← Chapters

အခန်း (၁၅၉-၁၆၁)

Vol. 11 Ch. 159-161

အခန်း (၁၅၉-၁၆၁)

Vol. 11 Ch. 159-161

အခန်း ၁၅၉

- အပိုင်း ၃၁ - ဇာတ်ဝင်ခန်း၏ ဂူသင်္ချိုင်း (၃)

ဇာတ်ဝင်ခန်းများကို ဆက်လက် လုပ်ဆောင်နေရန် မလိုအပ်တော့ပေ။ ခံတပ်တွင် စုဝေးနေကြသော လူတိုင်းမှာ သတိကြီးစွာ ထားနေကြလေသည်။

"ဒါက ဘာကို ဆိုလိုတာလဲ"

အချို့က သူ၏ စကားကို နားထောင်ကြသော်လည်း အများစုမှာမူ နားမထောင်ကြချေ။

(သူက လူလိမ် တစ်ယောက်ပဲ ဖြစ်ရမယ်။)

(…စကားဆိုတာ အဓိပ္ပာယ် ရှိရမယ်လေ။ ဘာလဲ။ ဇာတ်ဝင်ခန်းတွေကို ဆက်ပြီး လုပ်ဆောင်ဖို့ မလိုတော့ဘူး ဟုတ်လား)

(ဒါက ဆုလာဘ်တွေကို သူတစ်ယောက်တည်း ဝါးမြိုဖို့အတွက် လှည့်ကွက်ပဲ)

ထိုသို့တွေးနေကြသောလူများမှာ ကိုးခုမြောက် ဇာတ်ဝင်ခန်းအထိ ရှင်သန်လာခဲ့ကြသော ကိုယ်စားလှယ်များ ဖြစ်ကြသည်။

ဂူမိုဘူတာ၏ ချွန်အင်ဟို နှင့် ချွန်မူရို၏ ဂုံဖီဒူ တို့ကို ဖယ်ထုတ်လိုက်လျှင်ပင် ဆိုးလ်တွင် လိမ်လည်လှည့်ဖြားသူများစွာ ရှိနေသေး၏။ ဤနေရာရှိ ကိုယ်စားလှယ်များသည် ထိုသို့သော လိမ်လည်သူများတို့ကို အနိုင်ယူပြီး ရောက်ရှိလာသူများ ဖြစ်ကြသည်။

ထို့ကြောင့် မည်သူမျှ ပျားသကာလို ချိုသာသော စကားများဖြင့် အလွယ်တကူ လှည့်စားမခံကြချေ။ တံတိုင်းပေါ်မှ အမျိုးသားသည် ထိုသူတို့၏ အတွေးများကို ဖတ်မိသကဲ့သို့ ပြောလိုက်လေသည်။

[မင်းတို့တွေ မယုံကြည်ကြဘူးပဲ။ ဒါက နားလည်ပေးလို့ ရပါတယ်။ ဇာတ်ဝင်ခန်း ကိုးခုဆိုတာ မရှည်လျားပေမဲ့ တိုတောင်းတယ်လို့လည်း ပြောလို့မရဘူး။ မင်းတို့ ဘာတွေကို ဖြတ်သန်းခဲ့ရလဲ၊ ဒီကို ရောက်ဖို့ ဘယ်လို ဘဝမျိုးနဲ့ ရှင်သန်ခဲ့ရလဲ ဆိုတာကို ငါ ခန့်မှန်းလို့ ရပါတယ်]

လိမ်လည်သူတစ်ယောက်၏ အခြေခံမှာ တစ်ဖက်လူကို နားလည်ပေးသလို ဟန်ဆောင်ခြင်းပင် ဖြစ်၏။ ဤအချက်ကို ငြီးငွေ့နေသူများ ရှိနေပြီ ဖြစ်သည်။

"ငါက မင်းပြောတာတွေကို ယုံကြည်မယ်လို့ ထင်နေတာလား"

"မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘာပြောချင်တာလဲ"

သည်းမခံနိုင်တော့သော လူများက အော်ဟစ်လာကြ၏။ ထိုအခါ ထိုအမျိုးသားက ရယ်မောလိုက်လေသည်။ ရယ်မောပုံမှာ လိမ်လည်သူ တစ်ယောက်ဟု ထင်ရက်စရာ မရှိလောက်အောင် လှပသော ရယ်မောခြင်း ဖြစ်၏။

[ငါ ပြောခဲ့တဲ့ အတိုင်းပါပဲ။ မင်းတို့ နောက်ထပ် တိုက်ခိုက်နေဖို့ မလိုတော့ပါဘူး။ ဒိုကဲဘီရဲ့ ရှင်းပြချက်ကို မင်းတို့ ကြားမှာပါ။ ဒီ မဟူရာရဲတိုက် ဇာတ်ဝင်ခန်းမှာ အချိန်ကန့်သတ်ချက် ဒါမှမဟုတ် ကျရှုံးမယ့် အခြေအနေတွေ မရှိဘူးလေ။ မင်းတို့သာ ဉာဏ်ကောင်းမယ်ဆိုရင် ဒါက ဘာကို ဆိုလိုတယ်ဆိုတာ နားလည်သင့်ပါတယ်]

ကျနော် ဘေးကို ကြည့်လိုက်သောအခါ ကင်ယောင်ပဲ၏ မျက်လုံးများမှာ တောက်ပနေသည်ကို တွေ့လိုက်ရ၏။

[မင်းတို့တွေ ဒီဇာတ်ဝင်ခန်း နယ်မြေမှာ ဆက်ပြီး နေထိုင်သွားလို့ ရတယ်။ မင်းတို့တွေ စားနိုင်တယ်။ အိပ်နိုင်တယ်။ မင်းတို့ လိုချင်တာ အားလုံးကို လုပ်ဆောင်နိုင်ပါတယ်။ မင်းတို့ ဘဝရဲ့ အခွင့်အရေးတွေကို လေးစားပြီး ဇာတ်ဝင်ခန်းကို အောင်မြင်အောင် လုပ်ဆောင်ရမယ်ဆိုတဲ့ ဖိအားတွေကို မေ့ပစ်လိုက်ပါ… ‘ပျက်စီးခြင်း’ မစတင်ခင်ကလိုပဲ မင်းတို့ရဲ့ ဘဝကို ဒီမှာ ခြေချလို့ရပါတယ်]

"ငါတို့ ဘဝရဲ့ အခွင့်အရေးတွေ ဟုတ်လား။ အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့"

"မိစ္ဆာတွေ လှည့်လည်သွားလာနေတဲ့ နေရာမှာ ငါတို့ ဘယ်လို ရှင်သန်နိုင်မှာလဲ"

"ငါတို့မှာ ပြန်သွားရမယ့် နေရာ ရှိသေးတယ်"

မိစ္ဆာကို တုံ့ပြန်သကဲ့သို့ လူအများပြားက အော်ဟစ်ကြလေသည်။

ထိုအခါ ထိုအမျိုးသားက မေးလိုက်၏။

[ပြန်သွားမယ်ဟုတ်လား။ မင်းတို့က ဘယ်ကို ပြန်မှာလဲ]

" ငါတို့ နေထိုင်ခဲ့တဲ့ နေရာကိုပေါ့ကွ..."

[ပျက်စီးသွားတဲ့ ဂြိုဟ်ကို ပြောတာလား]

"မပျက်စီးသေးဘူး။ အခုထိ မပျက်ဆီးသေးဘူး"

[လူတိုင်း သိထားကြပြီးသားပါ။ ဇာတ်ဝင်ခန်း စတင်ခဲ့တဲ့ အချိန်ကစပြီး မင်းတို့ရဲ့ ဂြိုဟ်ဟာ ပျက်စီးခြင်းဆီကို လျှောက်လှမ်းနေတာလေ။ မင်းတို့ ပြန်သွားရင်လည်း အပျက်အစီးတွေကိုပဲ မြင်တွေ့ရမှာ။ မင်းတို့တွေ ဇာတ်ဝင်ခန်းကို အောင်မြင်အောင် လုပ်ဆောင်ခဲ့ရင်တောင်… နောက်ဆုံး မြင်တွေ့ရမှာက ပျက်စီးခြင်းပဲ]

"အခုလိုမျိုးပြောရအောင် မင်းက ဘယ်သူမလို့လဲ။ မင်း ဘာသိလို့လဲ―"

[ငါ သိတာပေါ့။ ငါ နေထိုင်ခဲ့တဲ့ ဂြိုဟ်ဟာလည်း ဇာတ်ဝင်ခန်းကြောင့် ပျက်စီးသွားတာ ကြာလှပြီ]

တုန်လှုပ်သွားသော လူအုပ်ကြီးမှာ တိတ်ဆိတ်သွားကြ၏။ ဤသူသည်လည်း ဇာတ်ဝင်ခန်းကြောင့် သူ၏ အိမ်ကို ဆုံးရှုံးခဲ့ရသည်မှာ ကြာလှပေပြီ။ မဟူရာရဲတိုက်တွင် မည်သူ့ထက်မဆို ပိုမိုကြာရှည်စွာ နေထိုင်ခဲ့သော ထိုအမျိုးသားက ၎င်းတို့ကို စကားပြောနေခြင်း ဖြစ်၏။

[ငါ ယုံကြည်ချက်ရှိရှိ ပြောနိုင်တာက ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲမှာ ဒီနေရာထက် ဘေးကင်းတဲ့ နေရာ မရှိတော့ဘူး ဆိုတာပါပဲ]

ပထမဆုံးအကြိမ်အဖြစ် လူများ၏ စိတ်ဓာတ်များ အားနည်းသွားကြလေသည်။ လူတွေ၏ အကြည့်များမှာ မယုံကြည်နိုင်သေးသည့်အကြည့်များဖြစ်နေသော်လည်း သူ၏ ပြောစကားများကို နားထောင်နေကြ၏။

တစ်စုံတစ်ယောက်က ကျယ်လောင်သော အသံဖြင့် မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

[ငါ့ နာမည်က ရိန်းဟတ် ဗွန် ဂျာဘတ် ပါ။ မင်းတို့ထက် နှစ်ပေါင်း ၈၀၀ စောပြီး ဒီနယ်မြေကို ရောက်ရှိလာခဲ့သူပေါ့… ငါက သုခဘုံ လို့ခေါ်တဲ့ ဒီခံတပ်ရဲ့ အရှင်သခင်ပါ]

ထို့နောက်တွင် ခံတပ်၏ တံခါးကြီး ပွင့်သွားလေသည်။ ခံတပ်အတွင်းမှ မြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ လူများ၏ အမူအရာများမှာ ပြောင်းလဲသွားကြ၏။ ရိန်းဟတ်သည် ၎င်းတို့၏ အမူအရာများကို မြင်တွေ့သောအခါ ပြုံးလိုက်လေတော့သည်။

[ငါ ထပ်ပြီး ကြိုဆိုပါတယ်။ သုခဘုံဆီက ကြိုဆိုပါတယ်]

……………………………………………………………………………………………

သုခဘုံံ။ Ways of Survival ထဲတွင် ထိုနေရာနှင့် ပတ်သက်သည့် ရည်ညွှန်းချက်များစွာ ရှိခဲ့ဖူးသည်။

ဇာတ်ဝင်ခန်း၏ ဂူသင်္ချိုင်း။ ကိုယ်စားလှယ်တို့၏ အသိုက်အမြုံ။ မျှော်လင့်ချက်ကင်းမဲ့နေသည့် လွင်ပြင်ထက်တွင် ပွင့်လန်းလာသော ပန်းမန်များ…။ ဤသည်တို့မှာ ထိုနေရာအတွက် ဖော်ပြချက်အချို့ ဖြစ်ပေသည်။

အမှန်တကယ်တွင် ထိုဖော်ပြချက် အများစုမှာ မှန်ကန်နေခဲ့သည်။

"ဒီနေရာက..."

ကျနော်မှလွဲ၍ ကျန်ရှိသော အဖွဲ့ဝင်အားလုံးမှာ ရှေ့မှောက်ရှိ မြင်ကွင်းကြောင့် မိန်းမောနေကြလေပြီ။ မိန်းမောနေသူများထဲတွင် လီဂျီဟယ်၊ လီဂီယောင်၊ ရှင်ယူဆောင်း နှင့် လီဟန်းဆောင်တို့ပင် ပါဝင်သည်။ အထူးသဖြင့် လီဟန်းဆောင်မှာ သူ၏ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်သကဲ့သို့ မျက်လုံးကို အကြိမ်ကြိမ် ပွတ်နေခဲ့သည်။

ပင်မလမ်းမကြီး၏ ဝဲယာနှစ်ဖက်တွင် လူနေရပ်ကွက်များနှင့် ဈေးနေရာများ ရှိနေသည်။ တစ်ခါမျှ မကြားဖူးသော စွမ်းအင်အပြည့်ရှိသည့် အသံများ ပျံ့လွင့်လာသည်။

"မိစ္ဆာပိုးကောင်ရဲ့ ခြေထောက်တွေ ရောင်းမယ်။ မြည်းစမ်းကြည့်ကြပါဦး။ ပင်ပန်းနွမ်းနယ်တာတွေကို ပျောက်ကင်းစေတယ်နော်"

"ခြံထွက် ဆန်ချိုဘယ်ရီသီးတွေ ရောင်းမယ်။ ခွန်အား ပြန်လည်ပြည့်ဖြိုးဖို့အတွက် အသုံးဝင်ပါတယ်"

ဈေးထဲက ကုန်သည်များမှာ ဖော်ရွေကြပြီး ကုန်ပစ္စည်းအတွက် ငွေပေးချေသည့် ဝယ်ယူသူများမှာလည်း ကျေနပ်နေကြသည်။ အမျိုးမျိုးသော မျိုးနွယ်စုများနှင့် နိုင်ငံစုံမှ လူများ စုဝေးနေကြသော်လည်း မည်သူကမျှ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းမျိုး မရှိကြချေ။

ခံတပ်ထဲသို့ ဝင်ရောက်လာကြသော ကိုယ်စားလှယ်အားလုံးမှာ ရုတ်တရက် တောက်ပလာသော ပတ်ဝန်းကျင်ကြောင့် ကြောင်အမ်းနေကြသည်။

"ဒါက ဘာတွေလဲ..."

သိပ်မကြာသေးခင်အထိ 'သုခဘုံ' နှင့် 'ငြိမ်းချမ်းရေး' ဆိုသော စကားလုံးများမှာ သူတို့အတွက် အဓိပ္ပာယ်မရှိသည့် အရာများသာ ဖြစ်ခဲ့သည်။ သို့ပေသိ ယခုအခါ ထိုအဓိပ္ပာယ်မရှိသော အရာများမှာ သူတို့ရှေ့မှောက်တွင် ပေါ်ပေါက်နေလေပြီ။

"…သုခဘုံတဲ့လား"

အချို့လူများမှာ အလွန်အမင်း အံ့အားသင့်သွားသဖြင့် မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားကြသည်။ စိတ်မြန်သော ကိုယ်စားလှယ်တစ်ဦးမှာမူ သူ၏ လက်နက်ကို လွှတ်ချလိုက်ရင်း ညည်းတွားလိုက်သည်။

ထိုသူ့ထံသို့ ဖော်ရွေသော လက်တစ်ဖက် ကမ်းလင့်လာခဲ့သည်။

"အဆင်ပြေရဲ့လား။ ဒဏ်ရာရထားတဲ့သူတွေ အကုန်လုံး ဒီကိုလာခဲ့ပါ။ သုခဘုံ ဆေးခန်းက ဒဏ်ရာရသူအားလုံးကို အခမဲ့ ကုသပေးနေပါတယ်"

"ကျုပ်တို့က ဆေးဝါးကုသမှု နည်းစနစ်တွေကို သင်ပေးမှာပါ။ အီသာနဲ့ မှော်စွမ်းအင်ကြားက ကွဲပြားမှုကို လေ့လာလိုက်ပါ။ ဓားစွမ်းအင်ကို သုံးချင်တဲ့သူ ဘယ်သူမဆို သင်ယူနိုင်ပါတယ်။ ဘယ်သူ့ကိုမဆို ကြိုဆိုပါတယ်"

သုခဘုံ တွင် နေထိုင်သူများသည် ဝေမျှပေးရန် ဝန်မလေးကြချေ။ သူတို့သည် အသိပညာများကို ဖလှယ်ကြပြီး တစ်စုံတစ်ယောက်ကို ကူညီခြင်းအား ကောင်းမြတ်သော အလုပ်တစ်ခုအဖြစ် မှတ်ယူကြသည်။ မျိုးစိတ်တစ်ခုနှင့်တစ်ခုအကြား ဆက်သွယ်ပြောဆိုမှုများပင် ရှိနေခဲ့၏။

ဦးခေါင်းတွင် ဦးချိုများရှိသည့် မိစ္ဆာတစ်ကောင်က ပြုံးပြပြီး ကျနော်တို့ကို လက်ပြနှုတ်ဆက်လာသည်။

"အာ…. မိစ္ဆာတစ်ကောင်ပဲ"

အံ့အားသင့်သွားသော ကိုယ်စားလှယ်အချို့က လက်နက်များကို ထုတ်ယူလိုက်သောအခါ ခံတပ်အတွင်းရှိ အစောင့်များက အမြန်ဆုံး ချဉ်းကပ်လာကြသည်။

"ကျေးဇူးပြုပြီး ပြန်သိမ်းလိုက်ပါ"

"မင်း ဘာတွေပြောနေတာလဲ။ သူက မိစ္ဆာတစ်ကောင်လေ..."

"ဒီနေရာမှာ အဲဒီလို အမုန်းပွားတာမျိုးကို တားမြစ်ထားပါတယ်။ သူကလည်း သုခဘုံ ရဲ့ နေထိုင်သူ တစ်ယောက်ပါပဲ"

"န-နေထိုင်သူ ဟုတ်လား"

ဇဝေဇဝါဖြစ်နေသော ကိုယ်စားလှယ်များမှာ တုံ့ဆိုင်းသွားကြပြီး လက်ပြနှုတ်ဆက်ခဲ့သည့် မိစ္ဆာက သူတို့ထံသို့ ရောက်လာသည်။

"ငါက မိစ္ဆာတစ်ကောင် ဖြစ်ပေမဲ့ မင်းတို့ကို ဒုက္ခမပေးပါဘူး။ မိစ္ဆာအားလုံးက လူသားတွေကို စားလိမ့်မယ်ဆိုတဲ့ အစွဲက ငါ့ကို ဝမ်းနည်းစေပါတယ်"

ထိုစကားကြောင့် ကိုယ်စားလှယ်များမှာ မှင်တက်သွားကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ဘာတွေဖြစ်နေသည်ကို နားမလည်နိုင်သည့် အရိပ်အယောင်များ ပေါ်လွင်နေလေသည်။

အလားတူ မြင်ကွင်းများမှာ ဆက်တိုက် ဖြစ်ပေါ်နေသည်။ မိစ္ဆာများ၊ လူသားများနှင့် အခြားသော မျိုးစိတ်များသည် အတူတကွ လက်တွဲ၍ အိမ်များ ဆောက်လုပ်ခြင်း၊ အရက်ဆိုင်သို့ အတူတူသွားခြင်း သို့မဟုတ် အပြင်ဘက် ဝရန်တာများတွင် ဘေးချင်းယှဉ် ထိုင်နေခြင်း…အစရှိသော မြင်ကွင်းများကို မြင်နေရ၏။ သူတို့သည် ကျနော်တို့ဘက်သို့ ကြိုဆိုသည့် အမူအရာမျိုးကို ခဏခဏ ပြုလုပ်ကြလေသည်။

ခရီးသွား လုပ်ငန်း ကြော်ငြာတစ်ခုကဲ့သို့ ရှိနေသော မြင်ကွင်းများကြောင့် အဖွဲ့ဝင်များမှာ စိတ်ပျံ့လွင့်နေကြ၏။

[‘လီဟန်းဆောင်’ဇာတ်ကောင်သည် ပတ်ဝန်းကျင် မြင်ကွင်းကြောင့် စိတ်လှုပ်ရှားနေပါသည်။]

[‘လီဂျီဟယ်’ဇာတ်ကောင်သည် ပတ်ဝန်းကျင် အခြေအနေကြောင့် စိတ်တုန်လှုပ်နေပါသည်။]

ကျနော့် အပေါင်းအဖော်များ၏ ခံစားချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနေရလေသည်။ ၎င်းမှာ ဇာတ်ဝင်ခန်း စတင်ပြီးနောက် သူတို့ ပထမဆုံးအကြိမ် တွေ့ကြုံရသည့် ငြိမ်းချမ်းမှု ဖြစ်သည်။ ထို့ကြောင့် သူတို့၏ စိတ်များ တုန်လှုပ်နေသည်မှာ မဆန်းလှပေ။

သာမန်ဘဝဖြင့် နေထိုင်ခဲ့ကြသူများသည် ဓားတစ်လက် ကိုင်ဆောင်ထားရုံမျှဖြင့် သူတို့၏ ပင်ကိုယ်သဘာဝက ပြောင်းလဲမသွားနိုင်ချေ။

အရာအားလုံးမှာ ပြင်ပအင်အားစုများကြောင့် ဖြစ်ပေါ်လာရသည့် ရလဒ်များသာ ဖြစ်သည်။ ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ထိုပြင်ပအင်အားစုများလက်မှ သူတို့ လွတ်မြောက်နိုင်ခဲ့လေပြီ။ ထို့ကြောင့် သွေးဆောင်ခံရခြင်းမှာ သဘာဝကျလှ၏။

အဝေးတစ်နေရာတွင် ယောင်ဟီဝန်၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။ ယောင်ဟီဝန်သည် တစ်စုံတစ်ယောက်နှင့် စကားပြောနေ၏။ ထိုသူမှာ ယခင်က ကျနော် မြင်တွေ့ခဲ့ဖူးသော အမျိုးသမီးတစ်ဦး ဖြစ်၏။

"အဲဒီတုန်းကအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်စကား ဘယ်လောက်ပြောပြော မလုံလောက်နိုင်ပါဘူး..."

"ရပါတယ်။ နင် အဆင်ပြေပြေ ရှင်သန်နေတာကို မြင်ရလို့ ဝမ်းသာပါတယ်"

ယောင်ဟီဝန်နှင့် စကားပြောနေသည့် လူငယ်အမျိုးသမီးက ကျနော့်ကို လှမ်းကြည့်လိုက်သောအခါ လူငယ်အမျိုးသမီး၏ မျက်လုံးများမှာ ဝိုင်းစက်သွားသည်။ လူငယ်အမျိုးသမီး၏ စိတ်ခံစားမှုမှာ လျင်မြန်စွာ ပြောင်းလဲသွားလေ၏။

အံ့အားသင့်ခြင်း၊ ကြောက်လန့်ခြင်း နှင့်… ကျေးဇူးတင်ခြင်း။

"မဟုတ်မှလွဲရော ဒီလူက..."

"အာ…. ဒေါ့ဂျာ..."

ထိုအမျိုးသမီးက ရေရွတ်လိုက်သည်။

"ရှင်က အဲဒီတုန်းက လူပဲ။ ကျမရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ကျမ မမေ့ပါဘူး"

ပထမတွင် ကျနော် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း ထိုအမျိုးသမီး၏ လက်ကို ကိုင်ထားသည့် ကလေးငယ်ကို မြင်လိုက်သောအခါ မှတ်မိသွားခဲ့သည်။

"ခင်ဗျားက ဂူမိုဘူတာ ကမလား..."

"မှတ်မိသေးတယ်လား။ ဒါယောင်း…. နှုတ်ဆက်လိုက်ဦးလေ"

"မင်္ဂလာပါ..."

ထိုသူတို့မှာ ဂူမိုဘူတာတွင် ချောဒူးအဖွဲ့ကို တိုက်ခိုက်ခဲ့ကြသည့် သားအမိပင်။

ထိုသားအမိသည် ကျနော်တို့အဖွဲ့ထဲသို့ ဝင်ရောက်မလာခဲ့ကြသော်လည်း ယခုအချိန်အထိ အသက်ရှင်သန်နိုင်ခဲ့ကြ၏။ ထိုသားအမိသည် ဤနေရာရှိ ခြံတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြပြီး ကျနော်တို့ကို လှပသော ခြင်းတောင်းတစ်ခု ပေးအပ်လာခဲ့သည်။ ကျနော် ငြင်းဆန်ရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။

"ရှင် ကူညီပေးခဲ့လို့သာ ဒီကို ရောက်နိုင်ခဲ့တာပါ။ ရှင့်ကြောင့် ကျမ ဘဝသစ်ကို ပြန်စနိုင်ခဲ့ပါပြီ။ တကယ်ကို ကျေးဇူးတင်ပါတယ်"

ထိုသားအမိတွင် အိမ်အသစ်တစ်လုံး ရှိနေပြီဖြစ်ပြီး ဘဝသစ်တစ်ခုကို ရရှိထားသည့်ပုံ ပေါ်သည်။

ထွက်ခွာသွားသော သားအမိကို ကြည့်ရင်း ဂူမိုဘူတာမှ အမှတ်တရများက ကျနော်၏ စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။ လူအများကို ပိုမိုမကယ်တင်နိုင်ခဲ့သည့် နောင်တနှင့် ထိုသို့လုပ်ဆောင်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု ဆိုကာ မိမိကိုယ်ကိုယ် ဆင်ခြေပေးခဲ့သည့် သူရဲဘောကြောင်သော နည်းလမ်းများဖျက်ခနဲပေါ်လာသည်။

အဝေးသို့ ရောက်ရှိသွားသော ကလေးငယ်က ရုတ်တရက် လှည့်ကြည့်လာသည်။ ကလေးငယ်၏ မျက်နှာတွင် အပြုံးတစ်ခု ပွင့်လန်းသွားခဲ့သည်။

အနည်းငယ်သော အပြစ်ရှိစိတ်က စီးဝင်လာ၏။ ကျနော်၏ ဟန်ဆောင်မှုမှ မထိုက်တန်သော ဆုလာဘ်ကို ရရှိခဲ့လေပြီ။ ယောင်ဟီဝန်လည်း ဤကဲ့သို့ပင် ခံစားနေရခြင်း ဖြစ်နိုင်သည်။

ယောင်ဟီဝန်သည် ထိုသားအမိကို ကြည့်လိုက်ပြီးနောက် ကျနော်ကို ပြောလာသည်။

"ပြန်လည်ရှင်သန်လာတာကို ဂုဏ်ယူပါတယ်နော်။ ဒီတစ်ခါတော့ နည်းနည်း ပိုကြာသွားတယ်"

"နင့်ရဲ့ တုံ့ပြန်မှုက သိပ်မထူးခြားလှဘူးပဲ။ ဂျီဟယ်နဲ့ ဂီယောင်ဆို ငိုတောင် ငိုနေကြတာ"

"ငါကပါ လိုက်ငိုပေးရမှာလား"

"ငါ အဲဒါမျိုး မလိုချင်ပါဘူး"

ကျနော်က ပြုံးရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ယောင်ဟီဝန်၏ မျက်နှာတွင် ခက်ခဲသော အမူအရာတစ်ခု ပေါ်လာသည်။

ယောင်ဟီဝန်သည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ စကားစလိုက်သည်။

"...ဒေါ့ဂျာ၊ ငါတို့ ခဏလောက် စကားပြောလို့ ရမလား"

……………………………………………………………………………………………..

ယောင်ဟီဝန်သည် ဤနေရာသို့ လွန်ခဲ့သော လေးရက်ခန့်က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ယောင်ဟီဝန်သည် ငရဲမီးလျှံ တောက်လောင်ခြင်း စွမ်းအားကို အသုံးပြုကာ ပထမထပ်ကို အမြန်ဆုံး အချိန်အတွင်း ရှင်းလင်းခဲ့ပြီး ဒုတိယထပ်သို့ လျင်မြန်စွာ တက်လှမ်းလာခဲ့သည်။

ထို့နောက် ယောင်ဟီဝန်သည် သုခဘုံသို့ ရောက်ရှိခဲ့သည်။ ထိုနေရာမှာ ဇာတ်ဝင်ခန်း၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည့် နေရာတစ်ခု ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယောင်ဟီဝန်သည် ထိုသူ၏စကားကို မယုံကြည်ခဲ့ပေ။ ပထမနေ့တွင် မယုံကြည်မှုများ ခံစားခဲ့ရပြီး ဒုတိယနေ့တွင်မူ အရာအားလုံးကို သံသယဝင်ခဲ့သည်။

တတိယနေ့တွင် ယောင်ဟီဝန်၏ စိတ်ဓာတ်များ စတင်တုန်လှုပ်လာခဲ့ပြီး စတုတ္ထမြောက်နေ့တွင်မူ ကျနော် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ယောင်ဟီဝန်က ပြောသည်။

" ဇာတ်ဝင်ခန်းကို ဆက်သွားဖို့ဆိုတာ ဘာကို ဆိုလိုတာလဲဆိုတာကို ငါရုတ်တရက် စဉ်းစားမိသွားလို့ပါ"

ယောင်ဟီဝန်မှာ ဝါဒမှိုင်းတိုက်ခံထားရခြင်း မဟုတ်ပေ။ မူလကတည်းက သုခဘုံဆိုသည်မှာ ချိုမြိန်သော မူးယစ်ဆေးတစ်ခုကဲ့သို့ ဖြစ်သည်။

ကျနော်က ခါးသီးစွာ ပြုံးလိုက်ပြီး ယောင်ဟီဝန်ကို မေးလိုက်သည်။

"နင်က သိပ်မြန်မြန်ကြီး တုန်လှုပ်သွားတာပဲ မဟုတ်ဘူးလား"

"...ဒါက အမြဲတမ်း ဒီလိုပဲ ဖြစ်နေခဲ့တာလည်း ဖြစ်နိုင်တာပဲလေ"

ယောင်ဟီဝန်သည် ခါးသီးစွာ ပြုံးလိုက်သည်။

"ငါ့ကို လွှတ်ပေးကြပါ! ငါ ဒင်္ဂါးတွေ ပေးပါ့မယ်! ငါ ခိုးခဲ့တဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကို ပေးပါ့မယ်! ငါ့ကို လွှတ်ပေးကြပါဦး"

ကျနော်တို့ လမ်းတစ်လျှောက် လျှောက်လာကြစဉ် အစောင့်များက အကျဉ်းသားများကို ဆွဲခေါ်သွားသည့် မြင်ကွင်းများကို တွေ့မြင်ရသည်။ ထိုသူအချို့မှာ ကျနော်နှင့်အတူ ခံတပ်ထဲသို့ ဝင်ရောက်လာသူများ ဖြစ်ကြသည်။

ထိုသူတို့သည် သူတစ်ပါးပစ္စည်းကို ယူတတ်သည့် အလေ့အကျင့်ဟောင်းကို မစွန့်လွှတ်နိုင်ကြသေးသည့်ပုံ ပေါ်သည်။ ယောင်ဟီဝန်သည် အဆွဲခံနေရသည့် လူကို ကြည့်ပြီး ပြောသည်။

"ဒီနေရာက ဆိုးလ်ထက် ပိုကောင်းသားပဲ"

"ဟုတ်တယ်"

"မျိုးစိတ်တွေက တစ်ခုနဲ့တစ်ခု ခွဲခြားဆက်ဆံတာမျိုး မရှိဘဲ အတူတူ ကြိုးကြိုးစားစား အလုပ်လုပ်ကြတယ်။ လူတိုင်း နေဖို့ အိမ်တွေရှိသလို အလုပ်လုပ်ဖို့ နေရာတွေလည်း ရှိတယ်"

ယောင်ဟီဝန်သည် ဆင်ခြေပေးနေသကဲ့သို့ ပြောနေခြင်း ဖြစ်သည်။

"ငါတို့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ သစ္စာဖောက်တာကို ခံရမှာလည်း မစိုးရိမ်ရတော့သလို ညဘက်မှာ ပေါ်လာတတ်တဲ့ သားရဲတွေကိုလည်း စိတ်ပူစရာ မလိုတော့ဘူး"

ထိုသို့ ပြောနေသော ယောင်ဟီဝန်ကို ကျနော် ကြည့်နေမိသည်။ ဖျက်ဆီးခြင်း၏ တရားသူကြီး ယောင်ဟီဝန်။

ယောင်ဟီဝန်သည် ဤကမ္ဘာတွင် ကျနော်ကိုယ်တိုင် သွန်းလုပ်ခဲ့သော ဓားတစ်လက် ဖြစ်သည်။ ကျနော်၏အဖွဲ့ထဲတွင် လူအသေအပျောက် အများဆုံးဖြစ်အောင် လုပ်ခဲ့ရသူမှာ ယောင်ဟီဝန် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူသည် ကျနော်၏ 'လူမသတ်ခြင်း' မူဝါဒကို ကာကွယ်ရန်အတွက် လူတိုင်းကို သတ်ဖြတ်ပေးခဲ့ရသူ ဖြစ်သည်။

"ငါတို့ ဇာတ်ဝင်ခန်းနောက်ကို လိုက်ပြီး ရှင်သန်နေစရာ မလိုတော့ဘူး။ လူတစ်ယောက်ကို သတ်ခဲ့မိလို့ အိပ်မက်ဆိုးတွေ မက်နေဖို့လည်း မလိုတော့ဘူး။ ဘယ်သူ့ကိုမှ ထပ်ပြီး ဆုံးရှုံးရမှာကိုလည်း ကြောက်နေစရာ မလိုတော့ဘူးလေ"

အမာဆုံးသော ဓားသွားသည် ကျိုးပဲ့ရန် အလွယ်ကူဆုံး ဖြစ်သည်။ အမာဆုံး ဖြစ်နေသည့်အတွက်ကြောင့် အသုံးအများဆုံး ခံရသည်။ ထို့ကြောင့် အထိခိုက်ဆုံး ဖြစ်ရပြီး ထက်မြက်မှုများလည်း အဆုံးရှုံးရဆုံး ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် အခြားသော ဓားများထက် ပိုမိုမြန်ဆန်စွာ ကျိုးပဲ့သွားရခြင်း ဖြစ်သည်။

"ဒီနေရာက ကောင်းမွန်တဲ့ နေရာတစ်ခုပါ"

ကျနော်၏ စကားကြောင့် ယောင်ဟီဝန်၏ အကြည့်များ တုန်လှုပ်သွားခဲ့သည်။ ကျနော်သည် ထိုအကြည့်များကို စိုက်ကြည့်ရင်း ဆက်ပြောလိုက်သည်။

"ဒီနေရာက ဘေးကင်းတဲ့ နေရာတစ်ခုလို့ ငါ ထင်တယ်"

ထိုစကားမှာ လိမ်ညာခြင်း မဟုတ်ပေ။

"အမှောင်ရဲတိုက်ထဲမှာ ဒီနေရာထက် ပိုပြီး ဘေးကင်းတဲ့ နေရာဆိုတာ မရှိတော့ဘူး။ မဟုတ်ဘူး... ဇာတ်ဝင်ခန်းအားလုံးထဲမှာတောင် ဒီထက်ပိုပြီး ဘေးကင်းတဲ့ နေရာကို ရှာဖို့ဆိုတာ မလွယ်ကူဘူး"

ကျနော် ဝန်မခံချင်သော်လည်း ၎င်းမှာ အမှန်တရားပင် ဖြစ်သည်။ သုခဘုံသည် အမှန်တကယ်ပင် ထိုကဲ့သို့သော နေရာမျိုး ဖြစ်သည်။

"ဒေါ့ဂျာ၊ မဟုတ်မှလွဲရော..."

ယောင်ဟီဝန် ဘာပြောမည်ကို သိနေသည့်အလား ကျနော်က အလျင်အမြန် စကားဖြတ်ပြောလိုက်သည်။

"အင်း၊ ငါ ဒီမှာ နေမှာ မဟုတ်ဘူး"

"ဘာဖြစ်လို့လဲ"

"ဒီနေရာက 'အဆုံးသတ်' မဟုတ်လို့ပဲ"

"...ဒေါ့ဂျာက အနာဂတ်ကို သိနေတာပဲ"

ယခင်က ပြဇာတ်အကျဉ်းထောင်တွင် ယောင်ဟီဝန်နှင့် ကျနော် စကားပြောခဲ့ဖူးသည်။ ယောင်ဟီဝန်က ကျနော်ကို အနာဂတ်အကြောင်း မေးမြန်းခဲ့သော်လည်း ထိုနေရာတွင် ယောင်ဟီဝန် မရှိကြောင်း ကျနော် ပြန်ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယောင်ဟီဝန်သည် မူရင်းဝတ္ထုထဲတွင် မပါဝင်ခဲ့သောကြောင့် ဖြစ်သည်။ သူ၏ အနာဂတ်ကို ကျနော်မသိပေ။

ကျနော်က ယောင်ဟီဝန်ကို ပြောလိုက်သည်။

"ငါ ဇာတ်ဝင်ခန်းကို ဆက်သွားဖို့ လိုတယ်"

ယောင်ဟီဝန်သည် ကျနော်၏ စကားကို စဉ်းစားနေသည်။ ယောင်ဟီဝန်သည် သုခဘုံမှ လူများကို ကြည့်လိုက်သည်။ ပြုံးရွှင်နေကြသူများ၊ စကားပြောနေကြသူများနှင့် တစ်ဖန်ပြန်လည် ရှင်သန်လိုကြသူများ ရှိနေ၏။

"ဒေါ့ဂျာ၊ နင် တွေးထားတဲ့ 'အဆုံးသတ်' ဆိုတာက ဘာလဲ"

"ငါ နင့်ကို မပြောပြနိုင်ဘူး"

"ဒါဆိုရင် အဲဒီအဆုံးသတ်က... ဒီနေရာထက် ပိုကောင်းလို့လား"

အခြားသူမဟုတ်ဘဲ ယောင်ဟီဝန်ထံမှ လာသော မေးခွန်းဖြစ်သောကြောင့် ကျနော် အလွယ်တကူ အဖြေမပေးနိုင်ခဲ့ပေ။

"ဇာတ်ဝင်ခန်းကို ဆက်မသွားဘူးဆိုရင် လူတိုင်းက စိတ်မချမ်းသာ ဖြစ်ကြရမှာလား"

ကျနော် အလိုရှိသော အဆုံးသတ်သည် ဤသုခဘုံထက် ပိုမိုလှပသော နေရာတစ်ခု ဖြစ်ပါမည်လော။ ထိုအဆုံးသတ်သို့ ရောက်ရှိသွားသည့်အခါ လူတိုင်း ပျော်ရွှင်နိုင်ပါမည်လော။

ကျနော်တို့သည် စကားတစ်ခွန်းမှ မဆိုဘဲ ကောင်းကင်ယံကိုသာ ငေးကြည့်နေမိကြသည်။ ထိုနေရာတွင် အဖိုးတန်သည့် အရာတစ်ခု ရှိနေသကဲ့သို့ ခံစားရသော်လည်း ၎င်းမှာ အဘယ်အရာဖြစ်သည်ကိုမူ ကျနော် မေ့လျော့နေခဲ့သည်။ ခဏတာ အိပ်မက်တစ်ခုမှ နိုးထလာသည့်အလား ယောင်ဟီဝန်က စကားစလိုက်သည်။

"ဒီနေရာရဲ့ သခင်က ဒေါ့ဂျာကို ရှာနေတယ်"

ကျနော် ခေါင်းညိတ်လိုက်သည်။

အခန်း ၁၆၀

- အပိုင်း ၃၁ - ဇာတ်ဝင်ခန်း၏ ဂူသင်္ချိုင်း (၄)

ယောင်ဟီဝန်နှင့် ကျနော်သည် သုခဘုံ၏ ဗဟိုဈေးကို ဖြတ်ကျော်ကာ ကုန်းမြင့်လေးတစ်ခုသို့ ရောက်ရှိလာခဲ့ကြ၏။

နယ်မြေအုပ်စိုးသူ နေထိုင်ရာနေရာသည် ထုံးစံအတိုင်း ခမ်းနားထည်ဝါလှသည်။ ငြိမ်းချမ်းမြေရှိ ရဲတိုက်တွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်ခဲ့၏။ သို့သော်လည်း သုခဘုံ၏ အရှင်သခင်သည် သာမန်ဖြစ်တည်မှုမျိုး မဟုတ်ပေ။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်သည် မျက်လုံးများ ပြူးကျယ်သွားပါသည်။]

[‘လူငယ်များနှင့် ခရီးသွားများ၏ နာယက’နက္ခတ်က မသက်မသာဖြစ်မှုကို ဖော်ပြနေပါသည်။]

ကျနော်တို့တွေ ကုန်းမြင့်နှင့် နီးကပ်လာသည်နှင့်အမျှ အေဒင်၏ နက္ခတ်များက ပြင်းထန်စွာ တုံ့ပြန်လာကြ၏။

လူငယ်များနှင့် ခရီးသွားများ၏ နာယက။ မဟုတ်မှလွဲရော နတ်ခေါင်ချုပ်အသစ် တစ်ပါးပါးက ကျနော့်ကို သတိထားမိနေခြင်း ဖြစ်ပေလိမ့်မည်။ သွယ်ဝိုက်မက်ဆေ့ချ်မှ ခံစားနေရသော အားနည်းသော ဖိအားအရ ဆိုလျှင် အနည်းဆုံး ယူရီအယ်နှင့် အဆင့်တူသော နက္ခတ်တစ်ခု ဖြစ်ပုံရ၏။

ယင်းသည် အေဒင်မှ နတ်မိသားစုဝင် သုံးဦးက ကျနော့်နောက်သို့ လိုက်နေခြင်းပင် ဖြစ်သည်။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’နက္ခတ်သည် သင်၏ သောင်းကျန်းမှုကို မျှော်လင့်နေပါသည်။]

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’နက္ခတ်က သင်၏ အထူးစွမ်းရည်ကို သိချင်နေပါသည်။]

ကောင်းကင်တစ်မျှ မဟာပညာရှိနှင့် မဟူရာနဂါးတို့သည်လည်း အတူတူပင် ဖြစ်ကြ၏။ ကျနော့် ရုပ်သံလိုင်း၏ ပုံမှန်အဖွဲ့ဝင် သုံးဦးစလုံး စုမိသွားကြလေပြီ။ ယခင်တစ်ခေါက် ကျနော့် နက်ဗျူလာ ဖွဲ့စည်းစဉ်က ကောင်းကင်တစ်မျှ မဟာပညာရှိက ကူညီခဲ့သောကြောင့် ကျနော် ဝမ်းမြောက်မိ၏။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’နက္ခတ်သည် နှာခေါင်းရှုံ့လိုက်ပြီး နှာချေးကလော်နေပါသည်။]

...ထိုသွယ်ဝိုက်မက်ဆေ့ချ်များကို ကြည့်ပြီး ကောင်းကင်တစ်မျှ မဟာပညာရှိ၏အပြုအမူကို အံ့အားသင့်မိ၏။ အမှန်တော့ ထိုသွယ်ဝိုက်မက်ဆေ့ချ်များကို သူကိုယ်တိုင် ရေးသားခြင်းပင် ဟုတ်ပါ၏လောဟုပင် သံသယဝင်မိသည်။

မည်သို့ပင်ဆိုစေကာမူ လျှို့ဝှက်ကြံစည်သူသာ ရောက်လာပါက အစောပိုင်း လူလေးဦးစလုံး စုံလင်သွားပေလိမ့်မည်...

[‘လျှို့ဝှက်ကြံစည်သူ’နက္ခတ်သည် အခြေအနေကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေပါသည်။]

ကြောက်စရာကောင်းလောက်အောင်ပင် ကျနော်က သူ့အကြောင်းကို တွေးနေစဉ်မှာပင် နောက်ဆုံးတစ်ယောက်က ရောက်လာခဲ့၏။ လျှို့ဝှက်ကြံစည်သူ။ နက္ခတ်များ၏ စားသောက်ပွဲတွင် ကျနော် သူ၏ မျက်နှာကို အတည်မပြုနိုင်ခဲ့ပေ။ သူသည် ဒဏ္ဍာရီလာအဆင့် နက္ခတ်တစ်ခု ဖြစ်သည်မှာ ရှင်းလင်းသော်လည်း မည်မျှပင် တွေးတောပါစေ သူ၏ ဘွဲ့အမည်ကို ကျနော် မမှတ်မိနိုင်ခဲ့ပေ။

ကျနော့်စိတ်တွင် ရုတ်တရက် သံသယများ ဖြစ်ပေါ်လာ၏။ ဤမျှ အစွမ်းထက်သော ဖြစ်တည်မှုမျိုးသည် မူရင်းဝတ္ထုထဲတွင် ပါဝင်ခြင်း မရှိခဲ့သည်မှာ ဖြစ်နိုင်ပါသလား။

[နက္ခတ်အများအပြားသည် သင်၏ လုပ်ဆောင်ချက်များကို အာရုံစိုက်နေကြပါသည်။]

“ငါတို့ ရောက်ပြီ”

ယောင်ဟီဝန်က ပြောလိုက်သဖြင့် ကုန်းမြင့်သို့ တက်ရာလမ်းတွင် ကျနော် ရပ်တန့်လိုက်၏။ ကုန်းမြင့်ထိပ်တွင် အဖြူရောင် အုတ်အိမ်လေးတစ်လုံး ရှိနေသည်။

ကုန်းမြင့်ပေါ်က အိမ်ဖြူလေး။ ထိုအိမ်ကို အဘယ်ကြောင့် ဤကဲ့သို့နေရာမျိုးတွင် ဆောက်ထားမှန်းမသိသော်လည်း ကျနော့်စိတ်ထဲ ထူးခြားသည်ဟု ခံစားရ၏။

“ငါ ဒီမှာပဲ စောင့်နေမယ်။ တစ်ခုခုဖြစ်ရင် ငါ့ကို လှမ်းခေါ်လိုက်”

ကျနော် ခေါင်းငြိမ့်ပြလိုက်သော်လည်း ကျနော် လှမ်းခေါ်လိုက်ရုံနှင့် ယောင်ဟီဝန်က ချက်ချင်း ပြေးလာမည် မဟုတ်သည်ကို ကျနော် သိနှင့်ပြီးသား ဖြစ်သည်။ သုခဘုံတွင် သုခဘုံ၏ သခင်ကို အနိုင်ယူနိုင်သူ မည်သူမျှ မရှိပေ။

ကျနော်သည် လမ်းအတိုင်း တက်သွားရာ အုတ်အိမ်အနီးတွင် အရိပ်တစ်ခု ပေါ်လာ၏။ ရုပ်တုတစ်ခုကို ထွင်းထုထားသည့်အလား လှပသော ရုပ်ရည်ရှိသည့် အမျိုးသားတစ်ဦး ထိုနေရာတွင် ရပ်နေခဲ့သည်။

“အို… မင်း ရောက်လာပြီပဲ”

ကျနော့်တွင် Fourth Wall သာ မရှိပါက သူ၏ လှပမှုကြောင့် အသက်ရှူရပ်သွားနိုင်ပေသည်။ ယူဂျွန်ဟော့သည်လည်း ချောမောလှပသူ ဖြစ်သော်လည်း ဤလူ၏ ရုပ်ရည်ကိုမူ ဖော်ပြရန် မစွမ်းသာပေ။ ယင်းသည် မိစ္ဆာဆန်သော အလှတရားမျိုး ဖြစ်၏။

“တောင်းပန်ပါတယ်။ ခဏလောက် စောင့်ပေးပါ။ ဒီကောင်လေးတွေက သူစိမ်းတွေဆိုရင် ရှက်တတ်ကြလို့ပါ”

ထိုအမျိုးသားသည် ကုန်းမြင့်ပေါ်ရှိ ပန်းများကို ရေလောင်းနေ၏။ ပန်းများသည် ကောင်းကင်ယံသို့ ဦးတည်၍ ပွင့်လန်းနေကြသည်။ ပန်းတွေ၏ ပွင့်ချပ်များသည် ကောင်းကင်ကြီးကို ဝါးမြိုရန် ကြိုးစားနေသည့်အလား ကျယ်ပြန့်စွာ ပွင့်နေသော်လည်း ပန်းတွေမှာ ပန်းအသေးလေးများသာ ဖြစ်ကြ၏။

ကျနော် ထိုပန်း၏ အမည်ကို သိသည်။

“ထာဝရလှုပ်ရှားမှု”

ယင်းသည် ပြင်ပမှ စွမ်းအင်အရင်းအမြစ်များ ထောက်ပံ့မှုမရှိဘဲ ထာဝရအလုပ်လုပ်နေသည့် အရာများကို ခေါ်ဆိုသည့် စုပေါင်းအသုံးအနှုန်း ဖြစ်သော်လည်း ဤနေရာတွင်မူ ပန်းတစ်ပွင့်၏ အမည်သာ ဖြစ်၏။

ထိုအမျိုးသားက မေးလိုက်သည်။

“မင်း ဒီပန်းကို သိတာလား”

“ပန်းအသစ်တွေက နေ့တိုင်းနီးပါး ပွင့်လန်းနေတာပဲ”

“မင်းမှာ ဗဟုသုတ တော်တော်များတာပဲ”

ဗဟုသုတများသလိုဖြစ်နေခြင်းမှာ Ways of Survival ကို ကျနော်ဖတ်ရှုခဲ့သောကြောင့်ပင်။

သုခဘုံ၏ ပန်းများ၊ ထာဝရလှုပ်ရှားမှု။ ဤကုန်းမြင့်ပေါ်တွင်သာ ပေါက်ရောက်သော ထိုပန်းသည် မိုးသောက်ယံတွင် ပွင့်လန်းပြီး ညဘက်တွင် အသီးသီး၏။ ထိုအသီးသည် မိုးမလင်းမီ ကြွေကျကာ ပန်းများ ပိုမိုပွင့်လန်းလာစေရန် မြေဩဇာအဖြစ် အသုံးပြုခံရသည်။ ထာဝရလှုပ်ရှားမှုသည် ထာဝရအဖန်တလဲလဲ ဖြစ်နေသော ပန်းတစ်မျိုးပင် ဖြစ်၏။

ထိုအမျိုးသားက ဤပန်းလေးမှာ အလွန်ချစ်စရာကောင်းသည်ဟု ပြောလိုက်သည်။

“သူတို့ကို ကြည့်နေရတာ ဘယ်တော့မှ မရိုးနိုင်ဘူး။ သူတို့ရဲ့ ဇီဝစွမ်းအားက တကယ့်ကို အံ့ဩစရာပဲ”

“ဒါပေမဲ့ နာမည်က မှားနေတယ်။ တကယ်လို့သာ ဒါက ထာဝရလှုပ်ရှားမှုဆိုရင် ဒီပန်းက ရေမလိုဘဲ ကောင်းကောင်းကြီး ကြီးထွားလာရမှာလေ”

“ဒီလောက်လှပတဲ့ ပန်းလေးကို ကြည့်ပြီး အပြစ်ပဲ မြင်နေတာလား”

ထိုအမျိုးသားက ရယ်မောရင်း ကျနော့်ကို ကြည့်လိုက်၏။

“ငါ ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရသေးဘူးပဲ။ ငါကတော့...”

“သုခဘုံရဲ့ အရှင်သခင်၊ ရိန်းဟတ် ဗွန် ဂျာဘတ်”

ကျနော် သူ့ကို ကောင်းကောင်းသိသည်။ သူသည် Ways of Survival ထဲတွင် အကျော်ကြားဆုံး ‘မိစ္ဆာဆယ်ပါး’ ထဲက တစ်ဦးပင် ဖြစ်၏။ ရိန်းဟတ်က ပြုံးလိုက်ပြီး ပြောလိုက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ်၊ ကင်ဒေါ့ဂျာ”

မျှော်လင့်ထားသည့်အတိုင်း သူသည် ကျနော် မည်သူဆိုသည်ကို သိနှင့်ပြီးသား ဖြစ်၏။

[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ အသက်ဝင်ပါပြီ။]

[ဤပုဂ္ဂိုလ်နှင့် ပတ်သက်သည့် အချက်အလက်များ လွန်စွာများပြားပါသည်။ ‘ဇာတ်ကောင်စာရင်း’ ကို ‘ဇာတ်ကောင်အကျဉ်းချုပ်’ အဖြစ် ပြောင်းလဲလိုက်ပါသည်။]

[ဇာတ်ကောင်အကျဉ်းချုပ်]

ဇာတ်ကောင်

ရိန်းဟတ် ဗွန် ဂျာဘတ်

ဝိသေသ လက္ခဏာ

မိစ္ဆာအမတ် (ဒဏ္ဍာရီလာ)၊ မဖြစ်နိုင်သော အိမ်မက်ကို လိုက်လံရှာဖွေသူ (သူရဲကောင်း)။

သီးသန့်စွမ်းရည်

မိစ္ဆာ၏မျက်လုံး အဆင့် ၁၀၊ အဆင့်မြင့် လက်နက်လေ့ကျင့်ရေး၊ အဆင့်မြင့် စိတ်အကာအရံ အဆင့် ၁၀...

အထူးစွမ်းရည်

သုခဘုံ၏ သခင် အဆင့် ၁၀။

စွမ်းရည်အလုံးစုံ

ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၉၉၊ ခွန်အား အဆင့် ၉၉၊ လျှင်မြန်မှု အဆင့် ၉၉၊ မှော်စွမ်းအင် အဆင့် ၉၉။

*မဟူရာရဲတိုက်အဆင့်သတ်မှတ်ချက်တွင် ဒုတိယရရှိသူ။

ယင်းသည် တကယ့်ကို ကြီးကျယ်လှပေသည်။ သူ၏ စွမ်းရည်အလုံးစုံသည် ဇာတ်ဝင်ခန်း၏ ကန့်သတ်ချက်များကို ကျော်လွန်နေပြီး စွမ်းရည်တိုင်းလိုလိုသည်လည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ရိန်းဟတ်သည် ဤဇာတ်ဝင်ခန်း၏ ‘အတားအဆီး’ ဖြစ်နိုင်သည်။

ကျနော်က သူ့ကို စိုက်ကြည့်နေစဉ် ရိန်းဟတ်က လက်ခုပ်တီးလိုက်၏။

“ရန်လိုမှုတွေ အရမ်းပြင်းထန်နေရင် ခက်ခဲလိမ့်မယ်။ ထာဝရလှုပ်ရှားမှုလေး ပျက်စီးသွားလိမ့်မယ်”

ကျနော်က မေးလိုက်သည်။

“ကျနော့်ကို ဘာလို့ ခေါ်တာလဲ”

“ကောလဟာလတွေအကြောင်း သိချင်လို့ပါ။ မင်း ဒီဇာတ်ဝင်ခန်းထဲ ရောက်လာတာနဲ့ အုတ်အော်သောင်းနင်း ဖြစ်သွားအောင် လုပ်ခဲ့တာကိုး”

ရိန်းဟတ်သည် ကျနော် ယခင်က တွေ့ခဲ့ဖူးသော မိစ္ဆာဆယ်ပါးနှင့် ကွဲပြားသည်။ ဂုံဖီဒူနှင့် လီဆောဟွာတို့သည် မိစ္ဆာဆယ်ပါးအဖြစ် တိုးတက်လာနေဆဲ ဖြစ်သော်လည်း ရိန်းဟတ်ကမူ အားလုံးပြီးပြည့်စုံနေသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

“မင်းလို ဖြစ်တည်မှုမျိုး ဇာတ်ဝင်ခန်းထဲ ဝင်လာတာက ငါ့အတွက်တော့ ခြိမ်းခြောက်မှုတစ်ခုပဲ”

“ဒုတိယအဆင့်ရှိတဲ့ မိစ္ဆာအမတ်တစ်ယောက်က နှိမ့်ချလွန်းနေပြီ”

“...အဲ့ဒါကိုလည်း မင်းသိတာပဲလား။ မင်းရဲ့ ကြိုတင်စုံစမ်းမှုက တကယ့်ကို စေ့စပ်တာပဲ”

သူ၏ သတ်ဖြတ်လိုသော အာရုံသည် ရုတ်တရက် ပွင့်အံထွက်ပေါ်လာ၏။

...သူက ငါ့ကို အခုပဲ တိုက်ခိုက်တော့မှာလား။

ကျနော် တုံ့ဆိုင်းသွားမိသည်။ ကျနော် သူ့ကို အနိုင်ယူနိုင်ရန် သို့မဟုတ် သတ်နိုင်ရန် မလွယ်ကူပေ။ သူနဲ့တိုက်ခိုက်ပါက လွယ်ကူသော တိုက်ပွဲမျိုး ဖြစ်လိမ့်မည် မဟုတ်သလို ရလဒ်ကိုလည်း အာမမခံနိုင်ပေ။ သို့ပေသိ ကျနော် တုံ့ဆိုင်းနေရသော အကြောင်းရင်းမှာ...

သူက ပြောလာသည်။

“င့ါရဲ့ ကမ္ဘာမှာတော့ မဟူရာရဲတိုက်က ၃၄ ခုမြောက် ဇာတ်ဝင်ခန်း ဖြစ်ခဲ့တာ”

ရိန်းဟတ်သည် ကုန်းမြင့်အောက်ရှိ ခံတပ်၏ မြင်ကွင်းကို ကြည့်လိုက်၏။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ က ငါ ဒီကို ပထမဆုံး စရောက်ခဲ့တာကို မှတ်မိသေးတယ်။ အဲ့ဒီတုန်းက လွင်ပြင်မှာ ဘာမှမရှိဘူး။ အဆင့်သတ်မှတ်ချက်တွေပဲ ရှိတာ။ ဇာတ်ဝင်ခန်းထဲမှာ ဘာမှမရှိတာတောင် ကိုယ်စားလှယ်တွေက တစ်ယောက်နဲ့တစ်ယောက် အမဲလိုက်ပြီး သတ်ဖြတ်ဖို့ပဲ အလုပ်ရှုပ်နေခဲ့ကြတာလေ”

သူတို့တွေ လွင်ပြင်ပေါ်သို့ ပထမဆုံး ကျရောက်လာပုံကို ကျနော် စိတ်ကူးကြည့်မိသည်။ မဟူရာရဲတိုက်အတွင်းရှိ ဖြစ်တည်မှု အားလုံးသည် အချိန်ကြာလာသည်နှင့်အမျှ မိစ္ဆာများအဖြစ်သို့ ပြောင်းလဲသွားကြ၏။ မဟူရာရဲတိုက်သို့ ပထမဆုံး ဝင်ရောက်လာသူများသည် အစကတည်းက မိစ္ဆာများ မဟုတ်ခဲ့ကြပေ။

“သူတို့က ပိုပြီးသန်မာလာဖို့အတွက် ပိုမြင့်မားတဲ့ မျိုးစိတ်တွေအဖြစ် ကူးပြောင်းခဲ့ကြတယ်။ အချိန်ကန့်သတ်ချက် ဒါမှမဟုတ် ကျရှုံးမှုသတ်မှတ်ချက် မရှိတဲ့ အခြေအနေမျိုးမှာ သူတို့က ပိုမြင့်တဲ့ အဆင့်ရဖို့ကိုပဲ အာရုံစိုက်ခဲ့ကြတယ်။ အဆုံးမရှိတဲ့ စစ်ပွဲတွေနဲ့ သတ်ဖြတ်မှုတွေပဲ ဖြစ်ခဲ့တာလေ။ ဇာတ်လမ်း ပျောက်ကွယ်သွားတဲ့အခါ ကိုယ်စားလှယ်တွေ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက အဲ့ဒါပဲ”

ဇာတ်ဝင်ခန်း ပျောက်ကွယ်သွားခြင်းသည် ပျော်ရွှင်စရာ ကိစ္စတစ်ခု မဟုတ်ပေ။ နက္ခတ်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြစ်စေ ဖြစ်တည်မှုတိုင်းသည် နောက်ဆုံးတွင် ဇာတ်လမ်းတစ်ပုဒ် လိုအပ်သည်။

သို့သော်လည်း ရိန်းဟတ်က အဆိုပါအချက်ကို သဘောမတူပေ။ သူသည် တစ်စုံတစ်ယောက်၏ ဇာတ်ဝင်ခန်းထဲမှ အရုပ်တစ်ခု ဖြစ်နေရသည်ကို ငြီးငွေ့နေပြီဖြစ်ပြီး ဇာတ်ဝင်ခန်း၏ ကျေးကျွန်အဖြစ် ဆက်လက်မနေလိုတော့ပေ။

“ဒါကြောင့် ငါက သုခဘုံကို တည်ထောင်ခဲ့တာ”

ရိန်းဟတ်က စိတ်ရင်းမှန်ဖြင့် ပြောနေခြင်းကို ကျနော် သိသည်။

“ဒိုကဲဘီတွေက ဒါကို ‘ဂူသင်္ချိုင်း’ လို့ ခေါ်ကြပေမဲ့ ငါ့အတွက်တော့ မဟုတ်ဘူး။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ငါက သွေးစွန်းနေတဲ့ မိစ္ဆာတစ်ယောက် ဖြစ်လာခဲ့ပေမဲ့ တကယ့်ဘဝဆိုတာ ဇာတ်ဝင်ခန်း ပျောက်ကွယ်သွားပြီးမှပဲ ပွင့်လန်းလာနိုင်မယ်လို့ ငါ ယုံကြည်တယ်”

ထိုစကားလုံးများသည် နက်ရှိုင်းသော ခံစားချက်များဖြင့် ပြည့်နှက်နေ၏။ ကျနော်သာ မူရင်းဝတ္ထုကို မဖတ်ခဲ့ပါက သူ၏ စကားထဲတွင် နစ်မျောသွားနိုင်ပေသည်။

「 အသန့်စင်ဆုံးသော မိစ္ဆာ။ 」

၎င်းမှာ ယူဂျွန်ဟော့က ရိန်းဟတ်ကို ခေါ်ဝေါ်ခဲ့သော အမည်ပင် ဖြစ်၏။

“နက္ခတ် ကင်ဒေါ့ဂျာ။ မင်းက နောက်ထပ် ဇာတ်ဝင်ခန်းကို သွားချင်နေတာပဲ”

“ဟုတ်တယ်”

“ရပ်လိုက်ပါ။ အဲ့ဒီလို အရာမျိုး မရှိဘူး”

မျှော်လင့်ထားသည့်အတိုင်း ဤအရာသည် သူအလိုရှိသော အရာပင်။

“ငါ နှစ်ပေါင်း ၈၀၀ လုံးလုံး ရှင်သန်ခဲ့တာ။ မင်းလိုလူမျိုးကို တွေ့ဖူးတာ ဒါပထမဆုံး မဟုတ်ဘူး”

“...”

“အစွမ်းထက်တဲ့ လူအများကြီးက ဖုံးကွယ်ထားတဲ့ ဇာတ်ဝင်ခန်းတွေကို ရှာဖွေခဲ့ကြပေမဲ့ ဘယ်သူမှ မဟူရာရဲတိုက်ကို အောင်မြင်အောင် မလုပ်နိုင်ခဲ့ကြဘူး။ လူတိုင်းက ဒီဇာတ်ဝင်ခန်းရဲ့ ဗလာနထ္ထိဖြစ်မှုမှာ မျှော်လင့်ချက်မဲ့ပြီး စိတ်ပျက်ခဲ့ကြရတာ”

ရိန်းဟတ်က ဆက်ပြောသည်။

“ငါက မင်းကို သူတို့လို မဖြစ်စေချင်ဘူး”

“ခင်ဗျား ဘာလိုချင်နေတာလဲ”

“‘နက္ခတ် ကင်ဒေါ့ဂျာ။ ငါနဲ့အတူ သုခဘုံကို ကာကွယ်ပေးပါ။ မင်းရဲ့ အကူအညီကို ငါလိုအပ်တယ်”

ကျနော်သည် သူ၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေရင်း ထာဝရလှုပ်ရှားမှု၏ ပွင့်ချပ်များကို ထိတွေ့လိုက်၏။ အံ့အားသင့်သွားသည့် ရိန်းဟတ်က ကျနော့်ကို မတားဆီးနိုင်မီမှာပင် တုန်ရီနေသော ပန်းပွင့်လေးသည် လျင်မြန်စွာ ညှိုးနွမ်းသွားပြီး အသီးမှာလည်း ကြွေကျသွားလေပြီ။ ကြွေကျသွားသော အသီးမှာ ရုတ်တရက် ပုပ်သိုးသွားပြီး တောင်ကုန်းပေါ်မှ လိမ့်ဆင်းသွား၏။

ဖြတ်သွားသော အစောင့်က ထိုအဖြစ်အပျက်ကို မြင်သော်လည်း များစွာ အာရုံမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သုခဘုံ၏ ပုပ်သိုးနေသော အစိတ်အပိုင်းကို ဖယ်ရှားပစ်ရန် စိတ်ကူးမရှိသောကြောင့် ဖြစ်၏။

“အ... အား... ကျုပ်ကို လွှတ်ကြစမ်း။ ဒါက မှားနေပြီ”

“ကျနော် ဘာမှ မခိုးပါဘူး”

သုခဘုံ၏ ပြစ်မှုကျူးလွန်သူများကို တောင်ကုန်းအောက်ရှိ မြေအောက်ဧရိယာသို့ ပို့ဆောင်နေကြ၏။ သူတို့တွေ မည်သည့်နေရာသို့ ဆွဲခေါ်ခံနေရသည်ကို ကျနော် သိနေခဲ့သည်။

[အချို့သော နက္ခတ်များက မနှစ်မြို့ဖွယ် ရယ်မောနေကြပါသည်။]

တည်မြဲသော အဖွဲ့အစည်းဟူ၍ မရှိသကဲ့သို့ သုခဘုံသည်လည်း အလကားရသောအရာ မဟုတ်ပေ။ သူတို့သည် သုခဘုံ၏ မြေဩဇာများ ဖြစ်လာကြပေလိမ့်မည်။ ပုပ်သိုးသွားသော အသီးသည် အပင်အတွက် မြေဩဇာ ဖြစ်သွားသကဲ့သို့ပင်။

မြေအောက်အနက်ပိုင်းမှ ငလျင်အသေးစားလေးတစ်ခု ဖြစ်ပေါ်လာ၏။ ကြောက်မက်ဖွယ် သားရဲကြီး၏ အော်ဟစ်သံဟု ထင်ရပေသည်။

ကျနော်က သူ့ကို ပြောလိုက်၏။

“ရိန်းဟတ်၊ သုခဘုံဆိုတာ မရှိဘူး။ တည်မြဲတဲ့ အဖွဲ့အစည်းဆိုတာ ရှိမလာနိုင်ဘူး”

ရိန်းဟတ်က ဘာမှ မပြောပေ။ သူသည် ကျနော့်ကို စမ်းသပ်ရန် ကြိုးစားနေပုံရ၏။ သို့ပေသိ သူသည် မကြာမီ နောင်တရသွားပေလိမ့်မည်။

“ကျနော့်ကို ‘နောက်ထပ်’ ဇာတ်ဝင်ခန်းကို ပေးပါ”

ရိန်းဟတ်၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှု အစအနတစ်ခု ပထမဆုံးအကြိမ် ပေါ်ပေါက်လာ၏။

“ခင်ဗျား ဒါကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကတည်းက ရှာတွေ့ထားမှန်း ကျနော် သိတယ်။ အတိအကျ ပြောရရင် ခင်ဗျားနဲ့ အစွမ်းထက်တဲ့ လူအနည်းငယ်က ရှာတွေ့ထားခဲ့တာ”

“မင်း ဒါကို ဘယ်လိုလုပ်သိနေတာလဲ”

“ခင်ဗျားတို့တွေ ဇာတ်ဝင်ခန်းကိုတောင် စိန်ခေါ်ခဲ့ကြသေးတာပဲ။ မဟုတ်ဘူးလား”

“...”

“ဒါပေမဲ့ ခင်ဗျား ရှုံးနိမ့်ခဲ့ပြီး ခင်ဗျားတစ်ယောက်တည်း ရှင်သန်ကျန်ရစ်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ဒီသုခဘုံကို တည်ဆောက်ခဲ့တာပေါ့”

သူသည် ပွင့်ချပ်များကို ပြုစုယုယနေစဉ် လက်ချောင်းထိပ်များ တုန်ရီနေသည်ကို ကျနော် တွေ့လိုက်ရ၏။ သူက လူတွေကို ဘဝသစ် ရှာဖွေနိုင်အောင် ကူညီဖို့ ဤနေရာကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့သော်လည်း...

ထိုအချက်မှာ မမှန်ကန်ပေ။ ဤနေရာသည် မဖြစ်နိုင်သော ဇာတ်ဝင်ခန်းတစ်ခုမှ ထွက်ပြေးလာသူတစ်ဦးအတွက် ခိုလှုံရာမျှသာ ဖြစ်၏။

“ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုရဲ့ ဇာတ်ဝင်ခန်းတိုင်းက စိတ်လှုံ့ဆော်မှုအတွက် တည်ရှိတာ။ သုခဘုံမှာတော့ စိတ်လှုံ့ဆော်မှုဆိုတာ မရှိဘူး။ အရာအားလုံးက အရမ်းအေးချမ်းလွန်းနေတယ်”

“...”

“ဒိုကဲဘီနဲ့ လုပ်ထားတဲ့ သဘောတူညီချက်က ထာဝရ တည်မြဲလိမ့်မယ်လို့ မယုံကြည်လိုက်နဲ့။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက ဒီလိုနေရာမျိုးကို အချိန်အကြာကြီး တည်ရှိခွင့် ပေးမှာ မဟုတ်ဘူး”

ရိန်းဟတ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီ နှုတ်ခမ်းကို ဖြည်းညှင်းစွာ ဖွင့်ဟလိုက်၏။

“နက္ခတ် ကင်ဒေါ့ဂျာ။ မင်း တခြား ဘာတွေ သိသေးတာလဲ”

သူ၏ လေသံက ပြောင်းလဲသွားလေပြီ။ မှိန်ဖျသော်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ သူ၏ထံမှ စီးဆင်းလာ၏။ ဤစကားပြောဆိုမှုမှတစ်ဆင့် ကျနော့်အပေါ် ထားရှိသော သူ၏ သဘောထားမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူ မျှော်လင့်နေခဲ့သော အကူအညီပေးမည့်သူအဖြစ်မှ မည်သူ့ထက်မဆို ခြိမ်းခြောက်မှု ပေးနိုင်သည့် ရန်သူအဖြစ်သို့ ပြောင်းလဲသွားခြင်းပင် ဖြစ်၏။

“အားလုံးပဲ၊ ခင်ဗျား မသိတဲ့ အရာတွေတောင် ပါသေးတယ်”

ကျနော်သည် အဝေးမှ လာနေသော မဟူရာတိမ်တိုက်တစ်ခုကို မြင်လိုက်ရ၏။

ဤကဲ့သို့သော အခြေအနေမျိုးတွင် တိမ်တိုက်တစ်ခု ရောက်လာရန် အခွင့်အလမ်း မရှိပေ။ ထို့ကြောင့် ဤမိုးတိမ်သည် ဒိုကဲဘီများ၏ ညွှန်ကြားချက်အောက်တွင် ရှိနေသည်မှာ သေချာပေသည်။ သူတို့သည် ဝင်ရောက်စွက်ဖက်ခြင်း မပြုသော်လည်း အရာအားလုံးကို ထိုင်ကြည့်နေကြခြင်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာကြီးသည် ဇာတ်ဝင်ခန်း မရှိသည့်တိုင်အောင် ဇာတ်ဝင်ခန်းတစ်ခု ဖြစ်နေသောကြောင့် ဖြစ်လေသည်။ ကျနော်သည် သက်ပြင်းကို ခပ်ဖွဖွ ချလိုက်ရင်း ဝမ်းနည်းဖွယ် ဇာတ်သိမ်းအတွက် ပြင်ဆင်လိုက်၏။

“ရိန်းဟတ်။ ခင်ဗျား သေရလိမ့်မယ်၊ သုခဘုံလည်း ပြိုလဲသွားလိမ့်မယ်”

အခန်း ၁၆၁

- အပိုင်း ၃၁ - ဇာတ်ဝင်ခန်း၏ ဂူသင်္ချိုင်း (၅)

'ငါ သေဆုံးပြီး သုခဘုံ ပျက်စီးသွားလိမ့်မယ် ဟုတ်လား'

ကင်ဒေါ့ဂျာ ထွက်ခွာသွားပြီးနောက် ရိန်းဟတ် ဗွန် ဂျာဘတ်သည် ကုန်းမြင့်ပေါ်မှနေ၍ ကြောင်တောင်တောင် အမူအရာဖြင့် အောက်ဘက်သို့ ငုံ့ကြည့်နေသည်။ ထိုစကားကို စတင်ကြားရစဉ်က ရိန်းဟတ် ဗွန် ဂျာဘတ်သည် ရယ်မောခဲ့သော်လည်း ကင်ဒေါ့ဂျာ၏ မျက်နှာအမူအရာမှာ အပြောင်းအလဲမရှိ တည်ငြိမ်နေသဖြင့် ရယ်နေသည်ကို ရပ်တန့်လိုက်ရသည်။

ရိန်းဟတ် ဗွန် ဂျာဘတ်သည် စိတ်အနှောင့်အယှက် ဖြစ်သွား၏။

ကင်ဒေါ့ဂျာသည် နက္ခတ်တစ်ပါး ဖြစ်နိုင်သော်လည်း ဤသည်မှာ စည်းကျော်လွန်းလှသည်။ နက္ခတ်တစ်ပါး ဖြစ်ရုံမျှဖြင့် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုတွင် အင်အားအကြီးဆုံး ဖြစ်မလာနိုင်ပေ။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုအတွင်း နုနယ်သေးသော နက္ခတ်များကို မိစ္ဆာဘုရင် ၇၂ ပါးက ဝါးမြိုပစ်သည်မှာ ဆန်းကြယ်သော အမှုမဟုတ်ပေ။

ထို့အပြင် ကင်ဒေါ့ဂျာမှာ နက္ခတ်တပိုင်းအဆင့်သာ ရှိသေးသည်။

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က ‘ကင်ဒေါ့ဂျာ’ ၏ စကားများကို လျစ်လျူမရှုရန် သင့်ကို သတိပေးနေပါသည်။]

‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က ကင်ဒေါ့ဂျာဘက်မှ မမျှော်လင့်ဘဲ ကာကွယ်ပေးလာသောအခါ ရိန်းဟတ် ဗွန် ဂျာဘတ် အံ့အားသင့်သွားရသည်။

‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ က မည်သူနည်း။ မိစ္ဆာဘုရင် ၇၂ ပါးပင် ပတ်သက်ရန် ဝန်လေးရသော အကြွင်းမဲ့ မိစ္ဆာစနစ်၏ ကျော်ကြားလှသော နက္ခတ် မဟုတ်ပါလော။

ရိန်းဟတ် ဗွန် ဂျာဘတ်သည် ကုန်းမြင့်အောက်ခြေမှ ရှုခင်းများကို ကြည့်ရင်း အလိုအလျောက်ပင် စိုးရိမ်တုန်လှုပ်လာသည်။ သို့သော်လည်း မတုန်လှုပ်လေဟန် ဟန်ဆောင်လိုက်သည်။

'သုခဘုံက ပျက်စီးမှာ မဟုတ်ဘူး'

ရိန်းဟတ် ဗွန် ဂျာဘတ်သည် သက်တမ်းရင့်နေပြီ ဖြစ်သော်လည်း ရှင်သန်နေဆဲ ဖြစ်သည်။ ရိန်းဟတ် ဗွန် ဂျာဘတ်သည် ဤနေရာကို နှစ်ပေါင်း ၇၀၀ တိုင်တိုင် တစ်ကိုယ်တည်း စောင့်ကြည့်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် နောင်အနာဂတ်တွင်လည်း ဤနေရာသည် အဆင်ပြေနေပေလိမ့်မည်။

ဤဇာတ်ဝင်ခန်းမှာ ရက်စက်သူများဖြင့် ပြည့်နှက်နေသော်လည်း သုခဘုံအတွင်း တိုက်ခိုက်မည်ဆိုပါက ရိန်းဟတ် ဗွန် ဂျာဘတ် ရှုံးနိမ့်မည် မဟုတ်ပေ။

'တကယ်တမ်း အန္တရာယ်ရှိတာက...'

အမှောင်ရဲတိုက်အတွင်းသို့ ဝင်ရောက်လာသော ဇာတ်လမ်းများမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို ကင်ဒေါ့ဂျာ တစ်ယောက် မသိသေးပေ။

ထာဝရလှုပ်ရှားမှု၏ ပုပ်သိုးနေသော အသီးတစ်လုံးမှာ ကြွေကျသွားပြီး ရိန်းဟတ် ဗွန် ဂျာဘတ်သည်လည်း ပျောက်ကွယ်သွားလေတော့သည်။

…………………………………………………………………………………………..

ဤနေရာတွင် တိုက်ပွဲတစ်ခုသာ အမှန်တကယ်ဖြစ်ပွားခဲ့လျှင် မည်သို့ဖြစ်လာမည်ကို ကျနော်မသိသော်လည်း ကံကောင်း ထောက်မစွာဖြင့် ရိန်းဟတ် ဗွန် ဂျာဘတ်သည် တိုက်ခိုက်ခြင်းမပြုခဲ့ပေ။ အကယ်၍သာ ဤနေရာ၌ ကျနော်တို့ တိုက်ခိုက်ခဲ့ကြပါက သုခဘုံသည် ပြောင်းပြန်လှန်ပစ်ခံရမည်မှာ ထင်ရှားလှသည်။

အမှန်စင်စစ် ကျနော့်တွင်လည်း တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ ရိန်းဟတ် ဗွန် ဂျာဘတ်ကို ဤနေရာ၌ပင် အပြတ်ရှင်းလိုက်ပါက ကိစ္စရပ်များမှာ ပိုမိုချောမွေ့သွားနိုင်သော်လည်း ကျနော်ဘက်မှလည်း အထိနာပေလိမ့်မည်။ ထို့အပြင် သုခဘုံရှိ ကိုယ်စားလှယ်များက ကျနော်အပေါ် ရန်ငြိုးဖွဲ့သွားကြပေလိမ့်မည်။

ထိုသို့ အဖြစ်မခံနိုင်ပေ။ အကယ်၍ သုခဘုံသည် ပျက်စီးရမည်ဆိုလျှင် ပြင်ပရန်သူကြောင့်မဟုတ်ဘဲ သုခဘုံ၏ ကိုယ်ပိုင်ဒေါသကြောင့်သာ ဖြစ်ရပေမည်။ အမှားအယွင်းများကို မဖော်ထုတ်ဘဲ ကျနော်ကသာ တဇွတ်ထိုးလုပ်ဆောင်လိုက်ပါက ကိုယ်စားလှယ်များမှာလည်း ယခင်အတိုင်း ဒုက္ခတွင်းထဲသို့သာ ပြန်လည်ရောက်ရှိ သွားကြမည်ဖြစ်သည်။

"…ပြီးပြီလား"

"အင်း"

ယောင်ဟီဝန်သည် ကုန်းမြင့်အောက်ခြေတွင် ကျနော့်ကို စောင့်ဆိုင်းနေခဲ့သည်။ ယောင်ဟီဝန်၏ မျက်နှာအမူအရာမှာ ဇဝေဇဝါဖြစ်နေဆဲပင် ဖြစ်သည်။ ယောင်ဟီဝန်သည် ကျနော်အပေါ်ထားရှိသော သစ္စာရှိမှုနှင့် သုခဘုံ၏ သက်သောင့်သက်သာရှိမှုတို့အကြား ဒွိဟဖြစ်နေဟန်တူသည်။

ယောင်ဟီဝန်၏ စိုးရိမ်ပူပန်မှုများကို အနည်းငယ် လျှော့ချပေးရန် ကျနော်ဆုံးဖြတ်လိုက်သည်။

"ဟီဝန်။ ခဏလောက် ဈေးဝယ်ထွက်ရအောင်လား"

ကျနော်တို့သည် လမ်းမအတိုင်း လျှောက်လာခဲ့ကြသည်။ စည်ကားလှသော ဈေးတန်းဆီမှ ဆူညံသံများ ပျံ့လွင့်လာသည်။

"…ဒီလိုမျိုး လမ်းမလျှောက်ဖြစ်တာ ကြာပြီပဲ"

"ငါလည်း အတူတူပါပဲ"

နေရခက်သော တိတ်ဆိတ်မှုက ကြာရှည်လာသောအခါ ယောင်ဟီဝန်ကပင် အစပြု၍ စကားပြောလာသည်။

"နင် ငါ့ကို မေးစရာ မရှိဘူးလား"

"ဘာမေးစေချင်လို့လဲ"

ယောင်ဟီဝန် ကျနော့်ကို ဘာမေးစေချင်သည်ကို ကျနော်သိသည်။ သို့ပေသိ အဖြေကို ကြိုတင်သိရှိထားပြီးဖြစ်သဖြင့် အချို့သောအရာများကို မမေးမြန်းခဲ့ခြင်း ဖြစ်သည်။

"အင်း… ငါအကြိုက်ဆုံးအရောင် ဒါမှမဟုတ် အကြိုက်ဆုံး အစားအစာမျိုးပေါ့"

ယောင်ဟီဝန်က ပြန်ဖြေသည်။

"အဲဒါတွေက လူချင်းပေးတွေ့တဲ့ ချိန်းတွေ့ပွဲတွေမှာတောင် မမေးကြတော့တဲ့ မေးခွန်းတွေပဲဟာ"

"…ဒေါ့ဂျာက အဲဒီလို ပွဲတွေကို သွားဖူးလို့လား"

ကျနော်၏ သိက္ခာကို အနည်းငယ် ထိပါးလာသဖြင့် ထိုစကားကို လျစ်လျူရှုကာ ပြန်မေးလိုက်သည်။

"နင် ငါ့ကို အထင်သေးနေတာလား"

"မဟုတ်ပါဘူး… အဲဒါက ဒေါ့ဂျာရဲ့ ပုံစံမျိုး မဟုတ်လို့ပါ။ နင်က ရေစက်ပါလာတဲ့ တွေ့ဆုံမှုမျိုးကိုပဲ လိုချင်မယ့်သူလို့ ထင်လို့ပါ"

မထင်မှတ်ထားဘဲ အရှိုက်ကို အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။ အမှန်တော့ ကျနော်သည် ထိုကဲ့သို့သော ပွဲမျိုးကို တစ်ခါမျှ မသွားဖူးခဲ့ပေ။ ယောင်ဟီဝန်က ဆက်လက်၍ ပြောဆိုသည်။

"ငါတို့ အရင်က ကိစ္စတွေကို တစ်ခါမှ မပြောဖူးကြဘူးနော်။ နင် မသိချင်ဘူးလား"

"…"

"အရင်က နင် ဘယ်လိုနေထိုင်ခဲ့လဲ၊ ဘယ်ကျောင်းတက်ခဲ့လဲ ဆိုတာမျိုးတွေပေါ့"

ကျနော်သည် ယောင်ဟီဝန်၏ စကားကို တိတ်ဆိတ်စွာ နားထောင်နေမိသည်။

"နင့် ဖုန်းနံပါတ်က ဘာလဲ၊ ဘယ်မှာ နေထိုင်ခဲ့လဲ။ ပြီးတော့…"

ရှုခင်းများက ဘေးမှ ကျော်လွန်သွားကာ ယောင်ဟီဝန်၏ အသံမှာလည်း တဖြည်းဖြည်း တိုးညှင်းသွားသည်။ ထိုသို့ ပြောနေစဉ်မှာပင် ယောင်ဟီဝန် ကိုယ်တိုင်လည်း သိရှိသွားဟန်တူသည်။ ထိုကဲ့သို့သော အကြောင်းအရာများကို ပြောပြရန်မှာ အချိန်များစွာ လွန်ခဲ့လေပြီ။

ယောင်ဟီဝန် နေထိုင်ခဲ့သော နေရာမှာလည်း ပျက်စီးသွားလောက်ပြီဖြစ်သလို ယောင်ဟီဝန်၏ နောက်ကြောင်းကို မှတ်မိနေမည့်သူများမှာလည်း… အသက်ရှင်လျက် ရှိကြတော့မည် မဟုတ်ချေ။ ဤအရာအားလုံးမှာ လပိုင်းအနည်းငယ်အတွင်း ကျနော်တို့ထံ ဆိုက်ဆိုက်မြွက်မြွက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ယောင်ဟီဝန်သည် အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ပြန်လည်တွေးဆဟန်ဖြင့် မေးလာသည်။

"ငါတို့ ပြန်သွားရင်တောင်… အရင်က ဆိုးလ်မြို့နဲ့ တူတော့မှာ မဟုတ်ဘူးမလား"

"တူတော့မှာ မဟုတ်ဘူး"

နံပါတ် ၁၀ ဇာတ်ဝင်ခန်း အပြီးတွင် ဆိုးလ်ဒေသ ပျက်စီးသွားမည်ဖြစ်ပြီး ကိုယ်စားလှယ်များမှာလည်း လွတ်မြောက်သွားကြပေလိမ့်မည်။

သို့သော်လည်း ဤသည်မှာ နောက်ထပ် ငရဲတစ်ခု၏ အစပျိုးခြင်းသာ ဖြစ်သည်။ မြို့တော်၏ ဒေသများအတွင်း၌သာ ကန့်သတ်ထားသော ဇာတ်ဝင်ခန်းများသည် ကမ္ဘာတစ်ဝန်းလုံးသို့ ကျယ်ပြန့် လာတော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

"ဒါဆို… ငါတို့ ဘာလို့ ဇာတ်ဝင်ခန်းတွေကို ဆက်လုပ်နေရတာလဲ။ ငါတို့ သိခဲ့တဲ့ အရာတွေ တစ်ခုမှ မကျန်တော့ဘူးပဲလေ။ ပြန်သွားစရာ နေရာလည်း ရှိတော့တာမဟုတ်ဘူး"

ထို့ကြောင့်ပင် ယောင်ဟီဝန်သည် သုခဘုံ၌သာ နေထိုင်ချင်ခဲ့ခြင်း ဖြစ်သည်။ ဂူမိုဘူတာမှ အမျိုးသမီး၊ Pink Kid ကင်ယောင်ပဲ… သုခဘုံသည် လမ်းပျောက်နေသူများ ရောက်ရှိလာရာ နေရာတစ်ခု ဖြစ်ခဲ့သည်။

ယောင်ဟီဝန်သည် ခေါင်းငိုက်စိုက် ကျသွားသည်။ ယောင်ဟီဝန်၏ မျက်နှာကို တမင်တကာ စိုက်မကြည့်ဘဲ ကျနော်စကားစလိုက်သည်။

"ဟီဝန်က ဓားကောင်းတစ်လက်ပါ"

အသက်ရှူသံ ခပ်တိုးတိုးကို ကြားလိုက်ရသည်။

"နင်က ငါတို့အားလုံးထက်စာရင် အန္တရာယ်တွေရှေ့မှာ ပိုပြီး တည်ငြိမ်တယ်။ အထူးသဖြင့် အားကြီးသူတွေရဲ့ အာဏာရှင်ဆန်မှုကို နင်က ပိုပြီး အာရုံခံနိုင်စွမ်း ရှိတယ်"

ကျနော် သိရှိထားသော 'ဇာတ်လမ်း' ကို ဖြည်းဖြည်းချင်း စတင်လိုက်သည်။

ယောင်ဟီဝန်သည် မူရင်းဝတ္ထုတွင် ပါဝင်ခြင်းမရှိသော်လည်း ကျနော်က ယောင်ဟီဝန်ကို မသိဟု မဆိုလိုပေ။ ယောင်ဟီဝန်အကြောင်းကို ပိုမိုနားလည်နိုင်ရန် ကျနော် ပိုမို ကြိုးစားအားထုတ်ခဲ့ရသည်။

"နင်က အမြဲတမ်း တပ်ဦးကနေ တိုက်ပွဲဝင်ခဲ့ပြီး ဘယ်လောက်ခက်ခဲတယ်ဆိုတာကို တစ်ခါမှ ညည်းညူခြင်း မရှိခဲ့ဘူး"

ယောင်ဟီဝန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကျနော်၏ စကားကို နားထောင်နေသည်။ ကျနော်က စကားဆက်ပြောသည်။

"နင်က ထိခိုက်ဒဏ်ရာရရင်တောင် ဘယ်သူ့ကိုမှ မပြောခဲ့ဘူး။ သံသယဖြစ်စရာ တစ်ခုခုရှိရင်တောင် နင်က ယုံကြည်ဖို့ ရွေးချယ်ခဲ့တယ်"

ကျနော် ယောင်ဟီဝန်အကြောင်းကို တွေးတောမိသည်။ ကျနော်၏ သံသယဖြစ်ဖွယ် လုပ်ရပ်များရှိလင့်ကစား ကျနော့်ကို ယုံကြည်ပေးခဲ့သော ယောင်ဟီဝန်။ ဂူမိုဘူတာတွင် ကျနော်အတွက် တိုက်ပွဲဝင်ပေးခဲ့သော ယောင်ဟီဝန်။

"နင်က တခြားသူတွေထက် လူသားတွေကို ပိုပြီး သံသယဖြစ်တတ်ပေမဲ့ တကယ်တမ်းကျတော့ နင်က သံယောဇဉ်ကြီးတဲ့သူပါ။ ငါတို့အဖွဲ့ အန္တရာယ်ကြုံတဲ့အခါတိုင်း နင်က ပထမဆုံး ပြေးလာတတ်တဲ့သူပါ"

ဒိုကဲဘီက ကျနော့်အဖွဲ့ဝင်တွေကို လူစုခွဲပစ်လိုက်တဲ့အခါမှာ ယောင်ဟီဝန်ဟာ အဖွဲ့ဝင်တွေကို အသည်းအသန် ရှာဖွေခဲ့တဲ့သူ ဖြစ်သည်။ ယောင်ဟီဝန်က အမြဲတမ်း နောက်ပြောင်တတ်သော်လည်း သူ၏ နောက်ပြောင်မှုကြောင့် အခြားသူများ စိတ်အနှောင့်အယှက် မဖြစ်စေရန် အမြဲတစေ ဂရုစိုက်ခဲ့သည်။

"…"

"ဒီလိုဆိုရင် ငါက ယောင်ဟီဝန်အကြောင်းကို အတော်လေး သိနေတာပဲ မဟုတ်လား"

ယောင်ဟီဝန်သည် ခေါင်းငိုက်စိုက်ထားဆဲပင် ရှိသော်လည်း စကားပြန်ပြောသည်။

"ငါက အဲဒီလိုလူမျိုး မဟုတ်ပါဘူး"

"ဒါက ငါမြင်ရတဲ့ ယောင်ဟီဝန်ပဲ"

ယောင်ဟီဝန်သည် ကျနော်၏ အကြည့်ကို သေချာစွာ ရှောင်လွှဲနေခဲ့သည်။

"ဘယ်သူကမှ ငါ့ကို အဲဒီလို မပြောဖူးဘူး… ဒေါ့ဂျာကတော့ ချိန်းတွေ့တဲ့ပွဲတွေမှာ တကယ်ကို အဆင်ပြေမယ့်သူပဲ။ ဒါနဲ့ နင် ဘာတွေ ပြောနေတာလဲ"

ယောင်ဟီဝန်သည် ဘာမှမဖြစ်ခဲ့သလိုမျိုး ကျနော်ကို မော့ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ ဤသည်မှာ ပြုံးနေရမည့် အချိန်မျိုး မဟုတ်ချေ။

"နင်က ဇာတ်ဝင်ခန်းကို ဆက်လုပ်ခဲ့လို့သာ ဒါတွေက ငါမြင်တွေ့ခဲ့ရတဲ့ ယောင်ဟီဝန်ဖြစ်နေတာလေ"

ယောင်ဟီဝန်၏ ဟဟလေးဖြစ်နေသော နှုတ်ခမ်းအစုံမှာ တန့်သွားသည်။

"ဒါကြောင့် နင်က ဇာတ်ဝင်ခန်းကို ဆက်ပြီး လုပ်ဆောင်သင့်တယ်လို့ ငါယုံကြည်တယ်"

ကျနော်တို့ ပြန်သွားစရာ နေရာဟူ၍ မရှိတော့ပေ။ ကျနော်တို့ ခိုနားဖို့ နေရာလည်း ရှိချင်မှ ရှိပေလိမ့်မည်။ သို့ပေသိ အနည်းဆုံးတော့ ဇာတ်လမ်းက ဆက်လက် ဖြစ်ပျက်နေဆဲပင် ဖြစ်သည်။ ဇာတ်လမ်းက ဆက်လက် ဖြစ်ပျက်နေသရွေ့ ကျနော်တို့ မမြင်နိုင်ခဲ့သော အရာများကို ပိုမို မြင်တွေ့လာရပေလိမ့်မည်။

ယောင်ဟီဝန်က ဂရုတစိုက်ဖြင့် စကားစလာသည်။

"…ဒါတွေက အရမ်းခက်ခဲလွန်းလို့ ငါနားမလည်ဘူး။ ငါ နင့်ကို အရင်က ပြောဖူးသားပဲ။ ငါက ကျောင်းမှာ စာသိပ်မတော်ခဲ့ဘူးလို့…"

"ငါက ဟီဝန်ကို တစ်ခုခု လုပ်ဆောင်စေချင်တဲ့ မျှော်လင့်ချက်နဲ့ ပြောနေတာ မဟုတ်ပါဘူး။ ဟီဝန်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ရှင်သန်နေထိုင်ရုံပါပဲ"

ကျနော်သည် စကားပြောရင်းနှင့် အပြန်အလှန်လဲလှယ်ရေးစနစ်ကို ဖွင့်လိုက်သည်။

[သင် မှာယူထားသော ပစ္စည်း ရောက်ရှိလာပါပြီ။]

အချိန်ကိုက်ပင် ဖြစ်သည်။ ထုတ်လုပ်ရန် ကျနော်ပေးပို့ထားသော ပစ္စည်း ရောက်ရှိလာပြီ ဖြစ်သည်။ ထိုပစ္စည်းကို မီးနဂါး၏ အရိုး၊ မိစ္ဆာတစ်ကောင်၏ နှလုံးသားနှင့် သားရဲအချို့၏ အူတိုင်တို့ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ဤသည်မှာ ယောင်ဟီဝန် တစ်ဦးတည်းသာ အသုံးပြုနိုင်မည့် ပစ္စည်းဖြစ်သည်။ မူရင်းဝတ္ထုတွင် 'မူလတရားသူကြီး သုံးဦး' သာလျှင် ဤပစ္စည်းကို အသုံးပြုနိုင်စွမ်း ရှိကြသည်။ ကျနော်သည် ၎င်းကို ထုတ်လုပ်ရန်အတွက် ဒင်္ဂါး ၁၀၀,၀၀၀ ပေးချေခဲ့ပြီး ပစ္စည်းကို လက်ခံရရှိလိုက်သည်။

[သင်သည် ယောင်ဟီဝန်အား 'ဖျက်ဆီးခြင်း၏ တရားသူကြီး' ဓားကို ပေးအပ်လိုက်ပါပြီ။]

အံ့အားသင့်သွားသော ယောင်ဟီဝန်သည် ဓားကို လက်ခံယူလိုက်သည်။

"ဒါက…ဘာလဲ"

"ငါတို့ အတူတူ ဈေးဝယ်ထွက်ဖို့ ဆုံးဖြတ်ထားကြတာ မဟုတ်လား။ ဒါက ငါ့ရဲ့ လက်ဆောင်ပဲ။ နင့်ရဲ့ ဓားအဟောင်းက ကျိုးသွားပြီ မဟုတ်လား"

"ငါ ဒါနဲ့ မထိုက်တန်ပါဘူး"

ကျနော်သည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။

"မဟုတ်ဘူး၊ ဟီဝန် တစ်ယောက်တည်းသာ ဒီဓားနဲ့ ထိုက်တန်တာ"

………………………………………………………………………………………….

"ကင်ဒေါ့ဂျာ၊ နင့်ရဲ့ စရိုက်ကတော့ တကယ့်ကို ဆိုးလွန်းတယ်၊ နင်က တကယ်ပဲ ဒီအတိုင်း ထွက်သွားတော့မလို့လား"

ကျနော်တို့သည် သုခဘုံနှင့် ဝေးရာသို့ ရွေ့လျားလာခဲ့ကြသည်။ ဟန်ဆိုယောင်းက စကားပြောနေရင်းနှင့် အနောက်သို့ ခဏခဏ လှည့်ကြည့်နေ၏။

ကျနော်သည် အနောက်သို့ လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။

"ဒီမှာ လုပ်စရာရှိတာတွေ ပြီးသွားပြီ"

"ဘာတွေ ပြီးသွားတာလဲ"

မူရင်းဝတ္ထုအတိုင်းသာ ဆိုလျှင် သုခဘုံသည် မကြာမီ ပျက်စီးသွားပေလိမ့်မည်။ ကိုယ်စားလှယ်များ၏ ငြိမ်းချမ်းမှုသည်လည်း ရက်ရက်စက်စက် ချိုးဖျက်ခံရမည်ဖြစ်သည်။

ကျနော် ထိုအရာကို တားဆီးသင့်သလော။ ထိုသို့ မလုပ်နိုင်ပေ။ သုခဘုံ တည်ရှိနေသရွေ့ ဤဇာတ်ဝင်ခန်းသည် မည်သည့်အခါမျှ အဆုံးသတ်လိမ့်မည် မဟုတ်ချေ။

"သုခဘုံက ငါ ဝင်ရောက်စွက်ဖက်ရမယ့် ကိစ္စမဟုတ်ဘူး"

"အာ… နင်က ဝတ္ထုရဲ့ မူလစီးဆင်းမှုအတိုင်းပဲ လွှတ်ထားတော့မလို့ပေါ့… နင်ကိုယ်တိုင် ဘာလို့ မလုပ်နိုင်ရတာလဲ"

"ရိန်းဟတ်က အခုလောလောဆယ် ရင်ဆိုင်ရခက်လွန်းတယ်၊ ပြီးတော့ ငါ သူ့ကို အနိုင်ယူလိုက်ရင်လည်း ငါ့မှာ မကောင်းတဲ့ ဇာတ်လမ်းတစ်ခု ရသွားလိမ့်မယ်၊ သူ့မှာ ထောက်ပံ့သူတွေ အများကြီး ရှိနေတာ"

ဇာတ်လမ်းတိုင်းသည် 'ကောင်းကျိုး' များသာ ပေးစွမ်းသည် မဟုတ်ချေ။ အချို့သော ဇာတ်လမ်းများက မိမိ၏ စွမ်းအားကို ကျဆင်းစေနိုင်သည်။

ဟန်ဆိုယောင်းသည် ထိုအချက်ကို သိရှိသဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

"ကောင်းပြီလေ၊ ဒါက ဒီလိုပဲ ထားပါတော့၊ ဒါဆို ကျန်ရစ်ခဲ့တဲ့ အပေါင်းအဖော်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကရော ဘယ်လိုဖြစ်သွားမလဲ"

"သူတို့လည်း အနားယူသင့်တယ်လေ"

"ဘာ… အနားယူရမယ် ဟုတ်လား၊ ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ၊ နင် တကယ်ပဲ စိတ်မဆိုးဘူးလား၊ နင်က ဒီလောက်အထိ ကောင်းကောင်း လုပ်ဆောင်ပေးခဲ့တာတောင် သူတို့က ပထမဆုံးအကြိမ် တွေ့ဖူးတဲ့ မိစ္ဆာတစ်ကောင်နောက်ကို ပါသွားကြတာလေ၊ အထူးသဖြင့် ယောင်ဟီဝန်က…"

"…ယောင်ဟီဝန်ကတော့ ထိုက်တန်ပါတယ်၊ အခုထိ သူ တော်တော်လေး ပင်ပန်းခဲ့တာပဲ"

ဟန်ဆိုယောင်းက နှာခေါင်းရှုံ့လိုက်သည်။

"လာနောက်မနေနဲ့၊ နင် ဘာတွေ လုပ်ခဲ့လဲဆိုတာ နင်မသိဘူးလား၊ သုခဘုံက မကြာခင် ပျက်စီးတော့မှာ၊ သူကတော့ ဓားကို ရထားပြီး ဘာမှမသိဘဲ နင့်ကို သဘောကျနေရှာတာ"

"ဒါက သူကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ၊ ဒါကြောင့် သူ့ဘာသာသူပဲ တာဝန်ယူရလိမ့်မယ်"

"နင်ကတော့ မိစ္ဆာပဲ…"

အချို့သော ဒဏ်ရာများက ကျနော်တို့ကို ပျက်စီးစေသော်လည်း အချို့ကမူ ကျနော်တို့ကို ပိုမို အားကောင်းလာစေသည်။ ကျနော့်ကို မိစ္ဆာဟု ခေါ်လျှင်ပင် မတတ်နိုင်ချေ။ ဤသည်မှာ ကျနော်၏ လမ်းစဉ်ပင် ဖြစ်သည်။ ဟန်ဆိုယောင်းသည် အတော်ကြာအောင် မြည်တွန်တောက်တီးနေပြီးမှ ရုတ်တရက် စကားဆိုလာ၏။

"ဟွန်း… ဒါနဲ့ ကင်ဒေါ့ဂျာ"

"ဘာလဲ"

"နင် ငါ့ကို ဘာလို့ ခေါ်လာတာလဲ"

"နင်က ငါ့ကို ကူညီရမှာမလို့ပေါ့"

ဟန်ဆိုယောင်းက နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ၏ ကိုယ်ပွားများကို ရုတ်တရက် ဆင့်ခေါ်လိုက်သည်။

…သူတို့၏ မျက်နှာများသည် ကျနော်နှင့် တူနေပုံရသည်။ သူက သူ၏ ကိုယ်ပွားများ၏ မျက်နှာကို ပြောင်းလဲနိုင်သည်ဟူသော အချက်ကို ကျနော် သတိရသွားသည်။

"နင် ဘာလုပ်နေတာလဲ"

"လေ့ကျင့်နေတာ"

၎င်းက လေ့ကျင့်မှုထက် တစ်ဖက်သတ် တိုက်ခိုက်မှုနှင့် ပိုတူနေသည်။ ထို့ပြင် သူက အလွန်အမင်း နာကျင်ရမည့် နေရာကိုသာ အဓိကထား ထိုးနှက်နေ၏။ ဟန်ဆိုယောင်းသည် ကျနော်ကို အတော်ကြာအောင် ထိုးကြိတ်ပြီးမှ မေးလာသည်။

"အခု နင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ"

"ငါ ဇာတ်ဝင်ခန်းကို သုံးလေးရက်လောက် ခေါက်ထားလိုက်ဦးမယ်။ ပြီးတော့ ဝှက်ဖဲတွေကို လိုက်ရှာရင်း ဇာတ်လမ်းတွေ စုဆောင်းရမယ်"

'ဝှက်ဖဲ' ဟူသော စကားလုံးကြောင့် ဟန်ဆိုယောင်းက ပြုံးလိုက်သည်။

"ဘာလို့လဲ၊ နင်က အဓိကဇာတ်ဝင်ခန်းကိုပဲ အာရုံစိုက်တတ်တဲ့ သူ မဟုတ်ဘူးလား"

"ဒီတစ်ခါတော့ အခြားလူတွေကိုပဲ ဖြေရှင်းခိုင်းလိုက်တော့မယ်။ အခုထိ ငါ တစ်ယောက်ထဲ လုပ်ဆောင်ရတာ ပင်ပန်းလွန်းနေပြီလေ"

ပြန်စဉ်းစားကြည့်လျှင် ကျနော်သည် တစ်ယောက်တည်း လုပ်ဆောင်ရန် အလွန်အမင်း ကြိုးစားခဲ့မိသည်။ မအေဘေး ယူဂျွန်ဟော့က ကြိုးစားအားထုတ်နေပုံရသော်လည်း အရေးကြီးသည့် အချိန်များတွင် အသုံးမဝင်ချေ။ ကျနော်သာ မကူညီခဲ့လျှင် သားရဲ ကပ်ဘေး သို့မဟုတ် ငြိမ်းချမ်းမြေတွင်ပင် အဆုံးသတ်သွားလောက်သည်။ ကျနော်က ဇာတ်ဝင်ခန်းများအတွက် အသည်းအသန် လုပ်ဆောင်နေချိန်တွင် သူကတော့ ဝှက်ဖဲများကို လိုက်ရှာနေခဲ့သည်။

ထို့ကြောင့် ယခုအခါတွင် သူ သေချာပေါက် အလုပ်လုပ်ရမည့် အချိန်ရောက်လာပြီဖြစ်၏။ ကျနော် ပြုံးလျက် ပြောလိုက်သည်။

"ငါတို့ အခုကစပြီး နောက်ပြန်ဆုတ်သူ အယောင်ဆောင်ကြမယ်"

All Chapters