အခန်း (၁၄၃-၁၄၄)
Vol. 9 Ch. 143-144
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-143
အခန်း ၁၄၃ ။ ဒီအနိုင်ကျင့်မှုကို လက်မခံနိုင်ပါ
သေချာစဉ်းစားကြည့်လျှင် ကျန်းမျိုးရိုးသည် ရှူးဖေး၏ထောက်ခံမှုကြောင့်ဖြစ်ပြီး၊ ရှမျိုးရိုးမှာမူ ကိုယ်ပိုင်အရည်အချင်းကြောင့် ဖြစ်ပေသည်။ စူးမျိုးရိုးသည် မိသားစုအရှိန်အဝါကြောင့်ဖြစ်ကာ ကျိုး
မျိုးရိုးမှာမူ သူမကြောင့်( ယဲ့ယွင်မြှောက်စားပေးတဲ့တစ်ယောက်ပါ) ဖြစ်တန်ရာ၏။
"ကဲ... လုကျီ ဒီတစ်ခေါက် လုပ်တာ ကောင်းတယ်။ ငါ နင့်ကို ငွေမဆုချတော့ဘူး။ ငါ့ရဲ့ လက်ဝတ်ရတနာသေတ္တာထဲက ကြိုက်တဲ့ဆံထိုးတစ်ချောင်း သွားရွေးလိုက်၊ နင်ကြိုက်တာ ယူ။"
ယဲ့ယွင်သည် ပြုံးလျက် လက်ကာပြပြီး နန်ကျစ်အား လက်ဝတ်ရတနာသေတ္တာ ယူလာရန် မှာကြားလိုက်၏။
အခြားနေရာမှ အစေခံများသာဆိုလျှင် အားနာဟန်ပြ၍ ထိတ်လန့်တကြား ငြင်းဆန်ကြပေလိမ့်မည်။ သို့သော် ယွီရှို့အဆောင်မှ အစေခံများသည် သခင်မ၏ရက်ရောမှုကို မြင်သားကျနေပြီဖြစ်၍ ဝမ်းသာအားရဖြစ်သွားကြသော်လည်း လောဘကြီးသူများ မဟုတ်ကြပေ။ စည်းကမ်းတကျ ကျေးဇူးတင်စကားဆိုပြီးနောက် စိမ်းမြသော ကျောက်စိမ်းဆံထိုးတစ်ချောင်းကို ရွေးယူလိုက်လေသည်။
အမှန်တကယ်တွင် လုကျီသည် ဈေးနည်းနည်းပေါမည့်အရာကို ရွေးချင်သော်လည်း ယဲ့ယွင်၏ ပစ္စည်းများထဲတွင် မကောင်းသည့်ပစ္စည်းဟူ၍ မရှိပေ။ ထို့ကြောင့် ဤကျောက်စိမ်းဆံထိုးသည်လည်း အဆင့်မြင့်ပစ္စည်းဖြစ်ပြီး သာမန်အိမ်မှမိန်းကလေးများအတွက် လက်ဖွဲ့အဖြစ် သိမ်းဆည်းထားပါက မျက်နှာပန်းလှမည့်အရာဖြစ်သည်။
လုကျီကို ဆုချပြီးနောက် ယဲ့ယွင်သည် အခြားသူများကိုပါ ပြောလိုက်၏။
"နင်တို့ အားကျမနေနဲ့။ ငါ့ဆီမှာ အလုပ်လုပ်ရင် အလုပ်ကိုသေသပ်အောင်လုပ်ပြီး သစ္စာရှိသရွေ့ ဒီလိုအရာမျိုးတွေက နင်တို့အတွက် မရှားပါဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးကြိုးစားစားလုပ်ကြ။ နင်တို့ အိမ်ထောင်ပြုတဲ့အခါကျရင် ငါက မင်္ဂလာလက်ဖွဲ့ထည့်ပေးဦးမှာ။"
"ဟုတ်ကဲ့ပါ၊ ကျွန်မတို့ ကျယ်ယွီ့ကို သစ္စာရှိရှိနဲ့ အလုပ်ကြိုးစားပါ့မယ်။"
အခန်းထဲရှိ အစေခံမိန်းကလေးများက တညီတညွတ်တည်း ဂါရဝပြုလိုက်ကြသည်။
နန်းတော်တစ်ခုလုံးတွင် ယဲ့ယွင်ကဲ့သို့ ရက်ရောသောသခင်မျိုး နောက်ထပ်ရှာတွေ့နိုင်မည် မဟုတ်ပေ။ ယွီရှို့အဆောင်တွင် အလုပ်လုပ်ရသည်ကို လူအများက အားကျကြပြီး သူတို့အားလုံးကလည်း သစ္စာရှိလိုစိတ်ပြင်းပြကြသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ဒုတိယတန်းစား အစေခံများကို ပြန်လွှတ်လိုက်သည်။
ထမင်းကို ဖြည်းဖြည်းချင်းစားရင်း သူမ၏ အနီးကပ်အစေခံ နှစ်ဦးနှင့် စကားပြောလိုက်၏။
"မယ်တော်ကြီး နေမကောင်းဖြစ်တော့ နန်းတွင်းကိုယ်လုပ်တော်တွေကို ဒုက္ခပေးနေတာ တစ်လတိတိ ရှိသွားပြီ။ မယ်တော်ကြီးက တိုင်းပြည်ရဲ့မယ်တော်ဆိုပေမယ့် တိုင်းပြည်အတွက် အရေးအကြီးဆုံးက အရှင်မင်းကြီးလေ။ မယ်တော်ကြီးဆီမှာ ပြုစုမယ့်အစေခံတွေ အများကြီးရှိတယ်။ ကိုယ်လုပ်တော်တွေက အရှင်မင်းကြီးကို မပြုစုရင် နန်ချီနန်းဆက်အတွက် ဘယ်လိုလုပ် သားသမီးရတနာတွေ မွေးဖွားပေးနိုင်မှာလဲ။"
"ကျေးဇူးဆပ်တယ်ဆိုရင်တောင် ဒီတစ်လဆို လုံလောက်ပါပြီ။ ကိုယ်လုပ်တော်တွေအကုန်လုံး လူမမာမေး သွားနေကြတော့ နန်းတော်တစ်ခုလုံးမှာ အရှင်မင်းကြီး စိတ်တိုင်းကျတဲ့သူ ရှာမတွေ့တော့ဘူး။ အရှင်မင်းကြီးခမျာ သနားစရာကောင်းရှာတယ်။"
ဟွေယွဲ့နှင့် နန်ကျစ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သခင်မ ဘာလုပ်ချင်နေသည်ကို သဘောပေါက်သွားကြသည်။
"ဒါပေမယ့် ဒီစကားတွေကို ကျွန်မတို့ဘက်က ပြောဖို့ မသင့်တော်ဘူးလေ။ ပြောလိုက်ရင် မယ်တော်ကြီးကို စော်ကားရာရောက်ပြီး မိဘမရိုသေဘူးဆိုတဲ့ ခေါင်းစဉ် တပ်ခံရလိမ့်မယ်။"
ဟွေယွဲ့က မျက်မှောင်ကြုတ်လျက် ပြောသည်။
ယဲ့ယွင် နှုတ်ခမ်းထောင့်ကွေးကာ ပြုံးလိုက်၏။
"မယ်တော်ကြီးက သူ့ဆွေမျိုးတွေစကားဆို အမြဲနားထောင်တယ် မဟုတ်လား။ မယ်တော်ကြီးက အလိုက်ကမ်းဆိုး မသိပေမယ့် နိုင်ငံရေးလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ယင်းကော်ကုန်းကတော့ အလိုက်ကမ်းဆိုးမသိဘဲ နေပါ့မလား။"
နန်ကျစ် မျက်လုံးအရောင် လက်သွားသည်။
"ကျယ်ယွီ ဆိုလိုတာက... နန်းတော်ပြင်ပကနေ ဖိအားပေးခိုင်းမလို့လား။"
"မကြာခင် ငါ့မွေးနေ့ ရောက်တော့မယ်လေ။ ငါ့မွေးနေ့ဆိုတာ ငါ့အမေ ဒုက္ခခံခဲ့ရတဲ့နေ့မို့လို့ အမေ သက်သာရာရအောင် ပစ္စည်းတချို့ပို့ပေးသင့်တယ်လေ။"
ယဲ့ယွင် တည်ငြိမ်စွာ ပြောလိုက်သည်။
ဟွေယွဲ့ ချက်ချင်းပင် အရိုအသေပြုလိုက်၏။
"ကျယ်ယွီက တကယ့်ကို မိဘသိတတ်တာပဲ။ အရာရာကိုလည်း စေ့စပ်သေချာတယ်။ ကျွန်မက ဘဏ္ဍာတိုက်ကို ကိုင်တွယ်နေတာဆိုတော့ ကတော်ကြီးရဲ့ အကြိုက်ကို သိပါတယ်။ ဒီကိစ္စကို ကျွန်မ စီစဉ်လိုက်ပါ့မယ်။"
သတင်းကို အပြင်သို့ ပို့လိုက်နိုင်လျှင် ပြီးပြီဖြစ်သည်။ မည်သို့ အကောင်အထည်ဖော်မည် ဆိုသည်ကိုမူ သူမ၏မိခင် ချူရှီတွင် နည်းလမ်းရှိမည်ဟု ယဲ့ယွင် ယုံကြည်သည်။
သူမသည် ဒီအနိုင်ကျင့်မှုကို သည်းခံနေမည် မဟုတ်ပေ။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန် နည်းလမ်းရှာရမည်။
သို့မဟုတ်ပါက မယ်တော်ကြီး၏ သူမအပေါ် မုန်းတီးမှုအတိုင်းအတာအရဆိုလျှင် သူမကို သေသည်အထိ နှိပ်စက်လိမ့်မည်။
ဟွေယွဲ့သည်လည်း အလုပ်ကို သေသပ်စွာ လုပ်ကိုင်သူဖြစ်သည်။ မိခင် ချူရှီအတွက် ပစ္စည်းများ ပြင်ဆင်ရုံသာမက ယဲ့ယွင်၏ အဒေါ်တော်စပ်သူ ယန်ရှီနှင့် သူမ၏ သားသမီးများအတွက်ပါ ပြင်ဆင်ပေးသည်။ ထို့ပြင် မြို့တော်တွင် တာဝန်ထမ်းဆောင်နေသော ဝမ်းကွဲအစ်ကိုကြီး ချူယွင်ဟွိုက်နှင့် ဇနီးသည် ကျန်းရှီ၊ သူတို့၏သမီးလေးအတွက်ပါ လက်ဆောင်များ ထည့်သွင်းပေးလိုက်သည်။
......
တစ်နေ့လုံး ပင်ပန်းထားသဖြင့် ယဲ့ယွင်သည် ညစာစားပြီးသည်နှင့် အလျင်အမြန် ရေချိုးအိပ်စက်လိုက်သည်။ ဤမျှ ညဉ့်နက်မှ နင်ချန် ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ဧကရာဇ်၏ ဝေါယာဉ်တန်းသည် ယွီရှို့အဆောင်ရှေ့တွင် ရပ်တန့်လိုက်ရာ တံခါးစောင့်နေသော မိန်းမစိုးလေးများ ထိတ်လန့်သွားပြီး တစ်ယောက်က သတင်းသွားပို့ကာ ကျန်တစ်ယောက်က ဒူးထောက်ကြိုဆိုလေသည်။
"မင်းတို့ ကျယ်ယွီကော။ ဘာလို့ အထဲမှာ မီးမလင်းတာလဲ။"
ယွမ်ကျို ရှေ့တိုးကာ မေးလိုက်၏။
မိန်းမစိုးလေးက ဦးခိုက်ကာ ဖြေသည်။
"အထိန်းတော်ချုပ်ယွမ်ကို လျှောက်တင်ပါတယ်၊ ကျယ်ယွီက ဒီနေ့ စောစောအနားယူပါတယ်။ အိပ်ပျော်သွားပြီမို့ မီးငြှိမ်းထားတာပါ။"
နင်ချန် ယာဉ်ပေါ်မှဆင်းကာ တစ်ချက်ဝေ့ကြည့်လိုက်ပြီး စိတ်ထဲတွင် ထူးဆန်းနေမိသည်။
ပုံမှန်ဆိုလျှင် ယဲ့ယွင်သည် သူများထက် နောက်ကျမှအိပ်လေ့ရှိသည်။ ညစာစားပြီးလျှင် လမ်းလျှောက်မည်၊ ရေချိုးမည်၊ စာဖတ်မည် သို့မဟုတ် အစေခံများနှင့် စကားပြောပြီးမှ အိပ်လေ့ရှိသည်။
ယခုအချိန်သည် ရေချိုးပြီးစ အချိန်လောက်သာရှိသေးသည်။
ဒီလောက်စောစော အိပ်တယ်ဆိုတော့ နေမကောင်းလို့များလား။
စဉ်းစားရင်းနှင့်ပင် အထဲသို့ ဝင်သွားလိုက်သည်။
ထိုစဉ် ပိုင်ရှုသည် အပြင်သို့ ထွက်လာရာ အရှင်မင်းကြီးကို မြင်သောအခါ စည်းကမ်းတကျ ဂါရဝပြုလိုက်၏။
"အရှင်မင်းကြီး ခွင့်လွှတ်တော်မူပါ။ ကျွန်တော်တို့ ကျယ်ယွီက ဒီနေ့ စောစောအိပ်ရာဝင်ပါတယ်။ အခုပဲ နန်ကျစ် သွားနှိုးပါပြီ။"
"ရပါတယ်..."
နင်ချန် လက်ကာပြလိုက်သည်။
"ဘာလို့ ဒီလောက် စောစောအိပ်ရတာလဲ။ နေမကောင်းလို့လား။"
"မသိပါဘူး၊ ဒါပေမယ့် ကျယ်ယွီ့မျက်နှာလေးက ကြည်လင်နေတော့ ကျန်းမာရေးပြဿနာ မရှိလောက်ပါဘူး။ အိပ်ချင်လို့ နေမှာပါ။"
ပိုင်ရှု ခေါင်းငုံ့ကာ ဖြေလိုက်သည်။
လူမမာစောင့်ရလို့ ပင်ပန်းလာတာဖြစ်မှာပေါ့ဟု စိတ်ထဲက တွေးလိုက်မိသည်။
ဒီနေ့ ပြန်ရောက်ရောက်ချင်း စကားပင်မပြောနိုင်ဘဲ ညစာအရင်စားရသည်ကို ကြည့်ခြင်းအားဖြင့် ချီနင်နန်းဆောင်တွင် အနိုင်ကျင့်ခံခဲ့ရကြောင်း သိသာသည်။
သို့သော် ဤစကားကို ထုတ်ပြော၍မရပေ။
မယ်တော်ကြီးကို လူမမာမေးပြုစုခြင်းသည် ကိုယ်လုပ်တော်များ၏တာဝန်ဖြစ်ပြီး ပင်ပန်းသည်ဟု ပြောဆိုခြင်းက မိဘမရိုသေရာ ရောက်သည်။
နင်ချန်အနေဖြင့် လူမမာစောင့်ရခြင်းက ဤမျှပင်ပန်းမည်ဟု ထင်မထားခဲ့ပေ။ သူကိုယ်တိုင်လည်း တစ်ခါမှ မပြုစုဖူးသောကြောင့်ဖြစ်သည်။
ယခင်က ခမည်းတော် နေမကောင်းဖြစ်စဉ်ကလည်း သူတို့ကို လာရောက်ခွင့်မပေးဘဲ အစေခံများသာ ပြုစုခဲ့ကြသည်။
ထို့ပြင် နင်ချန်၏အမြင်တွင် လူမမာစောင့်ခြင်းဆိုသည်မှာ မယ်တော်ကြီးအနားတွင် နေပေးပြီး မနက်၊ နေ့လည်၊ ညနေ ဆေးသုံးကြိမ် တိုက်ရုံသာ ဖြစ်သည်။ ကျန်တာကို အစေခံများ လုပ်ကြသည်ဟုသာ ထင်ထား၏။
အဓိကမှာ လူမမာစောင့်ခြင်းက မည်သို့ဖြစ်ကြောင်း သူ့ကို ဘယ်သူမှ လာမပြောပြဖူးသဖြင့် သူလည်း ထိုဘက်ကို တွေးမိခြင်း မရှိပေ။
အိပ်ခန်းထဲသို့ ဝင်လိုက်သောအခါ နန်ကျစ်သည် ကုတင်လိုက်ကာကိုချပြီး အခက်တွေ့နေသော မျက်နှာဖြင့် အပြင်ထွက်လာသည်ကို တွေ့လိုက်ရသည်။
"ကျွန်မ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"
နန်ကျစ်သည် ပျာပျာသလဲ ဂါရဝပြုလိုက်ပြီး စိတ်လှုပ်ရှားနေသည်။
"ကျယ်ယွီက အိပ်မောကျနေလို့ နှိုးမရပါဘူး။ အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ။"
သူမ စိတ်ထဲတွင်လည်း စိုးရိမ်နေမိသည်။ မပြုစုနိုင်မှတော့ အရှင်မင်းကြီးက ညအိပ်တော့မည် မဟုတ်ဟု တွေးလိုက်မိ၏။
သို့သော် နင်ချန်က ဂရုမစိုက်ပေ။ သူမကို ကျော်ကြည့်လိုက်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။
"ရေသွားပြင်ခိုင်းလိုက်၊ ကျန်း ရေချိုးမယ်။ သူ့ကို မနှောင့်ယှက်နဲ့တော့။"
နန်ကျစ် ကြောင်အသွားပြီး ဝမ်းသာသွားကာ အလျင်အမြန် ပြင်ဆင်ပေးလေသည်။
နင်ချန်၏လှုပ်ရှားမှုက လျင်မြန်သည်။ တစ်မီးရှို့ကြာမျှအချိန်အတွင်း အားလုံးပြီးစီးသွားပြီး မီးငြှိမ်းသတ်ခိုင်းကာ ကုတင်ပေါ်သို့ တက်လိုက်သည်။
ယဲ့ယွင်သည် တစ်ကိုယ်လုံး ကွေးနေပြီး နံရံဘက်အခြမ်းသို့ ကပ်ကာ အိပ်ပျော်နေ၏။ လူတစ်ယောက် ဘေးနားသို့ ရောက်လာသည်ကို လုံးဝ သတိမထားမိပေ။
ဆယ်လပိုင်းအစဖြစ်၍ ရာသီဥတုက အနည်းငယ် အေးနေပြီဖြစ်သည်။ နင်ချန်သည် သူမကို ဆွဲဖက်လိုက်ချင်သော်လည်း တစ်စုံတစ်ခုကို စဉ်းစားမိပြီး ခေတ္တမျှလှဲနေလိုက်ကာ ခန္ဓာကိုယ်နွေးလာမှ ဆွဲဖက်လိုက်သည်။
အိပ်မက်မက်နေစဉ် အနှောင့်အယှက်ခံလိုက်ရသဖြင့် ယဲ့ယွင်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး နှုတ်ခမ်းဆူကာ မကျေမနပ် ဖြစ်သွားလေသည်။
"ညန်ကောင်း... မဆိုးနဲ့။"
"ဝုတ်... ဝုတ်!"
နင်ချန် ဘာဖြစ်သွားမှန်း မသိလိုက်ခင်မှာပင် သူ့ခြေထောက်ကို တစ်စုံတစ်ခုက နင်းလိုက်သလို ခံစားလိုက်ရပြီး ချက်ချင်းဆိုသလို အဖြူရောင်အလုံးလေးတစ်လုံး လိမ့်ဆင်းလာသည်ကို တွေ့လိုက်ရသည်။
ဝိုင်းစက်နေသော မျက်လုံးလေးများသည် ညမှောင်မှောင်ထဲတွင် တောက်ပနေ၏။
လူတစ်ယောက်နှင့် ခွေးတစ်ကောင် ပြူးတူးပြဲတဲကြည့်နေကြစဉ် မိန်းမလှလေးမှာမူ ဘာမှမသိဘဲ အိပ်ပျော်နေဆဲပင်။
နင်ချန် အံ့သြသွားသည်။ ဒီမိန်းမက ဘာလို့ ခွေးကို ကုတင်ပေါ်တင်သိပ်တာလဲ။
ညန်ကောင်းလည်း နားမလည်ပေ။ အနံ့ခံကြည့်ကာ ရင်းနှီးနေတဲ့ ဒီလူသားက ဘာလို့ ဒီမှာလာအိပ်နေတာလဲ။
အပြင်ဘက်မှ ခွေးဟောင်သံကြားလိုက်ရသော နန်ကျစ်၏အမူအရာမှာ ပို၍ ဆိုးရွားသွားသည်။
ဒီနေ့ ကျယ်ယွီက ခြေထောက်အေးလို့ဆိုပြီး ညန်ကောင်းကို ခြေရင်းမှာ ထားအိပ်တာကို သူမ သတိရသွားသည်။ ဒါပေမယ့် အခုက အရှင်မင်းကြီး ရှိနေပြီလေ။
"အရှင်မင်းကြီး... ကျွန်မ ညန်ကောင်းကို လာခေါ်ထုတ်သွားပါ့မယ်။"
နန်ကျစ်က သတ္တိမွေးပြီး အပြင်ကနေ လှမ်းအော်လိုက်သည်။
နင်ချန်၏အမူအရာမှာ ရှုပ်ထွေးနေသော်လည်း "အင်း" ဟု ပြန်ဖြေလိုက်၏။
နန်ကျစ် အပြေးဝင်လာပြီး ဘာဖြစ်နေမှန်းမသိသော ညန်ကောင်းလေးကို ပွေ့ချီထုတ်သွားလေသည်။
သူ့ရင်ခွင်ထဲတွင် သက်တောင့်သက်သာ အိပ်စက်နေသော အမျိုးသမီးငယ်ကို ကြည့်ပြီး နင်ချန် ဘာပြောရမှန်း မသိတော့ပေ။
ဒါ ကိုယ်ပေးတဲ့ခွေးနဲ့ ကိုယ်တိုင် ဒုက္ခရောက်ရသလိုဖြစ်နေပြီ။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-144
အခန်း ၁၄၄ ။ သွေးဆင်းခြင်း
မိုးလင်းသည်အထိ အိပ်ရမည်ဟု ထင်မှတ်ထားသော်လည်း သန်းခေါင်ယံအချိန်၌ ကိစ္စတစ်ခု ထပ်ဖြစ်ပွားခဲ့ပြန်သည်။
ယွမ်ကျိုသည် အပြင်ဘက်မှ တံခါးကို ကပျာကယာ ခေါက်လေသည်။
"အရှင်မင်းကြီး... အရှင်မင်းကြီး... ဒုက္ခပါပဲ၊ မိဖုရားခေါင်ကြီး သွေးဆင်းနေပါပြီ။"
နင်ချန် လန့်နိုးသွားသည်။ သူ အသိပြန်မဝင်ခင်မှာပင် ယဲ့ယွင်လည်း လိုက်နိုးသွား၏။
ဘေးနားတွင် လူတစ်ယောက်အိပ်နေသည်ကို မြင်လိုက်ရသဖြင့် ခေတ္တမျှ ကြောင်အသွားပြီး သေချာကြည့်ပြီးမှ အခြေအနေကို သဘောပေါက်သွားသည်။
"အရှင်မင်းကြီး ဘယ်တုန်းက ရောက်နေတာလဲ၊ ဒီချန်းချဲ့ကိုလည်း မနှိုးဘူး။"
ယဲ့ယွင် ခေါင်းကိုက်နေသည်။
တစ်နေ့လုံး ပင်ပန်းထားရသည့်အထဲ ညဘက်လည်း ကောင်းကောင်းမအိပ်ရသဖြင့် အသက်ထွက်မတတ် ပင်ပန်းနေရ၏။
"ကျန်းလာတုန်းက မင်း အိပ်မောကျနေလို့ပါ။"
နင်ချန်က ပြောရင်းဆိုရင်းပင် ထထိုင်လိုက်သည်။
ထိုအချိန်တွင် ယွမ်ကျိုက အပြင်ဘက်မှ ထပ်ခေါ်ပြန်သဖြင့် ယဲ့ယွင် မျက်မှောင်ကြုတ်ကာ စောင်ပုံထဲမှ ထလိုက်ရသည်။
"နေကောင်းထိုင်သာရှိရဲ့သားနဲ့ မိဖုရားခေါင်ကြီးက ဘာလို့ သွေးဆင်းရတာလဲ၊ ကိုယ်ဝန်ရှိတယ်လို့လည်း မကြားမိပါဘူး။"
သူမ ပွစိပွစိရေရွတ်လိုက်ပြီး အစေခံများကို အထဲဝင်၍ ပြင်ဆင်ပေးရန် ခေါ်လိုက်သည်။
မိဖုရားခေါင်ကြီး တစ်ခုခုဖြစ်သည်ဆိုလျှင် နောက်ကွယ်မှ အင်အားစုများအားလုံး လှုပ်ရှားရတော့မည် ဖြစ်သည်။
နင်ချန်သည် ဝေါယာဉ်ပေါ်ရောက်မှ မိဖုရားခေါင်ကြီး ချီနင်နန်းဆောင်၌ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ချက်ချင်းပင် သူ၏မျက်နှာထား ပျက်သွားလေသည်။
ယဲ့ယွင်သည် သေချာ ပြင်ဆင်ခြယ်သချိန် မရလိုက်ပေ။ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ကပျာကယာ ထုံးဖွဲ့လိုက်ပြီး အဝတ်အစားကိုလည်း ပုံမှန်ဝတ်စုံကိုသာဝတ်ဆင်၍ ထွက်လာခဲ့သည်။
ဧကရာဇ်မင်းမြတ်ရှေ့မှောက် ၀တ်ဆင်ရသည့် ဝတ်စုံပြည့်မှာ ရှုပ်ထွေးလွန်းသဖြင့် ဝတ်ဆင်ရန် အချိန်အတော်ကြာပေလိမ့်မည်။
နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့် ဝေါယာဉ်အသီးသီးစီးကာ ချီနင်နန်းဆောင်သို့ အပြေးအလွှား သွားကြလေသည်။
ထိုအချိန်တွင် အနီးနားနေထိုင်သူများ ရောက်ရှိနေကြပြီ ဖြစ်သော်လည်း သတင်းရမြန်သော လူအနည်းငယ်သာ ရှိသေးသည်။
မယ်တော်ကြီးမှာ ခြေထောက်ဒဏ်ရာကြောင့် မထနိုင်သဖြင့် ထိတ်လန့်နေသော်လည်း ဘာမှမလုပ်နိုင်ရှာပေ။
နန်းဆောင်တာဝန်ခံ ဖူကျစ်ခမျာ အခက်တွေ့နေရပြီး ဒူးထောက်ကာ အရှင်မင်းကြီးကို ကြိုဆိုရလေသည်။
"သမားတော် ရောက်ပြီလား၊ မိဖုရားခေါင်ကြီး ဘယ်မှာလဲ။"
နင်ချန်သည် ပထမဆုံးအကြိမ်အဖြစ် မျက်နှာသာမပေးဘဲ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဖူကျစ်ကို ကျော်သွားလိုက်သည်။
ပုံမှန်ဆိုလျှင် သူမကို 'အဒေါ်ဖူ' ဟု ခေါ်လေ့ရှိသည်။
ဤတစ်ကြိမ်တွင် အမှန်တကယ် ဒေါသထွက်နေကြောင်း သိသာလှ၏။
ဖူကျစ်မှာ ဝမ်းနည်းချိန်ပင်မရဘဲ ကပျာကယာ ထလိုက်ရသည်။
"အရှင်မင်းကြီး... မယ်မယ်ကို ဘေးဆောင်ဘက် ရွှေ့ထားလိုက်ပါပြီ။ သမားတော်တွေလည်း အတွင်းမှာ စမ်းသပ်နေကြပါတယ်။ လောလောဆယ်တော့ စိုးရိမ်စရာမရှိပါဘူး။"
နင်ချန်သည် မဲမှောင်သော မျက်နှာထားဖြင့် ဘေးဆောင်ဘက်သို့ ဝင်သွားလေသည်။
ကန့်လန့်ကာကို ကျော်သွားလိုက်သည်နှင့် ကုတင်ပေါ်တွင် မျက်နှာဖြူဖျော့စွာ လဲလျောင်းနေသော မိဖုရားခေါင်ကြီးကို တွေ့လိုက်ရသည်။ မျက်လုံးများ နီရဲနေပြီး သူ့ကိုမြင်သည်နှင့် ငိုလေတော့သည်။
"အရှင်မင်းကြီး..."
"မကြောက်နဲ့၊ ကျန်း ရှိတယ်၊ ဘာမှမဖြစ်စေရဘူး။"
နင်ချန် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ကုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ နှစ်သိမ့်သောအနေဖြင့် မိဖုရားခေါင်ကြီး၏ လက်ကို ပုတ်ပေးလိုက်၏။
"မိဖုရားခေါင်ကြီးရဲ့ဝမ်းဗိုက်ထဲက ကလေးက ကျန်းရဲ့ တရားဝင်သားတော်ပဲ၊ ဘယ်လိုနည်းနဲ့မဆို မင်းတို့ အကာအကွယ်ပေးရမယ်။"
ဤစကားကို သမားတော်များအား ပြောလိုက်ခြင်းဖြစ်သည်။ အသံမှာ အေးစက်မာကျောနေပြီး ဒေါသကို ထိန်းချုပ်ထားရသည့်ပုံ ပေါက်နေသည်။
နန်းတွင်း၌ တရားဝင်မွေးဖွားသော သားသမီးကို အမြဲတမ်း အလေးထားကြသည်။ နင်ချန်ကိုယ်တိုင်က က်ိုယ်လုပ်တော်မှ မွေးဖွားသူဖြစ်ပြီး ကိုယ်လုပ်တော်သားများကို မနှစ်သက်ခြင်း မဟုတ်သော်လည်း တိုင်းပြည်တည်ငြိမ်မှုအတွက် မိဖုရားခေါင်ကြီးမှ မွေးဖွားသော သားတော်သည် အလွန်အရေးကြီးပေသည်။
ထို့ပြင် ဤကလေးသည် တရားဝင်သားတော် မဟုတ်ခဲ့လျှင်တောင် နင်ချန်၏သွေးသားရင်းချာ ဖြစ်သည့်အတွက် လျစ်လျူရှုထား၍ မရနိုင်ပေ။
သမားတော်ချုပ် ကျန်းယွမ်ဖန်သည် အသက်ကြီးပြီဖြစ်၍ ညဘက်တာဝန်မကျပေ။ ယခုရောက်လာသူများမှာ ရှန်ဖိန်ကျစ်နှင့် မီးယပ်ရောဂါအထူးကု သမားတော်ဟူတို့ ဖြစ်ကြသည်။
ကူးစက်ရောဂါ ကုသရာတွင် ရှန်ဖိန်ကျစ် အောင်မြင်မှုရပြီးနောက် ကျန်းယွမ်ဖန်သည် သူ့ကို ဆက်ခံမည့်သူအဖြစ် ပျိုးထောင်နေပြီး တရားဝင် တပည့်ခံယူထားသည်ဟုလည်း ဆိုကြသည်။
သို့သော် တပည့်ခံပြီးနောက် ရှန်ဖိန်ကျစ်ကို သူ့နောက်သို့ တစ်ကောက်ကောက် လိုက်ခိုင်းနေခြင်းမရှိဘဲ အခြား ဝါရင့်သမားတော်ကြီးများထံတွင် လက်ထောက်အဖြစ် လုပ်ကိုင်စေကာ ပညာရပ်စုံကို သင်ယူစေသည်။
ရှန်ဖိန်ကျစ်သည် ဉာဏ်ကောင်းပြီး ပါရမီရှိသဖြင့် ယခုအခါ ဆေးပညာဌာနတွင် နေရာရနေပြီဖြစ်သည်။
ယနေ့ သမားတော်ဟူက သူ့ကို ခေါ်လာခြင်းမှာလည်း အတွေ့အကြုံရစေလိုသော သဘောပါသည်။
သမားတော်လုပ်လျှင် လက်တွေ့လေ့ကျင့်မှု ရှိရပေမည်။
"အရှင်မင်းကြီး... မိဖုရားခေါင်ကြီးရဲ့ကိုယ်ဝန်က တည်ငြိမ်သွားပါပြီ။ မယ်မယ်က ပုံမှန်ကျန်းမာရေးကောင်းလို့ပါ။ ဒီနေ့က ကိုယ်ဝန်နုနေတဲ့အချိန်မှာ ပင်ပန်းလွန်းပြီး စိတ်ဖိစီးသွားလို့ သွေးဆင်းတာပါ။ စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ထိခိုက်သွားတဲ့အတွက် ပထမသုံးလအတွင်းမှာ ဘာအမှားအယွင်းမှ မရှိစေရပါဘူး။"
သမားတော်ဟူက လျှောက်တင်လိုက်သည်။
ထိုစကားကိုကြားလိုက်ရမှ နင်ချန်၏ မျက်နှာထား အနည်းငယ် ပြေလျော့သွားပြီး မိဖုရားခေါင်ကြီးလည်း စိတ်အေးသွားရသည်။
'ပင်ပန်းလွန်းပြီး စိတ်ဖိစီးသွားတယ်' ဆိုသည့် အကြောင်းအရင်းကိုမူ ထိုနေရာရှိ လူတိုင်း ကောင်းကောင်းကြီး နားလည်ကြသည်။
"အရှင်မင်းကြီး... မယ်မယ်က စိုးရိမ်စရာမရှိတော့ဘူးဆိုရင် ဖုန်းရှီးနန်းဆောင်ကို ပြန်ပြီး အနားယူခိုင်းသင့်ပါတယ်။ ညီမလေးတွေလည်း ညကြီးမိုးချုပ် ထလာရတာဆိုတော့ အဝတ်အစားက ပါးလွှာတယ်။ အအေးမိကုန်ရင် နန်းတွင်းသာယာမှုကို ထိခိုက်ပြီး မိဖုရားခေါင်ကြီးကိုပါ စိတ်ပင်ပန်းစေပါလိမ့်မယ်။ ပြီးတော့ ယိကျယ်ယွီကလည်း ကိုယ်ဝန်နဲ့လေ။"
ရှူးဖေးသည် နူးညံ့သိမ်မွေ့သောအသံဖြင့်ပြောလိုက်ရာ အလွန်သဘောထားပြည့်ဝပြီး ကြင်နာတတ်သည့်ပုံ ပေါက်နေသည်။
သူမ ထောက်ပြလိုက်မှ နင်ချန် သတိထားမိသွားသည်။ ယိကျယ်ယွီ၏မျက်နှာအရောင်မှာ သိပ်မကောင်းလှပေ။
ဝူမျိုးရိုး၏ ကိုယ်ဝန်သည် လေးလရှိနေပြီဖြစ်ပြီး ကိုယ်ဝန်ဆောင် အော့အန်ခြင်းဒဏ်ကြောင့် ဘာမှမစားနိုင်ဘဲဖြစ်နေသည်။ ဒီနေ့ညလည်း အစာမစားရသေးသည့်အပြင် သန်းခေါင်ယံထလာရသဖြင့် တကယ်ပင် ခံနိုင်ရည်မရှိဖြစ်နေရှာသည်။
မိဖုရားခေါင်ကြီး၏မျက်လုံးများ မှိန်ဖျော့သွားသော်လည်း မျက်နှာတွင်မူ စိတ်မကောင်းဖြစ်သည့်ဟန် ပြလိုက်၏။
"ပန်ကုန်း သတိမထားမိလိုက်ဘူး။ ယိကျယ်ယွီ ကိုယ်ဝန်ရှိနေမှတော့ ကောင်းကောင်း အနားယူသင့်တယ်။ နောက်ဆိုရင် ကိစ္စကြီးငယ်မဆို အပြင်ထွက်မလာနဲ့တော့၊ ကိုယ်ဝန်ကိုပဲ ဂရုစိုက်။"
"ရင်းနှီးမှုကတော့ ကွာခြားတာပေါ့လေ။ ယန်ချိုက်ရန်က ကံကောင်းပါတယ်၊ မိဖုရားခေါင်ကြီး ကိုယ်တိုင်ဂရုစိုက်ပေးတာကို ခံရတယ်။ အစေခံတွေကလည်း လိမ်မာတော့ ညကြီးမိုးချုပ် လူကို လာမနှိုးကြဘူး။"
ဝမ်သယ့်ဖေး ပြုံးလိုက်ပြီး ဘာရယ်မဟုတ် ပြောလိုက်သကဲ့သို့ ပြောလိုက်သည်။
မိဖုရားခေါင်ကြီး မျက်လွှာချလိုက်၏။
"နန်းတွင်းက ညီမတွေအကုန်လုံးက တစ်သားတည်းပါပဲ။ ပန်ကုန်းက အကုန်လုံးကို စောင့်ရှောက်တာပါ၊ ခွဲခြားတာမရှိပါဘူး။ ယိကျယ်ယွီက လိမ်မာပြီး ပန်ကုန်းကို လေးစားလို့သာ သူ့ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ လာကြည့်တာပါ။ ယန်ချိုက်ရန်က ကိုယ်ဝန်ရှစ်လရှိနေပြီဆိုတော့ လမ်းလျှောက်ဖို့ မလွယ်ဘူးလေ။ ကိုယ်ဝန်ထိခိုက်မှာစိုးလို့ ပန်ကုန်း လူလွှတ်ပြီး မခေါ်ခိုင်းလိုက်တာပါ။"
"မယ်မယ်ပြောတာ မှန်ပါတယ်။ ဒီချန်းချဲ့ နန်းတွင်းရောက်ကတည်းက မယ်မယ့်ရဲ့စောင့်ရှောက်မှုကို ခံခဲ့ရတာပါ။ မယ်မယ့်ကို စိတ်ပူလို့သာ လာကြည့်တာပါ။ နောက်ဆိုရင် မယ်မယ့်စကား နားထောင်ပြီး ကိုယ်ဝန်ကိုပဲ ဂရုစိုက်ပါ့မယ်။"
ယိကျယ်ယွီသည် ဝမ်သယ့်ဖေး၏စကားထဲမှ အဓိပ္ပာယ်ကို နားမလည်ဘဲ နေပါမည်လား။ ချက်ချင်းပင် မိဖုရားခေါင်ကြီးနှင့် တစ်ဖက်တည်း ပူးပေါင်းလိုက်သည်။
ဝမ်သယ့်ဖေးသည် မူလကတည်းက ဉာဏ်နီဉာဏ်နက်များသောသူ မဟုတ်ရာ သူမတို့နှစ်ယောက်ကို ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ။
စကားနည်းနည်းပြောရုံနှင့် သွေးထိုးလှုံ့ဆော်သည့် စိတ်ကို ဖော်ထုတ်ခံလိုက်ရသဖြင့် အဝတ်အစား ဆွဲချွတ်ခံလိုက်ရသကဲ့သို့ အရှက်ရသွားလေသည်။
သူမ ဘာမှဆက်မပြောတော့ဘဲ လက်ကိုင်ပုဝါကို လိမ်ဆွဲရင်း ကုတင်ပေါ်ထိုင်နေသော အမျိုးသားကို လှမ်းကြည့်လိုက်သည်။ သို့သော် နင်ချန်သည် မျက်လွှာချထားသဖြင့် သူ့မျက်ဝန်းထဲမှ အရိပ်အယောင်ကို မမြင်ရပေ။
အကြောင်းရင်းမရှိဘဲ ဝမ်သယ့်ဖေး၏ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။
သူမသည် ဤအချိန်ကျမှ ရန်စကားပြောမိသည်ကို နောင်တရသွားသည်။ သို့သော် သူမ မနေနိုင်ခဲ့ပေ။
မိဖုရားခေါင်ကြီးက ဘယ်လိုလုပ်ကိုယ်ဝန်ရှိသွားရတာလဲ။
ဤနှစ်များအတွင်း ဝမ်သယ့်ဖေးသည် သူမတစ်ယောက်တည်း ထင်ပေါ်နေရသည်ကို ကျင့်သားရနေခဲ့ပြီးဖြစ်သည်။ သူမ၏ထူးခြားမှု ပျောက်ဆုံးစပြုလာသည်ကို တွေ့ရသောအခါ နေမထိထိုင်မသာဖြစ်ပြီး မကောင်းသော အတွေးများ ဝင်လာမိခြင်း ဖြစ်သည်။
သို့သော် နင်ချန် သူမကို နှစ်သက်ခဲ့ရခြင်းမှာ သူမ၏ ရိုးသားဖြူစင်မှုနှင့် ပြိုင်ဆိုင်လိုစိတ် မရှိခြင်းကြောင့်ဆိုသည်ကို သူမ မသိခဲ့ပေ။
ယခုအခါ သူမ ပြောင်းလဲသွားချေပြီ။ အခြားသူများကဲ့သို့ပင် ယုတ်ညံ့သော နည်းလမ်းများကို သုံးကာ ကိုယ်လုပ်တော်များကိုနှိပ်စက်လာပြီး ကွေ့ဝိုက်ကာ အပုပ်ချတတ်လာသည်။
ဝမ်သယ့်ဖေးပြောင်းလဲသွားရခြင်းမှာ သူမ၏စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်းကြောင့်ဖြစ်သည်။ တဖန် နင်ချန်က သူမကို နှစ်ပေါင်းများစွာ အလိုလိုက်ထားသဖြင့် အရာအားလုံးသည် သူမနှင့်သာထိုက်တန်သည်ဟု ထင်မှတ်လာခြင်းကြောင့်လည်း ဖြစ်ပေမည်။
သို့သော် လောလောဆယ်တွင် မည်သူမျှ ဤအရာများကို အာရုံစိုက်မနေကြပေ။ လူတိုင်း ဂရုစိုက်နေသည်မှာ မိဖုရားခေါင်ကြီး ကိုယ်ဝန်ရှိသွားပြီ ဆိုသည်ကိုသာ။
ထိုညတွင် နင်ချန်သည် ယွီရှို့အဆောင်သို့ ပြန်မလိုက်တော့ပေ။ မိဖုရားခေါင်ကြီးအား ဖုန်းရှီးနန်းဆောင်သို့ လိုက်ပို့ပြီးနောက် ကျိုချန်နန်းဆောင်သို့ ပြန်လည်အနားယူလေသည်။
ချီနင်နန်းဆောင်မှ ပြန်ထွက်လာစဉ် မယ်တော်ကြီးက မိဖုရားခေါင်ကြီးအတွက် အားဆေးများစွာ ပေးလိုက်သည်။ နင်ချန် လက်ခံယူခဲ့သော်လည်း အခန်းထဲဝင်ကာ ကန့်လန့်ကာခြားလျက် ကျေးဇူးတင်စကားသာ ဆိုခဲ့သည်။
မယ်တော်ကြီးကို ဝင်မတွေ့ခဲ့ပေ။
ဖူကျစ် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သားအမိနှစ်ယောက် နောက်ထပ် စစ်အေးတိုက်ပွဲ ဖြစ်ကြဦးမည်။
ကိုယ်လုပ်တော်များ လူမမာစောင့်သည့်ကိစ္စကို လုံလောက်ပြီဖြစ်ကြောင်း သူမ သွယ်ဝိုက်၍ သတိပေးခဲ့ဖူးသည်။ သို့သော် မယ်တော်ကြီးက နားမထောင်ခဲ့ပေ။ ယခုတော့ လူတစ်ယောက် ပင်ပန်းလွန်းပြီး လဲသွားပြီဖြစ်သည်။
သာမန်ကိုယ်လုပ်တော်ဆိုလျှင် ကိစ္စမရှိသော်လည်း ထိုသူမှာ မိဖုရားခေါင်ကြီး ဖြစ်နေရုံမက ကိုယ်ဝန်ပါရှိနေပြန်သည်။
ဒီတစ်ခေါက်တော့ မယ်တော်ကြီး လျှော့ပေးလောက်ပါပြီဟု ဖူကျစ် တွေးလိုက်မိသည်။ သို့သော် ဖွင့်မပြောရဲပေ။ ယခုတလော မယ်တော်ကြီး ဒေါသကြီးနေပြီး လွန်ခဲ့သည့်ရက်ပိုင်းက လူကိုပင် ရိုက်နှက်ခဲ့သေးသည် မဟုတ်လား။
မယ်တော်ကြီး ကိုယ့်ဘာသာ သဘောပေါက်ပါစေဟုသာ ဆုတောင်းရတော့မည်။