ဆရာ ဟိုမှာကြည့်
Vol. 8 Ch. 719
ပိုင်ရှောင်ချန်းက တောင်ပေါ်ရှိ သူ့နေရာမှ တပ်စခန်းကို ငုံကြည့်ပြီး သက်ပြင်းချလိုက်သည်။
" အကဲပိုလွန်းတယ်။ ငါ့ဘာသာ မီးတောက်ဖန်တီးတာလေးကိုကွာ "
ပိုင်ဟောက်၏ဝိညာဉ်သိုလှောင်စေတီကို ထုတ်လိုက်ကာ သူက ဆက်ပြောသည်။
" သူတို့ ငါ့ကို ဒီနေရာမှာ အလုပ်လုပ်ဖို့အထိ ဖိအားလာပေးနေကြတာ။ စောစောက ဖြစ်သွားတာက မတော်တဆပဲကို၊ ဟုတ်တယ်မလား ငါ့တပည်လေးရေ။ ဆရာက လုံးဝ အပြစ်ကင်းတယ်"
ပိုင်ဟောက်က ပြန်ပြောရန် ပြင်လိုက်သော်လည်း တခဏကြာသော် ခေါင်းသာခါယမ်းလိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်လေသည်။ သူသည် သူ၏ဆရာပေါက်စအား ပို၍ နားလည်လာလေပြီ။ သို့သော် အလွန်အားကိုးရသည့် ပုံမပေါ်သည့်တိုင် ပိုင်ဟောက်မှာ အကြံမပေးဘဲ မနေနိုင်ပေ။
" ဆရာ၊ ကျွန်တော်တို့ ဘာလို့ နည်းနည်းလောက် မနားတာတုံး။ တကယ်လို့၊ တကယ်လို့ နောက်ထပ် ပေါက်ကွဲရင် ဘယ်လိုလုပ်မလဲ "
ပိုင်ရှောင်ချန်းက ရင်ဘတ်ကိုပုတ်ရင်း ပြောသည်။
" မစိုးရိမ်ပါနဲ့၊ မင်းဆရာမှာ အတွေ့အကြုံ အများကြီးရှိတယ်"
ချက်ချင်းပင် ပိုင်ဟောက်မှာ စိုးရိမ်သောကရောက်သွားပြီး ဖျောင်းဖျရန်ပြင်လိုက်စဉ်မှာပင် ပိုင်ရှောင်ချန်းက ဆယ့်ငါးရောင်ခြယ်မီးတောက်နှင့် အမုန်းဝိညာဉ်တစ်အုပ်ထုတ်လိုက်သည်။
ထပ်၍ ဝင်စွက်ဖက်ပါက ပြဿနာဖြစ်မည်ကို စိုးရိမ်သဖြင့် ပိုင်ဟောက်မှာ သူ၏လည်ချောင်းဝမှ စကားများကို ပြန်မျိုချလိုက်ပြီး အကုန်လုံး အဆင်ပြေချောမွေ့ပါစေကြောင်း ဆုတောင်းလိုက်သည်။
မကြာမီ သုံးရက်ကုန်လွန်သွား၏။ ပိုင်ရှောင်ချန်းက တဖြည်းဖြည်း ဆောင်ရွက်နေလေသည်။ ကြည့်ရသရွေ့ သူလည်း နောက်ထပ် ပေါက်ကွဲမှုဖြစ်မည်ကို ကြောက်သဖြင့် မထင်မှတ်ထားသော ပြောင်းလဲမှုသေးသေးပင် ဖြစ်လာစေကာမူ သူရပ်လိုက်မည် ဖြစ်သည်။
သူက မေးကို မော့ရင်း ဂုဏ်ယူစွာ ပြောသည်။
" ကြည်၊့ ငါတို့ အဆင်ပြေသွားမှာလို့ မပြောဘူးလား။ သုံးရက်ပြီးသွားရင် ပေါက်ကွဲတာတစ်ခုမှ ဖြစ်မှာမဟုတ်တော့ဘူး"
သူ အလွန်နှေးကွေးစွာ လုပ်နေသည့်တိုင် ခုနစ်ဆယ်ရာခိုင်နှုန်းပြီးသွားပြီဖြစ်သည်။
ဤအချိန်တွင် ပိုင်ဟောက်မှာ အတန်ငယ်စိတ်သက်သာရာရသွားပြီး ပိုင်ရှောင်ချန်းက သူပြောသည်ကို နားထောင်ပြီး ဂရုတစိုက်လုပ်နေသည့်အတွက် အလွန် ကျေးဇူးတင်နေတော့သည်။
" ဆရာ၊ ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို ဖန်တီးတဲ့အခါမှာ အခက်အခဲဆုံးအပိုင်းက နောက်ဆုံးမှာပဲ။ ဆရာ အခုကစပြီး နည်းနည်းလောက် ပိုဂရုစိုက်ဖို့ လိုလာပြီ။ စိတ်လိုက်မာန်ပါ လုံးဝမလုပ်ပါနဲ့ "
" အေးပါ အေးပါ စိတ်မပူပါနဲ့ "
ပိုင်ရှောင်ချန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး အလုပ်ဆက်လုပ်လေသည်။ ရက်အနည်းငယ် ကုန်လွန်သွားပြီး ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် လုံးဝနီရဲနေချေပြီ။ ထပ်မံ၍ သူ ဒုက္ခရောက်နေပြန်သည်။။ သူမည်သို့ပင် လုပ်လင့်ကစား ခုနစ်ဆယ်ရာခိုင်နှုန်းမှာပင် တစ်နေပြီး အချိန်မတန်မီ အတင်းလုပ်လိုက်ပါက ကျရှုံးသွားလိမ့်မည်ဖြစ်ကြောင်း တပ်အပ်ပြောနိုင်သည်။
" ငါလုပ်တာ ဘာမှားနေလို့တုံး "
သူက ဆံပင်များကို ထိုးဖွပြီး လက်ဝါးပေါ်ရှိ မီးတောက်ကို မမှိတ်မသုန်ကြည့်နေရင်း ရေရွတ်လိုက်သည်။ ပိုင်ဟောက်သည်လည်း ကြည့်နေပြီး မည်သို့လုပ်ရမည်ကို မသိတော့ပေ။ သို့သော် ဤအခြေအနေနှင့် ပိုင်ရှောင်ချန်းကို မြင်ရသည်က အရင်ပေါက်ကွဲမှုအကြောင်း စိုးရိမ်တကြီးပြန်တွေးမိသွားစေသည်။
ပိုင်ဟောက် ထိုကိစ္စကို မတွေးလိုက်မီ ပိုင်ရှောင်ချန်း၏ မျက်လုံးများက တောက်ပလင်းလက်လာပြီး ပြောသည်။
" ဒါပဲ ဖြစ်ရမယ်။ ဒီ အမုန်းဝိညာဉ်တွေမှာ အညစ်အကြေးတွေ အများကြီးရှိနေတာ "
ထို့နောက် သူက ထပ်မံအလုပ်စပြန်သည်။ သို့သော် ထိုရှင်းပြမှုက အလွန်ရိုးရှင်းလွန်းသည်ဟု ပိုင်ဟောက် မတွေးမိဘဲ မနေပေ။ သူက သူ၏ ထင်မြင်ချက်များကို ပြောရန်ပြင်လိုက်သော်လည်း ပိုင်ရှောင်ချန်း သူ၏အကြံအသစ်ကို အကောင်အထည်ဖော်ရန် မည်မျှစိတ်လှုပ်ရှားနေကြောင်း မြင်သောအခါ တွန့်ဆုတ်သွားသည်။
" အာ ဘာပဲဖြစ်ဖြစ် ဆရာ့ကို လုပ်ခိုင်းလိုက်တော့မယ်။ ဘယ်သူသိမလဲ သူမှန်ရင်လဲ မှန်မှာပေါ့ "
ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားနေသည်။ ပြဿနာက အညစ်အကြေးများနှင့် ဆက်သွယ်နေသည်ကို စဉ်းစားကြည့်ရင်း ဆေးဖော်စပ်စဉ်က ထိုကဲ့သို့ပြဿနာများကို သူမည်သို့ဖြေရှင်းခဲ့ကြောင်း ချက်ချင်း ပြန်တွေးလိုက်သည်။ စိတ်လှုပ်ရှားများဖြင့် မျက်ခုံးများ တွန့်ချိုးပင့်တက်နေရင်း သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်အလုပ်စလိုက်ပြန်သည်။
သူအလုပ်စလုပ်သည်နှင့် ဆယ့်ငါးရောင်ခြယ်မီးတောက်သည် အမုန်းဝိညာဉ်များကို ဝါးမျိုသွားပြီးနောက် အနက်ရောင် မီးခိုးမျှင်များ ထွက်ပေါ်လာတော့သည်။ ပထမဝိညာဉ်တွင် ဖြစ်စဉ်က မသိသာသော်လည်း ဝိညာဉ်များ ထပ်ထည့်သည်နှင့်အမျှ အနက်ရောင်မီးခိုးများ ပိုမိုထွက်ပေါ်လာကာ ပိုင်ဟောက်မှာ ပို၍ စိုးရိမ်စပြုလာတော့သည်။
ပိုင်ဟောက်မှာ မည်သည်ကို ဆိုလိုကြောင်း မသိသော်ငြား အညစ်အကြေးများကို မီးရှို့ခြင်းမှ ထွက်ပေါ်လာသည့် အနက်ရောင်မီးခိုးများသည် ကောင်းသော အရာတော့ မဟုတ်နိုင်ပေ။
" ဆရာ၊ ခဏ ဒီအနက်ရောင်မီးခိုးတွေ များလွန်းနေတယ်။ တစ်ခုခုတော့ မှားနေပြီ။ အဲဒါဘာလဲဆိုတာ သိဖို့ ကျွန်တော့်ကို အသက်ရှူချိန်တစ်ကြိမ်စာလောက် အချိန်ပေးပါဦး "
" မီးခိုးနည်းနည်းလေးပဲ ဘာမှမဟုတ်ပါဘူးကွာ။ စိတ်မပူပါနဲ့ ငါ့တပည်လေးရေ။ ဆရာ့မှာ ဒီလို အတွေ့အကြုံတွေ အများကြီးရှိပြီးသား "
သူက အားပါးတရရယ်ရင်း အလုပ်ဆက်လုပ်လေသည်။ သူလုပ်နေစဉ်အတွင်း မီးခိုးများ ပိုမိုထွက်လာပြီး ပိုင်ဟောက်မှာ ပို၍ စိုးရိမ်လာတော့သည်။ နောက်ဆုံးတွင် သူ ကြောက်ကြောက်လန့်လန့် တုန်ရီနေတော့သည်။
ပိုင်ရှောင်ချန်းမှာ အလွန်အာရုံစူးစိုက်ထားသဖြင့် သူ့ကိုယ်သူပင် မေ့သွားသည်။ မီးတောက်က ဝိညာဉ်များကို ဝါးပြီး တစ်နေ့လုံး ကုန်ဆုံးသွားး၏။ နောက်တစ်နေ့ညနေတွင် ရှစ်ဆယ်ရာခိုင်နှုန်းပြီးမြောက်သွားလေပြီ။
" ဒါ တကယ် အလုပ်ဖြစ်သားပဲ "
သူက စိတ်လှုပ်ရှားလျက် ဆက်လက်အလုပ်လုပ်ရန်ပြင်လိုက်စဉ် ရုတ်တရက် ဆယ့်ငါးရောင်ခြယ်မီးတောက်တွင် မတည်ငြိမ်သောလက္ခဏာများ ပေါ်ပေါက်လာသည်။ သို့သော် သူတို့ အပြင်ထွက်မလာနိုင်မီ ပိုင်ရှောင်ချန်းက လျင်မြန်စွာ လက်သီးဆုပ်လိုက်ပြီး ဆယ့်ငါးရောင်ခြယ်မီးတောက်ကို ချက်ချင်း ငြိမ်းသတ်လိုက်သည်။
သူထိုသို့ လုပ်လိုက်သဖြင့် အနက်ရောင်မီးခိုးအမြောက်အမြားသည် သူ၏လက်ချောင်းများကြားမှ ထွက်လာကြပြီး အမည်းရောင်တိမ်လုံးကြီးအသွင်ဖြင့် လေထဲလွင့်တက်သွားကြသည်။
" ဟမ့်၊ မြင်လား ငါ့တပည့်။ နောက်ထပ်ပေါက်ကွဲမှုတွေ ဖြစ်မှာမဟုတ်ဘူးလို့ ငါ မင်းကို ပြောသားပဲ။ ငါတို့ မြင်လိုက်ရတာက မီးခိုးလေးနည်းနည်းပါးပါးပါပဲ "
နောက်ဆုံးလက်ကျန် အနက်ရောင်မီးခိုးများသည် သူ့လက်ထဲမှ ထွက်သွားစဉ် ပိုင်ရှောင်ချန်းက ပိုင်ဟောက်ကို ဂုဏ်ယူစွာကြည့်လိုက်သည်။
ပိုင်ဟောက်မှာ ယခုအခေါက်တွင် မေ့လဲတော့မတတ် ခံစားလိုက်ရတော့သည်။ သူက သက်ပြင်းချရင်း မိုးပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။
" ဆရာ ကျွန်တော်တို့ အခုထွက်သွားဖို့လိုတယ်။ ဟိုကိုကြည့်ဦး "
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူသည် မီးတောက်ဖန်တီးရာ၌ အလွန်အာရုံစိုက်ထားသဖြင့် ခေါင်းပေါ်ဖြစ်ပျက်နေသည်များအား သတိမထားးမိပေ။ အပေါ်ကို မော့ကြည့်လိုက်ပြီးနောက်တွင် သူ၏ မျက်လုံးများပြူးကျယ်သွားပြီး မျက်နှာမှာ အိုစာသွားတော့သည်။
ခေါင်းပေါ်ရှိ အနက်ရောင်တိမ်စိုင်ကြီးက ကြီးသထက်ကြီးလာနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ဧရာမ မိုးကြိုးတိမ်တိုက်ကြီးတစ်ခုအသွင်ပြောင်းသွားပြီး တပ်စခန်းထံ တဖြည်းဖြည်း မျောလွင့်သွားလေပြီ။ ၎င်းမှာ အလွန်တရာလေးလံလှပုံပေါ်ပြီး မြေပြင်ပေါ်သို့ တရွေ့ရွေ့ အိကျလာတော့သည်။
" ဒီအနက်ရောင်တိမ်တိုက်ကြီးက ဘာလို့ တော်တော်လေး ရင်းနှီးနေတာပါလိမ့်။ နေဦး၊ အမယ်လေး မဖြစ်ဘူး။ ငါဆေးဖော်တုန်းက အနက်ရောင်တိမ်တွေပေါ်လာတယ်။ ဒါပေမဲ့ မီးတောက်ဖန်တီးတာကတော့ မတူလောက်ပါဘူးနော် "
ဤအချိန်တွင် အနက်ရောင်တိမ်တိုက်ကြီးက တပ်စခန်းတစ်ခုလုံးအား တဖြည်းဖြည်း ဖုံးအုပ်သွားသည်ကို စောင့်ကြည့်နေရင်း သူ ရင်တဒိန်းဒိန်းခုန်နေလေပြီ။ ၎င်းက တရွေ့ရွေ့နိမ့်ကျလာသဖြင့် စခန်းတစ်ခုလုံး၏ အပေါ် မီတာ ၃၀၀တွင်သာရှိတော့သည်။ ၎င်းမှာ မကြာမီ မြေပြင်ပေါ်သို့ ကျလာတော့မည့်အလား။
တပ်စခန်းတွင်းရှိ ဝိညာဉ်ကျင့်ကြံသူများသည် တိမ်များကို သတိပြုမိသွားကြပြီး လေပေါ်ပျံတက်လာကြကာ ၎င်းကို အဝေးမျောသွားစေရန် မျှော်လင့်ရင်း မှော်အတတ်များဖြင့် တိုက်ခိုက်ကြလေသည်။
သို့သော်လည်း မည်သည့်တိုက်ခိုက်မှုကမှ တိမ်တိုက်ကြီးကို ဘာမှ မလုပ်နိုင်ပေ။ အမှန်တွင် ၎င်းမှာ ပို၍ မြန်ဆန်စွာပင် နိမ့်ကျလာတော့သည်။ အမည်းရောင်တိမ်တိုက်ကြီးက.... လျင်မြန်စွာ တပ်စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသဖြင့် ပိုင်ရှောင်ချန်းမှာ အံ့သြတုန်လှုပ်သွားတော့သည်။
ထို့နောက် အော်ဟစ်သံများနှင့်အတူ တဟွတ်ဟွတ်ချောင်းဆိုးသံများ ပွက်ပွက်ညံလာတော့သည်။ သိသာစွာပင် တပ်စခန်းတစ်ခုလုံး ဝရုန်းသုန်းကားဖြစ်သွားလေပြီ။
" သောက်ခွေးတဲ့မှပဲ ပိုင်ဟောက်"
" အဟွတ် အဟွတ် ဒါကဘာကြီးတုန်း။ အဟွတ် အဟွတ်.... ပိုင်ဟောက်၊ ဒါ မင်း လုပ်တာပဲ"
" ဘုရား၊ ဘုရား ပထမက ပေါက်ကွဲတယ်။ အခုက ဒီအမည်းရောင်တိမ်တိုက်ကြီး။ အဟွတ် အဟွတ်.... ငါ့မျက်လုံးတွေ။ ငါ့လည်ချောင်း။ ပိုင်ဟောင်..... ငါမင်းကို သတ်မယ်ကွ"
လေထဲတွင် အသံများ တစတစပြည့်နှက်လာရာ နောက်ဆုံးတွင် ကျွတ်ကျွတ်ညံပွက်လောရိုက်သံများဖြစ်သွားပြီး ပိုင်ရှောင်ချန်းကို မျက်ရည်ဝဲသွားစေတော့သည်။ ဤကိစ္စတွင် သူ အမှန်တကယ် အပြစ်ကင်းသည်ဟု ခံစားနေရသည် မဟုတ်ပါလော။
"ငါ ပေါက်ကွဲမှုတစ်ခုမှ မဖြစ်အောင် အကုန်ကာကွယ်ထားတာပဲ။ အမည်းရောင်တိမ်တွေ ပေါ်လာလိမ့်မယ်လို့ ငါဘယ်ထင်မလဲ။ မင်းတို့ကောင်တွေ ငါ့ကို ဒီအတွက် အပြစ်တင်လို့မရဘူး " ပိုင်ရှောင်ချန်းမှာ အလွန်တရာစိုးရိမ်ကြောင့်ကြနေလွန်းလှသဖြင့် ရင်တဒိန်းဒိန်း ခုန်နေတော့သည်။ ပိုင်ဟောက်မှာမူ မျက်ရည်ဝဲနေလျက် ဝိညာဉ်ပုံစံဖြင့် ဘေးတွင်ရပ်နေသည်။
" ဆရာ " သူက တောင်းဆိုနေသော လေသံဖြင့်ပြောသည်။
" ကျွန်တော်တို့ စကားနည်းနည်းလောက်ပြောလို့ရမလား။ ဆရာ့ နာမည်ပြောင်းပေးပါလား။ ဒါကို သရဲကြီးမြို့တော်မှာထဲက ပြောချင်နေတာ ဒါပေမဲ့ အခု.... ဆရာက ကပ်ဘေးကို လုပ်တာဆိုပေမယ့် သူတို့က ကျွန်တော်သေပါစေလို့ ဆုတောင်းနေရင်း ကျွန်တော့်နာမည်ကို ခေါ်နေကြတာ "
ယခုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ပိုင်ဟောက်နှင့် အပေးအယူလုပ်နေရန် စိတ်မပါပေ။ သူက အမည်းရောင်တိမ်တိုက်ကြီးကို စိုးရိမ်တကြီးကြည့်နေပြီး အတွင်းမှ လာနေသည့် ကြောက်စရာကောင်းသော အော်သံများကို နားထောင်နေလေသည်။ မကြာမီ လူများ ၎င်းအတွင်းမှ ထွက်လာပြီး သူ့ထံသို့ သတ်ဖြတ်လိုစိတ်များ ဟုန်းဟုန်းတောက်လျက် ပျံသန်းလာကြသည်။
" ငါတော့သေပြီ ဒုက္ခပဲ "
သူက ကျောက်စိမ်းပေလွှာတစ်ခုကို ခပ်မြန်မြန်ဆွဲထုတ်လိုက်ပြီး သရဲကြီးဘုရင်ထံ အကူအညီလှမ်းတောင်းလိုက်သည်။ တစတစများပြားလာသော လူများက ဒေါသတကြီးဟိန်းဟောက်၍ မီးခိုးများထဲက ထွက်ကာ သူရှိရာဘက်သို့ လာနေကြသည်။ ထို့နောက် သခင်မလေးဟုန်ချိန်က နီရဲနေသော မြားတစ်စင်းအလား မီးခိုးများထဲမှ သူ့ထံတည့်တည့်လာနေသဖြင့် ပိုင်ရှောင်ချန်းမှာ ပင့်သက်ရှိုက်သွားရတော့သည်။
သခင်မလေးဟုန်ချိန်မှာ ရူးတော့မတတ်ခံစားနေရသည်။ ဤအချိန်တွင် သူမသည် ပိုင်ဟောက်က သက်ရှိဒုက္ခအိုးကြီးဖြစ်သည့်အတွက် သူမထံ ပို့လိုက်သည်ဟူ၍ တထစ်ချယုံကြည်သွားတော့သည်။
လဝက်ပင်မရှိသေး။ သူက တပ်စခန်းအတွင်းတွင် ပုန်ကန်မှုနှစ်ခု လုပ်ဆောင်ပြီးသွားလေပြီ။ သခင်မလေးဟုန်ချိန်မှာ မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။ အမှန်တကယ်တော့ သူမက ပိုင်ရှောင်ချန်းလုပ်ခဲ့သည့်အရာများကို တမင်တကာလုပ်ရန် ကြံထားလျှင်တောင်မှ သူမ လုပ်နိုင်လိမ့်မည်မဟုတ်ပေ။
"ကိုယ့်သေတွင်းကိုယ် တူးနေတာပေါ့လေ ပိုင်ဟောက် "
သူမက ခပ်နိမ့်နိမ့်တောင်ပေါ်ရှိ ပိုင်ရှောင်ချန်းထံ ပျံသန်းလာပြီး ဟိန်းဟောက်လိုက်သည်။