အခန်း (၁၂၉-၁၃၀)
Vol. 9 Ch. 129-130
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-129
အခန်း ၁၂၉ ။ တစ်လှမ်းဆုတ်၍ ရှေ့ဆက်ခြင်း
ယိကျယ်ယွီကို ရာထူးတိုးပေးပြီးနောက် ကိုယ်ဝန်ရှိနေသော်လည်း ရာထူးမတိုးရသေးသော ယန်မျိုးရိုးကို နင်ချန်သတိရသွားသည်။
ထို့ကြောင့် သူမကိုလည်း 'ချိုက်ရန်' ရာထူး တိုးပေးလိုက်ပြီးကလေးမွေးပြီးမှ ထပ်မံ ရာထူးတိုးပေးမည်ဟု ပြောကြားလိုက်သည်။
"အရှင်မင်းကြီး ကိုယ်လုပ်တော်တွေကို ရာထူးအကြီးအကျယ် တိုးမပေးတာ ကြာပြီ၊ မနှစ်က လပြည့်နေ့တုန်းက လင်ရှီးဥယျာဉ်မှာတစ်သုတ် တိုးပေးခဲ့တယ်၊ ဒီနှစ် ပလိပ်ရောဂါ ပြီးခါစဆိုတော့ညီမတွေကို ရာထူးပိုတိုးပေးလိုက်ရင် ကောင်းမယ်၊ အားလုံးကံကောင်းခြင်းတွေ ရကြတာပေါ့" မိဖုရားခေါင်ကြီးက ပြုံးလျက် ပြောလိုက်သည်။
ရှူးဖေးက ကျန်းမျိုးရိုးကို တွန်းတင်ပေးခဲ့သလို သူမကလည်းကိုယ်လုပ်တော် အားလုံးကို တွန်းတင်ပေးလိုက်သည်။ သို့မှသာကျန်းမျိုးရိုးက ထင်ရှားမနေတော့မည် မဟုတ်လား။
"အင်း... မိဖုရားခေါင်ကြီး ပြောတာ အဓိပ္ပာယ်ရှိတယ်၊ တချို့ကိုယ်လုပ်တော်တွေက ကျန်းကို ပြုစုလာတာ နှစ်ပေါင်းများစွာကြာပြီဆိုတော့ နေရာရွှေ့ပေးသင့်တယ်" နင်ချန် သဘောတူလိုက်သည်။
အောက်ဘက်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ယဲ့ယွင်ဆီတွင်ခဏ ရပ်တန့်သွားသော်လည်း ပြန်လွှဲသွားသည်။
ခဏကြာမှ ပြောလိုက်သည်။ "လင်ကျယ်ယွီကို 'ရှို့ရုန်' အဖြစ်၊ ရှဝမ်ရုန်ကို 'မိန်ရန်' အဖြစ်၊ ချန်ဝမ်ရုန်ကို 'မိန်ရန်' အဖြစ် ရာထူးတိုးပေးလိုက်မယ်"
နာမည်ပါလာသူများသည် ဝမ်းသာသွားကြသည်။ အရေအတွက်မများသော်လည်း ရာထူးတိုးခြင်းသည် ကောင်းသောကိစ္စဖြစ်သောကြောင့်ပင်။
သို့သော် မင်ကျယ်ယွီ မပါသည်ကို လူတိုင်း အံ့ဩသွားကြသည်။သို့သော် နားလည်ပေး၍ ရပါသည်။ သူမ ထပ်ပြီး ရာထူးတိုးလျှင် ကိုးပါးသော 'ဖင်'အဆင့် ရောက်သွားတော့မည်။ သားသမီးမရှိနှင့် ဂုဏ်ထူးဆောင်တာမရှိပဲ ဤကဲ့သို့ရာထူးတိုးခြင်းသည် မြန်လွန်းနေသည်။
အားလုံးက ပြီးပြီဟု ထင်နေစဉ် နင်ချန်က ထပ်ပြောလိုက်သည်။
"ဒီနေ့ ယိကျယ်ယွီ ကိုယ်ဝန်ရှိတဲ့ကိစ္စကို မင်ကျယ်ယွီကဖော်ထုတ်ပေးလိုက်တာမို့ သတင်းကောင်း ပေးပို့သူအဖြစ်သတ်မှတ်လို့ရတော့ ကျန်း မင်းကို တစ်ခုခု ဆုချသင့်တယ်၊ ပြော... မင်း ဘာလိုချင်လဲ၊ အကုန် ပေးမယ်"
(T/N - နင်ချန်က မီတို့ကျဲကျဲကိုအလိုလိုက်လာပြီနော်)
ဤမျှ အလိုလိုက်သော လေသံဖြင့် သီးသန့် ပြောဆိုလိုက်သဖြင့်လူတိုင်း လှည့်ကြည့်သွားကြသည်။
ယဲ့ယွင်သည် ပွင့်ပွင့်လင်းလင်းပင် ပြုံးလျက် ထရပ်လိုက်သည်။"ဒီချန်းချဲ့က ဒီအတိုင်း ပြောလိုက်တာပါ၊ ဘယ်မှာ ကုသိုလ်ရှိလို့လဲ၊ ဒါပေမဲ့ အရှင်မင်းကြီးက ကတိပေးလာတာ ရှားပါးတော့ ဒီချန်းချဲ့ ဆုတစ်ခု တောင်းပါရစေ"
ပြောပြီးသည်နှင့် ခေတ္တမျှ ရပ်တန့်ကာ ဘေးဘက်သို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ ဆက်ပြောသည်။
"ဒီချန်းချဲ့ရဲ့ စိတ်နေစိတ်ထားက ဘယ်သူနဲ့မှ သိပ်ပြီး အဆင်မပြေတတ်ပါဘူး၊ ဒီချန်းချဲ့နဲ့အတူ နန်းတွင်းဝင်လာတဲ့ ကျိုးပေါင်လင်နဲ့တော့ အဆင်ပြေပါတယ်၊ အရှင်မင်းကြီးက ကိုယ်လုပ်တော်တွေကို ရာထူးတိုးပေးနေမှတော့ သူ့ကိုလည်း ရာထူးတိုးပေးလိုက်ပါလား၊ နန်းတော်ထဲရောက်တာ တစ်နှစ်လောက် ရှိပြီလေ"
ရုတ်တရက် နာမည်အခေါ်ခံရသော ကျိုးမျိုးရိုး ကြောင်သွားပြီးသတိဝင်လာသည်နှင့် အလျင်အမြန် ထရပ်လိုက်သည်။
"မင်ကျယ်ယွီရဲ့ မေတ္တာအတွက် ကျေးဇူးတင်ပါတယ်၊ ဒီချန်းချဲ့တကယ် မထိုက်တန်ပါဘူး"
"မင်ကျယ်ယွီက မင်းကို ကောင်းတယ်လို့ ပြောမှတော့ တကယ်ကောင်းမှာပါ၊ ဒါဆိုရင် 'ချိုက်ရန်' အဖြစ် တိုးပေးလိုက်မယ်" နင်ချန်သည် ဤရာထူးလေးကို ဂရုမစိုက်သဖြင့် လက်ဝှေ့ယမ်းကာသဘောတူလိုက်သည်။ "မင်ကျယ်ယွီက မင်းကို အလေးထားတော့ မင်းလည်း နောက်နောင် သူ့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်၊ စိတ်ပျက်အောင် မလုပ်နဲ့"
ကျိုးချိုက်ရန် စိတ်လှုပ်ရှားစွာ ဂါရဝပြုလိုက်သည်။"အရှင်မင်းကြီးရဲ့ ဆုံးမစကားကို ဒီချန်းချဲ့ လိုက်နာပါ့မယ်"
ဒီအဖြစ်အပျက်ကို ဘယ်သူမဆို နားလည်ကြသည်။ ကျိုးမျိုးရိုးသည် ယဲ့ယွင်ကြောင့် ရာထူးတိုးခြင်း ဖြစ်ပြီး နန်းတွင်းထဲတွင်ကျိုးမျိုးရိုးသည် ယဲ့ယွင်ဘက်တော်သား ဖြစ်ကြောင်း ကြေညာလိုက်သလို ဖြစ်သွားသည်။
တချို့က ယဲ့ယွင်သည် အချစ်တော်နေရာ ခိုင်မြဲအောင် ကျိုးမျိုးရိုးကို ဆွဲခေါ်သည်ဟု ထင်ကြသော်လည်း ယဲ့ယွင်ကမူ ထိုသို့မတွေးပေ။
သူမသည် အချစ်တော်ဖြစ်ရဖို့အတွက် ဘယ်သူ့ကိုမှ မလိုအပ်ပေ။ ဒါပေမဲ့ မဟာမိတ် လိုအပ်သည်။
ကျိုးမျိုးရိုး သူမအပေါ် သစ္စာရှိကြောင်း ပြသသည်မှာ ကြာပြီဖြစ်၍ လက်တွေ့ကျသော အကျိုးခံစားခွင့် အချို့ ပေးသင့်သည်။ သို့မဟုတ်လျှင် သူများတွေ သူမနောက် ဘာလုပ်ဖို့ လိုက်ကြမှာလဲ။
ပြီးတော့ နင်ချန် သေချာပေါက် သဘောတူမည်ကို သူမ သိသည်။ ကိစ္စကြီး မဟုတ်ဘူးလေ။ မျက်နှာသာ ပေးလိုက်တာဘယ်လောက် ကောင်းလဲ။
"မင်း သူများအတွက်ပဲ တောင်းဆိုနေတာ၊ ကိုယ့်အတွက် လိုချင်တာ တစ်ခုမှ မရှိဘူးလား"
နင်ချန်၏ အသံက သူမ၏ အတွေးများကို ပြန်ဆွဲခေါ်လိုက်သည်။
မော့ကြည့်လိုက်ရာ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ချောမောခန့်ညားသည့် အမျိုးသားသည် ဖီးနစ်မျက်ဝန်းများဖြင့် သူမကိုပြုံးလျက် ကြည့်နေသည်။
တကယ့် ဘေးအန္တရာယ်ပါပဲ။
ယဲ့ယွင် စိတ်ထဲတွင် ကျိန်ဆဲလိုက်သော်လည်း မျက်နှာတွင်မူလိမ္မာသော ပုံစံဖြင့် မတ်တတ်ထရပ်ကာ ဖွဖွလေး ဦးညွှတ်လိုက်သည်။ "ကျေးဇူးတော်တွေက အရှင်မင်းကြီး ပေးသနားတာပါ၊ ဒီချန်းချဲ့က လက်ခံရုံပါပဲ၊ အရှင်မင်းကြီးက ဒီချန်းချဲ့အပေါ်ကောင်းတော့ တကယ်ပဲ လိုချင်တာ မရှိတော့ပါဘူး၊ တကယ်လိုချင်တာ ရှိတယ်ဆိုရင် အရှင်မင်းကြီး ကျန်းမာပါစေ၊ အသက်ရှည်ပါစေလို့ပဲ ထပ်ပြီး ဆုတောင်းပါရစေ၊ ဒါဆိုရင် ဒီချန်းချဲ့ကျေနပ်ပါပြီ"
"ဟားဟားဟား... မိဖုရားခေါင်ကြီး ကြည့်စမ်း၊ သူက နဂိုကတည်းက ပါးစပ်ချိုပြီး စကားပြော အတတ်ဆုံးပဲ" နင်ချန်ရွှင်လန်းစွာ ရယ်မောလိုက်ပြီး မျက်ဝန်းများ ပိုမို တောက်ပလာသည်။
ယဲ့ယွင် ဟန်ဆောင်နေမှန်း သိသော်လည်း စကားပြော ကောင်းသည်မှာ အမှန်ပင်။
မိဖုရားခေါင်ကြီးလည်း ပြုံးလိုက်သည်။ သူမကို ထောက်ခံပေးစေချင်မှန်း သိသဖြင့် လိမ္မာပါးနပ်စွာ စကားဆက်လိုက်သည်။
"ဒီချန်းချဲ့လည်း အဲဒီလိုပဲ ထင်ပါတယ်၊ မင်ကျယ်ယွီက သစ္စာရှိတဲ့ မျိုးရိုးက ဆင်းသက်လာသူမို့ စိတ်ရောကိုယ်ပါအရှင်မင်းကြီးအတွက်ပဲ ကြည့်နေတာပါ"
"အင်း... မိဖုရားခေါင်ကြီးတောင် မင်းကို ဒီလိုချီးကျူးမှတော့ရှားပါးတာပေါ့၊ သစ္စာရှိတဲ့ မျိုးရိုးအကြောင်း ပြောရရင် ကျန်းသတိရသွားပြီ၊ ဒီတစ်ခေါက် ပလိပ်ရောဂါမှာ ယဲ့ကတော်နဲ့ ချူမိသားစုက ငွေကြေးနဲ့ လုပ်အား မနည်းမနော လှူဒါန်းခဲ့ကြတယ်၊အစိုးရရဲ့ အရေးပေါ် လိုအပ်ချက်တွေကို ဖြေရှင်းပေးခဲ့တယ်၊ဗိုလ်ချုပ်ကြီးယဲ့က သစ္စာရှိပြီး ရဲရင့်တယ်၊ နိုင်ငံအတွက် အသက်ပေးခဲ့တယ်၊ ယဲ့ကတော်လည်း သဘောထားကြီးပြီး ကြင်နာတတ်တယ်၊ ချူမိသားစုကလည်း ဆွေမျိုးတော်စပ်သူ အနေနဲ့ရက်ရက်ရောရော လှူဒါန်းခဲ့တယ်"
နင်ချန် အလိုက်သင့်ပင် ချီးကျူးလိုက်သည်။ ယဲ့ယွင်ကိုချီးကျူးခြင်း မဟုတ်ဘဲ ယဲ့မိသားစုနှင့် ချူမိသားစုကို ချီးကျူးခြင်း ဖြစ်သည်။
လူတိုင်း စဉ်းစားခန်း ဝင်သွားကြသည်။ ယဲ့ကတော်အကြောင်းပြောရလျှင် မိန်းမသား တစ်ယောက်ဖြစ်ပြီး အဆင့်တစ် ကတော်ဘွဲ့ ရထားပြီးပြီ။ ယဲ့ရှောင်ကျွင်း လည်း နယ်စားမင်း ဖြစ်နေပြီ။ ဒီသားအမိနှစ်ယောက်က ဆုချစရာ မရှိတော့ဘူး။ ဒါပေမဲ့ ချူမိသားစုကတော့ ဘာမှ မရသေးဘူး။
ဒါ ချူမိသားစုကို ဆုချတော့မလို့လား။
ထိုအချိန်တွင် အောက်ဘက်ရှိ အမတ်များထဲမှ ဝန်ထမ်းရေးရာဌာန ဝန်ကြီး ရှုကျန်းပိုင်က စကားစလိုက်သည်။
"အရှင်မင်းကြီး... အခုအချိန် နန်းတွင်းမှာ တော်ဝင်ကုန်သည်ကိစ္စကို ဆွေးနွေးနေကြပါတယ်၊ ကျွန်တော်မျိုး အထင်တော့ ချူမိသားစုက တစ်အချက်အနေနဲ့ နှစ်ပေါင်းတစ်ရာ သက်တမ်းရှိတဲ့မိသားစုဖြစ်ပြီး စီးပွားရေး လုပ်ငန်းအတွေ့အကြုံနဲ့ အခြေခံခိုင်မာပါတယ်၊ နှစ်အချက်အနေနဲ့ ချူမိသားစုက ကမ္ဘာလောကကြီးကို စာနာတတ်ပြီး သဘောထားကြီးစွာ စီးပွားရှာပါတယ်၊ တကယ့်ကို တော်ဝင်ကုန်သည် ဖြစ်ဖို့ အသင့်တော်ဆုံးပါပဲ"
သူ စတင်လိုက်သည်နှင့် ပညာရှင်ဟယ် ကလည်း သဘောထားထုတ်ဖော်လိုက်သည်။ တဖြည်းဖြည်းနှင့် အခြားသူများလည်းခေါင်းညိတ် ထောက်ခံလာကြသည်။
နယ်စားမင်းသည် အမတ်များ၏ ထိပ်ဆုံးနေရာတွင် ထိုင်နေပြီးမျက်လုံးအရောင်များ မှောင်မိုက်နေသည်။
ဧကရာဇ်၏ ဦးလေးအရင်း ဖြစ်သည့်တိုင် ဘေးလူများကဝိုင်းဝန်း ထောက်ခံနေကြသဖြင့် သူ ဘာမှမပြောဘဲ နေ၍ မဖြစ်ပေ။
အရင်တုန်းကဆိုလျှင် အောက်လက်ငယ်သားများကို ကန့်ကွက်ခိုင်းလိုက်ရုံပင်။ သို့သော် ဒီတစ်ခေါက် ချူမိသားစုက တကယ်ပဲအလုပ်လုပ်ပြခဲ့သည်။ ပြည်သူများနှင့် အမတ်များက မြင်တွေ့ခဲ့ရပြီး ထောက်ခံသည့် အသံများ မနည်းလှပေ။ တကယ်လို့အတင်းအကျပ် ကန့်ကွက်လိုက်လျှင် ပြောစရာ ဖြစ်လိမ့်မည်။
ဒီတစ်ခေါက် သူ ဘယ်လောက်ပဲ မလိုလားပါစေ ထောက်ခံရတော့မည်။
ဝိုင်တစ်ခွက် သောက်ပြီးနောက် ဝင်ပြောလိုက်သည်။ "ကျွန်တော်မျိုးလည်း ချူမိသားစုကို တော်ဝင်ကုန်သည်အဖြစ် ရွေးချယ်တာ အလွန် သင့်တော်တယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ တော်ဝင်ကုန်သည်ဆိုတာ တစ်ဦးတည်း ရှိလို့ မကောင်းပါဘူး၊ အသစ်ဖွဲ့စည်းတာ ဖြစ်တဲ့အတွက် ကိစ္စအများစုကို စမ်းသပ်လုပ်ဆောင်ရမှာပါ၊ ချူမိသားစု တစ်ဦးတည်းဆိုရင် အားနည်းချက် အားသာချက်တွေကို နှိုင်းယှဉ်စစ်ဆေးဖို့ မလွယ်ပါဘူး၊ နောက်ထပ် တစ်ဦးနှစ်ဦးလောက် ထပ်ရွေးပြီး အတူတူ အကောင်အထည်ဖော်ရင်အကောင်းဆုံး စီမံခန့်ခွဲမှု နည်းလမ်းကို ရှာဖွေနိုင်မှာပါ"
တစ်လှမ်းဆုတ်ပေးလို့ ရပေမယ့် အကျိုးအမြတ် လုံးဝ မရဘဲတော့ မနေနိုင်ဘူး။
နယ်စားမင်းသည် သူ့မျက်စိအောက်တွင် ဘယ်သူ့ကိုမှ ကြီးပွားခွင့် ပေးမည် မဟုတ်ပေ။
ချူမိသားစုက ထိုစဉ်က ချန်မိသားစု ကမ်းလှမ်းခဲ့သော သံလွင်ခက်ကို ငြင်းပယ်ခဲ့သဖြင့် ချူမိသားစုကို ကောင်းကောင်း ဖွံ့ဖြိုးတိုးတက်ခွင့် မပေးတာ သူ့ကို အပြစ်မတင်နဲ့။
နောက်ထပ် ကုန်သည် အိမ်တော် အနည်းငယ်ကို ထပ်ဆွဲထည့်လိုက်မယ်၊ ပြိုင်ဆိုင်မှုရှိရင် ပိုကောင်းတာပေါ့။
နင်ချန် မျက်လုံးများ မှောင်မိုက်သွားသည်။ နယ်စားမင်းက တစ်လှမ်းဆုတ်ပြီး ရှေ့ဆက်တိုးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူသာ သဘောတူလိုက်လျှင် တော်ဝင်ကုန်သည်များထဲမှအနည်းဆုံး တစ်ဝက်သည် ချန်မိသားစု၏ အင်အားစုများ ဖြစ်သွားလိမ့်မည်။ တကယ်လို့ သဘောမတူဘူးဆိုရင် သူ့မှာအင်အားစု တစ်ဝက်တောင် ရှိတော့မည် မဟုတ်ပေ။
ဧကရာဇ်ကို ဒီလို အကျပ်ကိုင်ပြီး အကျိုးစီးပွား ခွဲဝေယူတာ ချန်မိသားစုက တကယ့် အမတ်ကောင်းတွေပဲ။
နင်ချန် ရင်ထဲတွင် အေးစက်နေသော်လည်း အာဏာတစ်ဝက်ကိုချုပ်ကိုင်ထားသော နယ်စားမင်းကို ရင်ဆိုင်ရန် နည်းလမ်းမရှိပေ။
သူသည် ငယ်ရွယ်စဉ်ကပင် နန်းတက်ခဲ့ရသည်။ ချန်မိသားစုသည် အခြေခံအုတ်မြစ် ခိုင်မာသော အထက်တန်းလွှာများ ဖြစ်ပြီး သူ့ကို ကူညီပံ့ပိုးပေးနေစဉ် ကာလအတွင်း အလွန်အမင်းဖွံ့ဖြိုးတိုးတက်လာခဲ့ရာ သူ တစ်မုဟုတ်ချင်း ထိန်းချုပ်နိုင်သည့်အခြေအနေ မဟုတ်တော့ပေ။
"ဦးလေး တွေးတာ ပိုပြည့်စုံပါတယ်၊ ဒါဆိုရင် ခဏလောက် ဒီအတိုင်း သတ်မှတ်လိုက်ကြတာပေါ့၊ ချူမိသားစုအပြင်နောက်ထပ် ကုန်သည်တစ်ဦးကို ရွေးချယ်ပြီး တော်ဝင်ကုန်သည်အဖြစ် ပူးတွဲ ခန့်အပ်လိုက်မယ်၊ အသေးစိတ်ကို ညီလာခံကျမှဆွေးနွေးကြတာပေါ့"
"အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားလှပါတယ်" နယ်စားမင်းက ရိုသေစွာ လက်ယှက်လိုက်သည်။
ချူမိသားစုနှင့် ပတ်သက်နေသဖြင့် ယဲ့ယွင်လည်း ထရပ်ပြီးကျေးဇူးတင်စကား ပြောလိုက်သည်။
နန်းတွင်းရေးရာများ ပါဝင်လာသဖြင့် စားပွဲဝိုင်းသည် သိပ်ပြီးသန့်ရှင်းစင်ကြယ်ခြင်း မရှိတော့ပေ။ လူတိုင်း၏ စိတ်ဝင်စားမှုလည်း လျော့ပါးသွားသည်။
အဓိကကတော့ အရှင်မင်းကြီး စိတ်အခြေအနေ သိပ်မကောင်းသလို ဖြစ်နေတော့ ဘယ်သူမှ မလှုပ်ရှားရဲကြတော့ပေ။
နောက်ဆုံးတွင် အချိန်မကျသေးခင် မယ်တော်ကြီးက ပင်ပန်းပြီဟု ဦးစွာ ပြောလာသဖြင့် နင်ချန်သည် မယ်တော်ကြီးကို နန်းဆောင်သို့ ပြန်ပို့မည်ဟု အကြောင်းပြကာ ထွက်ခွာသွားလေသည်။
သူ ထွက်သွားသောအခါ စားပွဲဝိုင်းသည် ပို၍ အသက်မဝင်တော့ဘဲ တစ်နာရီ မပြည့်ခင်မှာပင် အားလုံး လူစုခွဲလိုက်ကြတော့သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-130
အခန်း ၁၃၀ ။ ဥစ္စာဓန ရှာဖွေခြင်း
ညစာစားပွဲတော် ပြီးဆုံးသွားသောအခါ ယဲ့ယွင်သည် ထုံးစံအတိုင်း စားဖိုဆောင်သို့ လူလွှတ်၍ အစားအစာ မှာယူလေသည်။
လုပ်ရကိုင်ရ ခက်ခဲသော အစားအစာများကို မမှာယူဘဲကြက်သားမျှင် ခေါက်ဆွဲတစ်ပန်းကန်နှင့် နှမ်းကပ်မုန့်အနည်းငယ်ကိုသာ မှာယူလိုက်၏။
စားဖိုဆောင်မှ အထူးတလည် လာရောက်ပို့ဆောင်ပေးပြီးအရသာရှိသော အမြည်းဟင်းပွဲလေးပွဲကိုပါ ထပ်ဆောင်းပေးလိုက်သဖြင့် ဂရုစိုက်မှု ရှိလှပေသည်။
"ကျယ်ယွီ... များများမစားနဲ့နော်၊ စားပြီးတာနဲ့ အိပ်လိုက်ရင်အစာမကြေဘဲ နေလိမ့်မယ်" ဟွေယွဲ့က ဂရုတစိုက် သတိပေးလိုက်သည်။
ယဲ့ယွင် ခေါင်းညိတ်လိုက်ပြီး၊ "ငါ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ပဲဝအောင် စားမှာပါ၊ စားပွဲမှာတုန်းက နေရထိုင်ရတာ မလွတ်လပ်တော့ သစ်သီးဝိုင် နည်းနည်းပဲ သောက်ခဲ့ရတာ"
နန်ကျစ်သည် သူမအတွက် အိပ်ရာပြင်ဆင်ပေးနေရင်း အပြင်သို့ထွက်လာကာ ကိစ္စတစ်ခုကို ပြောပြလေသည်။
"ကျွန်မ ဒီနေ့ ဗိုက်သိပ်မကောင်းလို့ ဆေးသွားယူတုန်း တိုင်းရင်းဆေးပညာဌာနမှာ စွန်းရှိုးယီရဲ့ အပျိုတော် တန်းရော့ နဲ့ တွေ့ခဲ့တယ်၊ အမာရွတ်ပျောက်ဆေး လာတောင်းတာ၊ ဆေးခန်းက မပေးလိုက်ဘူး၊ အဲဒါနဲ့ သူ ဒေါသထွက်ပြီး ပြန်သွားရော"
"စွန်းရှိုးယီ...?" ယဲ့ယွင် လက်တစ်ချက် ရပ်တန့်သွားသည်။ "ပြောရရင် သူ့ကို မတွေ့တာတောင် ကြာပြီပဲ၊ ပလိပ်ရောဂါက သူ့အသက်ကို မနှုတ်ယူသွားပေမဲ့ မျက်နှာမှာ အမာရွတ် ကျန်ရစ်ခဲ့တာက သေတာထက် ပိုခံရခက်မှာပဲ"
နန်းတွင်းမှ အမျိုးသမီးများအတွက် ရုပ်ရည်သည် အလွန်အရေးကြီးသော အရာတစ်ခု ဖြစ်သည်။
သို့သော် ယဲ့ယွင်သည် ရေရွတ်လိုက်ရုံသာ ရှိပြီး လုံးဝ သနားမိခြင်း မရှိပေ။
မည်သို့ပင်ဆိုစေကာမူ စွန်းမိသားစုဝင်သည် ရှမိန်ရန် အပေါ် ဘာလုပ်ခဲ့သည်ကို နန်းတွင်းသူများ အားလုံး သိနေကြသော်လည်းထုတ်မပြောကြခြင်းသာ ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် စွန်းမိသားစုဝင်သည် လူကောင်းမဟုတ်သဖြင့် ဤသည်မှာ ဝဋ်လည်ခြင်းဟုသာ ဆိုရပေမည်။
"ကျွန်မတို့ သူ့ကို သနားနေစရာ မလိုပါဘူး၊ အရင်တုန်းက ကျယ်ယွီကို သူဘယ်လောက်တောင် ဒုက္ခပေးခဲ့လဲ၊ အခုတော့ ဝဋ်လည်တာပဲ" ဟွေယွဲ့က ပြောလိုက်သည်။
သူမကဲ့သို့ စိတ်သဘောထား နူးညံ့သူပင်လျှင် ဤမျှ ဒေါသထွက်နေရသည်။
ယဲ့ယွင် ပြုံးလိုက်ပြီး၊ "ကိုယ့်ကိစ္စ မဟုတ်ရင် ဝင်မပါတာအကောင်းဆုံးပါပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ဘာသာ နေရထိုင်ရသက်သာရင် ပြီးတာပဲ၊ ရေချိုးဖို့ ပြင်လိုက်ပါဦး၊ ငါ အိပ်ချင်နေပြီ"
"ဟုတ်ကဲ့ပါ၊ ကျွန်မ သွားစီစဉ်လိုက်ပါ့မယ်" ဟွေယွဲ့က ပြုံးရွှင်စွာဖြင့် ထွက်သွားလေသည်။
ယဲ့ယွင်က ကိုယ့်ကိစ္စ မဟုတ်လျှင် ခေါင်းထဲမထည့်ဘဲ နေနိုင်သော်လည်း တချို့လူများကမူ အမြဲတမ်း တနုံ့နုံ့ တွေးတောနေတတ်ကြသည်။
……
ဝေ့ရွယ်နန်းဆောင်၌ ယောင်ရှန်းသည် ညစာစားပွဲတော်မှ ပြန်ရောက်ကတည်းက မျက်နှာ မကောင်းလှပေ။
ယနေ့ အရှင်မင်းကြီး ပြောကြားခဲ့သော တော်ဝင်ကုန်သည် ဆိုသည့်အရာသည် ယခင်ဘဝက မရှိခဲ့ဖူးသော အရာတစ်ခုဖြစ်သည်။ ချူမိသားစုနှင့် နန်းတွင်း ဆက်နွယ်နေခြင်း၊ ကျိုးမျိုးရိုး ကိစ္စ စသည်တို့သည် ယခင်ဘဝက ကျိုးမျိုးရိုးသည်အမြဲတမ်း အချစ်မခံခဲ့ရသလို ဆောင်းဦးရာသီပွဲတော်တွင်ရာထူးတိုးခြင်းလည်း မရှိခဲ့ပေ။
ယဲ့မျိုးရိုးသည် နန်းတော်ထဲမှအပြောင်းအလဲများကိုသာသက်ရောက်မှု ရှိမည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်းနိုင်ငံရေးကိစ္စများပါ ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤသည်မှာ သူမ မျှော်မှန်းထားသည်ထက် ကျော်လွန်နေပြီဖြစ်သည်။
"ရှို့ယွီ... စားပွဲမှာ ဘာမှ သိပ်မစားခဲ့ဘူး၊ စားဖိုဆောင်ကိုပူပူနွေးနွေးလေး တစ်ခုခု လုပ်ခိုင်းလိုက်ရမလား" ချီဝမ်ကတိုးတိုးလေး မေးလိုက်သည်။
ယောင်ရှန်း စိတ်အခြေအနေ မကောင်းသည်ကို မြင်သဖြင့် သူမမနှောင့်ယှက်ရဲပေ။
"ဘာစားရမှာလဲ... ယဲ့မျိုးရိုး ဒီလောက် အရှိန်အဝါ ကြီးနေတာ၊ငါက ဘယ်လိုလုပ် စားဝင်မှာလဲ" ယောင်ရှန်း စိတ်ပျက်လက်ပျက် အော်ငေါက်လိုက်သည်။
ချီဝမ် လန့်သွားပြီး ခေါင်းငုံ့ကာ၊ "ရှို့ယွီ စိတ်လျှော့ပါ၊ ကျွန်မကတုံးအလို့ ရှို့ယွီ စိတ်ညစ်အောင် လုပ်မိပါပြီ၊ ဒါပေမဲ့ ကျွန်မ ထင်တာက မင်ကျယ်ယွီမှာ ကိုယ်ဝန်မရှိသေးတော့ ယိကျယ်ယွီက ပိုပြီး ခြိမ်းခြောက်မှု ရှိမယ် ထင်ပါတယ်"
"နင် ဘာနားလည်လို့လဲ၊ ယဲ့မျိုးရိုးက ပါးစပ်ကနေ တစ်ခွန်းဟလိုက်ရုံနဲ့ အရှင်မင်းကြီးက ကျိုးမျိုးရိုးကို ရာထူးတိုးပေးတယ်၊သူက ဘာအဆင့်အတန်း ရှိလို့လဲ၊ ကျယ်ယွီ အဆင့်ပဲ ရှိသေးတာ၊ အဲဒါကို အရှင်မင်းကြီးက သူ့မျက်နှာကို ထောက်ထားပေးတယ်"
"အခု ချူမိသားစု အရှိန်အဝါ ရလာပြီ၊ အရှင်မင်းကြီးကလည်းလူလိုနေတဲ့အချိန်ဆိုတော့ ချူမိသားစုနဲ့ ယဲ့မိသားစု အချောင်ဝင်နှိုက်သလို မဖြစ်ဘူးလား၊ နင်ကြည့်လိုက်၊ အရှင်မင်းကြီးကဝူမျိုးရိုးဆီ ခဏခဏ သွားတယ်ဆိုပေမဲ့ တကယ်တမ်းတော့ ယဲ့မျိုးရိုးကိုမှ ပိုပြီး ဂရုစိုက်တာ"
တစ်ဘဝလုံး ဖြတ်သန်းခဲ့ဖူးသူ ဖြစ်သဖြင့် ယိကျယ်ယွီအပေါ်ထားရှိသော နင်ချန်၏ စိတ်သဘောထားကို ယောင်ရှန်းကောင်းကောင်း သိသည်။
ဝူမိသားစု အသုံးဝင်သောကြောင့်သာ ဝူမျိုးရိုး အချစ်တော်ဖြစ်ရခြင်း ဖြစ်သည်။
သို့သော် ယခု နင်ချန်က ယဲ့ယွင်ကို ကြည့်သော အကြည့်များမှာမတူညီတော့ပေ။
ထို့ပြင် ချူမိသားစုသည် ယဲ့ယွင်ဆိုသော မြေးမလေး ရှိသောကြောင့်သာ နန်းတွင်း၏ မျက်နှာသာပေးမှုကို ရရှိခြင်းဖြစ်သည်။ မိသားစုကြောင့် အချစ်ခံရခြင်းနှင့် အချစ်ခံရလို့မိသားစု နေရာရလာခြင်းတို့သည် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
"ဒါဆိုရင် ရှို့ယွီရဲ့ သဘောထားအရ ဒီ မင်ကျယ်ယွီကို အရှင်ထားလို့ မဖြစ်တော့ဘူးပေါ့" ကျီကျူး နှုတ်ခမ်းကို ကိုက်လိုက်သည်။
ထိုအကြောင်း ပြောလိုက်လျှင် ယောင်ရှန်း ပို၍ စိတ်ရှုပ်သွားရသည်။
"အစကတည်းက အရှင်မထားချင်ခဲ့တာ၊ ဒါပေမဲ့ ဒီလောက်ကြာတာတောင် သူက ကောင်းကောင်းမွန်မွန် ရှင်သန်နေပြီးရာထူးတိုး အချစ်တောင် ခံနေရသေးတယ်၊ နင်တို့ တစ်ယောက်ပြီး တစ်ယောက် ငါ့အမိန့်ကို နာခံဖို့ပဲ သိကြတယ်၊ ငါ့အတွက်ဦးနှောက်သုံးပြီး နည်းလမ်းရှာပေးဖို့ မစဉ်းစားကြဘူးလား"
သူမ သတ်ချင်စိတ် ပေါက်ကတည်းက တိတ်တဆိတ် စီစဉ်ခဲ့သည်မှာ နည်းပါးသည် မဟုတ်။ လုပ်ကြံမှု နှစ်ကြိမ်တိုင်တိုင် ယဲ့မျိုးရိုး၏ အသက်ကို မနှုတ်ယူနိုင်ခဲ့ပေ။ ဘုရားသခင်ကများကာကွယ်ပေးထားသလား။
သို့သော် ဘုရားသခင် ကာကွယ်ပေးထားလျှင်တောင် သူမလက်တွန့်နေမည် မဟုတ်ပေ။
"ရှို့ယွီ... ကျွန်မဆီမှာ နည်းလမ်းတစ်ခုတော့ ရှိတယ်၊ ဒါပေမဲ့အန္တရာယ် နည်းနည်း များတယ်" ချီဝမ် အကြိမ်ကြိမ် စဉ်းစားပြီးမှ သတိထားပြီး ပြောလိုက်သည်။
ယောင်ရှန်း မျက်ခွံလှုပ်သွားပြီး သူမကို အနားတိုးရန်လက်ယပ်ခေါ်ကာ နားနားကပ် ပြောခိုင်းလိုက်သည်။
နားထောင်ပြီးသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး၊ "ဒါပေမဲ့ဒုတိယအကြိမ် ထပ်လုပ်ရင် ခြေရာလက်ရာ ကျန်ခဲ့မှာ စိုးရိမ်ရတယ်၊ အလုပ်လုပ်ရင် အမြစ်ပြတ်အောင် သုတ်သင်နိုင်တဲ့ရာနှုန်းပြည့် ယုံကြည်မှု မရှိဘဲနဲ့ တစ်ခုတည်းသော နည်းလမ်းကိုနှစ်ခါပြန်သုံးရင် ဟာကွက်တွေ ပေါ်သွားပြီး အမိခံရလိမ့်မယ်"
"ဒါပေမဲ့ ကျွန်မတို့ သေချာ စီစဉ်လိုက်ရင် ပြီးခဲ့တဲ့အကြိမ်ကကိစ္စကိုပါ သူ့ခေါင်းပေါ် ပုံချလိုက်လို့ ရသွားနိုင်တယ်လေ၊ နှစ်ခါဆက်တိုက် ဖြစ်လာရင် အရှင်မင်းကြီးက သူ့ကို ကာကွယ်ပေးချင်ရင်တောင် မဖြစ်နိုင်တော့ဘူး" ချီဝမ်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
ကျီကျူးကလည်း ရှေ့သို့ တိုးလာပြီး၊ "ကျွန်မက တုံးအပါတယ်၊ရှို့ယွီ ဘာကြောင့် မင်ကျယ်ယွီကို ဒီလောက် အလေးထားလဲ ဆိုတာ မသိပေမဲ့ ရှို့ယွီ စိတ်အေးလက်အေး အိပ်စက်နိုင်ဖို့ဆိုရင်ကျွန်မ အစွမ်းကုန် ကြိုးစားပြီး ဒီဆူးငြောင့်ခလုတ်ကို ဖယ်ရှားပေးပါ့မယ်၊ ဒီကိစ္စကို ကျွန်မကို လွှဲလိုက်ပါ၊ ရှို့ယွီက ဘာမှ မသိသလိုသာ နေလိုက်ပါ၊ တကယ်လို့ အောင်မြင်ရင် အားလုံး ပျော်ရွှင်ရတာပေါ့၊ တကယ်လို့ တစ်ခုခု လွဲချော်သွားရင်လည်း ရှို့ယွီပါဝင်ပတ်သက်ခြင်း မရှိတဲ့အတွက် ကျွန်မကိုသာ လွှဲချလိုက်ပါ"
"ဒါပေမဲ့ နင်က ငါ့ရဲ့ အပါးတော်မြဲလေ၊ ငါတို့က ငယ်ငယ်ကတည်းက အတူကြီးပြင်းလာကြတာ၊ ငါ ဘယ်လိုလုပ်ရက်စက်နိုင်မှာလဲ၊ ဒီနည်းလမ်းကို ငါ ထပ်စဉ်းစားပါရစေဦး" ယောင်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။
သူမ အမြဲတမ်း သတိကြီးစွာ ထားတတ်ခြင်းမှာ ယခင်ဘဝကအကွက်ဟောင်းကို ထပ်သုံးမိ၍ အကြီးအကျယ် ခံလိုက်ရဖူးသောကြောင့် ဖြစ်သည်။ ဒီတစ်ဘဝတွင် ထိုသို့ ထပ်မဖြစ်ချင်တော့ပေ။
ထို့ပြင် သူမရှေ့မှ ချီဝမ်နှင့် ကျီကျူးတို့အတွက် သခင်နှင့်ကျွန်သံယောဇဉ်သည် ဆယ်စုနှစ်တစ်ခုကျော်သာ ရှိသေးသော်လည်းယောင်ရှန်းအတွက်မူ သူတို့သည် ဆယ်စုနှစ်ပေါင်းများစွာ အတူရှိခဲ့ကြသူများ ဖြစ်သည်။
ယောင်ရှန်းသည် သွေးအေးသော်လည်း ဘေးနားရှိ လူများအပေါ်တွင်မူ သံယောဇဉ် ရှိပေသည်။ သို့မဟုတ်လျှင် ဤအစေခံနှစ်ယောက်သည်လည်း ဤမျှ သစ္စာရှိကြမည် မဟုတ်ပေ။
"သခင်မလေး" ကျီကျူး ခေါ်လိုက်သည်။ "အခု လက်မဦးရင် ယဲ့မိသားစုရဲ့ ဆွေမျိုးတွေ အရှိန်အဝါ ကြီးလာပြီး ကိုယ်ဝန်ပါ ရသွားတဲ့အထိ စောင့်နေတော့မလို့လား၊ အရှင်မင်းကြီးက သူနဲ့အတူနေတာ ကြာလေလေ သံယောဇဉ် ပိုနက်ရှိုင်းလေလေဖြစ်လာမှာ၊ အခုအချိန်မှာ အသုံးပြုခဲ့တဲ့ လမ်းကြောင်းတွေကိုထိန်းချုပ်လို့ ရနိုင်သေးပေမဲ့ အချိန်ကြာလာရင် ပြောင်းလဲမှုတွေက ပိုများလာလိမ့်မယ်"
ချီဝမ်လည်း ဘေးနားသို့ ဝင်ရပ်လိုက်သည်။ အစေခံနှစ်ယောက်သည် သူမရှေ့တွင် မတ်တတ်ရပ်လျက် ပြတ်သားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
'သခင်မလေး' ဟူသော ခေါ်သံသည် ယောင်ရှန်း၏ စိတ်ကိုလှုပ်ရှားသွားစေသည်။ အိမ်ကို သတိရသွားစေသည်။ သူမသည်ယောင်မိသားစု၏ စည်းစိမ်ချမ်းသာနှင့် ဆက်နွယ်နေကြောင်း၊ယခင်ဘဝက ဤစည်းစိမ်အတွက် သူမ မည်မျှ ပေးဆပ်ခဲ့ရကြောင်းကို ပြန်သတိရသွားစေသည်။
ယခုဘဝတွင် သူမ ပြန်လည် မွေးဖွားလာခဲ့ပြီ။ ဤအခွင့်အရေးကို အသုံးချပြီး လမ်းမှားများကို ရှောင်ကွင်းနိုင်သော်လည်း ယဲ့ယွင် ဆိုသော ခြွင်းချက်တစ်ခုကြောင့် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်ကို သူမ မည်သို့ ကျေနပ်နိုင်ပါ့မလဲ။
ထိုအရာများကို တွေးတောမိပြီး ယောင်ရှန်း လက်ကိုင်ပုဝါကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ အတော်ကြာမှနောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေသည်။
အန္တရာယ် ရှိသည်ဆိုလျှင်လည်း အစေခံမလေးနှစ်ယောက်ကိုပဲလွှတ်ထားလိုက်လို့ မဖြစ်ပေ။ သေချာ စီစဉ်ပြီး စိတ်ချရအောင်လုပ်ရမည်။
…..
သူမ၏ ဤစိတ်ကူးများကို ဘေးလူများ မသိနိုင်သလို ယဲ့ယွင်လည်း လုံးဝ မသိရှိပေ။
ထို့ပြင် ယခုအချိန်တွင် ယဲ့ယွင်၏ စိတ်သည် နန်းတွင်း၌ မရှိဘဲနန်းတွင်းပြင်ပမှ ချူမိသားစုထံ စာရေးရန် စဉ်းစားနေသည်။
ယခု ချူမိသားစုသည် တော်ဝင်ကုန်သည် ဖြစ်လာပြီး စီးပွားရေးကြီးမားလာပြီဖြစ်ရာ မူလအရာများကိုသာ ဖက်တွယ်မနေဘဲအသစ်အဆန်းများ တီထွင်သင့်သည်။
အသစ်အဆန်း တီထွင်မှုနှင့် ပတ်သက်လာလျှင် သူမ၌ အားသာချက် များစွာ ရှိသဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်သည်။
ဒါပေမဲ့ အလကား ကူညီပေးမှာတော့ မဟုတ်ဘူး။ သူမ ဦးနှောက်သုံးပေးမယ်၊ ချူမိသားစုကို လုပ်ခိုင်းမယ်၊ ပိုက်ဆံရရင် သူမလည်း ဝေစုယူရမည်။
သူမ ပိုက်ဆံမလိုဘူး ဆိုပေမယ့် အကုန်လုံးက မိသားစုထောက်ပံ့ငွေတွေချည်းပဲ။ တကယ်လို့ မတော်တဆတစ်ခုခုဖြစ်ပြီး ဝင်ငွေပြတ်သွားရင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေထားတဲ့ ငွေရှိမှသာ ပိုပြီး စိတ်ချရမည်။
ငွေဆိုတဲ့ အရာက ဘယ်တော့မှ များတယ်လို့ မရှိဘူးလေ။
အခု သူမ အချစ်တော်ဖြစ်နေရတုန်းမှာတောင် စရိတ်စက မနည်းဘူး။ တကယ်လို့များ အချစ်တော် မခံရတော့ရင် ပိုက်ဆံသုံးရမယ့် နေရာတွေက ပိုများလာဦးမှာ။