← Chapters

အသက်ရှင်ရပ်တည်ဖို့ အတူတကွ ကြိုးစားကြခြင်း

Vol. 8 Ch. 722

အသက်ရှင်ရပ်တည်ဖို့ အတူတကွ ကြိုးစားကြခြင်း

Vol. 8 Ch. 722

တော်ဝင်နန်းတော်ကို ထည့်မတွက်လျှင် ဗဟိုဧကရာဇ်မြို့တော်တွင် မြို့နယ်ဟုခေါ်ဆိုသော အသေးစားရပ်ကွက် ကိုးဆယ့်ခုနစ်ခု ပါဝင်သည်။ မြို့တော်၏ အလယ်တည့်တည့်ရှိ ရပ်ကွက်မှာ တစ်မြို့လုံး၏ ဆယ်ရာခိုင်နှုန်းခန့် နေရာယူထားပြီး မြောက်ပိုင်းရပ်ကွက်မှာမူ အကြီးဆုံးဖြစ်ကာ နှစ်ဆယ်ရာခိုင်နှုန်းနီးပါး ကျယ်ဝန်းသည်။

ပိုင်ရှောင်ချန်း၏ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေး ဆိုင်မှာ မြို့နယ်အမှတ် ရှစ်ဆယ့်ကိုး၏ အစွန်တွင် တည်ရှိသည်။ အလွန်လှပဆန်းသစ်သော ဈေးဆိုင်တစ်ဆိုင်ဟု သတ်မှတ်၍ မရနိုင်သော်လည်း ဗဟိုဧကရာဇ်မြို့တော်ထဲတွင် ရှိနေသည်ဖြစ်၍ တမူ ထူးခြားနေဆဲပင်။

သို့သော် ပိုင်ရှောင်ချန်းမှာ အချိန်အတော်အတန်ကြာအောင် ထိုဆိုင်ကို ရှာလိုက်ရသည်။ ရှာတွေ့ချိန်တွင် ညဥ့်နက်နေပြီဖြစ်သော်လည်း လမ်းပေါ်ရှိ ဈေးဆိုင်များမှာ တောက်ပစွာ လင်းထိန်နေဆဲဖြစ်ပြီး ဝင်ထွက်သွားလာနေသည့် ဖောက်သည်များ ရှိနေဆဲပင်။

ဆိုင်ကို ရှာတွေ့သွားပြီးနောက် ၎င်းမှာ အခြားဆိုင်များနှင့် ယှဥ်ကြည့်ပါက အတော်အတန် သေးငယ်နေသဖြင့် ပိုင်ရှောင်ချန်းမှာ စိတ်ဓာတ်ကျသွားရသည်။ ဈေးဆိုင်၏ အရှေ့ဘက်မှာ ကိုးမီတာမျှသာ ကျယ်ဝန်းပြီး ဤလမ်းပေါ်ရှိ အခြားဆိုင်များမှာ အနည်းဆုံး ဆယ့်ငါးမီတာအထိ ကျယ်ဝန်းနေသည်။

တံခါးပေါ်ရှိ ဆိုင်းဘုတ်တွင် ရိုးရှင်းသော စာလုံးများကို ရေးထိုးထားသည်။

" စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေး ဆိုင် "

ထိုဆိုင်းဘုတ်၏ ရိုးစင်းသော စကားလုံးရွေးချယ်ထားပုံနှင့် အိုဟောင်းနေပြီဖြစ်သော အသွင်အပြင်ကြောင့် ပိုင်ရှောင်ချန်းမှာ အနည်းငယ် မူးဝေသွားတော့သည်။ အတွင်းထဲတွင် ဈေးဆိုင်မှာ ကျဥ်းသော်လည်း လမ်းနှင့် အတော်အတန်ဝေးသည်အထိ နောက်ဘက်သို့ ရှည်ထွက်နေသည်။ အနောက်ဘက်တွင် ခြံဝန်းတစ်ခုလည်း ရှိပေသည်။ သို့သော် မည်သည့်နည်းနှင့် ကြည့်ရှုစေကာမူ ဤနေရာတစ်ဝိုက်ရှိ အခြားဆိုင်များထက် အလွန်သေးငယ်နေသည်မှာတော့ အမှန်ပင်။

ဆိုင်အတွင်းပိုင်းကို မီးအိမ်များဖြင့် အလင်းပေးထားသော်လည်း ထိန်လင်းမနေသဖြင့် အနီးအနားရှိ လမ်းသွားလမ်းလာများ၏ အာရုံကို မဖမ်းစားနိုင်ပေ။

တစ်ခုထဲသော ကောင်းမွန်သည့် အချက်မှာ ဆိုင်ရှေ့တွင် ဖောက်သည်များရှိနေသည့် အချက်ပင်ဖြစ်သည်။ ထိုထဲမှတစ်ယောက်မှာ ဒေါသတကြီးဖြင့် ရှူးရှူးရှဲရှဲဖြစ်နေသည့် လူငယ်တစ်ယောက်ဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ဈေးဆိုင်ထဲသို့ မဝင်ရသေးခင်မှာပင် ထိုလူငယ်မှာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

" ငါ့ရဲ့ လသုံးစင်း တိမ်စီးကြောင်းပုလဲကို မင်းတို့ဖျက်စီးပစ်တာ မယုံနိုင်ဘူး။ သောက်ကျိုးနည်းကွာ။ ငါမင်းတို့ကို လုပ်ခိုင်းတာ အဆင့်နှစ်ထိပဲ စိတ်စွမ်းအင်အဆင့်မြှင့်ခိုင်းတာပါကွာ... နှစ်ဆင့်ထဲပါပဲ။ မင်း၊ မင်းတို့ကွာ "

ထိုလူငယ်၏ စကားသံမှာ ကျယ်လွန်းလှသဖြင့် ဆိုင်အပြင်ဘက်ရှိ လူများကပင် ကြားနေရပြီး မကြာမီ လမ်းသွားလမ်းလာများမှာ တီးတိုးပြောဆိုကုန်ကြတော့သည်။

" ကြည့်ရတာ သူက လူသစ်ထင်တယ်။ နို့မို့ဆို စိတ်စွမ်းအင်အဆင့်မြှင့်တင်ဖို့ ဒီဆိုင်ကို သူဘယ်ရွေးလိမ့်မလဲ "

" သိပ်ဟုတ်တာပေါ့ကွာ။ ဒီ ဆိုင်က အမှိုက်ကလွဲပြီး ဘာမှ မထုတ်ပေးနိုင်ဘူး။ တကယ်အံ့သြဖို့ကောင်းတဲ့အချက်က ဒီဆိုင် အရင်းမပြုတ်သေးတာပဲ "

သူ၏ ဘေးပတ်ပတ်လည်ရှိ စကားများကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ မျက်မှောင်ကြုတ်လိုက်တော့သည်။ ထို့နောက် ဆိုင်အပြင်ဘက်တွင် ကျိန်ဆဲကာ သောင်းကျန်းပြီး စိတ်ပျက်လက်ပျက် ထွက်သွားသည့် ထိုလူငယ်ကိုကြည့်လိုက်သည်။ သူ၏ အမြင်တွင် ဤနေရာမှာ သူခေါင်းချအနားယူနိုင်ရုံမှတစ်ပါး အခြားသုံးစား၍မရမည့် နေရာတစ်ခု ဖြစ်နေသည်။

" အာ၊ ဘာပဲဖြစ်ဖြစ်ပါ။ ငါက ခဏလောက် အောင်းနေနိုင်မဲ့ နေရာပဲလိုချင်တာ "

သူက ခေါင်းခါကာ ဈေးဆိုင်ထဲသို့ဝင်သွားတော့သည်။ အတွင်းထဲသို့ရောက်သောအခါ သေတော့မည့်အလား ပျင်းရိနေသည့် အမူအရာဖြင့် ကောင်တာအားမှီနေသော စာရင်းကိုင်ကို မြင်လိုက်ရသည်။ နံရံပေါ်ရှိ စင်များအားလုံးနီးပါးမှာ ဟာလာဟင်းလင်းဖြစ်နေသည်။ ရှိနေသော ပစ္စည်းများမှာ သုံးဆင့်လေးဆင့်လောက်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်နိုင်ကြောင်း ပိုင်ရှောင်ချန်းက သိလိုက်သည်။

ထိုစာရင်းကိုင်မှာ ပိုင်ရှောင်ချန်းကိုလှမ်းကြည့်ကာ သမ်းဝေလိုက်ပြီး သူ့အားလျစ်လျှူရှုလိုက်တော့သည်။ ပိုင်ရှောင်ချန်းကမူ ဘေးဘီဝဲယာကို ထပ်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တော့သည်။ ထို့နောက် သူက ကောင်တာဆီသို့ လျှောက်သွားပြီး စာရွက်စာတမ်းပါသော ကျောက်စိမ်းပေလွှာကို ကောင်တာပေါ်သို့ တင်လိုက်သည်။

ထိုအခါ စာရင်းကိုင်မှာ အံ့သြသွားပြီး သံသယရှိနေသည့် အမူအရာဖြင့် ဆိုလိုက်သည်။

" မင်းက ဒီ ကျောက်စိမ်းပေလွှာကို အဆင့်မြှင့်ချင်တာလား။ ကောင်းပြီ။ စည်းမျဥ်းလေးတွေ ငါရှင်းပြမယ်။ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ အရေးမကြီးဘူး။ ငွေသားကို မင်းလက်ငင်းပေးချေရမယ်။ အေး ရလဒ်က မအောင်မြင်ဘူးဆိုရင်လည်း ငါက တာဝန်ယူမှာမဟုတ်ဘူး "

ထို့နောက်သူက ထိုကျောက်စိမ်းပေလွှာကို ကောက်ယူလိုက်ပြီး ကြည့်လိုက်လေသည်။ ထိုအခါတွင် သူကမျက်လုံးပြူးသွားတော့သည်။

" မင်းက ပိုင်ရှင်လား "

သူက မတ်တတ်ထရပ်ကာ ပါးစပ်မှ လွှတ်ခနဲ ရေရွတ်လိုက်တော့သည်။ ပိုင်ရှောင်ချန်းအား အကဲခတ်လိုက်ပြီးနောက် သူက ပြန်ထိုင်လိုက်သည်။

ပိုင်ရှောင်ချန်းက သူရောက်လာသည့်နေရာ မှာ မှန်ကန်ကြောင်း သေချာသွားသဖြင့် ပြန်ဖြေလိုက်သည်။

" ဒါငါ့ရဲ့ဆိုင်လို့ ငါထင်တယ်နော် "

" ဘာပဲဖြစ်ဖြစ်။ မင်းအခု ဒီရောက်လာပြီဆိုတော့ ငါ့ရဲ့လစာပေးတော့။ ဒီနှစ်အတွက် ဝိညာဥ်ဆေး သုံးထောင်ရယ်၊ နောက်နှစ်အတွက် သုံးထောင်ရယ်။ လက်ငင်းပေးကွာ။ မပေးရင် တစ်လက်မမှ မဖယ်ပေးနိုင်ဘူး "

ထိုသို့ဆိုကာ သူက ဝင့်ကြွားစွာထိုင်၍ ပိုင်ရှောင်ချန်းအား ကြည့်နေတော့သည်။ ဤစာရင်းကိုင်မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရာတွင် မကျွမ်းကျင်ပါသော်လည်း ဗဟိုဧကရာဇ်မြို့အကြောင်းနှင့် ဤဈေးဆိုင်အား လည်ပတ်စေနိုင်သည့် နည်းလမ်းကို ကောင်းကောင်းသိသည်။ ထို့ကြောင့် သူ၏အတွေးထဲတွင် ဤဆိုင်ရှင်မှာ သူမရှိပဲ ရှေ့မဆက်နိုင်ဟု ယူဆထားသည်။

" လစာ ဟုတ်လား "

ပိုင်ရှောင်ချန်းမှာ တအံ့တသြပြန်မေးလိုက်သည်။ ထို့နောက် သူက ဈေးဆိုင်နှင့်ပတ်သတ်သည့် မေးခွန်းအချို့ကိုပါ ထပ်မေးလိုက်တော့သည်။ ခဏအကြာတွင် ဤဈေးဆိုင်မှာ ယခင်က ယခုကဲ့သို့ မဟုတ်ကြောင်း သိလိုက်ရသည်။ ပိုင်ရှောင်ချန်းက ဆိုင်ပိုင်ရှင်ဖြစ်သွားပြီးနောက် ယခင်က ဤဆိုင်ကိုပိုင်ခဲ့သည့် မျိုးနွယ်စုမှာ အစေခံများအားလုံးကို အလုပ်ဖြုတ်လိုက်သည်။ ကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းရန် ဤစာရင်းကိုင်တစ်ယောက်သာ ချန်ခဲ့သည်။

ဤစာရင်းကိုင်၏ စိတ်စွမ်းအင်အဆင့်မြှင့်တင်နိုင်စွမ်းများမှာ အကောင်းဆုံးအခြေအနေများမှာပင် သာမန်အဆင့်သာရှိသဖြင့် ဤဆိုင်မှာ စီးပွားရေးကျဆင်းနေသည်။ ယခုတွင်မူ ဤဆိုင်မှာ မြို့တော်ထဲတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေပြီဖြစ်ပြီး ဖောက်သည် တစ်ယောက်တစ်လေပင် မရှိတော့ချေ။ ဆိုင်ထဲသို့ ဝင်သည့် လူများမှာ ခရီးသွားများသာရှိသည်ဖြစ်ပြီး ထိုသူများကိုလည်း ဤစာရင်းကိုင်က ဝိညာဥ်ဆေးများကို ကလိမ်ကျကာ သိမ်းယူသဖြင့် သူတို့မှာ နောက်တစ်ခေါက် ပြန်မလာကြတော့ပေ။

ပိုင်ရှောင်ချန်းမှာ မည်သို့ တုံ့ပြန်ရမည်မှန်းမသိ ဖြစ်သွားသည်။ သို့သော် ဤစာရင်းကိုင် ထိုင်နေသည့်ပုံစံမှာ လစာမရလျှင် ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်မည့်အနေအထားတွင် ရှိနေသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ သူ၏အိတ်ကို ပုတ်လိုက်ပြီး ဝိညာဥ်ဆေးသုံးထောင်ကိုထုတ်ကာ ထိုလူထံသို့ ပစ်ပေးလိုက်သည်။

" ေကာင်းပြီ။ မင်းလစ်တော့ "

" မင်းက ငါ့ကို နှင်ထုတ်နေတာလား "

စာရင်းကိုင်မှာ အံ့အားသင့်သွားရသည်။ သူက ကျေနပ်နေသည့်ပုံမပေါ်ပဲ သူ၏ဝိညာဥ်ဆေးများကိုယူကာ အင်္ကျီလက််ကို ခါယမ်းပြီး ထွက်ခွာသွားတော့သည်။

" တစ်လအတွင်း ဒီကောင် ငါ့ကိုသူ့ဆီပြန်လာဖို့ လာတောင်းပန်ရလိမ့်မယ်။ ဗဟိုဧကရာဇ်မြို့မှာက စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေး ဆိုင်တွေအများကြီးရှိတာ။ ပြီးတော့ အဲဒီဆိုင်တွေအကုန်လုံးက အမြဲတမ်း အပြိုင်အဆိုင်ပဲ။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ဖို့ တကယ့် အောက်လမ်းဆရာအစစ်တစ်ယောက် လိုချင်တယ်ဆို ငွေပုံအောပေးမှ ရမှာပဲ "

သူက အေးစက်စက် ရယ်မောကာ ထွက်ခွာသွားတော့သည်။

ထိုစာရင်းကိုင် ထွက်ခွာသွားပြီးနောက် ပိုင်ရှောင်ချန်းမှာ အနည်းငယ်လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် အရှေ့တံခါးကိုပိတ်ကာ အချုပ်အနှောင် မန္တန်တစ်ခု တပ်ဆင်လိုက်သည်။ ထို့နောက် သူက ဆိုင်အတွင်းပိုင်းနှင့် ခြံဝန်းကိုသာမက ခြံဝန်းနှင့်တွဲနေသည့် လူနေအိမ်အသေးလေးကိုပါ သန့်ရှင်းရေးလုပ်လိုက်သည်။ နာရီများစွာ ကြာပြီးနောက် ညကြီးမိုးချုပ်အချိန်တွင်မှသာ သူသည် ခြံဝန်းထဲတွင် ထိုင်ရင်း သက်ပြင်းချကာ ဘေးဘီဝဲယာကို ကြည့်နေတော့သည်။

" သရဲကြီးမြို့တော်မှာရှိတဲ့ ငါ့ရဲ့စံအိမ်နဲ့ ယှဥ်လို့ကို မရပါဘူးကွာ "

သူက ခေါင်းယမ်းကာ သရဲကြီးမြို့တော်ကို လွမ်းဆွတ်တမ်းတနေတော့သည်။ ချင်းမေ့ယွမ်အား သူအလိုက်တသိ လက်လွှဲပေးခဲ့မိသည်ကိုလည်း နောင်တရနေတော့သည်။ ထိုစဥ်ကထဲက သူ၏လုပ်ရပ်မှာ လုံလောက်နေပြီမဟုတ်ပါလော။

ဤဈေးဆိုင်ကိစ္စကို ပိုင်ရှောင်ချန်းက လုံးဝမကျေနပ်သော်လည်း ပိုင်ဟောက်မူ သူနှင့်ဆန့်ကျင်ဘက်ပင်။ ထူးခြားသော ဝိညာဥ်ခန္ဓာကိုယ် ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားသည့် သရဲကျင့်ကြံသူ တစ်ယောက်အနေနှင့် သူမြင်တွေ့နေရသည့် အရာအားလုံးကို ကျေနပ်နေတော့သည်။ သူက ဘေးဘီဝဲယာကို လှည့်ပတ်၍ ကြည့်ရှုလိုက်ပြီးနောက် ပိုင်ရှောင်ချန်း၏ဘေးတွင်ထိုင်ကာ စိတ်လှုပ်တရှား ဆိုလိုက်သည်။

" ဆရာရေ။ ဒီနေရာက ကောင်းပါတယ်ဗျ။ ကျွန်တော်တို့က သရဲကြီးမြို့တော်ကို အတော်အတန်ကြာတဲ့အထိ ပြန်လို့မရသေးဘူးဆိုတော့ ဒီမှာပဲ အခြေချလိုက်ရအောင်လေဗျာ။ ဒီမှာရှိတဲ့ စိတ်စွမ်းအင်က ကျွန်တော့်အတွက် အထောက်အကူ အများကြီးပြုတယ်ဗျ "

သူက ထိုသို့ဆိုကာ သူ၏အသွင်အပြင်ကို သက်လတ်ပိုင်း လူတစ်ယောက်ပုံစံသို့ ပြောင်းလဲလိုက်သည်။

" ဒီ စိတ်စွမ်းအင်ကို မင်းက ကောင်းတယ် ထင်နေတာလား "

ပိုင်ရှောင်ချန်းက စိတ်မပါလက်မပါ ပြန်ဖြေလိုက်သည်။

" တစ်ရက်ရက် ရောက်ရင် ဒီနေရာထက် စိတ်စွမ်းအင် အများကြီးပိုကောင်းတဲ့ နေရာဆီ ဆရာ မင်းကိုခေါ်သွားမယ်။ မင်းစောင့်နေ "

" စိတ်ဓာတ်မကျပါနဲ့ ဆရာရယ်။ ဒီနေရာလည်း အဆိုးကြီးမဟုတ်ပါဘူး။ ဆရာ့ရဲ့ကျင့်ကြံခြင်းကိုပဲ ဆရာအာရုံစိုက်လေ။ ဒီဈေးဆိုင်ရဲ့ နေ့စဥ် တာဝန်တွေကို ကျွန်တော်တာဝန်ယူလိုက်မယ် "

ပိုင်ဟောက်သည် ပိုင်ရှောင်ချန်း၏အိတ်ထဲရှိ ဝိညာဥ်သိုလှောင်စေတီတော်ထဲတွင် နေသည်ဖြစ်ပြီး ထူးခြားသော ဝိညာဥ်ခန္ဓာကိုယ်စွမ်းအားများရှိသည့် သရဲကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ထို့အပြင် သူ့ကို ပိုင်ရှောင်ချန်း၏ မျက်နှာဖုံးစွမ်းအားများကလည်း ကာကွယ်ပေးထားသေးသည်။ ထို့ကြောင့် သူ၏ သရုပ်မှန်အား အခြားလူများ သိသွားမည်ကို တွေးပူနေစရာမလိုပေ။ ထို့အပြင် သူမသေခင်က သူသည် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ခဲ့ပြီး သူ၏မျိုးနွယ်စုမှ အဝေးဆုံးသို့ရောက်ဖူးသည့်နေရာမှာလည်း သူသေဆုံးခဲ့သည့်နေရာဖြစ်သော သင်းကွဲဝိညာဥ်များ၏သစ်တော အထိသာ ဖြစ်သည်။

ဗဟိုဧကရာဇ်မြို့ထဲတွင် ဈေးဆိုင်တစ်ဆိုင် ဖွင့်ရသည့်ခံစားချက်မှာ သူ့အတွက် အလွန်စိတ်လှုပ်ရှားစရာ ကောင်းနေသည်။

ဤကိစ္စအပေါ် ပိုင်ဟောက်က အလွန်စိတ်အားထက်သန်နေသည်ကို ပိုင်ရှောင်ချန်း သတိထားမိလိုက်သဖြင့် အနည်းငယ် စိတ်ဓာတ်တက်ကြွလာတော့သည်။ ပိုင်ဟောက်အား တစ်ခဏမျှ အဓိပ္ပါယ်ပါပါကြည့်လိုက်သောအခါ သူသည် သက်တောင့်သက်သာ ရှိနေကြောင်းကို မြင်နိုင်ပေသည်။

" အေးကွ မင်းမှန်တယ်။ ငါ့တပည့်ရာ မင်းဘဝမှာ မင်းလည်း အခက်အခဲတွေကြည့်ရင်ဆိုင်ခဲ့ရတာ။ ပြီးတော့ ငါကမင်းရဲ့သရုပ်မှန်ကို ယူသုံးနေတာဆိုတော့ သရဲကျင့်ကြံသူတစ်ယောက်အဖြစ် မင်း ပြန်အသက်ဝင်လာကထဲက ဘယ်လူနဲ့မှ အဆက်အသွယ်မလုပ်နိုင်ဘူး ဖြစ်နေရတာ။ ဒါက မင်းအတွက် မတရားဘူးလေ "

ထိုသို့ဆိုကာ ပိုင်ရှောင်ချန်းက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူ၏မျက်နှာဖုံးမှ စွမ်းအားအချို့ကို ပိုင်ဟောက်ဆီသို့ ပေးပို့လိုက်သည်။

" ဆရာ "

ပိုင်ဟောက်မှာ အံ့သြသွားသည်။

" အခုကစပြီး မင်းက ငါ့ရဲ့ ဝိညာဥ်ကျေးကျွန်အဖြစ် ဟန်ဆောင်နေလိုက်။ ငါ့ရဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း အစွမ်းနဲ့ဆိုရင် ဒီဆိုင်ကို ချက်ချင်းပြန်ပြီး အသက်သွင်းလို့ရတယ် " မြေရိုင်းဒေသရှိ အောက်လမ်းဆရာများစွာတွင် ရိုးရှင်းသော လုပ်ငန်းများထက် ပို၍မစွမ်းဆောင်နိုင်သော ဝိညာဥ်ကျေးကျွန်ဟုခေါ်သည့် အရာများရှိကြသည်။

ပိုင်ဟောက်အား ဝိညာဥ်ကျေးကျွန်အဖြစ် ဟန်ဆောင်စေလိုက်ခြင်းအားဖြင့် သူ၏သရုပ်မှန်အား သံသယရှိလာနိုင်မှုများကို ကြိုတင်ဟန့်တားလိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။ ထို့အပြင် သူ၏ ဝိညာဥ်ကျင့်ကြံသူအစွမ်းကိုသုံးကာ ပုံပန်းသွင်ပြင်ကို ပြောင်းလဲထားသဖြင့် သူ၏သရုပ်မှန်ကို ဖော်ထုတ်နိုင်သူမှာ လုံးဝရှိနိုင်တော့မည်မဟုတ်။

ပိုင်ဟောက်မှာ ပို၍စိတ်လှုပ်ရှားလာပြီး လက်ယှက်ကာ သူ၏ဆရာကို တရိုတသေ ဦးညွှတ်လိုက်တော့သည်။

ထိုနည်းအားဖြင့် ဆရာတပည့်နှစ်ယောက်မှာ ဈေးဆိုင်ထဲတွင် အခြေချလိုက်ကြတော့သည်။ ရက်အနည်းငယ်ကြာပြီးနောက် ဈေးဆိုင်ကို ပြန်ဖွင့်လိုက်တော့သည်။ ဈေးဆိုင်၏ ပုံစံမှာ ပြောင်းလဲမသွားသော်လည်း ယခုဈေးဆိုင်ပိုင်ရှင်မှာ ယခင်တစ်ယောက်နှင့်ယှဥ်လိုက်ပါက မိုးနှင့်မြေအလား ကွာခြားနေသည့် စိတ်စွမ်းအင်အဆင့်မြှင့်တင်သူတစ်ယောက်ဖြစ်သည်။

သို့သော် ဆိုင်၏နာမည်မှာ မသင့်တော်ပဲ လဝက်တိတိ ဖွင့်ပြီးသည့်တိုင်အောင် ဤလမ်းပေါ်ရှိ အခြားဆိုင်များမှာ အလုပ်ရှုပ်နေသော်လည်း သူတို့ဆိုင်မှာ ဖောက်သည်ပင် မရှိပေ။

ပိုင်ရှောင်ချန်းမှာ ထိုအချက်ကို သတိထားမိသွားသောအခါ သူပိုင်ဟောက်ကိုပြောမိခဲ့သည့် စကားကြီးစကားကျယ်များကို ပြန်တွေးမိသွားပြီး ဂနာမငြိမ် ဖြစ်လာတော့သည်။ သူက အနည်းငယ်တွေးတောလိုက်ပြီးနောက် ပိုင်ဟောက်ကို ညွှန်ကြားချက်အချို့ မှာကြားလိုက်တော့သည်။

" တပည့်ရေ။ ဆရာ နည်းနည်းပါးပါး စဥ်းစားကြည့်လိုက်တော့ ဆရာတို့ဆိုင်ကို လူတွေ မလာရတဲ့ အဓိကအကြောင်းအရင်းက ဆိုင်နာမည်က စွဲဆောင်မှုမရှိလို့ပဲကွ။ အဲဒါကြောင့် ဆရာတို့ ဆိုင်နာမည်ပြောင်းမယ်။ အခုစပြီး ဆိုင်နာမည်က ' တစ်မိုးအောက်မှာ ပြိုင်စံရှား နံပါတ်တစ် စိတ်စွမ်းအင်အဆင့်မြှင်တင်ရေးဆိုင် ' ဖြစ်သွားပြီဟေ့ "

All Chapters