← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 9 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 9 Ch. 135-136

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-135

အခန်း ၁၃၅ ။ ရာထူးချခြင်း

ယဲ့ယွင် အသက်ရှူသွင်းလိုက်ပြီး မတရား အလုပ်ခံထားရသကဲ့သို့ ပုံစံဖမ်းလိုက်သည်။

ခဏရပ်ပြီးမှ ပြောလိုက်သည်။

"ဒီချန်းချဲ့ ချီနင်နန်းဆောင်ကနေ ပြန်

ထွက်လာတုန်း မိုးရွာပြီးစမို့ရာသီဥတုကလည်း အေးနေလို့ ကျိုးချိုက်ရန်နဲ့အတူ လမ်းလျှောက်ပြန်လာခဲ့တာ။ ယွဲ့ရေကန်ဘေးက ကျောက်တောင်အတုနား ဖြတ်သွားတော့ စွန်းရှိုးယီက ရှမိန်ရန်ကို ဆူပူကြိမ်းမောင်းနေတာ တွေ့လိုက်ရပါတယ်။ ဘာမှမပြောဘဲ ပါးရိုက်လိုက်တာကိုလည်း မြင်လိုက်ရတယ်။ ဒီချန်းချဲ့က ဝင်မပါချင်လို့ ထွက်သွားမလို့ လုပ်ပေမဲ့ စွန်းရှိုးယီက ဒီချန်းချဲ့တို့ နှစ်ယောက်ကို မြင်သွားပြီး ဒေါသတွေ ဒီချန်းချဲ့တို့ဆီ လှည့်လာပါတယ်"

"ဒီပါးရိုက်ချက်က တကယ်တော့ ဒီချန်းချဲ့ရဲ့မျက်နှာကိုရိုက်ဖို့ လုပ်တာပါ။ ကျိုးချိုက်ရန်က ဝင်ခံလိုက်လို့သာ။ စွန်းရှိုးယီက လက်သည်းစွပ် စွပ်ထားတော့ အရှိန်နဲ့ ရိုက်လိုက်တဲ့အခါ အသားတောင်ပဲ့သွားခဲ့တယ်။ ဒီချန်းချဲ့လည်း ဒေါသထွက်လွန်းလို့ စွန်းရှိုးယီကို ပြန်ရိုက်လိုက်မိပါတယ်"

"ဒါပေမဲ့ တစ်ခုနဲ့တစ်ခု မဆိုင်ပါဘူး။ ကျိုးချိုက်ရန်က အကြောင်းမဲ့သက်သက် အပြစ်ပေးခံလိုက်ရတာပါ။ ရှမိန်ရန်ကိစ္စရဲ့အတွင်းရေးကိုတော့ ဒီချန်းချဲ့ သိပ်မသိပါဘူး။ ဒီချန်းချဲ့က စွန်းရှိုးယီကို ရိုက်ခဲ့တာ မှားပါတယ်။ ဒီချန်းချဲ့ အပြစ်ပေးခံဖို့ အဆင်သင့်ပါပဲ"

ထိုစကား ပြောပြီးသည်နှင့် ယဲ့ယွင် တုံဆိုင်းခြင်း မရှိဘဲ ဒူးထောက်လိုက်သည်။

သူမ ဒူးထောက်လိုက်သည်ကို မြင်သောအခါ ရှမိန်ရန်နှင့် ကျိုးချိုက်ရန်တို့ ကြောင်သွားပြီး လိုက်ဒူးထောက်ကြသည်။

ကျိုးမျိုးရိုးက တုံ့ပြန်မှု မြန်ဆန်ပြီး အလျင်အမြန် ပြောလိုက်သည်။ "အရှင်မင်းကြီး ခွင့်လွှတ်ပေးတော်မူပါ။ မင်ကျယ်ယွီက ဒီချန်းချဲ့အတွက်မို့ စိတ်လိုက်မာန်ပါ လုပ်မိတာပါ။ အရှင်မင်းကြီး အပြစ်ပေးချင်ရင် ဒီချန်းချဲ့ကိုပဲ ပေးပါ။ မင်ကျယ်ယွီက သူရဲကောင်းစိတ်ဓာတ်နဲ့ စေတနာသက်သက် ကူညီပေးတာပါ"

ခေါင်းငုံ့ထားသော ရှမိန်ရန်သည် ခေတ္တမျှတွေဝေနေပြီးနောက် ဝင်ပြောလိုက်သည်။

"အရှင်မင်းကြီး... ဒီနေ့ကိစ္စ အားလုံးက ဒီချန်းချဲ့ကြောင့် စဖြစ်တာပါ။ မင်ကျယ်ယွီနဲ့ ကျိုးချိုက်ရန်ကိုပါ ဆွဲထည့်မိသလို ဖြစ်သွားပါတယ်။ အရှင်မင်းကြီး ဒီချန်းချဲ့ကိုပဲ အပြစ်ပေးပါ"

နင်ချန်သည် ညီတူညီမျှ ဒူးထောက်နေကြသော ကိုယ်လုပ်တော်များကို ကြည့်လိုက်သည်။ အထူးသဖြင့် ရှေ့ဆုံးမှ ယဲ့ယွင်ကို ကြည့်ရင်း စိတ်ဆိုးရမလို ရယ်ရမလို ဖြစ်နေသည်။

ဒီမိန်းကလေးရဲ့သတ္တိက တကယ်ကိုသာမန်မဟုတ်ဘူး။ 'ရှိုးရီ' အဆင့်ရှိတဲ့ စွန်းမျိုးရိုးကို တစ်ချက်တည်းနဲ့ ရိုက်လိုက်တာ။ ဒါပေမဲ့ သူမက အပြစ်ဝန်ခံတာ မြန်တယ်၊ သဘောထားလည်း ကောင်းတယ်၊ တခြားလူနှစ်ယောက်ရဲ့နစ်နာမှုကိုပဲ တွန်းတင်ပေးလိုက်တော့ သူမကို ပြင်းပြင်းထန်ထန် အပြစ်ပေးလို့ မရအောင် ဖြစ်သွားတယ်။

သက်ပြင်းချလိုက်ပြီး နင်ချန် ထရပ်ကာ ယဲ့ယွင်ကို ကိုယ်တိုင် တွဲထူပေးလိုက်သည်။

"မင်းရဲ့ ဒီစိတ်ဓာတ်ကို ကျန်း ဘာပြောရမှန်းတောင် မသိတော့ဘူး။ စွန်းရှိုးယီက ကျိုးချိုက်ရန်ကို ရိုက်တာ စည်းကမ်းမရှိတာ မှန်ပေမဲ့ မင်းကလည်း သူ့ကို ပြန်မရိုက်သင့်ဘူးလေ။ သူက ဘာပဲဖြစ်ဖြစ် ရှိုးရီ လေ။ ကျန်း မင်းကို တံခါးပိတ်ပြီး တစ်လအပြစ်ဒဏ် ပေးလိုက်မယ်"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ဒီချန်းချဲ့ ကျေကျေနပ်နပ် ခံယူပါ့မယ်" ယဲ့ယွင် ဂါရဝပြုလိုက်သည်။

နင်ချန်က ကျိုးမျိုးရိုးကို လှည့်ကြည့်ပြီး၊ "မင်းရဲ့မျက်နှာဒဏ်ရာကို သမားတော် မြန်မြန် ပြလိုက်၊ ဆေးကောင်းကောင်းသုံးရင် အမာရွတ်ကျန်မှာမဟုတ်ဘူး"

ပြောပြီးသည်နှင့် ခဏရပ်ကာ ရှမျိုးရိုးကို ဆက်ကြည့်သည်။ "မင်းနဲ့ စွန်းရှိုးယီက ဘယ်လို ငြင်းခုံဖြစ်ကြတာလဲ"

"ရှမိန်ရန်က စိတ်သဘောထား အရမ်းကောင်းပါတယ်။ အကျပ်ရိုက်သွားလို့ နေမှာပါ" ယဲ့ယွင်က လေသံအေးအေးဖြင့် ဝင်ပြောလိုက်သည်။ "ယုန်တောင် အကျပ်ရိုက်ရင် ကိုက်တတ်သေးတာပဲ"

ဒီစကားက ရှမျိုးရိုးကို သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။ ဘယ်သူမဆို ဒေါသဆိုတာ ရှိသင့်ပေသည်။

ယဲ့ယွင်က ရာထူးကြီးသူကိုရိုက်ခဲ့တာမို့ သိပ်ပြီး အသာစီးမရဘူး။ ကျိုးမျိုးရိုးက ရာထူးမကြီးသလို အချစ်တော်လည်း မဟုတ်တော့ စွန်းရှိုးယီကို ဘာမှ မလုပ်နိုင်ဘူး။

ဒီနေ့ စွန်းမျိုးရိုးကို ပြင်းပြင်းထန်ထန် ကိုက်နိုင်မလားဆိုတာ ရှမိန်ရန်အပေါ် မူတည်နေသည်။

အမှန်တကယ်တော့ ရှမိန်ရန်သာမပါရင် ယဲ့ယွင် ဒီပြဿနာကို ရှင်းမှာ မဟုတ်ဘူး။ ရှင်းမှတော့ အရှုံးခံလို့ မဖြစ်ဘူးလေ။

ရှမျိုးရိုးကလည်း မတုံးပါဘူး။ ချက်ချင်း ဆိုလိုရင်းကို သဘောပေါက်လိုက်ပြီး မျက်လုံးများ နီရဲလာကာ ငိုချလိုက်သည်။

"အရှင်မင်းကြီး... ဒီချန်းချဲ့ ကလေး ဆုံးရှုံးလိုက်ရပါတယ်။ နောင်လည်း ကလေးမရနိုင်တော့ပါဘူး။ ဒီချန်းချဲ့ရဲ့စိတ်ထဲမှာ ဘယ်သူ့ထက်မဆို ခါးသီးနေရတာပါ။ ဒါပေမဲ့ စွန်းရှိုးယီက... သူက ဒီချန်းချဲ့ကို နိမ့်ကျတယ်၊ သေသင့်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီလောက် မတုံးသင့်ဘူး၊ သူများ ကြံစည်တာ ခံလိုက်ရတယ်တဲ့၊ တော်ဝင်သွေးသားကို မမွေးနိုင်ခဲ့ဘူးတဲ့၊ ပြီးတော့ ဒီချန်းချဲ့ရဲ့ ကလေးကလည်း အသက်တိုပြီး ကံမကောင်းဘူးတဲ့၊ လစေ့တာတောင် အသက်မရှင်နိုင်ဘူးတဲ့၊ အဲဒါကြောင့် သူ အခုလို လျစ်လျူရှုခံရပြီး ဒုက္ခရောက်နေရတာတဲ့"

"အရှင်မင်းကြီး... ဒီချန်းချဲ့ ကိုယ့်ကံကိုယ် သိပါတယ်။ အရှင်မင်းကြီး ဘေးနားမှာ ပြုစုခွင့်ရတာက အကြီးမားဆုံး ကံကောင်းခြင်းပါပဲ။ အရှင်မင်းကြီးအတွက် ကျန်းမာတဲ့ ရင်သွေးလေး မမွေးပေးနိုင်ခဲ့တာ ဒီချန်းချဲ့ရဲ့အပြစ်ပါ။ ဒါပေမဲ့ ကလေးက အပြစ်ကင်းပါတယ်"

"အဲဒီကလေးလေး မရှိတော့တာ သနားစရာ ကောင်းနေပါပြီ။ အခု စွန်းရှိုးယီက ဒီလို စော်ကားနေတော့ ဒီချန်းချဲ့က မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ် မနာကျင်ဘဲ နေနိုင်မှာလဲ၊ ဘယ်လိုလုပ် မငြင်းခုံဘဲ နေနိုင်မှာလဲ"

ရှမျိုးရိုး ပြောသည့်စကားများက လုပ်ဇာတ်မဟုတ်ပေ။ အနည်းငယ်အကျယ်ဝဝင့်ပြောထားသော်လည်း ရင်ထဲက အမုန်းတရားနဲ့ ဝမ်းနည်းပူဆွေးမှုတွေကတော့ အစစ်အမှန်ဖြစ်သည်။

ထို့ကြောင့် သူမ ဝမ်းနည်းပူဆွေးစွာငိုနေခဲ့ကာ တကယ့်ကို သဘာဝကျပြီး ယဲ့ယွင်ကိုတောင် မနေနိုင်အောင်ဖြစ်စေသည်။

ဘေးလူတွေတောင် ဒီလိုခံစားရရင် ကလေးရဲ့ဖခင်ဖြစ်တဲ့ နင်ချန်ဆိုရင် ပိုပြီးခံစားရမှာပေါ့။

ရှမိန်ရန်သည် အတည်ဝမ်းနည်းနေခဲ့သည်။ မီးတွင်းက ထွက်လာကတည်းက ခန္ဓာကိုယ် အားနည်းမှုက အရှင်းမပျောက်သေးသည့်အတွက် စိတ်လှုပ်ရှားမှုတွေပြင်းထန်လွန်းသဖြင့်ရုတ်တရက် မေ့လဲသွားခဲ့သည်။

အခြေအနေကချက်ချင်းပင် ရှုပ်ထွေးသွားပြီး သူမကို ယွင်ချီအဆောင်သို့ အမြန်ပြန်ပို့ကာ သမားတော် စေလွှတ်လိုက်ရသည်။

နင်ချန်သည် မယ်တော်ကြီးခြေထောက်ကျိုးသည့်ကိစ္စကြောင့် စိတ်ညစ်နေရသည့်အထဲ ကျိုးချိုက်ရန်၏ ဒဏ်ရာ၊ မေ့လဲသွားသော ရှမိန်ရန်နှင့် မတရားခံရသော ယဲ့ယွင်၊ ပြီးတော့ စွန်းမျိုးရိုး လုပ်ခဲ့သမျှ ကိစ္စရပ်များကို ဆက်စပ်တွေးမိလိုက်သောအခါ နောက်ဆုံးတွင် ဒေါသထွက်သွားသည်။

အမိန့်တော် တစ်စောင်ထုတ်ပြန်ပြီး စွန်းမျိုးရိုးအား ရာထူးချလိုက်သည်။

မူလစကားမှာ - စွန်းမျိုးရိုးသည် စွမ်းဆောင်မှုမရှိ သားသမီးမရှိသော်လည်း နှစ်ပေါင်းများစွာ သံယောဇဉ်ကို ထောက်ထား၍ 'ရှိုးရီ' အဖြစ် ခန့်အပ်ခဲ့သည်။ ယခုတွင်မူ ကိုယ်ကျင့်တရားနှင့် ရာထူး မလိုက်ဖက်သဖြင့် 'ရှိုးရုန်' အဖြစ် ရာထူးချလိုက်ပြီး သုံးလတိတိ တံခါးပိတ် စောင့်ကြည့်မည် ဟူ၍ဖြစ်သည်။

တကယ်တမ်းတွင် စွန်းမျိုးရိုးသာ မမိုက်မဲဘဲ ငြိမ်ငြိမ်နေခဲ့လျှင်နင်ချန်သည် အချိန်ကြာလာပါက သူမကိုပြန်ပြီး ရာထူးတိုးပေးရန် အစီအစဉ်ရှိပြီးသားဖြစ်သည်၊ အချစ်ခံရတာက အရင်ကလောက် မဟုတ်ရင်တောင်ပေါ့။

သူမက အနေအထိုင်မတတ်သည့်အပြင် ရှမိန်ရန်အပေါ် တိတ်တဆိတ် လုပ်ကြံခဲ့တဲ့ ကိစ္စများကိုနင်ချန် စုံစမ်းသိရှိထားပြီးသားဖြစ်ပေသည်။ စွန်းမျိုးရိုးအားတော်ဝင်

သွေးသားကို လုပ်ကြံမှုနှင့် ထိုအချိန်ကမသတ်ခဲ့ခြင်းသည် ငယ်သံယောဇဉ်ကိုထောက်ထားခြင်းဖြစ်သည်။

သို့သော် အခြေအနေကဒီအဆင့်ထိရောက်လာသောကြောင့် မိမိအနေဖြင့်စွန်းမျိုးရိုးအပေါ်သံယောဇဉ်ထောက်မနေတော့ပေ။

စွန်းမိသားစုက အဆင့်သုံး အရာရှိ ရာထူးရှိပြီး လက်ရှိအချိန်မှာ အသုံးဝင်နေသေး၍သာ မဟုတ်ပါက စွန်းရှိုးရုန်ဆိုတဲ့ ကိုးပါးသော 'ဖင်'အဆင့်ရဲ့ နောက်ဆုံး ရာထူးကိုတောင် ထိန်းထားနိုင်မည် မဟုတ်ပေ။

အဆိုပါကိစ္စသည် ကြီးကြီးမားမား ဖြစ်သွားခြင်းမရှိခဲ့ပေ။ မယ်တော်ကြီး နေမကောင်းဖြစ်နေသည့်အတွက် ဘယ်သူမှထိုကိစ္စကိုအကျယ်တဝင့်မလုပ်ကြပေ။

ရုတ်တရက် စွန်းရှိုးရုန်တစ်ယောက် ရာထူးကျသွားပြီး မင်ကျယ်ယွီတစ်လတာ အချုပ်ကျသွားခြင် အလွန်လန့်စရာကောင်းပေသည်။

မင်ကျယ်ယွီက အခုတလော ဧကရာဇ်လက်ဖဝါးပေါ်ကအချစ်တော်

ဖြစ်နေတာတောင် အပြစ်ပေးခံလိုက်ရတယ်။

......

လူတိုင်းက သက်ပြင်းချနေကြပေမယ့် ကာယကံရှင် ယဲ့ယွင်ကတော့ စိတ်အေးလက်အေး ရှိလှသည်။

ယွီရှို့အဆောင်ကို ပြန်ရောက်တာနဲ့ ကျိုးမျိုးရိုးဆီကို အကောင်းစား အမာရွတ်ပျောက်ဆေး ပို့ပေးလိုက်သည်။

ထိုဆေးမှာ အရင်တစ်ခေါက်ကျားစခ်မှာ ဒဏ်ရာရတုန်းက သုံးခဲ့တဲ့ဆေးဖြစ်သည်။ အဲဒီလောက်ရှည်တဲ့ ဓားဒဏ်ရာတောင် အခု အဖြူရောင် အစင်းရာလေးပဲ ကျန်တော့တာ၊ တကယ့် ဆေးကောင်းလို့ပြောရမှာပဲ။

သူမ ပို့ပေးရုံတင်မကဘဲ ဝမ်ရှိုးယွမ်ကလည်း ပစ္စည်းများပို့ပေးလိုက်ပေသည်။

ဤသည်မှာယဲ့ယွင်နဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်းဖြစ်ကြောင်း အတိအလင်း ပြသခြင်းဖြစ်သည်။

ဝမ်မျိုးရိုးက ကလေးမွေးပြီးဖင်အဆင့်ရထားသော်လည်း ယဲ့ယွင်နှင့်မိတ်ဆွေလုပ်ထားရသည့်အကြောင်းကို လူတစ်ချို့ကနားမလည်ကြပေ။ ဤသည်မှာ၎င်းတို့၏ပုဂ္ဂိုလ်ရေးရာအမြင်များသာဖြစ်သည်။

ဝမ်ရှိုးယွမ်သည် ယဲ့ယွင်သည် အလားအလာရှိသူဟု မြင်ကာ နောက်မှမိတ်ဆွေဖွဲ့ခြင်းထက် စောစောစီးစီး မိတ်ဖွဲ့ထားခြင်းသည်ပိုကောင်းသည်ဟု မှတ်ယူထားခြင်းဖြစ်သည်။

ယဲ့ယွင်သည် အခုလိုအချုပ်ကျသွားသဖြင့်ဖန်းရှိုးရီ၏စီမံကိန်းကို နောက်ဆုတ်လိုက်ရသည်။ ဤသို့ဖြင့်နောက်ထပ်တစ်လ ထပ်စောင့်လိုက်ရပြီး နောက်ဆုံးမှာတော့မထင်မှတ်ထားသည့် ကိစ္စဖြစ်လာခဲ့သည်။

ဤသည်မှာ နောက်ပိုင်းဖြစ်သည့် ကိစ္စများဖြစ်သည်။

လက်ရှိအချိန်တွင် ယဲ့ယွင်သည်လက်ဖက်ရည်သောက်ရင်း အေးအေးဆေးဆေး ပုံဆွဲနေခဲ့သည်။

ဟွေယွဲ့က ဘေးနားတွင် မင်သွေးပေးရင်း နောက်ဆုံးတွင် မနေနိုင်ဘဲ ပြောလိုက်သည်။

"ကျယ်ယွီက ဘာလို့ မလောရတာလဲ။ နောက်ရက်နည်းနည်းကြာရင် ချုံးယန်ပွဲတော် ရောက်တော့မှာ။ ကျယ်ယွီ အချုပ်ကျနေတော့ သွားလို့မရရင်ဘယ်လိုလုပ်မလဲ။ အချုပ်ကျတာက တစ်လတောင် ကြာမှာ။”

"အွန်း…ငါ ကိုယ့်ကိုယ်ကိုယ် အားလပ်ရက် ပေးလိုက်တာလေ။ မယ်တော်ကြီး နေမကောင်းဖြစ်နေတော့ ဘယ်အချိန် လူခေါ်ပြီး ပြုစုခိုင်းမလဲ မသိဘူး။ ငါက အခု ကျယ်ယွီ ဖြစ်နေပြီ။ နန်းတွင်း ရာထူးကြီးတဲ့သူနည်းတော့ ငါ့ကို ခေါ်သွားနိုင်တယ်။ ငါ မသွားချင်ဘူးလေ၊ အချုပ်ကျနေတော့ ဒုက္ခမခံရတော့ဘူးပေါ့"

"ပြီးတော့ မယ်တော်ကြီး ချော်လဲထားတော့ ချုံးယန်ပွဲတော်လည်း ကြီးကြီးကျယ်ကျယ် လုပ်လို့ မကောင်းတော့ဘူး။ သွားတာနဲ့ မသွားတာ အတူတူပါပဲ"

"ဟွေယွဲ့ရေ... ငါတို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမယ်။ အရက်မွှေးရင် လမ်းကြားလေး နက်နေလည်း မကြောက်ဘူးဆိုတာ မကြားဖူးဘူးလား။အချုပ်ကျနေလို့ အပြင်ထွက်မရပေမယ့် အရှင်မင်းကြီးက ငါ့ကို တကယ်သတိရရင် သူ့ဘာသာလာမှာပါ"

ဟွေယွဲ့ စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး 'တကယ်လို့ အရှင်မင်းကြီး မလာရင်ရော' ဟု တွေးလိုက်မိသည်။

သို့သော် ဤကဲ့သို့မင်္ဂလာမရှိသောစကားမျိုး မပြောရဲသဖြင့် အရှင်မင်းကြီး လာပါစေဟုသာ ဆုတောင်းနေလိုက်ရတော့သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-136

အခန်း ၁၃၆ ။ လူမမာပြုစုခြင်း

မယ်တော်ကြီးသည် ညအချိန်တွင် နိုးလာသည်။ သတင်းရသည်နှင့် နန်းဆောင်အသီးသီးမှ လူများသည် အချိန်မဆိုင်းဘဲ ရောက်ရှိလာကြရာ အခန်းပြည့်သွားလေသည်။

နင်ချန်သည် ကိုယ်တိုင်ဆေးတိုက်ပြီးမှ မေးမြန်းလိုက်သည်။ "မယ်တော် နေမကောင်းဖြစ်တာ ဘယ်လိုနေသေးလဲ။ သမားတော်က ပြောတယ်၊ ကောင်းကောင်း အနားယူရင် ရောဂါအမြစ်တွယ်ကျန်ခဲ့မှာ မဟုတ်ဘူးတဲ့။ မယ်တော် အရမ်း စိတ်မပူပါနဲ့"

"မယ်တော့်နန်းဆောင်က အစေခံတွေကို သားတော် အမိန့်မချသေးပါဘူး။ ဘယ်လိုအပြစ်ပေးမလဲဆိုတာ မယ်တော့်သဘောပါပဲ"

မယ်တော်ကြီးသည် လူကြီးဖြစ်သဖြင့် နင်ချန်အနေဖြင့် သူမကို ကျော်လွန်၍ ချီနင်နန်းဆောင်မှ အစေခံများကို တိုက်ရိုက်အပြစ်မပေးလိုပေ။ ဤသည်မှာ လေးစားမှုပြသခြင်းလည်းဖြစ်သည်။

"ဖုမားမား ပြောပြလို့ အိုက်ကျား အကုန်သိပြီးပါပြီ။ အပျင်းထူတဲ့ သန့်ရှင်းရေးအစေခံတွေကို ကြိမ်ဒဏ် အချက်သုံးဆယ် ရိုက်ပြီး နန်းတော်ထဲက နှင်ထုတ်လိုက်။ အခုက ချုံးယန်ပွဲတော် နီးနေပြီဆိုတော့ အကြီးအကျယ် အပြစ်မပေးချင်တော့ပါဘူး"

မယ်တော်ကြီးသည် ယခုအချိန်တွင် အသိစိတ်ကပ်နေသေးသည်။

အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် အရိုးခိုက်အောင် နာကျင်သွားသဖြင့် မျက်မှောင်ကြီး ကျုံ့ထားလိုက်မိသည်။

ရာသီဥတုက ပူအိုက်နေသည့်အပြင် အခန်းထဲတွင် လူများသဖြင့် လေဝင်လေထွက် မကောင်းဘဲ ဆေးနံ့များဖြင့် အခန်းတစ်ခုလုံး မွန်းကြပ်နေသဖြင့် အနံ့ဆိုးရွားလှသည်။

မိဖုရားခေါင်ကြီးသည် မယ်တော်ကြီး နေရထိုင်ရခက်နေသည်ကို သတိထားမိသဖြင့် အလျင်အမြန် စီစဉ်လိုက်သည်။

"မင်းတို့အားလုံး အပြင်ခန်းဆောင်မှာ သွားစောင့်နေကြ၊ ဒီမှာ လူစုနေတော့ ပူတယ်။ စုချင်... ထောင့်က ပြတင်းပေါက်ကို သွားဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင်လုပ်လိုက်"

အားလုံးက ဂါရဝပြုလိုက်ကြပြီး ထိုက်ဖေး အနည်းငယ်နှင့် ဧကရာဇ်၊ မိဖုရားခေါင်ကြီးတို့မှလွဲ၍ ကျန်သူများ အပြင်သို့ ထွက်သွားကြသည်။

ထိုက်ကွေ့ဖေးက မျက်ရည်သုတ်လျက်၊ "အစ်မတော်ရယ်... ဘယ်လိုလုပ် ချော်လဲသွားရတာလဲ၊ ကျွန်မ စိတ်ပူလွန်းလို့ ထမင်းတောင် မစားနိုင်ဘူး။ အခု အစ်မတော် နိုးလာပြီဆိုတော့မှ သက်သာရာ ရတော့တယ်။ ကျွန်မက ပုံမှန် အားနေတာဆိုတော့ ချီနင်နန်းဆောင်ကို လာပြီး ပြုစုပေးပါရစေ"

"မင်းလည်း အသက်မငယ်တော့ပါဘူး။ လူမမာပြုစုတဲ့ ကိစ္စကို ကလေးတွေကိုပဲ လုပ်ခိုင်းလိုက်ပါ။ မင်းပါ ပင်ပန်းပြီး နေမကောင်းဖြစ်သွားရင် အိုက်ကျား ပိုပြီး စိတ်မကောင်း ဖြစ်ရပါလိမ့်မယ်"

မယ်တော်ကြီးက သေချာပေါက် လက်ခံမည် မဟုတ်ပေ။

ထိုက်ကွေ့ဖေးကို နှိပ်စက်ချင်သော်လည်း နေမကောင်းဖြစ်နေချိန်တွင် စိတ်တိုလွယ်တတ်ပြီး ထိုက်ကွေ့ဖေးကို မြင်လိုက်ရသည်နှင့် အတိတ်ကအကြောင်းများကို ပြန်တွေးမိကာ ဒေါသထွက်နေရမည် ဖြစ်သောကြောင့် အဝေးသို့ မောင်းထုတ်လိုက်ခြင်းက ပိုကောင်းသည်။

"ကောင်းပါပြီလေ၊ ကလေးတွေ မိဘကို လုပ်ကျွေးပြုစုရမယ့် အချိန်ပဲဟာ" ထိုက်ကွေ့ဖေးက ရိုကျိုးစွာ ပြောလိုက်သည်။

မည်သို့ပင်ဖြစ်စေ ဟန်ဆောင်ရုံ သက်သက်သာ ဖြစ်သည်။ တစ်ယောက်ကလည်း စေတနာ မမှန်သလို၊ နောက်တစ်ယောက်ကလည်း လက်ခံမည် မဟုတ်ကြောင်း သိနေသည်။

နင်ချန်သည် ထိုဟန်ဆောင်စကားများကို ကြားရသောအခါ မျက်နှာထား တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "လူမမာပြုစုတဲ့ကိစ္စကို မိဖုရားခေါင်ကြီးပဲ စီစဉ်လိုက်ပါ။ အခု ရာထူးကြီးတဲ့သူ သိပ်မများတော့ ကျယ်ယွီ အဆင့်နဲ့အထက်ပဲလာကြပါစေ၊ ကျန်တဲ့လူတွေ မလိုပါဘူး"

"ဒီချန်းချဲ့ သိပါပြီ၊ ဒါဆို ချန်မိန်ရန်က..." မိဖုရားခေါင်ကြီးက မယ်တော်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး စကားစဖြတ်လိုက်သည်။

"ကျယ်ယွီ အဆင့်နဲ့အထက် လို့ ကျန်း ပြောပြီးပြီလေ"

"ဟုတ်ကဲ့ပါ"

နင်ချန် မျက်နှာမကောင်းသည်ကို မြင်သောအခါ မိဖုရားခေါင်ကြီး အလျင်အမြန် ခေါင်းငုံ့လိုက်သည်။

မယ်တော်ကြီးသည်လည်း ထိုအကြောင်း ပြောချင်နေသော်လည်း အခြေအနေကိုကြည့်ပြီး လက်လျော့လိုက်ရသည်။

အမှန်တကယ်တော့ နင်ချန်က ကြိုတင်ကာကွယ်နေခြင်းဖြစ်သည်။

ဒီတစ်ခေါက် ချန်မိန်ရန်ကိုသာ လာရောက်ပြုစုခိုင်းလိုက်လျှင် နောက်ဆုံး၌ မယ်တော်ကြီးက ပြုစုရကျိုးနပ်သည်ဟု အကြောင်းပြကာ ချန်မိသားစုဝင်ကို ရာထူးတိုးပေးရန် တောင်းဆိုလာနိုင်သည်။

လက်ရှိတွင် ချန်မိသားစုသည် အရှိန်အဝါ ကြီးမားနေသေးသဖြင့် ချန်မိန်ရန်၏ရာထူးကို သိပ်မမြင့်စေချင်သေးပေ။ ကိုယ်ဝန်မရှိသရွေ့ သူမသည် မိန်ရန်အဖြစ်သာ နှစ်

အနည်းငယ် ဆက်ထားဖို့ရည်ရွယ်ထားသည်။

နန်းတော်ထဲတွင် ချန်မိသားစုဝင် မယ်တော်ကြီးတစ်ယောက်ရှိရင် လုံလောက်ပြီဖြစ်သည်။ နင်ချန်အနေဖြင့် ချန်မိသားစုဝင်ရှိနောက်ထပ် ရာထူးကြီးကိုယ်လုပ်တော်တစ်ယောက်ကို မြှောက်စားပေးတော့မည် မဟုတ်ပေ။

သားအမိနှစ်ယောက်သည် ဒီနှစ်ပိုင်းအတွင်း စိမ်းသက်လာခဲ့ကြသည်။ အတူထိုင်ပြီး စကားနည်းနည်းပြောရုံနှင့် စကားပြတ်သွားကြသည်။

နောက်ဆုံးတွင် ဖုမားမားက မယ်တော်ကြီး အနားယူရန် လိုအပ်ကြောင်း ပြောကြားမှသာ ဧကရာဇ်နှင့် မိဖုရားတို့ ပြန်သွားကြတော့သည်။

"ဖုမားမား... အိုက်ကျား စိတ်ထဲမှာ ဧကရာဇ်က အိုက်ကျားမွေးထားတဲ့ သားအရင်းနဲ့ မတူတော့သလို ခံစားရတယ်။ အိုက်ကျားနဲ့ သူ့ကြားမှာ အမြဲတမ်း တစ်ခုခုခြားနေသလိုပဲ"

မယ်တော်ကြီးသည် ကုတင်ဇာပေါ်တွင် ထိုးထားသော ကြိုးကြာပုံကို မော့ကြည့်နေသည်။ ထိုဇာသည် လွန်ခဲ့သော နှစ်အနည်းငယ်က သူမမွေးနေ့တွင် နင်ချန်က စူးဟန်ပန်းထိုးပညာရှင်များကို အထူးတလည် ငှားရမ်းချုပ်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

"မယ်တော်ကြီးက အခုတလော အတွေးများနေလို့ပါ။ အရှင်မင်းကြီးက မယ်တော်ကြီးရဲ့ သားအရင်းပါပဲ။ ဒါပေမဲ့ ကလေးက အရွယ်ရောက်လာတော့ ကိုယ်ပိုင် အတွေးအမြင်တွေ ရှိလာတာမို့ မယ်တော်ကြီးက စိမ်းသက်တယ်လို့ ခံစားရတာပါ။ အခု မယ်တော်ကြီး ဘာမှမတွေးဘဲ အရင်ဆုံး ကျန်းမာအောင် နေပါဦး" ဖုမားမား သက်ပြင်းချလိုက်သည်။

သိပ်ပြီးလည်း မဖျောင်းဖျရဲပေ။ မယ်တော်ကြီး ယခုလို ခံစားချက်မျိုးရှိလာသည်ကပင် တော်တော် ကောင်းနေပြီ၊ အလောတကြီး လုပ်၍မရပေ။

မယ်တော်ကြီး စောစောစီးစီး အသိဉာဏ်ပွင့်လင်းလာပြီး ကိစ္စတိုင်းတွင် ချန်မိသားစုကို ဦးစားမပေးတော့ရန်သာ မျှော်လင့်ရသည်။ ထိုသို့ဆိုလျှင် အရှင်မင်းကြီးက မယ်တော်ကြီးကို အေးစက်စွာ ဆက်ဆံတော့မည် မဟုတ်ပေ။

......

တိုင်းပြည်၏မယ်တော် ဒဏ်ရာရခြင်းသည် ကိစ္စသေးသေးလေးမဟုတ်ပေ။ လာရောက်ပြုစုသူများတွင် နန်းတွင်း ကိုယ်လုပ်တော်များသာမက ဖိန်ဝမ်ဖေး၊ ခန်ဝမ်ဖေး၊ အိမ်ထောင်ကျပြီးသော မင်းသမီးကြီးနှင့် အိမ်ထောင်မကျသေးသော ဒုတိယမင်းသမီးတို့လည်း ပါဝင်ကြသည်။

နေ့ရောညပါ လူစောင့်လိုအပ်သဖြင့် တစ်နေ့လျှင် လူနှစ်ယောက် တာဝန်ယူရသည်။

နန်းတော်ပြင်ပမှ ဝမ်ဖေးနှစ်ပါးနှင့် မင်းသမီးကြီးတို့က နေ့ဘက်တွင် လာရောက်ကြမည်မှာ သေချာသည်။ ဒုတိယမင်းသမီးကမူ မင်းသမီးကြီးနှင့်အတူနေလိုကြောင်း တောင်းဆိုလာသဖြင့် အစ်မဖြစ်သူက နေ့ဘက်၊ သူမက ညဘက် စောင့်ရှောက်လေသည်။

ကျန်သော ကိုယ်လုပ်တော်များကိုမူ မိဖုရားခေါင်ကြီးက စီစဉ်ပေးသည်။

မူလက ဝမ်သယ့်ဖေးနှင့် ရှူးဖေးကို တစ်ရက်တည်းထားပြီး ရှူးဖေးကို နေ့ဘက်၊ ဝမ်သယ့်ဖေးကို ညဘက်ထားရန် ရည်ရွယ်ခဲ့သော်လည်း အရှင်မင်းကြီးက သားသမီးရှိသူများ ကလေးနှင့် မခွဲနိုင်သဖြင့် နေ့ဘက်တွင်သာထားရန် မှာကြားခဲ့သည်။

ထို့ကြောင့် မအောင်မြင်ခဲ့ပေ။

ကိုယ်ဝန်ရှိနေသော ယိကျယ်ယွီသည် လာရောက်ပြုစုရန် မလိုသလို ယဲ့ယွင်သည်လည်း အချုပ်ကျနေသဖြင့် ထွက်မရပေ။ နန်းတွင်းဝင်ကာစ အသုတ်ထဲတွင် ယောင်ရှန်း (ဖန်းရှို့ယီ) တစ်ယောက်တည်းသာ ပါဝင်တော့သည်။

မည်သို့ပင်ဆိုစေ ယဲ့ယွင်သည် ပင်ပန်းမှုဒဏ်မှ ကင်းဝေးသွားခဲ့သည်မှာ အမှန်ပင်။

ဥပမာ ယောင်ရှန်းဆိုလျှင် သူမသည် ညဘက်တာဝန်ကျပြီး လူမမာပြုစုရာတွင် အိပ်၍မရပေ။ မယ်တော်ကြီးသည် နာကျင်မှုကြောင့် ကောင်းကောင်း အိပ်မပျော်သဖြင့် သူမကို ဒုက္ခပေးလေသည်။

ခဏနေ ရေနွေးသောက်ချင်လိုက်၊ ခဏနေ ထထိုင်ချင်လိုက်၊ ခဏနေ တစ်ခုခုစားချင်လိုက်နှင့် နားချိန် လုံးဝ မရှိပေ။

ရက်အနည်းငယ်ခြားမှ တစ်ခါသွားရသော်လည်း ထိုမျှနှင့်ပင် လူကို အတော်ပင်ပန်းစေသည်။

ယောင်ရှန်း ဒေါသထွက်လွန်းသဖြင့် ထိုအဘွားကြီးကို ဆေးတစ်ခွက်တည်းနှင့် အဆိပ်ခတ် သတ်ပစ်ချင်စိတ် ပေါက်နေသည်။

မယ်တော်ကြီး နေမကောင်းဖြစ်နေသဖြင့် နန်းတော်တစ်ခုလုံး၏အာရုံစိုက်မှုသည် ချီနင်နန်းဆောင်တွင်ရှိနေကြရာ အခြားနေရာများကို သတိမထားမိကြပေ။

.......

ထိုအချိန်တွင် ဟန်လုဆောင်၌ စွန်းရှိုးရုန်သည် အရိုးအဆစ်များထဲမှစိမ့်ပြီး နာကျင်ကိုက်ခဲနေသည်ဟု ခံစားနေရသည်။

ယိချွမ်းက ရေနွေးတည်ပြီး ဒူးခေါင်းကို ကြပ်ထုပ်ထိုးပေးနေသည်။

"ဆောင်းဦးရာသီရောက်တော့ အအေးဓာတ်က ပိုများလာတယ်။ ရှိုးရုန်က ပလိပ်ရောဂါ ဖြစ်တုန်းကတည်းက ခန္ဓာကိုယ် ကောင်းကောင်းပြန်မကျန်းမာသေးဘူး။ ဒီရက်ပိုင်း မိုးရွာတော့ အအေးမိသွားတာ နေမှာပါ"

"သမားတော်ကို ဆေးစာရေးခိုင်းလိုက်။ နေရတာ ခက်လိုက်တာ" စွန်းမျိုးရိုး အလွန် စိတ်ညစ်နေသည်။

ဤအအေးဒဏ်သည် အတွင်းပိုင်းတွင် ကိန်းအောင်းနေသကဲ့သို့ ဖြစ်ပြီး နှိပ်နယ်ပေးလျှင်လည်း မသက်သာဘဲ ရေနွေးဝတ် ကပ်ထားမှသာ အနည်းငယ် သက်သာသည်။

စက်တင်ဘာလ အစောပိုင်းသာရှိသေးသော်လည်း သူမသည် မီးကင်ချင်သလို ခံစားနေရသည်။

ယိချွမ်းက ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင် စိုးရိမ်နေသည်။ ယခုအချိန်တွင် ဘယ်သမားတော်ကများ သူမတို့သခင်မကို စေတနာပါပါ ကုသပေးချင်ပါ့မလဲ။

စွန်းရှိုးရုန်ကိုယ်တိုင် နားမလည်သော်လည်း ယိချွမ်းကမူ ဤသည်မှာ လေးဘက်နာရောဂါ (အရိုးအဆစ်ရောင်ရောဂါ) ဖြစ်မှန်း သိနေသည်။

ဒီရောဂါဖြစ်လာပြီဆိုရင် ကုသဖို့ မလွယ်ကူတော့ဘူး။

အခု ရာသီဥတုပူနေသေးလို့ တော်သေးတယ်။ ဆောင်းဝင်လာပြီး စောင်ထူထူနဲ့ မီးသွေးလုံလုံလောက်လောက် မရှိပါကအသက်အန္တရာယ် ရှိနိုင်ပေသည်။

သို့သော်လည်း စွန်းမျိုးရိုးသည် ယခင်က အချစ်တော်ဖြစ်ခဲ့ပြီး မိသားစုအခြေအနေလည်း မဆိုးသဖြင့် ပစ္စည်းဥစ္စာ အတော်အတန် စုဆောင်းထားရာ စောင်ထူထူအတွက်တော့ မပူရပေ။

သို့သော် မီးသွေးလိုပစ္စည်းမျိုးကျတော့ သူတို့ခွဲတမ်းချပေးသည့်အတိုင်းယူရမည်ဖြစ်ရာ အလွန်ကသိကအောင်များပေအုံးမည်။

အခန်းထဲမှ ထွက်လာပြီး ယိချွမ်းသည် ရေသွန်ကာ တိုင်းရင်းဆေးပညာဌာနသို့ သွားရန် ပြင်လိုက်သည်။

သခင်မ အချုပ်ကျနေပေမယ့် အစေခံတွေကိုတော့ အပြင်ထွက်ခွင့်ပေးထားခဲ့သည်။နင်ချန်သည် ရက်ရက်စက်စက်ဟန်လုဆောင် တစ်ခုလုံး ဝင်ခွင့်ထွက်ခွင့် မပိတ်ထားခဲ့ပေ။

တန်းရော့က သူမကိုမြင်သည်နှင့် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး တားလိုက်သည်။ "ညီမလေးရယ်... နင်ပဲ နားနေလိုက်ပါ။ အပြင်သွားတဲ့ ကိစ္စ ငါ့ကို လွှဲလိုက်၊ နင် မယ်မယ့်ကို ပြုစုရတာ မနက်ခင်းလုံး ပင်ပန်းနေပြီ။ နင် အပူကန်နေတယ် မဟုတ်လား၊ ငါ နင့်အတွက် နွယ်ချိုနည်းနည်း ယူလာပြီး ရေနွေးကြမ်းလုပ်ပေးမယ်"

"ဒါဆို နင်ပဲ သွားလိုက်ပါ၊ ငါ မီးဖိုဆောင်ငယ်မှာ မယ်မယ့်အတွက် ဆန်ပြုတ် သွားပြုတ်ပေးလိုက်ဦးမယ်။ စားဖိုဆောင်က ပို့လာတဲ့ အစားအသောက်တွေက တကယ့်ကို ကြည့်လို့မရဘူး။ သခင်မ စားရမယ့်အရာတွေ မဟုတ်ဘူး" ယိချွမ်း သက်ပြင်းချလိုက်သည်။

တန်းရော့က သူမပခုံးကို ပုတ်ပေးလိုက်ပြီး စကားမပြောပေ။ သို့သော် လှည့်ထွက်သွားချိန်တွင် သူမ၏မျက်လုံးများ အရောင်လက်သွားသည်။

ဘယ်လိုပဲဖြစ်ဖြစ် စွန်းရှိုးရုန်ရဲ့နာကျင်မှုဝေဒနာကို ဘယ်သူမှ ဂရုစိုက်နေမှာ မဟုတ်ပါဘူး။

မယ်တော်ကြီး ဒဏ်ရာရထားသော်လည်း ယခုနှစ် ချုံးယန်ပွဲတော်ကို မကျင်းပဘဲ မနေနိုင်ပေ။

စက်တင်ဘာလ ၉ ရက်နေ့ ရောက်သောအခါ ညစာစားပွဲကို ထုံးစံအတိုင်း ကျင်းပခဲ့ပြီး နန်းတွင်းပြင်ပမှ ဆွေမျိုးများနှင့် မျက်နှာကြီးရာ အမတ်များ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းများ နန်းတွင်းသို့ ဝင်ရောက်လာကြသည်။

All Chapters