← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 10 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 10 Ch. 151-152

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-151

အခန်း ၁၅၁ ။ အရေခွံကို ဆုတ်ပစ်မယ်

"အရှင်မင်းကြီး၊ ဒီချန်းချဲ့အနေနဲ့ ယိကျယ်ယွီကို လုပ်ကြံဖို့ ဘယ်တုန်းကမှ မကြံစည်ခဲ့ပါဘူး။ အရှင်မင်းကြီး အမှန်တိုင်း ဖြစ်စေချင်ပါတယ်။"

လုကျစ်၏ စွပ်စွဲမှုကိုခံရသော မိဖုရားခေါင်ကြီးသည် ထိုမိန်းကလေး၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်နိုင်တော့ဘဲ ကပျာကယာထရပ်ကာ မိမိကိုယ်ကိုယ် ကာကွယ်ပြောဆိုလေသည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် ရှိနေသူအားလုံး အံ့အားသင့်သွားကြသည်။

နင်ချန် စိတ်ရှုပ်ထွေးသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဒေါသကို မျိုသိပ်လျက် လုကျစ်၏အလောင်းကို ဆွဲထုတ်သွားရန် အမိန့်ပေးလိုက်သည်။

ထို့နောက် မိဖုရားခေါင်ကြီးကို ကိုယ်တိုင် တွဲထူပေးလိုက်၏။

"ကျန်း မင်းကို ယုံပါတယ်။ မင်းမှာ ကိုယ်ဝန်ရှိနေတာလေ၊ ဒေါသမထွက်ပါနဲ့။"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။"

မိဖုရားခေါင်ကြီးသည် အသံတုန်ရီလျက် နင်ချန်၏လက်ကို တင်းကျပ်စွာ ပြန်လည်ဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးများကို အကြိမ်ကြိမ် ကြည့်လိုက်သည်။

နင်ချန်က သူမကို တကယ်ယုံကြည်ကြောင်း သေချာသွားမှ သက်ပြင်းချနိုင်တော့သည်။

သို့သော် ထိုအချိန်တွင် ရှူးဖေးက ရုတ်တရက် ဝင်ပြောလေသည်။

"အရှင်မင်းကြီး... အဲ့အစေခံမက လျှောက်ပြောနေတာဆိုပေမယ့် မိဖုရားခေါင်ကြီးရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ ဒီကိစ္စကို သေချာမစစ်ဆေးရင် အပြင်လူတွေ အတင်းအဖျင်း ပြောကြပါလိမ့်မယ်။ ဒီကိစ္စက တော်ဝင်သွေးသားနဲ့ သက်ဆိုင်နေသလို မိဖုရားခေါင်ကြီး ကိုယ်တိုင်လည်း တရားဝင်အမွေခံကို လွယ်ထားရတာပါ။ ဖုန်းရှီးနန်းဆောင်မှာ မွေးဖွားခါနီး ယန်ချိုက်ရန်လည်း ရှိနေပါတယ်။ ဒီချန်းချဲ့ အမြင်ကတော့ ဖုန်းရှီးနန်းဆောင်ကို သေချာစစ်ဆေးလိုက်တာ အကောင်းဆုံးပါပဲ။"

မိဖုရားခေါင်ကြီး၏မျက်နှာ အနည်းငယ် တောင့်တင်းသွားသည်။

"ရှူးဖေးရဲ့စေတနာကို နားလည်ပါတယ်။ ပန်ကုန်းက အစစ်ဆေးမခံရဲတာ မဟုတ်ပါဘူး။ ဒါပေမယ့် ယန်ချိုက်ရန်က ကိုယ်ဝန်ရင့်နေပြီ။ အခုလည်း ညရောက်နေပြီဆိုတော့ စစ်ဆေးလိုက်ရင် သူမကို ထိတ်လန့်သွားစေမှာ စိုးရိမ်ရတယ်။ ယန်ချိုက်ရန်က သတ္တိနည်းပြီး ကျန်းမာရေး သိပ်မကောင်းဘူး။ ကိုယ်ဝန်ထိခိုက်သွားရင် မကောင်းဘူးလေ။"

သူမ ထိုသို့ ပြောလိုက်သော်လည်း ရှူးဖေး၏မျက်ဝန်းထဲတွင် လှောင်ပြောင်ရိပ်များ ယှက်သန်းသွားသည်။

မလာခင်က ကျန်းချိုက်ရန်သည် သူမအား အသေအချာ မှာကြားခဲ့သည်။ အခွင့်အရေးရလျှင် မိဖုရားခေါင်ကြီး၏နန်းဆောင်ကို ရအောင်ဆွဲထည့်ရန်ဖြစ်သည်။

နန်းတွင်း၌ နှစ်ပေါင်းများစွာ သားသမီးမရနိုင်ခြင်းတွင် မိဖုရားခေါင်ကြီး၏လက်ချက် မပါဝင်ဘဲ မနေနိုင်ပေ။ ဤအခွင့်အရေးကို အသုံးချကာ ရုတ်တရက် ဝင်ရောက်စစ်ဆေးနိုင်လျှင် တစ်ခုခု တွေ့ရှိနိုင်ကောင်း တွေ့ရှိနိုင်သည်။

ဘာမှမတွေ့ရင်တောင် စစ်ဆေးလိုက်ခြင်းအားဖြင့် တစ်ခုခုကိုအကြောင်းပြပြီး ပြောဆိုနိုင်သေးသည်။

ရှူးဖေးနှင့် မိဖုရားခေါင်ကြီးသည် အိမ်ရှေ့စံဘဝကတည်းက သဘောထားချင်း မတိုက်ဆိုင်ခဲ့ကြပေ။ ယခုအခါ ရှူးဖေး၏ အင်အားနည်းပါးသွားပြီး မိဖုရားခေါင်ကြီးမှာမူ ကိုယ်ဝန်ရှိလာသဖြင့် သူမအနေဖြင့် ဝမ်းသာအားရ ဖြစ်နေမည် မဟုတ်ပေ။

မိဖုရားခေါင်ကြီး ငြင်းဆန်နေသည်ကို မြင်သောအခါ ရှူးဖေးသည် ကျန်းချိုက်ရန်၏ အကြံပေးချက်အတိုင်း လုပ်ဆောင်ရန် ပို၍ စိတ်ပိုင်းဖြတ်လိုက်သည်။

သူမ စကားစရန် ပြင်လိုက်စဉ်မှာပင် ယဲ့ယွင် ဖြတ်ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ဒီချန်းချဲ့ အမြင်ကတော့ မိဖုရားခေါင်ကြီးမှာ ကိုယ်ဝန်ရှိနေပြီဖြစ်လို့ ယိကျယ်ယွီရဲ့ကလေးကို ဒုက္ခပေးစရာ အကြောင်းမရှိပါဘူး။ အဲ့အစေခံက မသေခင် မိဖုရားခေါင်ကြီးကို စွပ်စွဲသွားတာက အရှင်မင်းကြီးကို မိဖုရားခေါင်ကြီးအပေါ် သံသယဝင်စေပြီး ဖုန်းရှီးနန်းဆောင်ကို မွှေနှောက်ရှာဖွေစေချင်တဲ့ ရည်ရွယ်ချက်ရှိနေပုံရပါတယ်။ ဒီလိုလုပ်လိုက်ရင် လမ်းလွဲသွားပြီး နောက်ကွယ်က တရားခံအစစ်ကို အချိန်ဆွဲပေးသလို ဖြစ်မသွားဘူးလား။"

"ဖုန်းရှီးနန်းဆောင်ကို စိတ်မချရင် လူတစ်စုလွှတ်ပြီး စစ်ဆေးခိုင်းလို့ ရပါတယ်။ ဒါပေမယ့် အဲ့အစေခံ သေသွားရုံနဲ့ ဆက်လက်စုံစမ်းခြင်းမပြုဘဲ ရပ်တန့်လိုက်လို့မရပါဘူး။ ဒီကိစ္စမှာ ဒီချန်းချဲ့က အဓိကပစ်မှတ်ဖြစ်နေတဲ့အတွက် ယွီရှို့အဆောင်ကနေ စတင်စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်။"

သုံးခါဆိုရင် တိုက်ဆိုင်တာမဟုတ်တော့ဘူးဆိုတဲ့ စကားလိုပဲ တစ်ခါပြီးတစ်ခါ သူမကို ထောင်ချောက်ဆင်နေတာကို သူမ သည်းမခံနိုင်တော့ဘူး။

ပထမနှစ်ကြိမ်တုန်းက သူမ အင်အားနည်းပြီး အရှင်မင်းကြီးရဲ့ အချစ်တော် မဖြစ်သေးလို့ သည်းခံခဲ့ရပေမယ့် ဒီတစ်ခေါက်တော့ ဒီကိစ္စကို အသေးအဖွဲကိစ္စလို သဘောထားပြီး ပြီးစလွယ် လုပ်လိုက်ရင် နောက်ဆို သူမ နေစရာနေရာ ရှိတော့မှာ မဟုတ်ဘူး။

ဒီတစ်ခေါက်တော့ အဆုံးထိ လိုက်စုံစမ်းမယ်။ နောက်ကွယ်က တရားခံကို မဖြုတ်ချနိုင်ရင်တောင် ဘယ်သူလဲဆိုတာ ဖော်ထုတ်ပြီး အရေခွံ ဆုတ်ပစ်မယ်။

နင်ချန်၏အတွေးသည်လည်း သူမနှင့် တူညီနေသည်။

နန်းတော်ထဲ၌ တော်ဝင်သွေးသားများကို တစ်ကြိမ်ပြီးတစ်ကြိမ် လုပ်ကြံနေခြင်းသည် လုံးဝ သည်းခံ၍မရသော ကိစ္စဖြစ်သည်။

"အမိန့်ထုတ်လိုက်၊ ဒီတစ်လအတွင်း အဲ့အစေခံမနဲ့ ဆက်သွယ်ဖူးသူတိုင်းကို ဖမ်းဆီးစစ်ဆေးကြ!"

"အမိန့်တော်အတိုင်းပါ!"

ယွမ်ကျို အမိန့်နာခံပြီး နင်ချန်၏ကိုယ်ရံတော်တပ်ဖွဲ့ကို ချက်ချင်းဆင့်ခေါ်လိုက်သည်။

ဤကိုယ်ရံတော်တပ်ဖွဲ့ကို 'အမှောင်ဆောင်' ဟု ခေါ်ပြီး ဧကရာဇ်၏ အမိန့်ကိုသာ နာခံကြသည်။ နန်ချီဧကရာဇ် အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော တပ်ဖွဲ့ဖြစ်ပြီး ယခုအခါ နင်ချန်တစ်ဦးတည်း၏အမိန့်အောက်တွင်ရှိနေသည်။

အမှောင်ဆောင်သည် အထူးလေ့ကျင့်ပေးထားသော ထိပ်တန်းတပ်ဖွဲ့ဖြစ်ပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသဖြင့် လျှို့ဝှက်နည်းလမ်းပေါင်းစုံကို ကျွမ်းကျင်ကြရာ စုံစမ်းစစ်ဆေးမှုများတွင် ပိုမိုထိရောက်သည်။

အချိန်ကြာမြင့်သွားပြီဖြစ်၍ ယခင်ကိစ္စများကို စုံစမ်းရန် မဖြစ်နိုင်တော့သော်လည်း မကြာသေးမီက ဖြစ်ပျက်ခဲ့သည်များကို စုံစမ်းရန်မှာမူ အလွန်မြန်ဆန်ပေလိမ့်မည်။

ညဉ့်နက်နေပြီဖြစ်သော်လည်း အမှောင်ထုသည် တိတ်ဆိတ်မှုကို ယူဆောင်မလာဘဲ လူတို့၏ စိတ်နှလုံးကို ပို၍ တုန်လှုပ်စေသည်။

နင်ချန်သည် မိဖုရားခေါင်ကြီးကို နှစ်သိမ့်သောအနေဖြင့် ဖုန်းရှီးနန်းဆောင်သို့ ကိုယ်တိုင် လိုက်ပို့ပေးသည်။ ရှူးဖေး၊ ဝမ်သယ့်ဖေးနှင့် ယဲ့ယွင်တို့သည်လည်း နေအိမ်အသီးသီးသို့ ပြန်သွားကြလေသည်။

......

ယွီရှို့အဆောင်။

ယဲ့ယွင် ပြန်ရောက်သောအခါ အိမ်ပါအစေခံများအားလုံး အစားထိုးခံထားရသည်ကို တွေ့လိုက်ရသည်။ ယခင်က သူမကို ခေတ္တမျှ ပြုစုဖူးသော ချင်မားမားတစ်ယောက်သာ မျက်မှန်းတန်းမိသည်။

စဉ်းစားနေစရာ မလိုတော့ပေ။ ဤလူများသည် နင်ချန် စီစဉ်ပေးလိုက်သူများဖြစ်သည်။

"ကျယ်ယွီ အမြန်အနားယူပါတော့။ ယွီရှို့အဆောင်တစ်ခုလုံးကို စစ်ဆေးရမှာမို့ အကုန်လုံးကို ခေါ်သွားပါပြီ။ ဟွေယွဲ့နဲ့ နန်ကျစ်တို့ မနက်ဖြန်မနက်လောက်ဆိုရင် ပြန်ရောက်လာလောက်ပါပြီ။"

ချင်မားမား အရိုအသေပြုလိုက်သည်။

ဤအမျိုးသမီးသည် ပြဿနာများကြားရောက်နေသော်လည်း အရှင်မင်းကြီးက သူမကို ပြုစုရန် လူလွှတ်လိုက်ခြင်းကိုထောက်ရှုလျှင် အလေးထားခံရကြောင်း သိသာသည်။

ပေါ့ပေါ့ဆဆ လုပ်၍မရပေ။

"ကျေးဇူးတင်ပါတယ် မားမား။ မားမားလည်း ညစောင့်နေစရာ မလိုပါဘူး။ ဒီကိစ္စတွေကို အစေခံကောင်မလေးတွေကိုပဲ လုပ်ခိုင်းလိုက်ပါ။"

ယဲ့ယွင် ပြုံးလိုက်သည်။

အလွန်အိပ်ချင်နေပြီဖြစ်၍ ကိုယ်လက်သန့်စင်ပြီးသည်နှင့် ချက်ချင်း လှဲအိပ်လိုက်သည်။

.....

သူမ အိပ်ပျော်သွားသော်လည်း အိပ်မပျော်နိုင်သူ တစ်ဦး ရှိနေသည်။

ဝေ့ရွယ်ဆောင်တွင် မီးများငြှိမ်းထားသော်လည်း အတွင်းခန်းတွင် ချီဝမ်နှင့် ကျီကျူးတို့သည် ခြေရင်း၌ထိုင်ကာ ဖန်းရှိုးရီနှင့် စကားပြောနေကြသည်။

"ငါ ပေါ့ဆသွားတယ်။ ဒီတစ်ချက်ကို လွတ်သွားလိမ့်မယ်လို့ ထင်မထားမိဘူး။ အခု အရှင်မင်းကြီးက အမှောင်ဆောင်ကို စုံစမ်းခိုင်းလိုက်ပြီဆိုတော့ လွယ်လွယ်နဲ့ပြီးမှာ မဟုတ်တော့ဘူး။"

လုကျစ်နှင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့ခြင်း၊ ယင်းယန်ဆောင်ဘက်မှ ဟာကွက်ကို ရှာဖွေပြီး လုကျစ်နှင့် ချုံးဟွာကို ချိတ်ဆက်ပေးခဲ့ခြင်း အားလုံးသည် ချီဝမ်တစ်ယောက်တည်း စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဤမျှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့မှတော့ ခြေရာလက်ရာ လုံးဝမကျန်ခဲ့ဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။

သဲလွန်စနည်းနည်းလေး ရှာတွေ့ပြီး အမှောင်ဆောင်က ခြေရာခံမိသွားလျှင် သူမသည် တော်ဝင်သွေးသားကို လုပ်ကြံမှုဖြင့် အပြစ်ဒဏ်သင့်မည်မှာ အသေအချာပင်။ထိုအခါ ယခင်က အသက်စွန့်ပြီး ကယ်တင်ခဲ့သော ကုသိုလ်များလည်း အလကားဖြစ်သွားပေလိမ့်မည်။

"မယ်မယ်၊ ကျွန်မ အလုပ်မကျွမ်းကျင်လို့ အခုလို အမှားကြီး ဖြစ်သွားရတာပါ။"

ချီဝမ်၏ အသံထွက်ပေါ်လာသည်။ သူမ၏အမူအရာကို မမြင်ရသော်လည်း တုန်ရီနေသော အသံကို နားထောင်ရုံဖြင့် သူမ ထိတ်လန့်နေကြောင်း သိသာသည်။

ထို့နောက် ခေါင်းနှင့်ကြမ်းပြင် ရိုက်ခတ်သံ ပြတ်ပြတ်သားသား ထွက်ပေါ်လာသည်။

"မယ်မယ်၊ အမှောင်ဆောင်က လူတွေ ကျွန်မကို လာခေါ်ရင် ဒီကိစ္စတွေအားလုံး ကျွန်မတစ်ယောက်တည်း လုပ်ခဲ့တာပါလို့ပြောပါ့မယ်။ မယ်မယ်နဲ့ ကျီကျူး ဘာမှမသိပါဘူး။ ချီဝမ်က မယ်မယ့်အတွက် အသေခံပါ့မယ်။"

သူမလည်း ကြောက်ရွံ့ပါသည်။ သို့သော် သူမ၏အသက်သည် သခင်မ ပေးထားခြင်းဖြစ်ရာ သခင်မအတွက် အသက်ပေးရန် ဝန်မလေးပေ။

ဘေးနားမှ လှုပ်ရှားသံ သဲ့သဲ့ထွက်ပေါ်လာပြီး ကျီကျူးလည်း သူမဘေးတွင် ဒူးထောက်လိုက်သည်။

ထို့နောက် သူတို့နှစ်ဦး၏လက်ပေါ်သို့ နွေးထွေးသော အထိအတွေ့ ကျရောက်လာသည်။ ဖန်းရှိုးရီက သူတို့နှစ်ဦးကို တွဲထူပေးလိုက်ခြင်းဖြစ်သည်။

"နင်တို့က ငါနဲ့အတူတူ ကြီးပြင်းလာကြတာ။ ညီအစ်မအရင်းတွေလိုပဲ။ ငါ ပေါ့ဆလို့၊ ငါ ညံ့ဖျင်းလို့ အခု နင်တို့ကို ကာကွယ်မပေးနိုင်တော့ဘူး။ တကယ်လို့ အဆိုးဆုံးအခြေအနေဖြစ်လာခဲ့ရင်... ငါ နင်တို့အတွက် လက်စားချေပေးပါ့မယ်။"

ချီဝမ်သည် သူမ၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ပြီး မျက်ရည်များကြားမှ ခေါင်းညိတ်လိုက်သည်။

သခင်နှင့် အစေခံ သုံးဦးသည် အမှောင်ထဲတွင် တင်းကျပ်စွာ ဖက်ထားကြသည်။ ထိုညတွင် မည်သူမျှ အိပ်မပျော်ခဲ့ကြပေ။ ဖြစ်လာနိုင်သော အန္တရာယ်များကို ရင်ဆိုင်ရန်အတွက် သူတို့ ကြိုတင်ပြင်ဆင်ထားရမည်။

.....

နောက်တစ်နေ့ နံနက်စာစားချိန်တွင် အမှောင်ဆောင်မှ လူများရောက်လာပြီး ချီဝမ်ကို ခေါ်ဆောင်သွားကြသည်။

သူတို့အနေဖြင့် အမှောင်ဆောင်က ချီဝမ်၏ ယခင်လုပ်ရပ်များကို ရှာမတွေ့ဘဲ လွတ်မြောက်သွားရန်သာ မျှော်လင့်နိုင်တော့သည်။

ကတိုးမွှေးကို လွန်ခဲ့သောတစ်လကတည်းက ပေးထားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ယဲ့ယွင်မွေးနေ့တွင် အခွင့်ကောင်းယူ၍ သွားရောက်သတိပေးခဲ့ခြင်းသာဖြစ်ပြီး မည်သည့်အရာမှ မလုပ်ခဲ့ပေ။

သို့သော် တစ်လကြိုပေးထားခဲ့ခြင်းနှင့် ယဲ့ယွင် အပြစ်ပေးခံရသဖြင့် ကြန့်ကြာသွားခြင်းတို့ကြောင့် ဆေးပမာဏ မလုံလောက်သော ဟာကွက်ဖြစ်ပေါ်လာခဲ့သည်။

ထိုဟာကွက်ကြောင့် ယိကျယ်ယွီ ကိုယ်ဝန်မပျက်ကျခဲ့သလို အရှင်မင်းကြီးကလည်း မမျှော်လင့်ဘဲ ယဲ့ယွင်ကို ယုံကြည်လိုက်သဖြင့် အခြေအနေများ ပြောင်းလဲသွားကာ ဖန်းရှိုးရီ အကြံပျက်သွားရခြင်း ဖြစ်သည်။

ချီဝမ်ကိုတော့ ကာကွယ်ပေးနိုင်မည် မဟုတ်ဟု ဖန်းရှိုးရီ စိတ်ထဲတွင် ခံစားနေရသည်။

ထင်သည့်အတိုင်းပင် ထိုနေ့ နေ့လည်ခင်း၌ ဝေ့ရွယ်ဆောင်သို့ ဧကရာဇ်၏ ဆင့်ခေါ်စာ ရောက်ရှိလာသည်။

ယဲ့ယွင်ကဲ့သို့ပင် သူမလည်း တစ်ယောက်တည်း သွားရလေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -152

အခန်း ၁၅၂ ။ ပေးဆပ်မှု

ထုံးစံအတိုင်းပင် ကျိုချန်နန်းဆောင်ရှိ အဓိကခန်းမတွင်ဖြစ်သည်။ သို့သော် မိဖုရားခေါင်ကြီး မရှိပေ။

ရောက်ရှိနေသူများမှာ ရှူးဖေး၊ ဝမ်သယ့်ဖေးနှင့် ယဲ့ယွင်တို့ ဖြစ်ကြသည်။

ဖန်းရှိုးရီသည် ဘဝနှစ်ခု ရှင်သန်ခဲ့သူဖြစ်သဖြင့် အမှောင်ဆောင်၏စွမ်းရည်ကို ကောင်းစွာ သိရှိလေသည်။ အစကတည်းက သူမ လွတ်မြောက်နိုင်မည်ဟု မထင်ထားခဲ့ပေ။

ထင်သည့်အတိုင်းပင် ဝင်လိုက်သည်နှင့် ချီဝမ်၏လုပ်ရပ်များကို ယွမ်ကျိုက ရှင်းလင်းစွာပြောပြလိုက်သည်။

"အရှင်မင်းကြီး၊ ချီဝမ်ကို ဒီလိုရာဇဝတ်မှုကျူးလွန်ဖို့ ဒီချန်းချဲ့ အမိန့်မပေးခဲ့ပါဘူး။ ဒါပေမယ့် ကိုယ့်အစေခံကို ကောင်းကောင်းမဆုံးမနိုင်ခဲ့တာကတော့ ဒီချန်းချဲ့ရဲ့အပြစ်ပါ။ ဒီချန်းချဲ့ကို အပြစ်ပေးပါ၊ လုံးဝ မငြင်းဆန်ပါဘူး။"

ပြောပြီးသည်နှင့် တွန့်ဆုတ်ခြင်းမရှိဘဲ ဒူးထောက်လိုက်ကာ ခေါင်းကို ကြမ်းပြင်နှင့်ထိလျက် ပြန်မထဘဲ နေလိုက်သည်။

လူတိုင်းက သူမ ဤမျှပြတ်သားစွာ အပြစ်ဝန်ခံလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။

ယောင်ရှီတွင် အသက်စွန့်ကယ်တင်ခဲ့သော ကုသိုလ်ရှိနေသဖြင့် မည်သူမျှ ပေါ့ပေါ့တန်တန် စကားမပြောရဲကြပေ။ အရှင်မင်းကြီးက ထိုကျေးဇူးကိုထောက်ပြီး ကာကွယ်ပေးလိုက်လျှင် မဘယ်လိုလုပ်မလဲ။

ထို့ပြင် ချီဝမ်သည် နှိပ်စက်ခံရသော်လည်း ဖန်းရှိုးရီ ခိုင်းစေကြောင်း ဝန်ခံခြင်းမရှိဟု ဆိုကြသည်။

သူမက မင်ကျယ်ယွီနှင့် ယိကျယ်ယွီ နှစ်ယောက်စလုံး မျက်နှာသာပေးခံရခြင်းကို မနာလို၍သာ လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သူမ၏သခင်မသည် အရှင်မင်းကြီးကို အသက်စွန့်ကယ်တင်ခဲ့သော်လည်း လျစ်လျူရှုခံထားရသဖြင့် ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးတည်းနှင့် ပစ်ချရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

နောက်ဆုံးတွင် လုကျစ်က သေခါနီးအချိန်၌ ထွက်ဆိုချက်ပြောင်းသွားခြင်းမှာလည်း ရေကို နောက်သွားအောင် လုပ်ပြီး စုံစမ်းရခက်ခဲစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

"ဖန်းရှိုးရီရဲ့မျက်စိအောက်မှာတင် နန်းတွင်းအပျိုတော်တစ်ယောက်က ဒီလောက်ကိစ္စကြီးကို လုပ်နိုင်တယ်ဆိုတော့ ရှိုးရီက တကယ်မသိတာလား၊ တမင်သက်သက် လွှတ်ပေးထားတာလား မသိနိုင်ဘူး။"

ယဲ့ယွင် အေးစက်စွာ ပြောလိုက်သည်။

အစေခံက သခင်မကွယ်ရာတွင် လုပ်ဆောင်ခဲ့သည်ဆိုခြင်းကို ဖြစ်နိုင်ချေရှိသော်လည်း သူမ လုံးဝ မယုံကြည်ပေ။

သို့သော် ယောင်ရှီကို အလွယ်တကူ အပြစ်ပေး၍မရနိုင်ကြောင်း သူမ သိသည်။ အသက်စွန့်ကယ်တင်ခဲ့သော ကုသိုလ်က သူမ၏အသက်ကယ်ဆေးဖြစ်နေသည်။

ထို့ပြင် ယောင်ရှီ ခိုင်းစေကြောင်း ခိုင်လုံသော သက်သေအထောက်အထားလည်း မရှိသေးပေ။

သူမက စေ့စပ်သေချာလွန်း၍ ခြေရာလက်ရာ မကျန်ခဲ့ခြင်းသော်လည်းကောင်း၊ သို့မဟုတ် တကယ် မသိနားမလည်ခြင်းသော်လည်းကောင်း ဖြစ်နိုင်သည်။

ယဲ့ယွင် စကားစလိုက်သဖြင့် လှုပ်ရှားချင်နေသော ရှူးဖေးလည်း ဝင်ပြောလိုက်သည်။

"ဖန်းရှိုးရီက ငယ်ငယ်ရွယ်ရွယ်နဲ့ ရာထူးကြီးကြီး ရထားတော့ စိတ်ကြီးဝင်နေတာနေမှာပါ။ အရင်က စွန်းရှီဖြစ်ခဲ့သလိုပေါ့။"

ပြောရလျှင် စွန်းရှီသည် ယမန်နှစ်က အလွန်မျက်နှာသာပေးခံရသော ရှိုးရီတစ်ပါးဖြစ်ခဲ့သည်။ ယခုနှစ်တွင် ရာထူးချခံရပြီး ကူးစက်ရောဂါကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ ပြင်းထန်စွာ နာမကျန်းဖြစ်နေသည်။ သူမ ဂုဏ်ယူခဲ့ရသော ကခုန်ခြင်းကို နောက်ထပ် မပြသနိုင်တော့ဘဲ ထိုင်နေ၊ လှဲနေရုံသာ တတ်နိုင်တော့သည်။

"အရှင်မင်းကြီး၊ ဒီချန်းချဲ့က နန်းတွင်းဝင်ကတည်းက အရှင်မင်းကြီးကိုပဲ စိတ်ထဲထားခဲ့တာပါ။ အသက်ကိုတောင် ပေးဆပ်ခဲ့တာပါ။ ယိကျယ်ယွီရဲ့ဝမ်းဗိုက်ထဲက ကလေးက အရှင်မင်းကြီးရဲ့ သွေးသားလေ၊ ဒီချန်းချဲ့က ဘယ်လိုလုပ် ရက်စက်ရမှာလဲ။"

"ပြီးတော့ ဒီချန်းချဲ့က ကျိုဖင်အဆင့်ဝင်နေပါပြီ။ ယိကျယ်ယွီ ကလေးမွေးပြီးရင်တောင် ရာထူးအရ ဒီချန်းချဲ့ကို ကျော်တက်နိုင်မှာ မဟုတ်ပါဘူး။ မင်ကျယ်ယွီဆိုရင် ပိုဝေးပါသေးတယ်။ ဒီချန်းချဲ့ကိုယ်တိုင်လည်း ကျန်းမာရေးကောင်းလို့ ကလေးမွေးနိုင်ပါသေးတယ်။ ဘာကိစ္စ ဒီလိုအပိုအလုပ်တွေ လုပ်ရမှာလဲ။"

ဖန်းရှိုးရီ မော့ကြည့်လိုက်သည်။ စောစောက ပြင်းထန်စွာ ဦးခိုက်ထားသဖြင့် နဖူးတွင် အနီကွက်ကြီး ပေါ်နေပြီး ဖြူဝင်းသော အသားအရေပေါ်တွင် ထင်ရှားနေသည်။ မျက်ရည်များ ပြည့်နေသော မျက်ဝန်းလှလှလေးများဖြင့် ထိပ်ဆုံးတွင်ထိုင်နေသော အမျိုးသားကို ကြည့်လိုက်ရာ ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။

ဟန်ဆောင်သည်ဖြစ်စေ၊ တကယ်ဖြစ်စေ မျက်လုံးထဲမှ သံယောဇဉ်သည် အတုမဟုတ်ပေ။

သူမ၏စကားများသည်လည်း သူမကိုယ်သူမ ကာကွယ်ရာ ရောက်သည်။

ရှိုးရီရာထူးသည် လုံလောက်အောင်မြင့်မားနေပြီဖြစ်ပြီး အသက်စွန့်ကယ်တင်ခဲ့သော ကုသိုလ်လည်း ရှိနေသဖြင့် လုပ်ကြံစရာ အကြောင်းမရှိပေ။

သို့သော် ယဲ့ယွင်၏စိတ်ထဲတွင်မူ ဤကိစ္စသည် သူမကို ပစ်မှတ်ထားနေကြောင်း ခံစားနေရသည်။ ရှင်းပြရန် ခက်ခဲလှသည်။

ထိုအချိန်တွင် တံခါးဝမှ လူတစ်ယောက် ဝင်လာပြီး ထိုက်ကွေ့ဖေး၏နန်းဆောင်မှ အထိန်းတော်ကြီး ဝင်ခွင့်တောင်းနေကြောင်း လျှောက်တင်လေသည်။

"နန်းတွင်းကိစ္စတွေကို ထိုက်ကွေ့ဖေး စိတ်ပူစရာမလိုဘူးလို့ ပြောပြီး ပြန်လွှတ်လိုက်။"

နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။

"အရှင်မင်းကြီး... အထိန်းတော်ကြီးက စကားပါးခိုင်းလိုက်လို့ပါ။ ထိုက်ကွေ့ဖေးက သမီးကို ကောင်းကောင်းမဆုံးမနိုင်လို့ ဖန်းရှိုးရီက အစေခံတွေကို မထိန်းချုပ်နိုင်ဘဲ ပြဿနာကြီး ဖြစ်စေခဲ့ပါတယ်တဲ့။ ဒါပေမယ့် ယောင်မိသားစုရဲ့ သစ္စာရှိမှုကို ထောက်ထားပြီး ဖန်းရှိုးရီရဲ့အသက်ကို ချမ်းသာပေးပါလို့ တောင်းဆိုလိုက်ပါတယ်။"

သတင်းပို့သော မိန်းမစိုးလေးက ခေါင်းငုံ့လျက် ပြောလိုက်သည်။

ယဲ့ယွင် မျက်လုံးများ အရောင်လက်သွားပြီး စိတ်ထဲတွင် အေးစက်စွာရယ်မောလိုက်မိသည်။

ဒီအဒေါ်နဲ့ တူမက တစ်လမ်းတည်း လျှောက်နေကြတာပဲ။ ဆုတ်ခွာခြင်းဖြင့် တိုက်ခိုက်ခြင်း နည်းဗျူဟာကို ကျွမ်းကျင်စွာ အသုံးချနေကြသည်။

ထိုက်ကွေ့ဖေးက လူကြီးဖြစ်သလို ကိုယ်တိုင်လာရောက် အသနားခံခြင်းဖြစ်၍ နင်ချန်အနေဖြင့် မျက်နှာသာပေးရမည်။ ယောင်မိသားစုကိုလည်း ထည့်ပြောလိုက်သလို ဖန်းရှိုးရီကိုယ်တိုင်လည်း ကုသိုလ်ရှိနေသူဖြစ်ရာ ဤတစ်ကြိမ်တွင် ပြင်းပြင်းထန်ထန် အပြစ်ပေး၍ မရတော့ပေ။

ယဲ့ယွင် ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သော်လည်း စိတ်ထဲတွင် မကျေနပ်နိုင်ပေ။

"ဖန်းရှိုးရီက လူတွေကို ကောင်းကောင်းမခွဲခြားတတ်ဘူး၊ အသုံးမချတတ်ဘူး။ လက်အောက်ငယ်သားတွေက ကိုယ်လုပ်တော်တွေ၊ တော်ဝင်သွေးသားတွေကို လုပ်ကြံတဲ့အထိ ဖြစ်စေခဲ့တယ်။ ဒါကြောင့် ရှိုးယွမ်ရာထူးသို့ လျှော့ချပြီး သုံးလတိတိ အပြင်ထွက်ခွင့်ပိတ်ပင်လိုက်တယ်။ လစာ သုံးလစာ ဖြတ်တောက်ပြီး နန်းတွင်းစည်းမျဉ်းတွေကို အခေါက်တစ်ရာ ကူးရေးစေ။ အပြစ်ရှိတဲ့ အစေခံ ချီဝမ်ကို ကြိမ်ဒဏ်ပေးပြီး သတ်စေ။ ဒီကိစ္စနဲ့ ဆက်နွှယ်နေတဲ့သူ အားလုံးကို အပြစ်ဒဏ်စီရင်ရေးဌာနသို့ ပို့ပြီး အလုပ်ကြမ်းခိုင်းစေ။"

နောက်ဆုံးတွင် နင်ချန်သည် ရက်စက်စွာ အပြစ်မပေးခဲ့ပေ။ ရာထူးတစ်ဆင့်သာ လျှော့ချခဲ့သည်။ သို့သော် သုံးလတိတိ အပြင်ထွက်ခွင့် ပိတ်ပင်လိုက်ခြင်းသည် နှစ်သစ်ကူးကာလတွင် အပြင်ထွက်ခွင့်မရှိခြင်းကို ဆိုလိုသည်။

အရေးကြီးသော တော်ဝင်အခမ်းအနားများတွင် မျက်နှာပြခွင့်မရခြင်းသည် အရှက်ရစရာဖြစ်ပြီး သတိပေးခြင်းလည်း ဖြစ်သည်။

ချီဝမ်ကို ဆုံးရှုံးလိုက်ရသော်လည်း သူမ၏ ဆုံးရှုံးမှုသည် ထင်ထားသလောက် မကြီးမားသဖြင့် ဖန်းရှိုးယွမ် စိတ်သက်သာရာ ရသွားသည်။

သို့သော် လောကကြီးတွင် ဤမျှလွယ်ကူသော ပေးဆပ်မှုမျိုး မရှိပေ။ ယဲ့ယွင်သည် သဘောထားပျော့ပျောင်းသူ မဟုတ်သဖြင့် သူမကို စိတ်ချမ်းသာခွင့် ပေးမည်မဟုတ်။

"အရှင်မင်းကြီး၊ ဒီချန်းချဲ့ အမြင်ကတော့ ချီဝမ်က သခင်ကို ပြန်လှန်လုပ်ကြံရဲတဲ့အထိ မောက်မာလွန်းပါတယ်။ နန်းတွင်းအစေခံတွေ အားလုံးကို ကြည့်ရှုစေပြီး သတိပေးသင့်ပါတယ်။ ဒါမှ နောက်ထပ် ချီဝမ်လိုလူ မပေါ်လာတော့ဘဲ သခင်တွေ စိတ်အေးရမှာပါ။"

နင်ချန် သူမကို ကြည့်လိုက်ရာ မိန်းကလေး၏မျက်လုံးများထဲတွင် အေးစက်မှုနှင့် ခေါင်းမာမှုများကို တွေ့လိုက်ရသည်။

သူမ ဒေါသထွက်နေကြောင်း သူသိသည်။ ထို့ကြောင့် လူအားလုံးကို ကြည့်ရှုစေလိုခြင်းဖြစ်သည်။

နင်ချန်လည်း အ,သူမဟုတ်ပေ။ ဤကိစ္စတွင် ယောင်ရှီ လုံးဝ မပါဝင်ဘူးဆိုသည်ကို မဖြစ်နိုင်ကြောင်း သူသိသည်။ သို့သော် သက်သေမခိုင်လုံခြင်းနှင့် ယောင်ရှီ၊ ယောင်မိသားစုတို့၏ အသုံးဝင်မှု၊ ကုသိုလ်များကြောင့် သူ မလှုပ်ရှားနိုင်ခြင်းဖြစ်သည်။

သို့သော် မိန်းကလေး၏မျက်လုံးများကို ကြည့်ရင်း သူ လိုက်လျောလိုက်သည်။

ထပ်မံ အမိန့်ပေးလိုက်၏။

"နောက်နာရီဝက်နေရင် ကြိမ်ဒဏ်စပေးမယ်။ နန်းတွင်းအစေခံတွေအားလုံး သွားရောက်ကြည့်ရှုပြီး သင်ခန်းစာယူကြစေ။"

ထိုစကားကို ကြားလိုက်ရသောအခါ ဖန်းရှိုးရှိုးယွမ်၏ မျက်တောင်များ တုန်ခါသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ လက်သည်းများက လက်ဖဝါးကို ထိုးဖောက်သွားမှသာ စိတ်ထဲက ဒေါသကို ထိန်းချုပ်နိုင်တော့သည်။

ဤကိစ္စသည် ဤနေရာတွင် ပြီးဆုံးသွားလေပြီ။

ကျိုချန်နန်းဆောင်မှ ထွက်လာပြီးနောက် ရာထူးမြင့်သောနှစ်ဦး ထွက်ခွာသွားသည်ကို စောင့်ပြီးမှ ဖန်းရှိုးရီသည် ယဲ့ယွင်ကိုစိုက်ကြည့်ကာ အံကြိတ်ပြီး ပြောလိုက်သည်။

"မင်ကျယ်ယွီက အပေါ်ယံပဲ မောက်မာတာလို့ ထင်ထားတာ၊ အတွင်းစိတ်ကလည်း ဒီလောက် ရက်စက်မှန်း မသိခဲ့ဘူး။"

"ရှိုးရီ... အို... မဟုတ်ဘူး... ရှိုးယွမ်။ ရှိုးယွမ်လည်း ဒီချန်းချဲ့ မောက်မာတာကို သိနေတာပဲ၊ ရန်စလို့မရမှန်းလည်း သိသင့်တာပေါ့။ အမှားလုပ်ရင် မမိအောင်နေ၊ မိသွားရင်တော့ ခံရမှာပဲ။ လောကကြီးမှာ ပေးဆပ်စရာမလိုတဲ့ ကောင်းကျိုးဆိုတာ မရှိဘူး။ ဒီချန်းချဲ့သာ ရက်စက်မှုမရှိရင် ဒီနေ့ ကြိမ်ဒဏ်နဲ့ အသတ်ခံရမယ့်သူက ဒီချန်းချဲ့ဖြစ်သွားလောက်ပြီ။"

ယဲ့ယွင်လည်း သူမကို ပြန်ကြည့်နေသည်။ သူမ၏ လှပသော မျက်နှာနှင့် မလိုက်ဖက်ဟု ထင်ရလောက်အောင် မျက်ဝန်းထဲတွင် လူသတ်ချင်စိတ်များ ပေါ်နေသော်လည်း တစ်မျိုးကြည့်ကောင်းနေပြန်သည်။ သူမ၏ အရှိန်အဝါက လူကို ကြက်သီးထစေသည်။

"သခင်နဲ့ အစေခံ သံယောဇဉ်ရှိတယ်ဆိုရင် ရှိုးယွမ်လည်း သွားကြည့်သင့်တာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ့်အိမ်ပါအစေခံပဲလေ။ ဒီချန်းချဲ့ကတော့ ပင်ပန်းလို့ ပြန်တော့မယ်။"

ပေါ့ပေါ့ပါးပါး ဂါရဝပြုလိုက်ပြီး ယဲ့ယွင် အေးစက်စွာ ပြုံးလျက် ထွက်ခွာသွားလေသည်။

ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်တော့ ယောင်ရှန်းနဲ့ ထိပ်တိုက်တွေ့လိုက်ရပြီ။ နောက်ဆိုရင် ညီအစ်မလို ဟန်ဆောင်နေစရာ မလိုတော့ဘူး။

မူလကတည်းကလည်း သိပ်မဟန်ဆောင်ခဲ့ရပါဘူးလေ။ ရွံစရာကောင်းလွန်းလို့။

ဖန်းရှိုးရီ သွားကြည့်မည် မဟုတ်သော်လည်း ကျီကျူးကတော့ အစေခံဖြစ်၍ မဖြစ်မနေ သွားကြည့်ရသည်။

ချီဝမ် အပြစ်ဒဏ်ခံရချိန်တွင် ပါးစပ်ကို ပိတ်ဆို့မထားပေ။ ကြိမ်ဒဏ်တစ်ခုပြီးတစ်ခု ကျရောက်လာချိန်တွင် သူမ နာကျင်စွာ အော်ဟစ်ငိုကြွေးခဲ့သည်။ နောက်ဆုံးတွင် အားကုန်သွားပြီး သွေးများ အန်ထွက်လာကာ လုံးဝ အသက်မရှိတော့သည့်အချိန်အထိဖြစ်သည်။

အတူတူကြီးပြင်းလာသော ညီအစ်မတစ်ယောက် သွေးသံရဲရဲဖြင့် သေဆုံးသွားသည်ကို ကြည့်ရင်း သူမ ငိုချင်သော်လည်း မငိုရဲပေ။ နောက်ဆုံးတွင် မေ့လဲသွားသဖြင့် ဝေ့ရွယ်ဆောင်သို့ ထမ်းပြန်လာရသည်။ ထို့နောက် ဖျားနာသွားလေသည်။

အိမ်ပါအစေခံတစ်ယောက် သေဆုံးပြီး ရာထူးချခံရကာ အပြင်ထွက်ခွင့် ပိတ်ပင်ခံလိုက်ရခြင်းသည် ဖန်းရှိုးရီအတွက် နာကျင်စရာပေးဆပ်မှုပင်ဖြစ်သည်။

နာကျင်လေ ပိုမုန်းလေ ဖြစ်လာပေတော့မည်။

All Chapters