← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 9 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 9 Ch. 141-142

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-141

အခန်း ၁၄၁ ။ လူကို စိတ်ပျက်အောင်လုပ်ခြင်း

ဒုတိယနေ့တွင် ယဲ့ယွင်၏ အပြင်ထွက်ခွင့်ပိတ်မိန့် ကုန်ဆုံးသွားပြီဖြစ်ရာ သူမသည် ဖုန်းရှီးနန်းဆောင်သို့ အစောကြီး သွားရောက်ခဲ့လေသည်။

ထိုအချိန်တွင် မိဖုရားခေါင်ကြီးသည် နံနက်စာသုံးဆောင်နေပြီး သူမရောက်လာသည်ကို ကြားသောအခါ အထဲသို့ ဝင်ခွင့်ပြုလိုက်၏။

"ဒီချန်းချဲ့ မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်။"

ယဲ့ယွင် စည်းကမ်းတကျ ဦးညွှတ်အရိုအသေပြုလိုက်သည်။

မိဖုရားခေါင်ကြီးသည် လက်ကိုင်ပုဝါဖြင့် နှုတ်ခမ်းထောင့်ကို သုတ်လိုက်ပြီး ပြုံးရွှင်စွာ လက်ခါပြလိုက်သည်။

"ထပါ၊ စည်းမျဉ်းစည်းကမ်းတွေ အများကြီး ဂရုစိုက်ဖို့မလိုပါဘူး။"

"ကျေးဇူးတင်ပါတယ် မယ်မယ်။"

ယဲ့ယွင်သည် လိုက်လျောညီထွေစွာ ပြန်ပြောလိုက်၏။

သို့သော် မတ်တတ်ရပ်လိုက်ပြီးနောက် မိဖုရားခေါင်ကြီးက သူမအား ထိုင်ခုံမပေးသဖြင့် မတ်တတ်ရပ်နေရုံသာ တတ်နိုင်လေသည်။

ဒါက သူမကို တမင်တကာ လျစ်လျူရှုထားခြင်းပင်။

တစ်ဖက်လူက စကားမစသဖြင့် သူမဘာသာ စပြောလိုက်ရသည်။

"ဒီချန်းချဲ့ အပြစ်ပေးခံရနေတဲ့အချိန်တုန်းက မယ်တော်ကြီးရဲ့ခြေရင်းမှာ ပြုစုခွင့်မရခဲ့ပါဘူး။ အခု အပြစ်ပေးကာလပြီးပြီဆိုတော့ ညီမလေးတွေနဲ့ တာဝန်မျှဝေထမ်းပြီး ချီနင်နန်းဆောင်မှာ မယ်တော်ကြီးကို လူမမာမေးပြုစုပေးချင်ပါတယ်။ မိဖုရားခေါင်ကြီး စီစဉ်ပေးပါဦး။"

"မင်းက တကယ်ကို စေတနာထားတတ်တာပဲ။"

မိဖုရားခေါင်ကြီးသည် နှုတ်ခမ်းကို အနည်းငယ် ကွေးလိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။

"ဒါပေမယ့် မင်းက အခုမှ အပြစ်ပေးကာလပြီးတာဆိုတော့ အရှင်မင်းကြီးက မင်းကို သနားနေမှာပဲ။ အလောတကြီး လာစရာမလိုပါဘူး။ လူမမာမေးပြုစုပေးတဲ့ ကိုယ်လုပ်တော်တွေလည်း မနည်းပါဘူး။ သူတို့အားလုံး အကြာကြီးပြုစုခဲ့ကြပြီး ရင်းနှီးနေကြပါပြီ။ မင်းသာ ကောင်းကောင်း အနားယူပြီး ပန်ကုန်းအစား အရှင်မင်းကြီးကိုစောင့်ပြီး ပြုစုပေးလိုက်ပါ။ အရှင်မင်းကြီးဘေးမှာ ဂရုစိုက်တတ်တဲ့သူရှိရင် မယ်တော်ကြီးလည်း စိတ်အေးရမှာဖြစ်ပြီး ရောဂါပျောက်ကင်းဖို့ ပိုအထောက်အကူ ဖြစ်ပါလိမ့်မယ်။ အဲဒါက မင်းရဲ့ကျေးဇူးဆပ်ခြင်းပါပဲ။"

ယဲ့ယွင် ကြားလိုက်ရသောအခါ မျက်ဝန်းအရောင်များ မှိန်ဖျော့သွားလေသည်။

အကယ်၍ သူမသာ မိဖုရားခေါင်ကြီး၏စကားကို နားထောင်ပြီး လူမမာမေး မသွားခဲ့လျှင် မနက်ဖြန်တွင် သူမအား မိဘမရိုသေသူဟူသော ခေါင်းစဉ်တပ်ခံရပေတော့မည်။

"မယ်မယ်ရဲ့ နားလည်ပေးမှုအတွက် ဒီချန်းချဲ့ အထူးကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီချန်းချဲ့ အရင်တစ်ခေါက်က အမှားလုပ်မိလို့ အပြစ်ပေးခံခဲ့ရပြီးပါပြီ။ အခုဆိုရင် နောက်ထပ်အမှားမလုပ်ရဲတော့ပါဘူး။ မယ်တော်ကြီး နေမကောင်းဖြစ်နေတဲ့အတွက် ဒီချန်းချဲ့က လူမမာမေးပြုစုပြီး ကျေးဇူးဆပ်သင့်ပါတယ်။ အရှင်မင်းကြီးဘေးမှာတော့ အစေခံတွေရှိပြီးသားပါ။ ဒီချန်းချဲ့က ညီမလေးတွေနဲ့အတူ မယ်တော်ကြီးကိုပဲ ပြုစုပါရစေ။"

မိဖုရားခေါင်ကြီးသည် ချက်ချင်း သဘောမတူသေးဘဲ လှည့်ကြည့်ကာ ခေတ္တမျှငေးစိုက်ကြည့်နေပြီးမှ ခေါင်းညိတ်လိုက်သည်။

"မင်းမှာ ဒီလို ကျေးဇူးသိတတ်တဲ့စိတ်ရှိမှတော့ ပန်ကုန်းက မင်းရဲ့ဆန္ဒကို မငြင်းပါဘူး။ ဒါပေမယ့် မင်းက တစ်ခါမှ မပြုစုဖူးသေးတော့ တခြားသူတွေဆီက အရင်သင်ယူလိုက်ဦး။"

"ဝမ်သယ့်ဖေးက အမြဲတမ်း ဂရုစိုက်တတ်ပြီး စေ့စပ်သေချာတယ်။ ဒီနေ့ နေ့လည်ပိုင်းမှာ သူက လူမမာစောင့်ရမှာဆိုတော့ မင်း သူ့ဆီမှာ သွားသင်လိုက်ပါ။ ပြုစုရတာ ကျွမ်းကျင်သွားမှ တခြားအစီအစဉ် လုပ်ပေးမယ်။"

"ဟုတ်ကဲ့၊ ဒီချန်းချဲ့ နာခံပါတယ်။ အခုပဲ ချီနင်နန်းဆောင်ကိုသွားပြီး ဝမ်သယ့်ဖေးနဲ့အတူ လူမမာစောင့်လိုက်ပါ့မယ်။"

ယဲ့ယွင် အရိုအသေပြုလိုက်၏။

မျက်လွှာချလိုက်ချိန်တွင် မျက်ဝန်းထဲမှ အေးစက်သော အကြည့်ကို ဖုံးကွယ်လိုက်သည်။

မိဖုရားခေါင်ကြီးသည် တမင်တကာလုပ်ခြင်းဖြစ်သည်။ သူမ သိသည်။ သူမ အပြစ်ပေးခံနေရစဉ် စားဖိုဆောင်ကိစ္စသည် ဝမ်သယ့်ဖေး၏ လက်ချက်ဖြစ်ကြောင်း မိဖုရားခေါင်ကြီး လူလွှတ်၍ ပြောပြခဲ့သည်ကို သူမ ပို၍ပင် သိနေသည်။

ထို့ကြောင့် ယနေ့ မိဖုရားခေါင်ကြီးက သူမအား ဝမ်သယ့်ဖေးထံတွင် လူမမာစောင့်နည်း သင်ယူရန် စီစဉ်ပေးခြင်းမှာ လူကို ရွံရှာစေရန် သက်သက်သာဖြစ်သည်။

ဝမ်သယ့်ဖေးကို စိတ်ပျက်စေသလို သူမကိုလည်း စိတ်ပျက်စေသည်။ မယ်တော်ကြီးကို ပို၍ပင် စိတ်ပျက်စေသည်။

အချစ်တော်နှစ်ယောက်လုံး မယ်တော်ကြီး မနှစ်သက်သူများ ဖြစ်ကြသည်။ အချင်းချင်း မုန်းတီးနေကြသည်က ထားပါတော့၊ မယ်တော်ကြီးက ဤမြေခွေးမနှစ်ကောင် အတူတူရှိနေသည်ကို မြင်လျှင် အသက်ရှူပင်ဝပါ့မလား မသိ။

သို့သော် မတတ်နိုင်ပေ၊ သွားရပေမည်။

မသွားလျှင် မိဖုရားခေါင်ကြီးက သူမကို အပြစ်တင်ရန် အကြောင်းပြချက် ပိုရသွားပေလိမ့်မည်။

ယခင်က မိဖုရားခေါင်ကြီးသည် ဤမျှ တမင်သက်သက် အခက်တွေ့အောင် လုပ်လေ့မရှိခဲ့ပေ။ ယခု သူမကို သတိထားစောင့်ကြည့်နေပြီဖြစ်ပုံရသည်။

ယနေ့ သူမနှင့်အတူ ပါလာသူမှာ နန်ကျစ်ဖြစ်သည်။

ဖုန်းရှီးနန်းဆောင်မှ ထွက်လာကတည်းက မျက်မှောင်ကြုတ်နေသော်လည်း ဘာမှဝင်မပြောပေ။ ဤကာလအတွင်း သူမ ရင့်ကျက်လာကြောင်း သိသာနေသည်။

ယဲ့ယွင် ကျေနပ်သွားသည်။ အပြင်တွင် စိတ်ပျက်စရာကိစ္စများ များပြားသော်လည်း အနီးနားရှိလူများ တိုးတက်လာခြင်းမှာ ကောင်းမွန်သောကိစ္စဖြစ်သည်။

တစ်လကြာ အပြစ်ပေးခံရခြင်းသည် အလကားမဖြစ်ခဲ့ပေ။

သခင်နှင့် အစေခံနှစ်ဦး ချီနင်နန်းဆောင် အပြင်ဘက်သို့ ရောက်သောအခါ လူမမာမေးရန် ရောက်လာသော ဝမ်သယ့်ဖေးနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံလေသည်။

အချိန်ကိုက်လိုက်တာဟု ယဲ့ယွင် စိတ်ထဲက ကျိန်ဆဲမိလိုက်သည်။ သို့သော် စည်းကမ်းတကျ ဂါရဝပြုလိုက်၏။

"ဒီချန်းချဲ့ မယ်မယ့်ကို ဂါရဝပြုပါတယ်။"

ဝမ်သယ့်ဖေးက သူမကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာပျက်သွားသည်။

သူမကို မမြင်ချင်ကြောင်း သိသာနေ၏။

အသက်ပြင်းပြင်း ရှူသွင်းပြီးမှ စိတ်ကို ငြိမ်အောင်ထားလိုက်သည်။

"ထပါ။ မင်ကျယ်ယွီက အပြစ်ပေးခံရတာပြီးသွားပြီဆိုရင် ကိုယ့်ဘာသာ ကောင်းကောင်းမနေဘဲ ဘာလို့ ဒီကိုရောက်လာတာလဲ။"

မနေ့က အရှင်မင်းကြီး ယွီရှို့အဆောင်သို့ သွားရောက်ကာ နေ့လည်စာ စားခဲ့သည်ကို သတိရလိုက်တိုင်း သူမ ဒေါသထွက်နေမိသည်။

ယခု မနက်စောစောစီးစီး ယဲ့ယွင်ကို တွေ့လိုက်ရသဖြင့် လူကို ဆွဲဖြဲပစ်ချင်စိတ်ပေါက်နေသည်။

"မိဖုရားခေါင်ကြီးက ဒီချန်းချဲ့ကို မယ်မယ်ဆီမှာ လူမမာစောင့်နည်းသင်ယူဖို့ အမိန့်ပေးလိုက်လို့ ဒီချန်းချဲ့ ဒီကို လာစောင့်နေတာပါ။"

ယဲ့ယွင်လည်း မကျေမနပ်ဖြစ်နေသဖြင့် လေသံမာမာဖြင့် ပြောလိုက်သည်။

ဝမ်သယ့်ဖေး စိတ်ပျက်သွားသည်။ သူမကို စိုက်ကြည့်လိုက်ပြီး မိဖုရားခေါင်ကြီးကို ပြဿနာမဟု စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။

သို့သော် လူက ရောက်လာပြီးပြီဖြစ်၍ ဝမ်သယ့်ဖေး ဘာမျှမပြောနိုင်တော့ပေ။ ရွံရှာသော်လည်း နည်းလမ်းမရှိ။

နှစ်ယောက်သား ချီနင်နန်းဆောင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။

ထိုအချိန်တွင် မယ်တော်ကြီးသည် နံနက်စာစားပြီးကာစဖြစ်ပြီး ဆေးသောက်၊ ဆေးထည့်ရမည့်အချိန် ဖြစ်သည်။

တံခါးဝမှ အသံကြား၍ လှမ်းကြည့်လိုက်သောအခါ ယဲ့ယွင်ပါ ပါလာသည်ကို တွေ့လိုက်ရသဖြင့် မယ်တော်ကြီး မျက်မှောင်ကြုတ်လိုက်သည်။

နှစ်ဦးသား အရိုအသေပြုပြီးသောအခါ မယ်တော်ကြီးက စကားစလိုက်၏။

"ဒီနေ့ ဘာလို့ နှစ်ယောက်ဖြစ်နေတာလဲ။ မင်ကျယ်ယွီက အပြစ်ပေးခံထားရတာ မဟုတ်ဘူးလား။"

မယ်တော်ကြီးသည် ယဲ့ယွင် အပြစ်ပေးခံထားရသည်ကိုသိသော်လည်း သူမက နေမကောင်းဖြစ်နေသဖြင့် ယဲ့ယွင် မည်သည့်အချိန်တွင် အပြစ်ပေးကာလ ပြီးဆုံးမည်ကို ပြောပြမည့်သူ မရှိခဲ့ပေ။

သို့သော် ဤကဲ့သို့သော မေးခွန်းမျိုးကို ထုတ်မမေးသင့်ပေ။ လူသိရှင်ကြား ပြောလိုက်ခြင်းသည် တစ်ဖက်သားကို အရှက်ရစေသည်။

ယဲ့ယွင် ပြန်မဖြေရသေးခင် ဝမ်သယ့်ဖေးက ဦးအောင် ပြောလိုက်လေသည်။

"မယ်တော်ကြီး မသိဘူးလား၊ မင်ကျယ်ယွီက ဒီနေ့ပဲ အပြစ်ပေးကာလ ပြီးတာပါ။ မနေ့က အရှင်မင်းကြီးတောင် ယွီရှို့အဆောင်ကိုကြွပြီး နေ့လည်စာ သုံးဆောင်ခဲ့ပါသေးတယ်။"

"အပြစ်လုပ်လို့ အပြစ်ပေးခံနေရတာတောင် မဆင်ခြင်ဘဲ အရှင်မင်းကြီးကို မြှူဆွယ်နေတယ်ပေါ့လေ။ အိုက်ကျားကြည့်ရတာ မင်းက အမှားကို သိပုံမရသေးဘူး။"

မယ်တော်ကြီးက အခွင့်ကောင်းယူပြီး ပြဿနာရှာလေသည်။ ယဲ့ယွင်ကို ချက်ချင်းပင် ခေါင်းစဉ်တပ်လိုက်၏။

မယ်တော်ကြီး နေမကောင်းဖြစ်နေ၍သာ ပြီးခဲ့သည့်စားဖိုဆောင်ကိစ္စကို အောက်ခြေလူများက မတင်ပြကြခြင်းဖြစ်သည်။ သို့မဟုတ်ပါက ဘာတွေများ ပြောဆိုဦးမည်ကို မခန့်မှန်းနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ ချန်မိသားစုမှ အမျိုးသမီးများကလွဲလျှင် မည်သူမျက်နှာသာပေးခံရသည်ဖြစ်စေ သူမ ကြည့်မရပေ။

"မယ်တော်ကြီး စိတ်လျှော့ပါ။ အရှင်မင်းကြီးက ပညာရှိမင်းမြတ်ပါ၊ မိန်းမလှည့်စားတာကို ဘယ်လိုလုပ် ခံရမှာလဲ။ မယ်တော်ကြီးရဲ့ ဆုံးမသွန်သင်မှုကြောင့် အရှင်မင်းကြီးက အမြဲတမ်း စည်းကမ်းသေဝပ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါတယ်။ မနေ့က နေ့လည်စာ လာစားတာကလည်း ဒီချန်းချဲ့က ကိုယ့်အပြစ်ကိုယ် ပြန်စဉ်းစားမိရဲ့လားဆိုတာ လာကြည့်တာပါ။ အခု အရှင်မင်းကြီးက ဒီချန်းချဲ့ကို ခွင့်လွှတ်ပေးလိုက်လို့ အပြစ်ပေးကာလ ပြီးဆုံးသွားပြီး မယ်တော်ကြီးကို ပြုစုဖို့ အခွင့်အရေးရလာတာပါ။"

ယဲ့ယွင် ဒူးထောက်လိုက်ပြီး ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။

ဆိုလိုရင်းမှာ ရှင်းပါသည်။ အရှင်မင်းကြီးက ပညာရှိမင်းမြတ် ဖြစ်သည်။ မယ်တော်ကြီး သင်ကြားပေးထားခြင်း ဖြစ်သည်။ မယ်တော်ကြီးက ကျွန်မကို မယုံကြည်ရင်တောင် ကိုယ့်သားရဲ့ စိတ်နေသဘောထားကိုတော့ ယုံကြည်ရမှာပေါ့။

ပြီးတော့ ကျွန်မ အပြစ်ပေးကာလ ပြီးသွားတာက အရှင်မင်းကြီး ကိုယ်တိုင်လာကြည့်ပြီး ခွင့်ပြုပေးလိုက်လို့ပါ။ အရှင်မင်းကြီးကတောင် ကျွန်မမှာ အပြစ်မရှိတော့ဘူးလို့ ပြောနေတာ၊ မယ်တော်ကြီးက အရှင်မင်းကြီးရဲ့အလိုဆန္ဒကို ဆန့်ကျင်ချင်လို့လား။

မယ်တော်ကြီးသည် နန်းတွင်း၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်ရာ ဤအဓိပ္ပာယ်ကို နားမလည်ဘဲ မနေနိုင်ပေ။

ထို့ပြင် ယဲ့ယွင်က မယ်တော်ကြီး၏ ဆုံးမသွန်သင်မှုကြောင့်ဟုပြောထားရာ သူမသည် အရှင်မင်းကြီး၏ဂုဏ်သိက္ခာကို ထည့်မတွက်လျှင်တောင် ကိုယ့်ဂုဏ်သိက္ခာကိုတော့ ထည့်တွက်ရပေမည်။

"ဟွန်း၊ မင်းက စကားတော့ တတ်သားပဲ။ ထတော့။"

"ကျေးဇူးတင်ပါတယ် မယ်တော်ကြီး။"

ယဲ့ယွင် ထရပ်လိုက်သည်ကို ကြည့်ရင်း ဝမ်သယ့်ဖေး၏ မျက်ဝန်းအရောင်များ ရင့်သွားလေသည်။

ယဲ့မျိုးရိုးကို အထင်သေး၍ မရပေ။ စကားနည်းနည်းလေးနှင့် အခြေအနေကို ဖြေရှင်းသွားနိုင်ခဲ့သည်။

မယ်တော်ကြီးသည် ဤကိစ္စကို လွှတ်ပေးလိုက်သော်လည်း အခြားကိစ္စတစ်ခုဖြင့် ဒုက္ခပေးပြန်သည်။

ဥပမာအားဖြင့် ယခုအချိန်တွင် ယဲ့ယွင်အား ဆေးလဲပေးရန်နှင့် ဒဏ်ရာကို ဆေးကြောပေးရန် ခိုင်းစေခြင်း ဖြစ်သည်။

ဒဏ်ရာမှာ ခြေသလုံးတွင်ဖြစ်သည်။

အမှန်တွင် ပြင်ပဒဏ်ရာ မရှိဘဲ အတွင်းရိုး ကျိုးသွားခြင်းသာဖြစ်သည်။ တစ်လကြာ ကုသထားသော်လည်း တိုင်းရင်းဆေး၏ အာနိသင်မှာ နှေးကွေးသဖြင့် ခြေသလုံးတစ်ခုလုံး ဖောရောင်နေဆဲ ဖြစ်သည်။

ယဲ့ယွင်က ခြေထောက်ကို သုတ်ပေးနေစဉ် မယ်တော်ကြီးသည် နာကျင်သယောင်ဆောင်ကာ ရှောင်တိမ်းလိုက်ပြီး ယဲ့ယွင်၏ နဖူးကို ခြေထောက်ဖြင့် ကန်လိုက်လေသည်။

ခြေထောက် နာနေသေးသဖြင့် ကန်အား သိပ်မပြင်းသော်လည်း ယဲ့ယွင်မှာ အကာအကွယ်မဲ့နေသဖြင့် ယိုင်နဲ့သွားရသည်။

သူမသည် မျက်နှာကို ခြေထောက်ဖြင့် အကန်ခံရခြင်းမျိုး တစ်ခါမျှ မကြုံဖူးပေ။ လက်ထဲမှ ပုဝါကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အံကိုကြိတ်ကာ ခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် စိတ်ထိန်းထားလိုက်ရသည်။

မယ်တော်ကြီးသည် သူမ ပြန်ပြောမည့်အချိန်ကို စောင့်နေသည်။ သို့မှသာ အခွင့်ကောင်းယူပြီး အပြစ်ပေးနိုင်မည် ဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ ယဲ့ယွင်သည် လျင်မြန်စွာ ဒူးထောက်ချလိုက်သည်။

"ဒီချန်းချဲ့က ပထမဆုံးအကြိမ် ပြုစုဖူးတာဆိုတော့ လက်ကြမ်းခြေကြမ်းဖြစ်သွားပြီး မယ်တော်ကြီးကို နာကျင်စေမိပါတယ်။ မယ်တော်ကြီး ခွင့်လွှတ်ပေးပါ။"

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-142

အခန်း ၁၄၂ ။ ကောင်းလိုက်တဲ့အကွက်

"ဒီလောက်ကိစ္စလေးတောင် ကောင်းကောင်းမလုပ်နိုင်ဘဲနဲ့ အရှင်မင်းကြီးကို ဘယ်လိုလုပ် ပြုစုမလဲ။"

မယ်တော်ကြီးက အသံနိမ့်နိမ့်ဖြင့် ငေါက်ငမ်းလိုက်သည်။

"ငါ့အတွက် လက်ဖက်ရည်တစ်ခွက် သွားငှဲ့ပေးစမ်း။ သယ့်ဖေး... မင်းလာပြီး ငါ့ကို ဆေးလိမ်းပေး။"

ယဲ့ယွင်သည် ဒေါသကို မြိုသိပ်လျက် လက်ဖက်ရည်ငှဲ့ရန် အပြင်ခန်းသို့ ထွက်သွားလေသည်။

အခိုင်းခံရသော ဝမ်သယ့်ဖေး၏ မျက်နှာထားမှာလည်း သိပ်မကောင်းလှပေ။ ဆေးဘူးကိုလှမ်းယူပြီး မယ်တော်ကြီးကို ဆေးလိမ်းပေးရ၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် မည်သူမျှ ဤအမယ်အိုကြီးကို မပြုစုလိုကြပေ။

အမှန်တကယ်တွင် မယ်တော်ကြီးသည် အသက်လေးဆယ်ကျော်သာ ရှိသေးသည်။ ၁၇နှစ်အရွယ်တွင် ယခင်အရှင်မင်းကြီးကို ဆက်သခံရပြီး အသက်နှစ်ဆယ်တွင် နင်ချန်ကို မွေးဖွားခဲ့ရာ ယခုမှ လေးဆယ့်သုံးနှစ်သာ ရှိသေး၏။

ခန္ဓာကိုယ်ကို ကောင်းစွာ ထိန်းသိမ်းထားသဖြင့် အသားအရေမှာ နူးညံ့နေဆဲဖြစ်ပြီး အပြင်ပန်းကြည့်လျှင် ကျက်သရေရှိသော အမျိုးသမီးကြီး တစ်ဦးသာ ဖြစ်သည်။

သို့သော် ယခုနှစ်ပိုင်းများတွင် မယ်တော်ကြီး၏ စိတ်နေသဘောထားမှာ ပို၍ ဆိုးရွားလာသည်။ အမြဲတမ်း မကျေမနပ်ဖြစ်နေပြီး မည်သူ့ကိုကြည့်ကြည့် အမြင်ကပ်နေတတ်ရာ တဖြည်းဖြည်းနှင့် ရုပ်ရည်ပါ အဆိပ်ပြင်းကာ ရက်စက်မည့်ပုံ ပေါက်လာတော့သည်။

ကြည့်လိုက်ရုံဖြင့် အနားမကပ်ချင်စရာ ကောင်းနေ၏။

နင်ချန်ကဲ့သို့ သားတစ်ယောက်ကို ဤသို့သော အမျိုးသမီးက မွေးဖွားလာသည်ဟု ယဲ့ယွင် စဉ်းစား၍ပင် မရပေ။ အမှန်တကယ်တော့ သားအမိနှစ်ယောက်၏ မျက်လုံးနှင့် နှာခေါင်းမှာ အတော်လေး တူညီကြသော်လည်း ကျန်သည့်အရာများကတော့ မတူကြချေ။

စရိုက်ကို ကြည့်ရသည်မှာလည်း သိပ်မတူပေ။ နင်ချန်သည် ယခင်ကွယ်လွန်သွားသော ဧကရာဇ်နှင့် ပိုတူမည်ဟု ခန့်မှန်းရသည်။

ယဲ့ယွင်သည် စိတ်ခံစားချက်ကို အနည်းငယ် ချိန်ညှိပြီးမှ လက်ဖက်ရည်ခွက်ကိုကိုင်ကာ အတွင်းခန်းသို့ ဝင်လာခဲ့သည်။

မယ်တော်ကြီးသည် လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ပြီး အပြစ်ရှာရန် ရည်ရွယ်ထားသော်လည်း ယဲ့ယွင်ငှဲ့ပေးသော လက်ဖက်ရည်မှာ မပူလွန်း မအေးလွန်းဘဲ သောက်ရန် အနေတော် ဖြစ်နေသဖြင့် ဘာမှမပြောသာတော့ဘဲ လက်လျှော့လိုက်ရသည်။

နှစ်ငုံခန့် သောက်ပြီးနောက် ဘေးဖယ်ထားလိုက်၏။

ထိုအချိန်တွင် ဆေးကျိုသော နန်းတွင်းအပျိုတော်လေး ဝင်ရောက်လာသည်။ လင်ဗန်းထဲတွင် မည်းနက်နေသော တိုင်းရင်းဆေးရည် တစ်ပန်းကန်နှင့် အချိုစားရန် သစ်သီးယိုစုံ ထည့်ထားသော သေတ္တာလေး ပါလာသည်။

ဝမ်သယ့်ဖေးသည် ဇွန်းဖြင့်ဆေးရည်ကိုခပ်ကာ ဘေးမှ ပန်းကန်လုံးအသေးထဲသို့ ထည့်လိုက်ပြီး အပူချိန်ကို စမ်းကြည့်သည်။ ထို့နောက်မှ ဆေးပန်းကန်ကိုကိုင်လျက် ကုတင်စွန်းတွင် ဝင်ထိုင်ကာ မယ်တော်ကြီးကို ဇွန်းဖြင့် တစ်ဇွန်းချင်း တိုက်လေသည်။

ယဲ့ယွင် ဘေးမှကြည့်ရင်း ပန်းကန်လုံးလိုက်မော့ပြီး တစ်ခါတည်း သောက်လိုက်လျှင် မကောင်းဘူးလားဟု တွေးနေမိသည်။ ဖြည်းဖြည်းချင်းသောက်နေတော့ အကြာကြီး ခါးနေရသည်မဟုတ်လား။

သို့သော် ဤစကားကို သူမ ထုတ်မပြောပေ။ စောစောက မယ်တော်ကြီးသည် မလိုတမာဖြင့် ရန်ရှာခဲ့သဖြင့် သူမအနေဖြင့် မယ်တော်ကြီး ခါးတာကို ကြာကြာခံစားစေချင်သည်။ သို့မှသာ အားအင်ကုန်ခမ်းပြီး နေ့တိုင်း ထ,သောင်းကျန်းနေသည်များ လျော့ပါးသွားပေမည်။

ဆေးခါးကြီးကြောင့် မယ်တော်ကြီး အမှန်တကယ်ပင် နေရခက်သွားပုံရသည်။ ယဲ့ယွင် ပေးသော ဇီးယိုနှစ်လုံးကိုစားပြီးနောက် ပြန်လှဲအိပ်သွားလေသည်။

သို့သော် သူမ အနားယူနေသည့်တိုင် ထိုနှစ်ယောက်ကို သွားရောက်နားနေခွင့်မပေးဘဲ အပြင်ခန်းသို့ မောင်းထုတ်ကာ ဘုရားစာကူးရေးခိုင်းလေသည်။

မယ်တော်ကြီး ကျန်းမာစေရန် ဆုတောင်းပေးခြင်းဖြစ်သည်တဲ့။

ထိုသို့ ကူးရေးနေရင်း နောက်ထပ် သုံးနာရီခန့် ကုန်ဆုံးသွားပြီး မယ်တော်ကြီးမှာမူ အခန်းထဲတွင် အိပ်ပျော်နေ၏။

မည်သို့ပင်ဆိုစေ ဒဏ်ရာရထားသူမို့ အားအင်မပြည့်ဝရှာပေ။

အပြင်ဘက်မှ နှစ်ယောက်သား စာကူးရလွန်း၍ လက်ကောက်ဝတ်များ ကိုက်ခဲလာချိန်တွင် မယ်တော်ကြီး နေ့လည်စာ သုံးဆောင်မည့်အချိန် ရောက်လာပြန်သဖြင့် အထဲသို့ဝင်ကာ ပြုစုပေးရပြန်သည်။

မယ်တော်ကြီးသည် ကုတင်ပေါ်မှဆင်းရန် အဆင်မပြေသဖြင့် နန်းတွင်းရေးရာဌာနမှ လုပ်ပေးထားသော စားပွဲငယ်လေးကို ကုတင်ပေါ်တင်ကာ စားသောက်ရသည်။

နန်းတော်စည်းကမ်းအရ နေမကောင်းဖြစ်နေချိန်တွင် အရသာလေးလံသော အစားအစာများကို ရှောင်ကြဉ်ရပြီး အများအားဖြင့် ပေါင်းထား၊ ပြုတ်ထားသော အရသာပေါ့ပါးသည့် ဟင်းလျာများကိုသာ စားသုံးရသည်။

မယ်တော်ကြီးသည် ဤအစားအစာများကို မနှစ်သက်ကြောင်း သိသာလှသည်။ သူမသည် အသားကြိုက်ပြီး စပ်သောအရသာကို နှစ်သက်သူဖြစ်သည်။

ဝက်နံရိုးပေါင်းနှင့် ဂေါ်ဖီထုပ်ပြုတ်ရည်ကို ကြည့်ရင်း သူမ စိတ်ပျက်နေ၏။

"စားဖိုဆောင်က လူတွေ ဘယ်လို ချက်ပြုတ်နေကြတာလဲ။ ဒီလိုအစားအစာမျိုးကို ငါက ဘယ်လိုလုပ် မြိုချလို့ရမှာလဲ။"

မယ်တော်ကြီးသည် တူဖြင့် သူမနှင့် အနီးဆုံးရှိ ကြက်သားအစာသွပ် တို့ဟူးဟင်းပွဲကို အားပါပါဖြင့် ထိုးဆွရင်း ဒေါသတကြီး ပြောလိုက်သည်။

ဖူကျစ်က အလျင်အမြန် ဒူးထောက်ကာ ဖျောင်းဖျလေသည်။

"မယ်တော်ကြီး စိတ်လျှော့ပါ၊ သမားတော်ကြီးက မှာထားပါတယ်၊ အစပ်တွေ မစားရပါဘူးတဲ့။ စားမိရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီဟင်းပွဲတွေကိုလည်း စားဖိုဆောင်က ဂရုတစိုက် ချက်ပြုတ်ထားတာပါ။ မယ်တော်ကြီးရဲ့ ကျန်းမာရေးအတွက် နည်းနည်းလောက်တော့ သုံးဆောင်ပါဦး။ ဒီလကုန်သွားရင် အစားအစာထဲမှာ အစပ်အရသာ နည်းနည်းပြန်ထည့်လို့ရပါပြီ။"

ဝမ်သယ့်ဖေးလည်း ဒူးထောက်လိုက်ရာ ယဲ့ယွင်လည်း လိုက်ပါဒူးထောက်လိုက်သည်။ သို့သော် နှစ်ယောက်စလုံး စကားဝင်မပြောကြပေ။

ဝမ်သယ့်ဖေး၏ ထုံထိုင်းအေးစက်သော မျက်နှာထားကို ကြည့်ခြင်းအားဖြင့် မယ်တော်ကြီး ဤသို့ သောင်းကျန်းသည်မှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိနိုင်သည်။

ထင်သည့်အတိုင်းပင် တစ်မီးရှို့ကြာမျှ တင်းခံနေပြီးနောက် မယ်တော်ကြီးသည် ဒေါသကိုအောင့်အီးကာ ထမင်းတစ်ပန်းကန်ဝက်ကို စားလိုက်သည်။

ထိုအချိန်တွင် ဖူကျစ်က ကိုယ်လုပ်တော်နှစ်ပါး ထမင်းမစားရသေးကြောင်း လိမ္မာပါးနပ်စွာ သတိပေးလိုက်၏။

မယ်တော်ကြီးက သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး စားပွဲကိုညွှန်ပြကာ ပြောလိုက်သည်။

"ဒီဟင်းတွေကို ငါ သိပ်မစားရသေးဘူး၊ လွှင့်ပစ်လိုက်ရင် နှမြောစရာကြီး။ မင်းတို့နှစ်ယောက်ကို ဆုချလိုက်မယ်။ စားဖိုဆောင်ကနေ ထပ်ပို့ခိုင်းမနေနဲ့တော့၊ အပြင်ထွက်ပြီး သွားစားကြချေ။"

ကိစ္စများ ဤအခြေအနေသို့ ရောက်လာသောအခါ ယဲ့ယွင် စိတ်ပျက်သွားလေသည်။

နန်းတော်ထဲတွင် အစားအစာဆုချသည်ဟူသော ထုံးစံရှိသော်လည်း အများအားဖြင့် စားဖိုဆောင်မှ အသစ်ချက်ခိုင်းပြီး ဆုချလေ့ရှိသည်။ သို့မဟုတ်ပါကလည်း တူဖြင့်မထိရသေးသော ဟင်းပွဲများကိုသာ ပေးလေ့ရှိသည်။

ထိုးဆွခံထားရ၍ ကြေမွနေသော ကြက်သားအစာသွပ် တို့ဟူးအကြောင်း မပြောနှင့်ဦး၊ အခြားဟင်းပွဲများလည်း မွှေနှောက်ခံထားရသည်။ ဟင်းကျန်တာ များသည်ဆိုသော်လည်း... ကိုယ်လုပ်တော်များကို ဆုချစရာလား။

ထို့ပြင် ဝမ်သယ့်ဖေးနှင့် ယဲ့ယွင်သည် အမြဲတမ်း အလိုလိုက်ခံရသော အချစ်တော်များဖြစ်ကြရာ ဤကဲ့သို့သော အစားအစာများကို ဘယ်လိုလုပ်စားနိုင်ပါ့မလဲ။

သို့သော် မယ်တော်ကြီး၏ ဆုလာဘ်သည် ဂုဏ်ပြုခြင်းတစ်မျိုးဖြစ်၍ ငြင်းပယ်၍မရပေ။

ကြည့်ရသည်မှာ သူတို့ကို ထမင်းမစားစေချင်၍ တမင်သက်သက်လုပ်ခြင်းပင်။

ဖူကျစ်သည် မျက်နှာပျက်နေပြီး မယ်တော်ကြီးကို ဖျောင်းဖျချင်နေသည်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ယောက်က သာမန်ကိုယ်လုပ်တော်တွေ မဟုတ်ကြဘူးလေ။ သေလောက်အောင် အငြိုးထားနေရင် ဘာကောင်းကျိုးရှိမှာလဲ။

သို့သော် မယ်တော်ကြီးက သူမကို လုံးဝမကြည့်ဘဲ မျက်လုံးမှိတ်ကာ အနားယူနေလိုက်သည်။

ဝမ်သယ့်ဖေး၏မျက်နှာထားမှာ ယင်ကောင်ကို မြိုချမိထားသကဲ့သို့ ရုပ်ဆိုးနေပြီး ယဲ့ယွင်၏မျက်လုံးများမှာမူ လူသတ်ချင်နေသည့်အလား စူးရှနေသည်။ သို့သော်လည်း စားပွဲပေါ်မှ အစားအစာများကို အပြင်ခန်းသို့ သယ်ထုတ်သွားရန် အမိန့်ပေးလိုက်ရသည်။

သေချာပေါက် ဘာမှမစားကြပေ။

သို့သော် ဖူကျစ်က မုန့်ပဲသရေစာ အနည်းငယ်နှင့် လက်ဖက်ရည်ကောင်းကောင်း နှစ်အိုးကို လာချပေးသဖြင့် ဗိုက်ဆာပြေသွားကြသည်။

ယဲ့ယွင် အမှန်တကယ် နားမလည်နိုင်ပေ။ ဒီလိုရက်မျိုးတွေ တစ်လတောင်ကြာနေပြီကို လူမမာမေးတဲ့ကိစ္စကနေ ရှောင်ထွက်ဖို့ ဘယ်သူမှ နည်းလမ်းမရှာကြဘူးလား။

နည်းလမ်းမရှိ၍တော့ မဟုတ်ပေ။ သို့သော် တစ်ချက်က ယခုခေတ်အမျိုးသမီးများသည် ယောက္ခမနှင့် ချွေးမကြားက ကျင့်ဝတ်များဖြင့် ချည်နှောင်ခံထားရသည်။ မလိုလားသော်လည်း မလာဘဲမနေရဲကြပေ၊ အတင်းအဖျင်း ပြောခံရမည်ကို ကြောက်ကြသည်။ နောက်တစ်ချက်ကတော့ ကိုယ်တိုင်ပင်ပန်းခံပြုစုနေကြောင်း အရှင်မင်းကြီး မြင်သွားပါက မျက်နှာသာပေးခံရနိုင်သည်ဟု တွေး၍ ဖြစ်သည်။

သို့သော် ဤအချက်နှစ်ချက်လုံးသည် ယဲ့ယွင် ဂရုစိုက်သောအရာများ မဟုတ်ပေ။

ထို့ကြောင့် သူမသည် ဒီအနိုင်ကျင့်မှုကို သည်းမခံနိုင်ပါ!

နောက်ဆုံးတွင် ညရောက်လာသည်။ မယ်တော်ကြီး ညစာစားချိန်တွင် ဖန်းရှိုးရီ လာရောက်စောင့်ရှောက်လေသည်။

မယ်တော်ကြီး ဒေါသထွက်နေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ နေ့လည်ပိုင်းတွင် မြေခွေးမနှစ်ကောင်၊ ညပိုင်းကျတော့ ရန်သူဟောင်းကြီး၏တူမ... ကျွတ် ကျွတ် ကျွတ်... ဒီလိုနဲ့ ရောဂါပျောက်ပါ့မလား။

တခြားသူသာဆိုလျှင် တွေ့လိုက်ရုံနှင့် ဒေါသထွက်ပြီး ရောဂါပိုဆိုးလာလောက်သည်။

ဤအချိန်တွင် ယဲ့ယွင်ပင်လျှင် မယ်တော်ကြီးကို မချီးကျူးဘဲ မနေနိုင်တော့ပေ။ မကြိုက်တဲ့လူကို နှိပ်စက်ဖို့အတွက် ကိုယ့်ဘာသာ စိတ်ဆင်းရဲခံပြီး ဒေါသထွက်ခံနိုင်စွမ်းရှိပေသည်။

......

ယွီရှို့အဆောင်သို့ ပြန်ရောက်သောအခါ ယဲ့ယွင် ဘာမှမပြောဘဲ ညစာ အရင်ပြင်ခိုင်းလိုက်သည်။

ငါးလုပ်၊ ခြောက်လုပ်ခန့်စားပြီးမှ စကားပြောရန် အားရှိလာတော့သည်။

"လုကျီကို ခေါ်လိုက်၊ ငါ သူ့ကို မေးစရာရှိတယ်။"

"ဟုတ်ကဲ့။"

ဟွေယွဲ့က ပြန်ဖြေပြီး အပြင်ထွက်ခေါ်လိုက်၏။

မကြာမီ နှစ်ယောက်သား အခန်းထဲ ဝင်လာကြသည်။

လုကျီက ပြုံးလျက် ဂါရဝပြုလိုက်သည်။

"ကျယ်ယွီကို ဂါရဝပြုပါတယ်။ ကျွန်မကို ဘာကိစ္စများ ခိုင်းစရာရှိလို့ပါလဲ။"

"ထပါ။ ငါ့ကို ပြောပြစမ်း၊ ပြီးခဲ့တဲ့ တစ်လအတွင်း ဘယ်သူက အရှင်မင်းကြီးရဲ့ အိပ်ဆောင်ဝင်ခွင့် အများဆုံးရခဲ့လဲ။ အရှင်မင်းကြီးက ဘယ်သူ့ဆီတွေ သွားခဲ့လဲ။"

ယဲ့ယွင် မေးလိုက်သည်။

"ကျယ်ယွီ မေးမယ်ဆိုတာ ကျွန်မ သိလို့ အထူးသတိထားပြီး မှတ်ထားပါတယ်။"

လုကျီက ဟီးခနဲ ရယ်လိုက်ပြီး အသေးစိတ် ရေတွက်ပြလေသည်။

"ဒီတစ်လအတွင်း အရှင်မင်းကြီးက ကိုယ်လုပ်တော်ဆောင်တွေကို ဆယ်ခေါက်ကြွပါတယ်။ ကိုယ်လုပ်တော်တွေကို ကျိုချန်နန်းဆောင်ဆီ ငါးခေါက်ခေါ်ပါတယ်။"

"မိဖုရားခေါင်ကြီးဆီ နှစ်ခေါက်သွားပါတယ်။ တစ်ခေါက်က လလယ်ရက်မို့လို့ ညအိပ်ပါတယ်။ ဒုတိယတစ်ခေါက်က နေ့လည်စာစားရင်း ကိုယ်ဝန်ဆောင်ထားတဲ့ ယန်ချိုက်နွီကို ကြည့်ဖို့ သွားတာပါ။ ဝမ်သယ့်ဖေးဆီကို နှစ်ခေါက်သွားပါတယ်။ တစ်ခေါက်က နေ့လည်စာ၊ တစ်ခေါက်က ညစာပါ၊ ညတော့ မအိပ်ပါဘူး။ ရှူးဖေးဆီ တစ်ခေါက်သွားတယ်၊ ဒါပေမယ့် ညဘက်မှာ ကျန်းချိုက်ရန်က အိပ်ဆောင်ဝင်ခွင့် ရပါတယ်။ ဝမ်ရှိုးယွမ်ဆီ တစ်ခေါက်သွားတယ်၊ ညမအိပ်ပါဘူး။ ယိကျယ်ယွီဆီ နှစ်ခေါက်သွားတယ်၊ ဖန်းရှိုးရီဆီ တစ်ခေါက်သွားပြီး ညအိပ်ပါတယ်။ ပြီးတော့ ကျယ်ယွီ့ဆီကို တစ်ခေါက် လာပါတယ်။"

"ကျိုချန်နန်းဆောင်ကို ခေါ်တာကတော့ ကျန်းချိုက်ရန် တစ်ခေါက်၊ ရှမိန်ရန် နှစ်ခေါက်၊ စုမိန်ရန် တစ်ခေါက်၊ ကျိုးချိုက်ရန် တစ်ခေါက်..."

ဤသတင်းများကို နားထောင်ပြီးနောက် အလွယ်တကူပင် ခွဲခြားသိမြင်နိုင်သည်။ ဒီလအတွင်း အိပ်ဆောင်ဝင်ခွင့်ရသူများမှာ ရာထူးနိမ့်သော ကိုယ်လုပ်တော်များဖြစ်ပြီး ပုံမှန်အားဖြင့် မျက်နှာသာ သိပ်မပေးခံရသူများ ဖြစ်ကြသည်။

ယဲ့ယွင်၏မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် အေးစက်စက် ပြုံးလိုက်မိသည်။

မိဖုရားခေါင်ကြီးက ဘာကြောင့် လူအများကြီးကို လူမမာမေးဖို့ ဆွဲထည့်ရတာလဲဆိုတာ သူမ သဘောပေါက်သွားပြီ။ မျက်နှာသာပေးခံရသူတွေအားလုံး အလုပ်ရှုပ်နေကြတော့ အရှင်မင်းကြီးက သူတို့ကို အိပ်ဆောင်ခေါ်လို့မရဘဲ အောက်ခြေက ကိုယ်လုပ်တော်တွေဆီ ရောက်သွားရခြင်း ဖြစ်သည်။

တကယ့်ကို 'သဘောထားပြည့်ဝပြီး ကောင်းမွန်ပါပေတယ်' ဟူသော ဂုဏ်ပုဒ်ကို ရယူရင်း တပြိုင်နက်တည်းမှာပင် မျက်နှာသာပေးခံရသော ကိုယ်လုပ်တော်များကို နှိပ်စက်လိုက်ခြင်းပင်။

All Chapters