← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 10 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 10 Ch. 145-146

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-145

အခန်း ၁၄၅ ။ ဒုတိယသခင်မလေး

မိဖုရားခေါင်ကြီး၏ကိစ္စဖြစ်ပွားပြီးနောက် မယ်တော်ကြီးသည် ကိုယ်လုပ်တော်များ လူမမာမေးလာသည့်ကိစ္စကို ရပ်တန့်ပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူမ ထုတ်မပြောခဲ့ချေ။

သို့သော် ဖုန်းရှီးနန်းဆောင်သို့ ဆေးကောင်းဝါးကောင်းများ ရေလိုစီးပို့ပေးနေသဖြင့် တချို့လူများ၏ပါးစပ်ကို ပိတ်ပြီးသားဖြစ်သွားသည်။

မိဖုရားခေါင်ကြီးသည် ခက်ခက်ခဲခဲရရှိထားသော ပထမဆုံးကိုယ်ဝန်ကို အလွန်အလေးထားလေသည်။ မူလက မိမိလက်ထဲရှိအာဏာများ လျော့ပါးသွားမည်ကို စိုးရိမ်ခဲ့သော်လည်း ယခုအခါ ကိုယ်ဝန်ကို ဂရုစိုက်ရန်အတွက် ကိုယ်လုပ်တော်များကို အုပ်ချုပ်သော အာဏာကို လက်လွှတ်လိုက်ပြီ ဖြစ်သည်။

ယခုအခါ ရှူးဖေး၊ ဝမ်သယ့်ဖေးနှင့် ကျင်းဖေးတို့ သုံးဦးက တာဝန်ယူ အုပ်ချုပ်နေကြသည်။ မိဖုရားခေါင်ကြီးမှာမူ တံခါးပိတ်၍ ကိုယ်ဝန်ကိုသာဂရုစိုက်နေပြီး မည်သည့်ကိစ္စကိုမျှ ဝင်မပါတော့ပေ။

လင်းရှိုးရုန်သည် အလွန်မုန်းတီးနေမိသည်။ သူမ၏ ဆုံးရှုံးသွားသော ကလေးကို သတိရတိုင်း မိဖုရားခေါင်ကြီးကို ဟုန်ဟွာဆေးရည် (ကိုယ်ဝန်ပျက်ဆေး) တစ်အိုးလောက် အတင်းတိုက်ပြီး သားသမီးဆုံးရှုံးရသည့် နာကျင်မှုကို မြည်းစမ်းစေချင်သည်။

ကျင်းဖေးမှာမူ အတိတ်က နာကျင်မှုများမှ ရုန်းထွက်နိုင်ခဲ့ပြီးဖြစ်သည့်အလား ပိုမိုတည်ငြိမ်နေသည်။

အတုန်လှုပ်ဆုံးသူမှာ ယန်ချိုက်ရန် ဖြစ်သည်။

သူမသည် မိဖုရားခေါင်ကြီးအတွက် ကလေးမွေးပေးရန် ရည်ရွယ်ချက်ဖြင့် ရာထူးတိုးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။ ယခု မိဖုရားခေါင်ကြီးကိုယ်တိုင် ကိုယ်ဝန်ရှိနေပြီဖြစ်ရာ သူမ၏ကလေးကို အလိုရှိပါဦးမလား။

မွေးဖွားရန် တစ်လခန့်သာ လိုတော့သော ဗိုက်ကိုပွတ်သပ်ရင်း စိတ်ပူပင်နေရရှာသည်။

သို့သော် မိဖုရားခေါင်ကြီးသည် ဤအသေးအဖွဲကိစ္စများကို ဂရုမစိုက်နိုင်တော့ဘဲ ကိုယ်ဝန်ကိုသာ အာရုံစိုက်နေသဖြင့် ယန်မျိုးရိုးကို မေ့လျော့ထားလိုက်ပြီဖြစ်သည်။

......

မယ်တော်ကြီးက စကားမပြောသော်လည်း နန်းတော်ပြင်ပရှိ ယင်းကော်ကုန်းကတော့ ငြိမ်နေ၍ မရတော့ပေ။

မယ်တော်ကြီးသည် အသက်ကြီးသည်ကိုအကြောင်းပြကာ ကိုယ်လုပ်တော်များကို လူမမာစောင့်ခိုင်းနေသဖြင့် အရှင်မင်းကြီး၏ နန်းတွင်း၌ လူမရှိတော့ဘဲ ထီးနန်းဆက်ခံမည့် မျိုးဆက်ပွားများမှုကို ထိခိုက်စေသည်ဟူသော ကောလာဟလများ ရှိနှင့်နေပြီးဖြစ်သည်။ ယခုအခါ မိဖုရားခေါင်ကြီး ကိုယ်တိုင် လူမမာစောင့်ရင်း ပင်ပန်းလွန်းသဖြင့် ကိုယ်ဝန်ထိခိုက်သွားသည့်ကိစ္စပါ ထပ်တိုးလာပြန်သည်။

ပြဿနာနှစ်ခု ပေါင်းဆုံသွားသဖြင့် မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်သွားလေသည်။

မိဖုရားခေါင်ကြီး ကိုယ်ဝန်ရှိကြောင်းကြေညာပြီး ငါးရက်အကြာတွင် ယင်းကော်ကုန်း၏ဇနီးသည် ဝင်ရောက်တွေ့ဆုံခွင့်တောင်းသော လျှောက်တင်လွှာရောက်ရှိလာသည်။

မယ်တော်ကြီးသည် ဆွေမျိုးများကို အလေးထားသူဖြစ်ရာ ငြင်းပယ်ခြင်းမရှိဘဲ နောက်တစ်နေ့တွင်ပင် နန်းတော်သို့ခေါ်လိုက်လေသည်။

ယင်းကော်ကုန်းကတော် ဝမ်ရှီသည် တစ်ယောက်တည်း လာခြင်းမဟုတ်ဘဲ အိမ်တော်ရှိ ကိုယ်လုပ်တော်စုမှ မွေးဖွားသော မယားငယ်သမီး ချန်စုကျစ်ကိုပါ ခေါ်ဆောင်လာသည်။

ဒါက ဝမ်ရှီ၏ဆန္ဒမဟုတ်ပေ။

ယင်းကော်ကုန်းသည် ကိုယ်လုပ်တော်စုကို အချစ်ပိုပြီး ယခုအခါ မယားငယ်သားဖြစ်သူ ချန်ရှန်ယိသည် စာမေးပွဲအောင်မြင်၍ နန်းတွင်းအရာရှိ ဖြစ်လာကာ မျက်နှာသာပေးခံနေရသည်။ ထိုအချက်က အရည်အချင်းမရှိသော တရားဝင်သားကို ပို၍ မှေးမှိန်သွားစေသည်။ ယခု ယင်းကော်ကုန်းက သူမအား ချန်စုကျစ်ကို နန်းတော်သို့ ခေါ်သွားခိုင်းပြန်ရာ ရည်ရွယ်ချက်မှာ သိသာလွန်းနေသည်။

"ကျွန်မ မယ်တော်ကြီးကို ဂါရဝပြုပါတယ်။"

ဝမ်ရှီသည် မယားငယ်သမီးနှင့်အတူ စည်းကမ်းတကျ ဦးခိုက်လိုက်သည်။

မယ်တော်ကြီးသည် အဝတ်အစားလဲထားပြီး မျက်နှာထားလည်း ကြည်လင်နေကာ ခေါင်းအုံးကိုမှီရင်း လက်ဝှေ့ယမ်းပြလိုက်သည်။

"ယောင်းမတော် ထပါ၊ အိမ်မှာ အားလုံး နေကောင်းကြရဲ့လား။"

"မယ်တော်ကြီးရဲ့ ဘုန်းကံကြောင့် အားလုံး အဆင်ပြေပါတယ်။"

ဝမ်ရှီ မတ်တတ်ရပ်လိုက်၏။

"မယ်တော်ကြီး နေမကောင်းဖြစ်နေတော့ သခင်ကြီးက စိတ်ပူနေတာပါ။ အရင်တုန်းက မယ်တော်ကြီး အနားယူတာကို နှောင့်ယှက်မှာစိုးလို့ မလာတာပါ။ အခု တစ်လလောက်ရှိပြီဆိုတော့ သက်သာလောက်ပြီ၊ စိတ်ကြည်လင်လောက်ပြီလို့တွေးပြီး ကျွန်မကို လာတွေ့ခိုင်းတာပါ။"

ဤစကားများသည် မယ်တော်ကြီး၏စိတ်နှလုံးကို နွေးထွေးသွားစေသည်။

သူမနှင့် ယင်းကော်ကုန်း ချန်လိစုန်းသည် ငယ်စဉ်ကတည်းက ရင်းနှီးချစ်ခင်ခဲ့ကြပြီး မောင်နှမအရင်းများဖြစ်ကြရာ သံယောဇဉ် ကြီးမားလှသည်။

ယခု အသက်ကြီးလာပြီး အေးစက်သော နန်းတော်ထဲတွင် နေထိုင်ရသောအခါ မိသားစုမေတ္တာကို ပိုမိုတောင့်တလာရသည်။ နင်ချန်နှင့် ဆက်ဆံရေး သိပ်မကောင်းလှသဖြင့် မိသားစုဘက်မှ နွေးထွေးမှုကို ပို၍ တန်ဖိုးထားမိလာသည်။

"ယောင်းမတော် ထိုင်ပါဦး၊ ဒီမှာ သမားတော်တွေ ပြုစုပေးနေတာဆိုတော့ အားလုံး အဆင်ပြေပါတယ်။ အစ်ကိုကြီးကို စိတ်မပူဖို့ ပြောလိုက်ပါ။"

ဝမ်ရှီ ခေါင်းညိတ်ပြီး လိုက်လျောညီထွေစွာ ထိုင်လိုက်သည်။

"မယ်တော်ကြီး ကျန်းမာတာကိုမြင်ရတော့ ကျွန်မတို့လည်း စိတ်အေးရပါတယ်။ ဒါပေမယ့် သခင်ကြီးက မယ်တော်ကြီးကို ပြောပြချင်တဲ့ စကားတစ်ခွန်းရှိနေပါတယ်။"

"ဘာစကားများလဲ။"

မယ်တော်ကြီး မျက်မှောင်ကြုတ်လိုက်သည်။

"သခင်ကြီး ပြောတာက... မယ်တော်ကြီး နေမကောင်းဖြစ်နေရင် အေးဆေးဆေး အနားယူသင့်တယ်တဲ့။ ကိုယ်လုပ်တော်တွေ လူမမာလာမေးတာက ကျေးဇူးဆပ်ရာရောက်ပေမယ့် လူများတော့ ရှုပ်တယ်၊ ကိုယ်ပိုင်အစေခံတွေလောက် ပြုစုတာ မကောင်းဘူး၊ မယ်တော်ကြီး ကျန်းမာရေးအတွက်လည်း မကောင်းဘူးတဲ့။ ပြီးတော့ အရှင်မင်းကြီးရဲ့နန်းဆောင်မှာ ကိုယ်လုပ်တော်တွေ နည်းပါးနေတယ်။ ကိုယ်လုပ်တော်တွေက အရှင်မင်းကြီးအတွက် မျိုးဆက်ပွားပေးဖို့ကို ဦးစားပေးသင့်တယ်။ အရှင်မင်းကြီးဘေးမှာ ပြုစုမယ့်သူရှိပြီး စိတ်ချမ်းသာနေရင် မယ်တော်ကြီးနဲ့လည်း ပိုပြီးရင်းနှီးလာမှာမဟုတ်လား။"

ဝမ်ရှီသည် စကားပြောရင်း မယ်တော်ကြီး၏မျက်နှာထားကို အကဲခတ်နေသည်။ သူမ မနှစ်သက်ကြောင်း တွေ့လိုက်ရ၏။

သို့သော် သူမ၏ယောင်းမသည် ထက်မြက်သူ မဟုတ်သော်လည်း အစ်ကိုဖြစ်သူ၏စကားကို အလွန်နားထောင်တတ်ကြောင်း သူမသိသည်။ ငြင်းလိမ့်မည် မဟုတ်ပေ။

ထင်သည့်အတိုင်းပင် မယ်တော်ကြီးသည် ခေတ္တမျှစဉ်းစားပြီးမှ အေးဆေးစွာ ပြောလိုက်သည်။

"အိုက်ကျား သိပါပြီ၊ အစ်ကိုကြီးကိုစိတ်မပူဖို့ပြောလိုက်ပါအုံး။”

"မယ်တော်ကြီးက ဉာဏ်ပညာ ကြီးမားသူပါ၊ နေမကောင်းဖြစ်နေလို့ မေ့လျော့သွားတာ ဖြစ်မှာပါ။ သခင်ကြီးက မယ်တော်ကြီးနဲ့ အရင်းနှီးဆုံးမို့လို့ မယ်တော်ကြီးဘက်ကနေ စဉ်းစားပေးတာပါ။ မယ်တော်ကြီး အပြစ်မယူပါနဲ့။"

ဝမ်ရှီက မတ်တတ်ရပ်ကာ အရိုအသေပြုရင်း နှစ်သိမ့်လိုက်သည်။

မယ်တော်ကြီး စိတ်သက်သာရာ ရသွားသည်။

"ကိစ္စမရှိပါဘူး၊ အစ်ကိုကြီးက အိုက်ကျားအတွက် စိတ်ပူပေးတာပဲလေ။"

မည်သို့ပင်ဆိုစေ မြင့်မြတ်သော နေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်ရာ မည်မျှပင် စကားနားထောင်သူဖြစ်စေကာမူ တစ်ပါးသူ၏ ထိန်းချုပ်ခြင်းနှင့် အမှားထောက်ပြခြင်းကို မနှစ်သက်ကြပေ။ ဝမ်ရှီ၏ စကားများသည် မယ်တော်ကြီး၏ သိက္ခာကို ထိန်းသိမ်းပေးရာ ရောက်သည်။

နှစ်ယောက်သား စကားပြောပြီးနောက် မယ်တော်ကြီးသည် ဝမ်ရှီဘေးမှ မိန်းကလေးကို သတိထားမိသွားသည်။

ထိုမိန်းကလေးသည် အဝါရောင်ပိုးထည်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို သေသပ်စွာထုံးဖွဲ့ထားကာ ပန်းပွင့်များနှင့် လိပ်ပြာပုံဆံထိုး အနည်းငယ်ဖြင့် အလှဆင်ထားသည်။ နားတွင် ပုလဲနားကပ်တစ်စုံကို ဝတ်ဆင်ထားပြီး ဝမ်ရှီ၏ နောက်တွင် ငြိမ်သက်စွာ ရပ်နေ၏။

"ဒီကောင်မလေးက ဘယ်သူလဲ။"

မျက်နှာကို မမြင်ရသေးသော်လည်း မယ်တော်ကြီးသည် ဤမိန်းကလေးမှာ အလွန်လှပလိမ့်မည်ဟု ခံစားမိနေသည်။

ဝမ်ရှီ၏မျက်ဝန်းအရောင်များ မှိန်ဖျော့သွားပြီး မကျေနပ်မှုကို မြိုသိပ်လျက် ပြုံးလိုက်သည်။

"မယ်တော်ကြီး မမြင်ဖူးသေးလောက်ဘူး၊ ဒါက ကိုယ်လုပ်တော်စုမွေးတဲ့ ဒုတိယသမီး၊ နာမည်က စုကျစ်ပါ။ ချန်မိန်ရန်ထက် နှစ်နှစ်ငယ်ပြီး ဒီနှစ် ဆယ့်လေးနှစ် ရှိပါပြီ။"

"သမီးတော် မယ်တော်ကြီးကို ဂါရဝပြုပါတယ်။"

ချန်စုကျစ်သည် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ဂါရဝပြုရာတွင် အမှားအယွင်း မရှိပေ။

မယ်တော်ကြီးသည် အကြောင်းရင်းကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ အောက်က မိန်းကလေးကို အကဲခတ်ကြည့်ပြီး ပြောလိုက်သည်။

"ခေါင်းမော့လိုက်၊ အ်ိုက်ကျား ကြည့်ပါရစေဦး။"

"ဟုတ်ကဲ့။"

ချန်စုကျစ်သည် ဖြည်းညှင်းစွာ ခေါင်းမော့လိုက်ပြီး ရှေ့တည့်တည့်ကို ကြည့်လိုက်သည်။ လေးစားမှုပြသောအနေဖြင့် မယ်တော်ကြီး၏ မျက်လုံးကို တည့်တည့်မကြည့်ဘဲ အနည်းငယ် နိမ့်သောနေရာကို ကြည့်နေ၏။

မယ်တော်ကြီး သေချာကြည့်ပြီး ကျေနပ်သွားသည်။

မိန်းကလေးသည် ဘဲဥပုံမျက်နှာ၊ ဖြူဝင်းသော အသားအရေ၊ သေးသွယ်ပြီး ထူထဲသော မျက်ခုံးမွှေး၊ တက်ကြွပြီး ချစ်စရာကောင်းသော မျက်လုံးဝိုင်းများ ရှိသည်။ တည်ငြိမ်သော်လည်း အနည်းငယ် ဆော့ကစားချင်ပုံ ပေါက်နေသည်။ နှာတံ သိပ်မမြင့်သော်လည်း နှာခေါင်းလုံးလုံးလေးက ချစ်စရာကောင်းပြီး နှုတ်ခမ်းနီနီလေးက တက်ကြွလန်းဆန်းနေသည်။

ကိုယ်လုပ်တော်စုဆိုသောသူကို မယ်တော်ကြီး မှတ်မိသည်။ စုရှီကိုယ်တိုင်က အလွန်လှပသူဖြစ်သည်။ ဖြူစင်သလိုလိုနှင့် ဆွဲဆောင်မှုရှိသော အလှမျိုးဖြစ်သည်။

ငယ်ရွယ်စဉ်က တက်ကြွမှုအပြည့်ရှိပြီး အသက်ကြီးလာသောအခါ ပို၍ ကျက်သရေရှိလာသည်။ ချန်စုကျစ်သည် သူမ၏မိခင်နှင့် အလွန်တူပုံရသည်။

နှိုင်းယှဉ်ကြည့်လျှင် ချန်စူးယွီသည် ချန်စုကျစ်လောက် မလှပေ။

ထို့ကြောင့် ထိုနေ့တွင် ဝမ်ရှီသည် ချီနင်နန်းဆောင်၌ နေ့လည်စာစားပြီးနောက် တစ်ယောက်တည်း ပြန်သွားခဲ့ရပြီး ဒုတိယသခင်မလေး ချန်စုကျစ်မှာမူ လူမမာစောင့်ရန် အကြောင်းပြချက်ဖြင့် မယ်တော်ကြီး၏အနားတွင် ကျန်ရစ်ခဲ့သည်။

သူမ ရှိနေသောကြောင့် မယ်တော်ကြီးသည် ကိုယ်လုပ်တော်များအား လူမမာမေးလာရန် မလိုတော့ကြောင်း အမိန့်ထုတ်ပြန်လိုက်လေသည်။

......

ယောင်ကွမ်းဆောင်တွင် ချန်မိန်ရန်သည် ထိုသတင်းကို ကြားသိပြီးနောက် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သည်။

ချန်စုကျစ်သည် ယခုနှစ်တွင် ၁၄ နှစ်ရှိပြီဖြစ်၍ နောက်နှစ် ရွေးချယ်ပွဲကျင်းပချိန်တွင် ၁၆ နှစ် ပြည့်မည်ဖြစ်သည်။ အိမ်တော်သည် သူမကဲ့သို့ တရားဝင်သမီးကို လက်လွှတ်ခံမည် မဟုတ်ပေ။ မယားငယ်သမီး ဝင်လာခြင်းသည် သူမကို ကူညီရန်အတွက် ဖြစ်ပေလိမ့်မည်။

သို့သော် သူမအနေဖြင့် နေရာမြဲရန် လိုအပ်သလား၊ နေရာမြဲအောင်လုပ်ဖို့ အချစ်တော်ဖြစ်ရဲ့လား ဆိုသည်ကို သူမသာ အသိဆုံးဖြစ်သည်။

တကယ်လို့ ဝင်လာခဲ့ရင်တောင် တစ်ဘဝလုံး အချိန်ဖြုန်းရုံ သက်သက်သာဖြစ်ပေလိမ့်မည်။

မယ်တော်ကြီးက ချန်မိသားစုမှ ဒုတိယသခင်မလေးကို နန်းတွင်း၌ထားရှိလိုသောဆန္ဒမှာ သိသာလွန်းနေသည်။ နင်ချန်သည် ဤသို့သော လုပ်ရပ်ကို အလွန်မုန်းတီးသော်လည်း ဘာမှထုတ်မပြောနိုင်ပေ။

မယ်တော်ကြီးကို လူမမာမစောင့်နဲ့လို့ တားလို့မရဘူး မဟုတ်လား။

နောင်ကျမှ ရှောင်လွှဲရန် နည်းလမ်းရှာရပေတော့မည်။

.....

သို့သော် ယဲ့ယွင်ကမူ ဒါတွေကို ဂရုမစိုက်ပေ။ တစ်ယောက်တိုးလာလည်း တိုက်မယ်၊ နှစ်ယောက်တိုးလာလည်း တိုက်မယ်။ ပြီးတော့ နင်ချန်၏ ချန်မိသားစုအပေါ် သဘောထားအရဆိုလျှင် ချန်မိသားစုက မိန်းကလေး ဘယ်နှစ်ယောက်ပို့ပို့ အလကားပင်။

သူမ ဂရုစိုက်သည်မှာ လူမမာစောင့်ရသည့်ဒုက္ခမှ လွတ်မြောက်သွားခြင်းဖြစ်သည်။

နောက်ပြီး သူမ၏မွေးနေ့ရောက်ရန် ရက်အနည်းငယ်သာ လိုတော့သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-146

အခန်း ၁၄၆ ။ ကြင်နာခြင်း

ဆယ်လပိုင်း၊ ၁၈ ရက်နေ့ နံနက်တွင် ယဲ့ယွင် နိုးနိုးချင်း သတင်းကောင်းတစ်ခု ရရှိလိုက်လေသည်။

သတင်းလာပို့သော ဟွေ့အန်းသည် ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။

"ဒီနေ့က ကျယ်ယွီရဲ့မွေးနေ့ဆိုတာကို အရှင်မင်းကြီးက အမြဲတမ်း သတိရနေပါတယ်။ မနေ့ကတည်းက ကျုံးယုံဟိုအိမ်တော်ကို လူလွှတ်ပြီး သခင်မကြီးကို အကြောင်းကြားလိုက်ပါပြီ။ နောက်နာရီဝက်လောက်ဆိုရင် သခင်မကြီးလည်း ယွီရှို့အဆောင်ကို ရောက်လာပါလိမ့်မယ်။ ဒီနေ့ နေ့လည်စာကို သခင်မကြီးက ကျယ်ယွီနဲ့အတူတူ သုံးဆောင်ရမှာပါ။ ကောင်းလိုက်တာနော်။"

ကျုံးယုံဟိုသည် ယဲ့ကျယ်၏ ဘွဲ့ထူးဖြစ်သည်။ ယခင် စစ်သူကြီးယဲ့ ရှိစဉ်က စစ်သူကြီးအိမ်တော် ဖြစ်သော်လည်း ယခုအခါ အိမ်ထောင်ဦးစီးမှာ ယဲ့ကျယ်ဖြစ်သောကြောင့် ကျုံးယုံဟိုအိမ်တော်ဟု ပြောင်းလဲခေါ်ဝေါ်ခြင်း ဖြစ်သည်။

ယဲ့ကျယ်သည် အိမ်ထောင်မပြုရသေးသဖြင့် ဤနေရာတွင် သခင်မကြီးဟု ခေါ်ဆိုခြင်းမှာ မိခင် ချူရှီကို ရည်ညွှန်းခြင်း ဖြစ်သည်။

နင်ချန်သည် ရွှေငွေရတနာ သို့မဟုတ် ရှားပါးပစ္စည်းများကို လက်ဆောင်ပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤကဲ့သို့သော မွေးနေ့လက်ဆောင်မျိုးပေးလိမ့်မည်ဟု လုံးဝမထင်ထားခဲ့မိပေ။

နန်းတော်ထဲရောက်နေသောကိုယ်လုပ်တော်တစ်ဦးအတွက် မိသားစုနှင့် သီးသန့်တွေ့ဆုံခွင့်ရခြင်းသည် မည်သည့်ဆုလာဘ်နှင့်မျှ မလဲနိုင်သော ကြီးမားသည့် ဂုဏ်ထူးတစ်ခု ဖြစ်သည်။

ဧကရာဇ်၏ စေတနာကိုလည်း ပိုမိုထင်ရှားစေသည်။

ဤလက်ဆောင်အတွက် ယဲ့ယွင် အမှန်တကယ် ဝမ်းသာမိသည်။ ချက်ချင်းပင် လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်ကို ချွတ်ကာ ဟွေ့အန်းအား ဆုချလိုက်၏။

"အရှင်မင်းကြီးကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦးနော်။ ဒီမွေးနေ့လက်ဆောင်လောက် ကောင်းတာ ဘာမှမရှိတော့ပါဘူး။"

"အို... ကျယ်ယွီကလည်း အားနာစရာကြီး။ အရှင်မင်းကြီးက မှာလိုက်ပါတယ်၊ ကျယ်ယွီ သခင်မကြီးနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံပါတဲ့၊ ညကျမှ အရှင်မင်းကြီး လာခဲ့မယ်တဲ့။"

ဟွေ့အန်းသည် ပြုံးလျက် ပြန်ပြောလိုက်သည်။

နင်ချန်၏ အပါးတော်မြဲဖြစ်သည့်အတွက် အရှင်မင်းကြီး မည်သူ့အပေါ် စေတနာထားသည်ကို သူ အသိဆုံးဖြစ်သည်။

အရှင်မင်းကြီးသည် မင်ကျယ်ယွီကို အံ့အားသင့်စေရန် တမင်တကာ တိတ်တိတ်လေး စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ရှားပါးလှသော အခွင့်ထူးပင်။

......

ဟွေ့အန်း ပြန်သွားသောအခါ ယဲ့ယွင် ပို၍ တက်ကြွလန်းဆန်းလာလေသည်။

"ဟွေယွဲ့... နင်ကိုယ်တိုင် စားဖိုဆောင်ကိုသွားပြီး အမေကြိုက်တဲ့ ဟင်းပွဲတွေ မှာလိုက်။ ဖူရုန်ကြက်သားပေါင်း၊ ရွှေလုံးငွေလုံးဟင်း၊ ဂဏန်းဥပေါင်း အကုန်လုံး ပါရမယ်နော်။ နန်ကျစ်... နင်က ဘဏ္ဍာတိုက်ထဲသွားပြီး သင့်တော်တဲ့ ပိတ်စတွေ၊ လက်ဝတ်ရတနာတွေ၊ ဆေးဝါးတွေ ရွေးထားလိုက်၊ ပြီးရင် အမေ့ကို ထည့်ပေးလိုက်မယ်။"

"ဟုတ်ကဲ့ပါ၊ ဒီနေ့က ကျယ်ယွီရဲ့ မွေးနေ့ဆိုတော့ ကျွန်မတို့ အထူးဂရုစိုက်နေပါတယ်။ ဘာမှ အမှားအယွင်း မရှိစေရပါဘူး။ ဟုတ်တယ်မလား။"

နန်ကျစ်နှင့် ဟွေယွဲ့ အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်ပြီး လက်ခုပ်တီး၍ လူခေါ်လိုက်ကြသည်။

အပြင်ဘက်တွင် တန်းစီနေသော နန်းတွင်းအပျိုတော်များနှင့် မိန်းမစိုးလေးများ အားလုံး စုရုံးရောက်ရှိလာပြီး တညီတညွတ်တည်း ဂါရဝပြုကြလေသည်။

"ကျွန်တော်မျိုး/ကျွန်တော်မျိုးမတို့... ကျယ်ယွီ အသက်ရာကျော်ရှည်ပါစေ၊ ကျန်းမာပါစေ၊ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။"

ယဲ့ယွင် ပြုံးလိုက်ပြီး လက်ကာပြကာ ထခိုင်းလိုက်သည်။

"ဒီနေ့က နေ့ကောင်းရက်မြတ်ဆိုတော့ အားလုံးကို ဆုချမယ်။ တစ်ယောက်ကို ငွေငါးစစီ ပေးမယ်။ ပြီးတော့ ဟွေယွဲ့၊ စားဖိုဆောင်မှာ ဟင်းပွဲနှစ်ပွဲလောက် ပိုမှာလိုက်၊ သူတို့ကို ကျွေးလိုက်ဦး။"

"ကျေးဇူးတင်ပါတယ် ကျယ်ယွီ။"

အားလုံး ဝမ်းသာသွားကြသည်။

ငွေငါးစဆိုသည်မှာ အချို့လူများ၏ တစ်လစာ လစာထက်ပင် များသေးသည်။

အရာအားလုံး စီစဉ်ပြီးသောအခါ လူလာမည့်အချိန်ကိုသာ စောင့်နေတော့သည်။

သူမ စိတ်လှုပ်ရှားနေသကဲ့သို့ ချူရှီသည်လည်း သမီးကိုတွေ့ချင်စိတ်ဖြင့် နာရီဝက်မပြည့်မီ ရောက်ရှိလာလေသည်။

ပိုင်ရှုသည် ယွီရှို့အဆောင်အပြင်ဘက် လမ်းဆုံတွင် စောင့်နေပြီး ချူရှီတို့လူစုကို မြင်သောအခါ လူလွှတ်၍ သတင်းပို့ခိုင်းကာ သူမကိုယ်တိုင် သွားရောက်ကြိုဆိုလေသည်။

သတင်းပို့သော မိန်းမစိုးလေး ပြေးလာသည်ကို ကြားသောအခါ ယဲ့ယွင် အပြင်သို့ထွက်လာခဲ့သည်။

သားအမိနှစ်ယောက် တံခါးဝတွင် ဆုံမိကြလေသည်။

"အမေ!"

ယဲ့ယွင် မျက်ရည်ဝဲလျက် လှမ်းခေါ်လိုက်သည်။

"သမီး!"

ချူရှီသည် အသံတိမ်ဝင်လျက် ထူးလိုက်ပြီး သမီး၏ခေါင်းကို လှမ်းကိုင်ချင်သော်လည်း စည်းကမ်းကို သတိရသွားကာ လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး စည်းကမ်းတကျ ဂါရဝပြုလိုက်သည်။

"ကျုံးယုံဟိုသခင်မကြီးက ကျယ်ယွီကို ဂါရဝပြုပါတယ်။"

ထိုအချိန်တွင် ချူရှီ၏နောက်၌ပါလာသော အမျိုးသမီးငယ်တစ်ဦးသည် ကလေးမလေးတစ်ဦးကို လက်ဆွဲလျက် အတူတူ ဂါရဝပြုလေသည်။

ယဲ့ယွင်သည် မိခင်ကို အလျင်အမြန် တွဲထူလိုက်၏။

"အထဲဝင်ကြရအောင်၊ သားအမိတွေ တွေ့တုန်းခဏလေးမှာ ဒီလိုတွေ လုပ်မနေပါနဲ့။"

ထို့နောက် အနောက်ဘက်ကို ကြည့်လိုက်ပြီး ခဏတာ ကြောင်အသွားကာမှ ပြုံးလိုက်သည်။

"ဝမ်းကွဲအစ်မလား။"

"ကျယ်ယွီကို ဂါရဝပြုပါတယ်။"

ဝမ်းကွဲအစ်မဟု ခေါ်လိုက်သူမှာ ချူယွင်ဟွိုက်၏ ဇနီးသည် ကျန်းရှီဖြစ်သည်။

သူမ လက်ဆွဲထားသည့် ကလေးမှာ သူတို့နှစ်ဦး၏သမီးဖြစ်ပြီး ယခုနှစ် သုံးနှစ်ပြည့်ပြီဖြစ်သော ချူရှီးကျင်း ဖြစ်သည်။

ယခု ချူယွင်ဟွိုက်သည် မြို့တော်တွင် အရာရှိဖြစ်နေသဖြင့် တစ်မိသားစုလုံး ဤနေရာသို့ရောက်နေကြရာ အတူခေါ်လာခြင်း ဖြစ်လောက်၏။

"ဝမ်းကွဲအစ်မ ထပါ၊ အထဲဝင်ပြီး စကားပြောကြတာပေါ့။"

ယဲ့ယွင် ဖိတ်ခေါ်လိုက်သည်။

အားလုံး အခန်းထဲသို့ ဝင်သွားကြလေသည်။

ထိုင်ပြီးသောအခါမှ စိတ်လှုပ်ရှားမှု အနည်းငယ် လျော့ပါးသွားကြသည်။ လက်ဖက်ရည်လာချပေးပြီး နှစ်ငုံခန့်သောက်ပြီးမှ စကားစပြောနိုင်ကြတော့သည်။

"ကျွန်မ နန်းတော်ထဲဝင်တုန်းက ကျင်းအာလေးက စကားတောင် မပြောတတ်သေးဘူး။ အခုတော့ အတော်ကြီးနေပြီပဲ။"

ယဲ့ယွင်သည် တူမလေးကို ဆွဲယူပြီး ပွေ့ဖက်ကာ စနောက်နေသည်။

ကလေးမလေးသည် ဖြူဖြူနုနုနှင့် အလွန်ချစ်စရာကောင်းသည်။

ဤအဒေါ်ချောချောလေးကို မမှတ်မိတော့သော်လည်း သွေးသားတော်စပ်မှုကြောင့်ဖြစ်မည်၊ ကလေးမလေးသည် လုံးဝ စိမ်းကားခြင်းမရှိပေ။

ကျန်းရှီသည် သမီးကိုကြည့်ကာ ပြုံးလိုက်၏။

"ကလေးတွေက လေနဲ့တွေ့ရင် ကြီးထွားတယ်ဆိုသလိုပဲ၊ မြန်လိုက်တာမှလေ။"

"မဟုတ်ပါဘူး၊ ဖေဖေပြောတယ် မိန်းကလေးတွေက လေတိုက်ခံရင် မည်းသွားတတ်တယ်တဲ့။ ကျင်းအာက ထမင်းတွေ အများကြီးစားလို့ အရပ်ရှည်လာတာပါ။"

ကလေးမလေးက လေးလေးနက်နက် ပြန်ပြောလေသည်။

ထိုအမူအရာကြောင့် လူကြီးများ ရယ်မောမိသွားကြသည်။

"သူ့အဖေက အလိုလိုက်ထားလို့ လေတိုက်မှာ၊ နေပူမှာ ကြောက်နေတာလေ။ ကျယ်ယွီ စိတ်မရှိပါနဲ့။"

ကျန်းရှီ အားနာသလို ပြောလိုက်သည်။

ယဲ့ယွင် ရယ်မောရင်း လက်ကာပြလိုက်၏။

"ဝမ်းကွဲအစ်မကလည်း အားနာစရာမလိုပါဘူး။ ကျွန်မ ကျင်းအာလေးကို သဘောကျပါတယ်။"

"ဒေါ်လေးက လှတယ်၊ ကျင်းအာလည်း ဒေါ်လေးကို ချစ်တယ်။"

ကလေးမလေးက ပါးစပ်ချိုလိုက်သေးသည်။

ခဏကြာ စနောက်ပြီးနောက် ကလေးသဘာဝ ငြိမ်ငြိမ်မနေတတ်သဖြင့် အပြင်ထွက်ကစားခိုင်းလိုက်ပြီး လူကြီးများသာ အခန်းထဲတွင် စကားပြောကြလေသည်။

ချူရှီသည် စောစောက သမီးနှင့်မြေးမလေးကိုကြည့်ရင်း အချို့ကိစ္စများကို သတိရသွားကာ အနည်းငယ် ချိန်ဆပြီးနောက် ဖွင့်ပြောလိုက်သည်။

"ကျယ်ယွီ နန်းတော်ထဲဝင်တာ တစ်နှစ်ကျော်ပြီ။ အသက်လည်း ကြီးလာပြီဆိုတော့ ကလေးကိစ္စကို ဖြည်းဖြည်းချင်း စဉ်းစားသင့်ပြီ။ နန်းတော်ထဲမှာ ကလေးတစ်ယောက်ရှိတာက ပိုပြီး စိတ်ချရတယ်လေ။"

ပြီးခဲ့သည့် အခေါက်က သမီးဖြစ်သူ ဘာကြောင့်အပြစ်ပေးခံရသည်ကို မသိသော်လည်း ချုံးယန်ပွဲတော်တွင် သမီးကိုမမြင်ရသဖြင့် သူမ ရက်ပေါင်းများစွာ အိပ်မပျော်ခဲ့ရပေ။

စဉ်းစားကြည့်လိုက်လျှင် ကလေးတစ်ယောက်ရှိထားခြင်းက ပို၍ စိတ်ချရမည် ဖြစ်သည်။

ယဲ့ယွင် မျက်လွှာချလိုက်၏။

"အမေ စိတ်ချပါ၊ သမီးမှာ အစီအစဉ်ရှိပါတယ်။ တစ်ဆင့်ချင်း လုပ်သွားမှာပါ။ နန်းတော်ထဲမှာ စိတ်မြန်လို့မရဘူး။"

"ကျယ်ယွီမှာ အစီအစဉ်ရှိရင်ပြီးတာပါပဲ။ ကျွန်မက စိတ်ပူလို့ပါ။"

ချူရှီသည် ဆက်မပြောတော့ဘဲ ရပ်လိုက်သည်။ သမီးဖြစ်သူ နန်းတော်ထဲတွင် မလွယ်ကူကြောင်း သူမ သိသည်။

ကျန်းရှီသည် ဉာဏ်ကောင်းသူဖြစ်ရာ သားအမိနှစ်ယောက် စိတ်ပူပင်နေသည်ကို ရိပ်မိသဖြင့် စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"အရင်က ကျယ်ယွီ အကြံပေးလိုက်လို့ အခု ချူမိသားစုက တော်ဝင်ကုန်သည်လောကမှာ နေရာရနေပါပြီ။ နန်းတွင်းသုံးပစ္စည်းတချို့ကိုတောင် ချူမိသားစုရဲ့အလုပ်ရုံကနေ မှာယူနေကြတယ်။"

"ကောင်းတာပေါ့။ အိမ်ကလူတွေအဆင်ပြေမှ သမီးလည်း နန်းတော်ထဲမှာ နေရာမြဲမှာ။ သမီးရဲ့ ဂုဏ်သိက္ခာက ချူမိသားစု၊ ယဲ့မိသားစုနဲ့ ဆက်စပ်နေတာလေ။"

ယဲ့ယွင် ပြုံးလိုက်သည်။

ဤစကားသည် စည်းရုံးခြင်းဖြစ်သလို ချူမိသားစုကို သူမနှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိစေရန် သတိပေးခြင်းလည်းဖြစ်သည်။

ကျန်းရှီ နားမလည်ဘဲ မနေနိုင်ပေ။ ခေါင်းညိတ်ကာ ပြောလိုက်၏။

"ဒါပေါ့၊ ကျယ်ယွီမရှိရင် ဒီနေ့ ချူမိသားစု ဒီလောက်အောင်မြင်လာမှာ မဟုတ်ဘူး။ မိသားစုက အေးအတူပူအမျှပါပဲ။"

ယဲ့ယွင် ခေါင်းညိတ်လိုက်သည်။

"ဝမ်းကွဲအစ်မ ကျွန်မ စကားများတယ်လို့ မထင်ပါနဲ့။ အိမ်ကလူတွေကို စိတ်ပူလို့ ပိုပြောမိတာပါ။ အဓိကက ကျွန်မတို့က အရှင်မင်းကြီးအတွက် အလုပ်လုပ်ပေးနေတာဆိုတော့ အရှင်မင်းကြီးကိုပဲ အဓိကထားရမယ်။ တခြားဘက်တွေနဲ့ လုံးဝ မပတ်သက်မိစေနဲ့။"

"ကျယ်ယွီ စိတ်ချပါ၊ အိမ်ကလူတွေ နားလည်ပါတယ်။"

ကျန်းရှီ လေးလေးနက်နက် ပြောလိုက်သည်။

ထိုအကြောင်းများပြောပြီးနောက် မိသားစုအကြောင်းများ ဆက်ပြောကြလေသည်။

ချူရှီသည် သားဖြစ်သူ ယဲ့ကျယ်၏ မင်္ဂလာကိစ္စကို ပြောပြသည်။ သူမ သဘောကျထားသော မိန်းကလေးအချို့ ရှိသော်လည်း ယခုအခါ ယဲ့မိသားစုသည် ယခင်ကကဲ့သို့ သဘောရှိ လက်ထပ်၍မရတော့သဖြင့် ယဲ့ယွင်ကိုလည်း ကြည့်ရှုပေးစေလိုသည်။

ထို့နောက် ချူမိသားစုအကြောင်း ဆက်ပြောကြသည်။ ချူယွင်ဟုန်သည် ယခုအခါ လုပ်ငန်းစတင်နေပြီဖြစ်၍ အိမ်ထောင်ပြုသင့်ပြီဖြစ်သည်။ အသက်နှစ်ဆယ်ကျော်ပြီဖြစ်၍ အတော်နောက်ကျနေပြီ။

ပျန့်ကျိုးမြို့မှ ဟယ်မိသားစု၏ ဒုတိယသမီးနှင့် စေ့စပ်ထားသည်။ ရုပ်ရည်ချောမောပြီး တက်ကြွလန်းဆန်းသူဖြစ်၍ လိုက်ဖက်ညီလှသည်။ နောက်နှစ်တွင် လက်ထပ်မည်ဟုဆ်ိုသည်။

ဟယ်မိသားစုသည် ပညာတတ်မျိုးရိုးဖြစ်ပြီး ဖခင်ဖြစ်သူမှာ အဆင့်ခြောက်အရာရှိသာဖြစ်သဖြင့် မျက်စိနောက်စရာ မဖြစ်ပေ။ သို့မဟုတ်ပါက ယခုအချိန်တွင် ချူယွင်ဟုန်၏မင်္ဂလာကိစ္စကို လွယ်လွယ်ကူကူ ဆုံးဖြတ်ရဲမည် မဟုတ်ပေ။

All Chapters