← Chapters

စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေး ဆိုင်

Vol. 8 Ch. 721

စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေး ဆိုင်

Vol. 8 Ch. 721

ဗဟိုဧကရာဇ်မြို့တော်၏ အပြင်ဘက်၊ သရဲကြီးတပ် စခန်းချထားရာနေရာ၏ ဘေးတွင် သခင်မလေးဟုန်ချိန်မှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များကို ထုတ်လွှတ်ကာ ပိုင်ရှောင်ချန်းကို ကြည့်နေဆဲ။ သူမ၏ စိတ်ဆန္ဒကြောင့် ပိုင်ရှောင်ချန်းကိုဝန်းရံနေသည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ပြောင်းလဲနေပြီး သူမတစ်ချက်တွေးလိုက်ရုံမျှဖြင့် အရာအားလုံးမှာ အပြင်းအထန်တုန်ရီသွားနိုင်သည့်အလား ဖြစ်နေသည်။

ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူ အများစုမှာ ထိုကဲ့သို့ ဖိအားမျိုးနှင့် ကြုံတွေ့ရပါက ပြိုလဲသွားကျမည်သာ ဖြစ်သည်။ ပိုင်ရှောင်ချန်းကမူ အစပိုင်းတွင် ပြဿနာမရှိသော်လည်း ဖိအားမှာ ပို၍အားပြင်းလာသောအခါ သူနောက်မဆုတ်၍ မရတော့သောအခြေအနေသို့ ရောက်သွားတော့သည်။ ထိုသို့မဆုတ်ပါက သူချေမွခံလိုက်ရမည်သာ ဖြစ်သည်။

" ငါ့ရဲ့ လက်သီးချက်က တော်တော် ကြောက်ဖို့ကောင်းတာပဲ။ ရောစပ်အရိုး ရဲ့ အဆင့်ရှစ်မှာပဲ ရှိသေးတာ နာတယ်ကွာ။ အဆင့်ကိုးကိုသာ ရောက်လို့ကတော့ နှစ်ဆတိတိ စွမ်းအားပိုကြီးသွားမှာ။ အဲဒါဆို ငါ့လက်သီးချက်နဲ့ သူ့ကိုသွေးအန်အောင် လုပ်လို့ရပြီ။ ငါ့ ဝှက်ဖဲအဖြစ် အသုံးပြုလို့ရပြီ။ စွမ်းအားအရိုးရဲ့ အဆင့်ကိုးအထိသာ ရောက်လို့ကတော့ သုံးဆတိတိ ပိုစွမ်းအားကြီးသွားမှာ "

သူက ထိုသို့တွေးတောကာ သတ္တိများတဖွားဖွား ပေါ်ထွက်လာပြီး မျက်တောင်အနည်းငယ် မခတ်ပဲ သခင်မလေးဟုန်ချိန်အား ပြန််စိုက်ကြည့်လိုက်တော့သည်။

ထိုတစ်နေရာလုံးကို တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးထားသည်။

သရဲကြီးတပ်၏ စွမ်းအားကြီး ဝိညာဥ်ကျင့်ကြံသူများမှာ အလွန်အမင်း အံ့အားသင့်နေကြပြီး သူတို့မြင်နေရသည့်အရာကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။ သူတို့မှာ ရောယှက်နေသည့်ခံစားချက်ပေါင်းစုံဖြင့် ပိုင်ရှောင်ချန်းအား ဆက်၍ စောင့်ကြည့်လိုက်ကြသည်။

သူထုတ်လွှတ်လိုက်သည် လက်သီးချက်ကြီးမှာ အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းနေသည်။ ယင်ယန်ဝိညာဥ်အဆင့်သာရှိသော ကျင့်ကြံသူတစ်ယောက်က နတ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နိုင်သည်ဆိုသော အချက်မှာ မမြင်ဖူးလောက်အောင် ရှားသည်။ သူသည် သူမထက် စွမ်းအားပိုကြီးကြောင်း မပြသနိုင်ပါသော်လည်း သာမန်ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများကိုမူ အလွယ်တကူ အနိုင်ယူနိုင်သည့် အနေအထားတွင်ရှိနေသည်မှာ အသိအသာပင်။

ထို့အပြင် ထိုလက်သီးချက်ကို ထုတ်လွှတ်ပြီးနောက် သူသည် ယခင်ကအတိုင်း ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိသေးသည့်ပုံစံဖြင့် လေထဲတွင် ရစ်ဝဲနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရဲစွမ်းသတ္တိများ ကိန်းေအာင်းနေသည့်အလား ဖြစ်နေပြီး သူ၏တိုက်ခိုက်လိုစိတ်များကြောင့်လည်း လူအုပ်ကြီးတစ်ခုလုံးက သူ့အားကြည်ညိုလေးစားနေကြတော့သည်။

သူတို့အားလုံးသည် စွမ်းအားကြီးသူကို အရိုအသေပေးရသည့် ကမ္ဘာကြီးတွင် နေထိုင်နေသည်ဖြစ်ရာ ပိုင်ရှောင်ချန်းကဲ့သို့ စွန်းအားကြီးကျင့်ကြံသူတစ်ယောက်မှာ မည်သည့်နေရာရောက်သည်ဖြစ်စေ လူအများ၏ ရိုသေလေးစားမှုများကို ရရှိနေမည်သာ ဖြစ်သည်။

လူအုပ်ထဲရှိ လူများ၏ အကြည့်များပြောင်းလဲသွားသည်ကို သတိထားမိလိုက်သောအခါ ပိုင်ရှောင်ချန်းမှာ ပို၍ စိတ်ဓာတ်တက်ကြွသွားပြီး သခင်မလေးဟုန်ချိန်ကို တည့်တည့်ကြီး စိုက်ကြည့်လိုက်တော့သည်။

" အကြည့်ချင်းပြိုင်ချင်တယ်ပေါ့ ဟုတ်လား။ ငါအမြုတေအဆင့်မှာ ရှိတုံးက ဘယ့်သူကမှ ငါ့ကိုမယှဥ်နိုင်ခဲ့ဘူး။ အခုငါက အရင်ကထက်ပိုပြီး စွမ်းအားကြီးနေပြီဆိုတော့ နင်လားငါ့ကို ဒီနည်းနဲ့ ဖြဲခြောက်နိုင်မှာ "

သူက ထိုသို့တွေးနေရင်း သူ၏ အံ့သြဖွယ်ကောင်းသော အမူအရာမှာ ပို၍ သိသာထင်ရှားလာတော့သည်။

အချိန်အနည်းငယ် ကြာပြီးနောက် သခင်မလေးဟုန်ချိန်မှာ အသက်ပြင်းပြင်းရှူပြီး အကြည့်လွှဲလိုက်တော့သည်။ သူမ၏ တိုက်ကွက်တစ်ခုကို သူတောင့်ခံနိုင်လျှင် သူ့ကိုထွက်သွားခွင့်ပေးမည်ဟု သူမက ဆိုခဲ့သည်မဟုတ်ပါလော။ သူမသည် သရဲကြီးဘုရင်နှင့် ထိုသို့သဘောတူညီမှုရယူထားသဖြင့် ကတိတည်မှ ရမည်ဖြစ်သည်။

" နင့်မျက်နှာကို ငါထပ်မမြင်ရအောင်သာနေတော့ "

သူမ၏ မျက်ဝန်းထဲတွင် အဓိပ္ပါယ်ပါသည့် အလင်းရောင်တစ်ခု တောက်ပသွားပြီး သူမမှာ နောက်သို့လှည့်ကာ တပ်စခန်းထဲသို့ ပျောက်ကွယ်သွားသည်။ ကျန်ရှိနေသည့် ဝိညာဥ်ကျင့်ကြံသူများမှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူမနောက်သို့ တိတ်တိတ်လေး လိုက်သွားကြသည်။ မကြာမီ လူတိုင်းမှာ စခန်းထဲပြန်ရောက်သွားပြီး ပိုင်ရှောင်ချန်းတစ်ယောက် အပြင်တွင်ကျန်ခဲ့တော့သည်။

သခင်မလေးဟုန်ချိန် ထွက်ခွာသွားသည်ကို တွေ့လိုက်ရသောအခါ သူသည် မျက်ခုံးမှချွေးသီးများကို သုတ်ကာ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်လေသည်။ သူ၏လက်သီးချက်ကို ကိုးဆယ်ရာခိုင်နှုန်းတိတိ သုံးစွဲလိုက်ရသည့်အတွက် သူ အားအင်ကုန်ခမ်းနေရပြီဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားအနည်းငယ်ခန့် ညှစ်ထုတ်၍သုံးနိုင်သေးပါသော်လည်း ဗဟိုဧကရာဇ်မြို့ပတ်ဝန်းကျင်တွင် စွမ်းအားကြီးကျင့်ကြံသူများစွာရှိနေသေးပြီး သူတို့အားလုံးမှာ သူရဲကောင်းများ မဖြစ်နိုင်ကြောင်းကို သူကသိသည်။ သူ့ကိုယ်သူ မကာကွယ်နိုင်မည့် အချို့အရာများရှိနေသဖြင့် သူသည် သူ၏စွမ်းအင်အပြည့်အဝကို ထုတ်၍မပြချင်ပေ။

သို့သော် ဤသို့သောတိုက်ပွဲများမှာ သူ့ကို နည်းလမ်းများစွာဖြင့် ကန့်သတ်ထားသည်။ သခင်မလေးဟုန်ချိန် အမှန်တကယ် ထွက်ခွာသွားပြီဖြစ်ရာ သူက စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချနိုင်တော့သည်။ ဤ ဗဟိုဧကရာဇ်မြို့သို့ သူရောက်ရှိခဲ့သည့်အချိန်မှစ၍ ရယ်စရာကောင်းသော ဖြစ်ရပ်များစွာ ဖြစ်ပျက်ခဲ့ပြီဖြစ်သည်။

" ဘာလို့များ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ "

သူက ခါးသီးစွာတွေးလိုက်သည်။ သို့သော် ယခုတွင် သူသည် သရဲကြီးတပ်မှ လွတ်မြောက်သွားပြီဖြစ်ပြီး ထိုအရာမှာ သူ့အတွက် ကောင်းမွန်သည့်အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူကခေါင်းခါကာ ထွက်ခွာရန် ပြင်လိုက်တော့သည်။

သို့သော် ဤကမ္ဘာကြီးမှာ ကြီးမားလွန်းလှသဖြင့် ပိုင်ရှောင်ချန်းမှာ မည်သည့်နေရာသို့ သွားရမှန်းမသိလောက်အောင် ဖြစ်နေတော့သည်။

" ပြီးတော့ ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံက အဲဒီလောက်အဆင့်မမြင့်သေးဘူး။ နို့မို့ဆို ငါ့ဟာငါ မြေရိုင်းဒေသကိုဖြတ်ပြီး အဏ္ဏဝါခေါ်သံဂိုဏ်းကိုရောက်အောင် ပြန်လို့ရနေပြီ "

သူက ခပ်လှမ်းလှမ်းရှိ ဗဟိုဧကရာဇ်မြို့ကိုကြည့်လိုက်ပြီးနောက် သရဲကြီးမြို့ရှိရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။ အနည်းငယ်တွေးတောလိုက်ပြီးနောက် သူက သတင်းပို့ပေလွှာတစ်ခုကိုထုတ်ကာ သရဲကြီးဘုရင်အား ဆက်သွယ်လိုက်သည်။

" အရှင်မင်းမြတ်။ ဗဟိုဧကရာဇ်မြို့က တော်တော်ကို အန္တရာယ်များလွန်းတယ်။ ဒီမင်္ဂလာကိစ္စကြီးကို မေ့လိုက်ရအောင်လားဗျာ။ အမ်... ကျွန်တော်မျိုးကို ပြန်လာခေါ်ဖို့ တစ်ယောက်ယောက်လွှတ်ပေးလို့ရလား။ ကျွန်တော်မျိုး သရဲကြီးမြို့တော်နဲ့ အရှင့်ဆီကို ပြန်လာချင်လို့ပါ "

သရဲကြီးဘုရင်မှာမူ ဤဖြစ်ရပ်အားလုံးကြောင့် စိတ်ရှုပ်နေရပြီဖြစ်သည်။ ပိုင်ရှောင်ချန်းအား သရဲကြီးတပ်သို့ စေလွှတ်လိုက်ခြင်းကြောင့် ဤသို့ဖြစ်သွားလိမ့်မည်ဟု သူကလုံးဝမထင်ထားမိပေ။ အံ့သြစရာကောင်းသည့် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်လာသင့်ပါသော်လည်း မှန်းချက်နှင့်နှမ်းထွက် မကိုက်ခဲ့ပေ။

သူ၏သမီးက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုခဲ့သည့်အချက်ကြောင့်ဖြစ်စေ ဖြစ်ပျက်ခဲ့သည့် ပြဿနာအရပ်ရပ်ကြောင့်ဖြစ်စေ သူက စိတ်ပျက်လက်ပျက်နှင့် ခြေဆောင့်နေရတော့သည်။ ထို့နောက် သူသည် ပိုင်ရှောင်ချန်းထံမှ အခြားသတင်းတစ်ခု ရောက်လာသည်ကိုမြင်လိုက်ရသောအခါ ပို၍ပင် ခေါင်းခဲသွားရတော့သည်။

သူက ထိုသတင်းပို့ကျောက်စိမ်းပေလွှာကိုကြည့်ကာ သတင်းပြန်ပို့လိုက်သည်။

" ပိုင်ဟောက်ရေ၊ ဒီမင်္ဂလာကိစ္စက တရားဝင်ကြေငြာပြီးသွားပြီးလေ။ အခုမှ ရုတ်သိမ်းလို့မရတော့ဘူး။ မင်းကျစ်မိုဆီသွားပြီး ချက်ချင်းတောင်းပန်လိုက်ပါကွာ။ အကုန်လုံးကိုရှင်းပြလိုက်ပြီး သူ့အနားမှာ နေလိုက် "

ပိုင်ရှောင်ချန်းမှာ ထိုအကြောင်းပြန်စာကို ရလိုက်သည်နှင့် ပြေပြေလည်လည် မပြောတော့ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် တည့်တိုးကြီး ငြင်းဆန်၍ သရဲကြီးမြို့တော်သို့ ပြန်လာမည်ဟု ထပ်၍ အကြံပေးလိုက်ပြန်သည်။ ထို့ကြောင့် သရဲကြီးဘုရင်မှာ အလွန် စိတ်ဆိုးသွားတော့သည်။

" မရဘူး။ မင်းတို့နှစ်ယောက် လင်မယားအဖြစ်နဲ့ မဟုတ်ရင် သရဲကြီးမြို့တော်ကို ပြန်မလာခဲ့နဲ့။ ကျစ်မိုကို သွားတောင်းပန်သွား။ လိုအပ်ရင် ခွင့်လွှတ်ပေးဖို့ကိုပါ အသနားခံခဲ့။ ဘာလဲ မင်းက မိန်းမတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးလား။ ငါဆက်မကူညီနိုင်တော့ဘူး။ ငါ့ကိုဒီကိစ္စနဲ့ အလုပ်ထပ်လာမရှုပ်နဲ့တော့ "

ထိုသို့ဆိုကာ သူက ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်သည်။ ပိုင်ရှောင်ချန်းက ချက်ချင်းပြန်ဆက်သွယ်ရန် ကြိုးစားပါသော်လည်း သရဲကြီးဘုရင်မှာ ကျောက်စိမ်းပေလွှာကို လျစ်လျူရှုကာ သတင်းအသစ်များကို မမြင်ချင်ယောင်သာ ဆောင်လိုက်သည်။

" ဒီအဖေရောသမီးရော နှစ်ယောက်လုံး လူယုတ်မာတွေချည်းပဲ။ အတွင်းစိတ်ပုတ်နေတဲ့ဟာတွေ "

ပိုင်ရှောင်ချန်းမှာ အလွန်စိတ်ဓာတ်ကျနေပြီး သခင်မလေးဟုန်ချိန်ထံသို့ လုံးဝပြန်သွားလိုစိတ်မရှိတော့ပေ။ ထို့အပြင် သူမသည်လည်း သူ့ကိုမမြင်ချင်ဟု ဆိုခဲ့သည်မဟုတ်ပါလော။

" ကမ္ဘာကြီးက အကြီးကြီးပါကွာ။ မဟုတ်မှလွဲရော ပိုင်ရှောင်ချန်းကြီးအတွက် ဘေးကင်းမဲ့နေရာလေး တစ်နေရာတောင် မရှိဘူးလား "

သူ့တွင် သရဲကြီး စစ်သင်္ဘောမရှိသလို တည်နေရာရွှေ့ပြောင်းခြင်းအပေါက်ကို သုံးနိုင်သည့် နည်းလမ်းလည်းမရှိသဖြင့် သရဲကြီးမြို့တော်သို့ ပြန်နိုင်ရန် မျှော်လင့်၍မရတော့ကြောင်း သိလိုက်သည်။

ထို့ကြောင့် သူကသက်ပြင်းချကာ ခပ်လှမ်းလှမ်းရှိ ဗဟိုဧကရာဇ်မြို့ကိုကြည့်လိုက်သည်။ သူက ထိုမြို့သို့မသွားချင်သော်လည်း ယခုတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ ထို့အပြင် ညနေစောင်းလာပြီဖြစ်ပြီး အကယ်၍သူသာ နှောင့်နှေးနေပါက ဤညကို အပြင်ဘက်တွင်သာ နေရမည်ဖြစ်သည်။

" မျိုးနွယ်စုသုံးခုကို ငွေညစ်ခဲ့တုံးက ငါရခဲ့တဲ့ပစ္စည်းတွေထဲမှာ ဗဟိုဧကရာဇ်မြို့မှာရှိတဲ့ ဆိုင်တစ်ဆိုင်ရဲ့ စာချုပ်စာတမ်းတစ်ခုပါတယ် "

သူက နှာခေါင်းကိုပွတ်ကာ သူ၏အိတ်ကိုပုတ်၍ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုပေလွှာထဲတွင် မြို့တော်ထဲရှိ နေရာတစ်နေရာ၏ စာချုပ်စာတမ်း ပါဝင်နေသည်။ ထိုအချိန်တွင် သူ၏အမူအရာမှာ ဝင်းလက်သွားတော့သည်။

" အာ၊ ဘာပဲဖြစ်ဖြစ်။ အဲဒီဆိုင်မှာ ခဏလောက် အောင်းပြီး ပြဿနာမရှာပဲနေလိုက်မယ်လေ။ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီးမှ မြေရိုင်းဒေသထဲကထွက်ဖို့ နည်းလမ်းရှာလိုက်မယ် " ထို့နောက်သူက ခေါင်းခါကာ ဗဟိုဧကရာဇ်မြို့သို့ ဦးတည်သွားတော့သည်။

ထိုအချိန်တွင် ပိုင်ဟောက်သည် အခြေအနေများ ရှုတ်ရှုတ်ယှက်ယှက်ဖြစ်လာခဲ့စဥ်က ဝင်ပုန်းနေခဲ့သည့် ပိုင်ရှောင်ချန်း၏အိတ်ထဲရှိ ဝိညာဥ်သိုလှောင်စေတီတော်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသည်။ ယခုတွင် သူသည် ကြည်ညိုလေးစားမှုအပြည့်ဖြင့် သူ၏သခင်ကိုမော့ကြည့်ကာ လက်ယှက်၍ တရိုတသေ ဦးညွှတ်လိုက်သေးသည်။

" တပည့်၊ စောစောက ဆရာ့ကို အထင်လွဲခဲ့မိတာပဲ။ အခု ဆရာ့ရဲ့နည်းလမ်းတွေကြောင့် ကျွန်တော် မိန်းမောတွေဝေနေရတဲ့အထိပါပဲ။ အစွမ်းထက်လွန်းပါတယ် ဆရာ "

" ဟင် "

ပိုင်ရှောင်ချန်းမှာ အနည်းငယ်အံ့သြသွားသည်။ သူက အနည်းငယ်တွေးတောလိုက်သော်လည်း မည်သည့်အတွက်ကြောင့် သူ၏တပည့်က ဤသို့ပြောဆိုနေရကြောင်းကို အဖြေမထုတ်နိုင်ပေ။

" နှိမ့်ချနေစရာ မလိုပါဘူး ဆရာရယ်။ တပည့် နားလည်ပါတယ်။ ဆရာက အဲဒီပြဿနာနှစ်ခုကို တမင်ရှာပြီး သရဲကြီးတပ်ရဲ့ တပ်မှူးကြီးက ကျွန်တော်တို့ကို စခန်းထဲက ကန်ထုတ်အောင်လို့ အကွက်ဆင်ခဲ့တာမလား။ "

ပိုင်ဟောက်၏ မျက်နှာပေါ်ရှိ ရိုသေလေးစားမှုများမှာ အထင်းသားပေါ်နေတော့သည်။ သူ့ဆရာ၏ နည်းလမ်းများမှာ အနည်းငယ် ကြမ်းတမ်းသည်ဟု သူက ခံစားနေရပါသော်လည်း တချိန်ထဲမှာပင် တွေးစရာများစွာကို ပေးစွမ်းနေသည်ဟု သူကထင်နေတော့သည်။

" အာ "

ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ်ခတ်နေတော့သည်။ ပိုင်ဟောက်ကား ပိုင်ရှောင်ချန်းကို ကောင်းကောင်းနားမလည်သေးသည်မှာ အထင်အရှားပင်။ အမှန်မှာ ပိုင်ဟောက်ပြောခဲ့သည့်အရာများနှင့် လုံးဝပြောင်းပြန်ဖြစ်နေပြီး ဖြစ်ရပ်အမျိုးမျိုးက ကံကြမ္မာစေညွှန်းရာအတိုင်း လမ်းကြောင်းသင့်နေခဲ့ခြင်းကြောင့် ယခုလို ဖြစ်လာခဲ့ရခြင်းပင်။ သို့သော် အရာအားလုံး အဆင်ပြေချောမွေ့နေသည်ကိုမူ ပိုင်ရှောင်ချန်းမှာ လက်ခံရမည်ဖြစ်သည်။ သူသည် အနည်းငယ်အတွေးထဲတွင် နစ်မျောနေပြီးနောက် ချောင်းဟန့်ကာ အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး မေးငေါ့လိုက်တော့သည်။

" ဟားဟား။ မင်းတောင် သတိထားမိတယ်လား။ မဆိုးဘူး။ မဆိုးဘူး ငါ့တပည့်လေး။ မင်းရဲ့ နားလည်နိုင်စွမ်းက အလယ်အလတ်အဆင့်သာ ရှိသေးပေမဲ့ ဆက်ပြီး အာရုံစူးစိုက်မယ်ဆိုရင်တော့ အဆင့်တက်နိုင်ပါတယ်။ ဆရာ့ရဲ့ အကွက်မြင်ပြီး အရာရာကိုခြုံငုံမိနိုင်တဲ့ အစွမ်းကြောင့် ဆရာရဲ့ခြေတစ်လှမ်းက အလှမ်းပေါင်းတစ်သောင်းလောက်နဲ့ ညီနေတာ။ တစ်မိုးအောက်မှာ ဘယ်သူမှ ဆရာ့ကို မယှဥ်နိုင်ဘူး "

ပိုင်ရှောင်ချန်း၏ ဂုဏ်ယူဝင့်ကြွားမှုကြီးများမှာ ကိုယ့်ဖနောင့်ကို တက်နင်းနေမိသည့်အလား ဖြစ်နေတော့သည်။ ထိုအမူအရာကို ပိုင်ဟောက် မြင်လိုက်ရသောအခါတွင် စောစောက ယူဆခဲ့သည့်အချက်မှာ မှန်ကန်မှုရှိ၊ မရှိကို သူ့ကိုယ်သူ ပြန်၍မေးခွန်းထုတ်နေမိတော့သည်။

ပိုင်ရှောင်ချန်းကမူ ဆက်၍ ကြွားဝါကာ ဗဟိုဧကရာဇ်မြို့ထဲသို့ ဦးတည်သွားတော့သည်။ မြို့ကြီးမှာ အလွန်ကြီးမားပြီး ထောင့်တိုင်း၊ ဆုံမှတ်တိုင်းတွင် အစောင့်များစွာချထားသည်။ သူသည် စစ်ဆေးမေးမြန်းခံပြီးမှသာလျှင် တံခါးပေါက်ထဲသို့ ဝင်ခွင့်ရသည်ဖြစ်ပြီး ဝိညာဥ်ဆေးအနည်းငယ်ကိုလည်း အခွန်အဖြစ်ပေးဆောင်ရသေးသည်။ ကံကောင်းသည်မှာ သူ၏အိတ်ထဲတွင် ဝိညာဥ်ဆေးများစွာ ရှိနေသည်။ သူမြို့ထဲသို့ရောက်ချိန်တွင် ညနေခင်းအချိန်သို့ ရောက်နေပြီဖြစ်သော်လည်း မြို့တော်ကြီးမှာမူ နေ့အချိန်ကဲ့သို့ လူများထူထပ်ကာ စည်ကားနေဆဲပင်။

မြို့ထဲသို့ရောက်သည်နှင့် သူသည် စာချုပ်စာတမ်းပါရှိသော ကျောက်စိမ်းပေလွှာကိုထုတ်ကာ ၎င်းကိုသုံး၍ မြို့တော်ထဲရှိ ရစ်ခွေနေသောလမ်းပေါင်းများစွာကို ကျော်ဖြတ်သွားတော့သည်။ လမ်းတစ်လျှောက်ရှိ မြင်ကွင်းနှင့် ဆူဆူညံညံအသံများကြောင့် သူ အံ့အားသင့်နေရတော့သည်။ ဗဟိုဧကရာဇ်မြို့မှာ အလွန်ချမ်းသာကြွယ်ဝသည့် နေရာဖြစ်သည်။ လမ်းများကို ကျောက်စိမ်းများဖြင့်ခင်းထားပြီး ပတ်ဝန်းကျင်တွင် စိတ်စွမ်းအင် အနည်းငယ်ပင်ရှိနေဟန်တူသည်။

ဈေးဆိုင်အမျိုးမျိုးမှာ လမ်းတစ်လျှောက်တွင် ပြည့်နေပြီး အမုန်းဝိညာဥ်များ၊ မှော်ပစ္စည်းများမှအစ ကောင်းကင်တံတားမြစ်ရေအထိ ရောင်းချနေသည်။

လမ်းပေါ်ရှိ လူအုပ်များထဲတွင် စွမ်းအားကြီးကျင့်ကြံသူများစွာကို ပိုင်ရှောင်ချန်း တွေ့မြင်ခဲ့ရသည်။ ထို့အပြင် မြို့ထဲတွင် အရွယ်အစားသေးငယ်အောင် ကျုံ့ထားရသော လူ့ဘီလူးကြီးများကိုလည်း တွေ့ခဲ့ရသေးသည်။

သူ့အတွက် အထူးဆန်းဆုံးသောအရာမှာ ဗဟိုဧကရာဇ်မြို့ထဲရှိ အဆောက်အဦများမှာ စူးရှတောက်ပသော မှော်အလင်းရောင်များဖြင့် လင်းလက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ညအချိန်မှာပင် မြို့တော်ကြီးမှာ မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။

နှစ်နာရီခန့် ကြာသွားပြီး ညအချိန်သို့ရောက်လာသောအခါ သူသည် ထိုဆိုင်ကိုတွေ့သွားတော့သည်။ မြို့တော်နှင့် အနည်းငယ်အလှမ်းဝေးသည့် နေရာမှာ စာချုပ်စာတမ်းထဲတွင် ပါဝင်သော ထိုဆိုင်ရှိနေပေသည်။

၎င်းမှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင်တစ်ဆိုင် ဖြစ်သည်။

All Chapters