← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 10 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 10 Ch. 157-158

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -157

အခန်း ၁၅၇ ။ ချော့မော့ခြင်း

နင်ချန်သည် အမှန်တကယ် ဒေါသထွက်နေမိသည်။ ချီနင်နန်းဆောင်မှ ထွက်လာသည်နှင့် ယာဉ်ကိုပင်မစီးဘဲ တရှိန်ထိုးလမ်းလျှောက်သွားလေသည်။

နောက်မှလိုက်လာသော အစေခံများမှာ အသက်ပင် ပြင်းပြင်းမရှူရဲကြပေ။

ယွမ်ကျို မေးချင်သော်လည်း အရှင်မင်းကြီး၏အမူအရာ မဲမှောင်နေသည်ကို တွေ့လိုက်ရသဖြင့် မမေးတော့ဘဲ နေလိုက်သည်။

စိတ်ထဲတွင် တွေးနေမိသည်မှာ ဝမ်သယ့်ဖေးဆီသွားမည်ဟု ထင်ရသည်။

ပုံမှန်ဆိုလျှင် အရှင်မင်းကြီး စိတ်မကြည်လင်သည့်အခါ ချူရှို့နန်းဆောင်သို့ သွားလေ့ရှိသည်။

သို့သော် လျှောက်နေရင်းနှင့် လမ်းကြောင်းလွဲသွားသည်။

ရှေ့ဆက်လျှောက်လျှင် ယွီရှို့အဆောင်သို့ ရောက်တော့မည်။

ယွမ်ကျို မျက်လုံးကျဉ်းလိုက်ပြီး နောက်မှလိုက်လာသော မိန်းမစိုးလေးတစ်ဦးကို လက်ယပ်ခေါ်ကာ နားနားကပ်၍ တိုးတိုးလေး မှာလိုက်သည်။ ထိုမိန်းမစိုးလေးသည် လူအုပ်ထဲမှ ခွဲထွက်ကာ ဖြတ်လမ်းမှ ပြေးသွားလေတော့သည်။

တစ်မီးရှို့စာမကြာမီအချိန်၌ နင်ချန်သည် ယွီရှို့အဆောင်၏ခြံဝင်းတံခါးဝသို့ ရောက်ရှိလာသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ သူကိုယ်တိုင်ပင် သတိမထားမိဘဲ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

စောစောက ဒေါသထွက်နေသဖြင့် လမ်းကို သေချာမကြည့်မိခဲ့ပေ။

သို့သော် ရောက်မှရောက်လာပြီဖြစ်၍ ဝင်သွားလိုက်သည်။

အစေခံက အကြောင်းကြားလိုက်သည်နှင့် အဖြူရောင်ဘောလုံးလေးတစ်လုံး အိမ်ထဲမှ ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။

ညန်ကောင်းလေးသည် အတော်ကြီးထွားလာပြီး ဘောလုံးလေးတစ်လုံးနှင့်တူနေသည်။ အမြီးကို တနှံ့နှံ့လုပ်ရင်း မျက်လုံးဝိုင်းလေးများဖြင့် နင်ချန်ကို ပျော်ရွှင်စွာကြည့်နေသည်။

လူသင်ပေးထားသည်လား၊ သူ့ဘာသာ လိမ်မာနေသည်လား မသိန်ုင်ပေ။ အပြေးကလေးသွားပြီး နင်ချန်၏ ခြေထောက်ကို ပွတ်သပ်ကာ နူးညံ့စွာ ဟောင်လေသည်။

ဤမျှ ဖြူစင်ချစ်စရာကောင်းသော သတ္တဝါလေးသည် စိတ်ရှုပ်ထွေးမှုများကို ပြေပျောက်စေသော ဆေးကောင်းတစ်လက်ဖြစ်သည်။ နင်ချန်သည် ခြေရင်းမှခွေးလေးကိုကြည့်လိုက်ရာ မျက်ဝန်းများ နူးညံ့သွားသည်။

"အရှင်မင်းကြီး ရောက်လာပြီလား။ ဒီချန်းချဲ့က အစေခံလေးတွေနဲ့ ဆံပင်ပုံစံအသစ် စမ်းနေတာပါ။ အဆင်မပြေဖြစ်သွားရင် ခွင့်လွှတ်ပေးပါနော်။"

မိန်းကလေးသည် ဂါဝန်စကိုမရင်း ထွက်လာသည်။ ပန်းရောင်ဖျော့ဖျော့ ယုန်မွေးကွပ် ဂါဝန်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို တစ်ဝက်သာ စည်းနှောင်ထားကာ မျက်နှာတွင် မိတ်ကပ်မလိမ်းထားသဖြင့် အလွန်နုနယ်ပျိုမြစ်နေသည်။

ယွမ်ကျို စိတ်ရှုပ်သွားလေသည်။ သူကြိုတင်သတင်းပို့ခိုင်းထားသည် မဟုတ်လား။ ဘာလို့ ပြင်ဆင်မထားရတာလဲ။

အနောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ သတင်းပို့သော မိန်းမစိုးလေးက ခေါင်းညိတ်ပြပြီး သတင်းပို့ခဲ့ကြောင်း အတည်ပြုနေသည်။

အကြည့်ပြန်လွှဲလိုက်ပြီးနောက်မှာ ယွမ်ကျို နားမလည်နိုင်ဖြစ်နေသည်။ သို့သော် အရှင်မင်းကြီး၏ မျက်ဝန်းများ နူးညံ့လာသည်ကို တွေ့ရသဖြင့် စိတ်အေးသွားရသည်။

အရှင်မင်းကြီး ဒေါသပြေမှသာ သူတို့အစေခံတွေ သက်သာရာရမည်မဟုတ်လား။

"လက်တွေ အေးစက်နေတာပဲ။ ဘာလို့ အဝတ်အစား ပိုမဝတ်တာလဲ။"

နင်ချန် ရှေ့တိုးသွားပြီး သူမကို တွဲထူကာ အိမ်ထဲသို့ ခေါ်ဆောင်သွားသည်။

ယဲ့ယွင် ပြုံးလိုက်သည်။

"အရှင်မင်းကြီးရဲ့လက်က နွေးနေတာပဲ။ ဒီချန်းချဲ့က အရှင်မင်းကြီးရဲ့လက်ကို ကိုင်ထားရင် မအေးတော့ဘူးလေ ဟိဟိ။”

နှစ်ယောက်သား အိမ်ထဲတွင် ထိုင်လိုက်ကြပြီး ဟွေယွဲ့က လက်ဖက်ရည် လာချပေးသည်။

ခွက်ထဲတွင် အနီရောင်ဇီးပန်းပွင့်ဖတ်များ မျောနေသည်ကို ကြည့်ပြီး နင်ချန် မေးလိုက်သည်။

"ဒါ ဘာလက်ဖက်ရည်လဲ။"

"ဇီးပန်းပွင့်တွေ ပါနေတော့ ဇီးပန်းလက်ဖက်ရည်ပေါ့။ အပင်ပေါ်မှာ ဇီးပန်းတွေ လှလှပပ ပွင့်နေတာတွေ့လို့ ခူးပြီး လက်ဖက်ရည်ဖျော်လိုက်တာ။ ရေကတော့ ဇီးပွင့်ဖတ်ပေါ်က နှင်းတွေကို အရည်ဖျော်ထားတာလေ။ အရှင်မင်းကြီး မြည်းကြည့်ပါဦး။"

ပြောရင်းဆိုရင်း ယဲ့ယွင်က အရင်မြည်းစမ်းပြလိုက်သည်။

နင်ချန် သူမကို တစ်ချက်ကြည့်လိုက်ပြီး သူလည်း မြည်းစမ်းလိုက်ရာ မျက်လုံးများ အရောင်လက်သွားသည်။

"လက်ဖက်ရည်အစစ်လောက် မမွှေးပေမယ့် အေးမြတဲ့ ရနံ့သင်းသင်းလေး ရနေတယ်။ ချင်းချင်းမှာ ဒီလို စိတ်ကူးကောင်းတွေ ရှိမှန်း မသိခဲ့ဘူး။"

"အရှင်မင်းကြီး ဘယ်သိပါ့မလဲ။ ဒီချန်းချဲ့ကို လေးပစ်တာနဲ့ လူအနိုင်ကျင့်တာလောက်ပဲ တတ်တယ်လို့ ထင်နေတာမလား။"

"ကျန်းက ချီးကျူးလိုက်တာကို မင်းက ဘာလို့ စိတ်ဆိုးနေရတာလဲ။"

နင်ချန် ခွက်ကိုချလိုက်ပြီး မျက်လုံးထဲတွင် အပြုံးရိပ်များ ပေါ်လာသည်။

ဒီမိန်းကလေး ဂျီကျနေပုံက တကယ် ထူးခြားပြီး ချစ်ဖို့ကောင်းသည်။

ယဲ့ယွင် မျက်စောင်းထိုးလိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

"အရှင်မင်းကြီးက စိတ်ဆိုးရင် ဒီချန်းချဲ့ဆီ ရောက်လာတတ်တယ်။ စောစောက မျက်နှာမဲကြီးနဲ့ဆိုတော့ ချန်းချဲ့ လန့်သွားတာပေါ့။ နောက်ဆို လာမခြောက်ပါနဲ့တော့။"

နဂါးကို ချော့မော့ရသည့်အလုပ်မျိုး သူမ တကယ်မလုပ်ချင်ပေ။ အခန့်မတင့်ရင် ခေါင်းပြုတ်သွားနိုင်သည့် အလုပ်မျိုးပင်။

"မင်းကတော့လေ..."

နင်ချန် အံကြိတ်လိုက်ပြီး သူမ၏ပါးကို မနေနိုင်ဘဲ ဆွဲညှစ်လိုက်သည်။

"တခြားလူတွေက ကျန်းလာမှာကို မျှော်နေကြတာ။ မင်းကတော့ ကိုယ်တော့်ကို ငြင်းရဲတယ်ပေါ့။"

ယဲ့ယွင် နာသွားသော်လည်း အလျော့မပေးဘဲ သူ့ပါးကို ပြန်ဆွဲညှစ်ရန် ကြိုးစားသည်။

သို့သော် လက်တိုနေသဖြင့် လေထဲတွင်သာ ဝှေ့ယမ်းလိုက်ရသည်။

ထိုရယ်စရာကောင်းသောပုံစံကြောင့် နင်ချန် မနေနိုင်ဘဲ ရယ်မောလိုက်မိပြီး အတော်ကြာသည်အထိ မရပ်တန့်နိုင်ဖြစ်သွားသည်။

"အရှင်မင်းကြီးက လူကိုအနိုင်ကျင့်ရတာ ဝါသနာပါတာပဲ။ ဇီးပန်းလက်ဖက်ရည်က နည်းနည်းလေး ရှိတာကို ဒီချန်းချဲ့က အရှင်မင်းကြီးကို တိုက်ထားတာနော်။ အရှင်မင်းကြီးက ဒီချန်းချဲ့ ငြင်းတယ်လို့ ပြောရက်တယ်။ တကယ် မတရားဘူး။"

နင်ချန် အတော်ကြာ ရယ်မောပြီးနောက် လက်ကာပြလိုက်သည်။

"ကဲပါ... ကဲပါ... ကျန်း စလိုက်တာပါ။ နောက်ကျရင် ယွမ်ကျိုကို လက်ဖက်ခြောက်အကောင်းစားတွေ လာပို့ခိုင်းလိုက်မယ်။ အဲဒါ ကျန်းရဲ့ တောင်းပန်မှုပေါ့။"

အပြင်ဘက်တွင် စောင့်နေသော ယွမ်ကျို သက်ပြင်းချလိုက်မိသည်။

မင်ကျယ်ယွီက အရှင်မင်းကြီးကို ပျော်ရွှင်အောင်လုပ်ရာမှာ နန်းတွင်းတစ်ခုလုံး ပြိုင်ဘက်ကင်းပါပဲလား။

သို့သော် ချီးကျူးခံနေရသော ယဲ့ယွင်မှာမူ စားဖို့သာ တွေးနေသည်။

ဒီနေ့ ဘာစိတ်ကူးပေါက်မှန်းမသိ ဝါးမျှစ်ဝက်သားနီချက် စားချင်စိတ်ပေါက်နေသည်။

သို့သော် ဆောင်းတွင်းကြီး ဝါးမျှစ်ဘယ်ကရမလဲ။ ဆောင်းဝါးမျှစ်ဆိုတာတောင် ၁၀ လပိုင်းတုန်းက စားပြီးသွားပြီ။

ကံကောင်းစွာဖြင့် တော်ဝင်စားဖိုဆောင်တွင် ဝါးမျှစ်ခြောက်များ သိမ်းဆည်းထားသည်ဟု ဆိုသည်။ လတ်ဆတ်သော ဝါးမျှစ်လောက် အရသာမရှိသော်လည်း အသားနှင့်ချက်လျှင် မဆိုးလှပေ။

အဓိကကစားဖိုမှူး၏လက်ရာပေါ်တွင် မူတည်သည်။

ယွီရှို့အဆောင်၏အစားအသောက်များသည် အမြဲတမ်းကောင်းမွန်လေ့ရှိပြီး ယခုတစ်ကြိမ်လည်း အလွန်မွှေးကြိုင်နေသည်။

ဝါးမျှစ်ဝက်သားနီချက်သာမက ဝါးမျှစ်ခြောက်ဟင်းရည်ပါ ချက်ထားရာ အလွန်အရသာရှိသည်။

စားပွဲပေါ်ရောက်သည်နှင့် ယဲ့ယွင် ပန်းကန်လုံးကြီးတစ်လုံး အရင်သောက်လိုက်သည်။

နင်ချန် သူမ၏ပျော်ရွှင်နေပုံကိုကြည့်ပြီး နားမလည်နိုင် ဖြစ်နေသည်။

ယဲ့မိသားစုက ချမ်းသာကြွယ်ဝပြီး အစားကောင်းအသောက်ကောင်းတွေနဲ့ ကြီးပြင်းလာတာပဲ။ ဘာလို့ သူ့တို့သမီးက ဒီလောက် ငတ်မွတ်နေရတာလဲ။ တစ်ခါမှ မစားဖူးတဲ့အတိုင်းပဲ။

"အရှင်မင်းကြီး ဒီချန်းချဲ့ကို ဘာလို့ ကြည့်နေတာလဲ။ ဒီဟင်းရည်က အရမ်းကောင်းတယ်၊ သောက်ကြည့်ပါဦး။"

ပြောရင်းဆိုရင်း နင်ချန်အတွက် တစ်ပန်းကန်ခပ်ထည့်ပေးလိုက်သည်။

တကယ်တော့ နင်ချန်က ဟင်းရည်မကြိုက်ပေ။

သူက ခန္ဓာကိုယ်အပူချိန်များသူဖြစ်၍ ဟင်းရည်သောက်လိုက်လျှင် ချွေးထွက်လွယ်ပြီး နေရထိုင်ရ ခက်သည်။

သို့သော် ရှေ့မှအမျိုးသမီးငယ်၏ စေတနာကို မလွန်ဆန်နိုင်ဘဲ တစ်ပန်းကန် သောက်လိုက်သည်။

အရသာရှိသော်လည်း နောက်ထပ် ထပ်မသောက်တော့ပေ။

ယဲ့ယွင်ကမူ သုံးပန်းကန် ဆက်တိုက် သောက်လိုက်သည်။

ဆောင်းတွင်းကြီး ဟင်းရည်ပူပူလေးသောက်ရတာ တကယ်ဇိမ်ရှိတာပဲ။

ပန်းကန်လုံးချလိုက်သောအခါ နင်ချန်၏မျက်နှာထား မှိုင်းညို့နေသည်ကို တွေ့လိုက်ရသည်။

ရယ်မောပြီးနောက် မူလစိတ်ခံစားချက် ပြန်ဝင်လာပုံရသည်။

"အရှင်မင်းကြီးက ဒီချန်းချဲ့ဆီ ရောက်နေပြီပဲ၊ ဘာလို့ တခြားကိစ္စတွေ တွေးနေရတာလဲ။"

ယဲ့ယွင်သည် ဝက်သားနီတစ်တုံးကို သူ့ပန်းကန်ထဲ ထည့်ပေးရင်း ပြောလိုက်သည်။

"အရှင်မင်းကြီးက ကိုယ်ကသာ ဒီမှာရှိနေတာ၊ စိတ်ကတော့ တခြားနေရာ ရောက်နေတာလား။"

"ဘာပြောတာလဲ။"

နင်ချန် နားမလည်ဘဲ မေးလိုက်သည်။

ယဲ့ယွင် မျက်ခုံးပင့်လိုက်သည်။

"အရှင်မင်းကြီးက ဒီချန်းချဲ့ဆီမှာ ရှိနေပေမယ့် စိတ်က ဘယ်ရောက်နေမှန်း မသိဘူးလို့ ပြောတာ။ ထမင်းစားတာတောင် စိတ်မပါဘူး။"

"ဘယ်ဟုတ်မလဲ။ ကျန်းက တိုင်းရေးပြည်ရာကိစ္စတချို့ကို သတိရသွားလို့ ခဏတာ ငေးသွားတာပါ။"

ဒီစကားကို မကြားဖူးဘူးလို့တော့ ဝန်ခံမှာ မဟုတ်ဘူး။ ဧကရာဇ်မင်းမြတ်ဆိုတာ ဗဟုသုတ ကြွယ်ဝရမယ်လေ။

ဒါပေမယ့် ပြန်ရောက်ရင် စာအုပ်သွားဖတ်ကြည့်ဦးမှ။ တကယ်ပဲ သူ မဖတ်ဖူးတာများလား။

(T/N - ကိုယ်ကတစ်နေရာစိတ်ကတစ်နေရာဆိုတဲ့ စကားပုံကိုသုံးပြီးယဲ့ယွင်ပြောတာကို နင်ချန်ကဆိုလိုရင်းကိုမသိတာပါ)

"အရှင်မင်းကြီးက တိုင်းရေးပြည်ရေးကို တွေးတာလား၊ ချီနင်နန်းဆောင်ကို တွေးတာလား ဒီချန်းချဲ့ ဂရုမစိုက်ပါဘူး။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ယွီရှို့အဆောင်ကို ရောက်လာရင်တော့ ဒီချန်းချဲ့ကိုပဲ တွေးရမယ်။"

မိန်းကလေးသည် လက်ရဲဇက်ရဲလက်နှစ်ဖက်ဖြင့် အမျိုးသား၏မျက်နှာကို အုပ်ကိုင်လိုက်သည့်အခါ နူးညံ့သောအထိအတွေ့ကြောင့် နင်ချန် ကြောင်သွားသည်။

မက်မွန်ပွင့်သဏ္ဌာန် မျက်ဝန်းလေးများက နူးညံ့စွာကြည့်နေပြီး ရေပူစမ်းတစ်ခု နှလုံးသားထဲ စီးဝင်လာသကဲ့သို့ နွေးထွေးသွားစေသည်။

နင်ချန်၏လည်စေ့ လှုပ်ရှားသွားပြီး အသံအက်ကွဲကွဲဖြင့် ပြောလိုက်သည်။

"ကောင်းပြီ၊ ကျန်း မင်းစကား နားထောင်မယ်။"

"ဒါဆို အရှင်မင်းကြီး ထမင်းကောင်းကောင်းစားနော်။ အပြင်မှာအေးနေတော့ လမ်းလျှောက်မထွက်တော့ဘူး။ စားပြီးရင် အိပ်ကြမယ်။ ဒီနေ့ ဟွေယွဲ့က စောင်အသစ် လဲပေးထားတယ်၊ အရမ်းနွေးတယ်။"

ယဲ့ယွင် တိုးတိုးလေး ပြောရင်း ပြုံးလိုက်သည်။

ဧကရာဇ်မင်းမြတ်ကို ကလေးချော့သလို ချော့နေရပေမယ့် ယခုအချိန်တွင် နင်ချန်သည် ဒဏ်ရာရနေသော ကလေးတစ်ယောက်နှင့် တူနေသည် မဟုတ်လား။

....

ညစာစားပြီးနောက် နှစ်ယောက်သား စောစောအိပ်ရာဝင်ကြသည်။

ဒီနေ့ နင်ချန် စိတ်မကြည်လင်သဖြင့် ဘာမှလုပ်လိုစိတ်မရှိဘဲ ယဲ့ယွင်ကို အရုပ်ကလေးတစ်ရုပ်လို ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်။

ဒီလိုလုပ်မှ အိပ်ပျော်မည့်ပုံ ပေါက်နေသည်။

ယဲ့ယွင်ကတော့ ကိစ္စမရှိပေ။ ဆောင်းတွင်းကြီး အေးနေတာဆိုတော့ လူတစ်ယောက်ကို ဖက်ထားရတော့ပိုနွေးတာပေါ့။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -158

အခန်း ၁၅၈ ။ လူ့စိတ်

နောက်တစ်နေ့သည် အလုပ်ပိတ်ရက်ဖြစ်

သဖြင့် နင်ချန် နန်းတွင်းညီလာခံသို့တက်စရာမလိုချေ။ ထို့ကြောင့် ယွမ်ကျိုလည်း သူ့ကို အပြင်ကနေ လှမ်းမနှိုးပေ။

ယဲ့ယွင်ကမူ ပုံမှန်အားဖြင့် မနက်စောစော ဂါရဝပြုစရာ မလိုသည့်နေ့များတွင် နံနက် ၇ နာရီမှ ၉ နာရီကြားအထိ အိပ်လေ့ရှိသဖြင့် ယွီရှို့အဆောင်မှ အစေခံများလည်း သူမကို လာမနှိုးကြပေ။

ထို့ကြောင့် နှစ်ယောက်သား နေ့လည်စာ စားချိန်နီးသည်အထိ အိပ်ပျော်နေကြသည်။

နောက်ဆုံးတွင် နင်ချန် အရင်နိုးလာသည်။ လက်မောင်းကို လှုပ်ရှားကြည့်လိုက်ရာ ထုံကျင်နေခဲ့သည်။ ရင်ခွင်ထဲမှ အမျိုးသမီးက တစ်ညလုံး ဖိအိပ်ထားသဖြင့် မခံနိုင်တော့ပေ။

လက်မောင်းကို ဖြည်းဖြည်းချင်း ဆွဲထုတ်ရန် ကြိုးစားလိုက်သော်လည်း လှုပ်ရှားလိုက်သည်နှင့် ယဲ့ယွင် နိုးသွားသည်။

"ဘယ်အချိန်ရှိပြီလဲ။ အရှင်မင်းကြီး ညီလာခံမတက်ဘူးလား။"

ယဲ့ယွင် ကိုယ်ကိုလိမ်လိုက်ပြီး နင်ချန်ကို ကျောပေးကာ ခေါင်းအုံးပျော့ပျော့ထဲသို့ မျက်နှာအပ်လိုက်သည်။ အိပ်ရေးမဝသေးကြောင်း သိသာနေသည်။

"ဒီနေ့က ပိတ်ရက်လေ။ ဒါနဲ့ မင်းက ပုံမှန်ဆိုရင် ဒီအချိန်ထိ အိပ်တာလား။"

ပါးစပ်က အပြစ်တင်သလို ပြောနေသော်လည်း အိပ်ရာမှမထဘဲ ကိုယ်ကိုစောင်းကာ သူမကို ဖက်လိုက်သည်။

မနက်ခင်းအချိန်၊ မွှေးကြိုင်နူးညံ့သော ခန္ဓာကိုယ်လေး ရင်ခွင်ထဲရောက်နေပြီး မနေ့ညကလည်း ဘာမှမလုပ်ဖြစ်ခဲ့သဖြင့် စိတ်ကူးယဉ်ဆန်လာမိသည်။

အိပ်ဝတ်စုံပါးပါးလေးပေါ်မှ နင်

ချန်၏လက်များက မငြိမ်မသက်ဖြစ်လာသည်။

ယဲ့ယွင်သည် အထာပေးကာညည်းညူလိုက်ပြီး နင်ချန်ဘက်သို့ လှည့်လာကာ ခြေထောက်ကိုမြှောက်၍ သူ့ခါးကို ချိတ်လိုက်ပြီး ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်သည်။

ဤမျှ တက်ကြွနေမှုကို ဘယ်လိုလုပ်တောင့်ခံနိုင်ပါ့မလဲ။

ထို့ကြောင့် အေးမြသော ဆောင်းနံနက်ခင်းတွင် သဟဇာတဖြစ်ပြီး လှပသော လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာလေသည်။

နင်ချန်သည် အောင့်ထားရသည်မှာကြာပြီဖြစ်၍ အနည်းငယ် ကြမ်းတမ်းမိသွားရာ ယဲ့ယွင်သည် သူ့ပခုံးနှင့် ကျောပြင်တွင် လက်သည်းရာ အနီကွက်များ ထင်ကျန်ရစ်စေခဲ့သည်။ လည်ပင်းပေါ်ရှိ အရာများကိုမူ ပြောနေစရာ မလိုတော့ပေ။

"မင်းဒီအပြုအမူတွေကို ညန်ကောင်းစီကသင်ထားတာလားဟမ်။"

နင်ချန် အံကြိတ်လိုက်သည်။

လုပ်နေချိန်တွင်း သွေးပူနေတုန်းဖြစ်၍ မနာသော်လည်း ယခု စိတ်ငြိမ်သွားပြီး ချွေးများနှင့် ထိတွေ့သောအခါ စပ်ဖျင်းဖျင်း ဖြစ်လာသည်။

ယဲ့ယွင် မျက်စောင်းထိုးလိုက်ပြီး အားမပါသောလက်ဖြင့် သူ့ရင်ဘတ်ကို ထိုးလိုက်သည်။

"အရှင်မင်းကြီးက အမြဲတမ်း အဲဒါပဲ မေးနေတယ်။ ဒီချန်းချဲ့က ပြန်မေးရမလား။ အရှင်မင်းကြီးကရော ဝံပုလွေလား။ ဒီလောက် ကြမ်းတမ်းနေတာ။"

ပြောပြီးသည်နှင့် စောင်ကိုလှန်ကာ ရင်ဘတ်နှင့် ခါးပေါ်ရှိ အနီကွက်များကို ညွှန်ပြလိုက်သည်။ ဒါတွေက ဝံပုလွေတစ်ကောင်ရဲ့လက်ရာတွေလေ။

နင်ချန် နှာခေါင်းကိုပွတ်လိုက်ပြီး နေရခက်သွားသည်။

အတွင်းဝတ်ကို ကပျာကယာ ကောက်ဝတ်လိုက်ပြီး ရေချိုးရန် ပြင်ဆင်ခိုင်းလိုက်သည်။

ယွီရှို့အဆောင်မှ အစေခံများသည် အလိုက်သိတတ်ကြပြီး ရေနွေးနှင့် ရေချိုးကန်ကို ကြိုတင်ပြင်ဆင်ထားကြသည်။ ရေချိုးခန်းထဲတွင်လည်း မီးသွေးမီးဖိုများဖိုထားသဖြင့် နွေးထွေးနေသည်။

နှစ်ယောက်သား ဝင်သွားပြီး သက်တောင့်သက်သာ ရေချိုးလိုက်ကြသည်။

နေ့လည်စာ စားပြီးနောက် နင်ချန်သည် နိုင်ငံရေးကိစ္စများ ဆောင်ရွက်ရန် ကျိုချန်နန်းဆောင်သို့ ပြန်သွားလေသည်။

သို့သော် မထွက်ခွာမီ ညကျရင် ပြန်လာခဲ့မည်ဟု အထူးမှာကြားသွားသည်။

ငွေရှင်ကြီးက သတိရနေမှတော့ ယဲ့ယွင် ငြင်းစရာ အကြောင်းမရှိပေ။

မသွားခင် အနမ်းတစ်ပွင့် ပေးလိုက်ရာ တစ်ယောက်သောသူမှာ တစ်နေ့လည်လုံး လျှောက်တင်လွှာများကို အာရုံစိုက်၍ မရတော့ပေ။

နင်ချန်က အမြဲတစေအလုပ်လုပ်ရသော်လည်း မြေခွေးမလေး ယဲ့ယွင်ကမူ အားနေလေသည်။

နေ့လည်ခင်းတွင် ပျင်းရိနေသဖြင့် လုမေ့ကို စက္ကူနီများယူခိုင်းပြီး အစေခံများနှင့်အတူ စက္ကူညှပ်ကစားကြသည်။

လုဟယ်က လက်ရာအမြောက်ဆုံးဖြစ်ပြီး အလှဆုံး ညှပ်နိုင်သည်။ ညန်ကောင်းလေး၏ပုံတူကိုပင် ညှပ်ပေးလိုက်ရာ အလွန်ချစ်စရာကောင်းသည်။

ယဲ့ယွင်သည် ဤအရာများကို မကျွမ်းကျင်ပေ။ အချိန်အကြာကြီး ကြိုးစားညှပ်သော်လည်း မတူမတန်သော ဇီးပွင့်ပုံနှင့် ဖူ (ကံကောင်းခြင်း) စာလုံးတစ်လုံးသာရသဖြင့် ကပ်ကြေးကို ပစ်ချလိုက်တော့သည်။

ခွေးကိုပွေ့ဖက်ကာ ဘေးတွင်ထိုင်၍ အစေခံများ ညှပ်နေသည်ကိုကြည့်ရင်း စကားစမြည်ပြောနေလိုက်သည်။

ထိုအချိန်တွင် လုကျီက ကိစ္စတစ်ခုကို သတိရသွားသည်။

"ဒီနေ့ အဝတ်လျှော်ဌာနကနေ ပစ္စည်းသွားယူတုန်းက အတင်းအဖျင်းတချို့ ကြားခဲ့ရတယ်။ နည်းနည်းတော့ ရှုပ်ထွေးနေတယ်။"

"ဘာကိစ္စလဲ။ မြန်မြန်ပြောပြစမ်းပါ၊ လူကို စိတ်ဝင်စားအောင် မလုပ်နဲ့။"

နန်ကျစ်က အတင်းအဖျင်း နားထောင်ရသည်ကို အကြိုက်ဆုံးဖြစ်၍ သူမအနားသို့ တိုးသွားလေသည်။

သို့သော် လုကျီက ပြောရမလို၊ မပြောရမလို ဖြစ်နေပြီး ယဲ့ယွင်ကို အရင်ကြည့်လိုက်သည်။

"နင့်ပုံစံကြည့်ရတာ ကိစ္စကြီးပုံရတယ်။ ပြောပါ၊ နားထောင်ကြည့်ရအောင်။"

ယဲ့ယွင် ကိုယ်ကိုမတ်လိုက်ပြီး စိတ်ဝင်စားသွားသည်။

ခွင့်ပြုချက်ရမှ လုကျီ စပြောလေသည်။

"မိဖုရားခေါင်ကြီးက ကိုယ်ဝန်ဆောင်ထားတော့ အခု နန်းတွင်းကိစ္စတွေကို ရှူးဖေး၊ ဝမ်သယ့်ဖေးနဲ့ ကျင်းဖေးတို့ သုံးယောက်က တာဝန်ယူနေကြတယ်။ ဝမ်သယ့်ဖေးက မျက်နှာသာပေးခံရပြီး သားတော်ကြီးကို မွေးဖွားထားသူဆိုတော့ ပုံမှန်အချိန်မှာ အုပ်ချုပ်ရတာ ပြဿနာမရှိပေမယ့် အခုက နှစ်ကုန်ခါနီးပြီလေ။ နန်းတွင်းအပြင်ဘက်က တော်ဝင်ဆွေမျိုးတွေ၊ အရာရှိကြီးတွေနဲ့ ဆက်ဆံရမှာဆိုတော့ သူက အသင့်တော်ဆုံးဖြစ်နေတယ်။ ပြီးတော့ ဒီနှစ် ဘိုးဘေးကန်တော့ပွဲမှာ မိဖုရားခေါင်ကြီး မသွားနိုင်ရင် ဘယ်သူက အစားဝင်မလဲဆိုပြီး လူတွေက ခန့်မှန်းနေကြတယ်။"

စကားဆုံးသွားသောအခါ အခန်းထဲတွင် တိတ်ဆိတ်သွားသည်။

ဤစကား၏အတိမ်အနက်ကို အားလုံး နားလည်ကြသည်။

ယဲ့ယွင် ညန်ကောင်းကို ချလိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ မျက်လွှာချကာ ပြုံးလိုက်၏။

"ကြည့်ရတာ တစ်ယောက်ယောက်က ဝမ်သယ့်ဖေး မျက်နှာသာပေးခံရတာကို မကြည့်ရက်သလို မိဖုရားခေါင်ကြီးကိုလည်း စိတ်ချမ်းသာခွင့် မပေးချင်တဲ့ပုံပဲ။"

ဒါပေမယ့် ဒီနည်းလမ်းက ထိရောက်တယ်။ ဝမ်သယ့်ဖေး ကြားလိုက်ရင် ဂုဏ်ယူဝင့်ကြွားနေမှာဖြစ်ပြီး ကျန်နှစ်ယောက်က မကျေမနပ် ဖြစ်လာကြလိမ့်မယ်။

မိဖုရားခေါင်ကြီးသာ ဒီစကားကို ကြားပြီး ဝမ်သယ့်ဖေး အာဏာကြီးလာမှာကို စိုးရိမ်သွားရင် အာဏာပြန်သိမ်းဖို့ ကြိုးစားလာနိုင်တယ်။ အဲဒီအခါကျရင် ကိုယ်ဝန်ကို ဘယ်လိုလုပ် ကောင်းကောင်းထိန်းသိမ်းနိုင်တော့မလဲ။

သို့သော် ဤနည်းလမ်းသည် ရိုးရှင်းလွန်းပြီး လူ့စိတ်ကို ကစားခြင်းသာဖြစ်သည်။ ဂရုမစိုက်လျှင် ဘာမှဖြစ်လာမည် မဟုတ်ပေ။

"ဒီကိစ္စကို မသိသလိုပဲ နေလိုက်ကြ။ ဒါပေမယ့် ယွီရှို့အဆောင်ထဲမှာတော့ သတိထားစောင့်ကြည့်ကြ။ တစ်ယောက်ယောက်က လိုက်ပြီး အတင်းပြောနေတာတွေ့ရင် နန်းတွင်းရေးရာဌာနကို ပြန်ပို့လိုက်။ ငါ့ဆီမှာ ဦးနှောက်မရှိတဲ့လူတွေ အလုပ်မလုပ်စေချင်ဘူး။"

"ဟုတ်ကဲ့၊ ကျွန်မ သတိပေးလိုက်ပါ့မယ်။"

ဟွေယွဲ့ ပြန်ဖြေလိုက်သည်။

လွန်ခဲ့သောတစ်ခေါက်က လုကျစ်ကိစ္စဖြစ်ပွားခဲ့ခြင်းက ယွီရှို့အဆောင်၏လုံခြုံရေးမလုံလောက်ကြောင်း သက်သေပြလိုက်သည်။ ယခုအခါ အခွင့်ကောင်းယူပြီး သတိပေးရမည်။

မရိုးသားသူတွေ့ရှိပါက ချက်ချင်း မောင်းထုတ်ပစ်မည်။

သခင်နှင့် အစေခံ စကားပြောနေစဉ် အပြင်ဘက်မှ လူတစ်ယောက် ရောက်လာသည်။

အပ်ချုပ်ဌာနမှ အထိန်းတော်ကြီး ဖြစ်သည်။

"မင်ကျယ်ယွီကို ဂါရဝပြုပါတယ်။ ဒါက ဒီနှစ် ကျယ်ယွီ မှာထားတဲ့ ဆောင်းရာသီဝတ်စုံတွေပါ။ အားလုံးပြီးလို့ လာပို့တာပါ။"

ယဲ့ယွင် ထရပ်ပြီး သွားကြည့်လိုက်သည်။

စုစုပေါင်း လေးစုံရှိပြီး အားလုံးသည် ယခုနှစ် ခေတ်စားနေသော ဒီဇိုင်းများဖြစ်သည်။ တစ်စုံနှင့်တစ်စုံ မတူဘဲ ထူးခြားမှုရှိသည်။

အပ်ချုပ်ဌာနက ဂရုတစိုက်ချုပ်လုပ်ထားကြောင်း သိသာသည်။

လက်ဖြင့် စမ်းကြည့်လိုက်ရာ အကောင်းစားပိတ်စများကို အသုံးပြုထားပြီး ချုပ်ရိုးများ သေသပ်ကာ အထိအတွေ့ နူးညံ့သည်။

"အထိန်းတော်ကြီး ပင်ပန်းပါပြီ။ အဝတ်အစားတွေက အရမ်းကောင်းပါတယ်။"

ယဲ့ယွင် ပြုံးလိုက်သည်။

"အို... ကျယ်ယွီကို ပြုစုရတာ ကျွန်မတို့အတွက် ဂုဏ်ယူစရာပါပဲ။"

ပြောပြီးသည်နှင့် နောက်မှလိုက်လာသော အစေခံလေးကို နောက်ထပ် လင်ဗန်းတစ်ချပ် ယူလာခိုင်းလိုက်သည်။

"ဒါတွေက အဝတ်အစားချုပ်ပြီး ပိုတဲ့ အစလေးတွေနဲ့ လက်အနွေးအိတ်လေးတွေ ချုပ်ပေးထားတာပါ။ ကျယ်ယွီ သဘောကျရဲ့လား ကြည့်ပေးပါဦး။"

လင်ဗန်းပေါ်တွင် လေးခု သပ်သပ်ရပ်ရပ် တင်ထားသည်။ အဝတ်အစားများနှင့် ဒီဇိုင်းတူနေပြီး တစ်စုံစီ တွဲဖက်သုံးရန် အဆင်ပြေသည်။

ယဲ့ယွင် ယူကြည့်လိုက်သည်။

"လက်ရာမြောက်လိုက်တာ။"

ကြည့်ပြီးနောက် စားပွဲပေါ်ရှိ သေတ္တာထဲမှ ရွှေတုံးလေးနှစ်တုံးကို ယူကာ ထည့်ပေးလိုက်သည်။

"နှစ်ကုန်ခါနီးပြီဆိုတော့ အထိန်းတော်ကြီး ပင်ပန်းနေရောပေါ့။ ဒါ ကျွန်မရဲ့ စေတနာပါ။"

အပ်ချုပ်ဌာနမှ အထိန်းတော်ကြီးသည် ရွှေတုံးများကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး ကျေးဇူးတင်စကား အထပ်ထပ် ဆိုလေသည်။

ဒါက ရွှေစစ်စစ် နှစ်လျန်လေ။ ငွေထက် အများကြီး တန်ဖိုးရှိတာပေါ့။

သူမတစ်ယောက်တည်းအတွက် ပေးခြင်းမဟုတ်ဘဲ ငွေအကျိုးအပဲ့ ၂၀ ကိုပါ ထပ်ပေးလိုက်သည်။ ဒါက အောက်ခြေလူများကို ခွဲဝေပေးရန်ဖြစ်သည်။

"ဘာတွေ ဒီလောက် ပျော်စရာကောင်းနေတာလဲ။ ကျန်းကိုလည်း ပြောပြကြပါဦး။"

အပြင်ဘက်မှ အမျိုးသားတစ်ဦး၏အသံ ထွက်ပေါ်လာပြီး လှည့်ကြည့်လိုက်သောအခါ အပြာရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသော နင်ချန် ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

အားလုံး ကပျာကယာ ဂါရဝပြုကြသည်။

ယဲ့ယွင်သည် ပေါ့ပေါ့ပါးပါး ဂါရဝပြုလိုက်ပြီး ရှေ့တိုးသွားကာ လက်ထဲမှပုဝါဖြင့် သူ့ပခုံးပေါ်မှ နှင်းများကို ခါပေးလိုက်သည်။

"အခန်းထဲမှာနေတာ တစ်နေ့လည်လုံး ကြာသွားလို့ အပြင်မှာ နှင်းပြန်ကျနေတာ မသိလိုက်ဘူး။ အရှင်မင်းကြီး လာတုန်းက ထီးမဆောင်းဘူးလား။"

"ရပါတယ်။ လမ်းခုလတ်ကျမှ ရုတ်တရက် ကျလာတာ။ နှင်းက သိပ်မများပါဘူး။"

ရှေ့မှအမျိုးသမီးငယ်ကို ငုံ့ကြည့်ရင်း နင်ချန်၏ စိတ်နှလုံး နူးညံ့သွားသည်။ အနောက်ဘက်ကို ဝေ့ကြည့်လိုက်ရာ စားပွဲပေါ်တွင် တင်ထားသော အဝတ်အစားအစုံလိုက်ကို တွေ့လိုက်ရသည်။

"အဲဒါတွေက နှစ်သစ်ကူးကျရင် ဝတ်ဖို့လား။ ဘာလို့ လေးစုံတည်းရှိတာလဲ။"

ထိုစကားထွက်လာသည်နှင့် အပ်ချုပ်ဌာနမှ လူများ မျက်နှာဖြူဖျော့သွားကြသည်။

ယဲ့ယွင်သည် ပုဝါဖြင့် သူ့ရင်ဘတ်ကို မနာအောင် ရိုက်လိုက်သည်။

"ဒီချန်းချဲ့က အဆင့် (၅) ကျယ်ယွီလေ။ ပုံမှန်ရမယ့် ဆောင်းရာသီဝတ်စုံတွေအပြင် နှစ်သစ်ကူးအတွက် သတ်မှတ်ထားတာက ဒီလောက်ပဲရတာပေါ့။"

All Chapters