အခန်း (၁၃၉-၁၄၀)
Vol. 9 Ch. 139-140
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-139
အခန်း ၁၃၉ ။ စိတ်ပျက်ခြင်း
မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်မင်းမြတ်၏ ယာဉ်တော်သည် ယခုအချိန်၌ ချူးရှို့နန်းဆောင် အပြင်ဘက်တွင် ရောက်ရှိနေပြီ ဖြစ်သည်။
"အရှင်မင်းကြီး ကြွလာတာကို ကြိုဆိုပါတယ်" ဝမ်သယ့်ဖေးသည် အစေခံများကို ဦးဆောင်လျက် စောင့်ဆိုင်းနေလေသည်။
နင်ချန် သူမကို တစ်ချက်ကြည့်လိုက်သည်။ ဝမ်သယ့်ဖေး၏မျက်နှာတွင် သိမ်မွေ့သော အပြုံးတစ်ခု စွန်းထင်းနေပြီး မျက်ဝန်းထဲတွင်မူ ဝမ်းသာမှုများ အထင်းသားပေါ်လွင်နေသည်။
"ထပါ" သူမကို အသာအယာ တွဲထူပေးလိုက်သည်။ "ကလေး ဘယ်မှာလဲ"
မင်းသားကြီးသည် ခန္ဓာကိုယ်အားနည်းသဖြင့် မကြာခဏ ရွှေ့ပြောင်းခြင်း မပြုရဲပေ။ ထို့ကြောင့် နင်ချန်သည် ချူးရှို့နန်းဆောင်သို့ ကိုယ်တိုင်လာရောက် ကြည့်ရှုလေ့ရှိသည်။ ဒီရက်ပိုင်း အလုပ်များနေသဖြင့် မရောက်ဖြစ်သည်မှာ ရက်အနည်းငယ်ရှိနေပြီဖြစ်သည်။
ဝမ်သယ့်ဖေးက ပြုံးလျက်၊ "နို့ထိန်းက ကြည့်ပေးထားပါတယ်။ အထဲမှာ ဆော့နေကြတာ၊ မင်းသားကြီးက အခုဆို ထိုင်တတ်နေပြီ"
ဆိုရိုးစကားအတိုင်း 'ခုနစ်လထိုင်၊ ရှစ်လတွား' ဆိုသော်လည်း မင်းသားကြီးသည် ယမန်နှစ် နိုဝင်ဘာလကုန်တွင် မွေးဖွားခဲ့သဖြင့် ယခုအချိန်တွင် ကိုးလခွဲခန့် ရှိနေပြီဖြစ်သည်။ အခုမှ ထိုင်တတ်သည်ဆိုသည်မှာ ခန္ဓာကိုယ် အားနည်းကြောင်း သိသာလှသည်။
နင်ချန် ခေါင်းအနည်းငယ်ညိတ်လိုက်ပြီး ဘာမှမပြောဘဲ တန်းဝင်သွားလေသည်။
အတွင်းဆောင်ထဲတွင် နို့ထိန်းတစ်ဦးနှင့် အစေခံမလေးနှစ်ဦးတို့သည် မင်းသားကြီးနှင့် ကစားပေးနေသည်ကို တွေ့ရသည်။ ပြတင်းပေါက်နားက ထိုင်ဖုံပေါ်တွင်ဖြစ်သည်။
နို့ထိန်းက ထူထဲကျယ်ပြန့်သော ခေါင်းအုံးကြီး သုံးလုံးဖြင့် မင်းသားကြီးကို ဝိုင်းရံထားပြီး မင်းသားကြီးက ခေါင်းအုံးကို မှီ၍ ထိုင်နေသည်။
ဒါက ဝမ်သယ့်ဖေးပြောတဲ့ ကလေး ထိုင်တတ်ပြီဆိုတာ ဖြစ်လောက်တယ်။
သူ ဝင်လာသည်ကို မြင်သောအခါ အစေခံများအားလုံး ဒူးထောက် ဂါရဝပြုလိုက်ကြသည်။
လူအုပ်ကြားမှတစ်ဆင့် နင်ချန်နှင့် ထိုင်ခုံပေါ်မှ ပထမမင်းသားလေးနှင့် အကြည့်ချင်း ဆုံသွားကြသည်။
သူသည် ချူးရှို့နန်းဆောင်သို့ မကြာခဏ လာလေ့ရှိသဖြင့် ကလေးက သူ့ကို မှတ်မိနေသည်။ သူ့ကိုမြင်သည်နှင့် ပြုံးပြပြီး တီတီတာတာအသံလေးများ ပြုလုပ်နေသည်။
နင်ချန်၏ မျက်မှောင်ကြုတ်ထားမှု အနည်းငယ် လျော့ပါးသွားပြီး ကလေးကို ဂရုတစိုက် ပွေ့ချီလိုက်သည်။ သို့သော် ပွေ့ချီလိုက်သည်နှင့် မျက်မှောင် ပြန်ကြုတ်သွားပြန်သည်။
ကလေးက ပေါ့ပါးလွန်းနေသည်။ ပထမမင်းသမီးကြီး ဒီအရွယ်တုန်းကဆိုလျှင်အသားပြည့်ဖြိုးပြီး လက်မောင်းလေးများမှာကြာစွယ်လေးများကဲ့သို့ ဖြစ်နေသည်ကို သူ မှတ်မိနေသည်။
"ခမည်းတော်နဲ့ ရင်းနှီးတာပဲ။ အရှင်မင်းကြီး ကြည့်ပါဦး၊ သူ ဘယ်လောက်ပျော်နေလဲဆိုတာ" ဝမ်သယ့်ဖေး အနားတိုးလာပြီး ကလေးကို လက်လှမ်းကာ စနောက်လိုက်သည်။
"မင်းသားကြီးရဲ့ မျက်လုံးအောက်မှာ ခပ်ဖျော့ဖျော့ အညိုအမည်းကွက် ရှိနေတယ်။ ဒါ ဘာကြောင့်လဲ၊ သမားတော်ကို ပြပြီးပြီလား" နင်ချန် အနည်းငယ် ထူးခြားသည်ကို သတိထားမိလိုက်သည်။
ဝမ်သယ့်ဖေး၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး ရှင်းပြလေသည်။ "မင်းသားကြီးက ဒီနှစ်ရက်အတွင်း အအေးနည်းနည်းမိထားလို့ပါ။ ဒီကလေးက အအေးမိလိုက်တာနဲ့ မျက်လုံးအောက်မှာ အညိုအမည်း စွဲတတ်တယ်။ ဒါပေမဲ့ သမားတော် ကြည့်ပြီးပါပြီ၊ ဆေးတိုက်ထားတော့ ဘာမှ မစိုးရိမ်ရပါဘူး"
"နည်းနည်း အားနည်းနေသေးတာပဲ။ သမားတော်ကို ပိုပြီး ဂရုစိုက်ခိုင်းလိုက်ပါ"
ကလေးကို နို့ထိန်းလက်ထဲ ပြန်ထည့်ပေးလိုက်ပြီး နင်ချန် လက်ကာပြလိုက်ကာ အစေခံများကို ထွက်သွားခိုင်းလိုက်သည်။
သူ အပြစ်မတင်သည်ကိုတွေ့ရသဖြင့် ဝမ်သယ့်ဖေး စိတ်သက်သာရာ ရသွားသည်။
တကယ်တမ်းတော့ နင်ချန်သည် မင်းသားကြီး၏ ဆေးသောက်ပြီး ကြီးပြင်းလာရသော အခြေအနေကို ကျင့်သားရနေပြီ ဖြစ်သည်။ သာမန် အအေးမိခြင်းလောက်သည် ဒီကလေးငယ်လေးအတွက် ပုံမှန်ကိစ္စဖြစ်နေပြီ။
ထို့ပြင် ဒီနေ့ နင်ချန်သည် စိတ်ထဲတွင် အခြားကိစ္စများရှိနေသဖြင့် တခြားအရာများကို အာရုံမစိုက်နိုင်တော့ပေ။
ဝမ်သယ့်ဖေးသည် အကဲခတ်ကောင်းသူဖြစ်သဖြင့် ဂရုတစိုက် လက်ဖက်ရည်ငှဲ့ပေးပြီး ဘေးနားတွင် ဝင်ထိုင်ကာ ယပ်ခတ်ပေးနေသည်။
"မင်းသားကြီးက အအေးဒဏ် မခံနိုင်လို့ ဒီချန်းချဲ့က အဆောင်ထဲမှာ ရေခဲသိပ်မထားပါဘူး။ အခုထိ အပူရှိန်ကျန်နေသေးတော့ အရှင်မင်းကြီး နေရထိုင်ရခက်နေရင် ဒီချန်းချဲ့ လူလွှတ်ပြီး ရေခဲအိုး နှစ်အိုးလောက် ထပ်ထည့်ခိုင်းလိုက်ပါ့မယ်"
"မလိုပါဘူး၊ ထမင်းပွဲ အရင်ပြင်ခိုင်းလိုက်ပါ။ ကျန်း ဗိုက်ဆာနေပြီ" နင်ချန် ဘယ်လို စကားစရမလဲမသိသဖြင့် စကားလွှဲလိုက်သည်။
အန်းမျိုးရိုးသည် ငယ်စဉ်ကတည်းက သူ့ကို ပြုစုခဲ့သူဖြစ်သည်။ ထိုစဉ်က ဧကရာဇ်ဟောင်းက သူမကို ရွေးချယ်ပေးခဲ့ခြင်းမှာ ရုပ်ရည်၊ အရည်အချင်း ပြည့်စုံပြီး စိတ်သဘောထား နူးညံ့သိမ်မွေ့ကာ လိမ္မာသောကြောင့်ဖြစ်သည်။
တကယ်တော့ လူငယ်အမျိုးသားများသည် နူးညံ့သိမ်မွေ့သော အမျိုးသမီးပုံစံကို နှစ်သက်တတ်ကြသည်။
ဝမ်သယ့်ဖေးသည် ရေကဲ့သို့ နူးညံ့ပြီး သာမန်အိမ်သူ၏ သန့်ရှင်းစင်ကြယ်မှုနှင့် ဂုဏ်သရေရှိ အမျိုးသမီး၏ ယဉ်ကျေးသိမ်မွေ့မှုတို့ ပေါင်းစပ်ထားကာ စာပေဗဟုသုတလည်း ကြွယ်ဝသဖြင့် ထိုစဉ်က အားလပ်နေသော မင်းသားငယ်လေး နင်ချန်နှင့် အလွန် လိုက်ဖက်ခဲ့သည်။
နောက်ပိုင်းတွင် တခြားလူများ အချစ်တော်ဖြစ်ခဲ့ရသော်လည်း သူမသည် အမြဲတမ်း ထူးခြားနေခဲ့သည်။
ထိုအချက်သည် ဝမ်သယ့်ဖေး အနေဖြင့် နှစ်ပေါင်းများစွာ ပြုစုခဲ့ရာတွင် ဘေးလူများနှင့် ရန်ဖြစ်ခဲခြင်း၊ မျက်နှာချင်းဆိုင် စကားနိုင်လုခြင်းများ ရှိခဲ့သော်လည်း ကွယ်ရာတွင် ယုတ်မာသော ကိစ္စများ တစ်ခါမှ မလုပ်ခဲ့ဖူးခြင်းကြောင့်လည်း ပါဝင်သည်။
ယခု ရုတ်တရက် ဝမ်သယ့်ဖေးက စားဖိုဆောင်ကို ညွှန်ကြားပြီး ယဲ့ယွင်ကို ရက်ရက်စက်စက် နှိပ်စက်သည်ဟု ပြောလာလျှင် နင်ချန် မယုံနိုင်အောင် ဖြစ်နေမိသည်။
ထမင်းပွဲ အမြန် ပြင်ဆင်ပြီးသွားသည်။
အဆင့်တစ် ဖေး ရာထူးအဆောင်အယောင်အတိုင်း ဟင်းပွဲ ၁၈ ပွဲတိတိ ပါဝင်သည်။
"ဒါတွေ အကုန်လုံးက အရှင်မင်းကြီး ကြိုက်တဲ့ ဟင်းတွေချည်းပါပဲ၊ ဒီချန်းချဲ့ ထည့်ပေးပါ့မယ်" ဝမ်သယ့်ဖေးက ပြုံးလျက် တူကို ကိုင်လိုက်သည်။
နင်ချန် နောက်ဆုံးတွင် မနေနိုင်တော့ပေ။ "မလိုပါဘူး၊ မင်း အရင်ထိုင်ပါ၊ ကျန်း မင်းကို မေးစရာ ရှိတယ်"
ဝမ်သယ့်ဖေး ကြောင်သွားပြီး မျက်နှာဖြူဖျော့သွားသည်။ "အရှင်မင်းကြီး ပြောစရာရှိရင် ပြောပါ"
"ကျန်း ဒီနေ့ မကောင်းတဲ့ ကောလာဟလတချို့ ကြားလိုက်ရတယ်။ မင်းက စားဖိုဆောင်ကို ညွှန်ကြားပြီး မင်ကျယ်ယွီကို နှိပ်စက်ခိုင်းတယ် ဆိုတာ ဟုတ်လား"
"အရှင်မင်းကြီး... ဒီချန်းချဲ့ ဒီလိုကိစ္စမျိုး လုံးဝ မလုပ်ရဲပါဘူး။ ဒါ သေချာပေါက် တစ်ယောက်ယောက်က ဒီချန်းချဲ့ကို စွပ်စွဲတာပါ။ ဒီချန်းချဲ့က ဖေး ရာထူးရပြီးပြီ၊ မင်းသားကြီးကိုလည်း မွေးဖွားထားပြီးပြီ။ ဘာကိစ္စ ကိုယ်လုပ်တော်လေးတစ်ယောက်နဲ့ အငြိုးအတေး ထားရမှာလဲ"
ဝမ်သယ့်ဖေး၏ တုံ့ပြန်မှုသည် ပုံမှန်ထက် ပြင်းထန်လွန်းနေသည်။ ချက်ချင်း ဒူးထောက်လိုက်ပြီး ဒေါသတကြီး ပြောဆိုလေသည်။
နင်ချန် ပန်းကန်နှင့် တူကိုချလိုက်ပြီး သူမကို လှမ်းတွဲလိုက်သည်။ "ကောလာဟလတွေပဲလေ၊ ကျန်း ဘယ်လိုလုပ် အလွယ်တကူယုံမှာလဲ။ ကျန်း မင်းရဲ့စိတ်ရင်းကို အသိဆုံးပါ။ မင်းက ဒီလို အောက်တန်းကျတဲ့ကိစ္စမျိုး လုံးဝလုပ်မှာမဟုတ်ဘူး၊ ဟုတ်တယ်မလား"
အမျိုးသား၏ ဖီးနစ်မျက်ဝန်းတစ်စုံသည် တစ်ဖက်လူ၏မျက်လုံးများကို စိုက်
ကြည့်နေသည်။ တရားခံအားမေးမြန်းနေသကဲ့သို့၊ ခွဲခြားစိတ်ဖြာနေသကဲ့သို့ပင်။
ဝမ်သယ့်ဖေး အသက်ရှူရပ်မတတ် ဖြစ်သွားသည်။ ယခုအချိန်တွင် သူမ အလွန်ကြောက်ရွံ့နေပြီး နောင်တရမိသည်။ ရှောင်လွှဲချင်သော်လည်း ထွက်ပြေးစရာ နေရာမရှိပေ။ လည်ချောင်းထဲတွင် တစ်စုံတစ်ခု တစ်ဆို့နေသဖြင့် စကားမပြောနိုင်တော့ပေ။
နောက်ဆုံးတွင် ခေါင်းငုံ့ပြီး စူးရှသောအကြည့်များကို ရှောင်လွှဲလိုက်ရသည်။
"အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို ကျေးဇူးတင်ပါတယ်"
ဤစကားသံသည် ပျော့ပျောင်းတိမ်ဝင်သွားပြီး စောစောကကဲ့သို့ စိတ်လှုပ်ရှားမှု လုံးဝ မရှိတော့ပေ။
နင်ချန် မျက်လွှာချလိုက်ပြီး သူမကို ဆွဲထူလိုက်သည်။ "မင်းက ကျန်းနောက် လိုက်လာတာ နှစ်ပေါင်းများစွာကြာပြီ။ ရင်သွေးလည်း မွေးဖွားပေးထားတယ်။ ကျန်း သဘာဝကျကျ မင်းကို အလေးထားပါတယ်။ ကျန်း မင်းကို သယ့်ဖေး (သီလရှိသော ကြင်ယာတော်) ရာထူး ပေးထားတာက မင်းရဲ့ကိုယ်ကျင့်တရားကို သဘောကျလို့ပါ"
"အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ဒီချန်းချဲ့ ရင်ထဲမှာ အမြဲ မှတ်ထားပါ့မယ်။ အရှင်မင်းကြီး စိတ်ပျက်အောင် ဘယ်တော့မှ မလုပ်ပါဘူး" ဝမ်သယ့်ဖေးသည် စိတ်ပြန်လည် တည်ငြိမ်သွားပြီဖြစ်၍ ယခုအခါ ပိုမို သဘာဝကျလာသည်။
သို့သော် စောစောက သူမ အကြည့်လွှဲလိုက်သော အခိုက်အတန့်တွင် နင်ချန် စိတ်ထဲတွင် သဘောပေါက်သွားပြီဖြစ်သည်။
နောက်ဆက်တွဲ စကားများမှာ သတိပေးခြင်းနှင့် ဆုံးမခြင်းများ ဖြစ်သည်။
နန်းတွင်းသည် ညစ်ပတ်သော အရှုပ်အထွေးများ အများဆုံးနေရာ ဖြစ်သည်။ ဤကိုယ်လုပ်တော်များသည် အရှေ့ဆောင် (နိုင်ငံရေး) နှင့် ပတ်သက်ဆက်နွယ်နေသဖြင့် အကောက်ကြံခြင်း၊ တိုက်ခိုက်ခြင်းများကို ရှောင်လွှဲ၍ မရနိုင်ပေ။ သို့သော် နင်ချန်သည် တစ်ယောက်လောက်ကိုတော့ အစမှအဆုံးထိ ရိုးသားဖြူစင်စေချင်နေဆဲဖြစ်သည်။
ယဲ့ယွင်ကဲ့သို့ မောက်မာသူပင်လျှင် အမြဲတမ်း ပွင့်ပွင့်လင်းလင်း လုပ်ဆောင်တတ်ပြီး ကွယ်ရာတွင် တစ်ခါမှ မကြံစည်ဖူးပေ။
နင်ချန်သည် စိတ်ပျက်မှုသာခံစားလိုက်ရပြီး စားရသည်မှာအရသာ မရှိတော့ပေ။
နောက်ဆုံးတွင် ဝမ်သယ့်ဖေးက ဧကရာဇ်ကို ညအိပ်ရန် ဖိတ်ခေါ်သော်လည်း နင်ချန်က နိုင်ငံရေးကိစ္စများ ရှုပ်ထွေးနေသည်ဟု အကြောင်းပြကာ ကျိုချန်နန်းဆောင်သို့ ပြန်သွားလေသည်။
နင်ချန် နောက်ဆုံးတွင် စိတ်ပျက်သွားခဲ့ရသည်။
ဒါမျိုးက ရှားပါးလှသည်။
ဝေးကွာသွားသော ယာဉ်တော်ကို ကြည့်ရင်း ဝမ်သယ့်ဖေး ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ အရှင်မင်းကြီး တစ်ခုခုသိသွားပြီဟု သူမ ထင်နေသော်လည်းမျှော်လင့်ချက်ထားနေမိသည်။
တကယ်လို့ သိသွားရင်တောင် ဘာလို့ သူမကို လာတွေ့သေးတာလဲ။
"မယ်မယ်... ညဘက် လေအေးတယ်၊ အခန်းထဲ ဝင်ကြရအောင်" ပိုင်လုက တိုးတိုးလေး ပြောလိုက်သည်။
ဝမ်သယ့်ဖေး အကြည့်ပြန်ရုတ်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။ "နင်ပြောကြည့်၊ ဒီမယ်မယ် မှားသွားပြီလား"
"ဘယ်လိုလုပ် မှားမှာလဲ၊ ဒီနန်းတွင်းထဲမှာ အရှင်မင်းကြီးရဲ့ အချစ်တော်ဖြစ်ရဖို့အတွက် ဉာဏ်နီဉာဏ်နက် မသုံးတဲ့သူ ဘယ်သူရှိလို့လဲ။ သူတို့က သန့်ရှင်းနေကြလို့လား။ မယ်မယ် ဒီလိုလုပ်တာက ကိုယ့်အရှိန်အဝါကို ပြသလိုက်တာပါပဲ။ သူတို့ မယ်မယ့်ကို သဘောကောင်းတယ်လို့ မထင်ရအောင်လေ"
"အရင်တုန်းက စွန်းရှိုးရုန် အချစ်တော် ဖြစ်ခါစတုန်းက မယ်မယ့်ကို ဘယ်လို မလေးမစား လုပ်ခဲ့လဲ ဆိုတာ မေ့သွားပြီလား။ ဒီနှစ်တွေတစ်လျှောက် မယ်မယ်က အမြဲတမ်း စိတ်သဘောထား ကောင်းခဲ့တော့ အောက်ခြေကအစေခံတွေတောင် မယ်မယ့်ကို မကြောက်ကြဘူး။ ဒါပေမဲ့ အခု မယ်မယ့်မှာ မင်းသားကြီး ရှိနေပြီလေ။ မိခင်ဆိုတာ သားသမီးအတွက် သန်မာရမယ်မဟုတ်လား။ မယ်မယ် ကိုယ့်အတွက်မဟုတ်ရင်တောင် မင်းသားကြီးအတွက် ရှေ့ရေးကောင်းအောင် ကြံစည်ပေးသင့်ပါတယ်"
ကလေးအကြောင်းပြောလိုက်တော့ ဝမ်သယ့်ဖေး၏ အားနည်းချက်ကို ထိမှန်သွားသည်။
"ဟုတ်တယ်၊ ကလေးအတွက် ငါ ရှောင်ဖယ်နေလို့ မရတော့ဘူး။ ငါ မပြိုင်ချင်ရင်တောင် မင်းသားကြီးရဲ့အနာဂတ်အတွက် ပြိုင်ရတော့မယ်"
နန်းတော်ထဲ ရောက်လာပြီဆိုရင် ဒီရှုပ်ထွေးပွေလီမှုတွေထဲ မပါဝင်ဘဲနေနိုင်သူ ရှားပါတယ်။
ပထမဆုံး ကိုယ့်အတွက်၊ နောက်တော့ ကလေးအတွက်၊ တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ကို တွန်းပို့ခံရပြီး ရွှံ့နွံထဲ နစ်ဝင်သွားရတာပါပဲ။
အစမှအဆုံးထိ သတိရှိနေနိုင်သူဘယ်နှစ်ယောက်များရှိလို့လဲ။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-140
အခန်း ၁၄၀ ။ တကယ်ကို မထိတ်လန့်ပါ
အပြင်ထွက်ခွင့် ပိတ်ပင်ထားသည့် တစ်လပြည့်ရန် ငါးရက်သာလိုတော့သော်လည်း နင်ချန်သည် ယွီရှို့အဆောင်သို့ ရောက်မလာသေးပေ။
ထို့ပြင် လူလွှတ်၍ စကားပါးခြင်းပင် မရှိခဲ့ချေ။
သို့သော် ပြီးခဲ့သည့်တစ်ခေါက်က စားဖိုဆောင်ကိစ္စ ပြဿနာဖြစ်ထားဖူးသဖြင့် အခြားသူများက အရှင်မင်းကြီး ယွီရှို့အဆောင်သို့ မလာသည့်တိုင် မလေးမစား မလုပ်ရဲကြပေ။
ထို့ကြောင့် ယဲ့ယွင်၏ တံခါးပိတ်ရက်များသည် သက်တောင့်သက်သာရှိလှသည်။
အောက်ခြေမှ အစေခံမိန်းကလေးများကမူ စိတ်ပူနေကြသော်လည်း သူမ မပျော်ရွှင်မည်စိုးသဖြင့် ထုတ်မပြရဲကြချေ။
ကွယ်ရာတွင်ပြောဆိုနေကြသည်ကို ယဲ့ယွင်သိသော်လည်း ဘာမျှမပြောဘဲ နေလိုက်၏။
ထိုသို့နေခြင်းတွင်လည်း ရည်ရွယ်ချက်ရှိသည်။
သူမတစ်ယောက်တည်း တည်ငြိမ်နေရုံဖြင့် မလုံလောက်ဘဲ ဤအခွင့်အရေးကို အသုံးချကာ ဘေးလူများ၏ စိတ်နေသဘောထားကိုပါ လေ့ကျင့်ပေးချင်သောကြောင့်ဖြစ်သည်။
စိတ်မြန်လျှင် အမှားများတတ်သည်။
.....
နောက်ဆုံးတွင် အပြစ်ပေးကာလပြည့်မည့် ရက်မတိုင်မီ တစ်ညအလို၌ နင်ချန် ရောက်ရှိလာခဲ့လေသည်။
နန်းတွင်းတစ်ခုလုံး မျက်လုံးပြုးသွားကြရ၏။
အပြစ်ပေးခံနေရစဉ်အတွင်း အရှင်မင်းကြီး လာရောက်တွေ့ဆုံခြင်းမျိုးမှာ မင်ကျယ်ယွီပြီးလျှင် အိမ်ရှေ့စံဘဝက ဝမ်သယ့်ဖေး၌သာရှိခဲ့ဖူးသည်။
ယခုအချိန်တွင် လူတိုင်းသည် ယဲ့ယွင်ကို ပို၍ ကြောက်ရွံ့လာကြသည်။
ဝမ်သယ့်ဖေးသည် အချစ်တော်ဖြစ်သော်လည်း မိသားစုနောက်ခံ အားနည်းသည်။
ယဲ့ယွင်မှာမူ မိသားစုနောက်ခံကောင်းပြီး စစ်တပ်နှင့် နန်းတွင်း၌ အစ်ကိုများရှိကာ သူမကိုယ်တိုင်လည်း မျက်နှာသာပေးခံရသူဖြစ်သည်။ ဤအရှိန်အဝါကို မနာလိုဝန်တို မဖြစ်ဘဲ မနေနိုင်ကြချေ။
သူမကို ယှဉ်နိုင်သူဟူ၍ ရာထူးမြင့်သော ဖန်းရှိုးရီနှင့် ကိုယ်ဝန်ဆောင်ထားသော ယိကျယ်ယွီသာ ရှိတော့သည်။
လူများ မည်သို့တွေးစေကာမူ ယဲ့ယွင်သည် အခန်းထဲ၌ အရှင်မင်းကြီးနှင့်အတူ ထိုင်နေလေပြီ။
"မင်း ဝလာတယ်ပေါ့။"
နင်ချန်သည် ရှေ့မှအမျိုးသမီးကို အချိန်ကြာမြင့်စွာ စိုက်ကြည့်ပြီးနောက် မနေနိုင်တော့ဘဲ မေးလိုက်ခြင်း ဖြစ်သည်။
"ဟုတ်လို့လား။"
ယဲ့ယွင် ကြောင်အသွားပြီး ပါးပြင်ကို စမ်းကြည့်လိုက်ရာ အနည်းငယ် ပြည့်ဖြိုးလာသယောင် ရှိသည်။
ချက်ချင်းပင် နေရခက်သွားလေ၏။
"အဟမ်း... ဒီချန်းချဲ့က အပြစ်ပေးခံထားရတော့ အပြင်မထွက်ရဘူးလေ။ နေ့တိုင်းလည်း ထမင်းပုံမှန်စားနေတော့ နည်းနည်းတော့ ဝလာမှာပေါ့လို့။"
"ကျန်းက မင်းကို ကိုယ့်အပြစ်ကိုယ် ပြန်စဉ်းစားဖို့ အမိန့်ပေးထားတာလေ။ မင်းက ယွီရှို့အဆောင်ထဲမှာ အောင်းပြီး စားသောက်နေတော့တာလား။"
နင်ချန် စိတ်ပျက်သွားသည်။
ဤမိန်းကလေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် မရည်ရွယ်သော်လည်း အဆင့်မြင့်ကိုယ်လုပ်တော်များကို ပါးရိုက်ခဲ့သဖြင့် ဆင်ခြင်တုံတရား ရစေချင်ခဲ့သည်။
သူမက နေ့စဉ် စားလိုက်သောက်လိုက်နှင့် တစ်လအတွင်း ဝတောင်ဝလာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
အပြစ်ပေးခံရခြင်းအပေါ် သူမ တကယ်ကို မထိတ်လန့်ပါလား။
"ဒီချန်းချဲ့ ကြောက်ပါတယ်။"
ယဲ့ယွင် အလျင်အမြန် ပြောလိုက်၏။
မေးကို ရင်ဘတ်ထဲသို့ ဆွဲကပ်ထားပြီး ခေါင်းငုံ့ကာ မျက်လွှာပင့်၍ နင်ချန်အား ရီဝေဝေ စိုက်ကြည့်နေသည်။ အလွန် အပြစ်ကင်းစင်သောပုံစံမျိုးဖြစ်သည်။
၎င်းက ချွဲနွဲ့နေခြင်းသက်သက်သာဖြစ်၏။
နင်ချန် အံကြိတ်လိုက်ပြီး သူမ၏ပါးကို ဆွဲညှစ်လိုက်သည်။
"မင်း ကြောက်နေပုံလည်း မပေါ်ပါဘူး။"
"ကြောက်တာပေါ့လို့..."
ယဲ့ယွင် နှုတ်ခမ်းဆူလိုက်ပြီး သနားစရာမျက်နှာထားဖြင့် နင်ချန်၏ခါးကို ဖက်ကာ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်သည်။
"အရှင်မင်းကြီး ဒီချန်းချဲ့ဆီကို ဘယ်တော့မှ ထပ်မလာတော့မှာကို ကြောက်နေတာ။ မကြာခင် ဒီချန်းချဲ့ရဲ့ မွေးနေ့ရောက်တော့မယ်လေ။ အရှင်မင်းကြီးက လက်ဆောင်ပေးမယ်လို့ ကတိပေးထားတာနော်။ ဧကရာဇ်မင်းမြတ်က ကတိမပျက်ရဘူးလေ။"
နန်းတွင်း၌ သူမလောက် ချွဲနွဲ့တတ်သူ မရှိတော့ချေ။
တမင်သက်သက် လုပ်နေမှန်း သိသော်လည်း နင်ချန်က ဤအကွက်ကို သဘောကျနေပြန်သည်။ မူလကတည်းက စိတ်မဆိုးသဖြင့် ယခုအခါ ရယ်ချင်စိတ်ပင် ဖြစ်လာရ၏။
လက်ကိုမြှောက်၍ တင်ပါးကို မနာအောင် ရိုက်လိုက်လေသည်။
"မင်းကတော့ တကယ့် အဆိုးလေးပဲ။"
ယဲ့ယွင် ဟီးခနဲ ရယ်လိုက်ပြီး သူ့ရင်ဘတ်ကို ခေါင်းဖြင့်ပွတ်သပ်ကာ ငြိမ်ငြိမ်လေး ပြန်ထိုင်နေလိုက်သည်။
ထိုအချိန်တွင် အတွင်းခန်းထဲမှ ခွေးကလေးဟောင်သံသဲ့သဲ့ထွက်ပေါ်လာ၏။
နှစ်ယောက်သား လှည့်ကြည့်လိုက်သောအခါ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ညန်ကောင်းလေး ပြေးထွက်လာပြီး အမြီးတနှံ့နှံ့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
အနားရောက်သောအခါ ယဲ့ယွင်ကို အရင်နမ်းပြီး နင်ချန်၏ဖိနပ်ကို နမ်းရှုံ့ပြန်သည်။ ထို့နောက် ခေါင်းလေးစောင်းကာ နင်ချန်ကို မော့ကြည့်နေ၏။ မမှတ်မိသည့်ပုံပင်။
နင်ချန်လည်း ပြန်ကြည့်နေရင်း တစ်ခုခုကိုသတိရသွားသည်။
ရုတ်တရက် ခေါင်းမော့ကာ ယဲ့ယွင်ကို ကြည့်လိုက်၊ ညန်ကောင်းကို ပြန်ကြည့်လိုက် လုပ်နေသည်။
နောက်ဆုံးတွင် အတည်ပြုလိုက်နိုင်၏။ စောစောက ဒီမိန်းကလေး ချွဲနွဲ့ပြီးကြည့်သော မျက်လုံးများသည် ဤခွေးပေါက်စလေးနှင့် တစ်ထပ်တည်း တူနေသည်။
"ညန်ကောင်း လိမ်လိမ်မာမာနေ၊ ထိုင်။"
ယဲ့ယွင်သည် ရှေ့မှအမျိုးသား၏မျက်နှာထားကို ဂရုမစိုက်ဘဲ စားပွဲပေါ်မှ နို့မုန့်တစ်ဖဲ့ကို ဖဲ့ကာ ခွေးကို ကျွေးလိုက်သည်။
ခွေးလေး အမှန်တကယ် ထိုင်ချလိုက်သည်ကို မြင်သောအခါ နင်ချန် အံ့သြသွားသည်။
သူသည် ခွေးမမွေးဖူးသဖြင့် ခွေးလေ့ကျင့်ခြင်းကို သတိမထားမိခဲ့ပေ။ ယခု မြင်လိုက်ရသောအခါ အဆန်းတကြယ် ဖြစ်နေလေသည်။
"ဒီခွေးလေးက စကားနားထောင်သားပဲ။"
"ဒါပေါ့၊ ညန်ကောင်းက ဉာဏ်ကောင်းတယ်။ ဒီချန်းချဲ့ သင်ပေးလိုက်တာနဲ့ တတ်သွားတာ။ ကြည့်ပါဦး၊ သူ လက်ဆွဲနှုတ်ဆက်တတ်သေးတယ်။"
ပြောပြောဆိုဆိုပင် လူတစ်ယောက်နှင့် ခွေးတစ်ကောင် လက်ဆွဲနှုတ်ဆက်ပြလိုက်ကြသည်။
နင်ချန်လည်း ပျော်စရာကောင်းသည်ဟုထင်သဖြင့် မနေနိုင်ဘဲ စမ်းကြည့်လိုက်လေသည်။
သခင်နှစ်ယောက် ခွေးနှင့်ကစားနေသည်ကို ဘေးမှခစားနေကြသော ယွမ်ကျိုနှင့် ဟွေယွဲ့တို့ ဆွံ့အလျက်သားဖြစ်နေကြသည်။
အရှင်မင်းကြီးနှင့်အတူရှိလျှင် ကဗျာစပ်ခြင်း၊ လက်ဖက်ရည်ဖျော်ခြင်း၊ စောင်းတီးခြင်း၊ ပျင်းစရာကောင်းလျှင် စစ်တုရင်ကစားခြင်းများသာ ရှိတတ်သော်လည်း အရှင်မင်းကြီးကိုခေါ်ပြီး ခွေးနှင့်ကစားသည်မျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။
အရှင်မင်းကြီးကလည်း စိတ်ဝင်တစားရှိနေပြန်သည်။
ခဏကြာမျှ စနောက်ပြီးနောက် ဟွေယွဲ့သည် မနေနိုင်တော့သဖြင့် လုကျီကိုခေါ်ကာ ခွေးကို ပွေ့ချီထုတ်သွားခိုင်းလိုက်ရသည်။
"နေ့လည်စာ သုံးဆောင်ချိန်နီးနေပါပြီ၊ ကျွန်တော်မျိုး ပြင်ဆင်ခိုင်းလိုက်ရမလား။"
ယွမ်ကျိုလည်း သခင်နှစ်ယောက်၏အာရုံကို လွှဲရန် ဝင်ပြောလိုက်သည်။
နင်ချန်သည် ခွေးနှင့်ကစားရသည်ကို စိတ်မပြတ်သေးသော်လည်း ဆက်မကစားတော့ပေ။
"စားဖိုဆောင်ကို ဘဲဟင်းရည် တစ်ခွက်ပေါင်းခိုင်းလိုက်။ ကျန်တာကတော့ မင်ကျယ်ယွီ ကြိုက်တာတွေ လုပ်ခိုင်းလိုက်။"
"ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး သွားစီစဉ်လိုက်ပါ့မယ်။"
ယွမ်ကျို အရိုအသေပြုကာ ထွက်ခွာသွားလေသည်။
ဧကရာဇ်မင်းမြတ် ရှိနေသဖြင့်စားဖိုဆောင်သည် ပို၍ ဂရုတစိုက် လုပ်ဆောင်လေသည်။
ဟင်းပွဲများ အပြည့်ခင်းကျင်းထားရုံမက ယဲ့ယွင်အကြိုက်ဆုံး ဂဏန်းဟင်းပွဲ နှစ်ပွဲဖြစ်သည့် ဂဏန်းပေါင်းနှင့် ဂဏန်းအစပ်ကြော်ပါ ပါဝင်သည်။
"ကိုးလပိုင်းမှာ ဂဏန်းအမ၊ ဆယ်လပိုင်းမှာ ဂဏန်းအထီး စားကောင်းတယ်တဲ့။ အခုက ကိုးလပိုင်းကုန်ပြီး ဆယ်လပိုင်းအစဆိုတော့ ဂဏန်းစားလို့ အကောင်းဆုံးအချိန်ပဲ။ ဘယ်လိုလုပ်လုပ် စားကောင်းတယ်။"
ယဲ့ယွင် ကျေနပ်နေသည်။ သူမသည် ရေချိုအစားအစာများကို ကြိုက်နှစ်သက်သော်လည်း ငါးသိပ်မကြိုက်ဘဲ ပုစွန်နှင့် ဂဏန်းကို ပိုကြိုက်သည်။
အမဲသားလည်း ပါဝင်ပြီး စားဖိုဆောင်မှ ဟင်းခတ်အမွှေးအကြိုင်ငါးမျိုးဖြင့် ချက်ထားသော အမဲသားပြားကြော်မှာ အရသာ အလွန်ရှိလှသည်။
....
စားသောက်ပြီးနောက် နှစ်ယောက်သား လက်ဖက်ရည်ထိုင်သောက်ကြသည်။
"အရှင်မင်းကြီးက နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်များတယ်လေ။ ဒီချန်းချဲ့က အရှင်မင်းကြီးရဲ့ အချိန်တွေကို မဖြုန်းတီးရဲပါဘူး။ လက်ဖက်ရည်သုံးဆောင်ပြီးရင် လျှောက်တင်လွှာတွေ စစ်ဆေးဖို့ ပြန်ကြွပါတော့။"
ယဲ့ယွင်သည် လူကို ဆွဲထားလိုစိတ်မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
နင်ချန် လက်ကိုင်ထားရာမှ ရပ်တန့်သွားပြီး သူမကို အံ့သြစွာ ကြည့်လိုက်မိသည်။
ခဏကြာမှ အကြည့်လွှဲလိုက်၏။
"ကောင်းပြီ၊ ကျန်း နောက်ရက် အားမှပဲလာခဲ့တော့မယ်။"
အမှန်တကယ်တွင် သူသည်လည်း ညအိပ်ရန် အစီအစဉ်မရှိပေ။ ယဲ့ယွင်မှာ အပြစ်ပေးခံထားရဆဲ ဖြစ်သဖြင့် လာရောက်တွေ့ဆုံခြင်းက ကိစ္စမရှိသော်လည်း ညအိပ်ညနေ,နေခြင်းကမူ ကြည့်မကောင်းလှပေ။
နာရီဝက်ခန့် ထပ်ထိုင်ပြီးနောက် နင်ချန် ပြန်သွားလေသည်။
ယဲ့ယွင်သည် ယွီရှို့အဆောင် တံခါးဝအထိလိုက်ပို့ပြီး ယာဉ်တန်းဝေးသွားမှ အခန်းထဲ ပြန်ဝင်ခဲ့သည်။
"ကျယ်ယွီက ဘာလို့ အရှင်မင်းကြီးကို မတားထားဘဲ ပြန်လွှတ်လိုက်ရတာလဲ။ အရှင်မင်းကြီး ဒီကိုမလာတာ အတော်ကြာနေပြီလေ။"
နန်ကျစ် မျက်မှောင်ကြုတ်ကာ နားမလည်နိုင်ဖြစ်နေသည်။
ကိုယ်လုပ်တော်က အရှင်မင်းကြီးကို ပြန်လွှတ်သည်ဟူ၍ မရှိစဖူးပင်။
"ဘာကို တားရမှာလဲ။ ငါက အပြစ်ပေးခံနေရတုန်းလေ။ တားလိုက်ရင်တောင် အရှင်မင်းကြီးက လက်ခံမှာမဟုတ်ဘူး။ အပြစ်လုပ်လို့ အချုပ်ခံထားရတဲ့ ကိုယ်လုပ်တော်နဲ့ အတူအိပ်တယ်ဆိုရင် တိုင်းပြည်အုပ်ချုပ်သူက မိန်းမမက်ပြီး စည်းကမ်းမရှိဘူးဆိုတဲ့ အသံထွက်လာမှာပေါ့။"
ယဲ့ယွင် ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
"ကျွန်မ သဘောပေါက်ပါပြီ။ တွေးတာ တိမ်သွားတယ်။"
"နင်တို့ကလည်း... ခဏတာ အရှုံးအမြတ်ကို သိပ်ဂရုစိုက်မနေပါနဲ့။ ငါတို့က နန်းတော်ထဲမှာ ရေရှည်နေသွားကြရမှာ။ နောက်ဆိုရင် နင်တို့ကို ပိုပြီး တည်ငြိမ်ရင့်ကျက်စေချင်တယ်။ ဒါမှ ငါ နင်တို့ကို အားကိုးလို့ရမှာ။"
ဟွေယွဲ့နှင့် နန်ကျစ်၏လက်ကိုဆွဲကာ ယဲ့ယွင် လေးလေးနက်နက်ပြောလိုက်သည်။
အစေခံနှစ်ယောက်လည်း သခင်မ၏ လွန်ခဲ့သောတစ်လလုံး ရည်ရွယ်ချက်ကို သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်ကြသည်။
"ကဲ... ဒီအကြောင်းတွေ ဆက်မပြောတော့နဲ့။ မနက်ဖြန်ဆို အပြစ်ပေးကာလ ပြည့်ပြီ။ အခုက မိဖုရားခေါင်ကြီးဆီ ဂါရဝပြုဖို့ မလိုတော့ပေမယ့် ငါ သွားရဦးမယ်။ ဘယ်လိုပဲပြောပြော ကျယ်ယွီရာထူးအထက်က လူတိုင်း လူမမာမေးသွားရတာပဲလေ။ ငါက အပြစ်ပေးကာလ ပြီးပြီဆိုတော့ လူမမာမေး သွားသင့်တာပေါ့။"
"ဒီနေ့ကတော့ ငါ သက်တောင့်သက်သာနေရမယ့် နောက်ဆုံးရက်ပါပဲလေ။"
ယဲ့ယွင် ခေါင်းယမ်းလိုက်ပြီး လက်ကိုင်ပုဝါကို လှုပ်ကာ ခါးလေးနွဲ့၍ အတွင်းခန်းသို့ ဝင်သွားလေသည်။
အိပ်ရေးဝအောင် အမြန်အိပ်ရပေမည်။