အခန်း (၁၅၅-၁၅၆)
Vol. 10 Ch. 155-156
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -155
အခန်း ၁၅၅ ။ အုပ်စုလိုက်တိုက်ခိုက်ခြင်း
အခန်းထဲရှိ ကိုယ်လုပ်တော်များအားလုံးသည် သေသေချာချာပြင်ဆင်လာသော ဒုတိယသခင်မလေး ချန်ကိုကြည့်ရင်း စိတ်ရှုပ်ထွေးနေကြသည်။
မယ်တော်ကြီးက လက်ဆောင်ပေးဖို့ လွှတ်လိုက်တယ်ဆိုရင် နည်းလမ်းကျပါသေးတယ်။ ဒါပေမယ့် မယ်တော်ကြီးရဲ့ စကားက "ငါ နေမကောင်းလို့ သွားလာရတာ မသင့်တော်ဘူး၊ ဒါကြောင့် ဒုတိယသမီးတော်ကို ငါ့ကိုယ်စား သားတော်ကြီးရဲ့ တစ်နှစ်ပြည့်မွေးနေ့ပွဲ တက်ဖို့ လွှတ်လိုက်တယ်" တဲ့။
ရှင်က ဘာအဆင့်အတန်းနဲ့ လာတာလဲ။
တကယ်လို့ "ကျွန်မက ဝမ်းကွဲအဒေါ်အဆင့်အတန်းနဲ့ လာပါတယ်" လို့ ပြောရင်တောင် နားထောင်လို့ ကောင်းပါသေးတယ်။
"ဒုတိယသခင်မလေးကို ဒုက္ခပေးသလို ဖြစ်သွားပြီ။ မယ်တော်ကြီးက သခင်မလေးကို တကယ်အလေးထားတာပဲ။ ပုံမှန်ဆိုရင် ဒီလိုကိစ္စမျိုးကို အစေခံတွေပဲ လာလုပ်ကြတာလေ။"
ဝမ်သယ့်ဖေးက အသက်မပါသော အပြုံးဖြင့် ပြောလိုက်သည်။
မယ်တော်ကြီး၏လုပ်ရပ်အပေါ် အလွန်ရွံရှာနေမိသည်။
ချန်စုကျစ်ဆိုတာ ဘာကောင်မမို့လို့လဲ။ ယင်းကော်ကုန်းရဲ့ မယားငယ်သမီးလေ။ အဲဒါကို မျက်နှာပြောင်တိုက်ပြီး သူမရဲ့ ချူရှို့နန်းဆောင်မှာ လာစားသောက်နေတယ်။ အဲဒါက သားတော်ကြီးရဲ့ တစ်နှစ်ပြည့်မွေးနေ့ပွဲတဲ့။ သူနဲ့ တန်လို့လား။
ဒီတစ်ခါက သားတော်ကြီး ဖျားနာပြီးကာစမို့လို့ လူစိမ်းတွေအများကြီးခေါ်ရင် ကလေးလန့်မှာစိုးလို့ ကိုယ်လုပ်တော်တွေပဲ စုလိုက်ကြတာ။
ပုံမှန်ဆိုရင် ဒီလို တစ်နှစ်ပြည့်ပွဲတွေ၊ တစ်လပြည့်ပွဲတွေမှာ တော်ဝင်ဆွေမျိုးတွေ၊ အရာရှိကြီးတွေကိုဖိတ်ပြီး ကျင်းပကြတာ။ ချန်စုကျစ်က နန်းတော်ထဲ ဝင်ခွင့်တောင်ရှိမှာမဟုတ်ဘူး။
ဝမ်သယ့်ဖေးက သူမကို အစေခံနဲ့နှိုင်းလိုက်တာကို ချန်စုကျစ် နားမလည်ဘဲ နေပါ့မလား။ မျက်နှာချက်ချင်း ရဲသွားသည်။
နောက်ဆုံးတော့ ၁၄ နှစ်သမီးလေးပဲ ရှိသေးတာလေ။ ဘယ်လောက်ပဲ ထက်မြက်ပါတယ်ပြောပြော အတွေ့အကြုံမရှိ၍ မျက်နှာပါးကာ နန်းတွင်းထဲမှာ နှစ်ပေါင်းများစွာ တိုက်ခိုက်လာတဲ့ သူတွေကိုမယှဉ်နိုင်ခဲ့ပေ။
"ကျွန်မက ကံပါလာလို့ မယ်တော်ကြီးအတွက် အလုပ်လုပ်ပေးခွင့်ရတာပါ။ ဒါ မယ်တော်ကြီးက သားတော်ကြီးနဲ့ မယ်မယ့်အတွက် ပေးလိုက်တဲ့ လက်ဆောင်ပါ။ မယ်မယ် ကြည့်ပါဦး။"
ချန်စုကျစ်က ခေါင်းမော့ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"ကြည့်စရာမလိုပါဘူး။ မယ်တော်ကြီးပေးတဲ့ဟာဆိုမှတော့ ကောင်းမှာ သေချာပါတယ်။ ပိုင်ရွှမ် သိမ်းထားလိုက်။"
ဝမ်သယ့်ဖေး လက်ကာပြလိုက်သည်။
ထိုစဉ် ကျောက်ကျယ်ယွီက ရုတ်တရက် ဝင်ပြောလေသည်။
"မယ်တော်ကြီးရဲ့ ပစ္စည်းတွေကိုတော့ ကျွန်မတို့ မျက်စိပသာဒ မဖြစ်ရတော့ဘူး။ ဒုတိယသခင်မလေးက ဘာလက်ဆောင် ပြင်ဆင်လာလဲတော့ မသိဘူး။ ကျွန်မတို့ကို ပြပေးလို့ရမလား။ နန်းပြင်က ပစ္စည်းများ ဖြစ်မလားလို့ မှန်းဆနေတာ။ နန်းတော်ထဲမှာ ကြာကြာနေရတော့ နန်းတွင်းပစ္စည်းတွေပဲ မြင်နေရတာဆိုတော့ အပြင်က ပစ္စည်းတွေကို စိတ်ဝင်စားမိတယ်။"
ပုံမှန်ဆိုလျှင် ကျောက်မျိုးရိုးကို စကားများပြီး ထိပ်ဆုံးရောက်ချင်သူဟု မြင်ကြသော်လည်း ယနေ့ သူမ၏စကားကို အားလုံး သဘောကျသွားကြသည်။
အားလုံးက ချန်စုကျစ်ကို ဝိုင်းကြည့်လိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် ဒီချန်မိသားစု ဒုတိယသမီး ဘယ်လိုဖြေဖြေ လမ်းဆုံးပါပဲ။
ပစ္စည်းကောင်း ပြင်ဆင်ထားပါတယ် ပြောမလား။ ဝမ်သယ့်ဖေးက မျက်နှာသာပေးခံရတာ နှစ်ပေါင်းများစွာ ကြာပြီ၊ ဘာပစ္စည်းကောင်း မရှိဖူးလို့လဲ။
စေတနာပါတဲ့ လက်ဆောင်ပါလို့ ပြောမလား။ တန်ဖိုးမရှိတဲ့ ပစ္စည်းကို ထုတ်ပြရဲလို့လား။
"ဟယ်... ဒုတိယသခင်မလေးက လက်ဆောင်ယူလာဖို့ မေ့သွားတာများလား။"
ရှူးဖေးက လက်ဖက်ရည်တစ်ငုံသောက်ပြီး ချန်စုကျစ်၏ နောက်ကျောဘက် အလွတ်ကြီးကို မထီမဲ့မြင် ကြည့်လိုက်သည်။
မယ်တော်ကြီးရဲ့ သေတ္တာနှစ်လုံး သယ်သွားပြီးတော့ ဘာမှ မကျန်တော့ဘူးလေ။
ကျန်းချိုက်ရန်က နှုတ်ခမ်းတွန့်လိုက်သည်။
"နောက်ဆုံးတော့ ယင်းကော်ကုန်းအိမ်တော်က မယားငယ်သမီးပဲလေ။ လစဉ်သုံးငွေက ဘာမှဝယ်လို့ရမှာ မဟုတ်ပါဘူး။ ကျောက်ကျယ်ယွီတော့ စိတ်ပျက်ရတော့မယ် ထင်တယ်။"
ချက်ချင်းပင် ချန်စုကျစ်၏မျက်နှာ ဖြူလိုက်နီလိုက်ဖြစ်သွားပြီး လက်ထဲက လက်ကိုင်ပုဝါကို စုတ်ပြဲမတတ် ဆုပ်ကိုင်ထားလိုက်သည်။
ကိုယ်လုပ်တော်များကို ထိတ်လန့်တကြား ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ချန်မိန်ရန်အပေါ် အကြည့်ရပ်တန့်သွားကာ အသနားခံလိုက်သည်။
ချန်မိန်ရန် မျက်လွှာချလိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
သို့သော် ဘာပဲဖြစ်ဖြစ် ချန်မိသားစုဝင် အချင်းချင်းပဲလေ။ ချန်စုကျစ် အနိုင်ကျင့်ခံရလွန်းရင် ချန်မိသားစုလည်း မျက်နှာပျက်ရမည်။ ထို့ကြောင့် ဝင်ကယ်လိုက်သည်။
"သယ့်ဖေးမယ်မယ်နဲ့ ညီအစ်မတို့ ရယ်စရာဖြစ်သွားပြီ။ ကျွန်မညီမလေးက အမြဲတမ်း ပေါ့တန်တတ်တယ်။ ပြင်ဆင်ထားပြီးသားကို မယူလာမိတာနေမှာပါ။ မယ်တော်ကြီးဘေးမှာ နေတာပဲ၊ ဘာလို့ မပြင်ဆင်ဘဲ နေမှာလဲ။"
ပြီးနောက် ကြောင်တောင်တောင် ရပ်နေသော မိန်းကလေးဘက်လှည့်ကာ ပြောလိုက်သည်။
"မသွားသေးဘဲ ဘာလုပ်နေတာလဲ။ မြန်မြန်သွားယူချေ။"
"ဟုတ်... ဟုတ်ကဲ့။ ညီမ အခုပဲ ချီနင်နန်းဆောင်ကို ပြန်ယူလိုက်ပါ့မယ်။"
ချန်စုကျစ် ခေါင်းညိတ်ပြီး ပြေးထွက်ရန် ပြင်လိုက်သည်။
"အပြင်မှာ ရာသီဥတုအေးပြီး လမ်းချော်နေတာ၊ ဒုတိယသခင်မလေး ကိုယ်တိုင်သွားနေစရာ မလိုပါဘူး။ အစေခံတွေကို လွှတ်လိုက်ရင် ရပြီပဲ။"
ယဲ့ယွင် ရုတ်တရက် ပြောလိုက်သည်။
လူတိုင်းက ဝိုင်းတိုက်ခိုက်နေကြချိန် သူမတစ်ယောက်တည်းငြိမ်နေလျှင် ထူးခြားနေလိမ့်မည်။
ပြီးတော့ အချစ်တော်ဆိုတာ အချစ်တော်ရဲ့အရှိန်အဝါ ရှိရမယ်လေ။ အရှင်မင်းကြီးကို ရည်ရွယ်ပြီး လာတဲ့ ဒီလိုမိန်းမမျိုးကို နည်းနည်းလောက် ရက်စက်မပြရင်ဖြစ်ပါ့မလား။
ဝမ်သယ့်ဖေးက ယဲ့ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
"ဟုတ်တယ်၊ အစေခံတွေကို လွှတ်လိုက်ရင်ရပြီပဲ။ အရှင်မင်းကြီး ကြွလာတော့မယ်ထင်တယ်။ တို့တွေ စားပွဲထိုင်ကြရအောင်။"
ပြောပြီးသည်နှင့် အစေခံများကို စားပွဲခင်းခိုင်းလိုက်သည်။
ချန်စုကျစ် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး ဘာလုပ်ရမှန်း မသိတော့ပေ။ နောက်ဆုံးတွင် နန်းတွင်းအပျိုတော်တစ်ဦးက သူမကို အောက်ဆုံးအဆင့် ထိုင်ခုံသို့ တွဲပို့ပေးလိုက်သည်။
ချန်မိသားစု သိက္ခာကျမည်စိုးသဖြင့် ချန်မိန်ရန်သည် သူမ၏အစေခံ ချောင်ယွီကို ထိုနေရာသို့ သွားရောက်ပြုစုခိုင်းလိုက်သည်။
"သခင်မလေး စိတ်မပူပါနဲ့။ မယ်တော်ကြီးဘက်က သေချာစီစဉ်ပေးပါလိမ့်မယ်။"
ချောင်ယွီက နှစ်သိမ့်လိုက်သည်။
"ကောင်းပြီ... ကောင်းပြီ။ ချောင်ယွီ၊ အစ်မကြီးကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး။"
ချန်စုကျစ် သက်ပြင်းချလိုက်နိုင်သည်။
ချောင်ယွီ မြင်လိုက်ရသောအခါ စိတ်ထဲတွင် အထင်သေးမိသွားသည်။
ကြည့်ရတာ စုရှီရဲ့ ဦးနှောက်တွေက ဒုတိယသခင်လေးဆီပဲ ရောက်သွားပုံရတယ်။ ဒီဒုတိယသခင်မလေးကတော့ ရုပ်လေးလှတာပဲ အမွေရလိုက်တာပဲ။
ထိုင်ပြီး မကြာမီမှာပင် မိဖုရားခေါင်ကြီး၏လက်ဆောင် ရောက်လာသည်။
ကျောက်နီဖြင့် ပြုလုပ်ထားသော သလဲသီးပင်တစ်ပင်နှင့် နွေးထွေးကျောက်စိမ်း လည်ဆွဲတစ်ကုံး ဖြစ်သည်။
သလဲသီးသည် သားသမီးရတနာ ထွန်းကားခြင်းကိုကိုယ်စားပြုပြီး နွေးထွေးကျောက်စိမ်းသည် ရှားပါးပစ္စည်းဖြစ်ရာ အလွန်တန်ဖိုးကြီးသည်။
"မိဖုရားခေါင်ကြီးက ကိုယ်ဝန်ထိန်းနေရလို့ သမားတော်က လှုပ်ရှားမှုမများဖို့ မှာထားပါတယ်။ ဒါကြောင့် ကိုယ်တိုင် မလာရောက်နိုင်တာကို သယ့်ဖေးမယ်မယ် နားလည်ပေးပါ။"
ပစ္စည်းလာပို့သူမှာ စုအာဖြစ်ပြီး စကားပြောဆိုရာတွင် လေးစားသမှုရှိသည်။
ဝမ်သယ့်ဖေးသည် သဘောထားကွဲလွဲစရာ မရှိပေ။ ဆုငွေပေးပြီး ပြန်လွှတ်လိုက်သည်။
"မိဖုရားခေါင်ကြီးက တကယ်ကို သတိထားနေတာပဲ။"
ကျင်းဖေးက မျက်လွှာချလျက် တိုးတိုးလေး ပြောလိုက်သည်။
သူမဘေးတွင် ထိုင်နေသော လင်ရှိုးရုန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"သတိထားပေမယ့် နှစ်တစ်သောင်း သင်္ဘောလည်း မှောက်တတ်တာပါပဲ။"
"ညီမလေး... ဒီစကားကို လျှောက်မပြောနဲ့။"
ကျင်းဖေး အမြန်တားလိုက်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။
"ပြီးသွားတဲ့ကိစ္စတွေက ပြီးပါစေတော့။ ဘာလို့ စွဲလမ်းနေရတာလဲ။ ဘာပဲဖြစ်ဖြစ်... ကလေးက အပြစ်မရှိပါဘူး။"
လင်ရှိုးရုန် မျက်လုံးထဲတွင် နာကျင်မှုများ ဖြတ်ပြေးသွားပြီး ဝိုင်ခွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ ဘာမှပြန်မပြောတော့ပေ။
ကလေးက အပြစ်မရှိဘူး။ မိဖုရားခေါင်ကြီးရဲ့ကလေးက အပြစ်မရှိဘူး။ ဒါဆို သူမရဲ့ ကလေးကရော...
မကြာမီ အပြင်ဘက်မှ ဧကရာဇ်မင်းမြတ် ကြွချီလာကြောင်းကြေညာသံ ကြားလိုက်ရသည်။
ဝမ်သယ့်ဖေး အမြန်ထရပ်ပြီး ကိုယ်လုပ်တော်များကို ဦးဆောင်ကာကြိုဆိုလေသည်။
ဒူးထောက်နေသော အမျိုးသမီးအုပ်စုကြားတွင် နင်ချန်သည် ဝမ်သယ့်ဖေးရှေ့သို့ တည့်တည့်လျှောက်သွားပြီး ကိုယ်တိုင်တွဲထူပေးလိုက်သည်။
"ဒီနေ့က သားတော်ကြီးရဲ့ မွေးနေ့ဆိုတော့ မင်းလည်း ပင်ပန်းနေရောပေါ့။"
"ဒီချန်းချဲ့ မပင်ပန်းပါဘူး။ ကလေးကျန်းမာပြီး အရှင်မင်းကြီး ကျန်းမာရင် ဒီချန်းချဲ့ ဘာလုပ်ရလုပ်ရ တန်ပါတယ်။"
အမျိုးသမီးသည် ချစ်ရိပ်သန်းနေသော မျက်ဝန်းများဖြင့် ရှေ့မှအမျိုးသားကို ကြည့်နေသည်။
နင်ချန် သူမလက်ကို နှစ်သိမ့်သလို ပုတ်ပေးလိုက်ပြီး ခန်းမထဲသို့ ဦးဆောင်ဝင်သွားလေသည်။
လူအုပ်နောက်ဆုံးတွင် ပါလာသော ချန်စုကျစ်ကို မည်သူမျှ သတိမထားမိကြပေ။ သို့သော် သူမ၏ နင်ချန်ကို စိုက်ကြည့်နေသော မျက်လုံးများကိုမူ ဘေးလူများက ရှင်းလင်းစွာ မြင်လိုက်ကြသည်။
ပြောရမယ်ဆိုရင် တစ်ချက်ကြည့်ပြီး တစ်သက်လုံးစွဲလမ်းသွားတာပေါ့။
နင်ချန်ကို တစ်ခါမြင်ဖူးကတည်းက အစ်မကြီးနဲ့ အစ်ကိုကြီးရဲ့ စကားတွေကို သူမ မေ့ပစ်လိုက်ပြီ။
ဒီလောက် ခန့်ညားပြီး တိုင်းပြည်အုပ်ချုပ်သူဖြစ်တဲ့ အမျိုးသားကို သူမ တကယ် သဘောကျမိသွားပြီ။
ပြန်ထိုင်ပြီးနောက် စားပွဲစတင်လေသည်။
ဝမ်သယ့်ဖေးက သားတော်ကြီးကို ပွေ့ချီလာပြီး အားလုံးကို ပြသသည်။
ထိုကလေးသည် မတော်တဆ လမစေ့ဘဲ မွေးဖွားလာသူဖြစ်၍ အလွန်ပိန်လှီနေသည်။ အသားအရေမှာ ဖောက်ထွင်းမြင်ရလောက်အောင် ဖြူဖျော့နေပြီး ပါးပြင်ပေါ်တွင် သွေးကြောမျှင်လေးများ ပေါ်နေကာ နားထင်နားတွင်လည်း သွေးကြောစိမ်းလေးများရှိနေသည်။ ကြည့်ရသည်မှာ အသက်ရှည်မည့်ပုံ မပေါ်ပေ။
ဒီလောက်သေးသေးလေးဖြစ်နေတာတောင် အဝတ်အစားပေါ်တွင် ဆေးနံ့သင်းသင်းလေး စွဲနေသည်။ ဆေးဘယ်လောက်တောင် သောက်ထားရသလဲဆိုတာ သိသာသည်။
နင်ချန် ခဏလောက် ပွေ့ချီထားပြီး နို့ထိန်းလက်ထဲ ပြန်ထည့်ပေးကာ ခေါ်သွားခိုင်းလိုက်သည်။ မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။
ဒါ သူ့ရဲ့ သားကြီးလေ။ ဒီလောက် အားနည်းနေတာကို မြင်ရတော့ ဘယ်လိုလုပ် ပျော်နိုင်ပါ့မလဲ။
အောက်ဘက်တွင် ရှူးဖေးနှင့် မျက်နှာချင်းဆိုင်ထိုင်နေသော ကျန်းချိုက်ရန်သည် မသိမသာ မျက်ရိပ်ပြလိုက်သည်။
ရှူးဖေး သဘောပေါက်သွားပြီး ပြောလိုက်သည်။
"ဒီချန်းချဲ့ ကြည့်ရတာ သားတော်ကြီးက အရင်ကထက် ပိုသွက်လက်လာပုံရတယ်။ နောက်နှစ် နွေးလာလို့ အဝတ်အစားထူထူတွေ ချွတ်လိုက်ရင် လမ်းလျှောက်တတ်တော့မှာပါ။ သမီးတော်ကြီးတုန်းကလည်း တစ်နှစ်ကျော်မှ လမ်းလျှောက်တတ်တာလေ။"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -156
အခန်း ၁၅၆ ။ အိမ်ထောင်ချပေးခြင်း
နင်ချန် သူမကို တစ်ချက်ကြည့်လိုက်သည်။ သမီးတော်လေး ကျန်းမာကြောင်း သတိရသွားပြီး မျက်နှာထား အနည်းငယ်ပြေလျော့သွားလေသည်။
"မင်းသမီးကို ဘာလို့ ခေါ်မလာတာလဲ။"
"အရှင်မင်းကြီး မသိပါဘူး၊ ဒီရက်ပိုင်း နှင်းတွေကျနေတော့ မနေ့ညက ဒီချန်းချဲ့ 'နှင်းထဲမှာ ဇီးပန်းရှာတယ်' လို့ ပြောလိုက်မိတယ်။ ဒီမနက် အိပ်ရာနိုးတော့ ဇီးတောထဲကို သွားချင်တယ်ဆိုပြီး ပူဆာနေတော့တာပဲ။ ပြီးတော့ မင်းသမီးလေးက အငြိမ်မနေတတ်ဘူး၊ သားတော်ကြီးကို လန့်သွားစေမှာ စိုးလို့လေ။ မောင်နှမတွေ နောက်မှတွေ့လည်း နောက်မကျပါဘူး။"
ရှူးဖေးက ပြုံးရွှင်စွာဖြင့် လက်ကိုင်ပုဝါကို နှုတ်ခမ်းနားတေ့လျက် ပြောလိုက်သည်။
ဝမ်သယ့်ဖေး မကျေမနပ်ဖြစ်သွားပြီး နှုတ်ခမ်းတွန့်လိုက်သည်။
"သားတော်ကြီးက ယောကျ်ားလေးလေ၊ ဘယ်လောက် နုနယ်လို့လဲ။ မင်းသမီးလေးက အခုလို အေးတဲ့အချိန် အပြင်ထွက်ပြေးနေတာ အအေးမိကုန်ဦးမယ်။ ရှူးဖေးက ပိုဂရုစိုက်သင့်တာပေါ့။"
"အစ်မတော် မပူပါနဲ့။ ဒီကလေးက ကျွန်မလိုပဲ၊ အပူကြောက်ပြီး အအေးမကြောက်ဘူး။ ကျန်းမာရေး ကောင်းပါတယ်။"
ရှူးဖေး မျက်ခုံးပင့်လိုက်ပြီး ရန်စလိုသော အသံဖြင့် ပြောလိုက်သည်။
"ပန်ကုန်းက အတွေးလွန်သွားတာပါ။ ညီမတော်ရှူးဖေးက သူကောင်းမျိုးရိုးဆိုတော့ ပန်ကုန်းထက် အရေထူ... အဲ... ကိုယ်ခံအား ပိုကောင်းတာပေါ့။"
ဝမ်သယ့်ဖေး၏မျက်နှာထား အေးစက်သွားပြီးမှ စကားမှားသွားသလို ပြန်ပြင်ပြောလိုက်သည်။
'အရေထူတယ်' ဆိုသည်မှာ ကောင်းသော စကားမဟုတ်ပေ။
ရှူးဖေး ချက်ချင်း ဒေါသထွက်သွားပြီး ပြန်ပြောရန် ပြင်လိုက်စဉ် အပြင်ဘက်မှ လက်ဆောင်ရောက်ရှိကြောင်း ကြေညာသံ ကြားလိုက်ရသည်။
ချန်မိသားစု ဒုတိယသမီး၏ 'လက်ဆောင်' ရောက်ရှိလာခြင်းဖြစ်သည်။
နင်ချန် နားမလည်နိုင်ဖြစ်ကာ မေးလိုက်၏။
"ဒါ ဘာပစ္စည်းလဲ။"
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ဒါက ကျွန်တော်မျိုးမ သားတော်ကြီးအတွက် ပြင်ဆင်ထားတဲ့ မွေးနေ့လက်ဆောင်ပါ။ ပေါ့ဆမှုကြောင့် ချီနင်နန်းဆောင်မှာ ကျန်ခဲ့လို့ အခုမှ ယူလာတာပါ။"
မိန်းကလေးသည် ထရပ်ကာ ခါးလေးနွဲ့၍ အရိုအသေပြုလိုက်သည်။ အသံမှာ တေးသီငှက်ကဲ့သို့ သာယာနာပျော်ဖွယ် ကောင်းလှသည်။
"ထပါ" ဟု နင်ချန် လက်ကာပြလိုက်ပြီး မျက်ဝန်းအရောင်များ မှိန်ဖျော့သွားသည်။ "မင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ။"
ဒီမေးခွန်းကတော့...
မည်သို့ပင်ဆိုစေ လူအုပ်ထဲမှ ယဲ့ယွင်သည် မနေနိုင်ဘဲ ရယ်မိသွားသည်။
သူမက စလိုက်သဖြင့် ကျန်သူများလည်း မနေနိုင်ဘဲ လိုက်ရယ်ကြလေသည်။ တိုးညှင်းသော ရယ်သံများသည် ချန်စုကျစ်၏နားထဲတွင် စူးရှစွာကြားနေရပြီး အရှက်ရစေသည်။
ဝမ်သယ့်ဖေးသည် လှောင်ပြောင်သရော်သော မျက်လုံးများဖြင့် ချန်စုကျစ်ကို ကြည့်လိုက်ပြီး မယ်တော်ကြီး၏ စကားများကို တစ်လုံးမကျန် ပြန်ပြောပြလိုက်သည်။
ထင်သည့်အတိုင်းပင် နင်ချန်၏မျက်နှာက ပို၍ မဲမှောင်သွားလေသည်။
ယနေ့ ရောက်ရှိနေသူများမှာ ဧကရာဇ်၏ ကိုယ်လုပ်တော်များသာဖြစ်သည်။ ချန်စုကျစ်သည် အိမ်ထောင်မပြုရသေး၊ အရွယ်မရောက်သေးသော မိန်းကလေးတစ်ဦးဖြစ်ပါလျက်နှင့် ဒီနေရာကို ဘာလာလုပ်တာလဲ။
မယ်တော်ကြီးသည်လည်း အလွန်ရှုပ်ထွေးနေသည်။ ချန်မိသားစု၏ မယားငယ်သမီးတစ်ယောက်ကို သူမကိုယ်စား ပွဲတက်ခိုင်းသည်မှာ တော်ဝင်မိသားစု၏ဂုဏ်သိက္ခာကို နှိမ့်ချလိုက်ခြင်းပင်။
မယ်တော်ကြီး၏ရည်ရွယ်ချက်ကို နင်ချန် မသိဘဲ မနေနိုင်ပေ။ မူလက နူးညံ့သိမ်မွေ့သော နည်းလမ်းဖြင့် ဖြေရှင်းရန် စဉ်းစားထားသော်လည်း ယခုအခြေအနေအရ လုံးဝ မျက်နှာသာပေးချင်စိတ် မရှိတော့ပေ။
"မင်း အသက် ၁၄ နှစ်လို့ ကျန်း မှတ်မိတယ်။ ဟုတ်လား။"
"မှန်ပါတယ် အရှင်မင်းကြီး။"
ချန်စုကျစ် ဝမ်းသာသွားပြီး ရှက်သွေးဖြာသော မျက်နှာဖြင့် ရှေ့မှအမျိုးသားကို မော့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ နုနယ်ပြီး ဆွဲဆောင်မှုရှိသော ပုံစံဖမ်းလိုက်သည်။
ထိုအချိန်တွင် ရှိနေသူများသည် အရှင်မင်းကြီး၏စိတ်ကို ခန့်မှန်းရခက်သွားကြသည်။
ဒီလိုမေးတယ်ဆိုတော့ တကယ် သဘောကျသွားတာလား။
အလှအပနှင့် ပတ်သက်လျှင် ဒုတိယသခင်မလေးသည် ထိပ်တန်းစာရင်းဝင်ဖြစ်သည်။
သို့သော် ယဲ့ယွင်ကမူ ကောင်းကောင်းသိသည်။ သူ တစ်ခုခု လုပ်တော့မည်။
ချန်မိသားစုက နောက်ထပ် မိန်းကလေးတစ်ယောက် ထပ်ပို့ခြင်းကို နင်ချန် လက်ခံမည် မဟုတ်ပေ။ ချန်မိန်ရန် သေသွားမှသာ ဖြစ်နိုင်သည်။
"၁၄ နှစ်အရွယ်နဲ့ မယ်တော်ကြီးရဲ့မေတ္တာကိုရရှိတာ ရှားပါးပါတယ်။ မယ်တော်ကြီးက မင်းကို အလေးထားမှတော့ နောက်ဆိုရင် ချီနင်နန်းဆောင်မှာပဲ အမြဲနေလိုက်ပါ။ မယ်တော်ကြီးက ဘုရားတရား ကိုင်းရှိုင်းတော့ နေ့တိုင်း ဘုရားဆောင်မှာ မယ်တော်ကြီးအစား ဘုရားစာရွတ်ပေးပေါ့။ ဒါမှ မယ်တော်ကြီးရဲ့မေတ္တာနဲ့ ထိုက်တန်မှာ။"
နင်ချန် အေးစက်စွာ ပြောလိုက်ရာ ချန်စုကျစ်၏ခေါင်းပေါ်သို့ ရေအေးတစ်ပုံး လောင်းချလိုက်သကဲ့သို့ ဖြစ်သွားသည်။
ချီနင်နန်းဆောင်ထဲမှာနေပြီး နေ့တိုင်း ဘုရားစာရွတ်ရမယ်ဆိုတော့ သီလရှင်ဝတ်ခိုင်းတာနဲ့ အတူတူပဲပေါ့။
အခု သူမက ချီနင်နန်းဆောင်မှာ လူမမာစောင့်နေတာဆိုပေမယ့် ဘေးနားက အဆောင်ငယ်လေးမှာ နေတာလေ။ အရှင်မင်းကြီးကို စောင့်နေတာ မဟုတ်ဘူးလား။
ချီနင်နန်းဆောင်ထဲ ဝင်နေရရင် အရှင်မင်းကြီးကို ဘယ်လိုလုပ် ပြုစုနိုင်တော့မလဲ။
"အရှင်မင်းကြီး... ကျွန်တော်မျိုးမ..."
သူမ ပြန်ပြောရန် ပြင်လိုက်စဉ် အခြားအသံတစ်သံ ထွက်ပေါ်လာသည်။
"အရှင်မင်းကြီး... ဒုတိယသခင်မလေးက ငယ်ပါသေးတယ်။ နေ့တိုင်း ဘုရားစာရွတ်ရတာ ပျင်းစရာကောင်းလို့ ဘယ်ခံနိုင်မလဲ။ ဒီချန်းချဲ့ အမြင်ကတော့ အရှင်မင်းကြီး တကယ်ဆုချချင်ရင် လက်ထပ်ပေးလိုက်တာ ပိုကောင်းမယ်။ နောက်နှစ်ဆို အရွယ်ရောက်ပြီမို့ အိမ်ထောင်ပြုရမယ့်အရွယ် ရောက်ပြီလေ။"
ချန်စုကျစ် အံ့သြတကြီး လှည့်ကြည့်လိုက်ရာ ယဲ့ယွင်က နှုတ်ခမ်းတွန့်ကာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။
တကယ့်ကို သူမအတွက် စဉ်းစားပေးနေသည့်ပုံ ပေါက်နေသည်။
ချန်စုကျစ်က သဘောမတူနိုင်ပေ။ စဉ်းစားမနေဘဲ ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး အရှင်မင်းကြီး... မဟုတ်ဘူး... ကျွန်မ အိမ်ထောင်မပြုချင်ပါဘူး။ နန်းတွင်းဝင်ပြီး ပြုစုချင်..."
"ညီမလေးက မယ်တော်ကြီးကို ပြုစုချင်တဲ့ စေတနာရှိရင်တောင် အိမ်ထောင်မပြုဘူးဆိုတဲ့ စကားမျိုး မပြောရဘူးလေ။"
ချန်မိန်ရန် မျက်နှာပျက်သွားပြီး အမြန်ဖြတ်ပြောလိုက်သည်။
တကယ်လို့ သူမသာ အရှက်မရှိဘဲ နန်းတွင်းဝင်ပြီး အရှင်မင်းကြီးကို ပြုစုချင်ပါတယ်လို့ ပြောထွက်လိုက်ရင် ယင်းကော်ကုန်းအိမ်တော်ရဲ့မျက်နှာ ဘယ်နားသွားထားရမလဲ။
ချန်စုကျစ်ဘေးမှ ချောင်ယွီလည်း ထိတ်လန့်သွားပြီး သတိဝင်လာကာ သူမ၏လက်မောင်းကို မသိမသာ ဆွဲဆိတ်လိုက်သည်။ ထိုအခါမှ ချန်စုကျစ် အသိပြန်ဝင်လာတော့သည်။
နင်ချန်ကဲ့သို့ ထက်မြက်သူသည် သူမ၏စိတ်ကို ဘယ်လိုလုပ်မသိဘဲနေမလဲ။
အပျိုစင်မိန်းကလေးတစ်ယောက်က ဒီလောက် မျက်နှာပြောင်တိုက်ပြီး အရှက်မရှိဖြစ်နေသည်ကို ပို၍ စက်ဆုပ်ရွံရှာမိသည်။
အသံမှာ ချက်ချင်း မာကျောသွားသည်။
"ဘာလဲ... ယင်းကော်ကုန်းအိမ်တော်က မယားငယ်သမီးက ကျန်းရဲ့ဆုလာဘ်ကို မလိုချင်ဘူးလား။"
"ကျွန်တော်မျိုးမ မလုပ်ရဲပါဘူး၊ အရှင်မင်းကြီး စိတ်လျှော့ပါ။"
ချန်စုကျစ် ထိတ်လန့်တကြား ဒူးထောက်လိုက်သည်။ ဒီတစ်ခါတော့ တကယ်ကြောက်သွားပြီ။
အိမ်တော်ထဲတွင် အလိုလိုက်ခံထားရသော်လည်း မယားငယ်သမီးဖြစ်သည့်အတွက် အပြင်လောက ဗဟုသုတ မရှိပေ။ ဆုကိုယ်လုပ်တော်က တော်သည်ဆိုသော်လည်း မယားငယ်သာဖြစ်၍ သမီးကို သွန်သင်ဆုံးမရာတွင် အားနည်းချက်ရှိသည်။
"ဒုတိယသခင်မလေးကတော့ ကြောက်မနေပါနဲ့ရှင်။ အရှင်မင်းကြီးက လက်ထပ်ပေးမလို့ပါ၊ ညီမလေးအသက်ကို ယူမလို့မှ မဟုတ်တာ။ ဒါက ကိစ္စကောင်းပဲလေ။"
ယဲ့ယွင်သည် မီးလောင်ရာ လေပင့်ပေးလိုက်သည်။
နင်ချန် သူမကို တစ်ချက်ကြည့်လိုက်သည်။ ဒီမိန်းကလေးက တကယ်ကို လူအနိုင်ကျင့်ရတာ ဝါသနာပါတာပဲ။
ဒါပေမယ့် ကောင်းပါတယ်။ သူတို့ အနိုင်ကျင့်ချင်နေတာက လူတစ်ယောက်တည်းဆိုတော့ သူကပဲသဘောထားကြီးကြီးနဲ့ မမြင်ချင်ယောင်ဆောင်လိုက်ပါမယ်လေ။
ထို့ကြောင့် ချန်စုကျစ် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ နင်ချန်သည် ချက်ချင်းပင် ရုန်ချင်းနယ်စား လျန်မိသားစု၏ ဒုတိယသား လျန်ချန်စစ်နှင့် လက်ထပ်ပေးလိုက်သည်။
၎င်းမှာ ဂုဏ်ရည်တူ ရင်ဘောင်တန်းနိုင်သော အိမ်ထောင်ရေးတစ်ခုဖြစ်သည်။
ချန်စုကျစ်သည် ယင်းကော်ကုန်းအိမ်တော်မှဖြစ်သော်လည်း မယားငယ်သမီးသာဖြစ်သည်။ နယ်စားအိမ်တော်၏ ဒုတိယသားနှင့် လက်ထပ်ရခြင်းမှာ မဆိုးလှပေ။
မည်သို့ပင်ဆိုစေ နင်ချန်သည် မယ်တော်ကြီးနှင့် ချန်မိသားစု၏မျက်နှာကို ထောက်ထားလိုက်သေးသည်။
လက်ထပ်ပေးလိုက်ပြီဖြစ်၍ နန်းတော်ထဲတွင် ဆက်နေ၍ မရတော့ပေ။ ချန်စုကျစ်သည် ချီနင်နန်းဆောင်သို့ပြန်၍ ပစ္စည်းသိမ်းချိန်ပင်မရလိုက်ဘဲ မြင်းရထားဖြင့် ချက်ချင်းပြန်ပို့ခံလိုက်ရသည်။
ထိုနေ့တွင်ပင် အမိန့်တော်စာ ထွက်ရှိသွားသည်။
ယင်းကော်ကုန်းနှင့် မိသားစုဝင်များ ဒူးထောက်၍ အမိန့်တော်နာခံကြရာ အမူအရာများလေးလံနေကြသည်။
စုရှီနှင့် ချန်ရှန်ယိတို့ သားအမိနှစ်ယောက်သာ ဝမ်းသာကြသည်။ ကာယကံရှင် ချန်စုကျစ်မှာမူ ရင်ထဲအေးစက်သွားလေပြီ။
......
သတင်းကို ချီနင်နန်းဆောင်သို့ ပို့လိုက်သောအခါ မယ်တော်ကြီး ဒေါသအကြီးအကျယ် ထွက်လေသည်။
နင်ချန်ကို ခေါ်တွေ့လေသည်။
"အိမ်ထောင်ရေးဆိုတာ မိဘစကား နားထောင်ရတာ။ စုကျစ်က မင်းရဲ့ ညီမဝမ်းကွဲလေ။ မင်းက ဘယ်လိုလုပ် သဘောရှိ လက်ထပ်ပေးရတာလဲ။ မင်းက မင်းဦးလေးကိုရော၊ ဒီမအေကိုရော မျက်စိထဲကောထည့်ရဲ့လား။”
"ကျန်းက ဧကရာဇ်မင်းမြတ်လေ။ တိုင်းသူပြည်သားအားလုံးက ကျန်းရဲ့ သားသမီးတွေပဲ။ ကျန်း ဘာလို့ လက်ထပ်မပေးနိုင်ရမှာလဲ။ ယင်းကော်ကုန်းက ကျန်းရဲ့ မှူးမတ်ပဲ။ ကျန်းက ကိစ္စတိုင်းမှာ သူ့ကို ဦးစားပေးရမှာလား။ ဒါဆို ကျန်းရဲ့ထီးနန်းကို သူ့ကို ပေးလိုက်ရမလား။ ဒါမှ မယ်တော်ကြီး ကျေနပ်မှာလား။"
နင်ချန်သည် ပထမဆုံးအကြိမ်အဖြစ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ နဖူးမှ သွေးကြောများ ထောင်ထလာပြီး မျက်လုံးများ မဲမှောင်နေသည်မှာ လူကို ကြောက်လန့်စေသည်။
မယ်တော်ကြီး ကြောင်အသွားပြီး တုန်လှုပ်သွားသည်။
ရုတ်တရက်ဆိုသလို သူမ၏ရှေ့မှ ဧကရာဇ်ငယ်လေး၏ပုံရိပ်တွင် ယခင်ကွယ်လွန်သူ ဧကရာဇ်၏ အရိပ်အယောင်ကို မြင်လိုက်ရသည်။
နင်ချန် ချီနင်နန်းဆောင်မှ ထွက်ခွာသွားသည်အထိ မယ်တော်ကြီး သတိမဝင်နိုင်သေးပေ။
နောက်ဆုံးတွင် နင်ချန် အမိန့်ထုတ်ပြန်လိုက်သည်။ မယ်တော်ကြီး နေထိုင်မကောင်းဖြစ်၍ အနားယူရန် လိုအပ်သဖြင့် မည်သူမျှ သွားရောက်တွေ့ဆုံခွင့်မပြုဟု အမိန့်ပေးလိုက်လေသည်။