အခန်း (၁၆၂-၁၆၄)
Vol. 11 Ch. 162-164
အခန်း ၁၆၂
- အပိုင်း ၃၂ - ကင်ဒေါ့ဂျာ၏ အချစ် (၁)
ကင်ဒေါ့ဂျာ ထွက်ခွာသွားသည်မှာ လေးရက်ရှိလေပြီ။ ခံတပ်သည် ယခုတိုင် ကျန်ရှိနေဆဲဖြစ်ပြီး ပျက်စီးမည့် အရိပ်အယောင်များလည်း မတွေ့ရသေးချေ။
သုခဘုံ၏ ကောင်းကင်ယံသည် မည်သည့်အချိန်ကထက်မဆို ပို၍ ငြိမ်းချမ်းနေပြီး ပျင်းရိငြီးငွေ့ဖွယ်ပင် ကောင်းလှသည်။ လီဂီယောင်သည် ကောင်းကင်ယံကို ကြည့်ရင်း မှိုင်ညှို့သော လေသံဖြင့် ဆို၏။
"ကျနော်တို့ အစွန့်ပစ်ခံလိုက်ရပြီ"
"ဒီကလေးကတော့ ထပ်ပြောပြန်ပြီ"
"အကိုကြီးဒေါ့ဂျာက ကျနော်တို့ကို ပစ်သွားတာ"
လီဂီယောင်သည် စိတ်ဓာတ်ကျနေသော အခြေအနေတွင် ရှိနေပြီး ဤစကားကိုပင် နှစ်ရက်တိုင်တိုင် ထပ်ခါတလဲလဲ ပြောနေခဲ့ခြင်းဖြစ်သည်။
အနီးအနားတွင် ဓားကို သွေးနေသော လီဂျီဟယ်က မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလို့ အဲ့ဒီလောက် ပူညံပူညံလုပ်နေရတာလဲ"
လီဂီယောင်က ပြန်ဖြေသည်။
"အဓိကဇာတ်ကောင်က သူ့ရဲ့ အပေါင်းအဖော်တွေကို ဘယ်အချိန်မှာ ထားခဲ့တတ်လဲဆိုတာကို သိလား"
"…ဘယ်အချိန်လဲ"
"အပေါင်းအဖော်တွေက အနှောင့်အယှက် ဖြစ်လာတဲ့အခါမျိုးမှာပေါ့"
"..."
"ကျနော်တို့ကို အသုံးမကျတဲ့သူတွေအဖြစ် အကဲဖြတ်လိုက်ပြီထင်တယ်"
"…ဦးလေးကြီးက ဘယ်လိုလုပ်ပြီး အဓိကဇာတ်ကောင် ဖြစ်မှာလဲ၊ အမှန်အတိုင်း ပြောရရင် ဆရာကမှ အဓိကဇာတ်ကောင် ဖြစ်ဖို့ ပိုပြီး သင့်တော်တာ။ ပြီးတော့ ဒါက ဝတ္ထုမှ မဟုတ်တာ"
လီဂျီဟယ်က မကျေမနပ် ရေရွတ်လိုက်သော်လည်း သူ၏ မျက်နှာအမူအရာမှာလည်း တောက်ပမနေချေ။
လွန်ခဲ့သော လေးရက်အတွင်း အဖွဲ့သားများသည် တည်ငြိမ်နေခဲ့ကြသည်။ ထိုသို့တည်ငြိမ်မှုမျိုးသည် မူးယစ်ဆေးကဲ့သို့သော ငြိမ်းချမ်းမှုမျိုး ဖြစ်၏။ အလွန်အမင်း ငြိမ်းချမ်းနေသဖြင့် စိတ်အေးလက်အေး ဖြစ်နေခဲ့ကြသည်။ မည်သူကမျှ သူတို့ကို ခြိမ်းခြောက်ခြင်း မရှိသကဲ့သို့ ကမ္ဘာပေါ်တွင် စိုးရိမ်စရာ တစ်စုံတစ်ရာလည်း မရှိတော့ချေ။
သူတို့သည် အခါအားလျော်စွာ သူတို့၏ စွမ်းရည်များကို လေ့ကျင့်ကြပြီး ကင်ဒေါ့ဂျာ ချန်ထားခဲ့သော တိုက်တွန်းချက်များကို ပြန်လည် အမှတ်ရနေကြသည်။
「 ဂီယောင်က စွမ်းရည်အပေါ် ဇွဲနပဲနဲ့လေ့ကျင့်တာမျိုး အားနည်းနေတယ်။ မင်းမှာဒင်္ဂါးတွေ ကျန်သေးရင် 'စိတ်ရှည်မှု' ဒါမှမဟုတ် 'မကျိုးပဲ့နိုင်သော ဇွဲနပဲ' ထဲမှာ ထည့်ကြည့်ပါ၊ ဒင်္ဂါးလဲလှယ်မှုကို သုံးနိုင်သလို မင်းရဲ့ ထောက်ပံ့သူကိုလည်း ကူညီခိုင်းလို့ ရတယ် 」
「 ဂျီဟယ်၊ နင်က လျှင်မြန်မှုဘက်ကိုပဲ အရမ်းအလေးသာနေတယ်၊ ပိုလျှံတဲ့ ဒင်္ဂါးတွေ ရှိရင် ခွန်အားနဲ့ မှော်စွမ်းအင်မှာ ရင်းနှီးမြှုပ်နှံလိုက်ပါ၊ နင် ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံသလဲဆိုတဲ့အပေါ် မူတည်ပြီး နင့်ရဲ့ တိုက်ခိုက်ရေးဟန်က ပြောင်းလဲသွားလိမ့်မယ် 」
「 ယူဆောင်း၊ 'ယဉ်ပါးစေခြင်း' နဲ့ 'အဆင့်မြင့် ကွဲပြားသော ဆက်သွယ်နိုင်စွမ်း' ကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ဖို့ အာရုံစိုက်ပါ၊ ယဉ်ပါးစေခြင်းနဲ့ ပတ်သက်တဲ့ တခြားစွမ်းရည်တွေ လိုအပ်ရင် ငါ့ကို အချိန်မရွေး ပြောပါ 」
လီဂီယောင်၏ စကားများကြောင့်လော မသိချေ။ စိတ်မအေးဖြစ်နေသော လီဂျီဟယ်သည် သူ၏ ဘေးတွင် ထိုင်နေသော ရှင်ယူဆောင်းကို လှမ်းပုတ်လိုက်သည်။
"ဟေ့… သားရဲမလေး"
ကင်ဒေါ့ဂျာ၏ တိုက်တွန်းချက်ကြောင့် အဆင့်မြင့် ကွဲပြားသော ဆက်သွယ်နိုင်စွမ်းကို လေ့ကျင့်နေသည့် ရှင်ယူဆောင်းသည် ရုတ်တရက် သတိဝင်လာသည်။
"…ဘာလဲ"
သူတို့သည် အဖွဲ့တစ်ခုတည်းတွင် ရှိနေသော်လည်း ကင်ဒေါ့ဂျာအပေါ် ရိုင်းစိုင်းသော လီဂျီဟယ်ကို ရှင်ယူဆောင်းက သဘောမကျချေ။ လီဂျီဟယ်သည် ရှင်ယူဆောင်း၏ အကြည့်များကြောင့် အိုးတိုးအမ်းတမ်း ဖြစ်သွားပြီး ဆိုလိုက်သည်။
"ဟေ့… ငါ့ကို အဲ့ဒီလို မကြည့်နဲ့လေ။ နင့်ကို မေးစရာ ရှိလို့ပါ"
"ဘာလဲ"
"ဦးလေးကြီးဒေါ့ဂျာ ဘယ်ကို သွားနေတာလဲဆိုတာ နင်သိလား"
မမျှော်လင့်ထားသော မေးခွန်းကြောင့် ရှင်ယူဆောင်း၏ မျက်လုံးများ ဝိုင်းစက်သွားသည်။
လီဂျီဟယ်က ဆက်ပြောသည်။
"နင်က သူ့ရဲ့ ကိုယ်စားလှယ် ဖြစ်နေတာဆိုတော့ တစ်ခုခု သိမလားလို့ ငါတွေးမိတာ၊ ပုံမှန်ဆိုရင် ထောက်ပံ့သူနဲ့ ကိုယ်စားလှယ်ကြားက ဆက်နွှယ်မှု မြင့်တက်လာတဲ့အခါ ကိုယ်စားလှယ်တွေက ထောက်ပံ့သူအကြောင်း သတင်းအချက်အလက်တွေ ရတတ်တယ်လေ"
အမှန်စင်စစ် လီဂျီဟယ်သည်လည်း 'သစ္စာရှင်စစ်သူကြီး' ၏ အထူးစွမ်းရည်ကို အသုံးပြုသည့် အခါတိုင်း လီဆွန်ရှင်၏ အမှတ်သညာများကို ဝေမျှရရှိလေ့ရှိသည်။ အဆုံးတွင် ဇာတ်လမ်း၏ အူတိုင်မှာ အထူးစွမ်းရည်ပင် ဖြစ်၏။ စွမ်းအားကို အသုံးပြုသည့် အခါတိုင်း နက္ခတ်၏ ဇာတ်လမ်းကို သိရှိသွားရန်မှာ ရှောင်လွှဲ၍ မရနိုင်ချေ။
ရှင်ယူဆောင်းသည် စကားလုံးများကို အသည်းအသန် ရွေးချယ်ပြီးမှ ပါးစပ်ကို ခက်ခဲစွာ ဖွင့်လိုက်သည်။
"ဦးလေးက… သူက အထီးကျန်တဲ့ လူတစ်ယောက်ပါ"
"ဟေ့… အဲ့ဒါကတော့ ဘယ်သူမဆို ပြောနိုင်တာပဲ"
"သူက စာဖတ်ရတာကိုလည်း ဝါသနာပါသေးတယ်…"
"စာအုပ်တွေ ဟုတ်လား"
"ဟုတ်တယ်၊ ဦးလေးအကြောင်း တွေးလိုက်တိုင်း ရေတွက်လို့မရတဲ့ စာမျက်နှာတွေ ပေါ်လာတတ်တယ်၊ အဲ့ဒါ ဘာလဲဆိုတာတော့ ကျမလည်း မသေချာဘူး… စာမျက်နှာထဲက အကြောင်းအရာတွေကိုတော့ ကျမ မမြင်ရဘူး"
ရှင်ယူဆောင်းသည် ဝေခွဲမရဖြစ်ကာ ခေါင်းငုံ့လိုက်သည်။
"ကျမလည်း အခုထိ အဲ့ဒီလောက် အများကြီး မသိသေးဘူး၊ ကျမမှာ အထူးစွမ်းရည်လည်း မရသေးဘူးလေ"
"…နင့်ကို စိတ်ဓာတ်ကျအောင် မေးတာ မဟုတ်ပါဘူး"
လီဂျီဟယ်သည် ရှင်ယူဆောင်း၏ ပုခုံးကို ပုတ်လိုက်ပြီး လက်တွေ့အခြေအနေကို တစ်ဖန် ပြန်လည် သတိပြုမိသွားသည်။ လူတစ်ယောက်တည်းသာ ထွက်ခွာသွားသော်လည်း အဖွဲ့တစ်ခုလုံး၏ အငွေ့အသက်မှာ ပြောင်းလဲသွားလေပြီ။ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူတို့ ကောင်းကောင်း ရှင်သန်နိုင်ရန် လိုအပ်၏။
'ဦးလေးကြီးသာ မရှိရင် အားလုံးက ပြီးဆုံးသွားလောက်ပြီ…'
သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လူတိုင်း စိတ်မအေးဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ ကင်ဒေါ့ဂျာအပေါ် မှီခိုနေသော ကလေးနှစ်ယောက်၊ စစ်သားလက်စွဲစာအုပ်ကိုသာ သိသော စစ်သားနှင့် သူ၏ စွမ်းအားကို ကောင်းကောင်း မကိုင်တွယ်နိုင်သေးသော အမျိုးသမီး ဓားသမား…
[ 'ပင်လယ်စစ်နတ်ဘုရား' နက္ခတ်က ကိုယ်စားလှယ် 'လီဂျီဟယ်' ၏ မျိုးချစ်စိတ်ဓာတ်ကို ဝေဖန်နေပါသည်။ ]
လီဂျီဟယ်က နှာခေါင်းရှုံ့လိုက်ပြီး နားကို ပိတ်ကာ ထိုအသံများ မကြားရစေရန် 'အာဘာဘာဘာ' ဟု အော်ဟစ်လိုက်လေတော့သည်။
"အံ့ဩစရာပဲ၊ စစ်သားကတော့ ပြန်စနေပြန်ပြီ"
လီဟန်းဆောင်သည် တစ်စုံတစ်ခုကို ကြောင်စီစီဖြင့် စိုက်ကြည့်နေလေသည်။ လီဂျီဟယ်သည် လီဟန်းဆောင် ဘာကိုကြည့်နေသည်ကို သိနေသဖြင့် ရယ်မောလိုက်၏။ ခဏတဖြုတ် အနားယူအပန်းဖြေခြင်းကလည်း မဆိုးလှပေ။
"ဟေ့… ချာတိတ်"
လီဂျီဟယ်သည် လီဟန်းဆောင် တစ်စုံတစ်ခုဆီသို့ ချဉ်းကပ်သွားသည်ကို ကြည့်နေရင်း ရုတ်တရက် စကားစလိုက်သည်။
"နင့်ကို ပျော်စရာတစ်ခု ပြရမလား"
……………………………………………………………………………………………
လွန်ခဲ့သော လေးရက်လုံးလုံး ယောင်ဟီဝန်သည် အိပ်မက်ဆိုးများ မက်နေခဲ့သည်။ သားရဲများက အင်အားကြီးမားလွန်းလှပြီး သုခဘုံ၏ အိပ်မက်သည်လည်း ပျက်စီးသွားခဲ့ပေပြီ။ ယောင်ဟီဝန် နိုးလာသည့်အခါတိုင်း ကင်ဒေါ့ဂျာ၏ မိစ္ဆာသုတ်သင်ခြင်းဓားသည် မြည်ဟီးနေခဲ့သည်။ ရိန်းဟတ် ဗွန် ဂျာဘတ်သည် ယောင်ဟီဝန် ထံ အကြိမ်ကြိမ် လာရောက်ပြီး ခံတပ်၏ လုံခြုံရေးခေါင်းဆောင်အဖြစ် တာဝန်ယူပေးရန် တောင်းဆိုခဲ့၏။
သို့ပေသိ ယောင်ဟီဝန်သည် ထိုတောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာသုတ်သင်ခြင်းဓားသည် အနီးအနားတွင် 'မိစ္ဆာ' ရှိနေသည့် အခါမှသာ မြည်ဟီးတတ်သောကြောင့် ဖြစ်သည်။
ယောင်ဟီဝန်သည် ခပ်နိမ့်နိမ့် ကျောက်ပြားအမိုးပေါ်တွင် ထိုင်ရင်း သုခဘုံ၏ ရှုခင်းကို ကြည့်နေလေသည်။ ထိုမြို့အတွင်း၌ 'မိစ္ဆာ' ဟု ယူဆနိုင်မည့် အရာတစ်ခုမျှ မရှိချေ။
"ဟီဝန်၊ နင် တစ်ခုခု စိတ်ပူနေတာလား"
သူ ဘယ်အချိန်က ရောက်လာခဲ့ပါသနည်း။ တောက်ပသော မျက်နှာထားရှိသည့် လီဟန်းဆောင်သည် ယောင်ဟီဝန် ဘေးတွင် ရပ်နေ၏။
"အာ… ဒီအတိုင်းပါပဲ... အရမ်းအေးချမ်းနေတော့ အတွေးတွေ များနေလို့ပါ"
"ငါလည်း အတူတူပါပဲ"
ထိုသူနှစ်ဦးသည် ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။ အနေရခက်သော အငွေ့အသက်တစ်ခု စီးဆင်းသွား၏။ နာဗားနားကြောင့် ထသောင်းကျန်းနေသော ယောင်ဟီဝန်ကို လီဟန်းဆောင် ကယ်တင်ခဲ့သည့် အချိန်မှစ၍ သူတို့ကြားတွင် ထူးဆန်းသော ပတ်သက်မှုတစ်ခု ဖြစ်ပေါ်နေခဲ့လေသည်။ သို့သော်လည်း ထိုအရာက ဘာလဲဆိုသည်ကို သူတို့နှစ်ဦးလုံး အတိအကျ မသိကြချေ။
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် ကိုယ်စားလှယ် ‘လီဟန်းဆောင်’ ၏ လုပ်ရပ်များကို သဘောမကျပါ။]
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် ‘သံမဏိသခင်’ ကို သတိပေးနေပါသည်။]
[‘သံမဏိသခင်’ နက္ခတ်က ဤအရာက ဝင်ရောက်စွက်ဖက်ရမည့် ကိစ္စမဟုတ်ကြောင်း ပြောဆိုပါသည်။]
ယောင်ဟီဝန်သည် ရုတ်တရက် အောက်သို့ ငုံ့ကြည့်လိုက်ရာ လီဂျီဟယ်နှင့် ကလေးများ ပုန်းအောင်းနေကြသည်ကို မြင်လိုက်ရသည်။
'...ဟိုကောင်တွေ အဲဒီမှာ ဘာလုပ်နေကြတာလဲ'
ယောင်ဟီဝန်သည် သူတို့ကို လှမ်းခေါ်ရန် ပြင်လိုက်စဉ်မှာပဲ လီဟန်းဆောင်က အရင် စကားစလိုက်သည်။
"ဒီလို အေးချမ်းနေတာမှာ အကြောင်းရင်းတစ်ခု ရှိမယ်လို့ ကျုပ် ထင်တယ်"
"ဒေါ့ဂျာက ကျမတို့ကို ဒီမှာ ဒီအတိုင်း ပစ်ထားခဲ့တာ မဟုတ်ဘူးလို့ ရှင် ယုံကြည်နေတာပဲ"
"ဒေါ့ဂျာက အဲဒီလို လူမျိုးပဲလေ။ အကြောင်းရင်းကို ရှာဖွေဖို့က ကျုပ်တို့ရဲ့ တာဝန်ပဲ"
ယောင်ဟီဝန်သည် သာမန်အတွေးဖြင့် စဉ်းစားသော်လည်း အဖြေရှာမရပေ။ ဒေါ့ဂျာက သူတို့ကို ဤသုခဘုံတွင် ထားခဲ့ခြင်းနှင့် ပတ်သက်ပြီး စဉ်းစားကြည့်သော်လည်း မည်သည့်အရာက ပြဿနာဖြစ်နေမှန်း ယောင်ဟီဝန် မသိချေ။
ထိုစဉ် အမိုးအောက်ရှိ လူအုပ်စုတစ်ခုထံမှ ဆူညံသံများက ယောင်ဟီဝန်၏ အာရုံကို နှောင့်ယှက်လိုက်သည်။
"ဇာတ်ဝင်ခန်းကို ပြန်ပေး"
"ငါတို့ နောက်ထပ် အဆင့်ကို သွားချင်တယ်"
ယောင်ဟီဝန် မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူများသည် အေးချမ်းလှသော သုခဘုံအပေါ် မကျေမနပ် ဖြစ်နေသူများ ဖြစ်ကြ၏။ သူတို့သည် သုခဘုံ၏ ဆန္ဒပြသူများပင်။ သူတို့တွင် တိကျသော ကြွေးကြော်သံ မရှိသော်လည်း သုခဘုံတွင် ခဏခဏ ပေါ်လာတတ်ကြသည်။
ယောင်ဟီဝန် နားမလည်နိုင်ချေ။ သူတို့က အဘယ်ကြောင့် ဇာတ်ဝင်ခန်းထဲသို့ ပြန်သွားချင်ကြသနည်း။ ယောင်ဟီဝန်က စကားဆိုလိုက်သည်။
"ကျမ အောက်ဆင်းသွားမှ ဖြစ်မယ် ထင်တယ်၊ ရန်ပွဲ ဖြစ်တော့မယ်"
"ကောင်းပြီလေ"
ယောင်ဟီဝန် အောက်သို့ ရောက်သွားသည့် အခါတွင် သွေးထွက်သံယိုမှုများ ဖြစ်ပွားနေလေပြီ။ သို့ပေသိ ၎င်းသည် 'ရန်ပွဲ' မဟုတ်ချေ။ တစ်ဖက်သတ် တိုက်ခိုက်မှုသာ ဖြစ်သည်။ အစောင့်များက ဆန္ဒပြသူများကို ရိုက်နှက်နေကြ၏။
ယောင်ဟီဝန်သည် အလွန်အကျွံ အင်အားသုံးနေမှုကြောင့် စိတ်ပျက်သွားပြီး အစောင့်တစ်ဦးကို တားလိုက်သည်။
"ခဏနေဦး။ စိတ်လျှော့ပြီး နောက်ဆုတ်လိုက်ကြစမ်း။ ဒါက အရမ်းလွန်နေပြီ"
"ကျုပ်က တရားဝင် အလုပ်လုပ်နေတာ၊ ဝင်မရှုပ်ပါနဲ့"
အစောင့်ခေါင်းဆောင်သည် ယောင်ဟီဝန်၏ လက်ကို ဖယ်ထုတ်လိုက်ပြီး လဲကျနေသော ဆန္ဒပြသူများကို စုရုံးလိုက်သည်။ ဆန္ဒပြသူများကို လှည်းငယ်များပေါ် တင်လိုက်ပြီး တစ်နေရာရာသို့ ပို့ဆောင်မည့်ပုံ ပေါ်နေ၏။
"ထွက်ပြေးတဲ့ သူတွေကိုလည်း အကုန်ဖမ်း၊ ဒီလူတွေ အကုန်လုံးကို ငါ ခေါ်သွားမယ်"
"ဟို အမျိုးသမီးကိုရော"
အစောင့်တပ်မှူးက ယောင်ဟီဝန်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
"ဒီအတိုင်း ထားလိုက်၊ ဒါက အရှင့်ရဲ့ အမိန့်ပဲ"
မကြာမီမှာပင် ထွက်ပြေးသွားသော ဆန္ဒပြသူအချို့ အဖမ်းခံလိုက်ရသည်။ ၎င်းတို့ထဲတွင် မထင်မှတ်ထားသော လူတစ်ဦး ပါဝင်နေ၏။
"ကျ-ကျမက ဆန္ဒပြတဲ့သူ မဟုတ်ပါဘူး။ ကျမက မတော်တဆ ဖြတ်လာတာပါ။ ဒါယောင်း။ ဒါယောင်း"
သူတို့သည် ဂူမိုဘူတာမှ မိသားစုပင်။ ယောင်ဟီဝန် အော်ပြောလိုက်သည်။
"ခဏနေဦး။ အဲဒီလူက ဆန္ဒပြတဲ့သူ မဟုတ်ဘူး"
ထိုအခါ အစောင့်က ဆိုသည်။
"နင်က ဆန္ဒပြတဲ့သူပဲ၊ ငါတို့ လိုက်တော့ နင်က ထိတ်လန့်ပြီး ထွက်ပြေးတယ်လေ၊ အပြစ်မရှိရင် ဘာလို့ ထွက်ပြေးမှာလဲ"
"အဲဒါ အမှန်ပဲ"
အစောင့်တပ်မှူးက ခေါင်းညိတ်ပြီး ထပ်မံ ညွှန်ကြားချက်များ ပေးတော့သည်။ ယောင်ဟီဝန် အော်ပြောလိုက်သည်။
"မဟုတ်ဘူး၊ ရုတ်တရက် လိုက်ဖမ်းခံရမယ်ဆိုရင် ကြောက်ပြီး ထွက်ပြေးတာက သဘာဝပဲလေ"
"ဒါကို နောက်မှ စစ်ဆေးမယ်၊ အချိန်မရှိဘူး၊ အမြန် ပို့ဆောင်လိုက်ကြ"
“နေဦးလို့ ပြောနေတယ်လေ”
“...အရှင့်ရဲ့ အမိန့်ရှိထားပေမဲ့ ခင်ဗျား နောက်တစ်ကြိမ် ထပ်မံနှောင့်ယှက်မယ်ဆိုရင်တော့ ခင်ဗျားကိုပါ ကျုပ် ဖမ်းဆီးရပါလိမ့်မယ်”
ရယ်စရာကောင်းသည်မှာ ‘ဖမ်းဆီးခြင်း’ ဆိုသည့် စကားလုံးကြောင့် ယောင်ဟီဝန်၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ခြင်းပင်။ အဘယ်ကြောင့်မှန်း ယောင်ဟီဝန် မသိခဲ့ချေ။ တောရိုင်းမြေရိုင်းထဲတွင် အချိန်အတော်ကြာအောင် နေခဲ့ရပြီးမှ ရုတ်တရက် လူ့အဖွဲ့အစည်းအတွင်းသို့ ပြန်ရောက်လာခဲ့သောကြောင့်လော။
အဖမ်းခံရသောမိန်းမသည် အခြေအနေကို တားဆီး၍မရနိုင်တော့ကြောင်း ဆုံးဖြတ်လိုက်ပြီး အော်ဟစ်လိုက်သည်။
“ဒီ-ဒီကလေးက ဘာအမှားမှ မလုပ်ခဲ့ဘူး။ ကလေးကိုတော့ လွှတ်ပေးပါ”
ထိုမိန်း၏ အော်ဟစ်သံကြောင့် အစောင့်တပ်မှူးက ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။ သူသည် ခဏမျှ စဉ်းစားပြီးနောက်တွင်တော့ အမိန့်ပေးလိုက်၏။
“...ကလေးကိုတော့ ထားခဲ့လိုက်ပါ”
အစောင့်များက ခေါင်းညိတ်လိုက်ကြပြီး ထိုမိန်းမကိုသာ ခေါ်ဆောင်သွားကြတော့သည်။ ကလေးမလေးသည် အမေဖြစ်သူနှင့် ဝေးကွာသွားသည်ကို ကြည့်ရင်း ငိုကြွေးလေတော့သည်။
“အီးဟီး... အမေ...”
“ဒါယောင်း၊ နားထောင်နော်၊ အမေ မကြာခင် ပြန်လာခဲ့မယ်၊ သိလား။ အဲဒီမှာပဲ စောင့်နေနော်၊ အမေက...”
အမေဖြစ်သူ၏ အသံက ပို၍ ဝေးကွာသွားခဲ့ပြီ။ ယောင်ဟီဝန်သည် သတိပြန်ဝင်လာပြီး သူတို့နောက်သို့ လိုက်ရန် ကြိုးစားသော်လည်း စောင့်ကြည့်နေသော ကုန်သည်အချို့က ဝင်တားကြသည်။
“မိန်းကလေး၊ အပင်ပန်းမခံပါနဲ့တော့၊ ဒါက အလကားပါပဲ။ ဒါက သုခဘုံရဲ့ ဥပဒေပဲလေ”
“သူတို့ကို ဘယ်ခေါ်သွားတာလဲ”
“သုခဘုံရဲ့ မြေအောက်အကျဉ်းထောင်ကို ခေါ်သွားတာပါ”
“မြေအောက်အကျဉ်းထောင် ဟုတ်လား”
“အစောင့်တွေကလွဲရင် ကျန်တဲ့သူတွေ ဝင်ခွင့်မရှိဘူး။ အဲဒီကနေ ဘယ်သူမှ ပြန်မလာဖူးကြဘူး။ ချီး... သနားစရာပါပဲ၊ အဲ့ဒီကောင်မလေးက ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့သင့်တာ”
ကုန်သည်များသည် အေးစက်စက် တုံ့ပြန်မှုများကိုသာ ပြသပြီး လူစုခွဲသွားကြသည်။
ယောင်ဟီဝန်သည် ခေတ္တမျှ ငိုင်တိုင်တိုင် ရပ်နေပြီးနောက်တွင်တော့ ငိုနေသော ကလေးမလေးအနားသို့ ချဉ်းကပ်သွားခဲ့သည်။ ယောင်ဟီဝန်သည် မည်သို့လုပ်ရမည်ကို တွေးတောနေပြီး ငိုနေသော ကလေးမလေး၏ လက်ကို တုံ့ဆိုင်းစွာဖြင့် ဆုပ်ကိုင်လိုက်၏။ နွေးထွေးသော ထိတွေ့မှုကို ခံစားလိုက်ရသည့် ခဏ၌ ယောင်ဟီဝန်၏ ခေါင်းထဲတွင် တစ်ခုခု ပေါ်လာခဲ့သည်။
…ဒါက သုခဘုံတဲ့လား။
“ကျမ ဘာလုပ်ရမလဲဆိုတာ သိပြီ ထင်တယ်”
ယောင်ဟီဝန် နောက်သို့ လှည့်ကြည့်လိုက်ရာ လီဂျီဟယ်နှင့် ကျန်ရှိနေသော သူများကို မြင်လိုက်ရသည်။ သူတို့အားလုံး၏ အမူအရာများသည် ကိုယ်ပိုင် ‘ဇာတ်ဝင်ခန်း’ တစ်ခုကို ရှာတွေ့သွားသကဲ့သို့ ဖြစ်နေကြ၏။
လီဟန်းဆောင်က ပြောလိုက်သည်။
“ဒါက ကိစ္စကြီးတစ်ခု ဖြစ်လာမယ်လို့ ကျုပ် ထင်တယ်၊ ဒါပေမဲ့ ကျုပ်တို့ အဆင်ပြေပါ့မလားတော့ မသိဘူး”
“ဒေါ့ဂျာက ငါတို့ကို ယုံကြည်ခဲ့တာပဲလေ။ မဟုတ်မှလွဲရော သူက ဒီထက်ပိုကြီးတဲ့ ကိစ္စတစ်ခုခုကို လုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ သူက အမြဲတမ်း အဲဒီလိုပဲလေ”
“ဟုတ်တာပေါ့၊ အကိုကြီးကတော့ အတည်ပေါက် မျက်နှာပေးနဲ့ သားရဲတွေကို တစ်ယောက်ထဲ တိုက်ခိုက်နေလောက်မှာ သေချာတယ်”
ကင်ဒေါ့ဂျာသည် အကြောင်းရင်းမရှိဘဲ ထွက်သွားလိမ့်မည် မဟုတ်ချေ။
ထိုသို့ထွက်သွားခြင်းမှာ လူသားများကို ခြိမ်းခြောက်မှုမှ ကာကွယ်ရန် သို့မဟုတ် ဇာတ်ဝင်ခန်းကို ဖြိုဖျက်ရန်လည်း ဖြစ်နိုင်သည်။ အကြောင်းရင်းက မည်သို့ပင်ဖြစ်စေကာမူ ကင်ဒေါ့ဂျာသည် ယခုအချိန်တွင် သူ၏ အသက်ကို ရင်းပြီး အသည်းအသန် ကြိုးစားနေပေလိမ့်မည်။
နောက်ဆုံးတွင်တော့ ယောင်ဟီဝန်က စကားဆိုလိုက်သည်။
“ဒီတစ်ကြိမ်တော့ ငါတို့အားလုံး အတူတူ ကြိုးစားကြည့်ကြရအောင်”
သူတို့သည် အချိန်တိုင်း ကင်ဒေါ့ဂျာကိုသာ အားကိုးနေ၍ မရနိုင်ချေ။
ကင်ဒေါ့ဂျာသည် မမြင်နိုင်သော နေရာတစ်ခုတွင် ငရဲတမျှ ခက်ခဲသော ဇာတ်ဝင်ခန်းတစ်ခုကို ဆောင်ရွက်နေမည်မှာ ထင်ရှားလှပေသည်။
……………………………………………………………………………………………
“ဟေ့…. ကင်ဒေါ့ဂျာ၊ ဒါက တကယ့်ကို အေးဆေးပဲဟ။ နင် အရင်တုန်းက ဒီလိုမျိုး တစ်ခါမှ မနေခဲ့ဖူးဘူးဆိုတာ တကယ်ပဲလား”
ကျယ်ပြောလှသော လွင်ပြင်ထက်တွင် အင်ဂျင်သံ ဟိန်းဟောက်နေသော ပြိုင်ကားတစ်စီး ပြေးလွှားနေသည်။
“...အင်း”
လွန်ခဲ့သော သုံးရက်အတွင်း ကျနော်တို့သည် အသူတစ်ရာလွင်ပြင်ရှိ ဝှက်ထားသော ဇာတ်ဝင်ခန်း သုံးခုကို သိမ်းပိုက်နိုင်ခဲ့သည်။ ဗျူဟာချမှတ်ဖို့ကလည်း ခက်ခဲခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ယခင်က ကျနော် လုပ်ဆောင်ခဲ့သည်များနှင့် မတူဘဲ ကျနော် သိထားသော အနာဂတ် အချက်အလက်အားလုံးသည် လုံးဝ တိကျနေသောကြောင့် ဖြစ်၏။
“ဒီကောင်ရဲ့ အားနည်းချက်က ၃၄ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှာ ပေါ်လာတာ။ သူ့ကျောပေါ်က အစက်ကလေး သုံးစက်ကို ဖိလိုက်မယ်ဆိုရင်...”
“သူ့ရဲ့ တိုက်ခိုက်မှု အတိုင်းအတာက အန္တရာယ်ရှိပေမဲ့ အဝေးပစ် တိုက်ခိုက်မှု လုပ်ပြီးရင်တော့ သူ့ ဟာကွက် ပေါ်လာလိမ့်မယ်...”
“ဘော့စ်ရဲ့ အားနည်းချက်က စအိုပဲ...”
ဟန်ဆိုယောင်းနှင့် အတူရှိနေခြင်းက ပို၍ သက်သောင့်သက်သာ ရှိလှသည်။
“အိုကေ၊ စအိုပေါ့”
ကျနော်က အချက်အလက်တွေကို ဘယ်လိုသိသလဲဆိုတာ ရှင်းပြနေစရာ မလိုသကဲ့သို့ ဟန်ဆိုယောင်းကလည်း ကျနော် ပြောသမျှကို သံသယ မဝင်ခဲ့ချေ။
ရလဒ်အနေဖြင့် ကျနော်တို့တွေ ကြယ်အမွေအနှစ် နှစ်ခု ရရှိခဲ့သည်။ တစ်ခုမှာ ထိုလွင်ပြင်ထက်၌သာ ကြယ်အမွေအနှစ်အဖြစ် အသုံးဝင်သော SSS-အဆင့် ကြယ်အမွေအနှစ် ဖြစ်သည်။
[SSS-အဆင့် ဖာရာရီဂီနီ]
ဤကားသည် ထုတ်လုပ်ရေး လုပ်ငန်းရှင် ဖန်တီးထားသော SSS-အဆင့် ပစ္စည်းတစ်ခု ဖြစ်သည်။
ရှေ့နှင့် နောက်တွင် တပ်ဆင်ထားသော SSS-အဆင့် မှော်စက်သေနတ်သည် ရန်အမြောက်အမြားကို ဖျက်ဆီးရန် အသုံးဝင်သည့်အပြင် မှော်စွမ်းအင် အသုံးမပြုဘဲ လေ၏လမ်းစဉ်ကဲ့သို့ လျင်မြန်စွာ ရွေ့လျားနိုင်လေ၏။
ထို့ကြောင့်ပင် ကျနော်တို့ လွင်ပြင်ထက်၌ ကားမောင်းရသည့် အရသာကို ခံစားနိုင်ခဲ့ကြသည်။
ဘယ်လိုပြောရမလဲ။ ဒါက အဆင့်မြင့် နောက်ပြန်ဆုတ်သူ တစ်ယောက်ရဲ့ ဘဝမျိုးလား။
ယူဂျွန်ဟော့အပေါ် ကျနော် တစ်ကျော့ပြန် မကျေမနပ် ဖြစ်မိသည်။ ကျနော်က ဇာတ်ဝင်ခန်းကို ဖြိုဖျက်နေချိန်တွင် သူကတော့ ဤကဲ့သို့အရာများကို ခံစားနေခဲ့ခြင်း ဖြစ်၏။
ဟန်ဆိုယောင်းသည် ကျနော့်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေ၏။ ဟန်ဆိုယောင်းသည် ဘေးထိုင်ခုံပေါ်တွင် မတ်တပ်ရပ်ကာ လက်မောင်းများကို မြှောက်လျက် အော်ဟစ်လိုက်သည်။
“ငါ ဘယ်တော့မှ အနိုင်ကျင့်ခံ လူအဖြစ် မနေတော့ဘူး။ ငါ့အတွက် ငါပဲ တစ်ကိုယ်ကောင်းဆန်ဆန် နေတော့မယ်”
‘ကိုယ့်အတွက်ပဲ ရှင်သန်တယ်’ ဆိုသည့် ထိုသစ္စာရှိ နောက်ပြန်ဆုတ်သူ၏ အတွေးအခေါ်ကို ကျနော် တစ်ခုခု ပြန်ပြောချင်မိသည်။
[နက္ခတ်များစွာသည် ကိုယ်စားလှယ် ‘ဟန်ဆိုယောင်း’ ၏ စိတ်လှုပ်ရှားဖွယ် စကားလုံးများအပေါ် သဘောကျနေကြပါသည်။]
[နက္ခတ်များစွာသည် ဟန်ဆိုယောင်း၏ အပြုအမူကို ထောက်ခံကြပါသည်။]
[ဒင်္ဂါး ၂၀,၀၀၀ ရရှိပါသည်။]
ပြေးလာကြသော သားရဲများသည် ဖာရာရီဂီနီ၏ အားပြင်းသောမှော်ကျည်ဆံကြောင့် ပေါက်ကွဲသွားကြသည်။ ဟန်ဆိုယောင်းသည် ဒင်္ဂါးများ စုဆောင်းရသဖြင့် ပျော်ရွှင်နေပြီး အော်ဟစ်လိုက်၏။
“ကင်ဒေါ့ဂျာ။ နင်လည်း တစ်ခုခု ပြောဦးလေ။ ဒီလိုမျိုး နင် ဘယ်တော့ ထပ်ခံစားရမှာလဲဆိုတာကို မသိနိုင်ဘူးဟ”
ကျနော် ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ အနည်းငယ်တော့ ရှက်မိသော်လည်း ဟန်ဆိုယောင်း၏ စကားကို ကျနော် သဘောတူလေသည်။
စဉ်းစားကြည့်မည်ဆိုလျှင် ကျနော့်ဘဝက ဘယ်တုန်းကမှ အဆင်မပြေခဲ့ချေ။ ကျနော်သည် အမြဲတမ်း အချိန်ပို အလုပ်ဆင်းရသည့်ဒဏ်ကို ခံစားခဲ့ရသည်။ ဖာရာရီ ပြိုင်ကားဆိုသည်မှာ ဝေးစွ။ တစ်ပတ်ရစ်ကား ဝယ်ရန်ပင် ပိုက်ဆံမရှိသဖြင့် အများသုံး သယ်ယူပို့ဆောင်ရေးကိုသာ အသုံးပြုခဲ့ရသည်။
ထို့ကြောင့်... ကျနော်လည်း ခံစားမိသည်။ ကျနော် တုံ့ဆိုင်းနေပြီးမှ တိုးညှင်းသော အသံဖြင့် အော်ဟစ်လိုက်၏။
“ငါ-ငါက အဓိကဇာတ်ကောင်ပဲ”
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် အရှက်သည်းစွာဖြင့် မျက်လုံးများကို ဖုံးအုပ်ထားပါသည်။]
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ရုပ်သံလိုင်း ပြောင်းရန် စဉ်းစားနေပါသည်။]
[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်သည် သင်၏ ဂျွန်အီဗျောင် စကားလုံးများအပေါ် သဘောကျသွားပါသည်။]
ချီး... ငါကျတော့ ဘယ်လိုတွေတုန့်ပြန်နေတာလဲ။
ဒါနဲ့... အခုအချိန်ဆိုရင် သုခဘုံမှာ ကိစ္စတွေ ဖြစ်ပျက်နေလောက်ပြီ။ ဒါက မူရင်းဝတ္ထုထဲကအတိုင်းဆိုရင် အဖွဲ့ဝင်တွေက ကောင်းကောင်း လုပ်ဆောင်နိုင်ကြမှာသေချာတယ်။
မကြာသေးမီကအထိ ကိစ္စအဝဝသည် အဆင်ပြေနေခဲ့သည်။ အကယ်၍ ဤအတိုင်း ဆက်သွားမည်ဆိုလျှင် ဇာတ်ဝင်ခန်းသည် မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားပေလိမ့်မည်...
[ကြီးမားသော ကံကြမ္မာတစ်ခုက သင်၏ သေဆုံးမှုကို မျှော်လင့်နေပါသည်။]
...ဘာလဲဟ။
အခန်း ၁၆၃
- အပိုင်း ၃၂ - ကင်ဒေါ့ဂျာ၏ အချစ် (၂)
ကျနော် နားကြားမှားသလားဟု ထင်မိသဖြင့် နားကို ပြန်နှိုက်ကြည့်မိသည်။ သို့သော်လည်း စနစ်၏ မက်ဆေ့ချ်က ပြောင်းလဲမသွားခဲ့ချေ။
[ကြီးမားသော ကံကြမ္မာတစ်ခုက သင်၏ သေဆုံးမှုကို မျှော်လင့်နေပါသည်။]
ဘာလဲဟ။
ကျနော့်စိတ်ထဲ ရှုပ်ထွေးသွားသောကြောင့် ဘရိတ်ကို ဆောင့်နင်းမိလိုက်သည်။ ရုတ်တရက် ကားရပ်လိုက်သောကြောင့် ဟန်ဆိုယောင်းက အော်ဟစ်၏။
“ဘာဖြစ်တာလဲ။ ငါ အခုမှ နေလို့ကောင်းနေတာကိုဟာ”
“ခဏလောက် ငြိမ်ငြိမ်နေစမ်းပါ”
ကျနော် နောက်တစ်ကြိမ် ပြန်နားထောင်ကြည့်သည်။ ဤတစ်ကြိမ်တွင်တော့ မက်ဆေ့ချ်နှင့်အတူ အသံတစ်ခုပါ ပေါ်လာခဲ့သည်။
[ကြီးမားသော ကံကြမ္မာတစ်ခုက သင်၏ သေဆုံးမှုကို မျှော်လင့်နေပါသည်။]
ဒါက သုံးကြိမ်မြောက် ရှိပြီ ဖြစ်သည်။ ကျနော် တံတွေး တစ်ချက် မျိုချမိ၏။
ချီး။ မူရင်းဝတ္ထုထဲမှာ ‘ကံကြမ္မာ မက်ဆေ့ချ်’ သုံးကြိမ် ပေါ်လာခဲ့တဲ့ အဖြစ်အပျက်မျိုး ရှိခဲ့ဖူးလို့လား။
ကျနော် ပြန်စဉ်းစားကြည့်သည်။ မူရင်းဝတ္ထုထဲတွင် ယခုကဲ့သို့ ကံကြမ္မာမက်ဆေ့ချ်ပေါ်လာဖူးသည်က... ၇၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ယူဂျွန်ဟော့ ဖြစ်သည်။ ထိုစဉ်က ယူဂျွန်ဟော့သည် ငရဲဘုရင် ‘ယာမ’ ကြောင့် အမည်တပ်ခြင်း ခံခဲ့ရသည်။
ချီး... ဘာတွေ ဖြစ်လာတော့မှာလဲ။
ဟန်ဆိုယောင်းက မျက်မှောင်ကြုတ်လျက် ထပ်မေးပြန်သည်။
“ဘာလို့လဲ။ ဘာဖြစ်နေတာလဲလို့”
“တစ်ယောက်ယောက်က ငါ့ကံကြမ္မာကို ဖတ်လိုက်ပြီ”
“...ကံကြမ္မာဟုတ်လား”
ကံကြမ္မာဆိုသည်မှာ Ways of Survival ထဲက ‘ဖြစ်နိုင်စွမ်း’ ကဲ့သို့ပင် ကြောက်စရာကောင်းလှသည်။ အတိအကျ ပြောရမည်ဆိုလျှင် ကံကြမ္မာဆိုသည်မှာ ‘ဖြစ်နိုင်စွမ်း’ ကို အသုံးပြုသည့် အင်အားတစ်ခု ဖြစ်သည်။ သို့သော်လည်း ကံကြမ္မာဆိုသည့် အမည်ဖြင့် ခေါ်ဆိုရသည့် အကြောင်းရင်း ရှိသည်။ အဘယ်ကြောင့်ဆိုသော် ‘ကံကြမ္မာ’ ဆိုသည်မှာ ၎င်းတို့ စုဆောင်းထားသော ဖြစ်နိုင်စွမ်းများကို ကျင့်သုံးသည့် နက္ခတ်များ၏ စွမ်းအား ဖြစ်သောကြောင့်ပင်။
“အာ… ခဏလေး။ အဲ့ဒါ ငါ ခပ်ရေးရေး သိနေသလိုပဲ...”
“ဝတ္ထုရဲ့ အစပိုင်းမှာ ခဏလောက် ဖော်ပြခဲ့ဖူးတယ်လေ”
“ကံကြမ္မာဆိုတာ... အနာဂတ်မြင်ကွင်းနဲ့ ဆင်တူတာလား”
“ဆင်တူပေမဲ့ ကွဲပြားတယ်”
တကယ်တော့ အလွန် ကွဲပြားပေသည်။ ကံကြမ္မာကို ဖတ်ရှုခြင်းသည် ‘အနာဂတ်ရဲ့ အချက်အလက်’ ကို ဖတ်ရုံမျှနှင့် မရိုးရှင်းချေ။ ပို၍ပင် အန္တရာယ် များလှ၏။
“အနာဂတ်မြင်ကွင်းက ခန့်မှန်းလို့ရတဲ့ အနာဂတ်ကို တစေ့တစောင်း ကြည့်တာဆိုရင်၊ ကံကြမ္မာက ခန့်မှန်းလို့ရတဲ့ အနာဂတ်ကို အတင်းအကျပ် ဖြစ်စေတဲ့ စွမ်းအားပဲ”
ဟန်ဆိုယောင်း နားလည်ပါ့မလားဟု ကျနော် မသိသဖြင့် ထပ်လောင်း ရှင်းပြလိုက်သည်။
“ဥပမာ၊ ငါ ကားလီဗာကို ငါးစက္ကန့်လောက် နင်းထားမယ် ဆိုပါစို့။ အဲ့ဒီမှာ အနာဂတ်မြင်ကွင်းနဲ့ ကြည့်မယ်ဆိုရင် ငါက ကားမောင်းနေတာကို တွေ့ရမှာ မဟုတ်လား”
“...အေးပေါ့”
“ဒါပေမဲ့ ငါက အနာဂတ် အချက်အလက်ကို သိနေတဲ့အတွက် လီဗာကို မနင်းဘဲလည်း နေလို့ရတယ်”
“အဲ့ဒါက ဖြစ်နိုင်ပါတယ်”
“ကံကြမ္မာကတော့ မတူဘူး။ တကယ်လို့ တစ်ယောက်ယောက်က ‘ကင်ဒေါ့ဂျာဟာ ငါးစက္ကန့်ကြာအောင် လီဗာကို နင်းလိမ့်မယ်’ ဆိုတဲ့ ကံကြမ္မာကို ဖတ်လိုက်ရင် အဲ့ဒီ ကံကြမ္မာကို ပြန်မရုပ်သိမ်းမချင်း ဒါမှမဟုတ် ဖြစ်မလာမချင်း အတင်းအကျပ် ဖြစ်လာစေလိမ့်မယ်။ အရိုးရှင်းဆုံး ပြောရရင်...”
“နင်က လီဗာကို နင်းကို နင်းရမယ်ပေါ့”
ကျနော် ခေါင်းညိတ်ပြလိုက်သော်လည်း ဟန်ဆိုယောင်းက ထူးဆန်းသလို ပြောလာသည်။
“ဒါနဲ့၊ အဲ့ဒါက နည်းနည်း ထူးဆန်းမနေဘူးလား”
“ဘာဖြစ်လို့လဲ”
“ဖြစ်နိုင်စွမ်းနဲ့ မကိုက်ညီဘူးလေ။ နင့်ပြောစကားအရဆိုရင် ‘ကံကြမ္မာ’ ဆိုတာ ဇာတ်ဝင်ခန်းထဲကို ဝင်ရောက်စွက်ဖက်တဲ့ အင်အားတစ်ခုပဲ၊ ဒါပေမဲ့ ဘယ်သူက အဲ့ဒါကို အတင်းအကျပ် လုပ်နိုင်မှာလဲ”
“ဘယ်သူလဲ ဆိုတော့...”
မူအားဖြင့် ဒိုကဲဘီများသည် ဇာတ်ဝင်ခန်းထဲကို မစွက်ဖက်နိုင်ကြချေ။ ထို့ကြောင့် ဝင်ရောက်စွက်ဖက်နိုင်သော တည်ရှိမှုမှာ တစ်ခုသာ ရှိသည်။ ဟန်ဆိုယောင်းက အဖြေကို ချက်ချင်း သိသွားသည်။
“နက္ခတ်တစ်ပါး ဖြစ်ရင်တောင် တစ်ပါးထဲနဲ့တော့...”
“တစ်ပါးထဲ ဟုတ်မနေလို့ ပြဿနာဖြစ်နေတာဟ”
“ဘာဖြစ်တယ်”
“နက်ဗျူလာကြီးတွေကပဲ ကံကြမ္မာကို ဖတ်နိုင်ကြတာ”
ထိုစဉ် ကျနော်တို့ အရှေ့တွင် ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ တစ်စုံတစ်ခုက ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ချဉ်းကပ်လာနေ၏။ ချဉ်းကပ်လာသောအရာသည် ယခင်က ကျနော်တို့ တွေ့ခဲ့ဖူးသော တခြားဒိုင်မင်းရှင်းက သားရဲများနှင့် လုံးဝ ကွဲပြားသည်။
ဟန်ဆိုယောင်း၏ မျက်နှာ ဖြူဖျော့သွားသည်။
“...ကင်ဒေါ့ဂျာ၊ နင် ရခဲ့တဲ့ ကံကြမ္မာ မက်ဆေ့ချ်ကို တိတိကျကျ ပြေပြပေးပါလား”
“ငါ သေလိမ့်မယ်တဲ့”
“ချီး။ အဲ့ဒါကို အရင် ပြောရမှာလေဟာ။ ဘာလို့ အမြဲတမ်း တစ်ခုပြီး တစ်ခုကြုံနေရတာလဲ”
ဟန်ဆိုယောင်းက တံတွေးထွေးကာ ကားထဲမှ ထွက်ရန် ပြင်လိုက်သည်။ သူတို့ အရှေ့တွင် တည်ရှိမှုတစ်ခု ပေါ်လာ၏။ ကျနော်က မကျိုးပဲ့နိုင်သော ယုံကြည်မှုဓါးကို ရောင်ပြန်ဟပ်စွာ ဆွဲထုတ်လိုက်သော်လည်း ထိုသူက အရင် စကားပြောလာသည်။
“ကင်ဒေါ့ဂျာ။ မင်းကို ငါ ပြောစရာ ရှိတယ်”
သူ့ကို မြင်ဖူးသည်မှာ ပထမဆုံး အကြိမ် ဖြစ်သော်လည်း သူ၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်နေသော စွမ်းအင်များကို ကျနော် ရင်းနှီးနေခဲ့သည်။ သူသည် ရန်သူမဟုတ်ကြောင်း ကျနော် ဗီဇအရ ခံစားလိုက်မိလေသည်။
“ခင်ဗျားက...”
မွှေးပျံ့သော ဝိုင်နံ့ကို ရရှိလိုက်ပြီး စိတ်လှုပ်ရှားနေသော အငွေ့အသက်ကို ခံစားလိုက်ရသည့် ခဏတွင် ထိုသူမှာ မည်သူဖြစ်ကြောင်း ကျနော် သိရှိသွားသည်။
“...ကျနော် သေရတော့မယ်လို့ လာပြောတာလား”
ကျနော် မေးလိုက်၏။
အရက်နံ့များ ထွက်ပေါ်နေသော ဒီယွန်နီဆပ်၏ ကိုယ်စားလှယ်သည် သူ၏ မျက်လုံးအိမ်ဖြူများဖြင့် ကျနော့်ကို ကြည့်ကာ ပြုံးပြသည်။
“အာ…. မင်းက သိနှင့်နေတာလား”
ကျနော့်အနေဖြင့် ဒီယွန်နီဆပ်အပေါ် အမြင် ကောင်းရှိ၏။ သူသည် ပွဲတော်ကျင်းပရာနေရာသို့ သွားသည့်လမ်းတွင် ကျနော့်ဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့ဖူး၏။ သို့သော်လည်း ထိုစဉ်က အခြေအနေမှာ ယခုအခြေအနေနှင့်တော့ မတူညီချေ။ ကျနော်သည် သတိထားနေသော လေသံဖြင့် စကားဆိုလိုက်သည်။
“ကျနော့်ရဲ့ ကံကြမ္မာကို ဖတ်လိုက်တဲ့သူတွေက ခင်ဗျားတို့လား”
“ဟုတ်တယ်။ အိုလံပတ်စ်က မင်းရဲ့ ကံကြမ္မာကို ဖတ်လိုက်တာ။ ဒါပေမဲ့ ငါက အဲ့ဒီထဲမှာ ပါသလားလို့ မေးရင်တော့ မပါဘူးလို့ ပြောရမှာပဲ”
“အဲ့ဒါက ဘာကို ဆိုလိုတာလဲ”
ဒီယွန်နီဆပ်၏ ကိုယ်စားလှယ်က ပြုံးရုံသာ ပြုံးနေ၏။ ထိုအပြုံးကို မြင်လိုက်ရသည့် ခဏတွင် အတွေးတစ်ခု ကျနော့်ခေါင်းထဲ ဝင်လာသည်။
“မဟုတ်မှလွဲရော အိုလံပတ်စ်က အုပ်စုကွဲနေတာလား”
“မင်းက တကယ်ကို ထက်မြက်တာပဲ”
...ဖြစ်ပျက်လာတာတွေက အရမ်းစောလိုက်တာကွာ။
ဤဖြစ်စဉ်တိုးတက်မှုမှာ မူရင်းထက် ပိုမိုမြန်ဆန်နေသည်။ အိုလံပတ်စ် အုပ်စုကွဲမည်ဟု သတ်မှတ်ထားသော်လည်း အနည်းဆုံး ဇာတ်ဝင်ခန်း ၁၀ ခုခန့် ပြီးမှ ဖြစ်သင့်၏။
“အိုလံပတ်စ် တစ်ခုထဲ မဟုတ်ဘူး။ နက္ခတ်တွေ အများကြီးက မင်းကို ပစ်မှတ်ထားနေကြတာ။ သူတို့တွေက အရမ်းကို အစွမ်းထက်ပြီး အင်အားကြီးတဲ့ တည်ရှိမှုတွေပဲ”
ကျနော် မျှော်လင့်ထားပြီးသား ဖြစ်သည်။ ထိုသို့သာ မဟုတ်လျှင် ကျနော့်၏ ‘ကံကြမ္မာ’ က ဤမျှအထိ လွှမ်းမိုးမှုကြီးမားနေမည် မဟုတ်ချေ။
“သူတို့က ဘာလို့ ကျနော့်ကို ပစ်မှတ်ထားနေတာလဲ”
“အဲ့ဒီ အစွမ်းထက်တဲ့သူတွေက မင်းရဲ့ လွှမ်းမိုးမှုကို ကြောက်နေကြလို့ပေါ့”
“ကျနော်က အခုမှ စတင်လာတဲ့ နက္ခတ်လေး တစ်ခုပဲလေ”
“အဲ့ဒါကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာမြေမှာ စတင်ခဲ့တဲ့ ဇာတ်ဝင်ခန်းက အရမ်းကို ထူးခြားတယ်။ တချို့ နက္ခတ်တွေကတော့ ဒါဟာ ငါတို့တွေ အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့ ဇာတ်ဝင်ခန်းလို့ ယုံကြည်နေကြတယ်။ အာ... အဲ့ဒီလို မျက်နှာပေးမျိုး မလုပ်ပါနဲ့။ မင်း နားလည်အောင် ငါ ပြောနေတာ မဟုတ်ပါဘူး”
ကျနော့် မျက်နှာက အမြဲတမ်း ဤအတိုင်းသာ ဖြစ်ကြောင်း ပြောချင်သော်လည်း ဒီယွန်နီဆပ်က ဆက်ပြောလာသည်။
“ဘာပဲဖြစ်ဖြစ် ဒီဇာတ်ဝင်ခန်းက ငါတို့အတွက် အရမ်း အရေးကြီးတယ်ဆိုတာကို သိထားရင် ရပြီ။ အဲ့ဒီနောက်မှာတော့ မင်းက ဇာတ်ဝင်ခန်းထဲမှာ ပေါ်လာခဲ့တယ်”
“ကျနော် ဘာလုပ်မိလို့လဲတော့ မသိပေမဲ့ တစ်ခုခုကို အနှောင့်အယှက် ပေးနေမိတာပဲ ဖြစ်မှာပါ”
“ဟုတ်တယ်။ မင်းက အဟန့်အတား တစ်ခု ဖြစ်လာမှာ အသေအချာပဲ။ မင်းက တခြား နက္ခတ်တွေထက် ဖြစ်နိုင်စွမ်းရဲ့ လွှမ်းမိုးမှုကို လျော့နည်းပြီး ခံရလိမ့်မယ်။ မင်းက တခြား ကိုယ်စားလှယ်တွေထက်စာရင် အံ့ဩစရာကောင်းတဲ့ တိုးတက်မှုနဲ့ ခွန်အားတွေ ရှိနေတယ်။ အဲ့ဒါကြောင့် တချို့ နက်ဗျူလာတွေက မင်းကို သိမ်းသွင်းဖို့ ဒါမှမဟုတ် ဖယ်ရှားပစ်ဖို့ ယုံကြည်နေကြတာ”
ကျနော် ဒီယွန်နီဆပ်ကို ခေတ္တမျှ ကြည့်လိုက်သည်။
“ခင်ဗျားက ဘာလို့ ကျနော့်ကို ဒီအချက်အလက်တွေ လာပြောပြနေတာလဲ”
ဒါက ကျနော် အသိချင်ဆုံး အရာပင်။ အဘယ်ကြောင့် ဒီယွန်နီဆပ်က ကျနော့်အပေါ် စေတနာထားနေရသနည်း။
“ငါက မင်းရဲ့ ဇာတ်လမ်းကို ကြိုက်လို့ပေါ့”
ဒီယွန်နီဆပ်က အားရပါးရ ရယ်မောရင်း ထပ်ပြောလိုက်သည်။
“ငါနဲ့ တချို့ နက္ခတ်တွေက မင်းဟာ ■■ ဆီကို ရောက်ရှိနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြတယ်”
…………………………………………………………………………………………..
ယောင်ဟီဝန်နှင့် အဖွဲ့သည် တစ်နေ့လုံး သုခဘုံ၏ အကျဉ်းထောင်ကို စူးစမ်းရှာဖွေရင်း ကုန်ဆုံးခဲ့ကြသည်။ လူအင်အား အမြောက်အမြားဖြင့် တစ်ပြိုင်နက်တည်း ကျူးကျော်ဝင်ရောက်ရန် နည်းလမ်းမရှိသောကြောင့် အဖွဲ့သားများသည် လူခွဲ၍ နည်းလမ်းရှာဖွေရန် ဆုံးဖြတ်ခဲ့ကြ၏။ ယောင်ဟီဝန် ရွေးချယ်ခဲ့သော နည်းလမ်းမှာ ရိုးရှင်းလှသည်။
'ငါ ရောနှောပြီး လိုက်သွားလိုက်မယ်'
မွန်းလွဲပိုင်းတွင် ရာဇဝတ်သားအသစ်များ ပေါ်လာခဲ့သည်။ ယူရီအယ်က ယောင်ဟီဝန်ကို 'တစ်ကိုယ်တည်းနေသူ၏ ဝတ်ရုံ' ကို ပေးအပ်ခဲ့ပြီး အကျဉ်းထောင်တံခါး ဖွင့်ထားစဉ်တွင် ယောင်ဟီဝန်သည် အစောင့်များနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့၏။ အစောင့်များနှင့် အဖမ်းခံရသော ရာဇဝတ်သားများသည် ယောင်ဟီဝန်၏ တည်ရှိမှုကို မရိပ်မိဘဲ မြေအောက်တံခါးကို ဖြတ်ကျော်သွားကြသည်။
အကျဉ်းထောင်မှာ ယောင်ဟီဝန် ထင်ထားသည်ထက် ပို၍ နက်ရှိုင်းလှပြီး မှောင်မိုက်မှုမှာလည်း စိတ်ကူးထားသည်ထက် ကျော်လွန်နေ၏။
'ငါတို့ ဘယ်အထိ ဆင်းနေကြတာလဲ'
ယောင်ဟီဝန် နားမလည်နိုင်သော အနက်ပေမျိုး ဖြစ်သည်။ အကျဉ်းထောင်တစ်ခု ဖြစ်သော်ငြား အဘယ်ကြောင့် ဤမျှအထိ နက်ရှိုင်းနေရန် လိုအပ်သနည်း။ သွားလာရသည်မှာလည်း အလွန်အမင်း အဆင်မပြေနိုင်ချေ။
ယောင်ဟီဝန် သံသယဝင်နေစဉ်တွင် အစောင့်များ၏ ခြေသံများ ရပ်တန့်သွားသည်။ ထူးဆန်းသည်မှာ သူတို့အားလုံးသည် တင်းမာနေပုံရ၏။
"မင်းတို့အားလုံး ဟိုဘက်ကို ဆက်တိုးသွားလိုက်။ ငါတို့ အခုချက်ချင်း ပြန်ထွက်မယ်"
အစောင့်များသည် ဤနေရာမှာ သူတို့ မဝင်ရောက်သင့်သည့် နေရာတစ်ခုကဲ့သို့ ကြောက်ရွံ့နေကြသည်။ ကြောက်စရာ ကောင်းသော အစောင့်တပ်ဖွဲ့ ခေါင်းဆောင်ပင်လျှင် ထိုနည်းတူပင် ဖြစ်၏။ ထို့နောက် ထူထဲသော သံတံခါးကြီး ပွင့်သွားပြီးနောက်တွင် သံတိုင်များဖြင့် ပြည့်နှက်နေသော အဝင်ပေါက်တစ်ခုကို တွေ့လိုက်ရသည်။ သံတိုင်များမှာ အလွှာပေါင်းများစွာ ရှိနေ၏။ ထိုနေရာမှာ လူသားများကို ပိတ်လှောင်ထားရန် အလွန်အမင်း ကာကွယ်ထားသော အကျဉ်းထောင်တစ်ခု ဖြစ်သည်။
"အားလုံး အထဲဝင်ကြ"
အစောင့်များသည် အကျဉ်းသားများကို အထဲသို့ မောင်းသွင်းလိုက်ပြီးနောက် အမြန်ဆုံး ထွက်ခွာသွားကြ၏။
"အား..."
"ကယ်ကြပါဦး"
ယောင်ဟီဝန်သည် အကျဉ်းသားများကြားတွင် ရောနှောပါဝင်သွားပြီး ထိုမြင်ကွင်းကို ကြည့်ကာ တွန့်ဆုတ်သွားသည်။ ဤလူများကို အဘယ်ကြောင့် ဤနေရာသို့ ပစ်ချထားရသနည်း။ ဤနေရာတွင် ဘာတွေ ဖြစ်ပျက်နေသနည်း။
"အ... အဲ... ဒီနေရာက ဘာနေရာကြီးလဲ"
အကျဉ်းသားများသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။ အလင်းရောင် အနည်းငယ် ရှိသော်လည်း အလွန်အမင်း မှောင်မိုက်နေ၏။ ယောင်ဟီဝန်တွင်လည်း အမှောင်ထဲတွင် မြင်နိုင်စွမ်းရှိသော စွမ်းရည်မရှိပါက ဤအမှောင်ထုထဲတွင် လမ်းပျောက်နေမည်မှာ အသေအချာပင်။
'ဒါက အကျဉ်းထောင်လား'
ယောင်ဟီဝန် သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း အကျဉ်းထောင်တစ်ခုနှင့် လုံးဝ မတူညီချေ။ ပတ်ဝန်းကျင် ရှုခင်းမှာ သဘာဝလိုဏ်ဂူတစ်ခုနှင့် ပို၍ တူညီနေပြီး အကျဉ်းသားများအကြား ခွဲခြားနိုင်မည့် နည်းလမ်းလည်း မရှိချေ။ မဟုတ်သေး၊ အစကတည်းက ဤနေရာတွင် ပိတ်မိနေသည့် အခြားအကျဉ်းသားများလည်း မရှိချေ။
'အစားအစာ ဝေငှတာကကော ဘယ်လိုလုပ်မှာလဲမသိဘူး။ ဒါက ဘာကြီးလဲဟ'
၎င်းမှာ လုံးဝ နားမလည်နိုင်သော 'ဇာတ်ဝင်ခန်း' စနစ်တစ်ခု ဖြစ်နေလေသည်။ ယောင်ဟီဝန် နှင့်အတူ ပါလာသော အကျဉ်းသားများလည်း စိတ်ရှုပ်ထွေးနေကြ၏။
"ငါတို့ ဒီမှာ ဘာလုပ်ရမှာလဲ"
"ဘယ်သူရှိလဲ"
ကြောက်လန့်နေသော အကျဉ်းသားများက အော်ဟစ်သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရှိချေ။ ထိုအစား အမှောင်ထုထဲမှ မသဲကွဲသော အသံများကိုသာ ကြားလိုက်ရသည်။
ယောင်ဟီဝန်သည် 'မိစ္ဆာသုတ်သင်ခြင်း' ဓါးကို ဖြည်းညှင်းစွာ ထုတ်လိုက်၏။ ယောင်ဟီဝန် ဤနေရာသို့ ခြေချလိုက်သည့် ခဏတွင်ပင် ယောင်ဟီဝန် ၏ ဓါးမှာ ပို၍ ပြင်းထန်စွာ တုန်ခါလာသည်။
'ဒါက...'
ခြောက်ခြားဖွယ်ရာ ခံစားမှုတစ်ခုက ယောင်ဟီဝန် ၏ ကျောပြင်ဆီသို့ ရောက်ရှိလာပြီး ယောင်ဟီဝန်က အော်ပြောလိုက်သည်။
"အားလုံး ထွက်ပြေးကြတော့"
သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သားရဲများသည် အမှောင်ထဲမှ ပြေးထွက်လာပြီး လူများကို ခုန်အုပ်လိုက်ကြ၏။
"အား..."
"ကယ်ကြပါဦး။ အား..."
ကျားသစ်ကဲ့သို့ သတ္တဝါများသည် လူများ၏ လက်မောင်နှင့် ခြေထောက်များကို ရမ်းသန်းကိုက်ဖြတ်နေကြသည်။ လူများ၏ ခြေလက်များသည် ကစားစရာများကဲ့သို့ စုတ်ပြတ်သတ်သွားပြီး သွေးများ ပန်းထွက်ကုန်၏။
မူလက ယောင်ဟီဝန် သည် ဂူမိုဘူတာမှ အမျိုးသမီးကို ကယ်တင်ရန်သာ ရည်ရွယ်ခဲ့သော်လည်း အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အဆင့် ၁၀ နီးပါး ရှိနေသော 'မိစ္ဆာသုတ်သင်ခြင်း' စွမ်းရည်မှာ အသက်ဝင်လာပြီး အနီရောင် အရှိန်အဝါတစ်ခုမှာ ယောင်ဟီဝန် ၏ ခန္ဓာကိုယ်ကို ပတ်ပတ်လည် ဝိုင်းရံသွား၏။
ယောင်ဟီဝန် ၏ ဓါးသိုင်းသည် လေထဲတွင် ပြီးပြည့်စုံသော မျဉ်းတစ်ကြောင်းကို ဆွဲလိုက်သည်။ ကျားသစ်၏ ခန္ဓာကိုယ်မှာ သေသပ်သော မျဉ်းအတိုင်း နှစ်ခြမ်းကွဲသွား၏။ ဒေါသထွက်နေသော ကျားသစ်များသည် ယောင်ဟီဝန် နောက်သို့ ဆက်တိုက် လိုက်လာသော်လည်း ယောင်ဟီဝန် သည် ထိုသားရဲများကို ရှင်းလင်းပစ်ခဲ့၏။
ယောင်ဟီဝန်၏ စွမ်းအားမှာ မိစ္ဆာများ ဝိုင်းရံနေသော နေရာတွင် အထွတ်အထိပ်သို့ ရောက်ရှိသွား၏။
"မင်း ဘယ်သူလဲဆိုတာ မသိပေမဲ့ ကျေးဇူးတင်ပါတယ်..."
အမှောင်ထဲမှ လူများသည် ယောင်ဟီဝန် ၏ တည်ရှိမှုကို သိရှိသွားပြီး ကျေးဇူးတင်ကြသည်။ သို့သော်လည်း ယောင်ဟီဝန်မှာ ထိုကျေးဇူးတင်စကားများကို လက်ခံရန် အချိန်မရှိချေ။ ယောင်ဟီဝန် သည် ထိုကျားသစ်များ၏ မျက်နှာကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
'ဒါက ဘာကြီးလဲ'
ထိုကျားသစ်များတွင် လူသားမျက်နှာများ ရှိနေ၏။ ယောင်ဟီဝန်သည် အမှောင်ထုထဲသို့ အလိုအလျောက် ပြေးဝင်သွားသည်။
ယောင်ဟီဝန် ၏ အာရုံခံစားမှု အားလုံးသည် ကြောက်လန့်မှုကြောင့် အေးစက်သွား၏။
ယောင်ဟီဝန် ပြေးသွားရင်း မကြာမီတွင် တိုင်းတာ၍မရနိုင်လောက်သည့် ဧရာမ လိုဏ်ဂူကြီးတစ်ခုဆီသို့ ရောက်ရှိသွားတော့သည်။ တိတိကျကျ ပြောရလျှင် ထိုဂူမှာ လိုဏ်ဂူတစ်ခု မဟုတ်ချေ။ ထိုအထဲတွင် မရေမတွက်နိုင်သော သားရဲများ ရှိနေ၏။ ဤနေရာမှာ မိစ္ဆာနယ်မြေ၏ နယ်စပ်နှင့် တူညီနေလေသည်။
ပဉ္စမအဆင့်၊ စတုတ္ထအဆင့် နှင့် တတိယအဆင့် မျိုးစိတ်များပင် ရှိနေ၏။ အဆင့်မသိသော သားရဲများလည်း ရှိနေသေးသည်။
ယောင်ဟီဝန်၏ ဟစ်အော်သံ သူတို့ထံသို့ မရောက်ရှိမီမှာပင် မြေပြင်မှာ စတင်တုန်ခါလာပြီး သားရဲများ၏ စားသောက်ပွဲကြီး စတင်လေပြီ။ သားရဲများသည် ပုရွက်ဆိတ်များကဲ့သို့ လိုဏ်ဂူထဲမှ ပြေးထွက်လာကြ၏။ ယောင်ဟီဝန်သည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ငရဲမီးလျှံကို ထပ်မံအသုံးပြုလိုက်သည်။
'ငါ တစ်ယောက်ထဲ မလာခဲ့သင့်ဘူး'
မဟုတ်သေး၊ အကယ်၍ အခြားသူများနှင့်အတူ ယောင်ဟီဝန် လိုက်လာခဲ့လျှင်ကော ဘာတတ်နိုင်ကြမည်နည်း။ လီဟန်းဆောင်နှင့် ကလေးများသည် ဤမျှ ဝေးကွာလှသော ရန်သူများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပါမည်လော။ ထို့အပြင် ယောင်ဟီဝန် တစ်ယောက်တည်း လာခဲ့သည်မှာ ပို၍ ကောင်းမွန်လှ၏။
"အား..."
ယောင်ဟီဝန်သည် 'မိစ္ဆာသုတ်သင်ခြင်း' ဓါးကို ကိုင်စွဲကာ 'ငရဲမီးလျှံ တောက်လောင်ခြင်း' ကို အသုံးပြုနေစဉ် အကျဉ်းသားများသည် သားကောင်အဖြစ် အစားခံနေရသည်။ နတ်ခေါင်ချုပ်၏ မီးလျှံများမှ ထွက်ပေါ်လာသော လောင်မြိုက်သည့် အပူရှိန်ကြောင့် ကြောက်လန့်နေသော မိစ္ဆာများသည် နောက်သို့ ဆုတ်သွားကြပြီး ပို၍ သတိထားလာကြ၏။
ဤရင်ဆိုင်တိုက်ပွဲမှာ မည်မျှအထိ ကြာရှည်နိုင်မည်ကို ယောင်ဟီဝန် မသိချေ။ အချို့သော သားရဲများသည် မီးလျှံများ၏ လှုပ်ရှားမှုကို စောင့်ကြည့်နေပြီး ရှေ့သို့ ခုန်အုပ်ရန် အခွင့်အရေး ချောင်းနေကြသည်။
"အိုး...နင်က နတ်ခေါင်ချုပ်ရဲ့ ကိုယ်စားလှယ်ပဲ"
ထိုအသံထွက်ပေါ်လာသည်နှင့် မီးလျှံများကို မကြောက်ဘဲ ရှိနေသော သားရဲများသည်ပင် အသံတိုးတိုးဖြင့် ညည်းညူကာ နောက်သို့ ဆုတ်သွားကြ၏။
ယောင်ဟီဝန် လှည့်ကြည့်လိုက်သောအခါ ရိန်းဟတ်ကို တွေ့လိုက်ရသည်။ သူက မေးလိုက်၏။
"အစောင့်တပ်ဖွဲ့ရဲ့ ခေါင်းဆောင် လုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား"
"...ရှင် ကျမကို မြင်ပြီးတော့တောင် အဲ့ဒီစကားကို ပြောနိုင်သေးတာလား"
ယောင်ဟီဝန်က သူ့ကို ပြောလိုက်သည်။
"ရှင်က လူလိမ်ပဲ။ သုခဘုံ ဟုတ်လား။ ဇာတ်ဝင်ခန်းရဲ့ ကြောက်မက်ဖွယ်ရာတွေကနေ ဝေးရာကို ပြေးမယ် ဟုတ်လား။ ဒီလို နေရာမျိုးကို တည်ဆောက်ထားပြီးတော့ ကျမကို အဲ့ဒီလို ပြောရဲသေးတာလား"
ယောင်ဟီဝန် သည် 'မိစ္ဆာသုတ်သင်ခြင်း' ဓါးကို ရိန်းဟတ်ဆီသို့ ချိန်လိုက်သည်။ ကင်ဒေါ့ဂျာ ပြောခဲ့သည်မှာ မှန်ကန်လှ၏။ ဤကမ္ဘာပေါ်တွင် သုခဘုံဟူသည် မရှိချေ။ သူတို့သည်... ဇာတ်ဝင်ခန်းကို ဆက်လက် လုပ်ဆောင်ရန်သာ ကံပါလာသူများ ဖြစ်ကြသည်။
ရိန်းဟတ်က ပြောလိုက်သည်။
"မင်း ငါ့ကို သတ်ချင်ရင် သတ်နိုင်ပါတယ်"
"ရှင်ရဲ့ ခွင့်ပြုချက်ကို ကျမ မလိုဘူး"
ယောင်ဟီဝန် သည် ရိန်းဟတ်ကို သတ်ပစ်မည်သာ ဖြစ်၏။ ယောင်ဟီဝန် ၏ ထောက်ပံ့သူထံမှ စွမ်းအားကို ငှားရမ်းကာ ဤကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးကို အဆုံးသတ်ပစ်တော့မည်။
[စီရင်ရမည့်အချိန် အသက်ဝင်လာပါပြီ။]
[အကြွင်းမဲ့ ကောင်းမြတ်ခြင်း နက္ခတ်များသည် သင့်တောင်းဆိုချက်အတွက် အခက်တွေ့နေကြပါသည်။]
အခန်း ၁၆၄
- အပိုင်း ၃၂ - ကင်ဒေါ့ဂျာ၏ အချစ် (၃)
ယောင်ဟီဝန်မှာ အံ့အားသင့်သွား၏။
...အခက်တွေ့နေကြသည် ဟုတ်လား။
မည်သူမဆို ကြည့်လိုက်ရုံနှင့် ရိန်းဟတ်သည် ယုတ်မာသူမှန်း သိနိုင်ပေသည်။ သူသည် မရေမတွက်နိုင်သော သူများကို လှည့်ဖြားခဲ့ပြီး ဤမြေအောက်ဧရိယာတွင် သားရဲများကို ထုတ်လုပ်နေခဲ့ခြင်း ဖြစ်၏။ သူသည် အဘယ်ကြောင့် ယုတ်မာသူ မဖြစ်ရမည်နည်း။
[အကြွင်းမဲ့ ကောင်းမြတ်ခြင်း နက္ခတ်များသည် ကိုယ်စားလှယ် 'ယောင်ဟီဝန်' ထံသို့ တရားစီရင်မှုကို အပ်နှင်းလိုက်ပါသည်။]
ရိန်းဟတ်က ပြောလိုက်၏။
"ငါ့ကို သတ်လိုက်ရင် သုခဘုံ ပျက်စီးသွားလိမ့်မယ်"
ထိုစကားကြောင့် ယောင်ဟီဝန်၏ ငရဲမီးလျှံများမှာ အရှိန်လျော့သွားသည်။ ရိန်းဟတ်၏ မျက်နှာတွင် အားမလိုအားမရ ပြုံးရိပ်တစ်ခု ထင်ဟပ်လာ၏။
"ယောင်ဟီဝန်၊ နင် ဒီမှာ ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး"
"ဘာ..."
"နင် သိသင့်ပါတယ်။ သုခဘုံဆိုတာ ပြီးပြည့်စုံတာမျိုး မဟုတ်ဘူး။ လှပတဲ့ နေရာတစ်ခုမှာ အရိပ်ရှိနေတာက သဘာဝပဲလေ"
ယောင်ဟီဝန် ဘာမှ ပြန်မပြောခဲ့ချေ။ မသိကျိုးကျွန် ပြုခြင်းသည် လှည့်ဖြားမှု တစ်မျိုးပင် ဖြစ်၏။ အမှန်တကယ်တော့ ယောင်ဟီဝန် ဤအကြောင်းကို တွေးဖူးသည်။ ဤနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားတစ်ခု ဖုံးကွယ်ထားရမည်ဟု ယောင်ဟီဝန် တွေးခဲ့သော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟုတော့ မထင်ခဲ့မိပေ...
"ဘာလို့ သားရဲတွေကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နေတာလဲ။ မဟူရာရဲတိုက်ကို သိမ်းပိုက်ဖို့လား"
"ငါ ဘာမှ မလုပ်ပါဘူး။ သူတို့က သုခဘုံအတွက် အာဟာရတွေ ဖြစ်ပေးရုံသက်သက်ပါ"
လိုဏ်ဂူ၏ အလယ်ဗဟိုတွင် ဧရာမ သစ်ပင်စည်ကြီး တစ်ခုကို မြင်တွေ့ရ၏။ သစ်ကိုင်းများသည် အနီးနားရှိ သားရဲများထံသို့ ရေဘဝဲလက်တံများကဲ့သို့ ဆန့်ထွက်နေကြလေသည်။
ထိုသစ်ပင်စည်ကြီးမှာ မည်သည့်နေရာသို့ ဦးတည်နေသည်ကို ယောင်ဟီဝန် သိလိုက်၏။ ကုန်းမြင့်ပေါ်တွင် ပွင့်နေသော 'ထာဝရလှုပ်ရှားမှု'ပန်းပွင့်ထံသို့ ဖြစ်သည်။
ယောင်ဟီဝန်၏ ခြေထောက်များမှာ အလိုလို တုန်ယင်နေမိ၏။ သေချာပေါက် ဤသစ်ပင်သည်...
"မဆန်းဘူးလား။ မဟူရာရဲတိုက်ထဲက မိစ္ဆာမျိုးစိတ်တွေ အများကြီး ရှိနေတာတောင် ဘာလို့ ဒီနေရာကို ကျူးကျော်မလာတာလဲဆိုတာ နင် မသိချင်ဘူးလား"
ထိုအရာကို ထူးဆန်းသည်ဟု ယောင်ဟီဝန်ထင်ခဲ့မိသည်။ သုခဘုံကို ကောင်းချီးပေးခံရသော ခံတပ်တစ်ခုဟု ဖော်ပြရုံဖြင့် မလုံလောက်ချေ။
"ဘာလို့ မဟူရာရဲတိုက်မှာ မိစ္ဆာတွေ ဒီလောက်တောင် များနေရတာလဲ"
အရှိန်အဟုန်ဖြင့် လှုပ်ရှားနေသော သစ်ကိုင်းများသည် လူသားများကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးလိုက်၏။ အကျဉ်းသားများမှာ အော်ဟစ်နေကြသော်လည်း ပြန်လည်ခုခံရန် အခွင့်အရေး မရှိခဲ့ချေ။ လျင်မြန်စွာ လှုပ်ရှားနေသော သစ်ကိုင်းများသည် အကျဉ်းသားများ၏ ခန္ဓာကိုယ်ကို ချည်နှောင်ကာ သစ်ပင်စည်ကြီး၏ အပေါက်ထဲသို့ ပစ်ထည့်လိုက်ကြသည်။
ကြောက်မက်ဖွယ်ကောင်းသော အသံကြီး တစ်ခု ထွက်ပေါ်လာပြီးနောက် ဝိညာဉ်ကို နုတ်ယူခံလိုက်ရသည့်အလား အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။
ခဏအကြာတွင် သစ်ပင်စည်ကြီးပေါ်၌ အဖူးများ ပွင့်လာသည်။ ထိုအဖူးမှ မည်သည့်အရာ ထွက်ပေါ်လာမည်ကို ယောင်ဟီဝန် ခံစားမိလိုက်ပြီး တုန်လှုပ်သွား၏။ မိနစ်အနည်းငယ်အတွင်းမှာပင် ဧရာမ သားရဲကြီး တစ်ကောင်သည် အဖူးထဲမှ ထွက်ပေါ်လာလေသည်။ ထိုသားရဲမှာ သစ်ပင်၏ ဝါးမျိုခြင်းကို ခံလိုက်ရသော လူသားပင် ဖြစ်သည်။
'ထာဝရလှုပ်ရှားမှု' သည် မိစ္ဆာများကို ဖန်တီးသော သစ်ပင် ဖြစ်၏။
ယောင်ဟီဝန်မှာ တဆက်ဆက် တုန်ယင်နေမိသည်။
"ဘယ်... ဘယ်လိုလုပ်ပြီး ဒီလိုမျိုး လုပ်ရက်ရတာလဲ"
သုခဘုံ အနီးအနားတွင် အဘယ်ကြောင့် မိစ္ဆာမျိုးစိတ်များကို ရှာမတွေ့ရသနည်း။ ဆန့်ကျင်ဘက် အနေဖြင့် သုခဘုံကိုယ်တိုင်က မိစ္ဆာမျိုးစိတ်များ၏ မူလအစ ဖြစ်နေသောကြောင့်ပင်။
"ဒီမှာ ထုတ်လုပ်တဲ့ မိစ္ဆာတွေကို သတ်မှတ်ထားတဲ့ ရက်တွေမှာ လွှတ်ပေးတာပါ။ အကျဉ်းထောင်ရဲ့ အကျယ်အဝန်းက ကန့်သတ်ချက် ရှိတယ်လေ"
ရိန်းဟတ်က ပြုံးလျက် ပြောလိုက်သည်။
"ငါ့ကို အဲ့ဒီလို မျက်လုံးတွေနဲ့ မကြည့်ပါနဲ့။ မိစ္ဆာဖြစ်သွားတာက မကောင်းတာတော့ မဟုတ်ပါဘူး"
"..."
"သူတို့က ထာဝရအသက်ကို ရနိုင်သလို လူသားတွေထက်လည်း ပိုပြီး အစွမ်းထက်ကြတယ်။ ဒါ့အပြင်..."
သစ်ပင်သည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ပြီး သုခဘုံ၏ မြေပြင်သို့ အာဟာရများ စတင် ဖြည့်ဆည်းပေးလိုက်၏။
"သူတို့ရဲ့ အပြစ်တွေကို တခြား သက်ရှိတွေရဲ့ အသက်ကို ဆက်ရှင်စေဖို့ အသုံးပြုတာ။ တစ်နည်းပြောရရင် သူတို့က အာဇာနည်တွေပဲ"
၎င်းမှာ မဟူရာရဲတိုက်၏ ခြောက်သွေ့သော မြေပြင်ပေါ်တွင် သီးနှံများ ရှင်သန်ကြီးထွားစေရန် ဇီဝစွမ်းအားကို ပေးစွမ်းသည့် ရင်းမြစ် ဖြစ်ပေသည်။ ဤအရာမှာ 'ထာဝရလှုပ်ရှားမှု' ၏ တာဝန်ပင် ဖြစ်၏။ ယောင်ဟီဝန်သည် အရာအားလုံးကို နားလည်သွားပြီး စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။
[အကြွင်းမဲ့ ကောင်းမြတ်ခြင်း နက္ခတ်များသည် သင့်ကို ရွေးချယ်မှုတစ်ခု ပြုလုပ်ရန် တောင်းဆိုနေကြပါသည်။]
အကယ်၍ ယောင်ဟီဝန်သည် ရိန်းဟတ်ကို သတ်လိုက်လျှင် မြေအောက်အကျဉ်းထောင်မှာ ပြိုလဲသွားလိမ့်မည်။ 'ထာဝရလှုပ်ရှားမှု' သေဆုံးသွားပြီး သုခဘုံ၏ စနစ်မှာ ပျက်စီးသွားပေမည်ဖြစ်သည်။ လူများသည် နယ်မြေနှင့် အစားအစာများကို ဆုံးရှုံးရလိမ့်မည်။ ထို့နောက် သူတို့သည် သားရဲများ၏ ကိုက်ဖြတ်ခြင်းကို ခံရပေတော့မည်။
"ဘာလို့လဲ... ဘာလို့လဲ..."
ဤအရာကို သိရှိသွားသော ယောင်ဟီဝန်မှာ ရိန်းဟတ်ကို မသတ်နိုင်တော့ချေ။ ယောင်ဟီဝန်က ပို၍ ကြီးမားသော အဖြစ်ဆိုးကို ဖြစ်စေမည့်သူ ဖြစ်နေချိန်တွင် ဖြစ်ရပ်ဆိုး၏ ရင်းမြစ်ကို ပြစ်ဒဏ်ခတ်ရန် ယောင်ဟီဝန်မှာ ယုံကြည်ချက် မရှိတော့ပေ။
"တစ်ယောက်ယောက်ကတော့ ဒါကို လုပ်ရမှာပဲ"
ရိန်းဟတ်၏ မျက်နှာမှာ ဝမ်းနည်းရိပ် သန်းနေ၏။
"ဇာတ်ဝင်ခန်းမှာ ရှုံးနိမ့်ခဲ့သူတွေအတွက် ဘဝက ဆက်ရှိနေဦးမှာပဲ။ တစ်ယောက်ယောက်ကတော့ သူတို့အတွက် နေရာတစ်ခု ဖန်တီးပေးရမယ်လေ"
"ရှင်သာ သူတို့ကို တကယ် ဂရုစိုက်တယ်ဆိုရင် ဇာတ်ဝင်ခန်းကို ဆက်သွားနိုင်အောင် ကူညီပေးသင့်တာပေါ့။ ဒီလို နေရာမျိုးကို မဖန်တီးပါနဲ့။ လူတွေကို ဦးဆောင်ပြီး ဇာတ်ဝင်ခန်းတွေကို အောင်မြင်အောင် ကြိုးစားပါလား"
"နင် မသိပါဘူး။ နောက်လာမယ့် ဇာတ်ဝင်ခန်းမှာရှိတဲ့ ရန်သူက ငါတို့ အနိုင်ယူနိုင်မယ့်သူ မဟုတ်ဘူး"
ရိန်းဟတ်၏ မှုန်မှိုင်းသော အမူအရာကို ကြည့်ပြီး ယောင်ဟီဝန်မှာ အံ့အားသင့်သွား၏။ မဟူရာရဲတိုက်၏ ဒုတိယအဆင့်ရှိ မိစ္ဆာအမတ် တစ်ဦးဖြစ်သော သူ့ကို မည်သူကများ ဤမျှအထိ ကြောက်လန့်အောင် လုပ်နိုင်သနည်း။
"ရှင်... ဘာတွေ သိထားတာလဲ"
"အဲ့ဒါက အရေးမကြီးပါဘူး။ နင် နောက်လာမယ့် ဇာတ်ဝင်ခန်းကို အောင်မြင်သွားရင်တောင်... 'နောက်တစ်ခု' က အမြဲတမ်း အဆင်သင့် ရှိနေတာပဲလေ။ ရှုံးနိမ့်သူတွေ ထပ်ပြီး ပေါ်လာဦးမှာပဲ"
"ကျမတို့ အကုန်လုံးကို အောင်မြင်အောင် လုပ်နိုင်တယ်လေ။ ဒါက ဇာတ်ဝင်ခန်းပဲ။ တစ်နေ့နေ့မှာ အဆုံးသတ်သွားမှာ မဟုတ်ဘူးလား။ ကိုယ့်ရဲ့ စွမ်းရည်တွေကို လေ့ကျင့်ပြီး ရှင့်ရဲ့ ဇာတ်လမ်းကို တည်ဆောက်ပါလား…"
"နင် တကယ်ပဲ တစ်နေ့မှာ ဇာတ်ဝင်ခန်းတွေ အကုန်လုံး အဆုံးသတ်သွားမယ်လို့ ထင်နေတာလား"
ယောင်ဟီဝန် နှုတ်ဆိတ်သွား၏။ ဇာတ်ဝင်ခန်းအားလုံး၏ အဆုံးသတ်။ ယောင်ဟီဝန်၏ လုပ်ဖော်ကိုင်ဖက် ကင်ဒေါ့ဂျာသည် ဇာတ်ဝင်ခန်းအဆုံးသတ်သို့ ရောက်ရှိရန် ဆန္ဒရှိနေခဲ့ခြင်း ဖြစ်ပေသည်။
ရိန်းဟတ်က ဆက်ပြော၏။
"အဲ့ဒီအချိန်ကျရင် ငြိမ်းချမ်းရေး ရလာမယ်လို့ နင်က ယုံကြည်နေတာလား"
ယောင်ဟီဝန်က စိတ်ရင်းအတိုင်း ပြန်အော်ပြောလိုက်၏။
"ဟုတ်တယ်။ ကျမ ယုံကြည်တယ်"
"ဘာလို့ အဲ့ဒီလို ထင်ရတာလဲ။ ဇာတ်ဝင်ခန်းရဲ့ အဆုံးသတ်ကို ရောက်သွားတဲ့သူ တစ်ယောက်ယောက်များ ရှိလို့လား"
"နက္ခတ်တွေ ရှိနေတာပဲလေ"
"နက္ခတ်တွေ ဟုတ်လား"
"သူတို့က ဇာတ်ဝင်ခန်းတွေရဲ့ အပြင်ဘက်မှာ တည်ရှိနေကြတာ။ တစ်နည်းပြောရရင် ဒီဇာတ်ဝင်ခန်းထဲကနေ လွတ်မြောက်နိုင်တဲ့ နည်းလမ်း ရှိနေလို့ပေါ့"
ကိုယ်စားလှယ်များကို အရုပ်များကဲ့သို့ သဘောထားသော နက္ခတ်များ။ ထိုကဲ့သို့သော 'အကြွင်းမဲ့' တည်ရှိမှုများသည် အမှန်တကယ်ပင် မျှော်လင့်ချက် ဖြစ်စေခဲ့၏။ တစ်နေ့နေ့တွင် သူတို့သည် ထိုနေရာသို့ ရောက်ရှိနိုင်ပေလိမ့်မည်။ ဤငရဲကဲ့သို့သော ဇာတ်ဝင်ခန်းများမှလည်း လွတ်မြောက်နိုင်လောက်၏။
"ဟား။ ဟားဟား၊ ဟားဟားဟား..."
ရိန်းဟတ်က ရယ်မောလိုက်၏။
"သိပြီ။ နက္ခတ်တွေပေါ့။ နင့်ရဲ့ စိတ်ကို ငါ နားလည်ပါတယ်။ ငါလည်း အရင်က အဲ့ဒီလိုပဲ ထင်ခဲ့ဖူးတယ်"
"ဘာကို ဆိုလိုတာလဲ"
"နက္ခတ်တွေက ဇာတ်ဝင်ခန်းအားလုံးကို အောင်မြင်ခဲ့တယ်လို့ နင် ဘာလို့ ထင်နေရတာလဲ။ ကင်ဒေါ့ဂျာက အဲ့ဒီလို ပြောလို့လား"
ကင်ဒေါ့ဂျာသည် ဤကဲ့သို့ တစ်ခါမှ မပြောခဲ့ဖူးချေ။ ယောင်ဟီဝန်၏ နှလုံးသားထဲတွင် မကောင်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
"သူတို့က ဇာတ်ဝင်ခန်းရဲ့ အပြင်ဘက်မှာ ရှိနေတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူတို့က ဇာတ်ဝင်ခန်းရဲ့ 'အပြင်ဘက်' ရောက်နေရုံသက်သက်ပဲလေ"
"..."
"သူတို့အားလုံးလည်း ငါတို့လိုပဲ ဇာတ်ဝင်ခန်းတွေကို လုပ်နေကြရတာ။ ၇၆ ကြိမ်၊ ၈၄ ကြိမ်။ ဇာတ်ဝင်ခန်းတွေရဲ့ အရွယ်အစားနဲ့ အရေအတွက်ပဲ ကွာခြားတာ၊ သူတို့လည်း ငါတို့နဲ့ အတူတူပါပဲ"
ယောင်ဟီဝန် ဤအကြောင်းကို တစ်ခါမှ မတွေးဖူးခဲ့ချေ။ ယောင်ဟီဝန်က တုန်ရင်နေသော အသံဖြင့် မေးလိုက်၏။
"အဲ့... အဲ့ဒါဆိုရင်..."
"နက္ခတ်တွေဆိုတာ ဇာတ်ဝင်ခန်းရဲ့ အလယ်မှာ မွေးဖွားလာတဲ့၊ သတ်မှတ်ချက် စံနှုန်းတွေထက် ကျော်လွန်နေတဲ့ အစွမ်းထက်သူတွေ သက်သက်ပဲ။ သူတို့က နတ်ဘုရားတွေလည်း မဟုတ်ဘူး၊ အကြွင်းမဲ့ တည်ရှိမှုတွေလည်း မဟုတ်ဘူး"
ရိန်းဟတ်သည် အကြွင်းမဲ့ အမှန်တရား တစ်ခုကို ကြေညာနေသကဲ့သို့ ပြောလိုက်၏။
"ငါ တစ်ခါပဲ ထပ်ပြောမယ်။ ဇာတ်ဝင်ခန်းရဲ့ 'အဆုံးသတ်' ကို ဘယ်သူမှ မရောက်ဖူးသေးဘူး"
"..."
"ဒီကမ္ဘာကြီးက ထာဝရ ငရဲပဲ"
ယောင်ဟီဝန် မြေပြင်ပေါ်သို့ ပြိုလဲကျသွား၏။ နက္ခတ်များပင်လျှင် မလုပ်နိုင်ခဲ့ချေ။ အစွမ်းထက်သော တည်ရှိမှုကြီးများပင်လျှင် ထိုနေရာသို့ မရောက်ရှိနိုင်ခဲ့ချေ။ ကင်ဒေါ့ဂျာသည် ထိုကဲ့သို့သော နေရာမျိုးသို့ သွားချင်နေခဲ့ခြင်း ဖြစ်၏။
"ဒီလိုမျိုးကြီးတဲ့လား... နင် ဘာတွေ လုပ်ချင်နေတာလဲ။ ကင်ဒေါ့ဂျာ၊ နင်က..."
ရိန်းဟတ်က ဆက်ပြောနေ၏။
"ဒါကြောင့်ပဲ ငါက သုခဘုံကို ဖန်တီးခဲ့တာ"
ယောင်ဟီဝန်သည် ရိန်းဟတ်ကို ကြောင်စီစီဖြင့် မော့ကြည့်လိုက်၏။
"ဒီအတိုင်းသာ ဆက်သွားနေရင် သုခဘုံက တစ်နေ့နေ့မှာ ပြိုလဲသွားလိမ့်မယ်။ လူသားအရေအတွက်က နည်းပါးလာပြီး မိစ္ဆာအရေအတွက်ကတော့ တဖြည်းဖြည်း များလာနေတယ်။ ဒီမြေပြင်ကို ထိန်းသိမ်းထားဖို့ အာဟာရတွေကလည်း ကုန်ခမ်းလာပြီ"
မျှော်လင့်ချက်ကင်းမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့၏ အဆုံးသတ်တွင် သူသည် မျှော်လင့်ချက်မဲ့ခြင်း၏ သုခဘုံကို ဖန်တီးခဲ့၏။
"ဒီအပင်ကို ဆက်လက်ရှင်သန်စေဖို့အတွက် ငါ့မှာ မြင့်မြတ်တဲ့ လူသားတစ်ယောက် လိုအပ်တယ်။ ဒီနေရာကို ရောက်လာတဲ့ ဝိညာဉ်တွေ အများကြီး ရှိပေမဲ့ ကင်ဒေါ့ဂျာကတော့ အဲ့ဒီထဲက တစ်ယောက်ပေါ့"
သူ ဘာကို ဆိုလိုသည်ဆိုသည်ကို ယောင်ဟီဝန် သဘောပေါက်သွား၏။
"ဒါကြောင့် ကျမကို လိုအပ်တာလား"
"မှန်တယ်။ နင်က နတ်ခေါင်ချုပ်ရဲ့ ရွေးချယ်မှုကို ခံထားရသူဆိုတော့ အနည်းဆုံး ၁၀ နှစ်တော့ ခံမှာပဲ။ ကင်ဒေါ့ဂျာလို နက္ခတ်မျိုးဆိုရင်တော့ သုခဘုံရဲ့ ဇီဝစွမ်းအားကို နှစ်ပေါင်း ၂၀၀ ကျော်အထိ ထိန်းသိမ်းထားနိုင်လိမ့်မယ်"
"ရှင်ပြောတာကို ကျမက ဒီအတိုင်း နားထောင်မယ်လို့ ထင်နေတာလား"
"နားထောင်ရမှာပေါ့။ ဘာလို့လဲဆိုတော့ နင်က နတ်ခေါင်ချုပ်ရဲ့ ကိုယ်စားလှယ် ဖြစ်နေလို့ပဲ"
အကယ်၍ ယောင်ဟီဝန်သာ မိမိကိုယ်ကိုယ် အနစ်နာခံလိုက်ပါက သုခဘုံကို ကာကွယ်နိုင်ပေလိမ့်မည်။
"တကယ်လို့ နင်သာ ကူညီမယ်ဆိုရင် အပြစ်အသေးအဖွဲလေးတွေအတွက် လူတွေကို အပြစ်ပေးနေဖို့ ခဏလောက် လိုမှာမဟုတ်တော့ဘူး။ နင်က ထောင်နဲ့ သောင်းနဲ့ချီတဲ့ အသက်တွေကို ကယ်တင်နိုင်မှာဟ"
ယောင်ဟီဝန်၏ ပခုံးများ တုန်ရင်သွား၏။ ယောင်ဟီဝန်၏ အသက်ဖြင့် လူပေါင်းသောင်းချီကို ကယ်တင်နိုင်မည် ဖြစ်သည်။ အကယ်၍ ယောင်ဟီဝန် မသေဆုံးပါက လူပေါင်းသောင်းချီ သေဆုံးရပေလိမ့်မည်။
ယောင်ဟီဝန်သည် မြေပြင်ပေါ်တွင် တွန့်လိမ်နေသော ငါးနှင့်တူသည့် သားရဲတစ်ကောင်ကို တွေ့လိုက်၏။ ထိုသားရဲ၏ မျက်နှာမှာ ဂူမိုဘူတာမှ အမျိုးသမီးနှင့် ဆင်တူနေလေသည်။ သားရဲသည် ယောင်ဟီဝန်ကို ဆာလောင်မွတ်သိပ်သော အမူအရာဖြင့် စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်၏။
"ကျမ..."
မည်သို့ပင်ဆိုစေကာမူ ယောင်ဟီဝန်၏ဘဝမှာ စွန့်ပစ်ခံထားရသော ဘဝတစ်ခုသာ ဖြစ်သည်။ ယောင်ဟီဝန်၏ မိဘများ၊ သူငယ်ချင်းများနှင့် ယောင်ဟီဝန်ကို မှတ်မိသော သူများအားလုံး သေဆုံးကုန်ကြပြီ ဖြစ်သည်။ ဇာတ်ဝင်ခန်း၏ အဆုံးသတ်ကို ရောက်ရှိရန်မှာလည်း မဖြစ်နိုင်ချေ။ ဆက်လက်ရှင်သန်နေခြင်းမှာ အသုံးမဝင်တော့ချေ။
"ကျမ..."
[အကြွင်းမဲ့ ကောင်းမြတ်ခြင်း နက္ခတ်များက သင့်ကို ကြည့်ရှုနေပါသည်။]
ယောင်ဟီဝန် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။
"နားလည်ပါပြီ။ ဒါဆိုရင် ကျမ..."
အကယ်၍ ယောင်ဟီဝန်သာ လူပေါင်းသောင်းချီကို ကယ်တင်ရန် သေဆုံးရမည်ဆိုပါက ထိုအရာသည် မှန်ကန်သော အလုပ်၊ တရားမျှတသော အလုပ် ဖြစ်ပေလိမ့်မည်။
ရိန်းဟတ်၏ အမူအရာမှာ ပျော့ပြောင်းသွားပုံ ရသည်။ သို့သော် နောက်ဆုံးအချိန်တွင် တစ်စုံတစ်ခုက ယောင်ဟီဝန်ကို ဆွဲထားခဲ့၏။
'ဒါဆိုရင် ငါ့ရဲ့ ဘဝကရော ဘာလဲ'
ယောင်ဟီဝန်သာ စတေးခံပေးလိုက်ပါက ယောင်ဟီဝန်၏ ဘဝက ဗလာသက်သက်သာ ဖြစ်သွားပေလိမ့်မည်။
'ငါ... ငါဘာတွေ တွေးနေတာလဲ'
ထိုသို့တွေးမိခြင်းမှာ အသက်အပေါ် မိုက်မဲစွာ တွယ်တာမိသော နောက်ဆုံး သံယောဇဉ် ဖြစ်ပေလိမ့်မည်။ ယောင်ဟီဝန်သည် အဖြေကို သိပြီးသား ဖြစ်၏။
'ဟီဝန်က ဓါးကောင်းတစ်လက်ပါ'
' နင်က ငါတို့အားလုံးထက်စာရင် အန္တရာယ်တွေရှေ့မှာ ပိုပြီး တည်ငြိမ်တယ်။ အထူးသဖြင့် အားကြီးသူတွေရဲ့ အာဏာရှင်ဆန်မှုကို နင်က ပိုပြီး အန်တုနိုင်စွမ်း ရှိတယ် '
' နင်က အမြဲတမ်း တပ်ဦးကနေ တိုက်ပွဲဝင်ခဲ့ပြီး ဘယ်လောက်ခက်ခဲတယ်ဆိုတာကို တစ်ခါမှ ညည်းညူခြင်း မရှိခဲ့ဘူး’
တစ်စုံတစ်ယောက်က ယောင်ဟီဝန်ကို အဖြေ ပေးထားပြီးသားပင်။
' နင်က ဇာတ်ဝင်ခန်းကို ဆက်လုပ်ခဲ့လို့သာ ငါမြင်တွေ့ခဲ့ရတဲ့ ယောင်ဟီဝန်ဖြစ်နေတာလေ '
မဟုတ်မှလွဲရော ကင်ဒေါ့ဂျာသည် အစကတည်းက ဇာတ်ဝင်ခန်းများ၏ လက်တွေ့ဘဝကို သိထားခဲ့ပုံ ရသည်။ သို့ပေသိ သူသည် လက်မလျှော့ခဲ့ပါချေ။
' ဒါကြောင့် နင်က ဇာတ်ဝင်ခန်းကို ဆက်ပြီး လုပ်ဆောင်သင့်တယ်လို့ ငါယုံကြည်တယ်
ယောင်ဟီဝန် ထရပ်လိုက်၏။
"ကျမ ဒီမှာ သေလို့မရဘူး"
ယောင်ဟီဝန်သည် တစ်ကိုယ်ကောင်းဆန်ရန် ဆုံးဖြတ်လိုက်၏။ ယောင်ဟီဝန်၏ ရွေးချယ်မှုကြောင့် လူအများအပြား သေဆုံးရမည် ဖြစ်သော်လည်း ယောင်ဟီဝန်သည် ရှင်သန်ရန် ဆုံးဖြတ်လိုက်သည်။ ယောင်ဟီဝန်သည် ဤဆုံးဖြတ်ချက်နှင့်အတူ ရှင်သန်သွားရပေလိမ့်မည်။
"မဟုတ်ဘူး။ နင်သေမှဖြစ်မယ်"
သို့သော်လည်း တစ်ခါတစ်ရံတွင် သူတို့၏ ဘဝနှင့် ဆန္ဒများသည် ဆီလျော်မှု မရှိတတ်ချေ။
"နင်သေမှ နင်က သုခဘုံရဲ့ အာဟာရ ဖြစ်လာမှာ"
ငရဲမီးလျှံ တောက်လောင်ခြင်းကို အသုံးပြု၍ပင် ရင်ဆိုင်ရန် မဖြစ်နိုင်သော မိစ္ဆာအရေအတွက်များစွာ ရှိနေ၏။ ယောင်ဟီဝန်၏ အမူအရာမှာ တင်းမာသွားကာ မှော်စွမ်းအင်အားလုံးကို ဖွင့်ချလိုက်၏။ ယောင်ဟီဝန် သေဆုံး၍ မဖြစ်ချေ။ ယောင်ဟီဝန်သည် မည်သည့်အခါမျှ သေဆုံးမည် မဟုတ်ချေ။
ထိုအချိန်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကာ လူအချို့ ပေါ်လာ၏။
"ဟီဝန်"
"အာ….အမက တစ်ယောက်ထဲ ထပ်ဗျင်းထားပြန်ပြီ"
သူတို့မှာ ယောင်ဟီဝန်၏ ဘဝကို ထောက်ကူပေးထားသော သူများ ဖြစ်ကြသည်။ သို့သော်လည်း ရိန်းဟတ်သည် ထိတ်လန့်သွားခြင်း မရှိချေ။ သူသည် ကောင်းမွန်သောအရာ တစ်ခုကဲ့သို့ ပြုံးလိုက်၏။
"ငါ အာဟာရတွေ အများကြီး ရတော့မှာပဲ"
ဤသူသည် မဟူရာရဲတိုက်တွင် ဒုတိယမြောက် အစွမ်းအထက်ဆုံးသူ ဖြစ်သည်။ သူသည် ကင်ဒေါ့ဂျာ မပါဝင်သော အဖွဲ့ကို ကြောက်ရွံ့ခြင်း မရှိဟုပြော၍ရသည်။
"အားလုံး နောက်ဆုတ်လိုက်ကြ"
လီဟန်းဆောင်က ရှေ့သို့ တက်လာကာ သူ၏ အပေါင်းအဖော်များကို ကာကွယ်လိုက်၏။ သူသည် ယခင်ကထက် များစွာ ပိုမို အစွမ်းထက်လာသော်လည်း အခြေအနေမှာ ဆိုးရွားနေလေသည်။ ဤတိုက်ပွဲတွင် တစ်စုံတစ်ယောက် သေဆုံးသွားနိုင်၏။ အားလုံး မသေဆုံးပါက ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။
အကယ်၍ ကင်ဒေါ့ဂျာသာ ဒီမှာ ရှိနေရင် ဘယ်လောက် ကောင်းမလဲ။ ယောင်ဟီဝန်သည် ကင်ဒေါ့ဂျာအပေါ် မှီခိုမိခြင်းကို ရှောင်လွှဲရန် ကြိုးစားခဲ့သော်လည်း ဤသို့ တွေးမိခြင်းကို မတားဆီးနိုင်ခဲ့ချေ။
"ဒါက မင်းတို့ရဲ့ အဆုံးသတ်ပဲ"
ရိန်းဟတ်က ကြေညာကာ သူ၏ လက်ကို မြှောက်လိုက်၏။
ထိုစဉ် မျက်နှာကြက် တစ်ခုလုံး ပြိုကျလာ၏။ ဗုံးများ တသီတတန်းကြီး ကျဆင်းလာသကဲ့သို့ပင်။ ပြိုကျသည့်အရှိန်ကြောင့် ထာဝရလှုပ်ရှားမှု၏ သစ်ကိုင်းများမှာ ရိုက်ခတ်သွားပြီး ကျိုးပဲ့သွားသော မျက်နှာကြက်မှာ ရိန်းဟတ်နှင့် သားရဲများရှိရာသို့ ကျဆင်းသွား၏။
ပိမိသွားသော သားရဲများသည် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများကို ထုတ်ဖော်လိုက်ကြ၏။ ရှုပ်ထွေးမှုများကြားမှ တစ်စုံတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
"မင်းက နက်ရှိုင်းပြီး ညစ်ပတ်တဲ့ နေရာမှာ ပုန်းနေတာပဲ"
အမျိုးသားတစ်ဦးနှင့် ထိုသူ့နောက်သို့ လိုက်ပါနေသော အမျိုးသမီးတစ်ဦး၏ အရိပ်တစ်ခု ရှိနေလေ၏။ ယူဂျွန်ဟော့သည် သူ့ကို အံ့သြတကြီးနှင့် ဝေခွဲမရဖြစ်ကာ ကြည့်နေကြသော လူများကို ရင်ဆိုင်ရင်း မေးလိုက်သည် -
"…ဒါနဲ့၊ ကင်ဒေါ့ဂျာ ဘယ်မှာလဲ"