အခန်း (၁၅၉-၁၆၀)
Vol. 10 Ch. 159-160
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -159
အခန်း ၁၅၉ ။ လေသင့်ရာအရပ်
"ကျန်းက မင်းကို အခွင့်အရေးနည်းနည်းလေးပေးလိုက်တာနဲ့ မင်းက လောဘကြီးတဲ့အဖွားအိုလေးဖြစ်နေပြီလား။"
နင်ချန်က ပြုံးရင်း ဆော့ကစားနေသော လက်ကလေးကို လှမ်းဖမ်းလိုက်သည်။
ထိုစကားကို ကြားလိုက်သောအခါ အပ်ချုပ်ဌာနမှ လူများအားလုံး အသက်ရှူမှားသွားကြသည်။
မင်ကျယ်ယွီက ဘယ်လောက်ပဲ သတ္တိကောင်းတယ်ဆိုဆို ဧကရာဇ်မင်းမြတ်ပေးထားတဲ့ ရာထူးကို အတိအလင်း မကျေမနပ်ဖြစ်တယ်လို့တော့ မပြောသင့်ဘူးလေ။
သို့သော် ယဲ့ယွင်ကမူ သူတို့တွေးသလောက် စိတ်မပူဘဲ လုံးဝမကြောက်ပေ။
လက်ဖဝါးလေးဖြင့် အမျိုးသား၏လက်ဖဝါးကို ကုတ်ခြစ်လိုက်ပြီး မျက်လုံးဝိုင်းလေးများဖြင့် ချွဲနွဲ့လိုက်သည်။
"ဟွန့် အရှင်မင်းကြီးက ချန်းချဲ့ကိုမသနားဘူးလား။ ချန်းချဲ့မှာ ဝတ်စရာ အဝတ်အစားကောင်းကောင်းလည်းသိပ်မရှိဘူး။ အရှင်မင်းကြီးက ဒီချန်းချဲ့အတွက် နှစ်စုံလောက် ထပ်ချုပ်ပေးလို့ မရဘူးလားလို့။”
တမင်သက်သက် ချွဲနေမှန်းကို ရိပ်မိသည့်အပြင် ဗီရိုထဲတွင် တခါမှ မဝတ်ရသေးသော အဝတ်အစားများ အများကြီးရှိနေမှန်း သိသော်လည်း အမျိုးသမီးငယ်
လေး၏ချွဲနွဲ့မှုကြောင့် ဧကရာဇ်ကြီးမှာစိတ်ပျော့သွားလေသည်။
နင်ချန် စိတ်ကြည်လင်နေသည်ကို မြင်သောအခါ ယွမ်ကျိုက မျက်လုံးကစားလိုက်ပြီး တိုးတိုးလေး ဝင်ပြောလိုက်သည်။
"အရှင်မင်းကြီး၊ မနှစ်က အမဲလိုက်တုန်းကရတဲ့ သားရေတွေထဲမှာ အရည်အသွေးကောင်းတဲ့ မြေခွေးသားရေ၊ ယုန်သားရေနဲ့ သမင်သားရေတွေ ဘဏ္ဍာတိုက်ထဲမှာ ကျန်နေပါသေးတယ်။ အခုလိုချိန်မှာအဝတ်အစားချုပ်ဖို့ ကွက်တိပါပဲ။"
"အင်း... ကျန်း မှတ်မိတယ်။ သိပ်တော့မကျန်တော့ဘူးထင်တယ်။ မြေခွေးသားရေထဲက အကောင်းဆုံးနှစ်ခုကို ရွေးပြီး မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးဆီ ပို့လိုက်။ မင်ကျယ်ယွီက အသားဖြူတော့ မြေခွေးဖြူသားရေတစ်ထည် ချန်ထားလိုက်။ ယုန်သားရေကိုတော့ နည်းနည်းပိုယူလိုက်။ သမင်သားရေကိုတော့ တစ်ချပ်ယူပြီး မင်ကျယ်ယွီအတွက် ဖိနပ်ချုပ်ဖို့ပေးလိုက်။ လွန်ခဲ့တဲ့ရက်က ချင်းချင်းစီးထားတဲ့ သမင်သားရေဖိနပ်က ကြည့်ကောင်းတော့ အသစ်ကလေးထပ်စီးရတာပေါ့။”
"ဟုတ်ကဲ့ပါ၊ ဒါဆို နောက်ထပ် ပိတ်စအကောင်းစားတချို့ ထပ်ယူပြီး ဆောင်းရာသီဝတ်စုံချုပ်လိုက်ရင် ပိုကောင်းမယ်။"
ယွမ်ကျိုက ပြုံးပြုံးလေး ပြောလိုက်သည်။
နင်ချန် သဘောတူလိုက်သည်။ မည်သို့ပင်ဆိုစေ သူ၏ဘဏ္ဍတိုက်တွင် ပစ္စည်းမရှားပေ။ မိမိအလိုလိုက်တဲ့ကိုယ်လုပ်တော်လေး သဘောကျမှတော့ ပိုပေးလိုက်တာပေါ့။
သားရေများကို များသောအားဖြင့် ဝတ်ရုံခြုံထည်များ၊ အနားကွပ်များ သို့မဟုတ် လည်ပတ်များ ပြုလုပ်လေ့ရှိပြီး ပိတ်စကောင်းကောင်းနှင့် တွဲဖက်ချုပ်လုပ်ရသည်။
အပ်ချုပ်ဌာနမှလူများရောက်နေသည်နှင့် အခွင့်ကြုံတုန်း ကိုယ်တိုင်းတိုင်းခိုင်းလိုက်ပြီး အသင့်ဖြစ်လျှင် ပြန်လာပို့ခိုင်းလိုက်သည်။
အဝတ်အစားများပေးပြီးနောက် တန်ဆာဆင်ဝတ်ရန်လက်ဝတ်ရတနာလည်း လိုက်ဖက်အောင် ပေးရမည်ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် လက်ဝတ်ရတနာအစုံလိုက်များကို နင်ချန်က ရက်ရက်ရောရော ဆုချလိုက်ပြန်သည်။
ရုတ်တရက် ပစ္စည်းများစွာရရှိလိုက်သဖြင့် ယဲ့ယွင် ဝမ်းသာသွားသည်။
နင်ချန်၏ လက်မောင်းကို ချိတ်ကာ ခြေဖျားထောက်ပြီး ချောမောသော မျက်နှာကို နမ်းလိုက်သည်။
"အရှင်မင်းကြီးက သဘောအကောင်းဆုံးပဲ။"
"ဟမ့် စည်းကမ်းမရှိလိုက်တာ။"
နင်ချန် တိုးတိုးလေး ဆူလိုက်သော်လည်း နားရွက်ဖျားများ ရဲတက်လာပြီး ကိုယ်လုပ်တော်လေး ဆွဲခေါ်ရာ အခန်းထဲသို့ ပါသွားလေသည်။
အခြားတစ်ဖက်တွင်မူ ယွီရှို့အဆောင်မှ ထွက်လာသော အပ်ချုပ်ဌာနအဖွဲ့သည် သက်ပြင်းချလိုက်နိုင်သည်။
ဘုရားရေ... အရှင်မင်းကြီးရှေ့မှာတောင် မင်ကျယ်ယွီက ဒီလောက် ရဲရဲတင်းတင်း လုပ်ရဲတယ်ပေါ့။
သူတို့ဘေးမှာ ဒူးထောက်နေရင်း အကုန်ကြားလိုက်ရသည်။ သားရေဆိုလို့ မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးပြီးရင် မင်ကျယ်ယွီပဲရတာ။ ဝမ်သယ့်ဖေးတောင် မရဘူး။
ခေါင်းဆောင် အထိန်းတော်ကြီးက မျက်လုံးကျဉ်းကျဉ်းလေးကို ပိုကျဉ်းလိုက်ပြီး လှည့်ပြောလိုက်သည်။
"နောက်ဆိုရင် ယွီရှို့အဆောင်ကိစ္စတွေကို ထိပ်ဆုံးက ဦးစားပေးရမယ်။ ဘယ်သူမှ ပေါ့ပေါ့ဆဆ မလုပ်ရဘူး။ ဘယ်သူမဆို အလိုက်ကမ်းဆိုးမသိဘဲ လူကိုသွားပြဿနာရှာရင် ငါ ညှာတာမှာ မဟုတ်ဘူးနော်။"
"ဟုတ်ကဲ့ပါ၊ ကျွန်မတို့ မှတ်သားထားပါ့မယ်။"
နောက်မှလိုက်လာသော အစေခံမလေးများက ပြာပြာသလဲ ပြန်ဖြေကြသည်။
မင်ကျယ်ယွီက ဒီလောက် မျက်နှာသာပေးခံရတာ၊ ဘယ်သူက မျက်ကွယ်ပြုရဲပါ့မလဲ။
ဧကရာဇ်မင်းမြတ်၏ဆုလာဘ်သည် နန်းတွင်းလေသင့်ရာအရပ်ကို ညွှန်ပြနေသည်။ ဒီနေ့ကဲ့သို့ရက်ရက်ရောရော ဆုချလိုက်တာကို ကြည့်ခြင်းဖြင့် နန်းတွင်းအခြေအနေတစ်ဖန်ပြောင်းလဲသွားလေပြီ။
မျက်စိဖွင့်နားစွင့်ထားသူများက နားလည်ကြသည်။ မိဖုရားခေါင်ကြီး ချီးမြှင့်ခံရသည်မှာ ဓလေ့ထုံးစံအရဖြစ်ပေမယ့လည်း ကျန်ကိုယ်လုပ်တော်များထဲမှ မင်ကျယ်ယွီတစ်ယောက်တည်း တန်းတူချီးမြှင့်ခံရခြင်းသည် မျက်နှာသာပေးတစ်ခုတည်းကြောင့်ဖြစ်သည်။
ယွီရှို့အဆောင်က သခင်မလေးက နောက်ထပ် ဝမ်သယ့်ဖေး ဖြစ်လာတော့မလားဟု လူတိုင်း တွေးနေကြသည်။
သို့သော် အချို့ကမူ ဝမ်သယ့်ဖေးထက် ပိုကျော်လွန်သွားနိုင်သည်ဟု ခန့်မှန်းကြသည်။
အကြောင်းမှာ ယဲ့ယွင်၏ မိသားစုနောက်ခံသည် ဝမ်သယ့်ဖေးထက် အဆပေါင်းများစွာ သာလွန်သောကြောင့် ဖြစ်သည်။
လူတွေ ဘယ်လိုပဲတွေးတွေး ယွီရှို့အဆောင်ထဲကလူတိုင်းတံခါးပိတ်ပြီး ဇိမ်ကျနေကြသည်။
ညရောက်နေပြီဖြစ်၍ ပစ္စည်းများကို မနက်ဖြန်မှ လာပို့ကြလိမ့်မည်။
ညစာစားချိန် မရောက်သေးသဖြင့် နင်ချန်က စစ်တုရင်ကစားရန် ကမ်းလှမ်းလိုက်သည်။
တစ်ဝက်က ပျင်းလို့၊ နောက်တစ်ဝက်ကတော့ ယှဉ်ပြိုင်ချင်စိတ်ကြောင့်ဖြစ်သည်။
ပြီးခဲ့သည့် အကြိမ်အနည်းငယ်က သရေကျလိုက်၊ ယဲ့ယွင်နိုင်လိုက် ဖြစ်နေသဖြင့် နန်ချီဧကရာဇ်မင်းမြတ်အနေဖြင့် မျက်နှာပန်းမလှ ဖြစ်နေသည်။ ဒီရက်ပိုင်း နင်ချန်သည် အားလပ်ချိန်တိုင်း စစ်တုရင်နည်းလမ်းများကို ပြန်လေ့လာထားသဖြင့် မိမိ၏သိက္ခာပြန်ဆယ်ရန်စိတ်အားထက်သန်နေခဲ့သည်။
ပွဲစလိုက်သည်နှင့် ပထမပွဲတွင် သရေကျသွားသည်။
နင်ချန် မကျေနပ်သဖြင့် ဒုတိယပွဲ ဆက်ကစားသည်။
ယဲ့ယွင်သည် အနိုင်လိုစိတ် ပြင်းပြသူဖြစ်ရာ အခြေအနေကို ရိပ်မိလိုက်သည်။ အရှင်မင်းကြီး ခိုးကျင့်ထားတာဖြစ်မယ်ဟု တွေးလိုက်မိသည်။
အလျော့ပေးသင့်မပေးသင့် စဉ်းစားနေသော်လည်း ကစားရင်းစိတ်ပါလာသဖြင့် လုံးဝ အလျော့မပေးဘဲ ဆက်ကစားလိုက်သည်။
အရှင်မင်းကြီး၏မျက်နှာက မဲမှောင်လာသော်လည်း မင်ကျယ်ယွီက တည်ငြိမ်နေဆဲဖြစ်သည်ကိုကြည့်ပြီး ဘေးမှရပ်နေသော ယွမ်ကျိုမှာ ချွေးစေးများ ပြန်လာသည်။
ဘယ်လို ကြားဝင်ဖြတ်ရမလဲ စဉ်းစားနေစဉ်မှာပင် ယဲ့ယွင်က ပြတ်ပြတ်သားသား အနိုင်ယူလိုက်လေသည်။
"ဒီချန်းချဲ့ နိုင်ပြီ။"
မိန်းကလေးဆန်ဆန် ပျော်ရွှင်စွာ အော်ဟစ်လိုက်သံသည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။
နင်ချန် မျက်နှာမဲကြီးဖြင့် ဘာမှမပြောဘဲ လက်ဖက်ရည်ခွက်ကိုကောက်ကိုင်ကာ တစ်ဖက်သို့ လှည့်သွားလိုက်သည်။
လက်ရည်တူ ပြိုင်ဘက်ကောင်းနှင့် တွေ့ရခဲသဖြင့် ယဲ့ယွင် အမှန်တကယ် စိတ်ပါလက်ပါ ကစားမိသွားသည်။ ယခုမှ အခြေအနေကို သတိထားမိပြီး နေရခက်သွားသည်။
မျက်လုံးလေး ကလယ်ကလယ်ဖြင့် နင်ချန်၏လက်မောင်းကို လှမ်းချိတ်လိုက်သည်။
"စောင်း၊ စစ်တုရင်၊ စာပေ၊ ပန်းချီ လေးမျိုးထဲမှာ ဒီချန်းချဲ့က စစ်တုရင်နဲ့ ပန်းချီပဲ တတ်တာပါ။ အရှင်မင်းကြီးက အနုပညာခြောက်ပါးလုံး ကျွမ်းကျင်တာဆိုတော့ ဒီနေ့ စစ်တုရင် ဆက်မကစားတော့ဘဲ ဒီချန်းချဲ့ကို စောင်းတီးသင်ပေးပါလား။"
မကျွမ်းကျင်တာကို ကျွမ်းကျင်တယ်လို့ပြောရင် ဟန်ဆောင်ရာကျပြီး လူမုန်းများလိမ့်မယ်။ ဒါကြောင့် ကိုယ့်အားနည်းချက်ကိုထုတ်ပြပြီး ယှဉ်ပြိုင်ခိုင်းလိုက်မှ နင်ချန် ကျေနပ်သွားမှာ။
"ဒီနေ့ နောက်ကျနေပြီ။ ကျန်း စိတ်မပါတော့ဘူး။ နောက်ရက်မှပဲ လုပ်ကြတာပေါ့။"
နဂါးကြီးသည် လက်ဖက်ရည်ခွက်ကို ကိုင်လျက် စိတ်ကောက်ကာ လှည့်မကြည့်ဘဲ ငြင်းလိုက်သည်။
ယဲ့ယွင် စိတ်ထဲက မျက်စောင်းထိုးလိုက်ပြီး 'လူကြီးမဆန်လိုက်တာ' ဟု တွေးလိုက်သော်လည်း ထလိုက်သည်။
အစေခံများကို ထွက်သွားရန် လက်ပြလိုက်ပြီး နင်ချန်လက်ထဲမှ ခွက်ကိုယူကာ ဘေးချလိုက်ပြီး သူ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
နင်ချန်က မျက်နှာထားတင်းတင်းဖြင့် သူမကို မဖက်ဘဲနေလိုက်ရာ ယဲ့ယွင်သည် သူ့လည်ပင်းကို ဖက်လိုက်ပြီး မေးစေ့ကို မနာအောင် ကိုက်လိုက်သည်။
"အရှင်မင်းကြီး စိတ်ဆိုးနေတာလား။"
"မဆိုးပါဘူး။ မြန်မြန်ဆင်း၊ စည်းမရှိကမ်းမရှိနဲ့။”
"သိပါပြီ..."
မိန်းကလေးသည် နှုတ်ခမ်းဆူလိုက်ပြီး မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ဝမ်းနည်းပက်လက် ဖြစ်သွားသည်။ ပါးစပ်က ပွစိပွစိပြောရင်း လက်ကို ဖြည်းဖြည်းချင်းလွှတ်ကာ ခေါင်းငုံ့လိုက်သည်။
ခေါင်းငုံ့လိုက်သောအချိန်တွင် မျက်လုံးထဲ၌ ဉာဏ်နီဉာဏ်နက်များ ဖြတ်ပြေးသွားပြီး ရုတ်တရက် လက်လွှတ်လိုက်ရာ သူ့ပေါင်ပေါ်မှ လျှောကျသွားလေသည်။
"သတိထား။"
နင်ချန် မျက်လုံးပြူးသွားပြီး လျင်မြန်စွာ လှမ်းဖမ်းလိုက်သည်။ တစ်ဖက်က ခါးကိုဖက်၊ တစ်ဖက်က ခေါင်းကိုထိန်းကာ ရင်ခွင်ထဲသို့ ပြန်ဆွဲသွင်းလိုက်သည်။
အကြံအောင်မြင်သွားသဖြင့် ယဲ့ယွင် ပြုံးလိုက်ပြီး နင်ချန်ကို တင်းကျပ်စွာ ပြန်ဖက်ထားလိုက်သည်။
ရင်ခွင်ထဲမှလူ၏ တုန်လှုပ်မှုကို ခံစားမိသောအခါ နင်ချန်က သူမ တကယ်လန့်သွားသည်ဟု ထင်မှတ်ပြီး ကျောကို ဖြည်းဖြည်းချင်း ပုတ်ပေးလိုက်သည်။
"ဘာလို့ ဒီလောက် မဆင်မခြင်လုပ်ရတာလဲ။ ထိခိုက်မိမှ ကျန်းဆီ လာငိုပြမလို့လား။"
"အရှင်မင်းကြီး ရှိနေတာပဲ၊ ချန်းချဲ့ကိုကာကွယ်ပေးမှာပေါ့။"
ယဲ့ယွင် မော့ကြည့်လိုက်သည်။ အမျိုးသား၏ရင်ခွင်ထဲမှ ခေါင်းလေးပြူထွက်လာပြီး ချစ်စရာကောင်းကာ ဆွဲဆောင်မှုရှိသော ပုံစံဖြင့် ချွဲနွဲ့လိုက်သည်။
"အရှင်မင်းကြီး... ချင်းချင်းကို စောင်းတီးသင်ပေးဦးမလားဟင်။"
ကြောင်ပေါက်လေးလို မျက်လုံးများဖြင့် ကြည့်နေသည်ကို ဘယ်သူက ငြင်းရက်ပါ့မလဲ။
ယဲ့ယွင် စောင်းမတီးတတ်သော်လည်း စောင်းကောင်းနှစ်လက်ရှိသဖြင့် ချက်ချင်း ယူလာခိုင်းလိုက်သည်။
သို့သော် နောက်ဆုံးတွင် စောင်းတီးနည်း မသင်လိုက်ရပေ။
အဓိကအကြောင်းအရင်းမှာ မြေခွေးမလေးယဲ့က မရိုးသားဘဲ စောင်းသင်ရင်း လူကို မြှူဆွယ်နေသောကြောင့် ဖြစ်သည်။
သူများတွေက စောင်းသင်ရင် စောင်းကြိုးကို တီးခတ်ကြပေမယ့် သူမကတော့ နှလုံးသားကြိုးကို တီးခတ်နေခဲ့သည်။
နောက်ဆုံးတွင် ညစာပင် မစားလိုက်ရဘဲ ဆရာကြီးက အိပ်ခန်းထဲသို့ ဆွဲခေါ်သွားပြီး နက်ရှိုင်းစွာ သင်ကြားပေးလိုက်လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-160
အခန်း ၁၆၀ ။ စိတ်ကြီးဝင်ခြင်း
ဖုန်းရှီးနန်းဆောင်။
မိဖုရားခေါင်ကြီး မနက်စာစားပြီးသည်နှင့် စုအာက ကိုယ်ဝန်ထိန်းဆေး လာပို့သည်။
မည်းနက်နေသော ဆေးရည်ပန်းကန်ကို ကြည့်ရင်း ပျို့ချင်လာမိသည်။
ယခင်က ကိုယ်ဝန်ရစေရန် အမြဲတမ်း ဆေးသောက်ခဲ့ရသည်။ ယခု ကိုယ်ဝန်ရလာပြန်တော့လည်း ကိုယ်ဝန်မြဲစေရန် ဆက်သောက်နေရသဖြင့် စိတ်ထဲမှ အလွန်ငြင်းဆန်နေမိသည်။
"ခဏ ထားလိုက်ဦး၊ ပန်ကုန်း နောက်မှသောက်မယ်။"
"မယ်မယ်... ဆေးက အပူရှိန် အနေတော်ပါပဲ။ ထားလိုက်ရင် အေးသွားပါလိမ့်မယ်။"
တင်းမားမားက အနားတိုးကာ တိုးတိုးလေး ပြောလိုက်သည်။
"မားမား... ပန်ကုန်း တကယ် မသောက်ချင်တော့ဘူး။ ဒီလောက် နှစ်တွေအကြာကြီး သောက်လာတာ၊ နေ့တိုင်း ပါးစပ်ထဲမှာ ဆေးနံ့တွေ စွဲနေလို့ ထမင်းတောင် ကောင်းကောင်းမစားနိုင်တော့ဘူး။"
တင်းမားမား သက်ပြင်းချလိုက်သော်လည်း ဆေးပန်းကန်ကို ကိုင်ထားမြဲ ဖြစ်သည်။
"ဒါပေမယ့် မယ်မယ် ဗိုက်ထဲက နဂါးသားလေးအတွက် သည်းခံရမှာပေါ့။ ကိုယ်ဝန်က အခုမှ နည်းနည်းငြိမ်စပြုလာတာ၊ ဆေးမသောက်ဘဲ ဘယ်ဖြစ်မလဲ။ ကိုယ်ဝန်သေချာသွားရင် ဒီဆေးတွေ သောက်စရာမလိုတော့ပါဘူး။ နောက်ထပ် နှစ်လလောက်ပဲ သည်းခံလိုက်ပါ။ ဒီနေ့ မယ်မယ် အကြိုက်ဆုံး ဇီးယိုလေးတွေ ပြင်ဆင်ပေးထားတယ်။ ဆေးသောက်ပြီးရင် အချိုစားလိုက်ပေါ့။"
နူးညံ့စွာ ဖျောင်းဖျနေသဖြင့် ခက်ခက်ခဲခဲရယူထားရသော ကလေးကို တွေးပြီး ပျို့ချင်စိတ်ကို အောင့်အီးကာ ဆေးကို သောက်လိုက်ရသည်။
ဆေးပန်းကန်ချပြီးသည်နှင့် ကျိုချန်နန်းဆောင်မှ လူများရောက်လာပြီး အကောင်းစား မြေခွေးသားရေနှင့် အခြားပစ္စည်းများကို လာပို့သည်။
လာပို့သူများ ပြန်သွားသောအခါ မိဖုရားခေါင်ကြီး၏ စိတ်အခြေအနေ ကောင်းမွန်သွားသည်။
နူးညံ့သော သားရေကို ပွတ်သပ်ရင်း ပြုံးနေမိသည်။
"ပန်ကုန်း ဝတ်ရုံအသစ်တစ်ထည် ချုပ်ချင်နေတာ၊ ဒီမြေခွေးသားရေကို သုံးလိုက်မယ်။"
"အရှင်မင်းကြီးက မယ်မယ့်အပေါ် တကယ်ကောင်းတာပဲ။ ကြည့်ပါဦး၊ ဒါက မြေခွေးနီသားရေ စစ်စစ်ပဲ။ ဒီလောက် အရောင်ကောင်းတာ ရှားပါတယ်။ အနီရောင်က ခန့်ညားပြီး ကျက်သရေရှိတော့ မယ်မယ်နဲ့ အလိုက်ဖက်ဆုံးပဲ။"
စုချင်က ပြုံးလျက် ပြောလိုက်သည်။
သူမ ပြောလိုက်မှ မိဖုရားခေါင်ကြီး ကိစ္စတစ်ခုကို သတိရသွားသည်။
"ဒီရက်ပိုင်း အရှင်မင်းကြီး ဘယ်မှာအိပ်လဲ။ ငါက ကိုယ်ဝန်စောင့်ရှောက်နေလို့ အပြင်ကိစ္စတွေ မေးဖို့ မေ့နေတာ။"
စုအာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တိုးတိုးလေး ပြောသည်။
"မယ်မယ်... လွန်ခဲ့တဲ့ နှစ်ရက်လုံး မင်ကျယ်ယွီဆီမှာ အိပ်ပါတယ်။"
"ဒီယဲ့မျိုးရိုးက တဖြည်းဖြည်း နေရာရလာတာပဲ။"
မိဖုရားခေါင်ကြီး မျက်လွှာချလိုက်ပြီး မျက်နှာထား တင်းမာသွားသည်။
"သွားစုံစမ်းကြည့်စမ်း၊ အရှင်မင်းကြီးက ဖုန်းရှီးနန်းဆောင်ကိုပဲ ဆုချတာလား၊ တခြားနေရာတွေရော ပေးသေးလားလို့။"
စုအာ ခေါင်းညိတ်ပြီး အသာအယာ ထွက်ခွာသွားသည်။
"ယန်ဝမ်ရုန် ဒီရက်ပိုင်း ကျန်းမာရေး ဘယ်လိုနေလဲ။ နင်တို့ သေချာကြည့်ထားကြ။ သူ့ကို ကျန်းမာရေးကောင်းအောင် ဂရုစိုက်ပေး။ နောက်ထပ် ကလေးတစ်ယောက် ထပ်မွေးပေးနိုင်ရင် အကောင်းဆုံးပဲ။"
မိဖုရားခေါင်ကြီး မတ်တတ်ရပ်ပြီး အခန်းထဲ လမ်းလျှောက်နေသည်။
ယခု သူမ စဉ်းစားထားသည်မှာ သူမ၏ ဗိုက်ထဲကကလေးက ဘာလေးပဲဖြစ်ဖြစ် သူမက မွေးနိုင်သရွေ့ သားယောက်ျားလေး မွေးပေးနိုင်ရမည်။ ယန်ဝမ်ရုန်မွေးထားသော ဒုတိယမင်းသားသည် နောင်ကျရင် သူမကလေးအတွက် အထောက်အကူဖြစ်စေလိမ့်မည်။
အကယ်၍ ယန်ဝမ်ရုန် ကံကောင်းပြီး နောက်ထပ် ကလေးမွေးနိုင်လျှင် အရှင်မင်းကြီးက သူမကို မကြိုက်ရင်တောင် ကလေးကြောင့် သံယောဇဉ်ဖြစ်လာနိုင်သည်။
သံယောဇဉ်ဆိုတာ ပုံမှန်အချိန်မှာ အသုံးမဝင်ပေမယ့် ပြဿနာတက်လာတဲ့အခါ ကိုယ့်ဘက်ကပြောပေးမယ့်သူတစ်ယောက်ရှိတာက အများကြီး အသုံးဝင်တယ်။
မိဖုရားခေါင်ကြီးသည် မိမိကိုယ်ကိုပါးနပ်လွန်းသည်ဟုထင်မိသည်။ ကျောက်ကျယ်ယွီက နှစ်ပေါင်းများစွာ မျက်နှာသာပေးမခံရဘူး။ နောက်ဆို အသက်ကြီးလာရင် အခွင့်အရေး ပိုနည်းသွားမှာ။ ဒါကြောင့် ယန်ဝမ်ရုန်ကိုပဲ သေချာပျိုးထောင်ရမယ်။
ပြီးတော့ ယန်ဝမ်ရုန်က စိတ်ထားနူးညံ့ပြီး ဉာဏ်မကောင်းတော့ ထိန်းချုပ်ရလွယ်တယ်။
ကျောက်ကျယ်ယွီကိုတော့ အကူအညီအနေနဲ့ပဲ ထားလိုက်တော့မယ်။
တင်းမားမားက မိဖုရားခေါင်ကြီး၏သဘောထားကို နားလည်သဖြင့် လေးလေးစားစား ပြန်ပြောလိုက်သည်။
"မယ်မယ် စိတ်ချပါ၊ ယန်ဝမ်ရုန် ကျန်းမာရေး အရမ်းကောင်းပါတယ်။ ဒီတစ်ခေါက် ဒုတိယမင်းသားမွေးတာလည်း လွယ်ကူတယ်။ ဘာဒဏ်ရာမှမရပါဘူး။ မီးဖွားပြီးတာနဲ့ ပြန်ပြီး အမှုထမ်းနိုင်ပါပြီ။ တစ်နှစ်၊ နှစ်နှစ်အတွင်း နောက်ထပ် ကလေးတစ်ယောက် မွေးဖို့ ပြဿနာမရှိပါဘူး။"
"ကောင်းပြီ၊ သွားပြောလိုက်။ ပန်ကုန်း သူ့ကို သေချာစောင့်ရှောက်ပေးမယ်လို့။ ပန်ကုန်း ကိုယ်ဝန်ရှိနေတော့ သူ့ကလေးကို ခဏလောက် မွေးစားပေးလို့ မရသေးဘူး။ ဒါပေမယ့် တခြားလူလက်ထဲလည်း အပါမခံဘူး။ ပန်ကုန်း အရှင်မင်းကြီးကို လျှောက်တင်ပြီး ဒုတိယမင်းသားကို ရူယီအဆောင်မှာ ထားခိုင်းလိုက်မယ်။ ယန်ဝမ်ရုန် ကျိုဖင်အဆင့်ဝင်မှ ကလေးကို ပြန်ခေါ်လို့ရအောင် စီစဉ်ပေးမယ်။"
နန်းတွင်းစည်းမျဉ်းအရ ကိုယ်လုပ်တော်များသည် ကိုယ့်ကလေးကို ကိုယ်တိုင်မွေးစားခွင့် မရှိလျှင် ရူယီအဆောင်သို့ ပို့ပြီး နန်းတွင်းအစေခံများဖြင့် ပြုစုစောင့်ရှောက်စေရသည်။
ယန်ဝမ်ရုန်၏ကလေးကို သူမကိုယ်တိုင် မမွေးစားနိုင်လျှင်တောင် တခြားလူလက်ထဲ အပါမခံနိုင်ပေ။
ခဏကြာသောအခါ စုအာ ပြန်ရောက်လာသည်။
ယွီရှို့အဆောင်လည်း ဆုလာဘ်ရသည့်အကြောင်းနှင့် အဝတ်လျှော်ဌာနမှ ထွက်ပေါ်လာသော ကောလာဟလများကို သတိထားပြီး ပြောပြလိုက်သည်။
မိဖုရားခေါင်ကြီး၏မျက်နှာထား ချက်ချင်း မဲမှောင်သွားသည်။
သူမ ကိုယ်ဝန်ရှိနေ၍ အထူးဆုချသည်ဟု ထင်မှတ်ထားသော်လည်း ယဲ့မျိုးရိုးကိုပေးရင်း သူမကိုပါသတိရပြီး ပေးလိုက်ခြင်းဖြစ်နေသည်။
ပြီးတော့ ကောလာဟလတွေက ပိုပြီး ဒေါသထွက်စရာ ကောင်းနေသည်။
စောစောက ပျော်ရွှင်မှုများ ပျောက်ဆုံးသွားခဲ့သည်။
"မယ်မယ်... အရမ်းမတွေးပါနဲ့။ အရှင်မင်းကြီးက မယ်မယ့်ကို လေးစားပါသေးတယ်။ မဟုတ်ရင် ဒီပစ္စည်းတွေ လာပို့ပါ့မလား။"
တင်းမားမား အမြန်ဖျောင်းဖျလိုက်သည်။ သခင်မ ဒေါသထွက်ပြီး တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
သို့သော် ကိုယ်ဝန်ဆောင်ချိန်တွင် စိတ်ခံစားမှု ပြင်းထန်တတ်သဖြင့် မိဖုရားခေါင်ကြီး ဒေါသထွက်နေမိသည်။
"လေးစားတယ်... လေးစားတယ်... အရှင်မင်းကြီးက ငါ့ကို လေးစားမှုပဲရှိတာ။ လင်မယားသံယောဇဉ် ဘယ်တုန်းကရှိဖူးလို့လဲ။ တစ်နေ့ကျရင် ဒီလေးစားမှုလေးတောင် မရှိတော့ရင် ငါ ဒီမိဖုရားခေါင်ကြီးနေရာမှာ ဆက်ထိုင်နိုင်ပါဦးမလား။"
မိဖုရားခေါင်ကြီး ရုတ်တရက် ငိုကြွေးလိုက်ပြီး အစေခံများကို ထားခဲ့ကာ အတွင်းခန်းသို့ ဝင်ပြေးပြီး ခေါင်းအုံးပေါ် မှောက်ကာ ငိုနေလေသည်။
အမှန်တကယ်တွင် သူမသည် အားငယ်စိတ်ရှိသည်။
ရုပ်ရည်အရလည်း အလှဆုံးမဟုတ်၊ မိသားစုနောက်ခံလည်း သာမန်သာဖြစ်သည်။
ယခင်ဧကရာဇ်က သူမကို နင်ချန်နှင့် လက်ထပ်ပေးခဲ့ခြင်းမှာ ရှဲ့မိသားစုသည် အလွန်အာဏာမကြီးသောကြောင့်ဖြစ်သည်။ ထိုသို့သော ယောက္ခမမျိုးက နင်ချန်ကို ထီးနန်းလုရန် အားပေးမည် မဟုတ်ဟု ယူဆသောကြောင့်ဖြစ်သည်။
ဝန်ကြီးဌာန ခြောက်ခုအနက် သူမ၏ဖခင် တာဝန်ယူထားသော ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အောက်ဆုံးဖြစ်သည်။ သူမကြောင့် လီကော်ကုန်းဘွဲ့ရခဲ့သော်လည်း ယခုထိ ဝန်ကြီးအဆင့်သာ ရှိသေးသည်။
ယခင်က ရှူးဖေးသည် ဒုတိယအဆင့် တပ်မှူး၏ သမီးဖြစ်ပြီး စစ်အာဏာရှိသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူမထက် မနိမ့်ကျပေ။ ထို့ကြောင့် သူမ နှစ်ပေါင်းများစွာ စိတ်ဆင်းရဲခဲ့ရသည်။
နန်းတွင်းရောက်တော့လည်း ဝမ်သယ့်ဖေးက မျက်နှာသာပေးခံရပြီး သားမွေးထားသည်။ အောက်ခြေက ကိုယ်လုပ်တော်လေးတွေထဲမှာလည်း မိသားစုတောင့်တင်းသူတွေ အများကြီး ရှိနေသည်။
တစ်ခါတစ်လေ မိဖုရားခေါင်ကြီးက ဒီနေရာမှာ ထိုင်နေရတာ တကယ် အသက်ရှူကျပ်သလို ခံစားရကာ တစ်ရက်မှ ခါးမဆန့်ရဲခဲ့ပေ။
အစေခံများ ဒူးထောက်ပြီး ဖျောင်းဖျနေသော်လည်း မိဖုရားခေါင်ကြီးက အကြာကြီး ငိုနေဆဲပင်။
နင်ချန်အပေါ် ထားရှိသော သံယောဇဉ်ကို စွန့်လွှတ်ပြီး အာဏာရှိသော မိဖုရားခေါင်ကြီးအဖြစ်သာ နေတော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ အာဏာကိုပါ ထိန်းချုပ်နိုင်တော့မည် မဟုတ်ဟု ခံစားလာရသည်။ သူမ လက်မခံနိုင်ပေ။
"ပန်ကုန်းကိုယ်ဝန်က တည်ငြိမ်လာပြီ။ နင်တို့ ကူညီပေးရင် နန်းတွင်းကိစ္စတွေကို ကိုင်တွယ်ရတာ မခက်ပါဘူး။ သားတော်ကြီးက ကျန်းမာရေးမကောင်းတော့ ဝမ်သယ့်ဖေးက ကလေးကိုပဲ ဂရုစိုက်သင့်တယ်။ သူ့လက်ထဲက တာဝန်တွေကို ပန်ကုန်းဆီ ပြန်ပေးလိုက်တော့။ နောက်ဆိုရင် ရှူးဖေးနဲ့ ကျင်းဖေးကပဲ ပန်ကုန်းကို ကူညီပေးရမယ်။"
မိဖုရားခေါင်ကြီး ထလိုက်ပြီး မျက်ရည်သုတ်ကာ ယခင်ကကဲ့သို့ တည်ငြိမ်စွာ ပြောလိုက်သည်။
"မယ်မယ်... သမားတော်က မှာထားပါတယ်၊ ကိုယ်ဝန်စဆောင်ချိန်က အားနည်းလွန်းလို့ အနည်းဆုံး သုံးလလောက် အေးအေးဆေးဆေး နားနေရမယ်တဲ့။"
တင်းမားမား စိတ်ပူသွားသည်။
"အာဏာပြန်မယူရင် အဲ့ဒီမိန်းမယုတ် အန်းမျိုးရိုးက ငါ့အစား ဘိုးဘေးကန်တော့ပွဲတက်ပြီး အရာရှိကြီးတွေနဲ့ ရင်းနှီးအောင်လုပ်၊ သူ့သားအတွက် လမ်းခင်းပေးနေတာကို ငါ ထိုင်ကြည့်နေရမှာလား။"
"ပန်ကုန်း ဆုံးဖြတ်လိုက်ပြီ။ အန်းမိန်းမကို စိတ်တိုင်းကျခွင့် မပေးဘူး။ သူ မင်းသားကိုချောချောချူချူမွေးနိုင်တာက ပန်ကုန်းရဲ့ အကြီးမားဆုံး ခွင့်လွှတ်မှုပဲ။ တခြားအရာတွေကို မျှော်လင့်မနေနဲ့။"
"ပန်ကုန်းခန္ဓာကိုယ်အကြောင်း ပန်ကုန်းသိတယ်။ မပင်ပန်းစေရပါဘူး။ အာဏာပြန်ယူပြီးရင် နင်တို့ပဲ စီမံခန့်ခွဲကြ။ သွား အမိန့်ထုတ်လိုက်။"
မိဖုရားခေါင်ကြီး လက်ကာပြလိုက်သည်။ မျက်လုံးများ ပြတ်သားနေသဖြင့် တား၍ရတော့မည် မဟုတ်ပေ။
တင်းမားမား မလွန်ဆန်နိုင်ဘဲ သဘောတူလိုက်ရသည်။
ထွက်ခွာရန် ပြင်လိုက်စဉ် ပြန်ခေါ်လိုက်ပြန်သည်။
"နေဦး... ပန်ကုန်း နန်းတွင်းအာဏာ ပြန်ယူမယ်ဆိုတော့ ကိုယ်လုပ်တော်တွေ ပန်ကုန်းဆီလာပြီး ဂါရဝပြုကြရမယ်။ မနက်ဖြန်ကစပြီး ပုံမှန်အတိုင်း ဂါရဝပြုလာကြဖို့ အမိန့်ထုတ်လိုက်။"
တင်းမားမား ပြောချင်သော်လည်း မပြောရဲဘဲ သဘောတူလိုက်ရသည်။
မိဖုရားခေါင်ကြီးသည် အခု အရမ်းစိတ်ကြီးဝင်နေသည်။ ဒီလိုလုပ်ရင် နစ်နာမည့်သူမှာမိမိကိုယ်တိုင်ပင်ဖြစ်သည်။
ဒါပေမယ့် သူတို့လို အစေခံတွေက သခင်မရဲ့ စိတ်ကို ဘယ်လိုလုပ် ပြောင်းလဲနိုင်မလဲ။
တတ်နိုင်သမျှ ကူညီပေးရုံသာ ရှိတော့သည်။