည်။ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေစဉ် ကျနော်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ တစ်ခု၊ နှစ်ခု ပေါ်ပေါက်လာ၏။ မျှော်လင့်ထားသည့်အတိုင်း မည်သည့် စွမ်းရည်မှ မပါဘဲ သူ့ကို တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။

ဒါဆိုရင် ဒါကတော့ အလုပ်ဖြစ်လောက်မှာပါ။

[သီးသန့်စွမ်းရည် 'သေးငယ်စေခြင်း အဆင့် ၃' အသက်ဝင်လာပါပြီ။]

[သေးငယ်စေခြင်း၏ အကျိုးသက်ရောက်မှုကြောင့် သင့်ခန္ဓာကိုယ် အရွယ်အစားမှာ သေးငယ်သွားပါသည်။]

"ဘာလဲဟ"

[သီးသန့်စွမ်းရည် 'စာမှတ်' အသက်ဝင်ပါပြီ။]

" ငါးခုမြောက် စာမှတ်ဖြစ်တဲ့ ကိုင်ရီယော့စ် ရော့ဒ်ဂရိမ်ကို ရွေးချယ်မယ်"

[သင့်ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ သက်ဆိုင်ရာ ဇာတ်ကောင်နှင့် ဆင်တူကြောင်း အတည်ပြုပြီးပါပြီ။]

[ဇာတ်ကောင်၏ အဆင့်အတန်းမှာ သင့်ထက် ပိုမို မြင့်မားနေပါသည်။]

[စွမ်းရည်အဆင့်ကို အတင်းအကျပ် ညှိယူနေပါသည်။]

ပုံမှန်အားဖြင့် မက်ဆေ့ချ်များမှာ ဤနေရာတွင် အဆုံးသတ်ရမည် ဖြစ်သည်။ သို့သော်လည်း စာကြောင်းတစ်ကြောင်း ထပ်မံ ပေါ်ထွက်လာသည်။

[သင့်အဆင့်အတန်း မြင့်တက်လာသဖြင့် ထိုသူနှင့် တစ်သားတည်းဖြစ်မှုမှာလည်း မြင့်တက်လာပါမည်။]

အခန်း ၁၅၇

- အပိုင်း ၃၁ - ဇာတ်ဝင်ခန်း၏ ဂူသင်္ချိုင်း (၁)

ဖြူဖွေးသော စွမ်းအင်မုန်တိုင်းကြောင့် ကျနော်၏ နှလုံးခုန်သံမှာ မြန်ဆန်လာပြီး ခန္ဓာကိုယ်မှာ အင်ဂျင်တစ်ခုအသွင် ပြောင်းလဲသွားသည်။

[သီးသန့်စွမ်းရည် 'လျှပ်စစ်ဓာတ်အားသွင်းခြင်း' အဆင့် ၁၁ (+၁) အသက်ဝင်လာပါပြီ။]

ကျနော်၏ အဆင့်အတန်း မြင့်တက်လာမှုကြောင့် စွမ်းရည်အဆင့်မှာ ၁၁ သို့ ရောက်ရှိသွားသည်။

အခြေခံအားဖြင့် စွမ်းရည်အဆင့်အားလုံးမှာ အဆင့် ၁၀ အထိသာ ကန့်သတ်ထားခြင်း ဖြစ်သည်။ ထို့နောက်တွင်တော့ လူသားများအနေဖြင့် ပိုမိုကောင်းမွန်သော စွမ်းရည်များကို သင်ယူခြင်းဖြစ်ဖြစ်၊ ပြန်လာသူများကဲ့သို့ 'အဆင့်ကျော်လွန်ခြင်း'ကို အသုံးပြုခြင်းဖြစ်ဖြစ် လုပ်ရမည် ဖြစ်သည်။ သို့ပေသိ ကျနော့်၏စွမ်းရည်မှာ အဆင့် ၁၁ ဖြစ်နေလေသည်။

ယခုအခါ ကျနော်၏ လျှပ်စစ်ဓာတ်အားသွင်းခြင်းမှာ စနစ်၏ အကန့်အသတ်များကို ကျော်လွန်သွားလေပြီ။ လျှပ်စစ်ဓာတ်အားသွင်းခြင်းကို ယခင်ကကဲ့သို့ ခက်ခက်ခဲခဲ အသုံးပြုရန် မလိုအပ်တော့ချေ။

ပြန်လာသူ ကိုင်ရီယော့စ်၏ ခွန်အားမှာ စွမ်းအားကြီးမားသော ဒဏ္ဍာရီလာအဆင့် နက္ခတ်တစ်ပါးနှင့် ယှဉ်နိုင်သည်။ သူသည် ခန့်မှန်း၍မရသော သန်မာသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ယခုအခါတွင်တော့ ကိုင်ရီယော့စ်တွင် မည်မျှလောက်သော ခွန်အားရှိသည်ကို ကျနော် အနည်းငယ် ရိပ်မိလာခဲ့သည်။ ကိုင်ရီယော့စ်မှာ မည်သည့်အခါမျှ မရောက်ရှိနိုင်သော နယ်ပယ်တစ်ခုသို့ ရောက်ရှိနေသည်ဆိုလျှင်ပင် မည်သည့်နေရာသို့ ဦးတည်သွားသည်ကို ကျနော် အနည်းငယ် မြင်တွေ့လိုက်ရသည်။

တန်တာစီယိုမှာ အံ့အားသင့်ရုံသာမကဘဲ အလွန်အမင်း ကြောက်လန့်နေလေပြီ။

"ပြန်လာသူရဲ့ စွမ်းရည်ရှိတဲ့ နက္ခတ်တစ်ပါးလား။ မင်းက ဘာကောင်လဲ"

ကျနော့် အမည်ရင်းကို ပြောပြချင်သော်လည်း စနောက်ချင်စိတ်က ပေါ်ပေါက်လာသည်။

"...ဘာတုန်း။ ငါက ယူဂျွန်ဟော့ပဲလေ"

လျှပ်စစ်ဓာတ်အားသွင်းခြင်း၏ ပေါက်ကွဲအားပြင်းသော စွမ်းအားနှင့် ယုံကြည်မှုဓားတို့ကြောင့် တန်တာစီယို၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားသည်။

ဓား၏ ပတ်ပတ်လည်ရှိ လျှပ်စစ်စီးကြောင်းများက တန်တာစီယို၏ လက်များနှင့် ခြေထောက်များကို လွင့်စင်သွားစေပြီးနောက် သူ၏ ခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားသည်။ သူသည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ချေ။

ကျနော်၏ အဆင့် ၉၀ ရှိသော မှော်စွမ်းအင်များမှာ ချက်ချင်းဆိုသလို ကုန်ခမ်းသွားပြီး ပင်ပန်းနွမ်းနယ်မှုများက ဝင်ရောက်လာသည်။ သို့သော်လည်း ကျနော် အပြတ်အသတ် အောင်နိုင်ခဲ့ပြီ ဖြစ်သည်။

"... ယူဂျွန်ဟော့..."

ချီး။

ကျနော် သေမတတ် ကြောက်သွားရသည်။ ပြတ်ကျသွားသော ခေါင်းက စကားပြောနေခြင်းပင်။

"ကိုယ်စားလှယ်ကောင်... မင်း သိလား... နက္ခတ်တစ်ပါး ဖြစ်လာတယ်ဆိုတာ... ဘာကို ဆိုလိုသလဲဆိုတာ...သိလား"

သူ အခု ဘာတွေ လျှောက်ပြောနေတာတုန်းဟ။

"မင်းရဲ့ အမည်ကို... ငါ့ကို ပေးလိုက်မိတဲ့အတွက်... မင်း နောင်တရလိမ့်မယ်"

"ဘာ"

[မိစ္ဆာနယ်စား တန်တာစီယိုက 'မရဏ အော်သံ'ကို အသုံးပြုလိုက်ပါသည်။]

[မိစ္ဆာနယ်စား တန်တာစီယိုက 'ယူဂျွန်ဟော့' ဟူသော အမည်ကို မဟူရာရဲတိုက် တစ်ခုလုံးသို့ ပျံ့နှံ့စေလိုက်ပါသည်။]

[မဟူရာရဲတိုက်၏ အဆင့်သတ်မှတ်ချက်အတွင်း ရှိသူများက 'ယူဂျွန်ဟော့' ဟူသော အမည်ကို မှတ်မိသွားကြပါလိမ့်မည်။]

...ကျနော် ဤသို့ ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ချေ။

[မဟူရာရဲတိုက်၏ အဆင့်သတ်မှတ်ချက်အတွင်း ရှိသူများသည် ကိုယ်စားလှယ် 'ယူဂျွန်ဟော့' ထံသို့ ရန်လိုသော အကြည့်များဖြင့် ကြည့်နေကြပါသည်။]

ကျနော် အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားသည်။ ဤသို့ ဖြစ်လာစေရန် ကျနော် အမှန်တကယ် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။ သို့သော်လည်း ယူဂျွန်ဟော့အနေဖြင့်လည်း အနည်းငယ်တော့ ဒုက္ခခံသင့်သည် မဟုတ်ပေလော။

[သင်သည် 'မိစ္ဆာနယ်စား တန်တာစီယို' ကို အမဲလိုက်သတ်ဖြတ်နိုင်ခဲ့ပါပြီ။]

[တတိယအဆင့် မိစ္ဆာတစ်ကောင်ကို ငါးကြိမ်မြောက် သတ်ဖြတ်နိုင်ခဲ့သဖြင့် ဒင်္ဂါး ၃၀,၀၀၀ ရရှိပါသည်။]

တန်တာစီယို၏ အလောင်းပတ်ပတ်လည်တွင် ဖောက်ထွင်းမြင်ရသော ကြိုးမျှင်များ ပေါ်ထွက်လာသည်။ မဟူရာရဲတိုက် ဇာတ်ဝင်ခန်းမှ စတင်၍ ဇာတ်လမ်းရှိသော သူများကို သတ်ဖြတ်ပြီးလျှင် ထိုဇာတ်လမ်းများကို သိမ်းပိုက်နိုင်မည် ဖြစ်၏။ ကျနော် လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုကြိုးမျှင်ကို ဖမ်းဆုပ်လိုက်သည်။

[သမိုင်းဝင်အဆင့် ဇာတ်လမ်း 'ပိုးကောင်သုတ်သင်ခြင်း' ကို ရရှိပါသည်။]

'ပိုးကောင်သုတ်သင်ခြင်း'။

ဤဇာတ်လမ်းမှာ ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းက ရှင်ယူဆောင်းကို အကောင်ပေါက်စေရန် လုံလောက်သော ဇာတ်လမ်းဖြစ်သည်။

...မည်သို့ပင်ဆိုစေကာမူ ရှင်ယူဆောင်းကို မိစ္ဆာတစ်ကောင်၏ ဇာတ်လမ်း ကျွေးသင့်ပါ၏လော။ ထိုဇာတ်လမ်းကို ကျွေးလိုက်ပါက ရှင်ယူဆောင်း၏ စိတ်ဓာတ်မှာ ပိုမိုဆိုးရွားသွားနိုင်ပါ၏လော။

[သင်သည် ဆုကြေးငွေ ဇာတ်ဝင်ခန်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါပြီ။]

['ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး' နက္ခတ်သည် သင့်အပေါ် အလွန်အမင်း ကျေးဇူးတင်ရှိနေပါသည်။]

[သင်သည် ယခုအခါ ရှီလာ နက္ခတ်များ၏ ကာကွယ်မှုကို ရရှိနိုင်ပြီ ဖြစ်သည်။]

ရှီလာ နက္ခတ်များ၏ ကာကွယ်မှု။ သူတို့မှာ အရေးမပါသလို ထင်ရသော်လည်း သူတို့သည်လည်း 'နက္ခတ်များ' ပင် ဖြစ်၏။ အကယ်၍ ကျနော်သာ သူတို့နှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခု တည်ဆောက်ထားမည်ဆိုလျှင် အကြွင်းမဲ့ပလ္လင် အခြေအနေမျိုးကဲ့သို့ သူတို့တွေ ကျနော်ကို ကူညီပေးနိုင်မည့် နေ့တစ်နေ့ ရှိလာမည်မှာ အမှန်ပင်။

[သမိုင်းဝင်အဆင့် ဇာတ်လမ်း 'ရှီလာ မဟာမိတ်တပ်ဖွဲ့များ' ကို လက်ခံရရှိပါသည်။]

...ရှီလာ မဟာမိတ်တပ်ဖွဲ့များဟုတ်လား။

['ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး' နက္ခတ်သည် အားရပါးရ ရယ်မောနေပါသည်။]

ကောင်းပြီလေ။

'ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး' နက္ခတ်က သမိုင်းဝင်အဆင့် ဇာတ်လမ်းတစ်ပုဒ် ပေးမည်ဟုသာ ပြောခဲ့ခြင်း ဖြစ်ပြီး ကောင်းမွန်သော ဇာတ်လမ်းဟု မပြောခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ ထိုဇာတ်လမ်းကို ရှင်ယူဆောင်းကို ကျွေးနိုင်သည့်အတွက် ကိစ္စတော့မရှိလှပေ။

ကျနော်၏ အဖွဲ့ဝင်များမှာ သတိပြန်ဝင်လာကြပြီး ကျနော်ထံသို့ ချဉ်းကပ်လာကြသည်။

"ချီး။ ကင်ဒေါ့ဂျာက ရူးချင်စရာပဲ..."

"ဒေါ့ဂျာ… ရှင် ဘယ်လောက်တောင် အစွမ်းထက်လာတာလဲ"

ကျနော် သူတို့ကို ကြည့်ကာ ပြုံးပြလိုက်သည်။ လီဟန်းဆောင်သည် တန်တာစီယို အကိုက်ခံထားရသော သူ၏ ပခုံးတွေကို ကြည့်လိုက်သည်။

"...ဒုတိယထပ်မှာ အဲ့လို ရန်သူမျိုးတွေ အများကြီး ရှိဦးမှာလား"

"အဲ့ဒီလိုမျိုးတွေ ရှိပေမဲ့ အတွေ့ရနည်းပါတယ်။ ဒီကောင့်ရဲ့ အဆင့်ကတော့ ဖြစ်နိုင်တာက..."

လေထုထဲ၌ မက်ဆေ့ချ်တစ်ခု ပေါ်ထွက်လာသည်။

[အဓိကဇာတ်ဝင်ခန်း ဆုလာဘ်အဖြစ် ဒင်္ဂါး ၅၀,၀၀၀ ရရှိပါသည်။]

[အဓိကဇာတ်ဝင်ခန်း အကြောင်းအရာကို ထပ်တိုး လုပ်လိုက်ပါပြီ။]

[သင်သည် မဟူရာရဲတိုက်တွင် နေရာတစ်ခု ရရှိခဲ့ပါပြီ။]

[သင်သည် မဟူရာရဲတိုက် အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၀ ရှိသော မိစ္ဆာ 'တန်တာစီယို' ကို အမဲလိုက်နိုင်ခဲ့ပါသည်။]

[အဆင့်သတ်မှတ်ချက်ကို အမဲလိုက်ရာတွင် ပါဝင်ကူညီမှုအပေါ် မူတည်၍ သတ်မှတ်ပါမည်။]

"...အဆင့် ၁၀ဆိုတော့ ဒီကောင့်ထက် သန်မာတဲ့ တည်ရှိမှုတွေ အနည်းဆုံး ကိုးခုလောက် ရှိသေးတယ်ဆိုတဲ့ သဘောပဲ။ ဒီလိုကောင်မျိုးတွေ အများကြီး ရှိနေဦးမှာပဲ"

"အာ..."

လီဟန်းဆောင်၏ မျက်နှာရိပ်မျက်နှာကဲမှာ ရှုပ်ထွေးသွားသည်။ မိစ္ဆာနယ်စားမှာ ထိပ်သီး ၁၀ ယောက်စာရင်းထဲတွင် ပါဝင်နေသည့်အတွက် သူသည် အနိုင်ရမှုကို ဝမ်းသာမိသော်လည်း တစ်ချိန်တည်းမှာပင် စိတ်ဓာတ်ကျသွားလေသည်။

"ဒေါ့ဂျာကတော့ ဒီလိုကောင်တွေကို တိုက်ခိုက်နိုင်လောက်အောင် အစွမ်းထက်တာပဲ"

"ဟန်းဆောင်လည်း ခင်ဗျားရဲ့ ဇာတ်လမ်းနောက်ကို လိုက်မယ်ဆိုရင် လုပ်နိုင်မှာပါ။ ကျနော်လည်း ဒီကောင့်ထက် အဆင့်မြင့်တဲ့ မိစ္ဆာတွေကို အမဲလိုက်နိုင်မယ်လို့ အာမမခံနိုင်ပါဘူး"

လက်ရှိ အခြေအနေအရဆိုလျှင် ကျနော်အနေဖြင့် ဇာတ်လမ်းတစ်ပုဒ်ကို မထုတ်သုံးဘဲ နယ်စားအဆင့်ရှိ မိစ္ဆာတစ်ကောင်ကို ရင်ဆိုင်နိုင်ခဲ့လေသည်။ အကယ်၍ 'ပိုးကောင်သုတ်သင်ခြင်း' သာ သူ၏ ဇာတ်လမ်း မဟုတ်ခဲ့ပါက ဤမျှ လွယ်ကူလိမ့်မည် မဟုတ်ချေ။

ဟန်ဆိုယောင်း၏ မာနမှာလည်း ထိခိုက်သွားပုံရသည်။

"ချီး... ဟန်ဆောင်မနေစမ်းပါနဲ့။ နင်က လူတွေကို လှည့်စားနေတာ မဟုတ်လား"

"နင်သာ နင့်ရဲ့ စွမ်းအားအကုန်သုံးပြီး တိုက်ခဲ့မယ်ဆိုရင် လုပ်နိုင်မှာပါ။ မဟူရာမီးလျှံ အသူတစ်ရာနဂါးက နင့်ကို ဇာတ်လမ်းတစ်ပုဒ် မပေးခဲ့ဘူးလား"

"ဇာတ်လမ်းရဲ့ အကြောင်းအရာတွေက ရူးနှမ်းလွန်းလို့ ငါ အဲ့ဒါတွေကို မဆက်ခံရသေးတာ။ ငါ သူ့ကို ရွေးမယ်လို့ ပြောတုန်းက နင် ဘာလို့ မတားခဲ့တာလဲ။ ငါ့ကို တမင် နှိပ်စက်နေတာမလား"

'မဟူရာမီးလျှံ အသူတစ်ရာနဂါးရဲ့ ဇာတ်လမ်းက...'

ကျနော် သိပ်မမှတ်မိတော့သော်လည်း မူရင်းဇာတ်လမ်းတွင် စာချုပ် ချုပ်ဆိုသူမှာ 'ထင်ယောင်ထင်မှားမိစ္ဆာ' ကင်နမ်ဝန် ဖြစ်သည်ကို ထည့်သွင်းစဉ်းစားမည်ဆိုပါက ဟန်ဆိုယောင်း၏ တုံ့ပြန်မှုကို နားလည်ပေးနိုင်သည်။ ပြောရမည်ဆိုလျှင် ဇာတ်လမ်းကို ဆက်ခံရုံမျှဖြင့် ဝိညာဉ်ကို ပျက်စီးစေနိုင်လောက်သည့် အရှက်ရဖွယ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေလိမ့်မည်။

[အမဲလိုက်ရာတွင် ပါဝင်ကူညီမှုအပေါ် မူတည်၍ မဟူရာရဲတိုက် အဆင့်သတ်မှတ်ချက်ကို ကြေညာပါမည်။]

နောက်ဆုံးတွင်တော့ အဆင့်သတ်မှတ်ချက်များ ထွက်ပေါ်လာသည်။ ကျနော်တို့အားလုံး၏ ရှေ့ရှိ ဝိသေသလက္ခဏာဇယားထဲသို့ အဆင့်သတ်မှတ်ချက် နံပါတ်တစ်ခုစီ ပေးပို့လာသည်။

[ကိုယ်စားလှယ် ကင်ဒေါ့ဂျာ၏ မဟူရာရဲတိုက် အဆင့်မှာ ၁၁ ဖြစ်ပါသည်။]

အဆင့် ၁၁။ မဆိုးလှပေ။ ကျန်ရှိသည့် အဖွဲ့ဝင်များမှာတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ရလဒ်ကို စောင့်ကြည့်နေရသကဲ့သို့ မျက်နှာများမှာ ပျက်ယွင်းနေကြသည်။

ဟန်ဆိုယောင်းက ကျနော်၏ ဘေးသို့ အမြန်ပြေးလာပြီး ကျနော်၏ အဆင့်သတ်မှတ်ချက်ဇယားကို ချောင်းကြည့်လိုက်သည်။

"ဟေ့… နင့်အဆင့်က တော်တော် မြင့်တာပဲ..."

ဟန်ဆိုယောင်းသည် နံပါတ် '၁၁' ကို မြင်လိုက်ရသောအခါ မျက်နှာမှာ တင်းမာသွား၏။

ပါဝင်ကူညီမှုတွင် ကြီးမားသော ကွာခြားချက် ရှိနေလေသည်။ ဟန်ဆိုယောင်းနှင့် အခြားသူများမှာ ရာဂဏန်း အဆင့်များတွင်သာ ရှိပေလိမ့်မည်။ ဟန်ဆိုယောင်းက တွေးတွေးဆဆဖြင့် ပြောသည်။

"ငါ အခု နင့်ကို သတ်လိုက်ရင် အဆင့် ၁၁ ဖြစ်သွားမလား"

"နင် နိုင်မယ်လို့ ထင်လို့လား"

"မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါကတော့ အဲ့ဒီဦးလေးကြီးထက် ပိုသာပါတယ်"

ဟန်ဆိုယောင်းက သတိလစ်နေသော ကင်ယောင်ပဲကို ညွှန်ပြလိုက်သည်။

[ကိုယ်စားလှယ် ကင်ယောင်ပဲ၏ မဟူရာရဲတိုက် အဆင့်မှာ ၁၀၁,၁၂၃ ဖြစ်ပါသည်။]

အဆင့် ၁၀၂,၁၂၃ ရှိသော ကင်ယောင်ပဲမှာတော့ လောကကြီးကို မေ့ကာ အိပ်ပျော်နေဆဲပင်။

အစကတည်းက သတိမေ့နေခဲ့သော လီဂျီဟယ်နှင့် လီဂီယောင်တို့မှာ အဆင့် ၉၈,၇၆၁ နှင့် ၈၇,၅၄၁ အသီးသီး ရရှိခဲ့ကြသည်။ ဤသည်မှာ ထူးဆန်းလှသည်။ အစကတည်းက သတိမေ့နေသူများထက် ဤဦးလေးကြီး၏ အဆင့်မှာ အဘယ်ကြောင့် ပိုနိမ့်နေရသနည်း။

"လီဟန်းဆောင်ကရော"

"အဆင့် ၆၃၆ ပါ"

လီဟန်းဆောင်၏ အသံမှာ မှိုင်မှိုင်ကြီးဖြစ်နေလေသည်။ သူ၏ စိတ်ကို ဖြေသိမ့်ပေးရန် စကားလုံး ကျနော်ရှာနေသော်လည်း လီဟန်းဆောင်က ဦးစွာ စကားပြောလာသည်။

"...ရပါတယ်။ ကျုပ် ကျောင်းတက်တုန်းကလည်း ဒီလို ရလဒ်မျိုးတွေပဲ ခဏခဏ ရခဲ့တာ။ အခုတော့ ပိုပြီး စိတ်ဓာတ်တက်ကြွလာသလိုပဲ"

ကျနော် စိုးရိမ်ရန် မလိုအပ်ဟု ထင်ရသည်။ လီဟန်းဆောင်မှာ တိကျသော ပန်းတိုင်တစ်ခု ရှိလာပါက ပိုမို ကြိုးစားအားထုတ်တတ်သော အမျိုးအစား ဖြစ်သည်။

ကျနော်၏ ဘေးတွင် ရပ်နေသော ရှင်ယူဆောင်းမှာ ကျနော်၏ အကြည့်နှင့် ဆုံသွားသောအခါ တုန်လှုပ်သွားသည်။

"မ-မကြည့်နဲ့"

ရှင်ယူဆောင်းမှာ မိဘများကို အမှတ်စာရင်း လျှို့ဝှက်နေသော မူလတန်းကျောင်းသူလေးတစ်ဦးနှင့် တူလှသည်။ ကျနော် ဤကလေးမအတွက် အနည်းငယ် စိုးရိမ်မိသည်။

"အခု နင် အဆင့်ဘယ်လောက်လဲဆိုတာက အရေးမကြီးဘူး။ ဒုတိယထပ်ကို ရောက်သွားပြီးရင် အဆင့်တက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ။ အဲ့ဒါက ယူဆောင်း ဘယ်လောက်အထိ ကြိုးစားလဲဆိုတဲ့အပေါ်မှာ မူတည်တယ်"

...ချီး

ကျနော် ဤမျှလောက်အထိ စိတ်ပျက်စရာကောင်းသော စကားမျိုး မပြောသင့်ပေ။ လူတစ်ယောက်က ကြိုးစားတိုင်း အရာအားလုံးက အဆင်ပြေသွားမည် မဟုတ်ချေ။

သို့ပေသိ ရှင်ယူဆောင်းက ကျနော်၏ အကြံပြုချက်ကို အလေးအနက် လက်ခံလိုက်ပုံရသည်။

"...ကျမက ဦးလေးတို့လောက် အစွမ်းထက်လာနိုင်ပါ့မလား"

"ဒါပေါ့။ နင်က ငါ့ထက်တောင် ပိုအစွမ်းထက်တာဟ"

ကျနော် အလေးအနက် ပြောလိုက်ခြင်း ဖြစ်သည်။ အမှန်စင်စစ် ရှင်ယူဆောင်းမှာ ဤနေရာရှိ မည်သူထက်မဆို ပိုမို မြင့်မားသော အလားအလာများ ရှိနေလေသည်။

[သင်၏ အထူးစွမ်းရည်မှာ ပွင့်လန်းရန် အဆင်သင့် ဖြစ်နေပါပြီ။]

[သင်၏ အထူးစွမ်းရည် ဇာတ်လမ်းကို စိစစ်နေပါသည်။]

ရှင်ယူဆောင်းသည် အထူးစွမ်းရည်ကို ရရှိသည်နှင့် တပြိုင်နက် ပေါက်ကွဲအားကောင်းကောင်းဖြင့် တိုးတက်လာပေလိမ့်မည်။ မဟုတ်သေး၊ အထူးစွမ်းရည် မရှိလျှင်ပင် ရှင်ယူဆောင်းသည် မဟူရာရဲတိုက်၏ ဒုတိယထပ်အတွက် မရှိမဖြစ် လိုအပ်သူ ဖြစ်သည်။ ထိုနေရာသည် ကလေးများအတွက် စွမ်းဆောင်ရည် ပြသနိုင်မည့် ဇာတ်ခုံတစ်ခု ဖြစ်ပေသည်။

"ဒါပေမဲ့ ဒီအဆင့်သတ်မှတ်ချက်ကို ဘာလို့ ရုတ်တရက်ကြီး ပေးတာလဲဆိုတာတော့ ကျုပ် မသိဘူး။ တကယ်လို့ ဒါက ယှဉ်ပြိုင်ဖို့သက်သက်ပဲ ဆိုရင်တော့... ထိပ်ဆုံးကို ရောက်တဲ့သူက ဆုတံဆိပ် တစ်ခုခု ရတာမျိုးဖြစ်နိုင်တယ်"

လီဟန်းဆောင်က ပြောလိုက်ခြင်း ဖြစ်သည်။ သူ၏ စကားမှာ မမှားပေ။ ဤသည်မှာ ရည်ရွယ်ချက်တစ်ခု ဖြစ်လိမ့်မည်ဟု ကျနော် သေချာပေါက် သိနေလေသည်။ သို့ပေသိ မဟူရာရဲတိုက် အဆင့်သတ်မှတ်ချက်တွင် ထို့ထက် ပိုမို အခြေခံကျသော အကြောင်းအရင်းတစ်ခု ရှိနေသေး၏။

ကျနော် စကားပြောရန် ပါးစပ်ဟလိုက်သည့် ခဏမှာပင်။

[မိစ္ဆာဘုရင် 'အက်စ်မိုးဒီအက်စ်' က သင်၏ တည်ရှိမှုကို စိတ်ဝင်စားနေပါသည်။]

[မိစ္ဆာဘုရင် 'အက်စ်တာရော့သ်' က သင့်ကို စောင့်ကြည့်နေပါသည်။]

[မိစ္ဆာဘုရင် 'အိုရိုဘတ်စ်' က သင်၏ ဇာတ်လမ်းကို ဆာလောင်နေပါသည်။]

ကျနော် တစ်ဦးတည်း မဟုတ်ချေ။ အခြားသော အဖွဲ့ဝင်များလည်း ထိုမက်ဆေ့ချ်ကို လက်ခံရရှိကြသည်။ ထိုမက်ဆေ့ချ်များမှာ နက္ခတ်များ ပေးပို့သော မက်ဆေ့ချ်များထက် ပိုမို နှောက်ယှက်ဖျက်ဆီးလိုစိတ် ပြင်းပြနေသော မက်ဆေ့ချ်များ ဖြစ်သည်။ ထိုမက်ဆေ့ချ်များကို မြင်ရရုံမျှဖြင့် အားလုံး တုန်လှုပ်သွားကြသည်။

အထူးသဖြင့် ဟန်ဆိုယောင်းမှာ ယခင်က မိစ္ဆာဘုရင်၏ ကျိန်စာကို ခံခဲ့ရဖူးသည့်အတွက် လုံးဝကို ကြောက်လန့်သွားလေသည်။

မိစ္ဆာဘုရင်တို့ထဲမှ အချို့မှာ နက္ခတ်များနှင့် ယှဉ်နိုင်သော 'အဆင့်အတန်း' ရှိကြသည်။ ဤဇာတ်ဝင်ခန်း၏ အဆုံးသတ်တွင် ကျနော်တို့သည် မိစ္ဆာဘုရင် တစ်ပါးနှင့် တိုက်ခိုက်ရပေလိမ့်မည်။

…………………………………………………………………………………….

"အားးးးး"

ဓားသွားမှာ လှပစွာ ဝိုက်ဆင်းသွားပြီး မိစ္ဆာမျိုးစိတ် တစ်ကောင်၏ ခေါင်းကို ဖြတ်ချလိုက်သည်။

'ဒီကောင်က ဇာတ်လမ်း မရှိတဲ့ကောင်ပဲ'

ယူဂျွန်ဟော့သည် ဒုတိယထပ်သို့ တက်လာခဲ့ပြီးနောက် သူ၏ အဆင့်ကို မြှင့်တင်ရန်အတွက် အစီအစဉ်များကို အရှိန်အဟုန်ဖြင့် စတင်နေပြီ ဖြစ်သည်။ အနာဂတ်အတွက် အစီအစဉ်များမှာ သူ၏ ခေါင်းထဲ၌ လေ့ကျင့်ခန်း အစီအစဉ်များကဲ့သို့ပင် ပြည့်နှက်နေသည်။

'တတိယထပ်ကို သွားဖို့ဆိုရင် ကောင်းကင်ဘုံ ဘုရင်လေးပါးကို ရှာရမယ်'

'ထိပ်တန်း အဆင့်ရှိသူတွေက နယ်မြေတစ်ခုထဲမှာပဲ ရှိနေသင့်တယ်'

'မိစ္ဆာဆယ်ပါးထဲက တစ်ယောက်က ဒုတိယထပ်မှာ ရှိနေတာပဲ။ သူ့နဲ့ မဆုံတာ အကောင်းဆုံး ဖြစ်လိမ့်မယ်'

'ဇာတ်လမ်းတွေကို ဒီလိုမျိုး ဆက်ပြီး စုဆောင်းနေမယ်ဆိုရင် နောက်ထပ် လေးရက်နေရင်...'

ထိုစဉ် ဝေဟင်ထက်၌ စနစ်မက်ဆေ့ချ်တစ်ခု ပေါ်လာလေသည်။

[တစ်စုံတစ်ယောက်က 'မရဏအော်သံ' စွမ်းရည်ကို သုံးပြီး သင်၏ နာမည်ကို ဖြန့်ဝေလိုက်ပါသည်။]

[မဟူရာရဲတိုက် အဆင့်သတ်မှတ်ခံရသူများက သင်၏ နာမည်ကို မှတ်မိသွားပါလိမ့်မည်။]

[မဟူရာရဲတိုက် အဆင့်သတ်မှတ်ခံရသူများက သင့်ကို စောင့်ကြည့်နေပါသည်။]

[မဟူရာရဲတိုက် အဆင့်သတ်မှတ်ခံရသူများက သင်၏ ဇာတ်လမ်းကို ပစ်မှတ်ထားပါလိမ့်မည်။]

ယူဂျွန်ဟော့သည် ထိုမက်ဆေ့ချ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

'ငါ့နာမည်ကို ဘာလို့ ရုတ်တရက်ကြီး ပြောလိုက်တာလဲ'

၎င်းမှာ ထူးဆန်းနေသည်။

'မရဏအော်သံဆိုတာ မိစ္ဆာကျိန်စာတစ်ခုပဲ။ အဲ့ဒီစွမ်းရည် သုံးတဲ့သူကို ငါ မသတ်ရသေးဘူး'

သူ့ဘေးနားမှ ယူမီယာက ပါးဖောင်းဖောင်းလေးဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ။ အကိုကြီး"

"ဘာမှမဟုတ်ပါဘူး"

ယူဂျွန်ဟော့က ခေတ္တမျှ တွေဝေသွားပြီးမှ ဆက်ပြောလိုက်သည်။

"...ဟိုကောင်က အလုပ်ရှုပ်စရာတွေ နောက်တစ်ခါ ထပ်လုပ်နေပြန်ပြီ ထင်တယ်"

"ဟိုကောင်ဆိုတာ ဘယ်သူလဲ"

"အဲ့ဒီလို လူတစ်ယောက် ရှိတယ်"

ယူမီယာသည် အေးစက်သော အသံဖြင့် ပြောလိုက်သော အကိုဖြစ်သူကို ကြည့်လိုက်သည်။ သူ၏ အသံထဲတွင် ခါတိုင်းလို မဟုတ်ဘဲ ကွဲပြားသော အရိပ်အယောင်တစ်ခု ပါဝင်နေသည်။ ထိုအပြောင်းအလဲမှာ ဆန်စေ့တစ်စေ့စာမျှသာ သေးငယ်သော်လည်း ယူမီယာကမူ ထိုအပြောင်းအလဲကို အာရုံခံမိသည်။ အဘယ်ကြောင့်ဆိုသော် ယူဂျွန်ဟော့သည် သူ၏ အကိုကြီး ဖြစ်နေသောကြောင့်ပင်။

"အရုပ်ဆိုးတဲ့ ဦးလေးကြီးအကြောင်း ပြောနေတာလား"

"..."

"အကိုကြီးက အဲ့ဒီဦးလေးကြီးအကြောင်း ပြောရင် ပျော်နေပုံရတယ်"

ယူဂျွန်ဟော့သည် ပြုံးနေသော ညီမဖြစ်သူကို ကြည့်ကာ အနည်းငယ် အနေရခက်သွားပြီး ခပ်ပြတ်ပြတ်ပင် ပြန်ပြောလိုက်သည်။

"နင် အထင်မှားနေတာပါ"

"ဟုတ်လို့လား"

ယူမီယာက ယူဂျွန်ဟော့ကို ကြည့်ကာ ရယ်မောလိုက်သည်။ ယူဂျွန်ဟော့က မျက်နှာဆူပုတ်သွားပြီး တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သည်။

နောက်ထပ် ခဏအကြာတွင် ယူဂျွန်ဟော့၏ ခန္ဓာကိုယ်မှ သွေးချင်းချင်းနီသော အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူ တကယ် စိတ်ဆိုးသွားပြီဟု ယူမီယာက ထင်လိုက်သော်လည်း ယူဂျွန်ဟော့က အရင်ဆုံး စကားပြောလိုက်သည်။

"ချောင်းကြည့်နေတာကို ရပ်ပြီး ထွက်လာခဲ့။ မဟုတ်ရင် ငါ မင်းကို သတ်ပစ်မယ်"

လေထုထဲမှ နေရာတစ်ခုမှာ တောင့်တင်းသွားပုံရပြီး လေထု၏ အက်ကွဲကြောင်းတစ်ခုမှ နတ်သက်ကြွေသော အရုပ်မလေးတစ်ရုပ် ပေါ်လာသည်။ ထိုအရုပ်မလေးမှာ ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

"တောင်းပန်ပါတယ်။ တမင်လုပ်တာ မဟုတ်ပါဘူး"

"နင်က ဘယ်သူလဲ"

"ကျမပါ။ ယူဂျွန်ဟော့"

ဝတ်ရုံကို ဖယ်ရှားလိုက်သောအခါ အံ့ဩဖွယ်ကောင်းသော ပုံရိပ်တစ်ခု ပေါ်လာလေသည်။ ယူဂျွန်ဟော့သည် ဤမျက်နှာကို သိသည်။ မကြာသေးမီကပင် သူသည် ဤအမျိုးသမီးကို ကယ်ဆယ်ခဲ့ဖူးသည်။

"...ယူဆန်းအာ"

ဤအမျိုးသမီးမှာ အိုလံပတ်စ် နက်ဗျူလာ၏ ကိုယ်စားလှယ်ဖြစ်သူ ယူဆန်းအာပင် ဖြစ်သည်။

အခန်း ၁၅၈

- အပိုင်း ၃၁ - ဇာတ်ဝင်ခန်း၏ ဂူသင်္ချိုင်း (၂)

ယူဆန်းအာနှင့် မတွေ့ရသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်သည်။ ယူဆန်းအာသည် ယခင်ကထက် ပို၍ ပင်ပန်းနွမ်းနယ်နေပုံ ပေါ်နေလေသည်။ သို့သော်လည်း ယူဆန်းအာ၏ မျက်လုံးများမှာ ယခင်ကထက် ပို၍ တောက်ပနေ၏။

"နင်က တော်တော်ကောင်းတဲ့ ဇာတ်လမ်းကို ဆက်ခံထားရပုံပဲ"

ယူဂျွန်ဟော့သည် ကောင်းကင်ခွဲဓါးကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ မဟူရာရဲတိုက်၏ ဒုတိယထပ်သည် အခြားသူများ၏ ဇာတ်လမ်းများကို လုယူရန်အတွက် သင့်တော်သော ဇာတ်ခုံတစ်ခု ဖြစ်သည်။ ယူဆန်းအာ၏ ဇာတ်လမ်းမှာလည်း လုယူရန် ထိုက်တန်ပေလိမ့်မည်။

'ဒီမိန်းမကလည်း ငါ့ရဲ့ အရင် နောက်ပြန်ဆုတ်ခြင်းတွေတုန်းက မရှိခဲ့ဘူး'

ယခင်တစ်ခေါက်က အခြေအနေအရ ယူဆန်းအာကို ကယ်ခဲ့သော်လည်း စိတ်မချရသော အချက်အလက်များကို ထာဝရ ဒီအတိုင်း ပစ်ထား၍ မရပေ။ ကင်ဒေါ့ဂျာ တစ်ယောက်တည်းနှင့်တင် လုံလောက်လှပြီ ဖြစ်သည်။ ယူဆန်းအာသည် လက်ကို မြှောက်ကာ နောက်သို့ ဆုတ်လိုက်၏။

"ကျမ တိုက်ခိုက်ဖို့ လာတာ မဟုတ်ပါဘူး"

"ဒါဆို ဘာလို့ လာတာလဲ"

"ကျမ ရှင်ရဲ့ အကူအညီ လိုအပ်လို့ပါ"

"ငါနဲ့ နောက်ထပ် မပတ်သက်ပါနဲ့လို့ ပြောထားတယ် မဟုတ်လား။ အဲ့ဒီတုန်းက ငါ နင့်ကို ကယ်ခဲ့တာ ကင်ဒေါ့ဂျာကို ပေးစရာရှိတဲ့ အကြွေးကို ဆပ်တာပဲ"

"ကျမအကူအညီတောင်းမယ့်ကိစ္စက ကင်ဒေါ့ဂျာနဲ့ သက်ဆိုင်နေလို့ပါ"

ယူဂျွန်ဟော့၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ အနည်းငယ် လျော့ပါးသွားသည်။

"ဘာကို ဆိုလိုတာလဲ"

ယူဆန်းအာကို ဖိနှိပ်ထားသော စွမ်းအင်များ ပျောက်ကွယ်သွားရာ ယူဆန်းအာက စကားစလိုက်သည်။

"ဒီဇာတ်ဝင်ခန်းမှာ ဒေါ့ဂျာ သေလိမ့်မယ်"

ကင်ဒေါ့ဂျာ သေမယ်တဲ့လား။

ယူဂျွန်ဟော့က ရယ်မောလိုက်သည်။

"ကင်ဒေါ့ဂျာက ပြန်လည်ရှင်သန်နိုင်စွမ်း ရှိတယ်။ ငါ အရင်က နင့်ကို ပြောပြဖူးတယ် ထင်ပေမဲ့ နင် မကြားလိုက်ဘူး ထင်တယ်"

ယူဂျွန်ဟော့သည် ကင်ဒေါ့ဂျာ၏ စွမ်းရည်များကို အတိုင်းအတာတစ်ခုအထိ ခန့်မှန်းနိုင်လေသည်။ ကင်ဒေါ့ဂျာ၏ ရှင်သန်ခြင်းမှာ အဆုံးမရှိသော ရှင်သန်ခြင်းမျိုး မဟုတ်သော်လည်း ကင်ဒေါ့ဂျာသည် နောက်ထပ် အနည်းငယ်မျှတော့ သေခြင်းတရားကို ကျော်လွှားနိုင်ဦးမည် ဖြစ်၏။ ထို့ကြောင့် ကင်ဒေါ့ဂျာ၏ အသက်အန္တရာယ်မှာ လောလောဆယ်တွင် စိုးရိမ်စရာ မရှိနိုင်ပေ။

"သူ အခုလောက်ဆို ပြန်ရှင်လာသင့်ပြီ... နင် သူနဲ့ မတွေ့ရသေးဘူးလား"

ဤတစ်ကြိမ်တွင် ယူဆန်းအာ၏ အကြည့်များ တုန်လှုပ်သွားသည်။ သို့သော်လည်း ယူဆန်းအာက လက်မလျှော့ဘဲ ထပ်မံ ပြောကြားလိုက်သည်။

"အဲ့ဒီလို မဟုတ်ဘူး။ ဒီအတိုင်းသာ ထားလိုက်ရင် ဒေါ့ဂျာ 'တကယ်' သေသွားလိမ့်မယ်"

"…နင်က ဘယ်လို သိတာလဲ"

"ကျမ မြင်ခဲ့တာပါ"

"နင် မြင်ခဲ့တယ် ဟုတ်လား"

ထို့နောက် ယူဆန်းအာ၏ နောက်ကွယ်တွင် ကြီးမားသော ကြိုးမျှင်တစ်ခု ပေါ်လာလေသည်။ ထိုကြိုးမျှင်မှာ အရီယက်ဒ်နီထံမှ ကြိုးမျှင် မဟုတ်ပေ။

သေချာစွာ ကြည့်လိုက်သောအခါ ထိုကြိုးမျှင်မှာ ချည်မျှင်နှင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ အလွန်သေးငယ်သော ကြိုးမျှင်ကလေးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း တွေ့ရသည်။ ထိုကြိုးမျှင်ကလေးများမှာ ရေတွက်၍မရနိုင်သော ဇာတ်လမ်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ ကံကြမ္မာ၏ ကြီးမားသော ပိတ်ထည်ကဲ့သို့ လွင့်မျောနေသည့် ထိုကြိုးမျှင်၏ မူလအစကို ယူဂျွန်ဟော့ သိရှိပေသည်။

သူ သိသော်လည်း အံ့ဩသွားမိသေး၏။ ထိုကြိုးမျှင်မှာ ကံကြမ္မာနတ်ဘုရားမ သုံးဖော်ဖြစ်သော မိုအီရဲတို့၏ သင်္ကေတပင် ဖြစ်သည်။

ယူဂျွန်ဟော့က စဉ်းစားလိုက်သည်။

"နင်က နက္ခတ်တစ်ပါးဆီကနေ ရှေ့ဖြစ်ဟောကို ခိုးယူခဲ့တာလား"

ယူဆန်းအာက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

ဒေါသထွက်သွားသော ယူဂျွန်ဟော့က အော်ဟစ်လိုက်၏။

"နင် ဘာတွေ လုပ်ခဲ့မိလဲ သိရဲ့လား။ ကံကြမ္မာဆိုတာ..."

"ကျမ သိပါတယ်။ ဒါကြောင့်မလို့ ကျမက ရှင်ရဲ့ အကူအညီကို တောင်းနေတာပေါ့။ ယူဂျွန်ဟော့"

ယူဂျွန်ဟော့၏ စိတ်ထဲတွင် ရှုပ်ထွေးသွားသည်။ မိုအီရဲတို့၏ 'ကံကြမ္မာ' ဆိုသည်မှာ အနာဂတ်ကို မြင်နိုင်သော စွမ်းအားသက်သက် မဟုတ်ပေ။ ၎င်းမှာ 'ဒေတာအမြောက်အမြား' မှတစ်ဆင့် 'နိဂုံးချုပ်ချက်များ' ကို ထုတ်ယူရာမှ ရရှိလာသော ရှေ့ဖြစ်ဟောချက် ဖြစ်၏။

အသင့်လျော်ဆုံးဖြစ်လာနိုင်သော အနာဂတ်ကို ရေတွက်၍မရသော ဇာတ်လမ်းများ ပေါင်းစပ်မှုမှတစ်ဆင့် ဟောကိန်းထုတ်ခြင်း ဖြစ်သည်။ ဤနည်းအရ 'ကံကြမ္မာ' ဆိုသည်မှာ အကြွင်းမဲ့ မဟုတ်ဘဲ ပြောင်းလဲနိုင်ပုံ ပေါ်သော်လည်း အမှန်တကယ်တွင်မူ မည်သည့်အခါမှ ပြောင်းလဲခြင်း မရှိခဲ့ပေ။

ယခုအချိန်အထိ အိုလံပတ်စ်၏ ရှေ့ဖြစ်ဟောချက်များမှာ မည်သည့်အခါမျှ မှားယွင်းခြင်း မရှိခဲ့ဖူးပေ။ အိုလံပတ်စ်၏ အရှင်သခင် ဇုစ်ပင်လျှင် သူ၏ ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရှေ့ဖြစ်ဟောတစ်ခု ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အိုလံပတ်စ်၏ ဖြစ်နိုင်စွမ်း အားလုံးကို ထိုကံကြမ္မာ ဖြစ်မြောက်လာစေရန် အသုံးပြုသောကြောင့် ဖြစ်၏။

"ကျေးဇူးပြုပြီး ကင်ဒေါ့ဂျာကို တားပေးပါ။ မဟုတ်လို့ကတော့..."

ယူဆန်းအာမှာ စကားကို ဆုံးအောင် မပြောနိုင်တော့ပေ။ ယူဆန်းအာ၏ ခန္ဓာကိုယ်ပတ်လည်ရှိ မီးပွားများက ယူဆန်းအာ၏ ပါးစပ်ကို ပိတ်ဆို့လိုက်သောကြောင့် ဖြစ်သည်။

သို့သော်လည်း ယူဂျွန်ဟော့သည် ယူဆန်းအာ၏နောက်ကွယ်ရှိ ကြိုးမျှင်များကို ရှင်းလင်းစွာ ဖတ်ရှုနိုင်ခဲ့သည်။

「 ကိုယ်စားလှယ် ကင်ဒေါ့ဂျာသည် သူ အချစ်ရဆုံးသော လူ၏ လက်ချက်ဖြင့် အသတ်ခံရလိမ့်မည်။ 」

……………………………………………………………………………………………

"ဝိုး၊ လွင်ပြင်ကြီးက တော်တော်ကျယ်တာပဲ"

"ဒါက တကယ်ပဲ မဟူရာရဲတိုက်လား"

လီဟန်းဆောင်သည် မိုးကုတ်စက်ဝိုင်းကို ငေးကြည့်ရင်း အံ့ဩတကြီး ရေရွတ်လိုက်သည်။ ကျနော်တို့ ရှေ့မှောက်တွင် ကျယ်ပြောလှသော လွင်ပြင်ကြီးနှင့် တောအုပ်များ ဖြန့်ကျက် တည်ရှိနေ၏။ လွင်ပြင်၏ အလယ်ဗဟိုတွင်တော့ နိမိတ်မကောင်းသည့် အရှိန်အဝါများ ထွက်ပေါ်နေသော မြစ်တစ်စင်း စီးဆင်းနေလေသည်။ ဤမြစ်သည် ဖီးနစ်မြစ်၏ မြစ်လက်တက်တစ်ခု ဖြစ်၏။

ကျနော်တို့သည် နောက်ဆုံးတွင်တော့ မဟူရာရဲတိုက်၏ ဒုတိယထပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"အင်း။ ဒါက ဒုတိယထပ်ပဲ။ ပထမထပ်နဲ့တော့ လုံးဝကို ကွဲပြားတဲ့ နေရာပေါ့"

ဇာတ်ဝင်ခန်းအသစ်တစ်ခု စတင်နေသည့် ပထမထပ်နှင့် မတူဘဲ ဒုတိယထပ်တွင်မူ အချိန်အတော်ကြာအောင် ဖြစ်ပွားနေခဲ့သည့် ဇာတ်ဝင်ခန်းတစ်ခု ရှိနေသည်။

အဝေးတစ်နေရာတွင် ကိုယ်စားလှယ်အချို့ကို လှမ်းမြင်နေရ၏။ သူတို့သည် ကျနော်တို့နှင့်အတူ ဤအထပ်သို့ အသစ်ဝင်ရောက်လာသော ဆိုးလ်ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ထိုကိုယ်စားလှယ်များသည် ကျနော်တို့ကို မြင်သော်လည်း မည်သို့မျှ တုံ့ပြန်ခြင်း မရှိကြပေ။ သေချာကြည့်လိုက်သောအခါ သူတို့သည် ဒိုကဲဘီတစ်ကောင်၏ လမ်းညွှန်မှုကို ခံယူနေကြခြင်း ဖြစ်သည်။

[...ဒုတိယထပ်ကို ရောက်လာကြတဲ့ ကိုယ်စားလှယ်သစ်အားလုံးကို ဂုဏ်ယူပါတယ်ဗျာ။ အသူတစ်ရာလွင်ပြင်ဆိုတာ မင်းတို့ စိတ်ကြိုက် ဘာမဆို လုပ်နိုင်တဲ့ အခွင့်အရေးတစ်ခုပဲ]

ထိုဒိုကဲဘီသည် ကျနော် တစ်ခါမျှ မတွေ့ဖူးသော ထူးခြားသည့် လေယူလေသိမ်းဖြင့် စကားပြောနေသည်။ သူ၏ ရုပ်သွင်မှာ သိသိသာသာ အိုမင်းရင့်ရော်နေ၏။ သူသည် စီမံခန့်ခွဲရေးဌာနတွင် အချိန်အတော်ကြာအောင် လုပ်ကိုင်ခဲ့ပုံရသော ဒိုကဲဘီတစ်ကောင် ဖြစ်သည်။

အကယ်၍ သူသည် အသူတစ်ရာလွင်ပြင်၏ ဇာတ်ဝင်ခန်းကို တာဝန်ယူထားရသူဆိုလျှင်တော့ သဘာဝကျလှသည်။ အဘယ်ကြောင့်ဆိုသော် ရာထူးချခံရသည့် ဒိုကဲဘီများကိုသာ ဤဇာတ်ဝင်ခန်းသို့ တာဝန်ပေးအပ်လေ့ ရှိသောကြောင့် ဖြစ်၏။

ကျနော်သည် စမတ်ဖုန်းကို ဖွင့်လိုက်ပြီး Ways of Survival ထဲမှ မဟူရာရဲတိုက် ဒုတိယထပ်နှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေလိုက်သည်။

「 အသူတစ်ရာလွင်ပြင်။ ဒိုကဲဘီတွေကတော့ အဲ့ဒီနေရာကို ဇာတ်ဝင်ခန်း၏ ဂူသင်္ချိုင်းလို့ ခေါ်ကြတယ် 」

...ဇာတ်ဝင်ခန်း၏ ဂူသင်္ချိုင်း။ ထိုစကားလုံးများက ကျနော်ကို လန်းဆန်းသွားစေသည်။ ကျနော်သည် ဤနေရာအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ဟန်ဆိုယောင်းသည် ဒိုကဲဘီ၏ စကားကို နားထောင်ပြီးနောက် စကားစလိုက်သည်။

"နောက်ထပ် လူယုတ်မာတစ်ကောင်ပဲ။ ဘာအခွင့်အရေးလဲ။ သူ ဒေါသထွက်လာရင် ခက်ခဲမှု အဆင့်ကို လျှောက်ညှိနေဦးမှာပဲ မဟုတ်လား"

ဟန်ဆိုယောင်း တစ်ယောက်တည်းသာ မဟုတ်ပေ။ အခြားသော ကိုယ်စားလှယ်များသည်လည်း ဒိုကဲဘီများနှင့် ရင်းနှီးနေပြီဖြစ်ရာ ဤဒိုကဲဘီကို ယုံကြည်မှုမရှိသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ဤသည်မှာ နဝမမြောက် ဇာတ်ဝင်ခန်း ဖြစ်ပြီး အခွင့်အရေးဟု ပြောနေသည်ကို သူတို့က အယုံအကြည် မရှိကြပေ။

ဒိုကဲဘီသည် သူတို့ ဘာတွေးနေသည်ကို သိသည့်အလား ရယ်မောလိုက်သည်။

[စိတ်မပူကြပါနဲ့။ ဒီဇာတ်ဝင်ခန်းမှာတော့ ဒိုကဲဘီတွေဘက်က ဘာဝင်ရောက်စွက်ဖက်မှုမှ ရှိမှာ မဟုတ်ဘူး။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းသည်ဖြစ်စေ၊ ပျင်းဖို့ ကောင်းသည်ဖြစ်စေ ငါတို့ကတော့ ဘာမှ လုပ်မှာ မဟုတ်ဘူး]

ကိုယ်စားလှယ်များသည် အချင်းချင်း တီးတိုး ပြောဆိုလိုက်ကြသည်။ ယခုအချိန်အထိ ဒိုကဲဘီများမှာ ဤကဲ့သို့သော စကားမျိုး တစ်ခါမျှ မပြောခဲ့ဖူးပေ။ သူတို့သည် အမြဲတမ်း ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော ဇာတ်လမ်းကိုသာ လိုချင်ကြသည် မဟုတ်ပေလော။ သူတို့က အဘယ်ကြောင့် ရုတ်တရက် ဝင်ရောက်မစွက်ဖက်တော့သနည်း။

"နင်တို့ ဘာတွေ ကြံစည်နေတာလဲ"

"ဒါက ဘာကို ဆိုလိုတာလဲ"

[မင်းတို့အားလုံး ဇာတ်ဝင်ခန်းတွေကြောင့် ပင်ပန်းနေကြပြီဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါက အမှန်အတိုင်း ပြောနေတာပါ]

[အဆင့်မြှင့်တင်ထားသော အဓိကဇာတ်ဝင်ခန်း ရောက်ရှိလာပါပြီ။]

[အဓိကဇာတ်ဝင်ခန်း #၉ ― ???]

အမျိုးအစား - အဓိက

ခက်ခဲမှု - ???

အောင်မြင်ရန် လိုအပ်ချက် - ???

အချိန်ကန့်သတ်ချက် - -

ဆုလာဘ် - မရှိပါ။

ကျရှုံးမှု - -

အခြေအနေအားလုံးမှာ လျှို့ဝှက်ထားပြီး အချိန်ကန့်သတ်ချက် သို့မဟုတ် ကျရှုံးမှု အခြေအနေများလည်း မရှိပေ။ ကိုယ်စားလှယ်များသည် ဤကဲ့သို့သော ဇာတ်ဝင်ခန်းမျိုး တစ်ခါမျှ မရရှိခဲ့ဖူးသဖြင့် များစွာ ဇဝေဇဝါ ဖြစ်နေကြသည်။

"ဘာလဲ။ ဘာမှ မသိရဘူးလား"

"နင်တို့က ငါတို့ကို ဒီလို အသုံးမကျတဲ့ ဇာတ်ဝင်ခန်းနဲ့ နောက်တစ်ခါ ထပ်ပြီး ဒုက္ခပေးမလို့လား"

ကိုယ်စားလှယ်များ၏ ပြင်းထန်သော တုံ့ပြန်မှုများကို ဒိုကဲဘီက ရယ်မောလိုက်သည်။

[အခုထိ မင်းတို့ ဘာအတွက်ကြောင့် ပြေးလွှားနေခဲ့ကြတာလဲ။ မိသားစုနဲ့ သူငယ်ချင်းတွေ အတွက်လား။ ပိုပြီး အစွမ်းထက်လာဖို့ အတွက်လား။ ဒါမှမဟုတ် တခြားသူတွေအပေါ် အုပ်စိုးဖို့လား။ မင်းတို့ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် အဖြေတွေ ရှိကြမှာပါ။ ငါ့အမြင်မှာတော့ အဲ့ဒါတွေက အလိမ်အညာတွေချည်းပဲ။ မင်းတို့ ဒီကို ရောက်လာတာဟာ ဇာတ်ဝင်ခန်းနောက်ကို 'လိုက်' ခဲ့ကြလို့ပဲ]

သူတို့၏ ယခင် ရှင်သန်မှုများကို အရေးမပါသကဲ့သို့ ပြောဆိုလိုက်ခြင်းကြောင့် ကိုယ်စားလှယ်များ၏ မျက်လုံးများမှာ တုန်လှုပ်သွားကြသည်။

ဒိုကဲဘီက ဆက်လက် ပြောဆိုလိုက်သည်။

[ဒါပေမဲ့ ဒီလို စိတ်ဓာတ်မျိုးနဲ့ဆိုရင် နောက်လာမယ့် ဇာတ်ဝင်ခန်းတွေကို ကျော်လွှားနိုင်ဖို့ ခက်ခဲလိမ့်မယ်။ ဘေးက တိုက်တွန်းမှ လုပ်တတ်တဲ့ သူတွေဟာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီဇာတ်ဝင်ခန်းဟာ ဘာမှ တောင်းဆိုမှာ မဟုတ်ဘူး]

ဘာမှ တောင်းဆိုခြင်း မရှိသည့် ဇာတ်ဝင်ခန်း။ ကိုယ်စားလှယ်များ၏ ခန္ဓာကိုယ်များမှာ တုန်ယင်သွားသည်။

[အချိန်ကန့်သတ်ချက် ဒါမှမဟုတ် ကျရှုံးမှုဆိုတဲ့ သတ်မှတ်ချက်တွေ မရှိဘူး။ ကျရှုံးစရာ ဘာမှမရှိဘူးပေါ့။ အောင်မြင်ရန် လိုအပ်ချက်ကိုတော့ မင်းတို့ဘာသာမင်းတို့ ရှာဖွေရမယ်။ ကိုယ်တိုင် ဇာတ်လမ်းတစ်ပုဒ် ဖန်တီးချင်တဲ့သူတွေပဲ ရှေ့ဆက်သွားနိုင်လိမ့်မယ်။ ဟူးဟူး... ဘယ်နှစ်ယောက်လောက်က အဲ့ဒီလို ရွေးချယ်မှုမျိုး လုပ်မလဲဆိုတာ ငါ တကယ် သိချင်မိပါရဲ့။ ဒီ 'ဂူသင်္ချိုင်း' ထဲမှာ မင်းတို့တွေ အိပ်မောကျမသွားဖို့ ငါ ဆုတောင်းပေးနေမယ်]

ဒိုကဲဘီသည် ဤစကားများကို ပြောကြားပြီးနောက် ပျောက်ကွယ်သွားလေသည်။ ကိုယ်စားလှယ်များသည်လည်း ရည်မှန်းချက် ပျောက်ဆုံးသွားသကဲ့သို့ ခံစားရကာ အုတ်အော်သောင်းနင်း ဖြစ်လာကြ၏။ ထိုမြင်ကွင်းကို ကြည့်ရသည်မှာ အတော်လေး ထူးဆန်းလှသည်။

ဤသည်မှာ ယခင်က ကြုံတွေ့ခဲ့ရသော ဇာတ်ဝင်ခန်းများထက် ပို၍ ငြိမ်းချမ်းသော်လည်း ကိုယ်စားလှယ်များမှာမူ တစ်စုံတစ်ခုကို စိုးရိမ်နေကြပုံရသည်။ လူသားများသည် မဖြစ်နိုင်သော ပန်းတိုင်တစ်ခု ရှိနေချိန်တွင်သာ ပို၍ ပျော်ရွှင်ကြသည်ဟု ထင်ရ၏။

လီဟန်းဆောင်က မေးလိုက်သည်။

"ဒေါ့ဂျာစီ... ဒါက ဘာတွေလဲ"

လီဟန်းဆောင်မှာ များစွာ ဇဝေဇဝါ ဖြစ်နေ၏။ သူသည် သူ၏အဆင့်ကို မြှင့်တင်ရန် စိတ်အားထက်သန်နေခဲ့သော်လည်း ယခုအခါ အောင်မြင်ရန်လိုအပ်ချက်ကို မသိရသော ဇာတ်ဝင်ခန်းတစ်ခုနှင့် ကြုံတွေ့ရချိန်တွင် စိတ်ပျက်သွားပုံရသည်။ တစ်ဖက်တွင်မူ ကျနော်သည် အနည်းငယ် စိုးရိမ်မိ၏။

ဤဇာတ်ဝင်ခန်းမှာ ကျနော့် အဖွဲ့အတွက် အန္တရာယ်အရှိဆုံး ဇာတ်ဝင်ခန်း ဖြစ်လာနိုင်သည်။

ကျနော် စကားပြောရန် ပြင်လိုက်စဉ်မှာပင် နောက်ကျောဘက်မှ အသံတစ်သံ ကြားလိုက်ရ၏။

"အာ... ဒီနေရာက ဘယ်နေရာလဲ"

လီဂျီဟယ်နှင့် လီဂီယောင်တို့ နိုးလာကြပြီ ဖြစ်သည်။

……………………………………………………………………………………………

လီဂျီဟယ်သည် ကိုယ့်အဆင့်ကို ၉၈,၇၆၁ ဖြစ်ကြောင်း အတည်ပြုပြီးနောက် များစွာ စိတ်ပျက်အားငယ်သွားလေသည်။

"ကျမ စာမေးပွဲတွေမှာတောင် ဒီလိုအဆင့်မျိုး တစ်ခါမှ မရဖူးဘူး..."

အမှန်စင်စစ် ဤသည်မှာ လိမ်ညာခြင်းသာ ဖြစ်၏။ Ways of Survival အရ လီဂျီဟယ်သည် စာပေသင်ကြားရေးတွင် ထူးချွန်သူ မဟုတ်ပေ။

"...အကိုကြီးဒေါ့ဂျာ"

လီဂီယောင်သည် ကျနော့်ကို မြင်သည်နှင့် တပြိုင်နက် နှံကောင်တစ်ကောင်ကဲ့သို့ ခုန်ပေါက်လာလေသည်။ ထို့နောက် သူသည် ကိုယ်ကိုပြန်မတ်ကာ တည်ငြိမ်နေဟန် ဆောင်လိုက်၏။

"အကိုကြီး အသက်ရှင်နေမယ်ဆိုတာ ကျနော် သိပြီးသားပါ။ ကျနော် အကိုကြီးကို အဆုံးထိ ယုံကြည်ခဲ့တာ"

လီဂျီဟယ်က သူ့ကို လှောင်ပြောင်လိုက်သည်။

"ချာတိတ်။ နင် ဘာတွေ ပြောနေတာလဲ။ နင်ပဲ နှပ်ချေးတရွဲရွဲနဲ့ ငိုနေခဲ့တာ မဟုတ်ဘူးလား"

"ဘယ်သူကငိုလို့လဲ"

လီဂီယောင်က သူ တစ်ခါမျှ မငိုခဲ့ကြောင်းနှင့် ကျနော် အသက်ရှင်နေသည်ကို အလိုလို သိနေခဲ့ကြောင်း ငြင်းနေလေသည်။

၁၀ မိနစ်ခန့် ကြာပြီးနောက်တွင်မူ လီဂီယောင်သည် သူ၏ စိတ်ခံစားချက်ကို ဆက်လက် မထိန်းချုပ်နိုင်တော့ပေ။ သူသည် ရှိုက်ကြီးတငင် ငိုကြွေးကာ ရှေ့သို့ ပြေးထွက်လာပြီး ကျနော်၏ ပေါင်ကို ဖက်ထားလိုက်တော့သည်။

"...ဇာတ်ဝင်ခန်း မရှိတဲ့ ဇာတ်ဝင်ခန်းတဲ့လား"

လီဂျီဟယ်သည် ကျနော်တို့ထံမှ ရှင်းပြချက်ကို ကြားပြီးနောက် ဇဝေဇဝါ ဖြစ်နေသော မျက်နှာပေးဖြင့် မေးမြန်းလိုက်၏။

"ဒါကို ဘယ်လို အောင်မြင်အောင် လုပ်ရမှာလဲ"

လီဟန်းဆောင်က စိုးရိမ်တကြီး ရှိနေ၏။

"တစ်ခုခု ဖုံးကွယ်ထားတာ ရှိမှာပါ။ ဖုံးကွယ်ထားတဲ့ အခြေအနေကို ရှာတွေ့ရင် ဇာတ်ဝင်ခန်းကို အောင်မြင်နိုင်မှာပါ"

"အဲ့ဒီလို ထင်တာပဲ။ ငါတို့ အားလုံး စုပေါင်း လုပ်ဆောင်ရင်တော့..."

လီဂျီဟယ်နှင့် လီဟန်းဆောင်တို့ကို ကြည့်ရင်း ကျနော် ခါးသီးစွာ ပြုံးမိသည်။ အမှန်တကယ်ပင် ရိုးသားဖြောင့်မတ်စွာ စုပေါင်းလုပ်ဆောင်ခြင်းမှာ ဤဇာတ်ဝင်ခန်းအတွက် အထောက်အကူ ဖြစ်နိုင်လေသည်။ သို့သော် လူတိုင်းက ထိုသို့ ရိုးသားကြသည် မဟုတ်ပေ။

"တစ်ခုလောက် မေးပါရစေ... ငါတို့ ဒါကို တကယ်ပဲ အောင်မြင်အောင် လုပ်ဖို့ လိုလို့လား"

စကားပြောလာသူမှာ Pink Kid ကင်ယောင်ပဲ ဖြစ်သည်။

လီဂျီဟယ်က မေး၏။

"ဒီအမျိုးသမီးက ဘယ်သူလဲ"

"သူက... ငါတို့နဲ့ မတော်တဆ အတူပါလာတဲ့ အမျိုးသမီး တစ်ယောက်ပါ"

ကျနော် ရှင်းပြရန် ပျင်းရိနေမိသည်။ ဤသူမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်ဟု ပြောလျှင်လည်း လီဂျီဟယ်က ယုံကြည်လိမ့်မည် မဟုတ်ပေ။

ထိုအတောအတွင်း ကင်ယောင်ပဲသည် မျက်လုံးများကို တဝက်မှိတ်ကာ ထစ်ထစ်ငေါ့ငေ့ါဖြင့် ပြောနေ၏။

"ဒီအတိုင်း နေရင်ရော မရဘူးလား။ တကယ်လို့ ငါတို့တွေသာ ဇာတ်ဝင်ခန်းကို ကျော်ဖြတ်လိုက်မယ်ဆိုရင်..."

"ရှင် ရုတ်တရက်ကြီး ဘာတွေ လျှောက်ပြောနေတာလဲ"

"...ဇာတ်ဝင်ခန်းတွေရဲ့ အဆုံးသတ်မှာ ဘာရှိလဲဆိုတာ သိကြလို့လား"

ကင်ယောင်ပဲသည် မထင်မှတ်ထားသော အချက်တစ်ခုကို ထိုးဖောက် မြင်သွားခြင်း ဖြစ်သည်။ သူ ထိုကဲ့သို့ ပြောလိမ့်မည်ဟု ကျနော် မမျှော်လင့်ထားခဲ့ပေ။

လီဂျီဟယ်မှာ ကြောင်သွား၏။

"ဘာ"

"ဇာတ်ဝင်ခန်းတွေကို ဆက်လုပ်နေတာက ငါတို့အတွက် ကောင်းမလား၊ ဆိုးမလားဆိုတာ ငါ မသိဘူး... အဆက်မပြတ် ဖြစ်ပွားနေတဲ့ ဇာတ်ဝင်ခန်းတွေထဲမှာ ငါတို့က နက္ခတ်တွေရဲ့ ကစားစရာ သက်သက်ပဲ။ ဒီဇာတ်ဝင်ခန်းကို အောင်မြင်ခဲ့ရင်တောင် နောက်တစ်ခုက ဘယ်လို ဖြစ်လာဦးမလဲ မသိနိုင်ဘူး။ ငါတို့တွေ ဘယ်အချိန်မဆို သေသွားနိုင်တယ်"

ကင်ယောင်ပဲ၏ စကားကြောင့် အဖွဲ့ဝင်များ၏ မျက်နှာများမှာ ပျက်ယွင်းသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူပြောသည်မှာ မှန်ကန်နေသောကြောင့် ဖြစ်၏။

ဤဇာတ်ဝင်ခန်းများ မည်သို့ အဆုံးသတ်မည်ကို မည်သူမျှ မသိကြပေ။ မည်သို့၊ မည်သည့်အချိန်တွင် သေရမည်ကိုလည်း မည်သူမျှ မသိကြ။ လူတိုင်းသည် ဇာတ်ဝင်ခန်းများကို အောင်မြင်အောင် မလုပ်ဆောင်ပါက သေရမည် ဖြစ်သောကြောင့်သာ ဤနေရာအထိ ပြေးလွှားခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခု ဇာတ်ဝင်ခန်းတွင်မူ အချိန်ကန့်သတ်ချက် သို့မဟုတ် ကျရှုံးမှု သတ်မှတ်ချက် မရှိပေ။

လီဂျီဟယ်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

"အဲ့တော့ ဘာဖြစ်လဲ။ ရှင်က ဒီမှာပဲ နေတော့မလို့လား။ ဒီနေရာက ဘယ်လိုနေရာလို့ ထင်နေတာလဲ။ မိစ္ဆာတွေ လှည့်လည်သွားလာနေတဲ့ အန္တရာယ်ရှိတဲ့ နေရာဟ..."

လီဂျီဟယ် စကားမဆုံးမီမှာပင် လွင်ပြင်ထက်သို့ ကြီးမားသော မိစ္ဆာမျိုးစိတ်များ စုဝေးလာကြလေသည်။ ၎င်းတို့မှာ ပဉ္စမအဆင့်ထက် မြင့်မားသော မိစ္ဆာများ ဖြစ်ကြ၏။ လီဂျီဟယ်က ထိုသို့ ဖြစ်လာမည်ကို မျှော်လင့်ထားသည့်နှယ် ရယ်မောလိုက်သည်။

"ကြည့်စမ်း၊ သူတို့ ရောက်လာကြပြီ"

"အားလုံး စုလိုက်ကြ"

အနီးအနားရှိ ကိုယ်စားလှယ်များသည် ကျနော်တို့ အဖွဲ့အနားသို့ စုရုံးလာကြသည်။ ချဉ်းကပ်လာသူများမှာ စတုတ္ထအဆင့် မိစ္ဆာမျိုးစိတ်များ ဖြစ်သည့် 'မိစ္ဆာဝံပုလွေ' များ ဖြစ်ကြ၏။ အရေအတွက်မှာ အကောင် ၂၀ ခန့် ရှိလေသည်။ အကယ်၍ ကျနော်က 'လျှပ်စစ်ဓာတ်အားသွင်းခြင်း' ကို အသုံးပြုပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်း တိုက်ခိုက်မည်ဆိုပါက ၎င်းတို့ကို ကျော်လွှားနိုင်ပေသည်။

သို့သော် အခြား ကိုယ်စားလှယ်များမှာမူ ကျနော်၏ စွမ်းအားကို မသိကြသဖြင့် စိတ်ပျက်အားငယ်နေကြ၏။

"ဒီသားရဲတွေက..."

ထိုအချိန်တွင် မိစ္ဆာဝံပုလွေများ၏ အခြားတစ်ဖက်မှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းမှာ ဖြူစင်သော မီးလျှံများကြောင့် ဖြစ်၏။ မိစ္ဆာဝံပုလွေများသည် မြင့်မြတ်သော မီးလျှံများ၏ လောင်ကျွမ်းမှုကို ခံရသဖြင့် စူးစူးဝါးဝါး အော်ဟစ်နေကြသည်။ စတုတ္ထအဆင့် မိစ္ဆာမျိုးစိတ် တစ်ခုကို သုတ်သင်နိုင်သည့် ဤစွမ်းရည်မှာ မည်မျှပင် ပြင်းထန်လိုက်ပါသနည်း။ ဤအထူးစွမ်းရည်မှာ...

"အမကြီး"

လီဂျီဟယ်က အော်ဟစ်လိုက်သည်။

၎င်းမှာ ယောင်ဟီဝန်၏ 'ငရဲမီးလျှံ တောက်လောင်ခြင်း' ပင် ဖြစ်သည်။ ယောင်ဟီဝန်သည် ကျနော်တို့ကို တွေ့ရှိသွားပြီး အံ့အားသင့်သော မျက်နှာပေး ဖြစ်သွား၏။ အထူးသဖြင့် ကျနော့်ကို မြင်လိုက်ရသည့် မြင်ကွင်းကြောင့် များစွာ တုန်လှုပ်သွားပုံရသည်။

ကျနော်သည် ယောင်ဟီဝန်ကို သက်တောင့်သက်သာမရှိစွာဖြင့် လက်ပြလိုက်ရာ ယောင်ဟီဝန်က တုံ့ဆိုင်းစွာဖြင့် ခေါင်းငြိမ့်ပြလေသည်။ ယောင်ဟီဝန်၏ အကြည့်ထဲတွင် တစ်စုံတစ်ခုသော အနေရခက်မှုများ ရှိနေပေသည်။

...ဘာများလဲ။

ယောင်ဟီဝန်သည် မဟူရာယူနီကွန်းတစ်ကောင်ကို စီးနင်းထားသည်။ ယောင်ဟီဝန်သည် ထိုသားရဲကို မည်သို့ ယဉ်ပါးအောင် လုပ်ဆောင်ခဲ့သနည်း။ မဟူရာယူနီကွန်းများကို စီးနင်းထားသော အခြားလူများသည်လည်း ယောင်ဟီဝန်နှင့်အတူ ရောက်ရှိလာကြပြီး မိစ္ဆာဝံပုလွေများကို လျင်မြန်စွာ နှိမ်နင်းလိုက်ကြ၏။ ကိုယ်စားလှယ်များသည် ယောင်ဟီဝန်၏ အမည်ကို အော်ဟစ်ခေါ်ဆိုကြသည်။

"ဝိုး… ဖျက်ဆီးခြင်း၏ တရားသူကြီး"

ယောင်ဟီဝန် အနားသို့ ချဉ်းကပ်လာသောအခါ လီဂျီဟယ်သည် ယောင်ဟီဝန်ထံသို့ ပြေးသွားလေသည်။

"အမကြီး၊ အမကြီး တကယ် အသက်ရှင်နေတာပဲ။ အမကြီး ဒီကို အရင်ရောက်နေတာလား"

"ဂျီဟယ်၊ အမ တောင်းပန်ပါတယ်။ နောက်မှပဲ စကားပြောကြရအောင်"

ယောင်ဟီဝန်သည် လီဂျီဟယ်ကို ကျောခိုင်းလိုက်၏။ လီဂျီဟယ်သည် စိတ်ကောက်သွားပြီး ကျနော့် ဘေးနားသို့ ပြန်လျှောက်လာခဲ့သည်။ ယောင်ဟီဝန်သည် ဤအခြေအနေမျိုးကို အသားကျနေသကဲ့သို့ သဘာဝကျစွာဖြင့် လူထုကို ဦးဆောင်သွားသည်။

"အားလုံး ကျမနောက်ကို လိုက်ခဲ့ကြ။ ရှင်တို့ကို ဘေးကင်းတဲ့ နေရာဆီ လမ်းပြပေးမယ်"

...ဘေးကင်းသော နေရာ ဆိုပါလား။

ကျနော့် စိတ်ထဲတွင် မတင်မကျ ဖြစ်မှုများ တိုးပွားလာခဲ့သည်။

ကိုယ်စားလှယ်များသည် ယောင်ဟီဝန်၏ လွှမ်းမိုးနိုင်သော အင်အားကြောင့် မိန်းမောသွားကြပြီး ယောင်ဟီဝန်နောက်သို့ လိုက်ပါသွားကြ၏။ ကျနော်တို့သည်လည်း ယောင်ဟီဝန်နောက်သို့ လိုက်ခဲ့ကြသည်။ ကျနော်တို့သည် လွင်ပြင်ကို ဖြတ်သန်းရန် တစ်နာရီခန့် အချိန်ကုန်ဆုံးခဲ့ရလေသည်။ ထို့နောက် တောအုပ်တစ်ခုအတွင်း ဝှက်ထားသော မြင့်မားသည့် တံတိုင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။

ထိုတံတိုင်းမှာ မည်သည့် မိစ္ဆာမျိုးစိတ်မျှ မကျော်ဖြတ်နိုင်သော ခိုင်ခံ့သည့် တံတိုင်းကြီး ဖြစ်၏။ ကိုယ်စားလှယ်များသည် ထိုမြင်ကွင်းကို ငေးမောကြည့်နေစဉ် တစ်နေရာရာမှ အသံတစ်ခု ထွက်ပေါ်လာလေသည်။

[ကြိုဆိုပါတယ်။ ဒီကိုလာရတာ ခက်ခဲခဲ့လား။ ပင်ပန်းသွားကြပြီ။ အခုတော့ မင်းတို့ ဘေးကင်းပါပြီ]

ကိုယ်စားလှယ်များမှာ တီးတိုး ရေရွတ်လိုက်ကြ၏။ ယောင်ဟီဝန်သည် ကျနော့်ကို ရှုပ်ထွေးသော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။

ထိုအချိန်တွင် မည်သို့ဖြစ်ပျက်ခဲ့သည်ကို ကျနော် သဘောပေါက်သွားခဲ့လေသည်။

ချီးပဲ။ သိပြီ။

ဤနေရာသည် 'ထိုလူ၏ ခံတပ်' ဖြစ်ပေသည်။

အမျိုးသားတစ်ဦး ပေါ်လာ၏။ သူသည် ဤနေရာ၏ အရှင်သခင် ဖြစ်ကြောင်း ထင်ရှားစေသည့် အစွမ်းထက်သော အငွေ့အသက်ကို ထုတ်လွှတ်နေလေသည်။

ကမ္ဘာပေါ်တွင် အအေးချမ်းဆုံးသော စိတ်ပျက်အားငယ်မှုကို ပွေ့ပိုက်ထားသည့် ထိုအမျိုးသားသည် ကျနော်တို့ကို ငုံ့ကြည့်ကာ ရယ်မောလိုက်သည်။

[မင်းတို့တွေ နောက်ထပ် ဇာတ်ဝင်ခန်းတွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ မလိုတော့ဘူး]

All Chapters