← Chapters

အခန်း (၁၆၈-၁၇၀)

Vol. 11 Ch. 168-170

အခန်း (၁၆၈-၁၇၀)

Vol. 11 Ch. 168-170

အခန်း ၁၆၈

- အပိုင်း ၃၂ - ကင်ဒေါ့ဂျာ၏ အချစ် (၇)

‘အမည်မရှိသေးသော နက္ခတ်’။ ထိုအသုံးအနှုန်းက မည်သူ့ကို ရည်ညွှန်းနေသည်ဆိုသည်ကို ရှင်ယူဆောင်း ကောင်းကောင်း သိရှိနေ၏။

‘ဦးလေး’

အကြည့်တစ်ချက်မျှသာ ဖြစ်သော်လည်း အရေးကြီးသော အခိုက်အတန့်တွင် ထို ‘အကြည့်’ တစ်ချက်ကို မရရှိခဲ့ခြင်းကြောင့် သေဆုံးသွားခဲ့ရသူများစွာ ရှိခဲ့သည်။

ထိုသဘောအရ ကြည့်မည်ဆိုလျှင် ရှင်ယူဆောင်းမှာ ကံကောင်းသည်ဟု ဆိုရမည်။

[အမည်မရှိသေးသော နက္ခတ်က ခေါင်းငြိမ့်ပြနေပါသည်။]

ရှင်ယူဆောင်းသည် ကမ္ဘာပေါ်တွင် တစ်ဦးတည်းသောသူ၏ ဂရုစိုက်မှုကို ခံယူရင်း ရှေ့သို့ လှမ်းတက်လိုက်၏။

ရှင်ယူဆောင်း လုပ်နိုင်ပါသည်။ ခြေထောက်များမှာ ထုံကျင်နေပြီး နှုတ်ခမ်းများမှာလည်း လှုပ်မရသော်လည်း ရှင်ယူဆောင်းသည် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေသည်။

တစ်လှမ်း၊ ပြီးတော့ နောက်ထပ် တစ်လှမ်း။

ကလေးငယ်၏ သေးငယ်သော လက်ကလေးများသည် မကြာမီမှာပင် သားရဲကြီး၏ ပြင်ပအခွံဆီသို့ ရောက်ရှိသွားတော့သည်။ ပြင်ပအခွံပေါ်တွင် အလွန်သေးငယ်သော ဒဏ်ရာတစ်ခု ရှိနေ၏။ ထိတ်လန့်သွားသော သားရဲကြီး၏ မျက်လုံးများက တောက်ပလာသည်။ ရှင်ယူဆောင်းသည် သားရဲကြီး၏ မျက်လုံးများကို ရှောင်ဖယ်မည့်အစား တည့်တည့်စိုက်ကြည့်လိုက်၏။

“ငါ့ကို တည့်တည့်ကြည့်စမ်း”

အနီးကပ်ကြည့်လိုက်သောအခါ ဒဏ်ရာမှာ တစ်ခုတည်း မဟုတ်ပေ။ မြောက်မြားစွာသော အမာရွတ်များက သားရဲကြီး၏ တစ်ကိုယ်လုံးရှိ ပြင်ပအခွံကို ဖုံးလွှမ်းနေသည်။

သားရဲကြီးက အသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်၏။ ယခင်က မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုသားရဲကြီး၏ ဒဏ်ရာများကို မြင်တွေ့ဖူးခဲ့ပုံမရပေ။ ထိုဒဏ်ရာများသည် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဤဒဏ်ရာများသည် ထိုသားရဲကြီး၏ ဖြစ်တည်မှုပင် ဖြစ်၏။ ဤဒဏ်ရာများကြောင့် သားရဲကြီးမှာ ပိုမိုသန်မာလာခဲ့သော်လည်း တစ်ဖက်တွင်လည်း အထီးကျန်လာခဲ့ရသည်။

ရှင်ယူဆောင်းသည် ထိုနာကျင်မှုကို ကိုယ်တိုင်ခံစားရသကဲ့သို့ မျက်နှာကလေး ရှုံ့မဲ့သွား၏။

“ဒဏ်ရာရနေလို့ဆိုပြီး သားရဲတစ်ကောင် ဖြစ်နေစရာ မလိုပါဘူး”

ရှင်ယူဆောင်းသည် သားရဲကြီး၏ ဒဏ်ရာများကို ဖြည်းညှင်းစွာ ထိတွေ့လိုက်သည်။ သို့သော်လည်း ထိုဒဏ်ရာများမှာ အချိန်မည်မျှပင် ကုန်လွန်ပါစေ ကုသ၍မရနိုင်သော ဒဏ်ရာများ ဖြစ်၏။

ထိုသို့ဆိုသော်လည်း ရှင်ယူဆောင်း လက်လျှော့မည် မဟုတ်ပေ။ အံ့ဖွယ်တစ်ခု ဖြစ်လာပေလိမ့်မည်။ ကင်ဒေါ့ဂျာက ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ရှင်ယူဆောင်းကို ကယ်တင်ခဲ့သကဲ့သို့ပင်။ ကုသ၍ မရနိုင်သူများကိုပင် ကယ်တင်နိုင်စွမ်း ရှိသည်။

ရှင်ယူဆောင်းသည် သားရဲကြီးကို ဖိနှိပ်ထားသော ‘ထာဝရလှုပ်ရှားမှုအပင်’ ၏ အမြစ်များကို မြင်လိုက်ရ၏။ မဟုတ်မှလွဲရော ဤသားရဲကြီးသည် တစ်သက်လုံး ဤနေရာတွင် အကျဉ်းချခံထားရခြင်း ဖြစ်နိုင်လောက်သည်။

ရှင်ယူဆောင်းသည် ရွှေရောင်အသီးတစ်လုံးကို ထုတ်ယူလိုက်၏။

[ရှေးဟောင်းသားရဲ၏ အသီး]

ထိုအသီးမှာ တစ်နေ့တွင် ကင်ဒေါ့ဂျာ ပေးခဲ့သော ကျပန်းသေတ္တာထဲမှ ထွက်လာသည့် SSS-အဆင့် ပစ္စည်းတစ်ခု ဖြစ်သည်။ ယဉ်ပါးအောင် မလုပ်နိုင်သော ဒဏ္ဍာရီလာအဆင့် သားရဲများကိုပင် ယဉ်ပါးအောင် ပြုလုပ်ရာတွင် အသုံးပြုနိုင်သည့် အသုံးဝင်ပစ္စည်း ဖြစ်၏။

ရှင်ယူဆောင်းသည် သားရဲကြီးကို ဖြည်းညှင်းစွာ ဦးညွှတ်လိုက်ရင်း ပြောလိုက်သည်။

“အတူတူ သွားကြရအောင်”

…………………………………………………………………………………………

သုခဘုံတွင် ငလျင်လှုပ်ခတ်နေသကဲ့သို့ ခံစားလိုက်ရပြီး ရိန်းဟတ် ဗွန် ဂျာဘတ်က ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။

[အား….. ဒါ.. ဒါက ဘာဖြစ်တာလဲ...]

ထာဝရလှုပ်ရှားမှုအပင်သည် ရုတ်တရက် ပြိုလဲသွားတော့သည်။ အပင်၏ သစ်ကိုင်းများနှင့် သစ်ရွက်များမှာ တဖြည်းဖြည်းချင်း ညှိုးနွမ်းလာ၏။ ထောက်ပံ့ပေးထားသော စွမ်းအင်များမှာ အဝေးတစ်နေရာသို့ လွင့်မျောသွားကြသည်။

ရိန်းဟတ် ဗွန် ဂျာဘတ် တစ်ခုခုမှားယွင်းနေပြီဟု သဘောပေါက်လိုက်ချိန်တွင် လေထဲရှိ သစ်ကိုင်းများမှာ ကျိုးပဲ့နေပြီ ဖြစ်သည်။

[အား…. ဘယ်.. ဘယ်လိုလုပ်ပြီး…ဘယ်လိုလုပ်ပြီး...]

ရိန်းဟတ် ဗွန် ဂျာဘတ်ထံမှ သွေးများအလား သစ်စေးများ အန်ထုတ်လာ၏။ ထာဝရလှုပ်ရှားမှုအပင်၏ အခြေခံအမြစ်ကို တစ်စုံတစ်ခုက စားသုံးနေလေသည်။ ကြောက်မက်ဖွယ်ကောင်းသော သွားများက ချွန်ထက်သော အမြစ်များကို ထိုးဖောက်လိုက်သည့်အခါ ရိန်းဟတ် ဗွန် ဂျာဘတ်သည် မိမိခန္ဓာကိုယ် အပိုင်းပိုင်း အဖြတ်ခံနေရသကဲ့သို့ အော်ဟစ်လိုက်တော့၏။ သုခဘုံ၏ အမြစ်များတွင် အချိန်အတော်ကြာ ချည်နှောင်ခံထားရသော ထိုသတ္တဝါသည် ယခုအခါ အမြစ်များကို ဖျက်ဆီးနေပြီ ဖြစ်သည်။

ထာဝရလှုပ်ရှားမှုအပင်သည် စွမ်းအားများ ဆုံးရှုံးသွားပြီး ပြိုလဲကျလာ၏။

[ဟ…ဟင့်အင်း။ ဟင့်အင်း]

မြေအောက်မှ ကြီးမားသော အရာတစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုအရာသည် ကမ္ဘာပေါ်တွင် တစ်ခါမျှ ထင်ရှားပေါ်ပေါက်ခဲ့ခြင်း မရှိသောကြောင့် အဆင့်သတ်မှတ်ချက် မရှိပေ။

ထိုအရာတွင် ကြီးမားသော နဂါးတစ်ကောင်၏ ခန္ဓာကိုယ်၊ မိစ္ဆာ၏ အတောင်ပံများနှင့် ပိုးကောင်မျက်လုံးများ ရှိနေသည်။ ၎င်းမှာ မိစ္ဆာမျိုးစိတ်များ၊ ပိုးကောင်ဘုရင်များနှင့် အခြားသော သားရဲမျိုးစိတ်များ ပေါင်းစပ်ပြီး ဆင့်ကဲပြောင်းလဲလာသည့် အဆုံးစွန်သော သားရဲကြီး ဖြစ်၏။

သုခဘုံရှိ လူတိုင်းသည် ဤအံ့ဖွယ်ဖြစ်ရပ်ကို မြင်တွေ့လိုက်ရပြီး ယူဂျွန်ဟော့လည်း ထိုအထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သည်။

“...ခိုင်မဲရာ နဂါး”

ဤအရာသည် သုခဘုံ၏ စစ်မှန်သော သားရဲကြီး ဖြစ်၏။ ထိုသားရဲ၏ စွမ်းအားမှာ ဒုတိယအဆင့် နှင့် နီးစပ်သော်လည်း အလားအလာမှာမူ အဆင့် ၁ ထက်ပင် ကျော်လွန်နေသည်။ အောက်ခြေမှ စတင်ခဲ့သော်လည်း အသန်မာဆုံး သားရဲမျိုးစိတ်ဖြစ်သော နဂါးကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိ၏။ သွေးများထွက်နေသော ရှင်ယူဆောင်းနှင့် လီဂီယောင်တို့သည် ထိုသားရဲကြီး၏ ကျောပေါ်တွင် စီးနင်းလိုက်ပါလာကြသည်။

ယောင်ဟီဝန်က ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်၏။

“ယူဆောင်း။ ဂီယောင်”

ကလေးနှစ်ယောက်သည် နောက်ဆုံးတော့ လုပ်ဆောင်နိုင်ခဲ့ကြပြီ ဖြစ်သည်။

ခိုင်မဲရာ နဂါးက ဟိန်းဟောက်လိုက်သောအခါ သုခဘုံရှိ သားရဲအားလုံး တစ်ပြိုင်နက်တည်း ဆုတ်ခွာသွားကြ၏။ မြေအောက်သို့ ပြန်လည်ထွက်ပြေးသူများ၊ ထိတ်လန့်ပြီး ထိုနေရာမှာပင် သတိလစ်သွားသူများနှင့် တံတိုင်းများအပြင်ဘက်သို့ ထွက်ပြေးသူများဖြင့် ရှုပ်ယှက်ခတ်နေတော့သည်။

ဤအခြေအနေဆိုးကြီးထဲတွင် ရိန်းဟတ် ဗွန် ဂျာဘတ်သည် ထာဝရလှုပ်ရှားမှုအပင်အနီးမှ ယိုင်တိုင်တိုင်ဖြင့် ထွက်ပြေးသွား၏။

ယူဂျွန်ဟော့သည် ဤအခွင့်အရေးကို လက်လွတ်မခံပေ။ ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း ဓားက လှုပ်ရှားသွားပြီး ရိန်းဟတ် ဗွန် ဂျာဘတ်သည် ထိုဓားချက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

“အ.. အ...အား...”

ရိန်းဟတ်၏ ပါးစပ်မှ သွေးမည်းများ စီးကျလာ၏။ မည်မျှပင် အစွမ်းထက်သော မိစ္ဆာဖြစ်ပါစေ နှလုံးသား အထိုးခံရပါက အသက်မရှင်နိုင်ပေ။ ရိန်းဟတ် ဗွန် ဂျာဘတ်သည် ဖြည်းညှင်းစွာ လဲကျသွားပြီး ယူဂျွန်ဟော့နှင့် အဖွဲ့ဝင်များက ရိန်းဟတ်၏အနားသို့ ချဉ်းကပ်သွားကြသည်။

သေအံ့ဆဲဆဲ ဖြစ်နေသော သုခဘုံ၏ သခင်က ပြောလိုက်၏။

“ဟား ဟား.. ဒါတွေ အားလုံးက.. နောက်ဆုံးတော့ အဲ့ဒီ အကောင်ကြီးတွေအတွက် ပြဇာတ်အသေးလေး တစ်ခုပါပဲ...”

ယူဂျွန်ဟော့သည် သွေးများထွက်ကာ တိုးတိုးလေး ရေရွတ်နေသော ရိန်းဟတ် ဗွန် ဂျာဘတ်ကို ငုံ့ကြည့်လိုက်၏။

ရိန်းဟတ် ဗွန် ဂျာဘတ်သည် ကောင်းကင်ယံတွင် ပျောက်ကွယ်သွားသော ထာဝရလှုပ်ရှားမှုအပင်ကို စိုက်ကြည့်နေရင်း အသက်ရှူသံများ ပြင်းထန်လာသည်။

“မင်း ယုံချင်မှ ယုံလောက်မှာဆိုပေမဲ့ ငါ.. ငါက ကောင်းမွန်တဲ့ ကမ္ဘာတစ်ခုကိုပဲ ဖန်တီးချင်ခဲ့တာပါ”

ဤစကားကို ကြားလိုက်ရသူ အချို့က ရိန်းဟတ်ကို အော်ဟစ်ဆဲဆိုကြ၏။ သူတို့သည် သုခဘုံ၏ ကာကွယ်မှုကို ရယူခဲ့ကြသူများ ဖြစ်သည်။ အချို့က ရိန်းဟတ်ကို လူယုတ်မာဟု ခေါ်ကြသလို အချို့ကလည်း ရိန်းဟတ် ဗွန် ဂျာဘတ်ကို ချက်ချင်းသတ်ပစ်ရန် အော်ဟစ်ကြသည်။

သုခဘုံ၏ လျှို့ဝှက်ချက်ကို သိသွားကြပြီဖြစ်သောကြောင့် သူတို့သည် ရိန်းဟတ် ဗွန် ဂျာဘတ်ကို ထပ်မံကာကွယ်ပေးခြင်း မရှိကြတော့ပေ။ သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ လှုပ်ရှားခြင်း မရှိကြပေ။ အကြောင်းမှာ ယူဂျွန်ဟော့က ခွင့်မပြုသောကြောင့် ဖြစ်၏။

ရိန်းဟတ် ဗွန် ဂျာဘတ်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

“ငါ.. ငါ တကယ်ပဲ...”

“ငါ သိတယ်”

တိုတောင်းသော အဖြေစကားကြောင့် ရိန်းဟတ် ဗွန် ဂျာဘတ်သည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်၏။

ယူဂျွန်ဟော့က နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

“အားလုံးလည်း သိကြပါတယ်”

သူတို့ သိကြသည်မှာ အမှန်ပင်။ ရိန်းဟတ် ဗွန် ဂျာဘတ်သည် သူဖြတ်သန်းခဲ့သော ဘဝကို အလွယ်တကူ သိမြင်နိုင်သည်ကို တွေ့လိုက်ရသောအခါ ရယ်မောလိုက်တော့၏။

“ထူးဆန်းလိုက်တာ။ ဘာလို့.. မင်းက ငါ့ကို တကယ်နားလည်ပေးသလို ခံစားနေရတာလဲ...”

ယူဂျွန်ဟော့သည် ရိန်းဟတ် ဗွန် ဂျာဘတ်ကို ငုံ့ကြည့်နေ၏။ ဤနောက်ပြန်ဆုတ်ခြင်း အကြိမ်တွင် မဟုတ်သော်လည်း ယူဂျွန်ဟော့သည် ရိန်းဟတ် ဗွန် ဂျာဘတ်၏ ဆန္ဒကို ကိုယ်ချင်းစာခဲ့ဖူးသည်။ သုခဘုံကို အတူတကွ တည်ထောင်ခဲ့ပြီးနောက် သုခဘုံကို ဖျက်ဆီးပစ်ခဲ့သည့် အမှတ်တရများမှာ ထင်ရှားနေဆဲ ဖြစ်၏။

ထိုခံစားချက်ကို တုံ့ပြန်သည့်အလား ရိန်းဟတ် ဗွန် ဂျာဘတ်က နာကျင်သောအသံဖြင့် ပြောလိုက်သည်။

“မင်း.. နောက်ထပ် အဆင့်ကို သွားမှာလား”

နောက်ထပ် အဆင့်။ ထိုအဆင့်မှာ မဟူရာရဲတိုက်၏ နောက်ဆုံး ဇာတ်ဝင်ခန်း တည်ရှိရာနေရာ ဖြစ်သည်။

“မင်း.. မင်း ရှာနေတဲ့ အရာကို တွေ့မှာမဟုတ်ဘူး။ ဒီရဲတိုက်က နက္ခတ်တွေရဲ့ ကစားကွင်းသက်သက်ပဲ။ ဒါကြောင့် သတိထားပါ။ နောက်ထပ် အဆင့်က...”

ထိုအခိုက်အတန့်တွင် ရိန်းဟတ် ဗွန် ဂျာဘတ်၏ ခန္ဓာကိုယ် ပေါက်ကွဲသွားတော့သည်။ ယူဂျွန်ဟော့သည် ဒိုကဲဘီများ ပြုံးနေကြသော လေထုထဲသို့ တိတ်ဆိတ်စွာ စိုက်ကြည့်နေမိ၏။

[အာ.. ဒါက တားမြစ်ထားတယ်လေ]

[မှန်တယ်၊ မှန်တယ်။ သိသွားရင် ပျော်စရာမကောင်းဘဲ ဖြစ်သွားမှာပေါ့]

ထို့နောက် နက္ခတ်များ၏ မက်ဆေ့ချ်များမှာ စောင့်ဆိုင်းနေသည့်အလား ရောက်ရှိလာတော့သည်။

[နက္ခတ်များစွာသည် ကိုယ်စားလှယ် ‘ယူဂျွန်ဟော့’ ၏ စွမ်းဆောင်ရည်ကို ချီးကျူးအံ့သြနေကြပါသည်။]

[အကြွင်းမဲ့ ကောင်းမြတ်ခြင်းစနစ်၏ နက္ခတ်များက ‘ယူဂျွန်ဟော့’ ၏ ဆုံးဖြတ်ချက်ကို သဘောတူကြပါသည်။]

[နက္ခတ်အချို့က သုခဘုံ ပျက်စီးသွားခြင်းအပေါ် နှမြောမိကြောင်း ဖော်ပြကြပါသည်။]

...

[နက္ခတ်အများအပြားက ဒင်္ဂါး ၁၅၀,၀၀၀ ကို ထောက်ပံ့ပေးလိုက်ကြပြီ ဖြစ်သည်။]

ယူဂျွန်ဟော့၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ ဝမ်းသာခြင်း သို့မဟုတ် ဝမ်းနည်းခြင်း အရိပ်အယောင်များလည်း ထင်ဟပ်မလာခဲ့။

[သင်သည် မိစ္ဆာအမတ် ရိန်းဟတ် ဗွန် ဂျာဘတ်ကို အနိုင်ယူလိုက်ပြီ ဖြစ်သည်။]

[ဒင်္ဂါး ၁၅၀,၀၀၀ ကို ရရှိပါသည်။]

[ဒဏ္ဍာရီလာအဆင့် ဇာတ်လမ်း ‘မျှော်လင့်ချက်မဲ့ သုခဘုံ’ ကို ရရှိပါသည်။]

[သင်၏ မဟူရာရဲတိုက် အဆင့်သတ်မှတ်ချက်ကို ညှိနှိုင်းပြီးပြီ ဖြစ်သည်။]

[အဓိကဇာတ်ဝင်ခန်းအသစ် ပေါ်လာပါသည်။]

[အဓိကဇာတ်ဝင်ခန်း #၁၀ ― ‘၇၃ ယောက်မြောက် မိစ္ဆာဘုရင်’ ကို ယာယီဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။]

အရာအားလုံးက အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပြီးသား ဖြစ်နေသဖြင့် သူ ဘာမှထပ်လုပ်စရာ မလိုတော့ပေ။ အခြေအနေမှာ သူ၏ အစီအစဉ်အတိုင်း မဟုတ်သော်လည်း မဟူရာရဲတိုက် အဆင့်သတ်မှတ်ချက် မြင့်တက်လာခဲ့ကာ ဒင်္ဂါးများကို စုဆောင်းနိုင်ခဲ့ပြီး နောက်ထပ် ဇာတ်ဝင်ခန်းအတွက် သဲလွန်စတစ်ခုကိုလည်း ရရှိခဲ့သည်။

သို့ပေသိ ယူဂျွန်ဟော့သည် ရှုပ်ထွေးနေသော စိတ်ခံစားမှုများက ဘာလဲဆိုသည်ကို မသိနိုင်ပဲ ဖြစ်နေလေသည်။ သူသည် လက်ဖဝါးကို ငုံ့ကြည့်ရင်း အလေးအနက် စဉ်းစားနေမိသည်။

“ကျနော်တို့ရဲ့ ကယ်တင်ရှင်ကြီး”

“ခင်ဗျားက ကယ်တင်ရှင်ကြီးပဲ”

ထိုအော်ဟစ်သံများကြောင့် သူ နောက်လှည့်ကြည့်လိုက်သောအခါ သူ့ထံသို့ ပြေးလာနေကြသော လူများကို မြင်လိုက်ရသည်။ သူတို့သည် ယူဂျွန်ဟော့ရှေ့တွင် ဒူးထောက်ငိုယိုရင်း သူ့ကို မေရှိယ(ကယ်တင်ရှင်ဘုရားလောင်း)တစ်ဦးကဲ့သို့ ဆက်ဆံနေကြ၏။ သူတို့သည် သုခဘုံကို ဖျက်ဆီးပေးခဲ့သည့်အတွက် သူ့ကို ကျေးဇူးတင်နေကြခြင်း ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ်”

“ခင်ဗျားသာ မရှိရင် ကျနော်တို့ကတော့...”

ယူဂျွန်ဟော့သည် ထိုစကားများကို ကြားပြီးနောက် သူ၏ သွေးစွန်းနေသော လက်များကို ပြန်ငုံ့ကြည့်လိုက်သည်။ ထိုအခါမှသာ သူသည် ဤစိတ်ခံစားမှုများ၏ အရင်းအမြစ်ကို သဘောပေါက်သွားတော့၏။

သူသည် ဤလူများကို ကယ်တင်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သုခဘုံရှိ လူများမှာ သူ့အတွက် လုံးဝ အရေးမပါခဲ့။ ရိန်းဟတ် ဗွန် ဂျာဘတ်က သူတို့ကို သုခဘုံအတွက် ယဇ်ကောင်များအဖြစ် သတ်မှတ်ခဲ့လျှင် ယူဂျွန်ဟော့ကလည်း သူတို့ကို ဇာတ်ဝင်ခန်း အောင်မြင်ရန်အတွက် ယဇ်ကောင်များအဖြစ်သာ သတ်မှတ်ခဲ့သည်။

“ကျေးဇူးတင်ပါတယ်”

ယူဂျွန်ဟော့သည် ထိုအသံများကို နားထောင်ရင်း စဉ်းစားနေမိသည်။

ဒါတွေက ဘယ်အချိန်ကတည်းက စဖြစ်ခဲ့တာလဲ။ ဒုတိယအကြိမ် နောက်ပြန်ဆုတ်ခြင်းကတည်းကလား။ မဟုတ်ဘူး၊ ဖြစ်နိုင်တာက အစပျိုးမှုက အစကတည်းက ရှိနေခဲ့တာပဲ။

သူ၏ ပန်းတိုင်မှာ ဇာတ်ဝင်ခန်းအားလုံးကို အဆုံးသတ်ပြီး ကမ္ဘာကြီးကို ကယ်တင်ရန် ဖြစ်သည်။ ကြီးမားလှသော ဤယုံကြည်ချက်အောက်တွင် သူသည် ရှေ့သို့သာ ဆက်တိုက် ပြေးလွှားနေခဲ့၏။ အထီးကျန်ပြီး နှေးကွေးလှသော ဤခရီးလမ်းတွင် သူသည် တဖြည်းဖြည်းချင်း ပင်ပန်းနွမ်းနယ်လာခဲ့သည်။

လူတိုင်း သေဆုံးကုန်လျှင် ကမ္ဘာကြီးကို ကယ်တင်ခြင်းက အဓိပ္ပာယ်မရှိပေ။ သို့သော်ငြားလည်း သူသည် လူများ သေဆုံးနေသည်ကို ဘေးမှရပ်ကြည့်နေခဲ့သည်။ ယဇ်ပူဇော်မှုများကို သဘာဝကျသည်ဟု သူက ယူဆထားသကဲ့သို့ပင်။

ရိန်းဟတ် ဗွန် ဂျာဘတ်၏ သေဆုံးမှုကို မြင်တွေ့ပြီးနောက် ယူဂျွန်ဟော့သည် သူ၏ ပန်းတိုင်ကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်သုံးသပ်လာခဲ့သည်။

“ခင်ဗျားရဲ့ နာမည်ကို မေးလို့ရမလား”

တစ်စုံတစ်ယောက်က သူ၏ နာမည်ကို မေးလိုက်သည်။

ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုတွင် နာမည်ကျော်ကြားခြင်းမှာ ဇာတ်လမ်း၏ အစွမ်းနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ မိမိ၏ နာမည်ကို ဖြေကြားခြင်းဖြင့် အောင်မြင်မှုအသစ်များကို ရရှိနိုင်မည် ဖြစ်သည်။ ယူဂျွန်ဟော့သည် ဤအချက်ကို ကောင်းကောင်းသိသည်။

ယူဂျွန်ဟော့ ခဏမျှ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ငါ့နာမည်က ကင်ဒေါ့ဂျာ”

……………………………………………………………………………………………

“ငါ့နာမည်က ကင်ဒေါ့ဂျာ”

‘အပြင်လူအနေဖြင့် ကိုယ်တိုင်တွေ့မြင်ရသော ရှုထောင့်’ ကို အသုံးပြုပြီး ကျနော်စောင့်ကြည့်နေစဉ် ယူဂျွန်ဟော့၏ စကားကို ကြားလိုက်ရသောကြောင့် ကြက်သီးဖြန်းဖြန်းထသွားရသည်။

[သင်၏ ပဉ္စမမြောက် ဇာတ်လမ်းတွင် အောင်မြင်မှုအသစ်တစ်ခု ထပ်တိုးလာပြီ ဖြစ်ပါသည်။]

[သုခဘုံ၏ နေထိုင်သူများသည် ‘သုခဘုံကို လွတ်မြောက်စေသူ ကင်ဒေါ့ဂျာ’ ကို အမြဲမှတ်မိနေမည် ဖြစ်ပါသည်။]

[‘တစ်ကိုယ်တော် မေရှိယ’ ဇာတ်လမ်းသည် ပိုမိုပြည့်စုံကြွယ်ဝလာပြီ ဖြစ်သည်။]

ဤအခြေအနေမှာ အဓိပ္ပာယ်မရှိလှပေ။ သုခဘုံရှိ လူများက ‘ကင်ဒေါ့ဂျာ’ ဆိုသည့် နာမည်ကို မှတ်မိသွားကြမည်ကို မြင်လိုက်ရသည့်အခါ ကျနော် ထိတ်လန့်သွားမိသည်။

မဟုတ်သေးဘူး၊ ဘာလို့ ငါ့နာမည်က ရုတ်တရက်ကြီး ပါလာရတာလဲ။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် စစ်မှန်သော အပေါင်းအဖော်သံယောဇဉ်ကို ကြည့်ပြီး မျက်ရည်ကျနေပါသည်။]

ခဏတာ ငြိမ်သက်နေခဲ့သော ယူရီအယ်သည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေတော့သည်။ အရင်ကဆိုလျှင် ကျနော် ယူရီအယ်ကို လှမ်းဆူမိမည်ဖြစ်သော်လည်း ပွဲတော်အပြီးတွင်တော့ ပြင်းထန်သော စကားလုံးများ ထွက်မလာနိုင်တော့ချေ။

သို့ပေသိ မအေဘေးယူဂျွန်ဟော့သည် တကယ်ကို နားမလည်နိုင်စရာပင်။ ထိုအတ္တသမားက မိမိ၏ အောင်မြင်မှုများကို အခြားသူထံ လက်လွှဲပေးစရာ အကြောင်းမရှိဟု ကျနော်ယုံကြည်သည်။

သူက အခု ငါနဲ့ သူငယ်ချင်းဖြစ်ချင်နေတာလား။

မဖြစ်နိုင်တာ။

ဒါနဲ့ ငါနဲ့ ဟန်ဆိုယောင်းကလွဲရင် ကျန်တဲ့ အဖွဲ့ဝင်အားလုံး တစ်နေရာထဲမှာ စုမိနေကြပြီပဲ။ မဟုတ်သေးဘူး၊ ဂုံဖီဒူ မရှိသေးဘူး... ချီး… အဲဒီလူ ဘယ်ရောက်သွားတာလဲ။

“ဒါနဲ့ ဘာလို့ ဦးလေးဒေါ့ဂျာကို ရှာနေရတာလဲ”

ရှင်ယူဆောင်းနှင့် လီဂီယောင်တို့ ယဉ်ပါးအောင် လုပ်ထားသည့် ခိုင်မဲရာ နဂါးကြောင့် စိတ်လှုပ်ရှားနေကြသော လူများက ကျနော့်အကြောင်းကို စတင်ပြောဆိုလာကြသည်။

“အဲဒါက...”

ယူဆန်းအာ၏ ရှင်းပြချက်ကို ကြားပြီးနောက် အဖွဲ့ဝင်များ၏ မျက်နှာများ ပျက်သွားကြသည်။

ကျနော်ကတော့ သိပ်မအံ့ဩမိပေ။ ယူဆန်းအာသည် မိုအီရဲထံမှ ရှေ့ဖြစ်ဟောကို ခိုးယူခဲ့ခြင်း ဖြစ်ရပေမည်။ ဒီယွန်နီဆပ်ကဲ့သို့ပင် ယူဆန်းအာသည်လည်း ကျနော့်ကို ကယ်တင်ရန် ကြိုးစားနေခြင်း ဖြစ်နိုင်သည်။

“ဦးလေးကြီးက သေရမယ် ဟုတ်လား”

“သူ အချစ်ဆုံးလူရဲ့ လက်နဲ့သေမှာလား”

「 ကိုယ်စားလှယ် ကင်ဒေါ့ဂျာသည် သူအချစ်ဆုံးသောသူ၏ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်။ 」

အဖွဲ့ဝင်များသည် အလွန်အမင်း ဇဝေဇဝါဖြစ်နေသော အမူအရာများ ရှိနေကြသည်။ ယောင်ဟီဝန်က နားမလည်နိုင်သလို ကြည့်နေပြီး ရှင်ယူဆောင်းက စိုးရိမ်နေကာ လီဟန်းဆောင်ကတော့ တစ်စုံတစ်ခုကို အသည်းအသန် စဉ်းစားနေသည်။ လီဂျီဟယ်က ပထမဆုံး စကားပြောလာသူ ဖြစ်၏။

“ဦးလေးကြီးက သေပြီးရင် ပြန်ရှင်လာမှာပဲဟာ။ ဘာမှမဖြစ်လောက်ဘူးမဟုတ်ဘူးလား”

လီဂျီဟယ်၏ မေးခွန်းကို ယူဆန်းအာက ပြန်ဖြေလိုက်သည်။

“အဲဒါက ကောင်းတဲ့အချက် ဖြစ်ပေမဲ့ သူ ဘယ်နှစ်ကြိမ်အထိ ပြန်ရှင်နိုင်မလဲဆိုတာ ကျမ မသိဘူး...”

“ဒါက အိုလံပတ်စ်ရဲ့ ရှေ့ဖြစ်ဟောပဲ။ ရှောင်လွှဲဖို့က သိပ်မလွယ်ဘူး”

ယောင်ဟီဝန်၏ စကားကြောင့် အဖွဲ့ဝင်များ ပြန်လည် တည်ငြိမ် လေးနက်သွားကြသည်။

သူတို့က ငါ့အတွက် ဒီလောက်တောင် စိုးရိမ်နေကြတာပဲ။

ယောင်ဟီဝန်က မေးလိုက်သည်။

“ဒါဆို ဒေါ့ဂျာ အချစ်ဆုံးလူက ဘယ်သူလဲ။ အဲဒါကို အရင်ဆုံး သိဖို့ လိုတယ်မလား”

အခန်း ၁၆၉

- အပိုင်း ၃၂ - ကင်ဒေါ့ဂျာ၏ အချစ် (၈)

အားလုံးက ယခုမှ သဘောပေါက်သွားသည့် အမူအရာများ ဖြစ်သွားကြသည်။ အခြေခံကျသော ပြဿနာကို သူတို့ မစဉ်းစားမိခဲ့ကြကြောင်း နားလည်သွားကြခြင်း ဖြစ်၏။ ထိုစဉ် လီဂျီဟယ်က စကားပြန်စလာသည်။

“အဲဒါက...”

လီဂျီဟယ်က လက်ထောင်လိုက်သည်။ ကျနော် တစ်မျိုးကြီး စိတ်မသက်မသာ ဖြစ်သွားမိ၏။

“အေး။ ဂျီဟယ် ပြောလေ။ နင် တစ်ခုခု သိလို့လား”

“မဟုတ်ဘူးလေ... အဲဒါ ကျမများ ဖြစ်နေမလားလို့...”

ဒီကလေးမက ဘာတွေ လျှောက်ပြောနေတာလဲ။

လီဂျီဟယ်၏ မှတ်ချက်ကြောင့် အဖွဲ့ဝင်များ စိတ်နည်းနည်း လျော့သွားပုံရသည်။

ယောင်ဟီဝန်က မေးလိုက်သည်။

“ဘာလဲ။ ဒေါ့ဂျာက တစ်ခုခု လုပ်လို့လား။ အဲဒီလူက အရွယ်မရောက်သေးတဲ့ ကလေးကိုမှ သဘောကျနေတာလား”

“မဟုတ်ပါဘူး၊ အဲလို မဟုတ်ဘူး...”

“ဒါဆိုရင် ဘာလို့နင့်ကိုချစ်နေတာလို့ထင်ရတာလဲ”

“ကျမက သာမန်ကာလျှံကာ တွေးကြည့်တာပါ။ ကျမက အထက်တန်းကျောင်းသူလေ။ သူ ကျမကို ကြိုက်သင့်တာပေါ့...”

အဖွဲ့ဝင်များက လီဂျီဟယ်ကို ဂရုမစိုက်တော့ဘဲ ဆွေးနွေးမှုကို ဆက်လုပ်ကြသည်။ ယောင်ဟီဝန်က ပထမဆုံး ထင်မြင်ချက် ပေးလာသူ ဖြစ်၏။

“ငါ့အထင်တော့ ဒေါ့ဂျာ အချစ်ဆုံးလူက ယူဆန်းအာ ဖြစ်လိမ့်မယ်”

“ဟင်”

ယူဆန်းအာ လန့်သွားသည်။ ယူဆန်းအာက အလွန်အမင်း အံ့ဩသွားသဖြင့် ကျနော်ပင် စိတ်မကောင်း ဖြစ်မိသွားသည်။

“ဘာလို့ ကျမလို့ထင်ရတာလဲ...”

“အဲလိုပဲ ဖြစ်မှာပါ။ တကယ်တော့ ယူဆန်းအာရဲ့ အလှက... ဘာမှ ပြောနေဖို့တောင် မလိုဘူးလေ”

အဖွဲ့ဝင်များက ခေါင်းငြိမ့်ကြပြီး ယူဆန်းအာ၏ မျက်နှာ ရဲတက်သွားသည်။

ယောင်ဟီဝန်က ဆက်ပြောသည်။

“နင်ကလည်း ဒေါ့ဂျာကို ကယ်ဖို့ နေရာအနှံ့ ပတ်ပြေးနေတာပဲ။ တကယ်လို့ ဒေါ့ဂျာက ယူဆန်းအာကို မကြိုက်ဘူးဆိုရင် အဲဒါက ပိုထူးဆန်းနေလိမ့်မယ်လို့ ငါတော့ ရိုးရိုးသားသား ထင်တယ်”

တကယ်တော့ ယူဆန်းအာကို မကြိုက်မယ့်သူ မရှိသလောက်ပင်။ ယူဆန်းအာက လှလည်းလှ၊ စိတ်လည်းကောင်း၊ စရိုက်ကလည်း အပြစ်ပြောစရာလည်း မရှိ...

ဒါကို ငြင်းလို့မရပေ။

“ဟင်... ကျမက လုပ်ဖော်ကိုင်ဖက် သက်သက်ပါပဲ။ ပြီးတော့ ဒေါ့ဂျာဆီကနေ အကူအညီတွေ ရခဲ့လို့...”

ယူဆန်းအာက အခက်တွေ့နေသည့် အမူအရာ ပြုလုပ်နေရင်းမှ ယောင်ဟီဝန်ကို ရုတ်တရက် ပြန်တိုက်စစ်ဆင်လိုက်သည်။

“ကျမကတော့ တကယ်တော့ ဟီဝန် ဖြစ်မယ် ထင်တာ”

“အင်... ဟုတ်လား။ ငါလား”

“ဟုတ်တယ်၊ ဒေါ့ဂျာက ဟီဝန်ကို ကြိုက်တယ်လို့ ကျမ ထင်တယ်”

မထင်မှတ်ထားသော ပြန်လည်တိုက်စစ်ဆင်မှုကြောင့် ယောင်ဟီဝန် အံ့ဩသွားပြီး မျက်လုံးများ ပြူးသွားသည်။ လီဟန်းဆောင်လည်း လန့်ဖျပ်သွား၏။ ကျနော့်အတွက်လည်း ထိုယူဆချက်က စိတ်ဝင်စားစရာကောင်းသော ယူဆချက်တစ်ခု ဖြစ်နေသည်။

“ဒီမှာလေ... ဒေါ့ဂျာက ဟီဝန်အပေါ် တကယ် ကောင်းတာ။ ပစ္စည်းကိရိယာတွေလည်း ပေးတယ်၊ ပြီးတော့... ဟီဝန်က ဒေါ့ဂျာနဲ့ စကားပြောရင် သိပ်ပြုံးတတ်တာပဲ...”

တကယ်တော့ အဲလိုမျိုး ရှိပုံရသည်။ ကျနော့်အတွက်လည်း ယောင်ဟီဝန်နှင့် စကားပြောရသည်မှာ အလွန် လွယ်ကူသည်။ ကျနော် ကိုယ်တိုင် ရှာဖွေပြီး ပျိုးထောင်ခဲ့သည့် ‘ဇာတ်ကောင်’ တစ်ယောက် ဖြစ်နေခြင်းကြောင့်လည်း ပါပေမည်။

ဇဝေဇဝါ ဖြစ်သွားသော ယောင်ဟီဝန်က မျက်နှာ နီမြန်းလျက် လက်ကာပြလိုက်သည်။

“ဟင်။ မဟုတ်ဘူး၊ ခဏလေး။ အဲဒါက...”

အဖွဲ့ဝင်များက ထပ်ပြီး အတင်းတုတ်နေကြပြန်သည်။ ဒါက သိပ်တော့ ခံစားလို့ မကောင်းလှပေ။ လီဂျီဟယ်က တစ်ယောက်တည်း ရပ်နေရင်း ‘ကင်ဒေါ့ဂျာက အမှိုက်ပဲ’ ဟု တိုးတိုးလေး ရေရွတ်နေလေသည်။

မဟုတ်ဘူးလေ၊ ငါ ဘာမှ အမှားမလုပ်ထားပါဘူး...

ဒီတစ်ခါတွင် လီဂီယောင်က ကြားဖြတ်ပြောလာသည်။

“ကျနော် ထင်တာကတော့ ‘အချစ်’ ဆိုတာ ယောက်ျားနဲ့ မိန်းမကြားက အချစ်ကိုပဲ ဆိုလိုတာ မဟုတ်ဘူး ထင်တယ်”

“ဒါဆိုရင်ကော... ဂီယောင် ဘယ်လို ထင်လဲ”

“အကိုကြီးဒေါ့ဂျာက ကျနော့်ကို ချစ်တာပါ”

“ဘာလို့ အဲလို ပြောတာလဲ”

“အဲဒါက...”

လီဂီယောင်က ထိုမေးခွန်းအတွက် အသည်းအသန် စဉ်းစားနေပြီးမှ မျက်လုံးထဲက မျက်ရည်ကြီးများ ဝိုင်းလာသည်။ ကျနော် သူ့ကို ချစ်ရမည့် အကြောင်းရင်းကို ဘယ်လောက်ပဲ စဉ်းစားစဉ်းစား ရှာမတွေ့ပုံရသည်။

ဒီတစ်ခါတွင်တော့ လီဟန်းဆောင်က ဝင်ပြောသည်။

“အင်း၊ ဟမ်း။ ဖြစ်နိုင်တာက ‘စစ်မြေပြင်က ရဲဘော်ရဲဖက်’ အချင်းချင်း ကြားက အချစ်မျိုးများလားမသိဘူး”

အားလုံးက ယူဂျွန်ဟော့ကို ပြိုင်တူ ကြည့်လိုက်ကြသည်။ လက်ပိုက်ပြီး ရပ်နေသော ယူဂျွန်ဟော့က မျက်မှောင်ကြုတ်လိုက်၏။

“ဘာကြည့်နေကြတာလဲ”

လီဂျီဟယ်နှင့် ယောင်ဟီဝန်တို့က တစ်ယောက်ကိုတစ်ယောက် တိုးတိုးလေး ပြောနေကြသည်။

“...အာ… ဖြစ်နိုင်တယ်”

“ဟုတ်တယ်မလား။ ဒါက ဟုတ်နေတာမလား”

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် အသည်းအသန် ခေါင်းငြိမ့်နေပါသည်။]

ထိုစဉ် ငြိမ်ပြီး နားထောင်နေသော ရှင်ယူဆောင်းက လက်ထောင်လိုက်သည်။

“ဟိုလေ...”

အဖွဲ့ဝင်အားလုံးက တစ်ခုခုကို အလိုလို သိလိုက်ကြသည်။ သူတို့ထဲတွင် ကျနော့်စိတ်ကို အသိဆုံး ဖြစ်နိုင်ခြေရှိသူမှာ ကျနော့်၏ ကိုယ်စားလှယ် ရှင်ယူဆောင်းပင်။

“ဟ... ဟုတ်ကဲ့။ ယူဆောင်း။ ပြောကြည့်ပါဦး”

“နင် တစ်ခုခု သိထားတာ ရှိလို့လား”

ရှင်ယူဆောင်းက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။ အဖွဲ့ဝင်များ၏ မျက်နှာတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာ၏။ သို့သော် ရှင်ယူဆောင်း၏ စကားက မဆုံးသေးပေ။

“ဦးလေးကိုပဲ တိုက်ရိုက် မေးကြည့်လိုက်ရင် မကောင်းဘူးလား”

“ဘာ… ဒေါ့ဂျာကိုလား။ ဘယ်လိုလုပ်ပြီးမေးရမှာလဲ”

ကျနော် ရုတ်တရက် ချမ်းစိမ့်သွားသည်။ ရှင်ယူဆောင်းက ကျနော် သူတို့ကို ကြည့်နေသည့် နေရာတည့်တည့်ကို စိုက်ကြည့်နေခြင်း ဖြစ်၏။ ထုံးစံအတိုင်း ကျနော့်၏ မကောင်းသော အာရုံက မှန်ကန်နေခဲ့သည်။

ကျနော့်၏ ချစ်လှစွာသော ကိုယ်စားလှယ်လေးက ပြုံးလိုက်ပြီး ကျနော့်ကို လက်ညှိုးထိုးပြလာသည်။

“ဦးလေးက ကျမတို့ ပြောတာတွေကို နားထောင်နေတာပဲဟာ”

...သွားပြီ။

……………………………………………………………………………………………..

[အမည်မရှိသေးသော နက္ခတ်က မှားသွားပါသည်ဟု ပြောနေပါသည်။]

“နောက်တစ်ခါထပ်ပြော”

[အမည်မရှိသေးသော နက္ခတ်က မှားသွားပါသည်ဟု ပြောနေပါသည်။]

“နောက်တစ်ခေါက် ထပ်ပြောဦး”

[အမည်မရှိသေးသော နက္ခတ်က သူ တကယ်မှားသွားတာပါလို့ ပြောနေပါသည်။]

အကြိမ်ကြိမ် တောင်းပန်ပြီးနောက်မှာတော့ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ယောင်ဟီဝန်နဲ့ ယူဆန်းအာတို့က ကျနော့်ကို မကျေမနပ်နဲ့ ခွင့်လွှတ်ပေးခဲ့ကြသည်။

ယောင်ဟီဝန်က မေးလိုက်၏။

“ဒါဆိုရင်... ဒေါ့ဂျာ အချစ်ဆုံးလူက ဘယ်သူလဲ”

ကျနော် ပြန်ဖြေမလို့ လုပ်နေတုန်းမှာပဲ လီဟန်းဆောင်က ကြားဖြတ်ပြောလာသည်။

“စဉ်းစားကြည့်လိုက်မယ်ဆိုရင် အဲဒီလူက ဒီထဲက တစ်ယောက်ယောက် မဟုတ်လောက်ဘူး ထင်တယ်”

“အာ... ဒါနဲ့ အခုမှသတိရတယ်။ ဒေါ့ဂျာက ဟိုမိန်းကလေးနဲ့အတူ ထွက်သွားတာပဲ။ နာမည်က... ဟန်ဆိုယောင်း ဆိုလားပဲ”

ယောင်ဟီဝန်ကလည်း ထပ်လောင်းပြောဆိုသည်။

ဟန်ဆိုယောင်းဆိုသည့် အမည်ကြောင့် ယူဆန်းအာ၏ မျက်နှာက တင်းမာသွား၏။

“ဒေါ့ဂျာက အခု အဲဒီမိန်းကလေးနဲ့အတူ ရှိနေတာလား”

ယူဆန်းအာက ဟန်ဆိုယောင်းကို မကြိုက်သဖြင့် မျက်နှာတွင် စိတ်ပျက်မှုများ အထင်အရှား ပေါ်လွင်နေလေသည်။

...အခြေအနေတွေ ပိုဆိုးမလာခင် ငါ တစ်ခုခု ပြောမှဖြစ်တော့မယ်။

ကျနော် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သွယ်ဝိုက်သော မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။

[အမည်မရှိသေးသော နက္ခတ်က သူ ဘယ်သူ့ကိုမှ မချစ်ပါဘူးလို့ ပြောကြားပါသည်။]

ထူးဆန်းသော အငွေ့အသက်တစ်ခုက အဖွဲ့ဝင်များကြားဝယ် လွှမ်းမိုးသွား၏။ အချို့က စိတ်ပျက်သွားပုံရပြီး အချို့ကတော့ စိတ်လှုပ်ရှားနေကြသည်။

သူတို့တွေက သူများအချစ်ရေးကို ဘာလို့ ဒီလောက်တောင် စိတ်ဝင်စားနေကြတာလဲ။

ယောင်ဟီဝန်က ပြောသည်။

“နင် အတိအကျ ပြောရမယ်။ ‘အခုလောလောဆယ်’ မှာ ဘယ်သူမှ မရှိတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကံကြမ္မာအရဆိုရင် ဒေါ့ဂျာက တစ်ယောက်ယောက်ကို သေချာပေါက် ချစ်လာမှာပဲ”

ယောင်ဟီဝန် ပြောတာလည်း မမှားပေ။ ယောင်ဟီဝန်က ဆက်ပြောပြန်သည်။

“ဒါဆို မေးခွန်းကို ပြောင်းလိုက်မယ်။ ဒေါ့ဂျာက ဘယ်လိုပုံစံမျိုးကို ကြိုက်တာလဲ။ ငါတို့ထဲက တစ်ယောက်ယောက်နဲ့ နီးစပ်လား”

မဟုတ်ဘူးလေ... ငါက ဘာလို့ သူတို့ကို ပြောပြရမှာလဲ။

“နင် ဘာလို့ ပြန်ဖြေရမှာလဲလို့ တွေးနေမှာ ငါသိတယ်။ ဒါပေမဲ့ ဒါက ငါတို့အတွက် အရေးကြီးတယ်။ ဒေါ့ဂျာက ငါတို့ထဲက တစ်ယောက်ယောက်ကို ကြိုက်တယ်ဆိုရင် ငါတို့ အဲဒီကံကြမ္မာကို တားဆီးနိုင်လိမ့်မယ်”

...ထိုစကားက အနည်းငယ်တော့ ယုတ္တိရှိသည်။ ကံကြမ္မာဆိုသည်မှာ အလွန်စွမ်းအားကြီးသော်လည်း ကျနော် ပြောခဲ့သလိုပင် ရှောင်လွှဲ၍ မရနိုင်သည်တော့ မဟုတ်ပေ။ ကျနော် မည်သူ့ကို ချစ်သလဲဆိုတာ သိခဲ့ရင် ကံကြမ္မာကို ဆန့်ကျင်နိုင်ကောင်း ဆန့်ကျင်နိုင်ပေလိမ့်မည်။

ကျနော့်သေဆုံးမှုအတွက် အဖွဲ့ဝင်တွေ အခုလို စိုးရိမ်နေကြတာကို တွေ့ရတော့ အားနာမိသွားသည်။ သို့ပေသိ...

[အမည်မရှိသေးသော နက္ခတ်က သူကိုယ်တိုင်လည်း မသေချာဘူးလို့ ပြောနေပါသည်။]

နောက်ဆုံးတော့ ယောင်ဟီဝန် စိတ်တိုသွားတော့သည်။

“အိုး... နင်က ဘာလို့ ဒီလောက်တောင် စိတ်ပျက်ဖို့ကောင်းနေရတာလဲ”

“ဦးလေးကြီး။ ကျမတို့ကို ပြောပြလို့ ရပါတယ်။ အခုက ရှက်နေရမယ့် အချိန်လား”

[အမည်မရှိသေးသော နက္ခတ်က အဲဒီလိုမျိုး ဘာမှမရှိပါဘူးလို့ ပြောနေပါသည်။]

ချီး...

သွယ်ဝိုက်သော မက်ဆေ့ချ်တွေ ပို့ဖို့အတွက် ဒင်္ဂါးတွေ အများကြီး သုံးလိုက်ရသည်။

[အမည်မရှိသေးသော နက္ခတ်က သူ့ရဲ့ နှလုံးသားကို သူကိုယ်တိုင်လည်း မသိပါဘူးလို့ ပြောနေပါသည်။]

“ဒေါ့ဂျာကတော့ တကယ်ပဲ...”

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ် က ဇာတ်လမ်းသစ်ကို စိတ်ဝင်စားနေပါသည်။]

[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ် က သင်၏ ရွေးချယ်မှုကို သိချင်နေပါသည်။]

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ် က ဤဘက်သို့ စောင်းငဲ့ကြည့်နေပါသည်။]

[သင်၏ စိတ်ပျက်ဖွယ် အဖြေကြောင့် နက္ခတ်အများအပြားမှာ အစာမကြေဖြစ်နေကြပါသည်။]

နက္ခတ်တွေတောင် ကျနော်တို့ စကားပြောနေတာကို နားထောင်နေကြခြင်း ဖြစ်သည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သင့်နှလုံးသားကို သင်ကိုယ်တိုင် ပြန်လည်လှည့်စားမနေဖို့ ပြောနေပါသည်။]

[နက္ခတ်အချို့က ကိုယ်စားလှယ် ‘ယူဆန်းအာ’ မှလွဲ၍ အခြားသူ မရှိနိုင်ကြောင်း ကြေညာနေပါသည်။]

[နက္ခတ်အချို့က ကိုယ်စားလှယ် ‘ရှင်ယူဆောင်း’ ကို ထောက်ခံကြပါသည်။]

[စစ်မှန်သော သူငယ်ချင်းအဖြစ်ကို မြတ်နိုးသော နက္ခတ်အချို့က ကိုယ်စားလှယ် ‘လီဟန်းဆောင်’ ကို ထောက်ခံကြပါသည်။]

...ဒါကတော့ တကယ့်ကို ပရမ်းပတာ ဖြစ်ကုန်ပြီ။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ် က အကြံကောင်းတစ်ခု ရသွားပါသည်။]

နောက်တစ်စက္ကန့်မှာပဲ လေဟာနယ်ထဲကနေ ပစ္စည်းတစ်ခု ထွက်ပေါ်လာ၏။

[ပစ္စည်းအချက်အလက်]

အမည်

အချစ်ရေးထောက်လှမ်းစက်။

အဆင့်

SS

ဖော်ပြချက်

အခြားသူတစ်ယောက်က သင့်အပေါ် ဘယ်လိုသဘောထားသလဲ ဆိုတာကို သိရှိနိုင်စေသည့် ပစ္စည်းဖြစ်သည်။ ခလုတ်ကို

နှိပ်ပြီးနောက် အခြားသူ၏ အမည်နှင့် ပုံပန်းသဏ္ဍာန်ကို စဉ်းစားလိုက်ပါက အချစ်ရေးရမှတ်မှာ လေထဲတွင် အလိုအလျောက်

ပေါ်လာလိမ့်မည်။

ထိုပစ္စည်းကို မြင်လိုက်ရတဲ့ အချိန်မှာပဲ ကျနော် စိတ်လေသွားတော့သည်။ အချစ်ရေးထောက်လှမ်းစက် ဆိုသည်မှာ ဒိုကဲဘီအိတ်၏ ပလက်တီနမ်အဖွဲ့ဝင်များသာ ဝယ်ယူနိုင်သည့် ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်သည်။

မဟုတ်ဘူးလေ... ဒီလို အကျိုးမရှိတဲ့ ဖျော်ဖြေရေးအတွက် ဒင်္ဂါး ၁၀၀၀၀၀ တောင် သုံးလိုက်တာလား။ ယူရီအယ် ရူးသွားတာလား။

“နတ်ခေါင်ချုပ်ကြီးဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဒါက တကယ့်ကို မိုက်တယ်ကွာ”

ယောင်ဟီဝန်က အော်ပြောလိုက်သည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ် က စမ်းသုံးကြည့်ရန် ပြောကြားပါသည်။]

“ဒါဆို ဘယ်သူ အရင်စလုပ်မလဲ”

“ဒါက ယောင်ဟီဝန်ရဲ့ ထောက်ပံ့သူ ပေးတာဆိုတော့ အမဟီဝန်ပဲ အရင် စမ်းကြည့်လိုက်လေ”

“အင်း... အဲဒါဆို ငါပဲ အရင် လုပ်ကြည့်ရမလား”

ယောင်ဟီဝန်က စမ်းသုံးကြည့်ရမည့် အချိန်ရောက်တော့ အနည်းငယ် စိတ်လှုပ်ရှားသွားပုံရသည်။ ကျနော်ကိုယ်တိုင်လည်း တုန်လှုပ်နေမိ၏။ ကျနော့်ရဲ့ နှလုံးသားကို သိခွင့်ရတော့မယ့် အချိန်မှာ ကျနော် ဘာလို့ ဒီလောက်တောင် ရင်ခုန်နေရတာလဲ။

...ကျနော့်မှာ အဝတ်အစား မပါဘဲ ကိုယ်လုံးတီး ဖြစ်နေသလို ခံစားနေရသည်။ လူတိုင်းက အချစ်ရေးထောက်လှမ်းစက်ကို အာရုံစိုက်နေကြတာကို မြင်တော့ တကယ်ကို ထူးဆန်းတဲ့ ခံစားချက်ကြီး ဖြစ်ပေါ်လာ၏။ ခေတ္တအကြာမှာတော့...

မြည်သံတစ်ခု ထွက်ပေါ်လာပြီး စနစ်မက်ဆေ့ချ်က ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။

[နက္ခတ် ‘ကင်ဒေါ့ဂျာ’ ၏ ကိုယ်စားလှယ် ‘ယောင်ဟီဝန်’ အပေါ် ထားရှိသော သံယောဇဉ်ရမှတ်မှာ ၅၄ မှတ် ဖြစ်သည်။]

စိတ်လှုပ်ရှားနေသော ယောင်ဟီဝန်သည် ထိုရမှတ်ကို မြင်သောအခါ စိတ်ပျက်သွား၏။

“၅၄ မှတ်ဟုတ်လား။ အဲဒါ များတာလား”

“သူပြီးရင် ငါစမ်းချင်တယ်”

လီဂျီဟယ်သည် ထောက်လှမ်းစက်ကို လုယူလိုက်ပြီး ခလုတ်ကို နှိပ်ရင်း နောက်ပြောင်ကာ အော်ပြောလိုက်သည်။

“ကင်ဒေါ့ဂျာရဲ့ စိတ်ကို ပြောပြစမ်း”

[နက္ခတ် ‘ကင်ဒေါ့ဂျာ’ ၏ ကိုယ်စားလှယ် ‘လီဂျီဟယ်’ အပေါ် ထားရှိသော သံယောဇဉ်ရမှတ်မှာ ၆ မှတ် ဖြစ်သည်။]

“...”

အခြားအဖွဲ့ဝင်များ ထောက်လှမ်းစက်ကို အသုံးပြုနေစဉ် လီဂျီဟယ်မှာ ကြောင်အမ်းအမ်း ဖြစ်နေတော့သည်။ ထို့နောက် လီဂီယောင်၊ လီဟန်းဆောင်နှင့် ရှင်ယူဆောင်းတို့ အလှည့်ရောက်လာ၏။ သူတို့၏ ရမှတ်များမှာ အသီးသီး ၄၉ မှတ်၊ ၅၀ မှတ်နှင့် ၅၆ မှတ်တို့ ဖြစ်ကြသည်။ ထောင့်တစ်နေရာတွင် လီဂျီဟယ်က “ကင်ဒေါ့ဂျာက အမှိုက်ပဲ” ဟု တိုးတိုးလေး ရေရွတ်နေပြီး တစ်ဖက်တွင်မူ ရှင်ယူဆောင်းက စိတ်လှုပ်ရှားနေသည်။

နောက်ဆုံးတွင် ယူဆန်းအာနှင့် ယူဂျွန်ဟော့တို့သာ ကျန်တော့၏။

“ဂျွန်ဟော့... ရှင် အရင်စမ်းပါလား...”

“ငါကတော့ နောက်ပြောင်နေဖို့ စိတ်ကူးမရှိဘူး”

ယူဂျွန်ဟော့သည် အဝေးရှိ သားရဲအလောင်းများကို စစ်ဆေးရန် ထွက်သွားသဖြင့် လူအားလုံး၏ အကြည့်များက ယူဆန်းအာထံသို့ သဘာဝအလျောက် ရောက်ရှိသွားသည်။

ယူဆန်းအာသည် ထောက်လှမ်းစက်ကို ယူလိုက်၏။ ထို့နောက် ယူဆန်းအာ မသုံးစွဲမီလေးတွင်...

[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ် က ကိုယ်စားလှယ် ‘ယူဆန်းအာ’ ထံသို့ အထူးပစ္စည်းတစ်ခု ပေးအပ်ပါသည်။]

လေထဲမှ အဝတ်အစားများ ကျလာပြီး ယူဆန်းအာ၏ ဝတ်စုံမှာ ပြောင်းလဲသွားတော့သည်။ ၎င်းမှာ ခြေအိတ်ရှည်နှင့် အတွင်းခံတို့ကို တွဲဆက်ပေးသော အနက်ရောင် ကြိုးသိုင်း ပါသော အနက်ရောင် တရုတ်ဝတ်စုံ ဖြစ်နေ၏။

ယူဆန်းအာမှာ ရုတ်တရက် အပြောင်းအလဲကြောင့် ထစ်ထစ်အအ ဖြစ်သွားသည်။

“ဒါ... ဒါက...”

ယူဆန်းအာ၏ ပုံစံကို မြင်လိုက်ရသောအခါ ကျနော် စိတ်ပျက်သွားမိပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

အိုလံပတ်စ်က အဲဒီ အဖွားကြီးက တကယ်ပါပဲ။

ဘာမှမသိသော ယောင်ဟီဝန်က ခေါင်းညိတ်ပြ၏။

“အာ... ဒါက နက္ခတ်ရဲ့ ပွဲအစီအစဉ်တစ်ခုလား”

“ယူဆန်းအာ ရှေ့ထွက်ခဲ့လေ”

ယူဆန်းအာက ခလုတ်ကို နှိပ်လိုက်သည်။

[နက္ခတ် ‘ကင်ဒေါ့ဂျာ’ ၏ ကိုယ်စားလှယ် ‘ယူဆန်းအာ’ အပေါ် ထားရှိသော သံယောဇဉ်ရမှတ်မှာ ၄၈၁ မှတ် ဖြစ်သည်။]

“၄-၄၈၁ မှတ်ဟုတ်လား။ ဒါ ရူးချင်စရာကြီး မဟုတ်ဘူးလား။ ဒါက သေချာသွားပြီ မဟုတ်လား”

“ဒေါ့ဂျာ အကြိုက်ဆုံးလူက တကယ်ပဲ...”

ယူဆန်းအာသည် မျက်နှာနီမြန်းကာ ထစ်ထစ်အအ ဖြစ်နေစဉ် လီဂျီဟယ်က တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားမိကာ စကားပြောလာ၏။

“နေပါဦး... ယူဆန်းအာ။ ငါ့ကို အဲဒီဝတ်စုံ ခဏ ငှားပေးလို့ ရမလား”

“အာ... ရပါတယ်”

လီဂျီဟယ်သည် အနီးနားရှိ အဆောက်အအုံထဲသို့ ဝင်ကာ အဝတ်အစားလဲလိုက်ပြီး ထောက်လှမ်းစက်၏ ခလုတ်ကို နှိပ်လိုက်သည်။

[နက္ခတ် ‘ကင်ဒေါ့ဂျာ’ ၏ ကိုယ်စားလှယ် ‘လီဂျီဟယ်’ အပေါ် ထားရှိသော သံယောဇဉ်ရမှတ်မှာ ၄၈၁ မှတ် ဖြစ်သည်။]

လူတိုင်း ဆွံ့အသွားကြ၏။

ကျနော်ကိုယ်တိုင်လည်း အရှက်ရလွန်းသဖြင့် ဘာမှ မပြောနိုင်တော့ပေ။ လီဂျီဟယ်က လေထဲသို့ လှောင်ပြောင်အော်ဟစ်လိုက်ပြီး ယောင်ဟီဝန်ကတော့ ဗိုက်ကိုနှိပ်ကာ တစ်ဟားဟား ရယ်မောနေတော့သည်။ ယူဆန်းအာကမူ မျက်လုံးအစုံ ပြူးကျယ်ကာ ရေရွတ်လိုက်၏။

“ဒါက သူ အချစ်ဆုံးလူ မဟုတ်ဘူးပဲ...”

လီဂီယောင်နှင့် လီဟန်းဆောင်တို့က ခေါင်းခါနေကြသည်။

ချီး... ဒါကြောင့်မလို့ ငါက ဒါမျိုး မလုပ်ချင်တာ...

ရှင်ယူဆောင်းက ကျနော့်ကို ကြည့်ရင်း တုန်ယင်နေသည်။ ကျနော့်ကိုယ်စားလှယ်၏ တုံ့ပြန်မှုကို မြင်သောအခါ တောင်းပန်ချင်စိတ် ပေါ်လာသော်လည်း ရှင်ယူဆောင်းက အရင် အော်ပြောလိုက်၏။

“ဦး... ဦးလေး”

အင်း... ဆောရီးပါ။ ယူဆောင်း။ ငါက...

“ဦးလေး။ ဘာဖြစ်တာလဲ။ ဦးလေး”

ရှင်ယူဆောင်းသည် မျက်နှာဖြူလျော်ကာ လေထဲသို့ လက်လှမ်းလိုက်သည်။ တစ်ခုခုတော့ ထူးဆန်းနေပြီ။

...အဲ

ရှင်ယူဆောင်း၏ အသံမှာ ဝေးကွာသွားပြီး ကျနော့်၏ အမြင်အာရုံများမှာ ချာချာလည်ကာ မူးဝေလာတော့သည်။

နေဦး။ ဒါက မဟုတ်မှလွဲရော...

နောက်တစ်စက္ကန့်တွင် ကျနော့်၏ အသိစိတ်မှာ မက်ဆေ့ချ်နှင့်အတူ ပြတ်တောက်သွားတော့သည်။

[သင် သေဆုံးသွားပါပြီ။]

အခန်း ၁၇၀

- အပိုင်း ၃၃ - ထပ်မံဖတ်ရှုခြင်း (၁)

ဝတ္ထုတစ်ပုဒ်ကို ပထမဆုံးအကြိမ် ဖတ်ခဲ့ဖူးသည့် အခိုက်အတန့်ကို ကျနော် မှတ်မိနေသေးသည်။

လက်ချောင်းထိပ်လေးများဖြင့် ထိတွေ့မိသည့် နူးညံ့သော စက္ကူသား၏ အထိအတွေ့။ ဖြူဖွေးသော စာမျက်နှာပေါ်တွင် ပွင့်လန်းနေသည့် အနက်ရောင်စာလုံးများ။ ကျနော့်လက်ဖြင့် ခေါက်ထားခဲ့သော စာမျက်နှာ၏ အရေးအကြောင်းများ။

「 စာလုံးတွေကို ဖတ်ဖို့က အရေးမကြီးဘူး။ အရေးကြီးတာက အဲဒီစာလုံးတွေက နင့်ကို ဘယ်ဆီကို ခေါ်ဆောင်သွားမလဲဆိုတာပဲ 」

စာအုပ်ကို မြတ်နိုးတတ်သည့် ကျနော့်အမေက ထိုသို့ ပြောလေ့ရှိသည်။ ကျနော့်အတွက်တော့ ထိုစကားမှာ ပြောရိုးပြောစဉ် စကားတစ်ခုမျှသာ မဟုတ်ခဲ့ပေ။

အနက်ရောင်စာလုံးများကြားက လစ်ဟင်းမှုများ။ စာလုံးများကြားတွင် ကျနော့်ကိုယ်ပိုင် နှင်းဥယျာဉ်လေး တစ်ခု ရှိနေခဲ့သည်။ တစ်စုံတစ်ယောက် ဝင်ရောက်ရန် အလွန်ပင် သေးငယ်လွန်းသည့် ထိုနေရာလေးမှာ ပုန်းကွယ်နေရသည်ကို နှစ်သက်သော ကလေးငယ်တစ်ယောက်အတွက်မူ အကောင်းဆုံးနေရာတစ်ခု ဖြစ်ခဲ့၏။ သာယာသော အသံတစ်ခု ကြားရတိုင်း စာလုံးများသည် နှင်းများကဲ့သို့ တစ်လွှာချင်း ထပ်သွားတတ်သည်။ စာလုံးတွေကြားတွင် ကျနော်သည် သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့၏။ စွန့်စားခန်းများ ထွက်ခဲ့သည်၊ ချစ်ခဲ့သည်၊ အိပ်မက်မက်ခဲ့သည်။ ထို့ကြောင့်ပင် ကျနော် ဖတ်ခဲ့သည်၊ ဖတ်ခဲ့သည်၊ ထပ်ခါထပ်ခါ ဖတ်နေခဲ့မိသည်။

စာအုပ်တစ်အုပ်ကို ပြီးဆုံးအောင် ဖတ်တော့မည့် ပထမဆုံးအကြိမ်ကိုလည်း ကျနော် မှတ်မိနေသေးသည်။ ထိုစဉ်က ခံစားချက်မှာ ကမ္ဘာကြီးတစ်ခုလုံးကို လုယူခံလိုက်ရသလို ခံစားချက်မျိုး ဖြစ်သည်။

အဓိကဇာတ်ကောင်နှင့် အရံဇာတ်ကောင်များသည် 'သူတို့ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြပါတော့သည်' ဆိုသည့် ဝါကျနှင့်အတူ ထွက်ခွာသွားကြပြီး ဇာတ်လမ်း၏ အဆုံးသတ်တွင် ကျနော်တစ်ယောက်တည်း ကျန်ရစ်ခဲ့ရသည်။ ထိုဟာလာဟင်းလင်း ဖြစ်မှုနှင့် သစ္စာဖောက်ခံရသလို ခံစားချက်များကြားတွင် ငယ်ရွယ်သော ကျနော်သည် အထီးကျန်မှုကို မခံစားနိုင်ဘဲ ရုန်းကန်နေခဲ့မိသည်။

「 ဒါက... အဆုံးသတ်ပဲလား 」

ဖြစ်နိုင်သည်မှာ ယခုခံစားမိနေသည်က သေခြင်းတရားအကြောင်းကို သင်ယူနေရသကဲ့သို့ပင်။ တစ်စုံတစ်ခုမှာ ကုန်ဆုံးသွားတတ်သည် ဟူသော အမှန်တရားကို ပထမဆုံးအကြိမ်အဖြစ် ကျနော် နားလည်ခဲ့ရသည်။

ကျနော့်အမေက 「 ဒါက အဆုံးသတ်ပဲ 」 ဟု ပြောခဲ့သည်။

「 နောက်ထပ် ဘာမှမလာတော့ဘူးလား 」

「 'နောက်ထပ်' ဆိုတာ မရှိတော့ဘူး 」

အမေသည် ရက်စက်လှသော အမှန်တရားကို ကျနော့်အား အေးစက်စက်ပင် ပြောပြခဲ့သည်။

「 ဒါပေမဲ့ ပြီးဆုံးသွားရုံနဲ့တင် ဇာတ်လမ်းတစ်ခုလုံးကို မြင်တွေ့ခဲ့ရပြီလို့ မဆိုလိုဘူး 」

ထို့နောက် အမေက ပညာရှိဆန်သော အကြံပေးစကား တစ်ခုကို ပြောခဲ့၏။

「 ဗျာ 」

「 ထပ်ပြီး ဖတ်ကြည့်ပါ 」

ပြီးဆုံးသွားသော ဇာတ်လမ်းကို ပြန်လည်ဖတ်ရှုရန်။ ကလေးတစ်ယောက်အနေဖြင့် ထိုစကားက ဘာကို ဆိုလိုသည်ကို ကျနော် မသိခဲ့ပေ။

「 သိပြီးသား ဇာတ်လမ်းကို ဘာလို့ ပြန်ဖတ်ရမှာလဲ 」

「နောက်တစ်ခါ ထပ်ဖတ်ကြည့်မယ်ဆိုရင် တခြားဇာတ်လမ်းတစ်ခုလို ဖြစ်နေမှာ သေချာတယ် 」

「 ...ကျနော် မလုပ်ချင်ဘူး 」

ဆုံးရှုံးမှု ခံစားချက်ကို ထပ်မံ မခံစားချင်သဖြင့် ကျနော် ခေါင်းမာနေခဲ့သည်။

ထိုအခါ အမေက 「 အတူတူ ဖတ်ကြည့်ကြမလား 」 ဟု ပြောခဲ့၏။

ထိုသို့ဖြင့် ကျနော်သည် နောက်တစ်ကြိမ် ပြန်လည်ဖတ်ရှုနည်းကို သင်ယူခဲ့ရသည်။

ပထမဆုံးအကြိမ်တွင်မူ အဓိကဇာတ်ကောင်၏ ရှုထောင့်ကိုသာ မြင်တွေ့ခဲ့ရသည်။ ဒုတိယအကြိမ်တွင် အရံဇာတ်ကောင်၏ ရှုထောင့်ကို မြင်တွေ့ခဲ့ရပြီး တတိယအကြိမ်တွင်မူ ရန်သူ၏ ရှုထောင့်ကို မြင်တွေ့ခဲ့ရသည်။

ဇာတ်လမ်းသည် ဖတ်သည့်အကြိမ်တိုင်းတွင် ပြောင်းလဲသွားခဲ့သည်။ ဇာတ်လမ်းမှာ ပြီးဆုံးသွားခဲ့သော်လည်း အမှန်တကယ် ပြီးဆုံးသွားခြင်း မရှိပေ။ စာဖတ်သူကသာ ထိုဇာတ်လမ်းကို လက်မလျှော့သရွေ့ ဇာတ်လမ်းသည် ဘယ်သောအခါမှ အဆုံးသတ်သွားလိမ့်မည် မဟုတ်ဟု ပြော၍ရ၏။

ကျနော် ထိုအကြောင်းကို မကြာခဏ စဉ်းစားမိဆဲပင်။ အကယ်၍ ထိုစဉ်က ကျနော့်အမေက အခြားစကားတစ်မျိုးကို ပြောခဲ့လျှင်ကော။

ဝတ္ထုအားလုံးသည် အတုအယောင်များသာ ဖြစ်ပြီး ဝတ္ထုတွေကို ဖတ်ရှုခြင်းမှာ ဘဝကို ဖြုန်းတီးခြင်းသာ ဖြစ်သည်ဟု ပြောခဲ့လျှင်ကော။ ထိုသို့ဆိုလျှင် ကျနော့်မှာ သူငယ်ချင်းများစွာ ရှိနေလိမ့်မည်လော။ အကယ်၍ ကျနော်သာ စာကို ကြိုးကြိုးစားစား မဖတ်ခဲ့လျှင်၊ အနိုင်ကျင့် မခံခဲ့ရလျှင်နှင့် ကျနော့်ထံ ဆိုက်ရောက်လာသည့် လက်တွေ့ဘဝမှ ထွက်မပြေးခဲ့လျှင်ကော။

လေထဲတွင် မီးပွားများ ထွက်ပေါ်လာပြီး စီးဆင်းနေသည့် အမှတ်တရများမှာ ပြတ်တောက်သွားသည်။

「 ကင်ဒေါ့ဂျာ။ မင်း တော်တော်လေး စိတ်အေးလက်အေး ရှိနေပုံပဲ 」

ကျနော် ခေါင်းလှည့်ကြည့်လိုက်ရာ မှောင်မိုက်နေသည့် နေရာတွင် တစ်စုံတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ အခြားသူများ၏ အိပ်မက်များကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်သည့် တည်ရှိမှုမျိုး ဖြစ်၏။ အစွမ်းထက်သော နတ်ဘုရားတစ်ပါးမှလွဲလျှင် ဤကဲ့သို့ လုပ်ဆောင်နိုင်သူမှာ ပရောဟိတ်များသာ ဖြစ်နိုင်သည်။ သို့သော် ဤနေရာရှိသူမှာ အန်နာ ခရော့ဖ် မဟုတ်ပေ။

「 'ကံကြမ္မာ' က ခံနိုင်ရည် ရှိရဲ့လား 」

ကျနော် ဤမျက်နှာကို သိသည်။ သူသည် အဝတ်အစားဟောင်းများကို ဝတ်ဆင်ထားသည့် သရဖူဆောင်းထားသော လေလွင့်သူတစ်ဦး ဖြစ်၏။ ပြန်စဉ်းစားကြည့်လျှင် နက္ခတ်များထဲတွင် ပရောဟိတ်တစ်ဦး ရှိနေခဲ့သည်။ ‘ကိုယ့်မျက်လုံးကို ပြန်ထိုးဖောက်သူ’။

ထိုသူမှာ ပွဲတော်တွင် ကျနော်နှင့် တွေ့ဆုံခဲ့သည့် အိုလံပတ်စ်မှ ‘အီးဒီးပပ်စ်’ ဘုရင်ပင် ဖြစ်သည်။ အီးဒီးပပ်စ် ဘုရင်က ကျနော့်ကို ပြောလိုက်၏။

「 မင်းရဲ့ ကံကြမ္မာက ချဉ်းကပ်လာနေပြီ 」

'ကံကြမ္မာဟုတ်လား။ အဲဒါက လက်တွေ့ဖြစ်သွားပြီမဟုတ်ဘူးလား။ ခင်ဗျားတို့ စီစဉ်ထားတဲ့အတိုင်း ကျနော် သေသွားပြီ မဟုတ်ဘူးလား'

「 မင်းရဲ့ကံကြမ္မာက ရှက်စရာကောင်းတဲ့ ဇာတ်လမ်းမျိုးနဲ့ ရှောင်လွှဲလို့ရမယ့် ကံကြမ္မာမျိုး မဟုတ်ဘူး။ မင်း မကြာခင် ဘယ်ဘက်မှာ ရပ်တည်မလဲဆိုတာ ဆုံးဖြတ်ရလိမ့်မယ်။ မင်းဟာ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်လိမ့်မယ်လို့ ငါ ယုံကြည်တယ် 」

'ကျနော်က ဘယ်သူ့ဘက်မှာမှ မရှိဘူး'

အီးဒီးပပ်စ် ဘုရင်က ရယ်မောလိုက်သည်။

「 မင်း အိုလံပတ်စ်ကို သေချာပေါက် ရောက်လာလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းလောက် အိုလံပတ်စ်ရဲ့ ဇာတ်လမ်းနဲ့ ကိုက်ညီတဲ့ ကိုယ်စားလှယ်မျိုး မရှိလို့ပဲ 」

“ခင်ဗျား ဘာတွေပြောနေတာလဲ...”

ကျနော် စကားမဆုံးခင်မှာပဲ အမှတ်တရတွေက ပြန်လည်ဝင်ရောက်လာခဲ့သည်။

「 ဒေါ့ဂျာ 」

ချီး။

ကျနော် ဒါကို မှတ်မိနေသည်။ အဲဒါက သွေးစွန်းနေတဲ့ ဧည့်ခန်းကြီးပင်။ ကျနော့်အမေက ဓားတစ်ချောင်းကို ကိုင်ထားပြီး သေဆုံးနေတဲ့ လူတစ်ယောက်ရဲ့ ရှေ့မှာ ရပ်နေခဲ့သည်။

「 အခုကစပြီး ဒါတွေအားလုံးကို ငါက ပြန်ဖတ်ပြမယ် 」

အမေက ကျနော့်ကို ပြုံးပြရင်း ပြောလိုက်သည်။

「 ဒါကြောင့် နင် သေချာမှတ်ထားရမယ်။ နားလည်လား 」

အိပ်မက်ဆိုးတစ်ခုက ကျနော့်ဆီကို ချဉ်းကပ်လာနေသည်။ အော်ဟစ်သံတွေကို ကျနော် ကြားနေရ၏။ အမှတ်တရတွေအားလုံးကို လှောင်ပြောင်နေသလိုမျိုး အီးဒီးပပ်စ် ဘုရင်ရဲ့ အသံကို ကြားလိုက်ရသည်။

「 လျှပ်စီးပွဲတော်ကို ဆက်ခံလိုက်စမ်း။ မဟုတ်ရင် နောက်လာမယ့် ဇာတ်ဝင်ခန်းတွေထဲမှာ မင်းဟာ 'ထာဝရ' သေဆုံးသွားလိမ့်မယ် 」

………………………………………………………………………………………….

[ဝိသေသ လက္ခဏာ ‘အသက်ရှစ်ပါး’ အသက်ဝင်လာပါပြီ။]

[သင့်ကိုယ်ခန္ဓာ ပြန်လည်ရှင်သန်လာပါမည်။]

ကျနော့်ရဲ့ အသက်ရှူသံတွေက ရေမြွှာရည်တွေလိုမျိုး အပြင်ကို တိုးထွက်လာသည်။

[မြွေ၏ ဒုတိယမြောက်ခေါင်းကို ယဇ်ပူဇော်လိုက်ပါပြီ။]

[ဦးခေါင်း၏ စွမ်းအားမှာ ‘ဉာဏ်ပညာ’ ဖြစ်သည်။]

အေးစက်နေတဲ့ ကျနော့်အသားအရေက ပြန်နွေးလာပြီး ပျော့ခွေနေတဲ့ ကြွက်သားတွေကလည်း အားအင်တွေ ပြန်ရလာသည်။ ဒါက ကျနော် ကြုံဖူးသမျှထဲမှာ စတုတ္ထမြောက် သေဆုံးခြင်းပဲ ဖြစ်သည်။

မီးနဂါးနဲ့ တစ်ကြိမ်၊ သားရဲ ကပ်ဘေးနဲ့ တစ်ကြိမ်၊ ပြီးတော့ နာဗားနားနဲ့ ရင်ဆိုင်တုန်းက တစ်ကြိမ် သေခဲ့ပေပြီ။

“...အင်း၊ ဒါက ဘယ်နေရာလဲ”

ပတ်ဝန်းကျင်ကို ကျနော် ကြည့်လိုက်ပေမဲ့ မည်သည့်နေရာလဲဆိုတာ မသိပေ။ တိမ်တိုက်တွေလိုဖြူဖွေးနေတဲ့ မြေပြင်နဲ့ ပွင့်ဟနေတဲ့ ကောင်းကင်ကြီးကိုပဲ မြင်ရသည်။

...ဒါက မဟူရာရဲတိုက်လား။

[အပိုဆောင်းအကျိုးသက်ရောက်မှုက သင့်ဦးနှောက်၏ လုပ်ဆောင်ချက်များကို အရှိန်မြှင့်ပေးလိုက်ပါပြီ။]

ရှင်သန်ခြင်း အပိုဆောင်းအကျိုးကျေးဇူးကြောင့် အခြေအနေကို ချင့်ချိန်နိုင်စွမ်းက ပိုမိုရှင်းလင်းမြန်ဆန်လာသည်။ ကျနော် အစကနေ ပြန်စဉ်းစားကြည့်ဖို့ ဆုံးဖြတ်လိုက်၏။

ပထမဆုံးအနေနဲ့ အကြီးမားဆုံး မေးခွန်းရှိသည်။

'ငါ ဘာလို့ သေသွားတာလဲ'

ကျနော်က သုခဘုံကို စောင့်ကြည့်ဖို့ အပြင်လူအနေဖြင့်ကိုယ်တိုင်တွေ့မြင်ရသောရှုထောင့်ကို သုံးနေခဲ့တာ ဖြစ်ပြီး ကျနော့်ကိုယ်ခန္ဓာကို ဟန်ဆိုယောင်းနဲ့ ထားခဲ့တာဖြစ်၏။ ရုတ်တရက် ကျနော့်အသိစိတ်တွေ ဝေဝါးသွားပြီး သေဆုံးခြင်းမက်ဆေ့ချ် ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဖြစ်နိုင်ချေက တစ်ခုပဲရှိသည်။

ငါ အိပ်ပျော်နေတုန်း တစ်ယောက်ယောက်က ငါ့ကို သတ်လိုက်တာပဲ။ ဘယ်သူလဲ။ ဟန်ဆိုယောင်းလား။

[သင်၏ ပဉ္စမမြောက် ဇာတ်လမ်းထဲမှာ အောင်မြင်မှုအသစ်တစ်ခု ထည့်သွင်းလိုက်ပါပြီ။]

[လူတွေက သင့်ကို ‘အရှက်ရနေသော မေရှိယ’ လို့ သိကြပါလိမ့်မည်။]

ကျနော်က ထူးဆန်းတဲ့အချိန်မှာ သေဆုံးသွားခြင်းကြောင့် ကျနော့်ဇာတ်လမ်းထဲမှာ ထူးဆန်းတဲ့ အောင်မြင်မှုတစ်ခု ထပ်တိုးလာခဲ့သည်။

...ဒါက တကယ်တော့ အရှက်ရစရာလို့ ငါ မထင်ပါဘူး။

ပရောဟိတ်ရဲ့ ဟောကိန်းက ‘ကိုယ်စားလှယ် ကင်ဒေါ့ဂျာဟာ သူ အချစ်ရဆုံးလူရဲ့ လက်ချက်နဲ့ အသတ်ခံရလိမ့်မယ်’ ဖြစ်သည်။ ဒါဆိုရင် ကျနော့်ကို သတ်ဖို့အတွက် သူတို့က ကျနော် ချစ်ရတဲ့သူ တစ်ယောက်ယောက် ဖြစ်ရပေမည်။

“ဟေ့…. ကင်ဒေါ့ဂျာ၊ နင် အသက်ရှင်သေးတာလား”

အဝေးကနေ ဟန်ဆိုယောင်းက ဒီဘက်ကို လမ်းလျှောက်လာရင်း ပြောလိုက်သည်။

“ဘာတွေဖြစ်ခဲ့တာလဲ”

“ချုံခိုတိုက်ခိုက်ခံရတာလေ”

ဟန်ဆိုယောင်းက တိမ်တိုက်လွင်ပြင်ကြီးကို ကြည့်ရင်း ညည်းတွားလိုက်သည်။ ကျနော်တို့ရောက်နေသည်က လွင့်မျောနေတဲ့ တိမ်တိုက်တွေကလွဲလို့ ဘာမှမမြင်ရတဲ့ နေရာတစ်ခုဖြစ်သည်။ ချုံခိုတိုက်ခိုက်ခံရတဲ့ နေရာလို့ ခေါ်ဖို့အတွက် အလွန်အမင်းကို အေးချမ်းလွန်းနေတဲ့ မြင်ကွင်းမျိုးပင်။

“နင် အိပ်ပျော်သွားတာနဲ့ နင့်နောက်ကို လိုက်နေတဲ့ လူတချို့ ပေါ်လာတာ။ ငါ သူတို့ကို တားဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ နင်က ပြင်းထန်တဲ့ ဒဏ်ရာရသွားတာမလို့ ငါကငိုယိုပြီး နင့်ကို သယ်ထုတ်လာခဲ့တာ။ နောက်တော့ ရုတ်တရက်ဆိုသလို ငါတို့တွေ ဒီနေရာကို ရောက်လာတာပဲ”

ဇာတ်လမ်းက တိမ်တိုက်တွေလိုပဲ သဘာဝကျကျ စီးဆင်းသွားသော်လည်း ယုံရခက်လှသည်။

[သီးသန့်စွမ်းရည် ‘မုသားထောက်လှမ်းနိုင်စွမ်း အဆင့် ၂’ အသက်ဝင်လာပါပြီ။]

[ပြောစကားများမှာ အမှန်ဖြစ်ကြောင်း သင်သည် အတည်ပြုလိုက်ပါပြီ။]

“...တိုက်ခိုက်တဲ့လူတွေရဲ့ မျက်နှာကို နင် မြင်လိုက်လား”

“အားလုံးက မျက်နှာဖုံးတွေ စွပ်ထားကြတာဆိုတော့ ငါ သေချာမမြင်လိုက်ရဘူး။ ဝိသေသလက္ခဏာထောက်လှမ်းခြင်းကို သုံးတဲ့လူ နည်းနည်းကိုတော့ တွေ့လိုက်ပေမဲ့ သူတို့ကို ငါ မသိဘူး”

သုံးရက်တာ ခရီးစဉ်က ဟန်ဆိုယောင်းကို သိသိသာသာ ပိုသန်မာလာစေခဲ့သည်။ ယခုဆိုရင် ဟန်ဆိုယောင်း၏ မဟူရာရဲတိုက် အဆင့်သတ်မှတ်ချက်မှာ အဆင့် ၂၀ ရှိနေလေပြီ။ ဒါတောင်မှ အဆိုပါလူတွေက ဟန်ဆိုယောင်းကို ဖြတ်ကျော်ပြီး ကျနော့်ကို သတ်ခဲ့ကြကာ ဤနေရာကို ခေါ်လာခဲ့ကြသည်။ မည်သို့ပင် ကြိုးစားကာ စဉ်းစားသော်လည်း ဆီလျော်တဲ့ အကြောင်းအရင်းတစ်ခုကို ကျနော် စဉ်းစားလို့ မရနိုင်ခဲ့ပေ။

“နင် တခြား ဘာမှ မသိတော့ဘူးလား”

“ဒါနဲ့ နင်က တကယ်ပဲ အေးဆေးနေတာပဲလား။ သုံးရက်လုံးလုံး ဘယ်သူက ဒုက္ခရောက်နေတာလဲဆိုတာကို မတွေးမိဘူးလား”

“သုံးရက် ဟုတ်လား”

“နင် သေနေတာ သုံးရက်ရှိပြီလေ။ နင် မသိဘူးလား”

ထိုအချက်က ကျနော့်ကို သတိပေးလိုက်သလိုပင်။ အသက်ရှစ်ပါးမှာ စောင့်ဆိုင်းချိန် အနည်းငယ် ရှိနေ၏။

သုံးရက်တောင်လား...ချီး။ တခြား အဖွဲ့ဝင်တွေ ဘာဖြစ်ကုန်ကြပြီလဲ။ သူတို့တွေ နောက်ထပ် ဇာတ်ဝင်ခန်းကို ကူးသွားကြပြီလား မသိဘူး။ အဲဒီလိုဆိုရင်တော့ ငါ့အစီအစဉ်တွေ အားလုံး လွဲချော်ကုန်တော့မှာပဲ။

ဟန်ဆိုယောင်းက သက်ပြင်းချလိုက်သည်။

“ငါ ဘယ်လောက်ဝေးဝေးသွားသွား တိမ်တိုက်တွေပဲ ရှိတာ။ ငါကတော့ လက်လျှော့လိုက်ပြီ”

“...အဲဒါကြောင့် နင်က နင့်ရဲ့ ကိုယ်ပွားတွေကို လွှတ်ထားတာလား”

ဟန်ဆိုယောင်းရဲ့ ကိုယ်ပွားတွေက တိမ်တိုက်လွင်ပြင်ရဲ့ နေရာအနှံ့မှာ လေ့ကျင့်နေကြသည်။ လက်နက်ပုန်းပစ်ခတ်မှု အတတ်ပညာကို လေ့ကျင့်နေတဲ့ ဟန်ဆိုယောင်း၊ ခြေလှမ်းကျွမ်းကျင်မှုကို လေ့ကျင့်နေတဲ့ ဟန်ဆိုယောင်း... ဟန်ဆိုယောင်း တစ်ယောက်ချင်းစီက စွမ်းရည်တစ်ခုစီကို အာရုံစိုက်ပြီး လေ့ကျင့်နေကြခြင်းဖြစ်၏။

“ဒါက ငါကိုယ်တိုင် လေ့ကျင့်တာလေ။ နင့်ကို စောင့်နေရင်း အချိန်မဖြုန်းချင်လို့။ ပြီးတော့ ငါ့ရဲ့ ကိုယ်ပွားတွေကို ပြန်ရုပ်သိမ်းလိုက်ရင် စွမ်းရည်ကျွမ်းကျင်မှုတွေက မြန်မြန်ဆန်ဆန် တိုးလာတာ”

ဟန်ဆိုယောင်းက ဘယ်လိုနည်းနဲ့ အချိန်တိုအတွင်းမှာ ဒီလောက်အထိ သန်မာလာနိုင်သလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ကျနော် သိလိုက်ရသည်။

“ဘာလဲ။ နင်က ■ လား”

“ငါက ■ လား” ချီး... ဒါကိုတောင် စစ်ထုတ်နေတာလား။ ကောင်းပြီလေ၊ နင် ဘာပြောချင်တာလဲဆိုတာကိုတော့ ငါ သဘောပေါက်ပါတယ်"

မည်သို့ပင်ဆိုစေကာမူ ဟန်ဆိုယောင်းက ယခင်လို သူတပါးစာမူကို ခိုးချတဲ့ စာရေးဆရာတစ်ယောက် မဟုတ်တော့တာတော့ သေချာသည်။ ကျနော် ရုတ်တရက် သိချင်စိတ် ဖြစ်ပေါ်လာ၏။ Ways of Survival ၏ မူရင်းဖော်ပြချက်ထဲတွင် ကိုယ်ပွား စွမ်းရည်အကြောင်းကို အသေးစိတ် ဖော်ပြမထားခဲ့ပေ။ ဤစွမ်းရည်အကြောင်းကို နည်းနည်းလောက် ပိုသိထားရင် မဆိုးဘူးဟု ကျနော် တွေးမိသည်။

“ဒီစွမ်းရည်မှာ ကန့်သတ်ချက်တွေ မရှိဘူးလား။ မှော်စွမ်းအင် ရှိသရွေ့ နင် ကိုယ်ပွားတွေကို အကန့်အသတ်မရှိ ဖန်တီးနိုင်တာလား”

“ဒါဆိုရင်တော့ ဒါက လူလည်ကျတဲ့အစွမ်း ဖြစ်သွားမှာပေါ့။ ဒါပေါ့၊ ကန့်သတ်ချက်တွေ ရှိတာပေါ့ဟ။ ဒီစွမ်းရည်ကို သုံးတိုင်းမှာ ငါ့ရဲ့ မှတ်ဉာဏ်တချို့ကို ကိုယ်ပွားဆီ ခွဲဝေပေးရတယ်”

“...နင့်ရဲ့ မှတ်ဉာဏ်တချို့ ဟုတ်လား။ ဒါဆိုရင် ကိုယ်ပွား သေသွားရင်ရော ဘာဖြစ်မလဲ”

“ဒါဆိုရင် ငါ့ရဲ့ အဲဒီမှတ်ဉာဏ်တွေကို ဆုံးရှုံးရမှာပေါ့”

ဟန်ဆိုယောင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သောအခါ ကျနော် အံ့ဩသွားမိသည်။

ဒါက အမှားအယွင်းတစ်ခုခု ဖြစ်သွားရင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်သွားစေနိုင်တဲ့ စွမ်းရည်မျိုး မဟုတ်ဘူးလား။

ဟန်ဆိုယောင်းက ကျနော့်အတွေးကို သိသွားသလိုမျိုး ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့။ ငါက များသောအားဖြင့် မလိုအပ်တဲ့ မှတ်ဉာဏ်တွေကိုပဲ သုံးတာပါ။ နောက်ပြီး ကိုယ်ပွားတွေကို ပြန်ရုပ်သိမ်းလိုက်ရင် မှတ်ဉာဏ်တွေက ပြန်ရောက်လာတာပဲလေ။ တစ်ခါတလေကျရင်တော့... တချို့တွေက ထိန်းချုပ်မရ ဖြစ်သွားတာကတော့ ပြဿနာပေါ့လေ”

“ထိန်းချုပ်မရ ဖြစ်သွားတယ် ဟုတ်လား”

“ငါက ကိုယ်ပွား စွမ်းရည်ကို သုံးပြီး ပထမဆုံး ကိုယ်ပွားတစ်ခု ဖန်တီးတုန်းကလေ... ငါ့ရဲ့ မှတ်ဉာဏ်တွေ အများကြီး ပေးလိုက်မိလို့ အဲဒါက ထိန်းချုပ်မရ ဖြစ်သွားဖူးတယ်”

“...အဲဒါက ဖြစ်နိုင်လို့လား။ ဒါဆိုရင် နင် အဲဒီမှတ်ဉာဏ်တွေကို ဆုံးရှုံးသွားတာလား”

ဟန်ဆိုယောင်းက ပုခုံးတွန့်ပြလိုက်သည်။

“ငါ မသိဘူး။ ဒါပေမဲ့ အခုတော့ ငါက မှတ်ဉာဏ် အသေးအဖွဲလေးတွေကိုပဲ သုံးတာဆိုတော့ အဆင်ပြေပါတယ်”

“နင်ကပဲ အဆင်ပြေတယ်လို့ ထင်နေတာပါ”

“ပါးစပ်ပိတ်ထားစမ်းပါ”

အမှားအယွင်းကြောင့် အရေးကြီးတဲ့ မှတ်ဉာဏ်တွေ ရှိသွားတဲ့ ကိုယ်ပွားတစ်ခု။ ဆိုးလ်မြို့ရဲ့ တစ်နေရာရာမှာ လှည့်လည်သွားလာနေနိုင်တဲ့ နောက်ထပ် ဟန်ဆိုယောင်း တစ်ယောက်အကြောင်းကို တွေးမိပြီး ကျနော် ကြက်သီးထသွားမိသည်။

ကိုယ်ပွားတွေက တစ်ခုပြီးတစ်ခု မီးခိုးငွေ့တွေအဖြစ် ပြောင်းလဲသွားပြီး ဟန်ဆိုယောင်းဆီ ပြန်ရောက်သွားကြသည်။ ဒါက စုဆောင်းမိထားတဲ့ စွမ်းရည်ကျွမ်းကျင်မှုတွေကို ပြန်လည်ရယူဖို့ ဖြစ်လိမ့်မည်။

ဟန်ဆိုယောင်းက ရုတ်တရက် အော်ပြောလိုက်သည်။

“အာ… ငါ မပြောရသေးတာ တစ်ခုရှိသေးတယ်။ အခုမှ မှတ်မိသွားလို့။ နင် သေသွားတုန်းက နက္ခတ်တစ်ပါး ငါ့ဆီ ရောက်လာသေးတယ်”

ဘာလို့ ဒီလောက်အရေးကြီးတဲ့ မှတ်ဉာဏ်ကိုမှ ကိုယ်ပွားဆီ ပေးထားရတာလဲ။

“နာမည်တော့ ငါ မေ့သွားပြီ။ ဒါပေမဲ့ အဲဒီနက္ခတ်က နက်ဗျူလာ တစ်ခုကပဲ။ ဝေဒ လား... တမ်နာ လားတော့ မသိဘူး”

ထိုနာမည်တွေက အန္တရာယ်များသော နက္ခတ်တို့၏နာမည်ဖြစ်သည်။ ကျနော့် ခံစားချက်က ဘယ်လိုပဲဖြစ်ဖြစ် ဟန်ဆိုယောင်းကတော့ ပေါ့ပေါ့ပါးပါးပဲ ရေရွတ်လိုက်၏။

“မရေမရာ စကားတချို့ကို ငါ ကြားလိုက်ရတယ်။ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ပါ တဲ့...”

“နင် အဲဒါကို သေချာ မမှတ်မိဘူးလား”

“တောင်းပန်ပါတယ်။ ငါ့ရဲ့ ကိုယ်ပွားတွေ အားလုံးကို ပြန်ခေါ်လိုက်ရင်တော့ ငါ မှတ်မိနိုင်မှာပါ... အို… ရောက်လာတဲ့ နက္ခတ်က ထူးဆန်းတဲ့ ဂိုလျော စစ်သည်တော်ကြီး တစ်ယောက်ဟ”

“ဂိုလျော စစ်သည်တော် ဟုတ်လား”

“သူက ဘာမှမပြောဘဲ ထွက်သွားတာ။ နင့်ရဲ့ အလောင်းကို ခဏလောက် စိုက်ကြည့်ပြီးတော့ ချက်ချင်း ထွက်သွားတာပဲ”

အကယ်၍ အဲဒါက ဂိုလျော စစ်သည်တော် ဆိုရင်တော့ ချောက်ဂျွန်ဂယောင်း ဖြစ်ဖို့ များသည်။ အိုလံပတ်စ်၊ ဝေဒ နဲ့ တမ်နာ တွေလည်း ရှိနေသေးသည်။ နက်ဗျူလာ အကြီးကြီးတွေက လှုပ်ရှားနေကြပြီဆိုတော့ တစ်ခုခု ဖြစ်တော့မည့်ပုံပဲ။

ထိုအချိန်တွင် ကျနော့်ခေါင်းထဲကို တစ်ခုခု ဝင်လာသည်။

“နေဦး၊ နက္ခတ်က တိုက်ရိုက် ကိုယ်ထင်ရှားပြတာလား။ ကိုယ်ပွား မဟုတ်ဘူးလား”

“ဟုတ်တယ်။ အဲဒါက သင်္ကေတတစ်ခုပဲ။ ဘာဖြစ်လို့လဲ”

“...အဲ့လိုကိုယ်ထင်ပြတာရဲ့ ပြဿနာကို နင် မသိဘူးလား”

“ဟမ်”

“ဘယ်လောက်ပဲ သင်္ကေတ အနေနဲ့ ဖြစ်ဖြစ်၊ နက္ခတ်တစ်ပါးက ဖြစ်နိုင်စွမ်း အများကြီးကို အသုံးမပြုဘဲနဲ့ ဇာတ်ဝင်ခန်း နယ်မြေထဲကို ကိုယ်ထင်ရှားပြလို့ မရဘူးလေ”

နက္ခတ်တွေက ဖြစ်နိုင်စွမ်းကို အကြောက်ဆုံးဖြစ်ပြီး သင်္ကေတ အနေဖြင့်တောင် ဆင်းသက်လာမည် မဟုတ်ပေ။

ကျနော် ပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း ကြည့်လိုက်သည်။

“...ဒီနေရာက ဘယ်နေရာလဲဆိုတာ ငါ သိပြီ ထင်တယ်”

ဒီနေရာက အကာအရံတစ်ခု ဖြစ်ပေမဲ့ သာမန်အကာအရံ မဟုတ်ပေ။ ဒါက နက္ခတ်တွေ သင်္ကေတ ပုံစံနဲ့ ကိုယ်ထင်ရှားပြနိုင်တဲ့ အကာအရံတစ်ခုဖြစ်၏။

ဟန်ဆိုယောင်းက တစ်ခုခုကို ယခုမှ သတိပြုမိသွားသည်။

“...ယန္တယားတံခါးပေါက် အစီအရင် နည်းလမ်း”

ယန္တယားတံခါးပေါက် အစီအရင် နည်းလမ်း ဆိုသည်မှာ ဓာတ်ကြီးငါးပါး၊ ကောင်းကင်ဘုံ လေးခုနဲ့ ကပ်ဘေး သုံးပါး၏ နိယာမတွေကို ကျွမ်းကျင်သော နက္ခတ်တွေ အသုံးပြုသည့် နည်းစနစ်တစ်ခုဖြစ်သည်။

ထိုနည်းစနစ်ကို သုံးတဲ့လူကို တွေ့ရခဲသည်။ တရုတ်ပြည်က ကျူးကော့လျန်ကတော့ ထိုနည်းစနစ်ကို လွတ်လွတ်လပ်လပ် သုံးနိုင်၏။ သို့ပေသိ ဤနေရာက ကိုရီးယားကျွန်းဆွယ်ဖြစ်သည်။ ထိုသို့ဆိုလျှင်…

“ထွက်လာခဲ့တော့”

ကျနော် လေထဲကို လှမ်းပြောလိုက်သည်။

“...နက္ခတ်တစ်ပါးရဲ့ ပုံသဏ္ဌာန်နဲ့ နင့်ကို လှည့်စားဖို့ဆိုတာ မဖြစ်နိုင်ဘူးထင်တယ်”

လေထဲမှာ တိမ်တိုက်တွေ စုစည်းလာပြီး လူတစ်ယောက်၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားရင်း အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုသူမှာ အကျဉ်းသားဝတ်စုံကို ဝတ်ဆင်ထားသည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်၏။

“ကျနော်တို့ အရင်က ဆုံဖူးတယ် မဟုတ်လား”

“ဒါက သိပ်တော့ မကောင်းတဲ့ ပြန်လည်ဆုံတွေ့မှုပဲ”

[‘ဂျိုဆွန်း၏ ပထမဆုံးသော မှော်ဆရာ’နက္ခတ်က သင့်ကို ကြည့်ပြီး တခိခိ ရယ်မောနေပါသည်။]

ဂျိုဆွန်း၏ ပထမဆုံးသော မှော်ဆရာ၊ ယောင်ဝူချိ၏ ကိုယ်စားလှယ်။

ယောင်ဝူချိက လေလွင့်သူများဘုရင်၏ ပထမဆုံးသော ‘လက်ရုံး’ ဖြစ်သည်။

“ဘုရင်မက ရှင့်ကို စောင့်နေတယ်”

ဘယ်သူက ကျနော့်ကို သတ်ခဲ့သလဲဆိုတာကို တစ်နည်းနည်းနဲ့ ကျနော် သိလိုက်ရသည်။ ဒီအခြေအနေက အဆိုးဆုံး ဖြစ်ပုံရ၏။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်မှာ တခြားရွေးချယ်စရာ မရှိတော့ပေ။

ကျနော် ခေါင်းငြိမ့်ပြလိုက်ပြီး ပြောလိုက်သည်။

“လမ်းပြပေးပါ”

All Chapters