ငရဲဧကရာဇ်လက်သီး
Vol. 8 Ch. 720
" ဒီတစ်ကြိမ် ငါ ဘယ်မှာ မီးရှို့လို့တုန်း "
ပိုင်ရှောင်ချန်းက ကြောက်ရွံ့စိတ်များဖြင့် ရင်တဒိန်းဒိန်းခုန်လျက် နောက်ဆုတ်ပြီး ပြောလိုက်သည်။
၎င်းမှာ အကောင်းဆုံးဖြေရှင်းချက် မဟုတ်သည်မှာ သေချာလှသဖြင့် ပိုင်ဟောက်မှာ မည်သို့ကံဆိုးမိုးမှောင်ကျတော့မည်ကို ချက်ချင်းတွေးလိုက်သည်။ ကံဆိုးစွာပင် ကပ်ဘေးကို မတားဆီးနိုင်ခင် သူက အကြာကြီးစောင့်နေမိလိုက်သည်။ သရဲကြီးတပ်ဖွဲ့မှ ဝိညာဉ်ကျင့်ကြံသူများက ဒေါသတကြီး ချည်းကပ်လာလေပြီ။ သူတို့မှာ ပေါက်ကွဲမှုအကြောင်းပြန်တွေးလိုက်သည်နှင့် ဒေါသထွက်သထက် ထွက်လာတော့သည်။
အမှန်တကယ်တော့ သခင်မလေးဟုန်ချိန်သည်ကား အားလုံးအထဲ အမြန်ဆုံးဖြစ်သည်။ သူမလက်ကို ပိုင်ရှောင်ချန်းထံ ဆန့်ထုတ်လိုက်သောအခါ သူမ၏စိတ်ဆန္ဒသည် ကောင်းကင်ဘုံ၏ စိတ်ဆန္ဒကို အစားထိုးကျော်လွန်သွားပြီး တစ်နေရာလုံးကို ချက်ချင်းထိန်းချုပ်လိုက်သည်။ သူမရှေ့တည့်တည့်တွင် လက်ဝါးကြီးတစ်ခု၏ ပုံရိပ်ပေါ်လာကာ တောင်ကုန်းထံ ရုတ်ချည်း ပြေးဝင်သွား၏။
၎င်းက မြေပြင်ကို ရိုက်ခတ်သွားစဉ် မြေငလျင်တို့ လှုပ်ခတ်သွားပြီး တောင်သည် အစိတ်စိတ်အမြွှာမြွာကွဲကြေသွားသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ပျောက်သွားပြီး မီတာ ၃၀၀၀ ကွာဝေးသည့် လေထဲတွင် ပြန်ပေါ်လာ၏။
" လက်တွေ့ကျကျစဉ်းစားစမ်းပါ ကျိုးကျစ်မို ။ ငါ ဘာကို မီးရှို့လို့တုံး "
ထို့နောက် သူက စိုးရိမ်ထိတ်လန့်စွာဖြင့် သရဲကြီးဘုရင်ထံသို့ နောက်ထပ်စာတစ်စောင် ပို့လိုက်သည်။
" ဟမ့် "
သခင်မလေးဟုန်ချိန်က အေးစက်စက်နှာမှုတ်လိုက်သည်။ သူမ၏လက်ဝါးရိုက်ချက်ကို ပိုင်ရှောင်ချန်း ရှောင်လိုက်နိုင်သည့်အချက်က သူမအတွက် အတော်လေးအံသြစရာကောင်းပေသည်။ သူမသည် နတ်တစ်ပါးဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံ၏စိတ်ဆန္ဒနေရာတွင် အစားထိုးထားနိုင်သည် မဟုတ်ပါလော။ သူမက ပိုင်ရှောင်ချန်းသတ်ခံလိုက်ပြီဟု ယူဆထားသည့်တိုင် ထင်ထားသည်နှင့်ဆန့်ကျင်ဖက် သူက သူမ၏တိုက်ကွက်ကို ရှောင်လိုက်သည်။
" ခမည်းတော် ပြောတာမှန်တဲ့ပုံပဲ။ သူ့ရဲ့အတိုက်အခိုက်စွမ်းရည်က တကယ်ပဲ သာမန်ထက်ထူးတယ်။ တကယ်တမ်းပြောရရင် မယုံနိုင်စရာပဲ "
သူမက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်ပြီး ဆက်လက်တိုက်ခိုက်ရန် ပြင်လိုက်စဉ် ရုတ်တရက် မျက်မှောင်ကြုတ်သွားလေသည်။ သူမ၏ အိတ်ထဲသို့ ငုံ့ကြည်လိုက်သည်တွင် သရဲကြီးဘုရင်က သူမကို စိတ်ဆိုးနေသောစာတစ်စောင်ပို့လိုက်ကြောင်း သဘောပေါက်လိုက်သည်။
တင်းမာခက်ထန်သော အမူအရာက သူမမျက်နှာလေးကို သိမ်းပိုက်သွားပြီး သူမက ကျောက်စိမ်းပေလွှာကို ထုတ်၍ လေထဲတွင် ရပ်ကာ သရဲကြီးဘုရင်နှင့် ဆက်သွယ်လိုက်သည်။ ထို့မြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ ချက်ချင်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။
" ငါ ဒီနေရာမှာ တကယ်နေလို့ မရဘူးပဲ။ သခင်မလေးဟုန်ချိန်က လုံးဝမမျှတဘူး။ ပြောဦးကွာ၊ ဒီတစ်ကြိမ် ငါ ဘာမီးရှို့လို့တုံး "
သူက အလွန်ကံဆိုးသည်ဟု ခံစားနေရပြီး တချိန်တည်းမှာပင် အတန်ငယ်အပြစ်ရှိသကဲ့သို့ ခံစားရရင်း သခင်မလေးဟုန်ချိန်ကို ခိုးကြောင်ခိုးဝှက် လှမ်းအကဲခတ်လိုက်သည်။
သရဲကြီးတပ်ဖွဲ့မှ အခြားဝိညာဉ်ကျင့်ကြံသူများမှာမူ တပ်မှူးကြီးက ပိုင်ဟောက်နှင့် ရင်ဆိုင်ရာတွင် ဦးဆောင်ထားခြင်းကြောင့် သူ့ကို ဝိုင်း၍ ပြေးပေါက်ပိတ်ထားရန်မှတစ်ပါး အခြားရွေးစရာမရှိ ဖြစ်နေသည်။ ထို့နောက် သူတို့က သူ့ကို သတ်ဖြတ်လိုစိတ်များ ဟုန်းဟုန်းတောက်လျက် စိုက်ကြည့်နေကြရာ သူ့ကို အရင်ထက်ပို၍သာ စိတ်လှုပ်ရှားသွားစေတော့သည်။
သခင်မလေးဟုန်ချိန်မှာ သူမအဖေနှင့် ဆွေးနွေးငြင်းခုံနေသည့်တစ်လျှောက် သိပ်မကျေနပ်ပေ။ အဆုံးသတ်တွင် သူမက ကျောက်စိမ်းပေလွှာကို ချိုးပစ်လိုက်ပြီး ပိုင်ရှောင်ချန်းကို အေးစက်စက်အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
ပိုင်ရှောင်ချန်းက သူမပြောမည့်အရာကို သိရန် စိတ်လှုပ်တရှား ရပ်စောင့်နေသည်။
" ငါ့တိုက်ကွက်တစ်ကွက်ကို မင်းခုခံနိုင်ရင် ဒီစခန်းထဲက ထွက်သွားနိုင်တယ်။ ဒါပြီးရင် မင်းမျက်နှာကို နောက်ထပ် မမြင်ချင်ဘူး။ ဘယ်တော့မှ မမြင်ချင်တာနော် "
သူမ၏စကားလုံးများ ပဲ့တင်ထပ်နေချိန် သူမက ရှေ့တစ်လှမ်းတိုးလိုက်ပြီး ပိုင်ရှောင်ချန်း ရှေ့တည့်တည့်တွင် ပေါ်လာ၏။။ ထို့နောက် သူမက လေကိုခွင်း၍ လက်ကို ဝှေ့ယမ်းလိုက်ရာ အနီရင့်ရောင် လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ပိုင်ရှောင်ချန်းကို ဝန်းရံသွားသည်။
ထိုလေမုန်တိုင်းတွင် သခင်မလေးဟုန်ချိန်၏ စိတ်ဆန္ဒ ပါဝင်ပြီး နတ်အဆင့်တိုက်ကွက်ဖြစ်သောကြောင့် မည်သည့် ယင်ယန်ဝိညာဉ်အဆင့်ကျင့်ကြံသူကိုမဆို အလွယ်တကူ ချေမှုန်းပစ်နိုင်လေသည်။ လေမုန်တိုင်းပေါ်လာသည်နှင့် ၎င်းက ဧရာမလေဆင်နှာမောင်းကြီးအသွင် တိုက်ခတ် လည်ပတ်ကာ မိုးကောင်းကင်ပေါ် မြင့်တက်သွား၏။
ယင်းမှာ သခင်မလေးဟုန်ချိန်က မိုးကောင်းကင်နှင့် မဟာပထဝီမြေကြီး၏ စွမ်းအားအားလုံးကို ဆင့်ခေါ်လိုက်ပြီး သူမ၏ စိတ်ဆန္ဒနှင့်ပေါင်းစည်းလိုက်သည့်အလား။ ၎င်းသည် သေစေနိုင်သော တိုက်ကွက်ကြီးတစ်ခုဖြစ်ပြီး အလွန်စွမ်းအားကြီးလှသဖြင့် သူမ၏မျက်နှာသည်ပင် လေဆင်နှာမောင်းကြီးအတွင်း၌ ပေါ်ပေါက်လာတော့သည်။
ဝိုင်းထားကြသော ဝိညာဉ်ကျင့်ကြံသူများမှာ ပိုင်ဟောက်က နတ်တစ်ပါး၏စွမ်းအားဖြင့် ထောက်ပံ့ပေးထားသည့် တိုက်ကွက်အား မည်သို့ ကိုင်တွယ်လိမ့်မည်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။
ပိုင်ရှောင်ချန်းသည် သူ့အပေါ်သို့ မယုံကြည်နိုင်ဖွယ် ဖိအားကြီးတစ်ခု သက်ရောက်လာကြောင်း ချက်ချင်း အာရုံရလိုက်သည်။ သူ၏ အရှိန်အဝါသည် တဖြည်းဖြည်း ဝပ်တွားလာပြီး သူ၏မျက်နှာမှာ ရှုံ့မဲ့လာတော့သည်။ သူက ရင်တဒိန်းဒိန်းခုန်ရင်း နောက်ဆုတ်ရန်ကြိုးစားလိုက်သော်လည်း သခင်မလေးဟုန်ချိန်၏ စိတ်ဆန္ဒသည် ပတ်ဝန်းကျင်တစ်ခွင်လုံးကို ထိန်းချုပ်ထားပြီး ပိတ်လှောင်ထားရာ သူ၏ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းရည်များကို အသုံးပြု၍ မဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။
သူသည် အနီရောင်လေပြင်းများဆီမှ လွတ်မြောက်ရန် မည်သို့မျှ မလုပ်နိုင်ရာ သူ့စိတ်ထဲတွင် သေစေနိုင်သည့် ပြင်းထန်သောအာရုံကြီးဖြစ်တည်လာတော့သည်။ ဤအခြေအနေကို မည်သို့ ရင်ဆိုင်ဖို့ စဉ်းစားနေရန်အချိန်မရှိပေ။ ထိုအစား သူက ဟိန်းဟောက်လိုက်၏။
" ငါမင်းကို ကြောက်တယ်များထင်နေလား ကျိုးကျစ်မို "
သူက ရှောင်တိမ်းရန်ကြိုးစားမည့်အစား အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအပြည့်ကို ဆင့်ခေါ်လိုက်သည်။ တချိန်တည်းမှာပင် သူ၏ အပြင်အားခန္ဓာကိုယ်စွမ်းအားအားလုံးသည် ညာလက်သီးချက်အပေါ်ကို ဖြတ်၍ ပေါက်ကွဲထွက်လာတော့သည်။
၎င်းသည် သာမန်လက်သီးချက်မဟုတ်။ စတင်လိုက်သည်နှင့် သူ၏အရှိန်အဝါများ ကျုံ့ဝင်သွားကာ အနက်ရောင်လေပွေတစ်ခုသည် သူ၏ လက်သီးပတ်လည်တွင် ပေါ်ပေါက်လာ၏။ လေပွေလည်ပတ်နေလိုက်သဖြင့် သခင်မလေးဟုန်ချိန်၏ စိတ်ဆန္ဒသည် ကွဲကြေသွားပြီး လက်သီးထဲ စုပ်ယူခံလိုက်ရကာ ပိုင်ရှောင်ချန်းပတ်ပတ်လည်တွင် အရှိန်ပြင်းထန်သော ပုံရိပ်လေပွေကြီးကို ဖန်တီးလိုက်တော့သည်။
သခင်မလေးဟုန်ချိန်သည် သူမ၏ပြိုင်ဘက်ကို သူမယူဆထားသည်ထက်ပို၍ ခန့်မှန်းထားရမည့်အစား လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်လိုက်သဖြင့် မျက်နှာကွက်ခနဲပျက်သွားတော့သည်။ ဤလက်သီး၏ စွမ်းအားက သူမ၏နှလုံးသားကို တုန်ခါသွားစေသည်။ သိသာစွာပင် ဤသည်က ယင်ယန်ဝိညာဉ်အဆင့် မှော်သိုင်းမဟုတ်ပေ။ ထိုမျှသာမက သူမသည် ထိုလက်သီးချက်အတွင်းတွင် ပိုင်ရှောင်ချန်း၏ စိတ်ဆန္ဒအနည်းငယ်ကို အာရုံရလိုက်သည်။
ထိုသည်မှာ နတ်အဆင့်တာအိုမှော်သိုင်း၏ အရည်အချင်းလက္ခဏာဖြစ်သည်။
ပိုင်ရှောင်ချန်း၏ စိတ်ဆန္ဒပေါ်ပေါက်လာသည့် တူညီသောအခိုက်အတန့်တွင် သူ့နောက်၌ အင်ပါယာဝတ်ရုံများဝတ်ဆင်ထားပြီး အင်ပါယာသရဖူဆောင်းထားသည့် လူတစ်ယောက်၏ပုံရိပ်ပေါ်ပေါက်လာသည်။ ထိုပုံရိပ်ပေါ်လာသည့်နှင့်တစ်ပြိုက်နက် ၎င်းသည်လည်း လက်သီးချက်ထဲ စုပ်ယူခံလိုက်ရ၏။
၎င်းသည်ကား..... ထာဝရဧကရာဇ်လက်သီးပင် ဖြစ်ပေသည်။
လက်သီးက အနီရောင်လေဆင်နှာမောင်ကြီးကို ထိုးချလိုက်၍ သခင်မလေးဟုန်ချိန်၏ မျက်နှာပုံပေါ် တည့်တည့်မတ်မတ်ကျရောက်သွားလေသည်။
ဝုန်းးး
ထွက်ပေါ်လာသည့် ပေါက်ကွဲမှုကြီးကြောင့် ပတ်ဝန်းကျင်တစ်ဝှမ်းရှိ အရာရာတိုင်း ပြင်းထန်စွာ တုန်ခါသွားသည်။ ဗဟိုဧကရာဇ်မြို့တော်ရှိ မြို့သူမြို့သားများပင် လန့်ဖျပ်သွား၏။ ထိုမျှသာမက ပိုင်ရှောင်ချန်းက မျက်နှာဖုံး၏ စွမ်းအားကိုအသုံးပြုပြီး အနက်ရောင်လေပွေကြီးနှင့် အရိပ်ဧကရာဇ်ကို ပြောင်းလဲထားသည့် ထာဝရသိုင်းအား သတိထားမိသည့် ဗဟိုဧကရာဇ်ရှိ လူများရှိလောက်မည်မှာ လုံးဝဖြစ်နိုင်သည်။
တပ်သားများ မြင်လိုက်ရသည်မှာ ကောင်းကင်နှင့် မြေကြီးကို လှုပ်ရမ်းပစ်နိုင်သည့် လွှမ်းမိုးနိုင်သော လက်သီးချက်ကြီးတစ်ခု ဖြစ်သည်။
ဝုန်းး
ထိုပြိုင်ဘက်နှစ်ယောက် တိုက်ခိုက်လိုက်ခြင်းသည် မိုးကောင်းကင်တုန်ခါ၍ မြေပြင်ကို တုန်လှုပ်သွားစေသည်။ ဧရာမမျက်နှာကြီး ကွဲကြေသွားပြီး လေဆင်နှာမောင်ကြီး ပျောက်ကွယ်စပြုလာသည်။ ပိုင်ရှောင်ချန်းသည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် သန်မာပြီး ဆယ့်လေးဆစိတ်စွမ်းအင်မြှင့်တင်ထားသည့် ပစ္စည်းများဖြင့် နေရာလပ်မကျန် ကာကွယ်ထားသည့်တိုင် သူသည်လည်း နောက်သို့ မီတာသုံးထောင် လွင့်ထွက်သွားသေးသည်။ သူက လွင့်ထွက်သွားပြီး သွေးနှစ်လုပ်အန်ရသည်။ သို့ထိတိုင် သူ့မှာ အမြင့်ဆုံး အတိုက်အခိုက်စွမ်းရည် ရှိနေသေးသည်။
သခင်မလေးဟုန်ချိန်သည် သူမစိတ်တိုင်းကျ နတ်အဆင့်စွမ်းအားအားလုံးကို အသုံးမပြုရသေးပေ။ ထို့ပြင် နောက်ဆက်တွဲ တန်ပြန်တိုက်ကွက်သည် သူမစိတ်ကူးနိုင်သည်ထက်ပို၍ အံ့သြမှင်သက်ဖွယ်ကောင်းပြီး လက်ဖျားခါလောက်ပေသည်။ သူမကိုယ်ကိုယ် ကာကွယ်ရန် အလျင်အမြန်ပြုလုပ်လိုက်သည့်တိုင် သူမမှာ ပါးစပ်မှ သွေးများပန်းထွက်သွားပြီး နောက်သို့ မီတာသုံးရာလွင့်ထွက်သွားကာ အတွင်းအင်္ဂါများသည် အသည်းခိုက်အောင် နာကျင်စွာ တုန်ရီသွား၏။ သူမက ရပ်လိုက်နိုင်ပြီးနောက်တွင် ဖြူဖပ်ဖြူလျော်ဖြစ်နေသော မျက်နှာဖြင့် ပိုင်ရှောင်ချန်းကို အံအားသင့်စွာ မော့ကြည့်လိုက်သည်။
သူမ၏ ဘဝတစ်လျှောက်လုံးတွင် သူမကို နတ်များမဟုတ်ဘဲ ယခုကဲ့သို့ တိုက်ခိုက်နိုင်သည့် လူနှစ်ယောက်သာရှိခဲ့သည်။ တစ်ယောက်က ပိုင်ရှောင်ချန်းဖြစ်ပြီး နောက်တစ်ယောက်မှာ အနှီပိုင်ဟောက်ဖြစ်သည်။ ထိုမျှသာမက သူမ တွေးတောစဉ်းစားကြည့်ရသလောက် ပိုင်ရှောင်ချန်းက ယခုကဲ့သို့ လက်သီးချက်မျိုးကို မည်သည့်နည်းနှင့်မျှထုတ်နိုင်မည်မဟုတ်ပေ။ သူမ၏နှလုံးသားထဲတွင် သံသယများ ပေါက်ဖွားလာပြီး ပိုင်ရှောင်ချန်း၌ ရုပ်ပြောင်းရုပ်လွှဲမျက်နှာဖုံးရှိသည်ကိုပင် မသိသည့်တိုင် သူတို့နှစ်ယောက်က တစ်ယောက်တည်းဖြစ်မည်ဟု သူမ မယုံကြည်နိူင်သေးပေ။ အဓိကအကြောင်းရင်းမှာ ဤပိုင်ဟောက်သည် သူမအဖေလွှတ်ထားသည့်လူဖြစ်သောကြောင့်ပင်။
ပိုင်ရှောင်ချန်းက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ၏ နတ်ဘုရားအာရုံကို လှည့်စားနိုင်လိမ့်မည်ဟုလည်း သူမ မယုံနိုင်ပေ။ ထို့ကြောင့် ဤပိုင်ဟောက်ကို သရဲကြီးဘုရင် အသိအမှတ်ပြုထားသည့် အချက်က အရာအားလုံးကို ရှင်းလင်းသွားစေသည်။ ပေါက်ဖွားလာသည့် သံသယမြူမှုန်လေးကိုမူ သူမ အလျင်အမြန်မြှုပ်နှံပစ်လိုက်သည်။
"ငါတို့ နောက်ဆုံးအကြိမ်တိုက်ခဲ့တုန်းက ဒီအဖွားကြီးဟုန်ချိန်ကို ငါ သေလုနီးပါးဖြစ်အောင် တိုက်ခိုက်နိူင်ခဲ့တယ်" ပိုင်ရှောင်ချန်းက တွေးသည်။
" အခု ငါက အဲဒီတုန်းကထက် ပိုပြီး သန်မာလာပြီ။ နောက်ဆုံးတစ်ခေါက်ကလို ငါ့ကိုနင်းခြေခွင့် ဘယ်လိုမှ မပေးနိုင်ဘူး။ ဒါပေမဲ့ သူ့မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရတာ ငါ့ကို သံသယဝင်နေတဲ့ပုံပဲ "
ယခုအချိန်တွင် သူ၏ ကျင့်ကြံခြင်းအခြေခံသည် အတန်ငယ် တုန်ရီနေ၏။ သူသည် စောစောက လက်သီးချက်၏ ကိုးဆယ်ရာခိုင်နှုန်းဖြင့်သာ တိုက်ခိုက်ခဲ့ပြီး ဆယ်ရာခိုင်နှုန်းကို ချန်လှပ်ထားသည်။ အမှန်တကယ်တော့ သူက စွမ်းအားအပြည့်အဝကို မထုတ်နိုင်သေးပေ။
သခင်မလေးဟုန်ချိန်နှင့် တိုက်ကွက်ဖလှယ်လိုက်သည့် အခိုက်အတန့်လေးအတွင်း သူ ယခင်ကထက်ပို၍ မည်မျှ စွမ်းအားကြီးလာကြောင်း ပြောနိုင်ပြီဖြစ်သည်။။ ရှေးဟောင်းသချိုင်းထဲက တိုက်ပွဲတွင် သခင်မလေးဟုန်ချိန်သည် ကျိန်စာကြောင့် အားနည်းနေ၍ သူအသက်ရှင်နိုင်ခဲ့ခြင်းဖြစ်သည်။ သူက သူ၏ကိုယ်ပွားများကို စွန့်လွှတ်ခဲ့ရပြီး တတ်နိုင်သမျှ အစွမ်းကုန်သုံးကာ ထွက်ပြေးခဲ့ရသည်။ သို့သော် ယခုတွင်..... ခြားနားသွားလေပြီ။
သူ၏ အတွေးရထားကြီး ထိုဘူတာသို့ဆိုက်သော် သခင်မလေးဟုန်ချိန်သည် သူထင်သလောက် ကြောက်စရာမကောင်းကြောင်း သဘောပေါက်လိုက်၏။ သူက လေထဲတွင် ရပ်နေလျင် စကားတစ်ခွန်းမှ မဆိုဘဲ သူမကို ကြည့်နေသည်။
ထိုအချိန်တွင် သရဲကြီးတပ်ဖွဲ့မှ ဝိုင်းရံနေကြသော တပ်သားများအားလုံးမှာ လုံးလုံးလျားလျား အံအားသင့်လျက် ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများက ပိုင်ရှောင်ချန်းပေါ် ကျရောက်လာသောအခါ သူတို့၏ ခေါင်းထဲတွင် တစ်ခါမှ မဖြစ်ဖူးသော အံသြတုန်လှုပ်ခြင်းများ ပြည့်နှက်လာတော့သည်။
" နတ်တစ်ပါးကို တိုက်ခိုက်နိုင်တဲ့ ယင်ယန်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်"
"ဘုရားရေ ။ ငါအခု ထင်ယောင်ထင်မှားဖြစ်နေတာလား။ ဒီ ပိုင်ဟောက်က...... သိပ်သန်မာတာပဲ။ ဝိညာဉ်ရေနွေးအိုးထဲမှာ လက်ရွေးစင်တွေအားလုံးကို သူ ပြန်ပေးဆွဲခဲ့တယ်ဆိုတဲ့ ကောလဟာလကို ကြားထားပေမယ့် သရဲကြီးဘုရင်ရဲ့ အကူအညီကြောင့်လို့ပဲ ထင်ခံတာ။ အခုတော့ သူဘယ်လောက်အံသြစရာကောင်းလဲ ငါသိပြီ "
" အဲဒီလက်သီးချက်က သေချာပေါက် သူ့ရဲ့ ဝှက်ဖဲပဲ "
လူအများတအံ့တသြ တုန်လှုပ်နေကြစဉ် နန်းမြို့တော်ရှိ ကောင်းကင်ယံထက်တွင် အခြင်းအရာတစ်ခုဖြစ်ပျက်သွားလေသည်။ တော်ဝင်နန်းတော်ရှိ တစ်နေရာ၊ ကောင်းကင်သခင်ခန်းမတွင် မဟာကောင်းကင်သခင်က ရုတ်တရက် မျက်လုံးများဖွင့်လိုက်ပြီး သရဲကြီးတပ်ဖွဲ့ရှိရာအရပ်သို့ လှမ်းကြည့်လိုက်သည်။ မကြာမီ သူ၏ အမြင်အာရုံသည် အနှောင့်အယှက် အတားအဆီးမှန်သမျှကို ထွင်းဖောက်၍ ပိုင်ရှောင်ချန်းအပေါ် ကျရောက်သွားလေသည်။
" ဒါက ငရဲဧကရာဇ်လက်သီးလား "
မဟာကောင်းကင်သခင်သည် သိသိသာသာ စိတ်လှုပ်ရှားသွားသည်။ သူ၏ယူဆချက်ပေါ်အခြေခံ၍ ထုတ်လွှတ်လိုက်သည့် လက်သီးချက်သည် ဒဏ္ဍာရီလာ ငရဲဧကရာဇ်လက်သီးနှင့် လွန်စွာဆင်တူနေသည်။
" ငရဲဧကရာဇ်လက်သီးက ငရဲဧကရာဇ်ရဲ့ သိုင်းကွက်ပဲ။ ငရဲဧကရာဇ် အသိမှတ်ပြုထားတဲ့ လူပဲ အဲဒီသိုင်းကို သုံးလို့ရတယ် "
ဒဏ္ဍာရီလာ ငရဲဧကရာဇ်လက်သီးနှင့် ပတ်သက်လျှင် နတ်ဘုရားတစ်ပိုင်းအဆင့်၏ အထွတ်အထိပ်နှင့် အလွန်နီးကပ်နေသော လူတစ်ယောက်၊ ကောင်းကင်ဘုံ၏ သားတော်ကို ထိန်းချုပ်ခြယ်လှယ်ကာ သက်ရှိသက်မဲ့အရာခပ်သိမ်းကို အမိန့်များပေးနိုင်သည့် လူတစ်ယောက်ဖြစ်သည့် မဟာကောင်းကင်သခင်ပင်လျှင် အံ့သြတုန်လှုပ် ကြောက်လန့်နေရဆဲဖြစ်သည်။