အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
လီယန်ချူ
ဘာသာပြန် အရှင်ငယ်
အခန်း (၁၁၁) - မုသာဝါဒ မပြုရ
ရှန်းဆန်းဆရာတော်၏ မျက်ဝန်းထဲတွင် ရွှေရောင်အလင်းတစ်ချက် လက်သွားပြီး လေးနက်စွာ မိန့်ကြားလိုက်သည်
"ရဟန်းဆိုတာ မုသာဝါဒ မပြုရဘူး "
မမြင်နိုင်သော စွမ်းအားတစ်ခုမှာ ဝူရှင်းရဟန်းအပေါ်သို့ ကျရောက်သွားသည်၊ ၎င်းမှာ ဗုဒ္ဓဘာသာ၏ သစ္စာစကားအဓိဋ္ဌာန် ဂါထာတော် ပင် ဖြစ်သည်။
ရှန်းဆန်းဆရာတော်က အသံကိုနှိမ့်၍ မေးလိုက်သည်
"ဝူရှင်း... ကျန်းဖိန်ကို မင်းသတ်ခဲ့တာလား "
ဝူရှင်းရဟန်းသည် ချက်ချင်းပင် ငြင်းဆိုရန် ကြံရွယ်သော်လည်း၊ သူ၏ စိတ်နှလုံးထဲသို့ မမြင်နိုင်သော အင်အားတစ်ခု ဝင်ရောက်လာပြီး သူ့ကိုယ်သူ လိမ်လည်၍ မရတော့သကဲ့သို့ ခံစားလိုက်ရသည်။
ရဟန်းဆိုသည်မှာ မုသာဝါဒ မပြုရ
ဤစကားလုံးမှာ ဂါထာတော်၏ စွမ်းအားနှင့်အတူ ဗုဒ္ဓဘာသာ တပည့်သားများအပေါ်တွင် အလွန်ပြင်းထန်သော ထိန်းချုပ်မှုကို ဖြစ်စေသည်။
အခြေခံအကျဆုံး အာနိသင်မှာ လိမ်လည်၍ မရခြင်းပင် ဖြစ်သည်။
ဝူရှင်းရဟန်း၏ ခန္ဓာကိုယ်မှာ ချက်ချင်း တောင့်တင်းသွားပြီး တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲနစ်သွားကာ သူက ပြောလိုက်ရသည်
"တပည့်တော် သတ်ခဲ့တာပါ "
ထိုဝဖြိုးသော လူလတ်ပိုင်းရဟန်းမှာ မျက်လုံးများ ပြူးထွက်သွားသည်၊ သူသည် ဗုဒ္ဓဘာသာ ဂါထာတော်၏ စွမ်းအားကို သိရှိသူဖြစ်သည်။
စောစောက သူ၏ စိတ်ထဲတွင်လည်း မုသာဝါဒ မပြုရဟူသော သိက္ခာပုဒ်၏ စွမ်းအားများ ပေါ်ပေါက်လာခဲ့သည်။
"ဘာလို့လဲ... ဝူရှင်းညီလေး၊ မင်းက ဘာဖြစ်လို့ ကျန်းဖိန်ကို သတ်ရတာလဲ "
ဝူရှင်းရဟန်း၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်၊ သူသည် မိမိကိုယ်မိမိ အတော်လေး လျှို့ဝှက်နိုင်ခဲ့ပြီဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ တာအိုဘက်က ပျောက်ကွယ်နေသည့် အရှိန်အဝါကြည့်အတတ်၊ ဗုဒ္ဓဘာသာဘက်က သစ္စာစကားအဓိဋ္ဌာန် ဂါထာတော်တို့နှင့် တွေ့လိုက်ရသည်။
လက်စသတ်ပြီးသည်နှင့် ချက်ချင်းပင် လူမိသွားတော့သည်။
"စီနီယာအစ်ကို... ကျွန်တော်... ကျွန်တော်..."
ဝူရှင်းရဟန်း၏ မျက်နှာတွင် နာကျင်သော အမူအရာ ပေါ်လာသည်။
ရုတ်တရက်
သူ၏ ရင်ဘတ်ထဲမှ ဝေဝေဝါးဝါး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်၊ ၎င်းမှာ လက်သည်းခြေသည်းများ ငေါထွက်နေသော မိစ္ဆာဘီလူး ပုံသဏ္ဌာန် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဝဖြိုးသော လူလတ်ပိုင်းရဟန်းကို ဆုတ်ဖြဲပစ်လိုက်သည်။
ထိုရဟန်းမှာ အလစ်အငိုက်တွင် ခုခံသည့် လက်ဟန်ကိုသာ ပြုလုပ်နိုင်ခဲ့ပြီး၊ ထိုမိစ္ဆာပုံရိပ်၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရတော့သည်
"ဒါကတော့ မင်းတို့အားလုံးကို ဒီမှာ တင်ကျန်ခဲ့အောင် လုပ်ဖို့ပေါ့ "
ဝူရှင်းရဟန်း၏ မျက်နှာပေါ်တွင် ရူးသွပ်သော အပြုံးတစ်ခု ပေါ်လာသည်။
ထိုမိစ္ဆာပုံရိပ်မှာ လီယန်ချူထံသို့ ထပ်မံ ခုန်အုပ်လာပြန်သည်
ဒေါင်
မိစ္ဆာပုံရိပ်မှာ လီယန်ချူ၏ ရှေ့ရှိ ခန္ဓာကိုယ်အကာကွယ် နှင့် ရိုက်မိကာ သတ္တုချင်း ထိမှန်သကဲ့သို့ အသံထွက်လာသည်။
"အသူရာ လမ်းစဉ် ပါလား "
"မင်းနဲ့ အနောက်ဘက်ဒေသက ကျင်းကန်းဂိုဏ်း နဲ့ ဘာပတ်သက်မှု ရှိတာလဲ "
ရှန်းဆန်းဆရာတော်က ရုတ်တရက် အသံပြင်းပြင်းဖြင့် မေးလိုက်သည်။
သူသည် လက်ဝါးကို ဆန့်ထုတ်လိုက်ရာ ကြီးမားသော ရွှေရောင်မီးလျှံများဖြင့် ဖွဲ့စည်းထားသည့် လက်ဝါးကြီးမှာ ဝူရှင်းရဟန်းကို ဖမ်းဆုပ်ရန် ပြေးထွက်သွားတော့သည်
ပတ်ဝန်းကျင်ရှိ မီးတုတ်များမှာ ထပ်မံ၍ ထူးဆန်းစွာ ငြိမ်းသွားပြန်သည်
လူတိုင်း အမှောင်ထုထဲသို့ တစ်ဖန် ပြန်လည် ကျဆင်းသွားကြသည်။
ဝူး
မည်းနက်သော အရိပ်တစ်ခု ခုန်ထွက်လာသည်
လူတိုင်း၏ ခေါင်းပေါ်တွင်လည်း တစ်စုံတစ်ခု ကပ်တွယ်နေသကဲ့သို့ ကြီးမားသော အသံများ ထွက်ပေါ်လာသည်။
ချလွမ်
လီယန်ချူသည် ကျန်ကျောင်းဓား ကို ဆွဲထုတ်ကာ ထိုမည်းနက်သော အရိပ်ကို ခုတ်ပိုင်းလိုက်သည်
လခြမ်းပုံသဏ္ဌာန် ဓားစွမ်းအင် တစ်ခု ထွက်ပေါ်လာပြီး အရိပ်နှင့် တိုက်ရိုက် ထိမှန်သွားသည်
တိန်
မီးပွားများ လွင့်စင်သွားသည်
တစ်ချိန်တည်းမှာပင် လူတိုင်းသည် ထိုမည်းနက်သော အရိပ်၏ ပုံသဏ္ဌာန်ကို မြင်လိုက်ရသည်။
၎င်းမှာ ပုတ်သင်ညိုနှင့်တူသော ကြီးမားလှသည့် ထူးဆန်းသော သားရဲ တစ်ကောင် ဖြစ်သည်၊ လီယန်ချူ၏ ဓားချက်ကြောင့် နောက်သို့ လွင့်စဉ်သွားသည်။
လီယန်ချူသည် ခြေလှမ်းတစ်ချက်နှင့်ပင် လျှပ်တပြက် ပြေးထွက်သွားသည်
ရှူး
လျိုယန်စွမ်းအင် ကို ကျန်ကျောင်းဓားအတွင်းသို့ သွင်းလိုက်ရာ၊ ဓားကိုယ်ထည်မှာ တောက်ပသော အလင်းရောင်များ လက်လာသည်။
ဓားချက်မှာ ထိုသားရဲ၏ ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားတော့သည်
ဝေါင်း
ထိုသားရဲမှာ နာကျင်လွန်းသဖြင့် ဟိန်းဟောက်လိုက်သည်။
တောင်ကြီးကဲ့သို့ ထွားကြိုင်းသော ယန်ချီရှောင်း သည်လည်း လျင်မြန်ကြမ်းတမ်းသော ဓားချက်တစ်ချက်ကို ခုတ်ပိုင်းလိုက်ရာ၊ လီယန်ချူနှင့် နှစ်ဦးပေါင်းပြီး ထိုပုတ်သင်ညိုသားရဲကို ဝိုင်းဝန်း သတ်ဖြတ်ကြသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ထိုသားရဲမှာ အမြီးပြတ်သွားပြီး ထွက်ပြေးရန် ကြံစည်သည်။
လီယန်ချူသည် ခြေလှမ်းတစ်ချက်နှင့်ပင် ခုန်အုပ်လိုက်ရာ၊ ခြေဖဝါးအောက်ရှိ အုတ်ပြားများမှာ ကွဲအက်ကုန်သည်။
လျိုယန်စွမ်းအင် အားလုံးကို ဓားကိုယ်ထည်ထဲသို့ သွင်းလိုက်ပြီး ဓားဦးဖြင့် လေထဲတွင် စက်ဝိုင်းပုံ တစ်ချက်ဆွဲလိုက်သည်။
ဖလပ်
ထိုပုတ်သင်ညိုမိစ္ဆာမှာ ခေါင်းပြတ်သွားတော့သည်
ခန္ဓာကိုယ်အတွင်းမှာလည်း ကြမ်းတမ်းထက်မြက်လှသော လျိုယန်စွမ်းအင်များကြောင့် အစိပ်စိပ်အမွှာမွှာ ပျက်စီးသွားကာ၊ တစ်ကိုယ်လုံး ပေါက်ကွဲသွားတော့သည်။
အရာအားလုံး ငြိမ်သက်သွားပြီးနောက် လီယန်ချူသည် လှည့်ကြည့်လိုက်သည်။
အခြားသော ပိုမိုကြီးမားသည့် ပုတ်သင်ညိုမိစ္ဆာ တစ်ကောင်မှာလည်း နှစ်ပိုင်း ပြတ်နေသည်ကို တွေ့ရသည်။
ယွမ်ယိတာအိုဆရာ သည် တည်ငြိမ်သောအမူအရာဖြင့် ရှိနေပြီး၊ သူ၏ ရှေးဟောင်းဓားရှည်မှာ အေးစက်သော အလင်းများ လက်နေသည်။
ဝူရှင်းရဟန်းမှာမူ ပျောက်ကွယ်သွားပြီး မည်သည့်နေရာသို့ ရောက်သွားသည်ကို မသိရပေ။
ပိုင်ဟုန်းထူ လျှောက်လာပြီး အံ့ဩသော လေသံဖြင့် ပြောသည်
"တစ်ချက်တည်းပဲ၊ စောစောက ဒီယွမ်ယိတာအိုဆရာက တစ်ချက်တည်းပဲ ခုတ်လိုက်တာ၊ ဒီမိစ္ဆာကောင်က ချက်ချင်း သေသွားတာပဲ "
လီယန်ချူ မျက်ခုံးပင့်လိုက်မိသည်၊ အမှန်တကယ်ပင် ဆရာကြီးများမှာ ဆရာကြီးများပင် ဖြစ်သည်။
စောစောက ထိုသားရဲထက် အနည်းငယ် သေးငယ်သော အကောင်ကိုပင် သူသည် ဓားတစ်ချက်နှင့် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပေ။
သို့သော် ထိုသူကမူ တစ်ချက်တည်းနှင့်ပင် အပြီးသတ်နိုင်ခဲ့သည်။
ကွာခြားချက်ပင် ဖြစ်သည်။
"စောစောက ဝူရှင်းရဟန်းကို မြင်လိုက်လား"
လီယန်ချူက မေးလိုက်သည်။
ပိုင်ဟုန်းထူက ခေါင်းခါပြသည်
"စောစောက မီးတုတ်တွေ ရုတ်တရက် ငြိမ်းသွားတဲ့အချိန်မှာ အဲဒီဝူရှင်းက ပျောက်သွားတာပဲ "
ဤမျှများပြားသော ပညာရှင်များ၏ မျက်စိရှေ့တွင် ထွက်ပြေးသွားနိုင်ခြင်းမှာ ထိုဝူရှင်းရဟန်းသည် သာမန်မဟုတ်ကြောင်း သိသာလှသည်။
အမြင်အာရုံ မရှိသော်လည်း ဤနေရာရှိ လူအများစုမှာ အရှိန်အဝါကို ဖမ်းဆုပ်ပြီး တိုက်ခိုက်နိုင်ကြသူများ ဖြစ်သည်။
အထူးသဖြင့် ရှန်းဆန်းဆရာတော်ကဲ့သို့သော ပညာရှင်မျိုး ဖြစ်သည်။
လူတိုင်း ခေတ္တမျှ ဆူညံသွားကြသော်လည်း မကြာခင်မှာပင် ပြန်လည် တည်ငြိမ်သွားကြသည်။
သို့သော် ဤတစ်ကြိမ်တွင် လူတိုင်း၏ စိတ်ထဲ၌ လေးလံမှုများ ပိုလာခဲ့သည်။
ဂူထဲဆင်းလာသည့် အချိန်တိုအတွင်းမှာပင် ကျွမ်းကျင်သူ နှစ်ဦး သေဆုံးခဲ့ပြီး၊ တစ်ဦးမှာ သစ္စာဖောက်အဖြစ် ထွက်ပြေးသွားခဲ့သည်။
အဓိက မိစ္ဆာကောင်ကြီးကို မတွေ့ရသေးခင်မှာပင် ဖြစ်သည်။
ဟွေ့ကျန်းဆရာတော် ပြန်ရောက်လာပြီး ရှန်းဆန်းဆရာတော်ကို ပြောသည်
"တပည့်တော် အသုံးမကျလို့ပါ၊ အဲဒီမိစ္ဆာကောင်ကို လွတ်သွားစေခဲ့ပါတယ် "
စောစောက ဟွေ့ကျန်းဆရာတော်သည် ထိုမိစ္ဆာ၏ အရှိန်အဝါကို အာရုံခံမိသဖြင့် လိုက်သွားခဲ့သော်လည်း၊ ထိုဂူသင်္ချိုင်းအတွင်းရှိ ထောင်ချောက်များနှင့် စက်ယန္တရားများကြောင့် မကြာခင်မှာပင် ခြေရာပျောက်သွားခဲ့ခြင်း ဖြစ်သည်။
လူတိုင်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့ကြသည်၊ ယခုတစ်ခေါက် ဂူဆင်းခြင်းမှာ အလွန် အရေးကြီးလှသည်၊ ဂူသင်္ချိုင်းက ပို၍ အန္တရာယ်များလေလေ၊ ထိုမိစ္ဆာနှိမ်နင်းပွဲ၏ လိုအပ်ချက်မှာ ပို၍ ထင်ရှားလေလေ ဖြစ်သည်။
ထိုလူလတ်ပိုင်းရဟန်းနှင့် ကျန်းဖိန်တို့၏ အလောင်းများကိုမူ ဤနေရာတွင် ခေတ္တ ထားရစ်ခဲ့ကြသည်။
ဂူလမ်းကြောင်းရှိ နံရံဆေးရေးပန်းချီများကဲ့သို့ပင် ဖြစ်သည်။
အကယ်၍ မိစ္ဆာနှိမ်နင်းပွဲ အောင်မြင်ခဲ့လျှင် ပြန်အထွက်တွင်မှ အလောင်းများကို ပြန်လည် သယ်ယူကြမည် ဖြစ်သည်။
အကယ်၍ ရှုံးနိမ့်ခဲ့လျှင်မူ... နောက်ထပ် ဘာမှ ရှိတော့မည် မဟုတ်ပေ။
ထိုကျင့်ကြံသူ ပညာရှင်ကြီးများမှာ ဤကဲ့သို့သော အခြေအနေမျိုးကို အလွန်ပင် တည်ငြိမ်စွာ လက်ခံနိုင်ကြသူများ ဖြစ်သည်။
လမ်းတစ်လျှောက်တွင် စာဆို ဝမ်ယွင်ထင်မှာ စကားတစ်လုံးမျှ မပြောဘဲ လမ်းကြောင်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ ကျောက်နံရံများကို လက်ဖြင့် ညင်သာစွာ စမ်းသပ်လာခဲ့သည်။
လီယန်ချူသည် နံရံကို ကြည့်လိုက်ရာ၊ ဝမ်ယွင်ထင်၏ လက်ချောင်းများ ထိတွေ့ခဲ့သော နေရာတိုင်းတွင် နက်ရှိုင်းသော လက်ရာများ ကျန်ရစ်ခဲ့သည်ကို တွေ့လိုက်ရသည်။
မည်သည့် ကိရိယာမျှ မပါဘဲ လက်ချောင်းခွန်အားသက်သက်နှင့် ဤကဲ့သို့ လုပ်နိုင်ခြင်းမှာ အမှန်တကယ်ပင် အံ့ဩဖွယ် ကောင်းလှသည်။
လူတိုင်း လမ်းခွဲတစ်ခုသို့ ရောက်ရှိလာချိန်တွင်၊ လမ်းကြောင်းအတွင်းမှ ဒုန်း... ဒုန်း... ဒုန်း... ဟူသော ခြေသံများကို ကြားလိုက်ရသည်။
အလွန်ပင် လေးလံသော ခြေသံများ ဖြစ်သည်။
ထို့ပြင် ချပ်ဝတ်တန်ဆာများ တစ်ခုနှင့်တစ်ခု တိုက်မိသည့် အသံများပါ ကြားရသဖြင့် အလွန်ပင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည်။
လူတိုင်း ခြေလှမ်း ရပ်လိုက်ကြသည်။
သို့သော်လည်း လမ်းကြောင်းအတွင်း၌ ချပ်ဝတ်တန်ဆာသံနှင့် ခြေသံများကိုသာ ကြားရပြီး မည်သည့် လူရိပ်ကိုမျှ မတွေ့ရပေ။
ယင်စစ်သည်တော်များ လမ်းလျှောက်ခြင်း
ထိုနေရာရှိ ကျင့်ကြံသူများ၏ စိတ်ထဲတွင် ဤအတွေး ရုတ်တရက် ဝင်လာကြသည်။
ပုံမှန်အားဖြင့် ရှေးဟောင်း တိုက်ပွဲမြေပြင်များကဲ့သို့ နေရာမျိုးမှာသာ ထိုကဲ့သို့ ယင်စစ်သည်များ လမ်းလျှောက်သည့် အခြေအနေမျိုး ရှိတတ်သော်လည်း၊ ယခု ဤဂူသင်္ချိုင်းအတွင်းတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
လူတိုင်း၏ စိတ်အခြေအနေမှာ လေးလံလာသည်၊ ဤဂူသင်္ချိုင်း၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ သူတို့ ထင်ထားသည်ထက် ပိုနေသည်။
ဒီတစ်ကြိမ်တွင် အဘွားချန်နှင့် ဝူသရဲအိုကဲ့သို့သော ပညာရှင်များ၏ မျက်နှာပေါ်တွင်ပင် တည်ကြည်လေးနက်သော အမူအရာများ ပေါ်လာသည်။
ယင်စစ်သည်များ နီးကပ်လာသည်နှင့်အမျှ၊ မျက်နှာဆီသို့ တိုးဝင်လာသော သတ်ဖြတ်ခြင်းအရှိန်အဝါများကြောင့် အသက်ရှူပင် ကျပ်လာရသည်။
မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီ
ရှန်းဆန်းဆရာတော်နှင့် ယွမ်ယိတာအိုဆရာတို့ ရှေ့သို့ ထွက်လာကြသည်
ရှန်းဆန်းဆရာတော်၏ တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး၊ သူ ဝတ်ဆင်ထားသော သင်္ကန်း ကို အပြင်သို့ လွှင့်ပစ်လိုက်ရာ၊ ၎င်းမှာ အလင်းမျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူတိုင်း၏ရှေ့တွင် ကာကွယ်ပေးလိုက်သည်။
ယွမ်ယိတာအိုဆရာကမူ လက်ကို ဝှေ့ယမ်းလိုက်ရာ စာဂါထာများ ရေးထားသော စက္ကူချပ် ဆယ်ဂဏန်းကျော် ထွက်ပေါ်လာပြီး၊ လေထဲတွင် ဝဲပျံလျက် ထူးဆန်းသော တာအိုအစီအရင် တစ်ခု ဖြစ်ပေါ်လာသည်။
ဒုန်း... ဒုန်း... ဒုန်း...
ချပ်ဝတ်တန်ဆာများ ဆင်ယင်ပြီး လက်နက်များ ကိုင်ဆောင်ထားသော ယင်စစ်သည်တော်များ တစ်ဦးပြီးတစ်ဦး ပေါ်လာကာ၊ ပညာရှင်ကြီး နှစ်ဦး ချထားသော အကာအကွယ်များကို အဆက်မပြတ် တိုက်မိနေကြတော့သည်။
"ဂူခန်းမထဲကို ဆုတ်ကြစို့ "
ရှန်းဆန်းဆရာတော်က အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်သည်။
အခန်း (၁၁၂) - သတ်ဖြတ်ခြင်းအရှိန်အဝါ
ဂူလမ်းကြောင်းမှာ အလွန်ကျဉ်းမြောင်းလှသဖြင့် တိုက်ခိုက်ရန် အဆင်မပြေပေ၊ ထိုယင်စစ်သည်တော်များမှာ အရေအတွက် အလွန်များပြားလှပြီး ရှန်းဆန်းဆရာတော်၏ သင်္ကန်းအကာအကွယ်မှာလည်း ခဏတာသာ တောင့်ခံနိုင်မည် ဖြစ်သည်။
ဗုဒ္ဓဘာသာနှင့် တာအိုဘာသာမှ ပညာရှင်ကြီးနှစ်ဦး ဦးဆောင်မှုဖြင့် လူတိုင်းသည် စောစောက ရောက်ခဲ့သော ဂူခန်းမထဲသို့ လျင်မြန်စွာ ဆုတ်ခွာလာခဲ့ကြသည်။
မကြာခင်မှာပင် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော ယင်စစ်သည်တော်တစ်ဖွဲ့မှာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်
လူတိုင်းသည် ပြင်းထန်သော မူးဝေသည့် ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရပြီး မိမိတို့၏ ဝိညာဉ်မှာ ဆွဲထုတ်ခံရတော့မည့်အတိုင်း ဖြစ်နေသည်။
ဒုန်း ဒုန်း ဒုန်း
နှလုံးခုန်သံများ မြန်ဆန်လာပြီး သတိတရားများ ဝေဝါးလာသည်။
"ဥုံ မဏိ ပဒ္မေ ဟုံ"
ရှန်းဆန်းဆရာတော်သည် တည်ကြည်သော အမူအရာဖြင့် ဗုဒ္ဓဘာသာ ဂါထာတော်ကို ရွတ်ဆိုလိုက်သည်။
ထိုအခါမှ ဝိညာဉ်လွင့်ထွက်တော့မည့် ခံစားချက်မှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ဤရဟန်းအိုမှာ အမှန်တကယ်ပင် အလွန်မြင့်မားသော ဗုဒ္ဓတရားတော် အစွမ်းသတ္တိ ရှိကြောင်း ထင်ရှားလှသည်။
ဝုန်း
ရှန်းဆန်းဆရာတော်၏ လက်ဝါးထဲမှ ရွှေရောင်မီးလျှံတစ်ခု ထွက်ပေါ်လာပြီး မီးနဂါးတစ်ကောင်ကဲ့သို့ ယင်စစ်သည်တော်များထံသို့ တိုးဝင်သွားသည်။
ယင်စစ်သည်တော် အချို့မှာ ချက်ချင်းပင် ရိုက်ခွဲခံလိုက်ရပြီး ပြာအဖြစ် လွင့်စင်သွားကြသည်
ဤထူးဆန်းသော ဂူသင်္ချိုင်းအတွင်းတွင် ယင်စစ်သည်တော်များသည် တစ်စုံတစ်ခုသော စွမ်းအား၏ ထောက်ပံ့မှုကို ရရှိထားသကဲ့သို့ နောက်ကွယ်မှ အဆက်မပြတ် တိုးဝင်လာကြသည်။
ချလွမ်
ယွမ်ယိတာအိုဆရာ၏ ဓားမှာ ဓားအိမ်မှ ထွက်ပေါ်လာပြီး တောက်ပသော အလင်းဖြူတစ်ချက်နှင့်အတူ ယင်စစ်သည်တော် အချို့မှာ ထပ်မံ ချေမှုန်းခံလိုက်ရပြန်သည်။
ဂူအတွင်းရှိ ကျင့်ကြံသူများသည် မိမိတို့ တတ်ကျွမ်းသော ပညာရပ်များကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။
ပုတီးများ၊ တောင်ဝှေးများ၊ သစ်သားခေါက်သံများ၊ သင်္ကန်းဖြတ်ဓားများ၊ ကြေးပြားဓားများ၊ အဆောင်စက္ကူများ၊ မက်မွန်သားဓားများနှင့် ဝိညာဉ်ခေါ်ခေါင်းလောင်းများ။
အစီရင်လက်နက်များ တစ်ခုပြီးတစ်ခု လင်းထိန်လာပြီး ထိုယင်စစ်သည်တော်များကို တိုက်ခိုက်ကြတော့သည်။
နတ်ဝင်သည် ဆရာမားသည် ပါးစပ်မှ မန္တန်များကို ရွတ်ဖတ်လိုက်ရာ သူ၏ ကိုယ်ပေါ်တွင် ကြီးမားလှသော အရှိန်အဝါတစ်ခု ပေါ်လာပြီး တစ်ကိုယ်လုံးတွင် အေးစိမ့်သော အငွေ့အသက်များ ပြည့်နှက်သွားသည်။
၎င်းမှာ သူ၏ အိမ်မှ နတ်မင်းကြီး ကို ကိုယ်ပေါ်သို့ ပင့်ဖိတ်လိုက်ခြင်း ဖြစ်သည်
သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းများ လက်နေပြီး လက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်ရာ မမြင်နိုင်သော သံကြိုးတစ်ခုမှာ ယင်စစ်သည်တော်တစ်ဦးကို မြဲမြံစွာ ချည်နှောင်လိုက်တော့သည်။
အလောင်းမွေးမြူခြင်းကို ကျွမ်းကျင်သော ထူးခြားသည့် ပညာရှင် ဝူသရဲအိုမှာမူ အသက်ကို ပြင်းပြင်းရှူလိုက်ရာ သူ၏ လက်သည်းများမှာ ချက်ချင်းပင် မည်းနက်ကာ ထက်မြက်လာတော့သည်။
သေပြီးသား အလောင်း တစ်ခုကဲ့သို့ပင်။
ရှူး
သူ၏ လှုပ်ရှားမှုများမှာ အလွန်လျင်မြန်လာပြီး ယင်စစ်သည်တော်တစ်ဦးထံသို့ တိုက်ရိုက် ခုန်အုပ်လိုက်သည်။
ဤယင်စစ်သည်တော်များမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး သတ်ဖြတ်ခြင်းအရှိန်အဝါများ ပြင်းထန်လှသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ယခုဂူဆင်းလာသူများမှာ အစစ်အမှန် ကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် မိမိတို့၏ ပညာရပ်များဖြင့် ခုခံနိုင်ကြခြင်း ဖြစ်သည်။
လီယန်ချူသည် ကျန်ကျောင်းဓား ကို ဝှေ့ယမ်းလိုက်ရာ ဤထက်မြက်လှသော ဓားရှည်မှာ သူ၏လက်ထဲတွင် အလွန်ပင် ပြင်းထန်သော စွမ်းအားကို ပြသနေသည်။
ဓားအလင်းတစ်ချက်အတွင်းမှာပင် ယင်စစ်သည်တော်တစ်ဦးမှာ ခါးမှနေ၍ နှစ်ပိုင်း ပြတ်သွားတော့သည်။
လျိုယန်စွမ်းအင်
ယခုအခါ လီယန်ချူ၏ လျိုယန်စွမ်းအင်မှာ မိစ္ဆာနှိမ်နင်းနိုင်သော ဂုဏ်သတ္တိများ အပြည့်ရှိနေပြီး ပြင်းထန်သော ယန်စွမ်းအင်မျိုး ဖြစ်သည်။
ထိုယင်စစ်သည်တော်များမှာ အေးစိမ့်လှသော ဝိညာဉ်များ ဖြစ်ကြသဖြင့် လီယန်ချူ၏ ယန်စွမ်းအင်နှင့် အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်ကာ နှိမ်နင်းခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
ယင်စစ်သည်တော် ၃ ဦးမှာ လီယန်ချူ၏ လက်ချက်ဖြင့် ဆက်တိုက် ချေမှုန်းခံလိုက်ရပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဤလျှို့ဝှက်ဆန်းပြားသော ဂူခန်းမအတွင်း၌ ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွားနေပြီး ယင်စစ်သည်တော်များမှာ အဆက်မပြတ် တိုးဝင်လာနေသည်။
"ဒီဂူပိုင်ရှင်က ဘယ်သူမို့လို့ ဂူထဲမှာ ယင်စစ်သည်တွေ ဒီလောက်တောင် များနေရတာလဲ "
ပိုင်ဟုန်းထူသည် လက်ညှိုးဖြင့် ဓားမန္တန်ကို လုပ်ဆောင်လျက် ထက်မြက်လှသော ဓားငယ်ဖြင့် ယင်စစ်သည်တော်တစ်ဦး၏ ရင်ဘတ်ကို ထိုးဖောက်လိုက်ရာ ရှဲ... ရှဲ... ဟူသော အသံနှင့်အတူ အဖြူရောင် မီးခိုးများ ထွက်လာသည်
သူ၏ စကားမှာ ကျင့်ကြံသူ အများအပြား၏ ရင်ထဲမှ မေးခွန်းလည်း ဖြစ်သည်။
အကယ်၍ အဆင့်မြင့် မင်းစိုးရာဇာတစ်ဦး၏ ဂူသင်္ချိုင်း ဖြစ်စေဦးတော့၊ ယင်စစ်သည်တော် ဤမျှများပြားရန်မှာ မဖြစ်နိုင်ပေ။
ယင်စစ်သည်တော်များ ဖြစ်ပေါ်လာရန်အတွက် လိုအပ်ချက်များမှာ အလွန်ပင် ခက်ခဲလှသည်။
သာမန် ဂူသင်္ချိုင်း အနေအထားမျိုးဖြင့် မွေးဖွားလာနိုင်စွမ်း မရှိပေ။
ဟီ... ဟီ...
ဗလာဖြစ်နေသော ဂူခန်းမအတွင်း၌ စစ်မြင်းများ၏ ဟီသံများကိုပါ ကြားလိုက်ရသည်။
သန်မာလှသော စစ်မြင်းများကို စီးနင်းထားသည့် ယင်စစ်သည်တော်များ ပေါ်လာကြသည်၊ သူတို့၏ လက်ထဲရှိ လှံရှည်များမှာ အလွန်ပင် ထက်မြက်လှပြီး မျက်စိတစ်မှိတ်အတွင်း ဂူခန်းမထဲသို့ ဝင်ရောက်လာကြသည်။
မြင်းခွာသံများမှာ မိုးခြိမ်းသံကဲ့သို့ပင်၊ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
မက်မွန်သားဓားကို ကိုင်ဆောင်ထားသော တာအိုဆရာတစ်ဦးမှာ အလျင်စလို ခုခံရန် မမီတော့ဘဲ ယင်စစ်သည်တော်တစ်ဦး၏ လှံဖြင့် ထိုးသတ်ခြင်းကို ခံလိုက်ရသည်။
တစ်ကိုယ်လုံးမှာ လှံဖျားတွင် ချိတ်ပါသွားပြီး အလွန်ပင် ရုပ်ပျက်ဆင်းပျက် သေဆုံးသွားရသည်။
ဤမြင်းစီး ယင်စစ်သည်တော်များမှာ သိသာစွာပင် ပိုမို အားကောင်းကြပြီး သေခြင်းအငွေ့အသက်မှာ အလွန်ပင် ပြင်းထန်လှသည်။
ထို့ပြင် စစ်မြင်းများ၏ ဟီသံမှာ ဝိညာဉ်ကို တုန်လှုပ်စေနိုင်သော စွမ်းအား ပါဝင်နေသဖြင့် လူကို သတိဝေဝါးစေသည်။
တာအိုဆရာတစ်ဦးမှာ အဆောင်စက္ကူဖြင့် ယင်စစ်သည်တော်တစ်ဦးကို နောက်သို့ ဆုတ်စေလိုက်သော်လည်း၊ သူ၏နောက်မှ မိုးခြိမ်းသံကဲ့သို့ မြင်းခွာသံများ ကြားလိုက်ရပြန်သည်။
သူ လှည့်ကြည့်လိုက်ချိန်တွင် ထက်မြက်သော လှံဖျားမှာ သူ၏ မျက်နှာရှေ့သို့ ရောက်နေပြီ ဖြစ်သည်။
လာခြင်း၊ သွားခြင်းမှာ လေကဲ့သို့ပင် လျင်မြန်လှသည်။
ဝုန်း
လူရိပ်တစ်ခုမှာ လေထဲမှ ခုန်ထွက်လာသည်၊ သူ၏ ကိုယ်ပေါ်တွင် ခန္ဓာကိုယ်အကာကွယ် များ ဖုံးလွှမ်းနေပြီး တိုက်ပွဲဝင်လိုစိတ်များ ပေါက်ကွဲလျက် မြင်းစီးယင်စစ်သည်တော်ကို တိုက်ရိုက် ဝင်တိုက်လိုက်သည်။
အကယ်၍ စစ်မြင်းစီးထားသော စစ်သည်အစစ်သာ ဖြစ်လျှင် ဤကဲ့သို့ အတိုက်ခံရပါက အရိုးများ ကြေမွသွားပေမည်။
ယခုမှာ အသွေးအသား မရှိသော ယင်စစ်သည် ဖြစ်သော်လည်း လီယန်ချူ၏ ခန္ဓာကိုယ်အကာကွယ်နှင့် အတိုက်ခံရသည့်အခါ ပုံရိပ်မှာ အနည်းငယ် ဝေဝါးသွားတော့သည်။
"ကျေးဇူးတင်ပါတယ် "
ထိုတာအိုဆရာက ကျေးဇူးတင်စကား ပြောလိုက်သည်။
စောစောကသာ လီယန်ချူ၏ ပြင်းထန်သော ဝင်တိုက်မှု မရှိခဲ့လျှင် သူသည် ယင်စစ်သည်တော်၏ လှံဖျားတွင် အသက်ပျောက်ခဲ့ရပေမည်။
လီယန်ချူက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲရှိ ကျန်ကျောင်းဓား ဖြင့် လေထဲတွင် စက်ဝိုင်းပုံ တစ်ချက် ခုတ်ပိုင်းလိုက်ရာ ထက်မြက်လှသော ဓားစွမ်းအင်မှာ မြင်းစီးယင်စစ်သည်တော်ကို နှစ်ပိုင်း ပြတ်သွားစေသည်။
ဓားတစ်ချက်တည်းနှင့် မြင်းရော လူပါ ပျက်စီးသွားရသည်
ပတ်ဝန်းကျင်ရှိ ရဟန်းများနှင့် တာအိုဆရာများ၏ မျက်နှာတွင် အံ့ဩသော အမူအရာများ ပေါ်လာကြသည်။
ဒါက ဘယ်လို ခွန်အားမျိုးလဲ
ထိုယင်စစ်သည်တော်များသည် သူတို့၏ ထူးခြားသော သဘာဝကြောင့် သာမန် စစ်သည်များထက် များစွာ ပို၍ အားကောင်းကြသည်၊ လေကဲ့သို့ လျင်မြန်ပြီး ခွန်အား ကြီးမားကြသည်။
လက်ထဲရှိ လှံများမှာလည်း အလွန်ထက်မြက်လှသဖြင့် စောစောက တာအိုဆရာမှာ တစ်ချက်တည်းနှင့် အသက်ပျောက်ခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း လီယန်ချူသည် သူ၏ ကြမ်းတမ်းသော ခန္ဓာကိုယ်ခွန်အားနှင့်ပင် ယင်စစ်သည်တော်ကို လွင့်ထွက်သွားအောင် တိုက်နိုင်ရုံသာမက ဓားတစ်ချက်တည်းနှင့်ပါ ချေမှုန်းနိုင်ခဲ့သည်။
အလွန်ပင် ပြင်းထန်လှသည်
တာအိုပညာရှင်ထက်စာလျှင် လောကီစစ်သည်တစ်ဦးကဲ့သို့ ကြမ်းတမ်းသော ထိုတိုက်ခိုက်ပုံမှာ ရဟန်းများနှင့် တာအိုဆရာများအပေါ် အမှတ်တရ ဖြစ်စေခဲ့သည်။
ဒုန်း... ဒုန်း... ဒုန်း...
မြင်းခွာသံများမှာ မိုးခြိမ်းသံကဲ့သို့ပင်၊ ပိုမိုများပြားသော မြင်းစီးယင်စစ်သည်တော်များမှာ အရှိန်အဟုန်ဖြင့် တိုးဝင်လာကြသည်။
သူတို့ စီးနင်းထားသော စစ်မြင်းများမှာလည်း မိစ္ဆာတိရစ္ဆာန်များ ဖြစ်ကြပြီး မျက်လုံးများမှာ နီရဲနေသည်။
ယခုအခါ မြင်းစီးစစ်သည် ဆယ်ဂဏန်းကျော်မှာ တိုက်စစ်ဆင်လာရာ၊ စစ်မြေပြင်တစ်ခု၏ သတ်ဖြတ်ခြင်းအရှိန်အဝါများ ပြည့်နှက်နေတော့သည်။
ဂူထဲဆင်းပြီးနောက် ယင်စစ်သည်တော် ဤမျှများပြားစွာနှင့် တွေ့ဆုံရလိမ့်မည်ဟု မည်သူမျှ မထင်ထားမိပေ။
လှေကူးတို့သမား ဟူလီသည် သူ၏ လက်ထဲမှ မည်းနက်သော တုတ်တိုကို ဝှေ့ယမ်းလျက် ယင်စစ်သည်တော်တစ်ဦးကို သတ်ဖြတ်လိုက်ပြီးနောက်၊ မည်းနက်သော အရိပ်တစ်ခု၏ ပတ်ချည်ခြင်းကို ခံလိုက်ရသည်။
ပြီးနောက် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားတော့သည်။
စောစောက ထွက်ပြေးသွားသော မိစ္ဆာကောင် ပြန်ရောက်လာခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာမှ ရဟန်းတစ်ပါး ပြေးသွားသည့် အချိန်တွင်မူ ဟူလီ၏ ခန္ဓာကိုယ်မှာ ကိုယ်တွင်းအင်္ဂါများ အထုတ်ခံလိုက်ရပြီး အစိပ်စိပ်အမွှာမွှာ ဆုတ်ဖြဲခံထားရပြီ ဖြစ်သည်။
ထိုမိစ္ဆာသည် အမှောင်ထဲတွင် ပုန်းကွယ်လျက် အခွင့်အရေးကို အမြဲ စောင့်ကြည့်နေခြင်း ဖြစ်သည်။
ဟွေ့ကျန်းဆရာတော်၏ အမူအရာမှာ ပျက်ယွင်းသွားသည်၊ စောစောက သူသည် ထိုမိစ္ဆာနောက်သို့ လိုက်ခဲ့သော်လည်း လွတ်သွားခဲ့ခြင်း ဖြစ်သည်။
ယခုမူ နောက်ထပ် လူတစ်ဦး၏ အသက် ဆုံးရှုံးခဲ့ရပြန်ပြီ
"ဗုဒ္ဓအလင်းတော် ထွန်းလင်းစေ "
ဟွေ့ကျန်းဆရာတော်က အသံကျယ်ကြီးဖြင့် ဟစ်ကြွေးလိုက်ရာ သူ၏ ကိုယ်ပေါ်မှ တောက်ပသော ရွှေရောင် ဗုဒ္ဓအလင်းများ ထွက်ပေါ်လာပြီး ဂူခန်းမတစ်ခုလုံးကို လင်းထိန်သွားစေသည်။
ရှူး
ထိုအခါမှ လူတိုင်း မြင်လိုက်ရသည်မှာ ထိုမိစ္ဆာသည် ဟွေ့ကျန်းဆရာတော်ထံသို့ တိုက်ရိုက်ပင် ခုန်အုပ်လာခြင်း ဖြစ်သည်။
၎င်းမှာ ကြီးမားလှသော ပုတ်သင်ညိုမိစ္ဆာ တစ်ကောင် ဖြစ်ပြီး၊ စောစောက အကောင်နှစ်ကောင် ပေါင်းထားသည်ထက်ပင် ပို၍ ကြီးမားလှသည်။
မျက်ဝန်းများထဲတွင် ယုတ်မာသော အမူအရာများ ရှိနေသဖြင့် အသိဉာဏ်ရှိသော မိစ္ဆာတစ်ကောင် ဖြစ်ကြောင်း သိသာလှသည်။
ဟွေ့ကျန်းဆရာတော်သည် သူ၏ လက်ထဲရှိ တောင်ဝှေး ကို ဝှေ့ယမ်းကာ တိုက်ရိုက် ရိုက်ချလိုက်သည်။
သို့သော် ထိုပုတ်သင်ညိုမိစ္ဆာ၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လှသဖြင့် လေထဲတွင် ကိုယ်ကို တစ်ချက်လိမ်ကာ ရှောင်တိမ်းသွားသည်။
ပါးစပ်မှ မည်းနက်သော အရိပ်တစ်ခုကို ထွေးထုတ်လိုက်ရာ၊ နောက်တစ်စက္ကန့်တွင် ဟွေ့ကျန်းဆရာတော်၏ ရင်ဘတ်ရှေ့သို့ ရောက်ရှိလာတော့သည်။
ဒေါင်
ဟွေ့ကျန်းဆရာတော်၏ ရင်ဘတ်ပေါ်တွင် ရွှေရောင်ဆေးများ သုတ်ထားသကဲ့သို့ အရောင်များ တောက်ပလာပြီး တစ်ကိုယ်လုံးမှာ ရွှေလူသားတစ်ဦးအဖြစ် ပြောင်းလဲသွားကာ ထိုတိုက်ခိုက်မှုကို အတင်းအဓမ္မ ခုခံလိုက်သည်။
မြင်းစီးယင်စစ်သည်တော် နှစ်ဦးမှာလည်း ပြေးဝင်လာပြီး သူတို့၏ ကိုယ်ပေါ်မှ သေခြင်းအငွေ့အသက်များ ယှက်နွယ်လျက် လှံများကို ကိုင်ဆောင်ကာ ဟွေ့ကျန်းဆရာတော်၏ ကျောပြင်ကို ပြင်းထန်စွာ ထိုးစိုက်လိုက်ကြသည်။
ဒေါင်
ဟွေ့ကျန်းဆရာတော်မှာ ဝင်တိုက်ခံရသဖြင့် လွင့်ထွက်သွားတော့သည်။