← Chapters

အခန်း (၁၆၅-၁၆၇)

Vol. 11 Ch. 165-167

အခန်း (၁၆၅-၁၆၇)

Vol. 11 Ch. 165-167

အခန်း ၁၆၅

- အပိုင်း ၃၂ - ကင်ဒေါ့ဂျာ၏ အချစ် (၄)

"ဆရာ"

ယူဂျွန်ဟော့ကို မြင်လိုက်ရသောအခါ လီဂျီဟယ်က အော်ဟစ်နှုတ်ဆက်လိုက်၏။ သို့သော် ယူဂျွန်ဟော့က လီဂျီဟယ်ကို စိုးစဉ်းမျှ ဂရုမစိုက်ဘဲ ထပ်မံမေးမြန်းလိုက်သည်။

"ကင်ဒေါ့ဂျာ ဘယ်မှာလဲ"

"…ဘာလို့ ဦးလေးဒေါ့ဂျာကို ရှာနေတာလဲ"

ယူဂျွန်ဟော့ အဖြေပြန်ပေးရန် ပြင်နေစဉ်မှာပင် ယူဆန်းအာသည် ယူမီယာကို ချီပိုးထားရင်း လှပသော အမျိုးသမီးတစ်ဦးကဲ့သို့ မျက်နှာကြက်ပေါ်မှ ဆင်းသက်လာ၏။ အဖွဲ့ဝင်များက ယူဆန်းအာကို လှမ်းနှုတ်ဆက်ကြသော်လည်း ယူဆန်းအာကမူ နှုတ်ဆက်ခြင်းကို တုံ့ပြန်မည့်အစား အလောတကြီးပင် ပြောလိုက်လေသည်။

"ဒေါ့ဂျာ အန္တရာယ်ရှိနေတယ်"

"ဟင်"

"အခု ဒေါ့ဂျာ ဘယ်မှာလဲဆိုတာ သိကြလား"

ယူဂျွန်ဟော့ကဲ့သို့ပင် ယူဆန်းအာ၏ မျက်ဝန်းများသည်လည်း လူစုထဲတွင် ပျာပျာသလဲ ရှာဖွေနေသော်လည်း ကင်ဒေါ့ဂျာကို လုံးဝ မတွေ့ရပေ။ ထိုအခါ လီဟန်းဆောင်က ချက်ချင်းပင် ပြန်ဖြေ၏။

"ဒေါ့ဂျာ ထွက်သွားတာ လေးရက်ရှိပြီ"

"ဒေါ့ဂျာ အန္တရာယ်ရှိနေတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ"

ယောင်ဟီဝန်က ထပ်မံမေးမြန်းသော်လည်း ရှင်းပြရန် အချိန်မရှိတော့ပေ။

လီဂျီဟယ်က စိတ်ပျက်လက်ပျက်ဖြင့် ထပ်လောင်းပြောဆိုသည်။

"တစ်ခုခု မှားနေပြီဆိုတာ သိလို့ လာခဲ့တာ မဟုတ်ဘူးလား။ အခု အန္တရာယ်ရှိနေတာ ဦးလေးဒေါ့ဂျာ မဟုတ်ဘူး၊ ကျမတို့ ဖြစ်နေတာ"

ယူဆန်းအာသည် အခြေအနေကို နားမလည်ဘဲ ပြန်ပြော၏။

"ဒီနေရာကနေ အရင်ထွက်ရအောင်၊ ပြီးမှ ကျမ ရှင်းပြမယ်"

ရုတ်ရုတ်သဲသဲ ဖြစ်နေမှုကြောင့် ဂူများအတွင်းမှ သားရဲများစွာ အလုအယက် ထွက်ပေါ်လာကြသည်။ ထိုအခါ လီဂျီဟယ်က ကြောက်လန့်တကြားဖြင့် ပြောသည်။

"ချီး။ ဦးလေးကြီးဂုံဖီဒူသာ ဒီမှာ ရှိရင် သိပ်ကောင်းမှာပဲ"

ဂုံဖီဒူသာ ရှိနေပါက အခြေအနေမှာ များစွာ ကွဲပြားသွားမည် ဖြစ်၏။ ဂုံဖီဒူ၏ ‘လက်နက်ခံတပ်သခင်’ အထူးစွမ်းရည်သည် အင်အားအလုံးအရင်းကို တိုက်ခိုက်ရာတွင် အသုံးဝင်ပြီး သားရဲအမြောက်အမြားကို သုတ်သင်ရန် သင့်တော်ပေသည်။ သို့သော်လည်း သူတို့သည် မဟူရာရဲတိုက်၏ ပထမထပ်တွင် ဂုံဖီဒူနှင့် လမ်းခွဲခဲ့ကြပြီး သူ မည်သည့်နေရာတွင် ရှိနေသည်မှာ မရေရာတော့ပေ။

ယူဂျွန်ဟော့မှာ အဖွဲ့၏ တစ်ခုတည်းသော အားကိုးရာ ဖြစ်၏။ အင်အားသက်သက်ဖြင့် ကြည့်မည်ဆိုလျှင် သူသည် ဂုံဖီဒူ သို့မဟုတ် ကင်ဒေါ့ဂျာထက် များစွာ ပိုမို အစွမ်းထက်ပေသည်။ သူသည် တောင်တစ်လုံးကို လက်သီးဖြင့် ဖြိုခွဲနိုင်လောက်သော ခွန်အားရှိသူ ဖြစ်၏။

ယူဂျွန်ဟော့သည် နတ်လက်သီးအကွက်ရာချီဖြင့် တိုးဝင်လာသော သားရဲများကို လွှင့်ထွက်သွားစေပြီးနောက် ပြောလိုက်သည်။

"ဒီမှာ တိုက်ရတာက အားနည်းချက်ရှိတယ်။ မျက်နှာကြက်ကနေတစ်ဆင့် အပြင်ထွက်ရအောင်"

ယူဂျွန်ဟော့သည် အမြန်ဆုံး လွတ်မြောက်နိုင်မည့် နည်းလမ်းကို ရှာဖွေရင်း သားရဲများကြားတွင် လမ်းတစ်ခု ဖောက်ထုတ်လိုက်၏။ မှော်စွမ်းအင်ကို သိသိသာသာ အသုံးမပြုဘဲ လမ်းဖောက်နိုင်သော သူ၏ စွမ်းရည်မှာ လူသားတင့်ကားတစ်စီးနှင့်ပင် ဆင်တူနေပေသည်။ မဟုတ်သေး၊ စစ်မှန်သော တင့်ကားတစ်စီးပင်လျှင် ထိုမျှ စွမ်းအားပြင်းမည် မဟုတ်ချေ။ ယူဆန်းအာက မေး၏။

"ကျမတို့ လွတ်မြောက်နိုင်ပါ့မလား"

"ခုန်ထွက်လို့ရအောင် ငါလုပ်ပေးမယ်။ မင်းတို့ဘာသာ ခုန်ထွက်ခဲ့ကြ"

ထိုသို့ ပြောပြီးနောက် ယူဂျွန်ဟော့သည် လေထဲသို့ ပျံတက်သွားလေသည်။

ထိုအကွက်မှာ မူရင်လောကရှိ အင်အားအကောင်းဆုံး ပြန်လာသူများသာ အသုံးပြုနိုင်သော ကောင်းကင်ခြေလှမ်း ဖြစ်၏။ သူသည် အဖွဲ့ဝင်များ နင်းတက်နိုင်ရန် သားရဲအသေကောင်များဖြင့် မျှော်စင်တစ်ခုကို တည်ဆောက်လိုက်သည်။ ထို့နောက် မျက်နှာကြက်ကို ဖြတ်ကျော်ကာ တစ်ခုခုကို လက်သီးဖြင့် ထိုးနှက်ပြီး နင်းစရာ နေရာတစ်ခု ဖန်တီးလိုက်၏။

ပုံမှန်ဆိုလျှင် သူသည် အဖွဲ့အတွက် ထိုသို့ လုပ်ဆောင်ပေးမည် မဟုတ်ပေ။ သို့ပေသိ ယခု နောက်ပြန်ဆုတ်ခြင်းမှ ယူဂျွန်ဟော့မှာ မတူညီတော့ချေ။ မိမိကိုယ်ကိုယ် မည်သည့်အရာက ပြောင်းလဲစေခဲ့မှန်း ယူဂျွန်ဟော့ကိုယ်တိုင်လည်း မသိရှိပေ။ ထိုစဉ် သူ၏ နားထဲသို့ အသံတစ်ခု ကြားလိုက်ရသည်။

[ဒါက တကယ်ကို မထင်မှတ်ထားတဲ့ အခြေအနေပဲ။ မင်းက 'ကိုယ်စားလှယ် ယူဂျွန်ဟော့' လား]

ထိုအသံမှာ ရိန်းဟတ်၏ အသံ ဖြစ်၏။ မျက်နှာကြက်ဆီသို့ ပြေးတက်နေသော လီဂျီဟယ်မှာ အံ့သြသွားပြီး ပြောလိုက်သည်။

"ဘာလဲဟ။ သူ မသေသေးဘူးလား"

ရိန်းဟတ်မသေခြင်းမှာ သဘာဝပင်။

မဟူရာရဲတိုက်၏ အဆင့်ဒုတိယတွင်ရှိသော ပုဂ္ဂိုလ်သည် ကျောက်တုံးအနည်းငယ်နှင့် သေဆုံးသွားမည် မဟုတ်ချေ။ ယူဂျွန်ဟော့သည် ရိန်းဟတ်ကို အကြောင်းမပြန်ဘဲ သူ လုပ်ထားသော လှေကားထိပ်တွင် ကျန်ရှိနေသူများကို စောင့်ဆိုင်းနေလိုက်သည်။ လီဂျီဟယ်၊ လီဟန်းဆောင်နှင့် ယူဆန်းအာတို့က အရင်ဆုံး တက်လာကြပြီးနောက် လီဂီယောင်နှင့် ရှင်ယူဆောင်းတို့က လိုက်ပါလာကြ၏။

ရှင်ယူဆောင်း ဖြတ်ကျော်တော့မည့် အခိုက်အတန့်တွင် ယူဂျွန်ဟော့က ရှင်ယူဆောင်း၏ ပုခုံးကို လှမ်းဖမ်းလိုက်သည်။

"နင်က ငါတို့နဲ့ လိုက်လာလို့ မဖြစ်ဘူး"

"ရှင်"

ရှင်ယူဆောင်း ပြန်လည် မတုံ့ပြန်နိုင်မီမှာပင် ယူဂျွန်ဟော့သည် ထိုကလေးမလေးကို မျက်နှာကြက်ပေါ်မှ အောက်သို့ တွန်းချလိုက်၏။ အောက်တွင် စောင့်ဆိုင်းနေသော သားရဲများမှာ ရှင်ယူဆောင်းကို ဝါးမြိုရန် ပါးစပ်များကို ဖွင့်ထားကြသည်။ လီဂီယောင်က အော်ဟစ်လိုက်၏။

"ယူဆောင်း။ ခင်ဗျား… ခင်ဗျား ဘာလုပ်တာလဲ"

ဒေါသထွက်နေသော လီဂီယောင်သည် ယူဂျွန်ဟော့ကို လက်သီးဖြင့် ထိုးနှက်လိုက်သော်လည်း ယူဂျွန်ဟော့က လီဂီယောင်၏ လက်သီးကို အသာအယာ ဖမ်းဆွဲလိုက်ပြီး ပြောလိုက်သည်။

"မင်းလည်း သွားရမှာပဲ"

ခဏအကြာတွင် လီဂီယောင်သည် အော်ဟစ်ရင်း ရှင်ယူဆောင်းနှင့်အတူ အောက်သို့ ပြုတ်ကျသွားလေတော့သည်။

……………………………………………………………………………………………

ဒီယွန်နီဆပ်၏ ကိုယ်စားလှယ် ထွက်ခွာသွားပြီးနောက် ဟန်ဆိုယောင်းက ကျနော့်ကို တည်ကြည်သော မျက်နှာပေးဖြင့် မေးမြန်း၏။

"…သူ နောက်ဆုံးပြောသွားတဲ့ စကားက ဘာကို ဆိုလိုတာလဲ"

"ငါလည်း မသိဘူး"

"နင်လည်း မသိဘူး ဟုတ်လား။ နင့်ဆီမှာလည်း စကားလုံးတွေစစ်ထုတ်တာကို ခံလိုက်ရတာလား"

ဒီယွန်နီဆပ်ပြောခဲ့သည်ကို ကျနော် မကြားလိုက်ရပေ။ သို့သော်လည်း သူ ဘာကို ဆိုလိုသည်ကိုတော့ ခပ်ရေးရေး ခန့်မှန်းမိသည်။ သူပြောခဲ့သောစကားမှာ ဇာတ်ဝင်ခန်း အားလုံး၏ 'နိဂုံး' နှင့် ဆက်စပ်နေပေလိမ့်မည်။ ထို့ကြောင့်လည်း ဖုံးကွယ်ခြင်း ခံရသည်မှာ သဘာဝပင်။

ကျနော်သည် ၁၀ ခုမြောက် ဇာတ်ဝင်ခန်းကို စိန်ခေါ်နေဆဲ ဖြစ်ပြီး ဇာတ်ဝင်ခန်းတစ်ခု အနေဖြင့်သာ တည်ရှိနေသေးသဖြင့် သတင်းအချက်အလက် အားလုံးကို မိမိအလိုရှိသလို မရရှိနိုင်သေးချေ။

ဟန်ဆိုယောင်းက ကျနော့်ကို မကျေမနပ် မျက်နှာပေးဖြင့် စိုက်ကြည့်ကာ သက်ပြင်းအသာချလိုက်သည်။

"…ဒါနဲ့ နင့်ရဲ့ ကံကြမ္မာကိုကော ဘယ်လိုလုပ်မှာလဲ။ အိုလံပတ်စ်ရဲ့ နက္ခတ်တွေက ကိုယ်တိုင်ဆင်းလာပြီး သတိပေးတယ်ဆိုရင် ဒါက တကယ့်ကို အန္တရာယ်ရှိနေတာ ဖြစ်ရမယ်"

"အဲ့ဒီလိုပဲ ထင်ရတာပဲ"

"ကံကြမ္မာကို လုံးဝတားဆီးလို့ရမယ့် နည်းလမ်း မရှိဘူးလား"

"ဒါက လုံးဝရှောင်လွှဲလို့မရတဲ့ အရာမျိုးတော့ မဟုတ်ဘူး။ တကယ်လို့ ကံကြမ္မာကို အကောင်အထည်ဖော်ဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုရင် အဲ့ဒီကံကြမ္မာက ပြန်လည်ရုပ်သိမ်းသွားမှာပါ။ ကံကြမ္မာဆိုတာ 'ဖြစ်နိုင်စွမ်း'ပေါ်မှာပဲ အမြဲမူတည်နေတာ"

ဆန့်ကျင်ဘက် အဓိပ္ပာယ်အရ ပြောရလျှင် ဖြစ်ပျက်လာနိုင်မည့် အခွင့်အလမ်း အနည်းငယ်မျှ ရှိနေသေးပါက ကံကြမ္မာမှ မည်သို့မျှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ဟန်ဆိုယောင်းက တစ်ခုခုကို စဉ်းစားကာ မေးခွန်းထုတ်၏။

"တိကျတဲ့ အချက်အလက်မျိုး မရှိဘူးလား။ ရှေ့ဖြစ်ဟောမှာ နင်သေဆုံးမယ်လို့ပဲ ပါတာလား"

"အဲ့ဒါက…"

အမှန်တကယ်တန်းတော့ ဒီယွန်နီဆပ်သည် ကျနော့်ကို ရှေ့ဖြစ်ဟောကို ပြောပြရန်အတွက် ဖြစ်နိုင်စွမ်း အမြောက်အမြား ဆုံးရှုံးရမည့် ဘေးကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

[ကိုယ်စားလှယ် ကင်ဒေါ့ဂျာသည် အချစ်ဆုံးသော သူများ၏ လက်ချက်ဖြင့် အသတ်ခံရလိမ့်မည်။]

အမှန်အတိုင်း ပြောရလျှင် ကျနော့်အတွက်တော့ ဝေခွဲမရနိုင်သော ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်၏။

ကျနော် အချစ်ဆုံးသော သူ…

သူတို့က ငါ့ကို သတ်ကြမှာလား။

ကျနော်က ရှေ့ဖြစ်ဟောပါ အကြောင်းအရာများကို ပြောပြရန် တွန့်ဆုတ်နေစဉ် ဟန်ဆိုယောင်းက စကားပြောရန်ပြင်လိုက်သည်။ သို့သော် ဟန်ဆိုယောင်းသည် ဘာပြောရမှန်း မသိသကဲ့သို့ ဟန်ဆိုယောင်း၏ မျက်နှာမှာ ဖြူဖျော့သွားပြီးနောက် နီမြန်းလာ၏။

"နင် အချစ်ဆုံးသော သူ ဟုတ်လား"

"ဟုတ်တယ်"

"…နင့်မှာ အဲ့ဒီလို လူမျိုး ရှိလို့လား"

ကျနော် စိတ်မကောင်း ဖြစ်သွားသော်လည်း တစ်နည်းအားဖြင့် ထိုမေးခွန်းကိုပင် ပြန်လည်မေးချင်စိတ် ပေါက်လာလေသည်။ ကျနော်သည် လူတိုင်း၏ မျက်နှာများကို ပြန်လည်အမှတ်ရရန် ကြိုးစားကြည့်၏။ သံယောဇဉ် အချို့တော့ ရှိသော်လည်း ကျနော် 'ချစ်' ပါသည်ဆိုသော သူဟူ၍ တစ်ဦးမျှ မရှိချေ။ အမှန်တကယ်တန်းတော့ 'အချစ်' ဆိုသော စကားလုံးမှာ ကျနော့် ဘဝနှင့် အဝေးဆုံးသော စကားလုံး ဖြစ်၏။

"အမှန်အတိုင်း ပြောရရင်တော့ မရှိဘူးလို့ပဲ ပြောရမှာပဲ"

ကျနော့် စကားကြောင့် ဟန်ဆိုယောင်း၏ မျက်နှာမှာ ပို၍ နီမြန်းလာသည်။

"ဒါဆိုရင် ကံကြမ္မာက အလိုလို ပြန်ရုပ်သိမ်းသွားရမှာ မဟုတ်ဘူးလား"

"အပေါ်ယံကြည့်ရင်တော့ အဲ့ဒီလို ထင်ရပေမဲ့…"

"ဒါမှမဟုတ် နင်က အခုပဲ တစ်စုံတစ်ယောက်ကို ချစ်မိသွားတော့မှာလား။ နင်က မြင်မြင်ချင်း ချစ်မိတတ်တဲ့ အမျိုးအစားလား"

"အဲ့ဒီလိုမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးသလို ဖြစ်လာဖို့လည်း အကြောင်းမရှိဘူး"

ကံကြမ္မာ မက်ဆေ့ချ်မှာ သုံးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ပေါ်လာသည်အထိ အားကောင်းနေသဖြင့် ကျနော် ဝေခွဲမရ ဖြစ်နေမိသည်။

ငါက တစ်စုံတစ်ယောက်ကို ချစ်မိနေခဲ့တာလား။

ဟန်ဆိုယောင်းက ကျနော်၏ ရှုပ်ထွေးနေသော မျက်နှာပေးကို ကြည့်ကာ ပြောသည်။

"ဒါမှမဟုတ် နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခု ရှိသေးတယ်"

" ဘာများလဲ"

"မူလကတည်းက ကံကြမ္မာဆိုတာ တိုက်ရိုက် အဓိပ္ပာယ်ပြန်ရတဲ့ အရာမျိုး မဟုတ်ဘူး။ နင် ဂရိဒဏ္ဍာရီကို မသိဘူးလား။ ရှေ့ဖြစ်ဟောတွေဆိုတာ ချက်ချင်းကြီး သိနိုင်တာ မဟုတ်ဘူးလေ။ အဲ့ဒါတွေက တင်စားချက်တွေ၊ သင်္ကေတတွေနဲ့ ပြည့်နှက်နေတာ"

ဟန်ဆိုယောင်းက ခေါင်းကို စောင်းလိုက်သည်။

"ကိုယ်စားလှယ် ကင်ဒေါ့ဂျာသည် သူ အချစ်ဆုံးသော သူ၏ လက်ချက်ဖြင့် အသတ်ခံရလိမ့်မည်… ဒီစာကြောင်းမှာ ဘယ်လို သင်္ကေတတွေ၊ တင်စားချက်တွေ ပါဝင်နေမလဲ"

"အဲ့ဒီစာကြောင်းက ထင်မှတ်မထားတဲ့ တခြား အဓိပ္ပာယ်မျိုး ရှိနိုင်တယ်လို့ နင် ပြောချင်တာလား"

"ဟင်း…"

ဟန်ဆိုယောင်းသည် စာရေးဆရာမ တစ်ဦး ဖြစ်သဖြင့် ဤရှုထောင့်မှ အဓိပ္ပာယ်ပြန်ရာတွင် ထင်မှတ်မထားလောက်အောင် တော်လှသည်။ ဟန်ဆိုယောင်းသည် ဆီလျော်သော ယူဆချက်များကို စတင်ထုတ်ဖော်ပြောဆို၏။

"ဖြစ်နိုင်ခြေ သုံးခု ရှိတယ်လို့ ငါ ထင်တယ်"

"အဲ့ဒါတွေက ဘာလဲ။ ပြောပြပါဦး"

"ပထမတစ်ခုကတော့ 'ကိုယ်စားလှယ်' လို့ ဘာလို့ အရင်ဆုံး ဖော်ပြခဲ့သလဲဆိုတဲ့ အချက်ပဲ"

"…ကိုယ်စားလှယ် ဟုတ်လား"

ထိုအချက်မှာ ကျနော် သတိမထားမိဘဲ ကျော်သွားခဲ့သော အချက်ပင် ဖြစ်သည်။

"နင်က အခု နက္ခတ် တစ်ပါး ဖြစ်နေပြီ မဟုတ်ဘူးလား။ ဒါဆိုရင် ကိုယ်စားလှယ် တစ်ဦး အနေနဲ့ဆိုရင် နင်က သေဆုံးခဲ့ပြီးသားပဲ။ မဟုတ်ဘူးလား"

ထိုယူဆချက်မှာ ဆီလျော်သော ယူဆချက် တစ်ခု ဖြစ်သည်။ သို့သော်လည်း ဤယူဆချက်သာ မှန်ကန်ခဲ့ပါက ကျနော် နက္ခတ် ဖြစ်လာသည့် အခိုက်အတန့်မှာပင် ကံကြမ္မာ အကောင်အထည်ဖော်ပြီးပြီဟူသော မက်ဆေ့ချ်ကို မြင်တွေ့ရမည် ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ကံကြမ္မာ မက်ဆေ့ချ်များ ထပ်ခါတလဲလဲ ပေါ်လာစရာ အကြောင်းမရှိချေ။

ဟန်ဆိုယောင်းသည်လည်း တစ်ခုခု လိုအပ်နေသည်ဟု ထင်ရသဖြင့် ဒုတိယ ယူဆချက်ကို ထုတ်ဖော်လိုက်ပြန်သည်။

"ဒုတိယ အချက်ကတော့ 'သူ အချစ်ဆုံးသော သူ' ဆိုတဲ့ စကားလုံးကိုယ်တိုင်က တင်စားချက် ဖြစ်နိုင်တယ်"

"ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုမှာ တခြား ဘယ်အရာကို 'သူ'ဆိုတဲ့ စကားအဖြစ် သတ်မှတ်လို့ ရသေးလဲ"

"အင်း… တစ်စုံတစ်ခုကို သူဆိုတဲ့စကားအဖြစ် တင်စားထားတာမျိုး ဖြစ်နိုင်တယ်ဟ"

ကျနော် စဉ်းစားကြည့်ရန် ကြိုးစားကြည့်သော်လည်း ဤအပိုင်းအတွက် ဆီလျော်သော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မတွေ့ရှိခဲ့ချေ။

ကျနော်သည် ဟန်ဆိုယောင်းကို ကြည့်ရင်း ဟန်ဆိုယောင်းသည် လူကောင်းတစ်ယောက်လားဟု တွေးတောမိ၏။ ကျနော့်အတွက် ဤဖြစ်နိုင်ခြေ အားလုံးကို စဉ်းစားပေးနေသည်မှာ အလွန်ပင် ကျေးဇူးတင်စရာ ကောင်းလှပေသည်။

ကျနော် ဟန်ဆိုယောင်းကို စိုက်ကြည့်နေမိ၏။ ကြွင်းကျန်နေသော နေဝင်ရိုးရီ အလင်းတန်းကြောင့် ဟန်ဆိုယောင်း၏ မျက်တောင်များမှာ ပုံမှန်ထက် ပိုရှည်နေသလို ထင်ရသည်။ ကြည့်ရသည်မှာ ဟန်ဆိုယောင်းသည် တော်တော်လေး ချောမောလှပသည့် ပုံပင်။ အမှန်တကယ်တော့ ဟန်ဆိုယောင်းသည် အနည်းငယ် ငယ်ရွယ်သော်လည်း ရုပ်ရည်မှာ မဆိုးလှချေ။

…ခဏလေး။ ငါ အခု ဘာတွေ တွေးနေတာလဲ။ ငါ သတိထားရမယ်။

ကျနော် တစ်ခုခု အမှားအယွင်းလုပ်မိပါက ဟန်ဆိုယောင်း၏ ရိုက်နှက်ခြင်းကို ခံရနိုင်သည်။ အမှန်အတိုင်း ပြောရလျှင် ဟန်ဆိုယောင်းသည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ကျနော့်ကို ဓားနှင့် ထိုးမည့်သူ ဖြစ်၏။ အမှန်စင်စစ် ဟန်ဆိုယောင်းသည် ကျနော့်ကို တစ်ကြိမ် ဓါးဖြင့် ထိုးခဲ့ဖူးလေသည်။

ဟန်ဆိုယောင်းက ထပ်ပြောပြန်သည်။

"နောက်ဆုံး ငါတို့ စဉ်းစားရမှာက 'သေဆုံးခြင်း' ပဲ။ ဒီသေဆုံးခြင်းက စာသားအတိုင်း တကယ် သေတာမျိုး မဟုတ်လောက်ဘူး"

"ဒါဆိုရင် ဘာလဲ"

"လူတွေ ဘယ်အချိန်မှာ သေကြတယ်လို့ နင် ထင်သလဲ"

"အဲ့ဒါက… သူတို့ရဲ့ သက်တမ်း ကုန်ဆုံးသွားတဲ့ အခါပေါ့။ သူတို့ရဲ့ နှလုံးခုန်သံ ရပ်တန့်သွားပြီး အသက်မရှူတော့တဲ့ အချိန်မျိုးလေ"

ဟန်ဆိုယောင်းက ကျနော့် အဖြေကို စိတ်ပျက်သွားသည့်ဟန်ဖြင့် နှုတ်ခမ်းဆူလိုက်သည်။

"အင်းလေ… နင်က Ways of Survival လို ဝတ္ထုမျိုးကိုပဲ စွဲစွဲမြဲမြဲ ဖတ်နေတာလည်း အကြောင်းရှိတာပဲ…"

"…အပိုတွေ ပြောမနေနဲ့။ ငါပြောသလိုမဟုတ်ဘူးဆိုရင် နင် ဘာကို ဆိုလိုချင်တာလဲ"

"နင် မန်ဟွာရုပ်ပြ (Manhwa) တွေ မဖတ်ဘူးလား။ ပုံမှန်ဆိုရင် ဒီလိုမျိုး ပြောရမှာလေ။ လူတစ်ယောက် ဘယ်တော့ သေလဲဆိုတော့ လူတွေရဲ့ မေ့လျော့ခြင်းကို ခံရတဲ့ အချိန်ပဲ"

"အဲ့ဒါတွေက မန်ဟွာထဲမှာလေ။ ဒါဆို နင်က ငါ့ကို လူတွေ မေ့သွားကြလိမ့်မယ်လို့ ပြောချင်တာလား"

"ဒါက ဥပမာပေးတာလေ အရူးရဲ့။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုမှာ နက္ခတ် တစ်ပါးဟာ မေ့လျော့ခံလိုက်ရတဲ့အခါ သေဆုံးသွားတတ်တယ်။ နင်လည်း အဲ့ဒီလို ဖြစ်နိုင်ခြေမျိုးကို စဉ်းစားကြည့်လို့ ရတယ်"

အမှန်တကယ်တော့ ထိုအချက်မှာ မဖြစ်နိုင်သော အရာတော့ မဟုတ်ချေ။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ဆိုသည်မှာ ကြီးမားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီး ဇာတ်လမ်းထဲတွင် မည်သည့် ပတ်သက်မှုမျှ မရှိသော တည်ရှိမှုများသည် သဘာဝအလျောက် ပျောက်ကွယ်သွားကြရသည်သာ။

ကျနော် သိချင်စိတ်ဖြင့် မေးလိုက်၏။

"လူတွေက ငါ့ကို ဘာလို့ မေ့သွားမှာလဲ။ အစုလိုက်အပြုံလိုက် မှတ်ဉာဏ် ပျောက်ဆုံးတာမျိုးလား"

"သူတို့က တမင် မေ့ပစ်ချင်တာမျိုးတော့ မဟုတ်လောက်ဘူး"

ဟန်ဆိုယောင်း၏ မျက်နှာမှာ ရုတ်တရက် အထီးကျန်နေဟန် ပေါက်သွားသည်။

ပြောရလျှင် ကျနော်သည် ဟန်ဆိုယောင်း၏ ဘဝအကြောင်းကို မသိချေ။ ဟန်ဆိုယောင်းသည် Ways of Survival ကို ခိုးချပြီး ဝတ္ထုတစ်ပုဒ် ရေးခဲ့သည်ဟူသော အချက်မှလွဲ၍ ကျနော် ဟန်ဆိုယောင်း အကြောင်း ဘာမျှ မသိဟု ပြော၍ရသည်။

…ယခုအချိန်အထိပင် ခိုးချမှုနှင့် ပတ်သက်သော အပိုင်းမှာ မသေချာသေးချေ။ ယခင်က ဟန်ဆိုယောင်းသည် ခိုးမချခဲ့ကြောင်း ပြောခဲ့ဖူးပြီး မုသားထောက်လှမ်းနိုင်စွမ်း ကလည်း ဟန်ဆိုယောင်းသည် အမှန်အတိုင်း ပြောနေကြောင်း ဖော်ပြခဲ့သည်။

ခဏအကြာတွင် ကျနော် မေးလိုက်၏။

"ဒါဆို နင် ဘာကို ဆိုလိုတာလဲ"

ဟန်ဆိုယောင်းသည် စကားလုံးများကို ရွေးချယ်နေဟန် တူပြီး ဟန်ဆိုယောင်း၏ မျက်နှာမှာ ခပ်မှိုင်မှိုင် ဖြစ်သွားကာ ကျနော်မေးသည်ကို ပြန်ဖြေလေသည်။

"ကင်ဒေါ့ဂျာ၊ သေသွားတဲ့ လူတွေက ဘာကိုမှ မမှတ်မိနိုင်တော့ဘူး"

ဟန်ဆိုယောင်း ဘာကို ပြောနေသလဲဆိုသည်ကို ကျနော် သဘောပေါက်သွားသည်။ ကျနော်တို့ နှစ်ဦးစလုံးသည် သုခဘုံဘက်သို့ အလိုအလျောက် လှည့်ကြည့်မိကြ၏။

…ဟုတ်နိုင်ပါ့မလား။

ဟန်ဆိုယောင်းက အရင်ဆုံး စကားစလိုက်သည်။

"ငါတို့ ပြန်သွားကြမလား"

"…အခု သွားရင်တော့ အရမ်း နောက်ကျသွားပြီ။ လေးရက်တောင် ရှိနေပြီလေ။ အချိန်မီ ရောက်ဖို့က မဖြစ်နိုင်တော့ဘူး"

"ဒါဆိုရင်…."

"ရပါတယ်။ အခုလောက်ဆိုရင် အားအကောင်းဆုံး စစ်ကူတွေ ရောက်နေလောက်ပါပြီ"

"အားအကောင်းဆုံး စစ်ကူတွေ ဟုတ်လား"

"အဲ့ဒီကောင်ကို လွှတ်လိုက်ရမှာပဲ…"

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ၌ မက်ဆေ့ချ်တစ်ခု ပေါ်လာ၏။

[မဟူရာရဲတိုက်ထဲမှ တစ်စုံတစ်ယောက်သည် ဇာတ်ဝင်ခန်းအတွင်း ပထမဆုံးသော အဆင့်ကျော်လွန်ခြင်းကို အောင်မြင်သွားပါပြီ။]

ကျနော် မျှော်လင့်ထားသည့်အတိုင်းပင်။ သူသည် ယခုလောက်ဆိုလျှင် ထိုအဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု ကျနော် တွေးထားခဲ့၏။

ကျနော်သည် အဝေးတစ်နေရာတွင် ကပ်ဘေးတစ်ခုကို ဖန်တီးနေမည့် ယူဂျွန်ဟော့ အကြောင်းကို တွေးတောမိသည်။

"အခုက အဓိကဇာတ်ကောင်က သူစားတဲ့ ထမင်းဖိုး ပြန်ပေးရမယ့် အချိန်ပဲ"

အခန်း ၁၆၆

- အပိုင်း ၃၂ - ကင်ဒေါ့ဂျာ၏ အချစ် (၅)

ဟန်ဆိုယောင်းက ကျနော့်ဘေးတွင် နှုတ်ခမ်းကို ကိုက်လိုက်ရင်း ပြောသည်။

"နင်က ဘယ်တုန်းက သူ့နဲ့ ဒီလောက်တောင် ရင်းနှီးသွားတာလဲ။ အဲ့ဒီ စိတ်ဝေဒနာရှင်ကောင်ကိုပြောတာ"

"ငါတို့ မရင်းနှီးပါဘူး"

"နင် စောနက စကားကိုပြောတုန်းက သူ့ကို အတော်လေး ယုံကြည်နေတဲ့ အမူအရာမျိုး ဖြစ်နေတာခဲ့တာလေ"

"နင် မှားနေပြီ။ ငါက သူ့ထက် ဒိုကဲဘီတွေကို ပိုယုံတယ်"

ကျနော်သည် ယူဂျွန်ဟော့ကို ယုံကြည်သည်ဆိုပါက ထိုသို့ယုံကြည်ခြင်းမှာ သူ၏ စိတ်နေသဘောထားကို မဟုတ်ဘဲ သူ၏ အတွေ့အကြုံကိုသာ ယုံကြည်ခြင်း ဖြစ်၏။ သူသည် အတွေ့အကြုံ သုံးဆခန့် ပိုမိုများပြားသော လူတစ်ယောက် ဖြစ်ပြီး ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ရှင်ယူဆောင်းထံမှလည်း သတင်းအချက်အလက် အမျိုးမျိုးကို သင်ယူခဲ့ပြီးသား ဖြစ်လေသည်။

ထို့အပြင် သုခဘုံ သည် မူလကပင် ယူဂျွန်ဟော့ အဓိက တာဝန်ယူရမည့် နေရာဖြစ်၏။ ဒုတိယအကြိမ် နောက်ပြန်ဆုတ်ခြင်းတွင်လည်း ယူဂျွန်ဟော့သည် ထိုနေရာကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သဖြင့် ယခုတစ်ကြိမ်တွင် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ပေလိမ့်မည်။ သို့သော်...

"...ငါ နည်းနည်းတော့ စိုးရိမ်မိတယ်"

ယူဂျွန်ဟော့၏ စိတ်နေသဘောထားကို လုံးဝ မယုံကြည်နိုင်သဖြင့် ကျနော်စိတ်အေးအေး မထားနိုင်သေးချေ။ ကျနော့်အဖွဲ့ဝင်များ သုခဘုံ ကို တိုက်ခိုက်နိုင်ရန်အတွက် ပြင်ဆင်မှု အမျိုးမျိုး ပြုလုပ်ထားသော်လည်း အရာအားလုံး ပြည့်စုံရန်မှာ မလွယ်ကူလှ။

ကျနော်သည် စာရေးသူ မဟုတ်ဘဲ စာဖတ်သူ တစ်ယောက်သာ ဖြစ်ပြီး ယူဂျွန်ဟော့မှာမူ စိတ်ဒဏ်ရာရလွယ်သော သူကဲ့သို့ပင်။ ပြီးခဲ့သည့်အကြိမ် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုဖြစ်ပြီးနောက် သူ့ အခြေအနေမှာ အများကြီး ပိုကောင်းလာလိမ့်မည်ဟု ကျနော် မျှော်လင့်မိပါသည်။

ဟန်ဆိုယောင်းက နားလည်ပေးသည့် အမူအရာဖြင့် ပြောသည်။

"အင်းလေ... နင် စိုးရိမ်နေတယ်ဆိုရင်လည်း သွားကြည့်လို့ ရတာပဲ။ နင့်မှာ အချိန်နှင့်တပြေးညီ ကြည့်နိုင်တဲ့ စွမ်းရည်လည်း ရှိနေတာပဲကို"

"...နင်က အဲ့ဒါကို သိနေတာလား"

"ခုနကအထိတော့ မသိဘူး"

ယခင်အကြိမ်က ကျနော် ယူဂျွန်ဟော့ကို ထိန်းချုပ်ခဲ့သည်ကို ဟန်ဆိုယောင်း မြင်တွေ့ခဲ့ဖူးသည်။ ကျနော် ခေတ္တမျှ စဉ်းစားပြီးနောက် ဟန်ဆိုယောင်းကို ပြောလိုက်၏။

"ဒါဆို ငါ သွားကြည့်လိုက်ဦးမယ်။ ခဏ စောင့်နေဦး"

"နင် ငါ့ကို ဘယ်လောက် ပေးမှာလဲ"

"နင်က ဘာလို့ အချိန်တိုင်း ဒင်္ဂါးတွေပဲ တောင်းနေတာလဲ။ တစ်ခါလောက်တော့ အလကား ကူညီပေးသင့်တာပေါ့ဟ"

"...ဒါဆိုလည်း မြန်မြန်လုပ်။ ရန်သူတချို့ကို ငါ တစ်ယောက်ထဲ မရင်ဆိုင်နိုင်ဘူး"

"တစ်စုံတစ်ခု ဖြစ်လာရင် ငါ့ကို နှိုးလိုက်ပါ"

ကျနော် မျက်လုံးမှိတ်ကာ အိပ်စက်လိုက်သည်။

[သီးသန့်စွမ်းရည် 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်' အဆင့် ၃ အသက်ဝင်လာပါပြီ။]

အဆင့် ၃ အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် ကျနော့်အကြောင်းကို တွေးတောနေကြသော လူများ၏ အသံများကို စတင် ကြားလာရသည်။

ကျနော်သည် အသံအချို့ကို ဖယ်ထုတ်လိုက်ပြီး သေချာမြင်တွေ့ရမည့်သူကို ရွေးချယ်လိုက်၏။

…………………………………………………………………………………………..

သုခဘုံ၏ ဗဟိုချက်မမှစ၍ တုန်ခါမှုများ စတင်လာသည်။ မြေပြင်တစ်ခုလုံးကို လှုပ်ခါသွားစေသည့် ပြင်းထန်သော တုန်ခါမှုလှိုင်းကြောင့် လမ်းဘေးဈေးဆိုင်တန်းများမှာလည်း ကျွမ်းထုံမှောက်ခုံဖြစ်သွားကြ၏။

"အား...ဘာဖြစ်တာလဲ"

"သားရဲတစ်ကောင်တိုက်ခိုက်လာတာများလား"

လူတိုင်းက ပတ်ဝန်းကျင်ကို ဝိုင်းကြည့်ကြသော်လည်း အခြေအနေကို သဘောမပေါက်နိုင်ဘဲ ဖြစ်နေကြသည်။ ထိုသူတို့မှာ ငြိမ်းချမ်းမှုကို အချိန်အတော်ကြာ ခံစားခဲ့ရသောကြောင့်လည်း ဖြစ်နိုင်၏။ အဆိုးဆုံးအခြေအနေကို အမြဲတွေးတောခဲ့သည့် သူတို့၏ ဦးနှောက်မှာ ယခုအခါ အန္တရာယ်အကင်းဆုံး အနာဂတ်ကိုသာ စိတ်ကူးကြည့်နိုင်ရန် မှိုင်းတိုက်ခံထားရလေပြီ။

"အစောင့်တွေ ဖြေရှင်းပေးလိမ့်မယ်။ မစိုးရိမ်ကြနဲ့"

"တောင့်ခံထားကြစမ်း"

ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ယူဂျွန်ဟော့သည် သုခဘုံ၏ ကိုယ်စားလှယ်များကို ကြည့်လိုက်သည်။ သူ သိသည့်မျက်နှာများ ရှိသကဲ့သို့ မသိသည့် မျက်နှာများလည်း ပါဝင်နေ၏။

ပထမအကြိမ် နောက်ပြန်ဆုတ်ခြင်းတွင် ယူဂျွန်ဟော့သည် သူတို့ကို ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း သစ္စာဖောက်ခံခဲ့ရပြီး ဒုတိယအကြိမ်တွင်မူ သူကိုယ်တိုင်ပင် ထိုနေရာကို လက်စဖျောက်ခဲ့သည်။

နောက်ဆုံးတွင် တတိယအကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းကို ပြန်ရောက်လာလေပြီ။

ယူဂျွန်ဟော့က ပေါက်ကွဲမှုအတွင်းမှ ထွက်လာစဉ် လူအချို့က သူ့ကို ဆွဲကိုင်ကာ မေးခွန်းများ မေးမြန်းကြသည်။

"ဘာတွေလဲ။ ဘာတွေဖြစ်နေတာလဲ"

သစ်သီးရောင်းနေသူများ သို့မဟုတ် ကောက်ပဲသီးနှံ ရိတ်သိမ်းနေသူများမှာ ကြောက်လန့်တကြား အမူအရာဖြင့် သူ့ကို စိုက်ကြည့်နေကြ၏။ ယူဂျွန်ဟော့ကလည်း သူတို့ကို ပြန်လည်ရင်ဆိုင်လိုက်သည်။ အခြေအနေမှာ ဇာတ်ဝင်ခန်းတစ်ခု မဟုတ်ခဲ့လျှင်တောင် အမှန်တကယ်ပင် ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေလေပေပြီ။

ယူဂျွန်ဟော့မှာ အကြောင်းရင်းကို သိထား၏။ သူ သုခဘုံကို ပထမဆုံး မြင်တွေ့ခဲ့စဉ်က ရိန်းဟတ်၏ ရည်ရွယ်ချက်ကို သဘောတူခဲ့ပြီး ဤနေရာကို ကာကွယ်ပေးခဲ့ဖူးသည်။

" ကျေးဇူးပြုပြီး ကူ... ကူညီပါဦး "

သို့ပေသိ အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ သုခဘုံသည်လည်း ဇာတ်ဝင်ခန်းများနှင့် မခြားနားချေ။ ဇာတ်ဝင်ခန်းများက ကိုယ်စားလှယ်များကို ဆက်တိုက် ခေါင်းပုံဖြတ်နေသကဲ့သို့ပင် သုခဘုံသည်လည်း မြေဩဇာအဖြစ် အသုံးချခံရသည့် ကိုယ်စားလှယ်များ၏ အကူအညီဖြင့် ရပ်တည်နေသော နေရာတစ်ခု ဖြစ်သည်။

ယူဂျွန်ဟော့အနေဖြင့် ထိုနေရာကို အကြိမ်ကြိမ် ဖျက်ဆီးပြီးနောက် သိရှိခဲ့သည့် အချက်တစ်ခု ရှိ၏။ ထိုအချက်မှာ မဟာဇာတ်လမ်းများသည် သာမန်ဇာတ်လမ်းငယ်လေးများကို အမြဲပင် ဝါးမြိုပစ်တတ်ခြင်း ဖြစ်သည်။ ဇာတ်လမ်းများနှင့် ဆက်နွှယ်နေသည့် တစ်ခုတည်းသော နိယာမမှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ စီမံမှုပင် ဖြစ်သည်။

ယူဂျွန်ဟော့က ထိုလူများကို ပြောလိုက်၏။

"သုခဘုံက မကြာခင် ပျောက်ကွယ်တော့မယ်"

"ဟမ်"

"နင်တို့ကိုယ်နင်တို့ ကာကွယ်နိုင်မယ့်အရာကို ရှာထား။ ပြီးရင် အဲ့ဒါကို ကာကွယ်"

ယူဂျွန်ဟော့နှင့် အဖွဲ့ဝင်များ ဖန်တီးခဲ့သည့် လမ်းကြောင်းမှတစ်ဆင့် သားရဲများ စတင်ပြေးထွက်လာကြသည်။

မြေအောက်မှ ထွက်ပေါ်လာသည့် ဧရာမ လက်သည်းကြီးများကို မြင်တွေ့ရသောအခါ ကိုယ်စားလှယ်များမှာ အော်ဟစ်ကြောက်လန့်ကုန်ကြ၏။ အစောင့်အချို့က ကိုယ်စားလှယ်များကို ကာကွယ်ရန် ပြေးလာကြသော်လည်း သားရဲအားလုံးကို တားဆီးရန်မှာမူ မလုံလောက်ချေ။

"သူ... သူတို့က ဘာလို့ ဒီရောက်နေတာလဲ"

"အရှင်ကော။ အရှင်က ဘယ်မှာလဲ"

သားရဲများ၏ ရိုက်ချက်တစ်ချက်ကြောင့် အစောင့်များစွာမှာ လဲကျသွားကြသည်။ အစောင့်ခေါင်းဆောင်မှာမူ အချိန်မီ လက်မတင်လေးလွတ်အောင် မနည်း ထွက်ပြေးခဲ့ရ၏။

ယူဂျွန်ဟော့သည် တိုးဝင်လာသည့် သားရဲများ၏ ခြေလက်များကို ပိုင်းဖြတ်လိုက်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ယောင်ဟီဝန်နှင့် လီဟန်းဆောင်တို့မှာ နေရာအသီးသီးမှ လူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနေကြ၏။

ယူဂျွန်ဟော့က ရေရွတ်လိုက်သည်။

"မင်းတို့တွေ အခုထိ အသက်ရှင်နေတာကိုက အံ့သြစရာပဲ"

သူတို့သည် သူတို့၏ အမည်ကိုပင် မသိသော လူများအတွက် သေပေးကြပေလိမ့်မည်။ ထိုသို့ဖြစ်ရခြင်းမှာ ကင်ဒေါ့ဂျာ၏ လွှမ်းမိုးမှုကြောင့် ဖြစ်၏။ ထိုကဲ့သို့သော စိတ်ထားမျိုးဖြင့် ဤနေရာအထိ ရောက်ရှိလာနိုင်ခြင်းမှာ အံ့ဩဖွယ်ပင်။

"မဟုတ်ဘူး။ ကျမ ဒီနေရာကို ရောက်လာနိုင်တာက အဲ့ဒီလူတွေကြောင့်ပါ"

ယူဆန်းအာ၏ စကားကို ကြားသောအခါ ယူဂျွန်ဟော့က မျက်မှောင်ကြုတ်လိုက်သည်။

"နင်တို့ကြောင့် ငါ အချိန်ဖြုန်းနေရပြီ"

"ကျမ အိုလံပတ်စ်နဲ့ ဆက်သွယ်တုန်းက ဒေါ့ဂျာက ဒီမှာရှိတယ်လို့ ကြားခဲ့တာ"

"အဲ့ဒီသတင်းက မှားနေတာ ဒါမှမဟုတ် တစ်ယောက်ယောက်က သတင်းကို ခြယ်လှယ်နေတာပဲ ဖြစ်ရမယ်"

ကင်ဒေါ့ဂျာကိုယ်တိုင်ပင် သတင်းကို တစ်နည်းနည်းဖြင့် ခြယ်လှယ်ထားခြင်းလည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ အခြေအနေမှာ ယူဂျွန်ဟော့အတွက် အဆင်ပြေသည့် အခြေအနေ မဟုတ်ချေ။ မူလက သုခဘုံကို ရှင်းလင်းမည့် နည်းဗျူဟာမှာ ဤကဲ့သို့ မဟုတ်သင့်ပေ။ အမှန်တကယ်တန်းတွင် ယခုလက်ရှိ သုခဘုံမှာ တိုက်ခိုက်ရန် အသင့်တော်ဆုံးနေရာ မဟုတ်ဟု ပြော၍ရ၏။

ထာဝရလှုပ်ရှားမှု၏ သစ်ကိုင်းများသည် မြေပြင်မှ ထိုးထွက်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။

ထိုသို့ဖြစ်နေခြင်းမှာ မိစ္ဆာအမတ် ရိန်းဟတ်၏ 'ဇာတ်လမ်း' ဖြစ်၏။ ထိုအရာမှာ ဝိညာဉ်များဖြင့် အသက်ဆက်နေသည့် ထာဝရလှုပ်ရှားမှု အပင်ဖြစ်ပြီး သုခဘုံ၏ ကိုယ်ထည်ပင် ဖြစ်သည်။

သားရဲအချို့မှာ သစ်ကိုင်းများပေါ်သို့ တွားသွားပြီး တက်သွားကာ မြေပြင်အထက်သို့ ရောက်ရှိလာကြသည်။ မြေအောက်တွင် အချိန်အတော်ကြာ ငတ်မွတ်နေခဲ့သော သားရဲများသည် သားကောင်များကို တွေ့ရှိသွားသောအခါ ဟိန်းဟောက်ရင်း နေရာအနှံ့သို့ ပျံ့နှံ့သွားကြ၏။ ထိုအထဲတွင် ပဉ္စမအဆင့် မဟူရာခြေရာခံသူများ၊ စတုတ္ထအဆင့် လုဘဲကျားများနှင့် အမည်မသိ တတိယအဆင့် မျိုးစိတ်များပင် ပါဝင်နေလေသည်။

"အား..."

ဤကြောက်မက်ဖွယ် ကစားပွဲကြီး၏ အလယ်တွင် ကိုယ်စားလှယ်များသည် အရှင်ရိန်းဟတ်ကို ရှာဖွေတွေ့ရှိခဲ့ကြ၏။ သူသည်သာ ထိုသူတို့ကို ဤအဖြစ်ဆိုးမှ ကယ်တင်ပေးနိုင်မည့် ကယ်တင်ရှင်ဖြစ်သည်ဟု သူတို့တွေ ယုံကြည်ခဲ့ကြလေသည်။

“အရှင်”

ထိုနောက်တွင်တော့ အပင်ကြီးက လှုပ်ရှားလာခဲ့သည်။ နွယ်ပင်များမှာ ရေဘဝဲလက်တံများကဲ့သို့ ဆန့်ထွက်လာ၏။ ထက်မြက်လှသော နွယ်ပင်ထိပ်ဖျားများသည် သုခဘုံမှ လူများကို ကာကွယ်ရန်အတွက် သားရဲများကို ထိုးဖောက်သွားခဲ့သည်။

ကိုယ်စားလှယ်များမှာ ဝမ်းသာအားရ ကြွေးကြော်ခဲ့ကြ၏။ သုခဘုံတွင် အစွမ်းထက်သော တည်ရှိမှုတစ်ခုသာ ရှိသည်ကို ထိုသူတို့ သိထားကြသောကြောင့် ဖြစ်သည်။

“ဒါ အရှင်ရိန်းဟတ်ပဲ”

“အရှင်”

[ကျေးဇူးပြု၍ စိတ်အေးအေးထားကြပါ]

ရိန်းဟတ်၏ အသံကို ကြားလိုက်ရချိန်တွင် ကိုယ်စားလှယ်များ၏ နှလုံးသားမှာ ဖမ်းစားခြင်း ခံလိုက်ရ၏။

‘ငါတို့ရဲ့ သုခဘုံက ဒီလောက်နဲ့ လွယ်လွယ်နဲ့တော့ ပျက်စီးမသွားပါဘူးကွ’

လူတိုင်းက ထိုသို့ ယုံကြည်ခဲ့ကြသည်။ အနည်းဆုံးတော့ အစောင့်ခေါင်းဆောင်က မီးခိုးငွေ့များကြားမှ တစ်ခုခုကို ရှာမတွေ့ခင်အထိ ဖြစ်ချေသည်။

“အရှင်...”

ရင်းနှီးပြီးသား မျက်နှာတစ်ခုမှာ သစ်ကိုင်းအဆုံးရှိ အဖူးတစ်ခုမှ ထွက်ပေါ်လာနေခဲ့၏။

“အား...”

ကြောက်လန့်သွားသော အစောင့်ခေါင်းဆောင်မှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

“မကောင်းဆိုးဝါး… မကောင်းဆိုးဝါးကြီး”

သစ္စာခံမည်ဟု ကာလရှည်ကြာ ကျိန်ဆိုခဲ့သော အစောင့်ခေါင်းဆောင်သည် ရိန်းဟတ်က အပင်နှင့် တစ်သားတည်း ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ တည်ငြိမ်မှု ပျောက်ဆုံးသွားခဲ့၏။ မိစ္ဆာ၏ မူလခန္ဓာကိုယ် ပုံစံမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှချေသည်။

[အာ... ဟိုင်ဒဲ]

အစောင့်ခေါင်းဆောင်သည် အရှင်ဖြစ်သူ၏ မူလရုပ်သွင်ကို အတည်ပြုလိုက်မိပြီးနောက် ကြောက်ရွံ့တုန်ရင်နေခဲ့သည်။ ရိန်းဟတ်ထံမှ ထွက်ပေါ်နေသော စွမ်းအားမှာ ကြောက်စရာ ကောင်းလှ၏။ ထိုသို့ကြောက်စရာကောင်းနေခြင်းမှာ ရိန်းဟတ်၏ ဒဏ္ဍာရီလာဇာတ်လမ်းဖြစ်သော ‘မျှော်လင့်ချက်မဲ့ သုခဘုံ’ ကြောင့် ဖြစ်လေသည်။

[အဆင်ပြေပြေ ပြီးဆုံးသွားတာပဲ။ ငါ ပြန်လည်ကောင်းမွန်လာဖို့အတွက် အစာ လိုအပ်နေတာ]

ပျံဝဲနေသော နွယ်ပင်များသည် အစောင့်များ အပါအဝင် သုခဘုံရှိ လူများကို စတင်ဝါးမြိုတော့သည်။ နွယ်ပင်များသည် ကိုယ်စားလှယ်များကို ထိုးဖောက်ကာ ထိုသူတို့၏ ဇာတ်လမ်းငယ်လေးများကို စုပ်ယူလိုက်ကြ၏။ သုခဘုံတွင် နေထိုင်သူများမှာ မံမီရုပ်အလောင်းများ ဖြစ်သွားကြသည့်သူများရှိသလို မိစ္ဆာများအဖြစ် ပြောင်းလဲသွားကြသည့် သူများလည်း ရှိကြလေသည်။

“ရပ်လိုက်စမ်း”

ငရဲမီးလျှံများက သစ်ကိုင်းအချို့ကို လောင်ကျွမ်းစေခဲ့သည်။ သို့ပေသိ သစ်ကိုင်းများမှာ အဆုံးမရှိချေ။ ယောင်ဟီဝန်က အော်ဟစ်လိုက်၏။

“ဒါက ရှင် ကာကွယ်ရမယ့် နေရာလို့ ထင်ထားတာ။ ရှင် ဘာတွေ လုပ်နေတာလဲ”

[ကာကွယ်ပေးဖို့ကက မင်းတို့တွေ ပေါ်မလာခင်အထိပဲလေ]

ရိန်းဟတ်က ရယ်မောလိုက်၏။ သူ၏ ကိုယ်အထက်ပိုင်းမှာ အမြင့်ဆုံး သစ်ကိုင်းမှ ထွက်ပေါ်လာပြီး သုခဘုံ၏ မြင်ကွင်းကို ကြည့်လိုက်သည်။

[သုခဘုံက အဆုံးသတ်သွားပြီ]

ကိုယ်စားလှယ်များသည် ဧရာမ ထာဝရလှုပ်ရှားမှုအပင်ကြီး၏ ရှေ့တွင် ကြောက်ရွံ့တုန်ရင်နေကြ၏။ သိပ်မကြာသေးခင်အချိန်အထိ ရိန်းဟတ်ကို ကြည်ညိုလေးစားနေခဲ့ကြသော သုခဘုံတွင် နေထိုင်ခဲ့ကြသည့်သူများကို မတွေ့ရတော့ချေ။

[ဒါကြောင့်မလို့ပဲ ဇာတ်လမ်းငယ်လေးတွေရဲ့ တည်ရှိမှုက မလွဲမသွေ လိုအပ်တာ။ မင်းတို့က တစ်သက်လုံး သစ်ပင်အသေးလေးပေါ်မှာပဲ နေထိုင်လာကြတော့ တကယ်တန်းမှာ တောအုပ်ကြီးဆိုတာကို မသိခဲ့ကြဘူး]

ကိုယ်စားလှယ်များသည် အခြေအနေကို တစ်ယောက်ပြီး တစ်ယောက် သဘောပေါက်လာကြသည်။ တချို့သူတို့မှာ အမှန်တရားကို သိရှိထားပြီးသား ဖြစ်သော်လည်း လျစ်လျူရှုထားခဲ့ကြခြင်း ဖြစ်နိုင်လေသည်။

[ဒါကြောင့် အရာအားလုံးကို ငါပြန်စမယ်]

ထီးတစ်ချောင်းကဲ့သို့ပင် သစ်ကိုင်းများမှာ အထက်သို့ ထိုးတက်သွားပြီး သုခဘုံတစ်ခုလုံးကို စတင် ဖုံးလွှမ်းလိုက်၏။ သုခဘုံတစ်ခုလုံးကို စုပ်ယူပစ်လိုသည့်အလားပင်။ ယောင်ဟီဝန်သည် ထိုသစ်ကိုင်းများ၏ပမာဏကို စိုက်ကြည့်ရင်း လုံးဝ စိတ်ပျက်သွားခဲ့၏။

ထိုအပင်ကြီးကို သူတို့ မည်သို့ ထိခိုက်အောင် လုပ်နိုင်မည်နည်း။ လူသားများက ထိုအပင်ကြီးကို တိုက်ခိုက်ပြီး အနိုင်ရနိုင်ပါ့မည်လော။

ထို့နောက် သစ်ကိုင်းများ၏ တစ်ဖက်ခြမ်းမှ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဟိန်းဟောက်သံနှင့်အတူ ကောင်းကင်ကို ဖုံးလွှမ်းထားသော သစ်ကိုင်းများမှာ ကျိုးပျက်သွားခဲ့၏။ သုခဘုံ၏ အမိုးပေါ်တွင် ဧရာမ တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင်။

[တကယ်ကို အံ့သြဖို့ ကောင်းတာပဲ။ မင်းက...]

ရိန်းဟတ်၏ အသံတွင် စစ်မှန်သော ချီးကျူးသံများ ပါဝင်နေသည်။ ပျက်စီးသွားသော အမိုးအောက်တွင် အလွန်ကြီးမားသော တည်ရှိမှုနှင့်အတူ အမျိုးသားတစ်ဦး ရှိနေ၏။ ပြောနေစရာပင် မလိုချေ။ ထိုသူမှာ ယူဂျွန်ဟော့ ဖြစ်လေသည်။

[...မင်းက လူသားတစ်ယောက်ရဲ့ အဆင့်ကို ကျော်လွန်သွားပြီပဲ]

လူသားအဆင့်ကို ကျော်လွန်ခြင်း။ ထိုတင်စားချက် စကားလုံးများသည် ရိန်းဟတ်ကဲ့သို့သော တည်ရှိမှုများအတွက် လုံးဝ ကွဲပြားသော အဓိပ္ပာယ်ရှိ၏။

[မင်းက နဝမမြောက် ဇာတ်ဝင်ခန်းမှာတင် ဒီလိုအဆင့်ကို ရောက်နေပြီလား။ ကင်ဒေါ့ဂျာကလည်း တော်ပေမယ့် မင်းကတော့... မင်းက တကယ့် မကောင်းဆိုးဝါးပဲ]

အစွမ်းထက်သော တည်ရှိမှုတစ်ခုသည် ယူဂျွန်ဟော့၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေခဲ့သည်။ မျက်လုံးများကို ပိတ်ထားသော ယူဂျွန်ဟော့သည် သူ၏ စွမ်းဆောင်ရည်အားလုံးကို အသုံးချကာ သူ၏ ကန့်သတ်ချက်များကို ကျော်လွန်နေခဲ့၏။

[ကျောက်ဆောင်ဘုရင်၏ လက်အိတ်ကြောင့် ခွန်အား အဆင့် ၂ ဆင့် တိုးလာပါသည်။]

[ဂူလျောင်၏ အရေပြားကြောင့် ခွန်အား အဆင့် ၁ ဆင့် တိုးလာပါသည်။]

[တိမ်တိုက်စုစည်းခြင်း ကောင်းကင်ဓားကြောင့် ခွန်အား အဆင့် ၄ ဆင့် တိုးလာပါသည်။]

[စွမ်းရည် အားဖြည့်မှုကြောင့် ခွန်အား အဆင့် ၃ ဆင့် တိုးလာပါသည်။]

ခွန်အားမှာ အဆင့် ၁၀၀ ကို ကျော်လွန်သွားသည်နှင့် တစ်ပြိုင်နက် ကြီးမားသော စွမ်းအင်တစ်ခုမှာ ယူဂျွန်ဟော့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့သည်။ သူသည် သူ၏ ဆရာဖြစ်သူ ကောင်းကင်ခွဲဓါးသူတော်စင်၏ စကားများကို သတိရလိုက်၏။

—အဆင့်ကျော်လွန်ခြင်းရဲ့ ပထမဆုံး လမ်းစဉ်က ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်နိုင်ဖို့ပဲ။

ကိုယ်စားလှယ် အများစုမှာ သူတို့၏ ကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့်သာ သန်မာလာရန်အတွက် ကန့်သတ်ချက်များ ရှိသည်ဟု ထင်မြင်ကြ၏။ ထို့ကြောင့်ပင် သူတို့သည် ပို၍ကောင်းမွန်သော ထောက်ပံ့သူများကို ရရှိရန်နှင့် ပို၍အစွမ်းထက်သော နက္ခတ်များ၏ အာရုံစိုက်မှုကို ရရှိရန် ကြိုးပမ်းကြခြင်း ဖြစ်သည်။

သို့ပေသိ စကြဝဠာကြီးမှာ အလွန်ကျယ်ပြောလှပြီး အချို့သောသူများမှာမူ ထိုကဲ့သို့သော ကြောက်ရွံ့မှုများကို သဘောမတူကြချေ။

ကောင်းမွန်သော ထောက်ပံ့သူ သို့မဟုတ် ထောက်ပံ့သူ လုံးဝ မရှိကြသောသူများလည်း ရှိကြ၏။ အကြွင်းမဲ့ တည်ရှိမှုတစ်ခု၏ အကူအညီဖြင့် မဟုတ်ဘဲ မိမိ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုဖြင့်သာ ‘နံပါတ်တစ်’ ဖြစ်လာရန် အိပ်မက်မက်ကြသူများ ရှိကြလေသည်။

—ဒုတိယမြောက် လမ်းစဉ်ကတော့ စွမ်းရည်အားလုံးကို အကန့်အသတ်အထိ လေ့ကျင့်ဖို့ပဲ။ ဒီကမ္ဘာမှာ တည်ရှိနေတဲ့ စွမ်းရည်တွေဟာ တစ်စုံတစ်ယောက် ချန်ရစ်ခဲ့တဲ့ ‘အထူးစွမ်းရည်’တွေကွ။ အဲ့ဒီစွမ်းရည်အားလုံးကို အစွမ်းကုန် လေ့ကျင့်ရမယ်။ လှေကားတစ်ခုပေါ်ကို တက်နေသလိုမျိုး စနစ်ရဲ့ ကန့်သတ်ချက်တွေကို ရှာဖွေစူးစမ်းဖို့ ကြိုးစားရမယ်။

နက္ခတ်များသည် ဇာတ်လမ်းများကို ဝါးမြိုပြီး သူတို့၏ လွှမ်းမိုးမှုကို အားကောင်းစေကာ သူတို့၏ တည်ရှိမှုကို ‘ဇာတ်လမ်း’ တစ်ခုအဖြစ် အမြဲတမ်း ပုံဖော်နေကြ၏။

—နောက်ဆုံး လမ်းစဉ်ကတော့ အဲ့ဒီလှေကားကို ကန်ထုတ်ပစ်ဖို့ပဲ။ အခုအချိန်အထိ မင်း စုဆောင်းထားသမျှ အားလုံးကို မေ့ပစ်လိုက်။ အဆင့်ကို မေ့လိုက်၊ စွမ်းရည်ကို မေ့လိုက်၊ ပြီးရင်တော့ ဇာတ်လမ်းကိုလည်း မေ့လိုက်။ ဘာပဲဖြစ်ဖြစ် သက်ရှိအများစု ရွေးချယ်ထားတဲ့ စနစ်က ‘ဘုံသဘော’ ဆန်တယ်။ အရေးကြီးဆုံးကတော့ မင်းရဲ့ ကိုယ်ပိုင် ‘ဇာတ်လမ်း’ ကို ရှာဖွေတွေ့ရှိဖို့ပဲ။

လေ့ကျင့်ခြင်း၊ လေ့ကျင့်ခြင်းနှင့် လေ့ကျင့်ခြင်း။ ပြင်းထန်သော ဇာတ်လမ်းတစ်ခုဖြင့် စွမ်းရည်၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာစေခြင်း။ ထိုအခြေအနေသို့ ရောက်ပြီဆိုလျှင် ထိုအဆင့်သည် နက္ခတ်များနှင့် နှိုင်းယှဉ်နိုင်သော လူသားတို့၏ အထွတ်အထိပ် အဆင့်ပင် ဖြစ်သည်။

ပါရမီရှိပြီး ကြိုးစားအားထုတ်သူများသည် သူတို့၏ မျိုးစိတ်ကန့်သတ်ချက်များကို ကျော်လွန်ကာ အဆင့်ကျော်လွန်ခြင်းကို ရရှိနိုင်ခဲ့ကြသည်။ သူတို့၏ မြင့်မြတ်သော ကြိုးပမ်းအားထုတ်မှုများကို ဂုဏ်ပြုသောအားဖြင့် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုမှ ထိုသူတို့အား နက္ခတ်များ မဟုတ်ကြသော်လည်း အဆင့်ကျော်လွန်သူများဟု ခေါ်ဆိုကြသည်။

—ငါပြောခဲ့တာတွေက အဆင့်ကျော်လွန်ခြင်းဆိုတဲ့ နေရာကို ဝင်ရောက်ဖို့အတွက် အနည်းဆုံး လိုအပ်ချက်တွေပဲ။

ယူဂျွန်ဟော့သည် ယခင် နောက်ပြန်ဆုတ်ခြင်းတွင် အဆင့်ကျော်လွန်ခြင်းကို ရရှိခဲ့ပြီးသား ဖြစ်သည်။ သူသည် ထိုအဆင့်သို့ တစ်ကြိမ် ရောက်ရှိခဲ့ပြီး ဖြစ်သောကြောင့် ထိုနေရာသို့ တစ်ဖန် ပြန်တက်လှမ်းရန်မှာ မခက်ခဲလှချေ။ ကိုယ်ခန္ဓာ အခြေအနေနှင့် အချိန်သာ လိုအပ်သည်။

ယူဂျွန်ဟော့၏ ရွှေရောင် အရှိန်အဝါမှာ ‘တိမ်တိုက်စုစည်းခြင်း ကောင်းကင်ဓား’ ပတ်လည်တွင် ဖြစ်ပေါ်လာခဲ့၏။ သူသည် စွမ်းရည်တစ်ခုကို အသုံးပြုနေသည်မှာ ထင်ရှားသော်လည်း စွမ်းရည် အသုံးပြုခြင်းနှင့် ပတ်သက်သည့် မက်ဆေ့ချ်မှာ ပေါ်ထွက်မလာခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ဤစွမ်းအားမှာ ‘စနစ်’ ကို အသုံးပြုနေခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ထိုစွမ်းအားမှာ ယူဂျွန်ဟော့ တစ်ဦးတည်းကသာ တည်ဆောက်ထားသော စွမ်းအား ဖြစ်သည်။

“ရိန်းဟတ်၊ ငါ မင်းကို အရင်တစ်ခေါက်က အနိုင်ယူခဲ့ဖူးတယ်”

ယူဂျွန်ဟော့သည် ဧရာမ တောအုပ်ကြီး ဖြစ်နေသော ထာဝရလှုပ်ရှားမှုဆီသို့ ဓားနှစ်လက်ဖြင့် ချိန်ရွယ်လိုက်၏။

“ဒီတစ်ခေါက်တော့ ငါ မင်းကို သတ်ပစ်မယ်”

အခန်း ၁၆၇

- အပိုင်း ၃၂ -ကင်ဒေါ့ဂျာ၏ အချစ် (၆)

တိုက်လေယာဉ်တစ်စင်း ဖြတ်ပျံသွားသကဲ့သို့ လေထုမှာ အုန်းခနဲ ပေါက်ကွဲသွား၏။ ရွှေရောင်စွမ်းအင် ထိမှန်သည့် နေရာများမှာ အက်ကွဲထွက်ကုန်သည်။ အက်ကြောင်းထဲတွင် ပိတ်မိနေသော သားရဲများမှာ အော်ဟစ်ချိန်ပင်မရဘဲ တစ်စစီ ပြတ်တောက်သွားကြ၏။ ထိုရွှေရောင်အလင်းတန်းမှာ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် မျိုးစိတ်များကို လွင့်စင်သွားစေလေသည်။

ထိုသို့ဖြစ်အောင်ပြုလုပ်လိုက်သောအရာမှာ ကောင်းကင်ခွဲဓါး ဖြစ်၏။ ကောင်းကင်ကို ခွဲခြေဖျက်နိုင်သည့် ဓါးလမ်းစဉ်ပင် ဖြစ်သည်။

၁၀ မိနစ်အတွင်း ထိုနယ်မြေကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သော တတိယအဆင့် သားရဲများပင်လျှင် ဤဓါးကို မတွန်းလှန်နိုင်သဖြင့် အော်ဟစ်နေကြရ၏။

ယူဂျွန်ဟော့သည် ဤဓါးကို မည်မျှကြာအောင် လေ့ကျင့်ခဲ့သနည်း။ ၁၀ နှစ်လော။ အနှစ် ၂၀ လော။ အမှောင်ထု သီးခြားနယ်ပယ်အတွင်း လေ့ကျင့်ခဲ့သည့် အချိန်ကိုပါ ပေါင်းထည့်မည်ဆိုလျှင် နှစ်ပေါင်း ၁၀၀ ကျော်ပင် ရှိပေလိမ့်မည်။ ထိုနှစ်ပေါင်းများစွာကြောင့်ပင် ယူဂျွန်ဟော့သည် လူသားမျိုးနွယ်၏ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

‘ငါ့ရဲ့ ကိုယ်ခန္ဓာ ကန့်သတ်ချက်က နိမ့်နေသေးပေမဲ့ ထိရောက်မှုရှိတယ်ဆိုရုံလောက်တော့ လုပ်လို့ရပါတယ်’

ယူဂျွန်ဟော့သည် ဝန်ပိနေသော သူ၏ကိုယ်ခန္ဓာကို ထိန်းချုပ်ကာ ဓါးကို အဆက်မပြတ် ဝှေ့ယမ်းနေ၏။ သူသည် မည်မျှပင် သန်မာစေကာမူ ဤအဆင့်ကျော်လွန်သော စွမ်းအားမှာ ကြာရှည်မခံနိုင်ချေ။ သူ၏ အဆင့်မှာလည်း သူ၏ဆရာဖြစ်သူ ‘ကောင်းကင်ခွဲဓါးသူတော်စင်’ ထက် များစွာ လျော့နည်းနေသေးသည်။

သို့သော်လည်း သူ၏ တိုက်ခိုက်မှုများသည် သာမန် ‘စွမ်းရည်’ အဆင့်ထက် များစွာ ကျော်လွန်နေ၏။ သားရဲများမှာ မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်သွားကြသဖြင့် ရိန်းဟတ်မှာ အံ့အားသင့်သွားသည်။

[အဆင့်ကျော်လွန်ခြင်းနဲ့ ပတ်သက်တဲ့ ကောလဟာလတွေက အလကားမဟုတ်ဘူးပဲ။ ဒါပေမဲ့ ပြန်လာသူ မဟုတ်တဲ့ လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး အဆင့်ကျော်လွန်အောင် လုပ်နိုင်နေရတာလဲ]

ရိန်းဟတ် စကားမဆုံးလိုက်ချေ။ သူ ယခုလေးတင် ရှိနေခဲ့သော နေရာမှာ ယူဂျွန်ဟော့၏ ကောင်းကင်ခွဲဓါးမှ ထွက်ပေါ်လာသော အီသာဓါးသွားများကြောင့် တစ်စစီ ပြတ်တောက်သွား၏။

အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း စွမ်းအား ဖြစ်ပေသည်။ ဤအရာမှာ ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း၏ စွမ်းပကားပင် ဖြစ်၏။

“သတိထားဦး။ လူတွေပါ ထိကုန်တော့မယ်”

ယူဆန်းအာက ယူဂျွန်ဟော့ကို လှမ်းအော်ပြောသော်လည်း သူက လျစ်လျူရှုထားလိုက်သည်။

စတကည်းကပင် သူသည် အရာရာကို ကယ်တင်ရန်ထက် ဖျက်ဆီးပစ်ရန်သာ ကျွမ်းကျင်သူ ဖြစ်၏။

“ဒါက ဒဏ္ဍာရီလာအဆင့် ဇာတ်လမ်းရဲ့ သခင်ပဲ။ သူ့ကို အနိုင်ယူဖို့က မလွယ်ဘူး။ သုခဘုံထဲမှာဆိုရင် သူ့ရဲ့ ခွန်အားက ဒုတိယအဆင့် သားရဲတစ်ကောင်နဲ့ ညီမျှတယ်”

အမှန်စင်စစ် ရိန်းဟတ်၏ ထာဝရလှုပ်ရှားမှုအပင်မှာ ထိခိုက်မှုများ ရှိနေသော်လည်း ဆုတ်ယုတ်သွားမည့် အရိပ်အယောင် မရှိချေ။ ထို့အပြင် သစ်ကိုင်းများမှာ ပို၍ ဒေါသထွက်လာကာ ပတ်ဝန်းကျင်ရှိ လူသားများကို ပိုမို ဝါးမြိုစုပ်ယူနေကြ၏။

“အားးးးးး”

ထာဝရလှုပ်ရှားမှုအပင် ကြီးထွားလာသည့် အရှိန်မှာ လူသားများကို ကယ်တင်နိုင်သည့် အရှိန်ထက် ပိုမို မြန်ဆန်နေသည်။ ထို့အပြင် သားရဲများမှာလည်း အလွန် များပြားနေဆဲ ဖြစ်၏။

ယူဆန်းအာသည် ဟာမီးစ်၏ လမ်းလျှောက်နည်းစနစ်နှင့် သီးစီးယပ်စ်၏ ပြတ်သားမှုကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ သားရဲများကို သတ်ဖြတ်နေရင်းမှ ပြောလိုက်သည်။

“ဒါတွေက မကုန်နိုင်တော့ဘူးလား။ ဒီသားရဲတွေကို ဘယ်မှာ ဖုံးကွယ်ထားတာလဲ”

“ဒီသားရဲတွေက သုခဘုံရဲ့ ထွက်ကုန်တွေပဲ”

“ထွက်ကုန်တွေ ဟုတ်လား”

ယူဂျွန်ဟော့သည် ကောင်းကင်ယံသို့ ခဏမျှ မော့ကြည့်လိုက်၏။ ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟု ပြောထားသော ဒိုကဲဘီများသည် ပျော်စရာ မြင်ကွင်းတစ်ခုကို ကြည့်နေကြသကဲ့သို့ စုရုံးရောက်ရှိနေကြသည်။

[ဟူး... ဒါက ခက်ခဲသွားပြီ]

[ခြံအသစ်တစ်ခု လိုအပ်လာမယ့် ပုံပဲ]

ယူဆန်းအာသည် သူတို့ဆိုလိုသည်ကို ချက်ချင်း နားမလည်နိုင်ချေ။ တဟုန်ထိုး တိုးဝင်လာသော သားရဲများထဲတွင် ယခင် ဇာတ်ဝင်ခန်းများမှ ရင်းနှီးနေသော သားရဲများကို တွေ့မြင်နေရ၏။

နဝမအဆင့် မြေကြွက်များ၊ အဌမအဆင့် ဂရိုးများ...

“ဇာတ်ဝင်ခန်းတွေမှာ သုံးတဲ့ သားရဲတွေက ဘယ်ကလာတာလဲဆိုတာ နင် စဉ်းစားဖူးလား”

ယူဂျွန်ဟော့က မေးလိုက်သည်။

“အခြားကမ္ဘာကနေ လာတာ မဟုတ်ဘူးလား...”

“အဲဒီနည်းလမ်းက ကန့်သတ်ချက် ရှိတယ်။ ဒိုကဲဘီတွေက အလုပ်များကြတော့ အကျိုးမရှိတဲ့ အလုပ်အတွက် အချိန်မပေးကြဘူး”

ယူဆန်းအာသည် ယူဂျွန်ဟော့၊ ဒိုကဲဘီများနှင့် သုခဘုံရှိ သားရဲများကို ကြောင်စီစီဖြင့် စိုက်ကြည့်နေမိ၏။ ယူဆန်းအာမှာ မှင်တက်နေသဖြင့် ဘေးနားတွင် ငရဲမီးလျှံ တောက်လောင်ခြင်းကို အသုံးပြုနေသော ယောင်ဟီဝန်က ပထမဆုံး တုံ့ပြန်လိုက်သည်။

“မဟုတ်မှလွဲရော...”

ယူဂျွန်ဟော့က ခေါင်းညိတ်ပြလိုက်၏။

“သုခဘုံဆိုတာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုရဲ့ သားရဲတွေ ထွက်ရှိရာ နေရာပဲ။ အတိအကျ ပြောရရင် အဲဒီထဲက တစ်ခုပေါ့”

ယောင်ဟီဝန်၏ စိတ်ထဲတွင် ယခင်က နားမလည်နိုင်ခဲ့သည့် အချက်အချို့မှာ ကွက်တိ ဖြစ်သွားတော့သည်။ မဟူရာရဲတိုက်၏ ဒုတိယထပ်။ အရာရာတိုင်းတွင် ပါဝင်ပတ်သက်နေသော ဒိုကဲဘီများက ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်မစွက်ဖက်ရခြင်း၏ အကြောင်းရင်း။ ပြန်စဉ်းစားကြည့်လျှင် အရာအားလုံးတွင် အကြောင်းပြချက် ရှိနေခဲ့၏။

[ဒိုကဲဘီတို့။ သုခဘုံ အသစ်တစ်ခုကို ဖန်တီးလို့ ရပါတယ်]

အဝေးတစ်နေရာတွင် ပြန်လည်ကောင်းမွန်လာသော ရိန်းဟတ်၏ ကိုယ်ခန္ဓာ အပေါ်ပိုင်းမှာ ထာဝရလှုပ်ရှားမှုအပင်ပေါ်တွင် တစ်ဖန် ပြန်လည်ပေါက်ဖွားလာသည်။

[ခဏလောက်တော့ ထွက်ကုန် နည်းသွားနိုင်ပေမဲ့ မကြာခင်မှာ ပြန်လည်ပြီးပြည့်စုံသွားမှာပါ။ ကျေးဇူးပြုပြီး စာချုပ်ကိုတော့ မပယ်ဖျက်ပါနဲ့]

သူ၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသော ကူရာမဲ့မှုနှင့် ဇွဲနပဲကြီးမှုတို့မှာ အခြားသူများ နားမလည်နိုင်သောအရာ ဖြစ်၏။ ဤနေရာမှာ ကိုယ်စားလှယ်များကို ကာကွယ်ရန်အတွက် ကိုယ်စားလှယ်များကိုပင် ယဇ်ပူဇော်နေသည့် ကမ္ဘာတစ်ခု ဖြစ်နေလေပြီ။

ရိန်းဟတ်သည် သူ၏ယုံကြည်ချက်များက သူ့ကို သားရဲတစ်ကောင်အဖြစ် ပြောင်းလဲပစ်ခဲ့လျှင်ပင် ထိုယုံကြည်ချက်များအပေါ်၌သာ အစွဲအလမ်းကြီးစွာ နှစ်မြုပ်ထားခဲ့၏။ ကိုယ်စားလှယ်များမှာ ကောင်းကင်ယံတွင် ပျံဝဲနေသော ဒိုကဲဘီများကို ယခုမှ သတိပြုမိသွားကြပြီး အော်ဟစ်ကြတော့သည်။

“ဒိုကဲဘီတွေ”

“ဟမ်... ဇာတ်ဝင်ခန်း စနေပြီလား”

“ဘာလို့လဲ။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ ကျုပ်တို့ ဘာအမှားမှ မလုပ်ခဲ့ဘူးလေ”

ဒိုကဲဘီများကတော့ ရယ်မောနေကြရုံသာ ရှိနေကြ၏။

[ဘာလို့လဲဆိုတော့ မင်းတို့က ဘာအမှားမှ မလုပ်ခဲ့လို့ပေါ့ကွာ]

[အဲ့လိုအမှားမလုပ်တာက ငါတို့ ရည်ရွယ်ခဲ့တဲ့ အရာမဟုတ်ဘူးလေ။ ဟားဟား]

ထိုမြင်ကွင်းကို ကြည့်ရင်း ယောင်ဟီဝန်မှာ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ ယောင်ဟီဝန် ဆက်မကြည့်ချင်တော့ချေ။

“နည်းလမ်းမရှိတော့ဘူးလား”

အမှန်စင်စစ် နည်းလမ်းရှိပေသည်။ သူသာ ‘ဧရာမကိုယ်ခန္ဓာအသွင်ပြောင်းခြင်း’ ကို အသုံးပြုပြီးနောက် ‘အဆင့်ကျော်လွန်ခြင်း’ ကိုပါ သုံးလိုက်မည်ဆိုလျှင် သူ၏ခွန်အားဖြင့် ရိန်းဟတ်ကို ဖိနှိပ်နိုင်မည် ဖြစ်၏။

‘ဒါပေမဲ့ စွမ်းအင်သုံးစွဲမှုက အရမ်းများလွန်းတယ်။ သုခဘုံတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်’

နောက်ပြန်ဆုတ်သူ ယူဂျွန်ဟော့သည် ထိုကဲ့သို့ အကျိုးမရှိသော တိုက်ခိုက်မှုမျိုးကို မနှစ်သက်ချေ။

“သူ့ကို သတ်ချင်ရင် ထာဝရလှုပ်ရှားမှုအပင်ရဲ့ အမြစ်တွေကို အရင်ဖယ်ရှားပစ်ရမယ်”

ထာဝရလှုပ်ရှားမှုအပင်၏ အဓိက စွမ်းအင်အရင်းအမြစ်မှာ အမြစ်များထဲတွင် ရှိနေသည်။

အကယ်၍ အမြစ်များကိုသာ ဖယ်ရှားနိုင်ခဲ့လျှင် သူသည် ထာဝရလှုပ်ရှားမှုအပင်ကို အနိုင်ယူနိုင်လိမ့်မည် ဖြစ်၏။ ပြဿနာမှာ ‘အမြစ်’ ထဲတွင် ရှိနေသော သားရဲပင် ဖြစ်သည်။ ၎င်းမှာ ရိန်းဟတ်ကိုယ်တိုင်ပင် မထိန်းချုပ်နိုင်သော အစွမ်းထက်သည့် သားရဲတစ်ကောင် ဖြစ်၏။

‘ဆဌမအဆင့် မိစ္ဆာ ‘ဆက်ဖီရော့တ်’ သာ ငါ့ဆီမှာ ရှိနေရင် ကောင်းမယ်’

သူ စီစဉ်ထားသည့်အတိုင်း ဆက်ဖီရော့တ်သာ အပေါင်းအဖော်အဖြစ် ရှိနေခဲ့မည်ဆိုလျှင် သုခဘုံကို တိုက်ခိုက်ရန်မှာ များစွာ လွယ်ကူလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူသွားရောက်ခေါ်ယူချိန်တွင် ဆက်ဖီရော့တ်မှာ သေဆုံးနေခဲ့လေပြီ။

‘ငါ့လောက် မြန်မြန်နဲ့ အဆင့်သတ်မှတ်ချက် မြင့်တဲ့သူတွေကို လိုက်လံအမဲလိုက်နေတဲ့သူ ရှိနေတယ်’

သူ ပထမဆုံး စဉ်းစားမိသူမှာ ကင်ဒေါ့ဂျာ ဖြစ်သော်လည်း ကင်ဒေါ့ဂျာ ဖြစ်သည်ဟု အာမခံချက်မရှိချေ။ ဤနောက်ပြန်ဆုတ်ခြင်းတွင် ပြောင်းလဲမှုများစွာ ရှိနေသောကြောင့် ဖြစ်၏။

“ကျမတို့ မြေအောက်ထဲကို ဝင်လို့မရဘူးလေ။ ဘာလုပ်ကြမလဲ”

“ဝင်နေဖို့ မလိုဘူး။ ငါ တစ်ယောက်ယောက်ကို တာဝန်ပေးထားပြီးသား”

ယောင်ဟီဝန်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွား၏။

“ရှင်... မဟုတ်မှလွဲရော...”

ယခုအချိန်တွင် မည်သူ ရှိမနေသည်ကို ယောင်ဟီဝန် သတိပြုမိသွားသည်။ သို့သော်လည်း ယောင်ဟီဝန် စကားမပြောနိုင်ခင်မှာပင် ယူဂျွန်ဟော့က အရင်ပြောလိုက်၏။

“ကင်ဒေါ့ဂျာက နင်တို့ကို အကြောင်းပြချက် မရှိဘဲ ထားခဲ့တာ မဟုတ်ဘူး”

သူသည် နောက်ပြန်ဆုတ်သူ ဖြစ်သောကြောင့်ပင် ဤကဲ့သို့ စဉ်းစားနိုင်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။ သူသည် အမြဲတစေ ကင်ဒေါ့ဂျာ၏ အကဲခတ်ဖတ်ရှုခြင်းကိုသာ ခံခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင်မူ သူက ကင်ဒေါ့ဂျာ၏ အတွေးများကို ဖတ်ရှုတော့မည် ဖြစ်သည်။

[‘အမည်မရှိသေးသော နက္ခတ်’ က ပြုံးနေပါသည်]

ယူဂျွန်ဟော့သည် ထိုအကြည့်ကို ခံစားမိလိုက်သဖြင့် သူ၏ မျက်နှာမှာ ပျက်ယွင်းသွားတော့၏။

……………………………………………………………………………………………

သောင်းကျန်းနေသော သားရဲများကြားတွင် ရှင်ယူဆောင်းနှင့် လီဂီယောင်တို့သည် တစ်ဦးကိုတစ်ဦး ဖက်တွယ်ထားရင်း ကွေးကွေးလေး လဲလျောင်းနေကြ၏။ သားရဲများမှာ အလွန်တရာ သိပ်သည်းလွန်းလှသဖြင့် ကလေးငယ်နှစ်ဦး၏ သေးငယ်သော ခန္ဓာကိုယ်များကို ရှာမတွေ့နိုင်တော့ချေ။

အရေးကြုံနေရသော အခိုက်အတန့်တွင် ရှင်ယူဆောင်းနှင့် လီဂီယောင်တို့သည် အဌမအဆင့် မျိုးစိတ်များဖြစ်သော ‘ဧရာမနဂျီကောင်’ များကို အောင်မြင်စွာ ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့သည်။ နဂျီကောင်များသည် ရှင်ယူဆောင်းနှင့် လီဂီယောင်ကို ဝန်းရံလျက် ပျံသန်းကခုန်နေကြပြီး အခြားသားရဲများ၏ အမြင်ကို လွှဲဖယ်ပေးထား၏။ သို့သော်လည်း နဂျီကောင်များ၏ ကခုန်မှုတွင် အကန့်အသတ် ရှိနေလေသည်။

ကလေးငယ်နှစ်ဦး၏ အကြည့်များ ဆုံသွားကြ၏။

‘ငါတို့ ဘာလုပ်ကြမလဲ’

‘ငါလည်း မသိဘူး’

သားရဲသခင် ရှင်ယူဆောင်းနှင့် ပိုးကောင်သခင် လီဂီယောင်။ သူတို့နှစ်ဦးမှာ လက်ရှိတွင် ဆိုးလ်မြို့၌ အစွမ်းထက်ဆုံးသော ယဉ်ပါးစေသူများ ဖြစ်ကြသည်။ သို့သော်လည်း ဤမျှများပြားသော သားရဲအားလုံးကို သူတို့ကိုယ်တိုင်ပင် ယဉ်ပါးအောင် မလုပ်နိုင်ချေ။ ထိုသို့လုပ်ရန် ကြိုးစားပါက သူတို့၏ ဦးနှောက်များ ပေါက်ကွဲပြီး သေဆုံးသွားပေလိမ့်မည်။ အမှန်တကယ်တော့ ‘ယဉ်ပါးစေခြင်း’ စွမ်းရည်ဖြင့် သူတို့တွေ ထိန်းချုပ်နိုင်သည့် အကန့်အသတ်မှာ စတုတ္ထအဆင့်မျိုးစိတ်အထိသာ ဖြစ်၏။ တတိယအဆင့် မျိုးစိတ်ကိုလည်း အတင်းအကျပ် ကြိုးစားထိန်းချုပ်ကြည့်လျှင် ထိန်းချုပ်နိုင်လောက်မည်ဖြစ်သော်လည်း ခဏတာမျှသာ ထိန်းချုပ်နိုင်ပေလိမ့်မည်။

‘...ငါ ဒီလိုပဲ သေရတော့မှာလား’

ပိုမိုအစွမ်းထက်သော သားရဲများသည် ပတ်ဝန်းကျင်ရှိ အခြားသားရဲများကို နင်းခြေလာကြပြီး တစ်နယ်မြေလုံး၏ ဂေဟစနစ်မှာ တဖြည်းဖြည်း ငြိမ်သက်သွား၏။

မိစ္ဆာဝံပုလွေများနှင့် မဟူရာခြေရာခံသူများသည် ၎င်းတို့၏ အစွယ်များကို ထုတ်ဖော်ကာ ပတ်ဝန်းကျင်ကို နမ်းရှုံ့နေကြသည်။ ကြောက်လန့်နေသော နဂျီကောင်များသည် ပိုမိုပြင်းထန်စွာ ကခုန်နေကြသော်လည်း ရှာဖွေတွေ့ရှိသွားဖို့မှာ အချိန်ပိုင်းမျှသာ လိုတော့သည်။

သားရဲများအပြင် အခြားသော ခြိမ်းခြောက်မှုတစ်ခုလည်း ရှိနေသေး၏။ ‘ထာဝရလှုပ်ရှားမှု’အပင် ၏ အကိုင်းအခက်များသည် သားရဲများကြားမှ ရွေ့လျားလာပြီး ကလေးငယ်များထံသို့ ပြေးဝင်လာသည်။

လီဂီယောင်က ရှင်ယူဆောင်းကို ပွေ့ဖက်ထားလိုက်ပြီး အကိုင်းအခက်များက ကလေးငယ်နှစ်ဦးကို ထိုးဖောက်တော့မည့်ပုံ ပေါ်နေ၏။

ထိုအခိုက်အတန့်တွင် တစ်နေရာမှ ပစ်လွှတ်လိုက်သော ပြင်းထန်သည့် စွမ်းအင်တစ်ခုကြောင့် အကိုင်းအခက်များမှာ ရပ်တန့်သွားသည်။ အကိုင်းအခက်များသည် တုန်လှုပ်သွားပုံရပြီး နောက်ဆုံးတွင် ကလေးငယ်များထံမှ လှည့်ထွက်သွားတော့၏။ ရှင်ယူဆောင်းသည် အကိုင်းအခက်များကို ရပ်တန့်စေခဲ့သော စွမ်းအင်လာရာဘက်သို့ လှည့်ကြည့်လိုက်သည်။

‘အဲဒါ ဘာကြီးလဲ’

နဂျီကောင်များ၏ ကခုန်မှုကြားမှ ဖောက်ထွက်မြင်နိုင်ပြီး ဤဘက်သို့ စိုက်ကြည့်နေသော သားရဲတစ်ကောင် ရှိနေလေ၏။

အစပိုင်းတွင် ရှင်ယူဆောင်းသည် ‘၎င်း’ ကို သားရဲတစ်ကောင်ဟု မထင်ခဲ့မိချေ။ ၎င်းမှာ သက်ရှိသတ္တဝါတစ်ကောင်ဟု ယူဆရန် အလွန်ပင် ကြီးမားလွန်းလှသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ဤလိုဏ်ဂူ၏ သုံးပုံတစ်ပုံခန့်ကို နေရာယူထား၏။ အမှောင်ထုထဲတွင် ဝါကျင်ကျင် မျက်လုံးကြီးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး ရှင်ယူဆောင်း၏ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထလာသည်။

ထိုအရာသည် ‘သားရဲ’ တစ်ကောင် မဟုတ်ချေ။ ရှင်ယူဆောင်းအနေဖြင့် ဝေါဟာရဖြင့်ပင် မစဉ်းစားနိုင်တော့။ ၎င်းမှာ သားရဲအားလုံးကို လွှမ်းမိုးထားနိုင်သော တည်ရှိမှုတစ်ခု ဖြစ်၏။

ထိုနယ်မြေရှိ ဆူညံသံအားလုံး ငြိမ်သက်သွားသည်။ အရာအားလုံးမှာ ထိုသားရဲ၏ ရှေ့မှောက်တွင် ကြောက်ရွံ့ရိုသေစွာဖြင့် ဦးညွှတ်နေကြ၏။ ထိုကဲ့သို့ မယုံကြည်နိုင်လောက်အောင် ကြီးမားသော တည်ရှိမှုကြီးမှာ စိတ်ဝင်တစားရှိသော မျက်လုံးများဖြင့် သူတို့ဘက်သို့ ကြည့်နေလေသည်။

‘မင်းက ဘယ်သူလဲ’

ထိုအရာကြီးက မေးမြန်းနေပုံရ၏။ ရှင်ယူဆောင်းမှာ ထိုမေးခွန်းကို ဖြေဆိုရန် အင်အားမရှိချေ။ လီဂီယောင်ကို လှည့်ကြည့်လိုက်ရာ လီဂီယောင်မှာလည်း ရှင်ယူဆောင်းကဲ့သို့ပင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ရှင်ယူဆောင်းက အရင်ဆုံး သတ္တိမွေးကာပြောလိုက်၏။

“...ဟေ့”

လီဂီယောင်က ကြောက်လန့်တကြားဖြင့် ခေါင်းခါပြသည်။

“မဖြစ်နိုင်ဘူး။ ငါတို့ မလုပ်နိုင်လောက်ဘူး”

‘ကွဲပြားသော ဆက်သွယ်နိုင်စွမ်း’ ကို အမြင့်ဆုံးအထိ မြှင့်တင်ထားသူများသည် စကားတစ်ခွန်းမှ မပြောဘဲ တစ်ဦး၏ ရည်ရွယ်ချက်ကို တစ်ဦးက နားလည်နိုင်ကြသည်။

“ဘာပဲဖြစ်ဖြစ် ဒီလိုပဲ ဆက်သွားနေရင် ငါတို့ သေမှာပဲ”

ရှင်ယူဆောင်းသည် ဂရုတစိုက် ထရပ်လိုက်ပြီး သားရဲကြီးထံသို့ ယိမ်းထိုးလျက် လျှောက်လှမ်းသွား၏။ ရှင်ယူဆောင်း၏ ပတ်ဝန်းကျင်ရှိ သားရဲများမှာ ဒေါသတကြီး ဟိန်းဟောက်နေကြသော်လည်း ရှင်ယူဆောင်းမှာ ဂရုမစိုက်တော့ချေ။ ဤအခိုက်အတန့်တွင် ရှင်ယူဆောင်းသည် ကိုယ့်ကိုကိုယ် မည်သို့ အသုံးဝင်မှန်း သတိပြုမိသွားသည်။

‘ဒါကြောင့်မို့လို့ ဦးလေးက ငါ့ကို ဒီမှာ ထားခဲ့တာပဲ’

ရှင်ယူဆောင်းတစ်ယောက်တည်းသာ ထိုကိစ္စကို လုပ်နိုင်လေသည်။

“ချီး”

လီဂီယောင်က ကျိန်ဆဲရင်း ရှင်ယူဆောင်းနောက်မှ လိုက်လာ၏။

သူတို့တွေ အနီးကပ် ချဉ်းကပ်သွားသည်နှင့်အမျှ ကြီးမားသော သားရဲကြီး၏ တည်ရှိမှုမှာ အရင်ကထက် ပိုမိုပြင်းထန်လာသည်။ ရှင်ယူဆောင်းသည် ထိုသားရဲကြီး၏ အကြည့်အောက်တွင် အသားအရေများ လန်ထွက်သွားတော့မည့်အတိုင်း ခံစားနေရ၏။

[သီးသန့်စွမ်းရည် ‘အဆင့်မြင့် ကွဲပြားသော ဆက်သွယ်နိုင်စွမ်း အဆင့် ၅’ အသက်ဝင်လာပါပြီ။]

ကြည်လင်သော စွမ်းအင်လှိုင်းတစ်ခုမှာ သားရဲကြီးထံသို့ မျက်စိတစ်မှိတ်အတွင်း ပျံနှံ့သွားသည်။ ‘ကွဲပြားသော ဆက်သွယ်နိုင်စွမ်း’ ဆိုသည်မှာ မတူညီသော မျိုးစိတ်များကို နားလည်နိုင်ရန် ဖန်တီးထားသည့် စွမ်းရည်တစ်ခု ဖြစ်၏။

စွမ်းအင်လှိုင်းမှာ သားရဲကြီးနှင့် ထိတွေ့သွားသည့် အခိုက်အတန့်တွင် ရှင်ယူဆောင်းသည် မယုံကြည်နိုင်လောက်အောင် များပြားလှသော မှတ်ဉာဏ်များ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။

‘အား... အား...’

သားရဲကြီး၏ ကြောက်မက်ဖွယ် ကောင်းသော မှတ်ဉာဏ်များသည် ရှင်ယူဆောင်း၏ ဦးနှောက်ထဲသို့ စီးဝင်လာ၏။ စိတ်ပျက်စရာကောင်းသော သုခဘုံ၏ အောက်ခြေသို့ ကျဆင်းသွားပြီး အခြားသော သားရဲများကို စားသုံးရင်း ကြီးပြင်းလာခဲ့ရသော တည်ရှိမှုတစ်ခု။ စားသောက်ခြင်း၊ ထပ်မံစားသောက်ခြင်း၊ စိတ်ပျက်အားငယ်ခြင်းနှင့် အော်ဟစ်ခြင်း။ လူသားတို့၏ ဘာသာစကားဖြင့် ဖော်ပြ၍မရနိုင်သော ငရဲခန်းကို ဖြတ်သန်းလာခဲ့သည့် သားရဲတစ်ကောင်။

သွေးကြောများသည် အလွန်အကျွံ စီးဝင်လာသော သွေးများကို မခံနိုင်တော့ဘဲ ပေါက်ထွက်ကုန်၏။ ရှင်ယူဆောင်း၏ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျလာသည်။ ရှင်ယူဆောင်းထံမှ သွေးမျက်ရည်များ ကျဆင်းနေခဲ့၏။

လီဂီယောင်သည် ရှင်ယူဆောင်းကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း အခြေအနေမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေချေပြီ။

နောက်ဆုံးတွင် လီဂီယောင်မှာလည်း ‘ကွဲပြားသော ဆက်သွယ်နိုင်စွမ်း’ ကို အသုံးပြုလိုက်တော့သည်။ အမြဲတမ်း ရန်ဖြစ်နေကြသော ကလေးငယ်နှစ်ဦးမှာ ဤအခိုက်အတန့်တွင် လက်ချင်းချိတ်လိုက်ကြလေပြီ။

လီဂီယောင်၏ စွမ်းအားပါ ထပ်မံပေါင်းစပ်လိုက်သောအခါ နားလည်နိုင်စွမ်းရှိသော လမ်းကြောင်းမှာ ပိုမိုကျယ်ပြန့်လာ၏။

သို့သော်လည်း ထိုအရာကြီးမှာ ရင်ဆိုင်ရန် အလွန်ခက်ခဲလွန်းသော ပြိုင်ဘက် ဖြစ်နေဆဲပင်။ မကြာမီမှာပင် လီဂီယောင်၏ နှာခေါင်းမှ သွေးများ ပန်းထွက်လာတော့သည်။

“အား... အား... အား”

ရှင်ယူဆောင်းသည် ထူးဆန်းသော သားရဲကြီး၏ ခံစားနေရသော ဝေဒနာများကို နားလည်သွားပြီး ပထမဆုံးအကြိမ်အဖြစ် အရာအားလုံးကို လက်လျှော့လိုက်ချင်စိတ် ပေါ်လာ၏။ ရှင်ယူဆောင်းနှင့် လီဂီယောင်တို့၏ စိတ်ဝိညာဉ်များ တဖြည်းဖြည်း ပြိုလဲလာသည်နှင့်အမျှ တစ်ခုခု အက်ကွဲသွားသည့် အသံများ ထွက်ပေါ်လာသည်။

ထိုသို့ဖြစ်ရခြင်းမှာ သူတို့နှစ်ယောက် မယှဉ်နိုင်သော၊ လက်လှမ်းမမီနိုင်သော အရာတစ်ခုကို ယဉ်ပါးအောင် ကြိုးစားခဲ့သည့်အတွက် ပေးဆပ်လိုက်ရသော တန်ဖိုးပင် ဖြစ်၏။

ထိုအခိုက်အတန့်တွင် ရှင်ယူဆောင်းသည် ကျောနောက်ဘက်မှ အကြည့်တစ်ခုကို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသကဲ့သို့ပင်။ ထိုသားရဲကြီး၏ တည်ရှိမှုဒဏ်ကို အနည်းငယ်မျှပင် မခံရသော တည်ရှိမှုတစ်ခုက ရှင်ယူဆောင်းကို စောင့်ကြည့်နေခြင်း ဖြစ်၏။

[နာမည်မရှိသေးသော နက္ခတ်က သင့်ကို ကြည့်နေပါသည်။]

All Chapters