← Chapters

ဝင်လာမစဲ တသဲသဲ

Vol. 8 Ch. 723

ဝင်လာမစဲ တသဲသဲ

Vol. 8 Ch. 723

ပိုင်ဟောက်မှာ တခဏမျှ ချီတုံချတုံဖြစ်သွား၏။ နာမည်မှာ ကြီးကျယ်လှသည် မဟုတ်ပါလော။ သို့သော် သူသည် ပိုင်ရှောင်ချန်း မည်မျှ စိတ်ပိုင်းဖြတ်ထားသည်ကို မြင်နေရသဖြင့် လက်ခံခေါင်းညိတ်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ မကြာမီ ဈေးဆိုင် ဆိုင်းဘုတ်အသစ်ပြောင်းသွားလေပြီ။

“ တစ်မိုးအောက်မှာ ပြိုင်စံရှား နံပါတ်တစ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင် ”

ဆိုင်းဘုတ်အသစ်သည် ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ တခြားဆိုင်များကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်။ ထိုမျှသာမက ဖြတ်သွားဖြတ်လာလူအားလုံး၏ မျက်နှာများအပေါ်တွင် သရော်လှောင်ပြောင်သော အမူအရာများကို တွေ့နိုင်သည်။

ဆိုင်းဘုတ်ပြောင်းပြီးနောက် ပိုင်ရှောင်ချန်းက ဆယ့်ခြောက်ရောင်ခြယ် မီးတောက် ဖန်တီးခြင်းကို ယာယီဆိုင်းငံ့ထားလိုက်ပြီး ထိုအစား ကောင်တာနောက်တွင် စိတ်အားထက်သန်စွာ ထိုင်၍ အရှေ့တံခါးမှ မျက်စိမခွာဘဲ ဝယ်သူ့အချို့ကို စောင့်ဆိုင်းနေသည်။

ပိုင်ဟောက်သည်လည်း ထပ်တူ စိတ်လှုပ်ရှားလျက် ဘေးတွင် ရပ်နေ၏။ နာမည်အသစ်မှာ အတန်ငယ် ဟိတ်ဟန်များသည်ဟု သူခံစားရသော်လည်း ပိုင်ရှောင်ချန်းကဲ့သို့ပင် ဝယ်သူအသစ်ရရန် စိတ်အားထက်သန်နေတော့သည်။

သို့သော် နှစ်နာရီကြာသွားသည့်တိုင် ဖြတ်သွားဖြတ်လာရာချီထဲမှ တစ်ယောက်ပင်လျှင် အထဲဝင်မလာချေ။ အမှန်တကယ်တော့ လူအများစုက ဆိုင်းဘုတ်ကိုပင် လက်ညှိုးထိုး၍ ဟားတိုက် ရယ်မောနေကြသည်။

" တစ်မိုးအောက်မှာ ပြိုင်စံရှား နံပါတစ်တဲ့လား။ လေကြီးလိုက်တာကွာ"

" ကျုပ် ဒီ စိတ်စွမ်းအင်အဆင့်မြှင့်တင်ဆိုင်ကို သိတယ်။ သူတို့ နာမည်ကျလာတာ ကြာလှပြီ။ သူတို့က ဝယ်သူတော်တော်များများရဲ့ မှော်ပစ္စည်းတွေကို ဖျက်စီးခဲ့တာ။ သူတို့ သိပ်မကြာခင် သေချာပေါက် စီးပွားပျက်တော့မှာ။ နာမည်လေးပြောင်းပြီး လူတွေကို အရူးလုပ်လို့ရမယ် ထင်နေတာလား"

" ဒါက ဟာသလုပ်စရာလား။ ကျုပ်တို့ ကျင့်ကြံသူတွေက ယုံကြည်စိတ်ချရမှုကို လိုချင်တာ"

ပိုင်ရှောင်ချန်းသည် ပုတ်ခတ်စကားများစွာအား ကြားနေရပြီး မကြာမီ သူ၏ စိတ်အားထက်သန်မှုများသည် ဒေါသအဖြစ် ကူးပြောင်းသွားတော့သည်။ သို့သော် သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး အနည်းငယ်စိတ်ရှည်ရန် သာလိုသည် ဖြစ်ကြောင်း သူ့ကိုယ်သူပြောလိုက်သည်။ တစ်ရက်ကုန်ဆုံးသွား၏။ ထို့နောက် နောက်တစ်ရက်။ နောက်ဆုံး ခုနစ်ရက်ကြာသည့်နောက်တွင်တော့ သူထပ်၍ သည်းမခံနိုင်တော့ပေ။

ထိုတစ်ပတ်အတွင်း လူတစ်ယောက်မှ ဆိုင်ထဲ ခြေလှမ်းပင်မချပေ။ ပထမတွင် နာမည်ပြောင်းခြင်းက လမ်းပေါ်တွင် ဆူညံဆူညံဖြစ်သွားသော်လည်း နောက်ဆုံးတွင်တော့ လှောင်ပြောင်စကားများသည်ပင် ပျောက်ကွယ်သွားတော့သည်။

ဤဆိုင်ကို မည်သူကမှ စိတ်ဝင်စားပုံမပေါ်တော့ရာ ပိုင်ရှောင်ချန်းမှာ စိတ်ဓာတ်ကျလာပြီး တချိန်တည်းမှာပင် မခံချင်စိတ်ဖြစ်လာသည်။

" ငါ ဒါကို မယုံနိုင်ဘူး။ ငါက ဘယ်နေရာသွားသွားပွက်လောရိုက်သွားစေတဲ့ ဉာဏ်ကြီးရှင်လေ။ ဒီလိုမလောက်လေးစားဆိုင်သေးသေးလေးက ဘာလို့ပြဿနာဖြစ်လာနိုင်မှာတုံး "

ထို့နောက် သူက ခါးသီးစွာ ပြုံးနေသော မျက်နှာနှင့်ပိုင်ဟောက်ကို ခေါ်လိုက်ကာ ညွှန်ကြားချက်အသစ်များကို ပေးလိုက်သည်။

" ကဲ ငါ့တပည့်ရေ။ ငါ တောက်လျှောက်တွေးနေတာ။ မင်း မြင်တဲ့အတိုင်း ငါတို့ရဲ့ ဆိုင်းဘုတ်အသစ်က လှည့်စားဖို့အထိ မလုံလောက်ဘူးကွာ။ ငါတို့ရဲ့ ဂုဏ်ယူစရာကောင်းပြီး ခိုင်မာတဲ့ အရည်အချင်းတွေကို ပြသဖို့ တံခါးရဲ့ တစ်ဖက်တစ်ချက်စီမှာ မင်္ဂလာရှိတဲ့ ကဗျာနည်းနည်းရေးလိုက်ကြမယ် ”

" ငါ ကဗျာထဲထည့်ဖို့ အကြောင်းအရာ စဉ်းစားပြီးသွားပြီ။ ရိုးရိုးရှင်းရှင်းနဲ့တည့်တိုးရေးတာ အကောင်းဆုံးပဲ။ တစ်ဖက်မှာ ‘ တစ်ကြိမ်အဆင့်မြှင့်တင်အောင် ဝိညာဉ်ဆေးတစ်ထောင် ’ လို့ရေးပြီး နောက်တစ်ဖက်မှာ ‘ ဆိုင်ထဲသို့ ဝင်လိုကြောင်း ဝိညာဉ်ဆေးတစ်သောင်း ’ လို့ ရေးလိုက်ကွာ "

ထို့နောက် သူက အင်္ကျီလက်စကို ခမ်းနားကြီးကျယ်စွာ ဝှေ့ယမ်းလိုက်သည်။

ယခု ကြားလိုက်ရသည့် အရာကြောင့် ပိုင်ဟောက်က အံ့အားသင့်ကာ မေးလိုက်သည်။

" အမ်၊ ဆရာ ထိပ်စည်းစာကြောင်းကကော "

" အဆင့်မြှင့်ဖို့အတွက်သာ၊ ဝင်လာ။ မမြှင့်တင်ချင်ဘူးလား၊ ထွက်သွား "

ပိုင်ဟောက်မှာ ထိုနေရာတွင် ရပ်လျက် ရယ်ရအခက် ငိုရအခက်ဖြစ်နေတော့သည်။ သို့သော် သူ့ဆရာပျော်လျှင် သူလည်း ပျော်သည်။ များမကြာမီ ကဗျာစာကြောင်းများ ရေးပြီးသွားပြီး တံခါးပတ်လည်တွင် ချိတ်ထားလေသည်။ နောက်တစ်ဖန်ထပ်၍ အုတ်အော်သောင်းနင်း ဖြစ်သွားပြန်သည်။ ဘေးပတ်ဝန်းကျင်ရှိ ဆိုင်များအားလုံးနှင့် ဖြတ်သွားဖြတ်လာများအားလုံး ဤဆိုင်၏ ရူးမိုက်စွာ ပြုမူနေမှုကြောင့် မှင်သက်သွားကြတော့သည်။

" တစ်ခုအဆင့်မြှင့်တင်ဖို့ တစ်ထောင်။ ဒါက ပုံမှန်ဈေးလား၊ အနည်းဆုံးလား။ တခြားဆိုင်တွေက တစ်ရာဆို အများဆုံးပဲ။ အနည်းဆုံးတစ်ထောင်ဆိုတာ ကောင်းကင်အဆင့်အောက်လမ်းဆရာတစ်ယောက်ပဲ တောင်းလို့ရတဲ့ဈေးလေ"

" အရူးစကားတွေ။ ဘယ်လို ပရိယာယ်မျိုး လုပ်ဖို့ သူတို့ကြံနေတာလဲ"

" တကယ်ရယ်စရာကောင်းတယ်ကွာ "

ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာ ထိုင်စောင့်နေစဉ် ပိုင်ဟောက်၏ မျက်လုံးများ တဖျပ်ဖျပ်လက်သွားပြီး ရုတ်တရက် ကိုယ်ကိုကိုင်း၍ သူ့နားနားကပ်ရကာ တစ်ခုခုကို တီးတိုးပြောလိုက်သည်။ ပိုင်ရှောင်ချန်းက အကြိမ်ရေအနည်းငယ် မျက်တောင်ခတ်လိုက်ပြီးနောက် သူ၏ ပေါင်ကို ဖြန်းခနဲရိုက်၍ သဘောတူလိုက်သည်။

ပိုင်ရှောင်ချန်း၏ မူလနည်းလမ်း အလုပ်ဖြစ်သည်လား။ သို့မဟုတ် သတင်းသာပြန့်သွားသည်လား။ မည်သူမှ မပြောနိုင်ပေ။ မည်သို့ပင်ဆိုစေ တံခါးပေါ်တွင် ကဗျာများ ချိတ်ဆွဲထားပြီးနောက် တစ်မိုးအောက်မှာ ပြိုင်စံရှား နံပါတ်တစ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင်က ပထမဆုံးဖောက်သည်ရသွားလေသည်။

သူသည် တုတ်ခိုင်ထွားကြိုင်းသော လူ့ဘီလူးကြီးတစ်ယောက်ဖြစ်ပြီး သူ၏ အရွယ်အစားတစ်ခုလုံးကို ကျုံ့ထားသည့်တိုင် သုံးမီတာ တိတိ မြင့်သေးသည်။ ဆိုင်ထဲဝင်လိုက်သည်နှင့် သူ့ပတ်လည်ရှိ မြေကြီးများ တုန်ခါသွားတော့သည်။

ပိုင်ဟောက်က အပြေးအလွှားသွား၍ ကြိုဆိုရန်ပြင်လိုက်သည့်ဆဲဆဲ ထိုလူက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ တိုက်ပွဲဝင်ပုဆိန်ကြီးတစ်လက် မြေကြီးကို စိုက်သွားသည်။ ၎င်းသည် သာမန်ထုလုပ်ထားခြင်းဖြစ်သော်လည်း ၎င်း၏ မျက်နှာပြင်ပေါ်တွင် ငွေအမှတ်အသားခြောက်ခုရှိလေရာ အလွန်မျက်စိကျဖွယ်ကောင်းနေသည်။

" မင်းက ပေါတောတောဆိုင်းဘတ်ကို ချိတ်ထားတာပဲ"

လူထွားကြီးက ဟိန်းထွက်နေသော အသံကြီးဖြင့် ပြောလိုက်ရာ ချက်ချင်းပင် အပြင်ဘက်မှ လူအချို့စိတ်ဝင်စားလာတော့သည်။ လူများသည် စုရုံးလာကြပြီး မည်သို့ဖြစ်ပျက်နေသည်ကို သိရှိရန် ဝိုင်းကြည့်လာကြတော့သည်။

" ဒီက ငါရဲ့ တိုက်ပွဲဝင်ပုဆိန်က ခြောက်ဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ပြီးပြီ။ အခု ငါခုနစ်ခုမြောက်လိုချင်တယ်။ ငါ တစ်ထောင်မပေးဘူး။ သုံးထောင်ပေးမယ်။ ဒါပေမဲ့ မင်းငါ့တိုက်ပွဲဝင်ပုဆိန်ကို ဖျက်စီးလိုက်ရင်တော့ မင်းရဲ့ ဆိုင်ကို တစစီဖြစ်အောက်လုပ်ပစ်မယ်"

ပိုင်ရှောင်ချန်းက လက်နှစ်ဖက်နောက်ပစ်၍ ကောင်တာနောက်မှ မော်ကြွားစွာ လမ်းလျှောက်လာပြီး ပုဆိန်ကို လေ့လာလိုက်သည်။

" မင်းမှာ သင့်တော်တဲ့ ကုန်ကြမ်းတွေရှိရင် ငါ သုံးထောင်နဲ့ လုပ်ပေးမယ်။ ကုန်ကြမ်းတွေမပါရင် တစ်သောင်းကျမယ် "

လူထွားကြီး၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် သူ့၏ရက်စက်ကြမ်းကြုတ်သော မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခုပေါ်လာ၏။

" ကောင်းပြီ။ တစ်သောင်းပေါ့။ ငါဒီမှာ ပြီးသွားတဲ့ အထိ ထိုင်စောင့်မယ် "

ပိုင်ရှောင်ချန်းက ခေါင်းညိတ်လိုက်ပြီး ဖမ်းဆုပ်သည့် လက်ဟန်ပြုလိုက်ရာ တိုက်ပွဲဝင် ပုဆိန်ကြီးက သူ့လက်ထံ ပျံသန်းလာ၏။ ထို့နောက် သူက အနောက်ခန်းထဲ လမ်းလျှောက် ဝင်သွားသည်။ ထိုအချိန်တွင် အပြင်ဘက်၌ လူအုပ်ကြီးဖြစ်လာပြီး ဝိညာဉ်ဆေးပုလင်းတစ်ထောင်ဟု ပြောလိုက်သည်ကို ကြားသောအခါ ဆူညံပွက်လောရိုက်သွားတော့သည်။

" လက်နက်တစ်ခုကို စိတ်စွမ်းအင်အဆင့်မြှင်တင်တာ တစ်သောင်း.....။ငါဒီလို ဆိုင်သေးသေးလေးမှာ အဲဒီလိုဈေးကို တစ်ခါမှ မမြင်ဖူးဘူး။ အဲဒီလူထွားကြီးက လူလိမ်လား ဘာလားကွာ။ သံသယဖြစ်စရာပဲ။ ဒီလောက်သိသာနေတာကို "

" သူ့ဘာသာသူ လူလိမ်မကလို့ ဘာကြီးဖြစ်နေပစေ အရေးမကြီးဘူး။ စိတ်စွမ်းအင်အဆင့်မြှင့်တင်တာ ဘယ်လိုဖြစ်မလဲပဲ ကြည့်ကြတာပေါ့ "

"ဒီဆိုင်က ခုနစ်ဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ဖို့ လက်ခံလိမ့်မယ်လို့ တစ်ခါမှ ထင်မထားဘူး။ မြှင့်တင့်တာ မအောင်မြင်ရင် ဆိုင်ရဲ့ဂုဏ်သိက္ခာကတော့ သေချာပေါက် မြောင်းထဲရောက်ပြီပဲ "

" ဒီဆိုင်မှာ အစထဲက ဂုဏ်သိက္ခါရှိလို့လား။ သူတို့ စိတ်စွမ်းအင်အဆင့်မမြှင့်တင်နိုင်ရင် သေချာပေါက် စီးပွားပျက်ပြီ"

လူအများ ရပ်လျက် ဆွေးနွေးငြင်းခုံနေကြရင်း အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ကြာသည့်နောက်ဆုံး ဆိုင်၏အနောက်အခန်းထဲမှ စွမ်းအားကြီးသော အငွေ့အသက်များ တလက်လက်ထွက်ပေါ်လာ၏။ ထို့နောက် ပိုင်ရှောင်ချန်းက လက်ထဲတွင် တိုက်ပွဲဝင်ပုဆိန်ကို ကိုင်လျက် လမ်းလျှောက်ထွက်လာသောကြောင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားကြလေသည်။ ရှင်းလင်းပြတ်သားစွာပင် ၎င်း၏ မျက်နှာပြင်ပေါ်၌ ငွေရောင်အမှတ်အသားခုနစ်ခုရှိနေသည်။

" တကယ် အလုပ်ဖြစ်တယ် "

" ဘုရားရေ။ ဒါက ခုနစ်ဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပဲ။ ပြီးတော့ သူက အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်အတွင်း လုပ်သွားခဲ့တာ "

လူအုပ်ကြီး မယုံကြည်နိုင်ဖြစ်နေစဉ် ပိုင်ရှောင်ချန်းက တိုက်ပွဲဝင်ပုဆိန်ကို လူ့ဘီလူးကြီးထံ ပစ်ပေးလိုက်သည်။ ထို့နောက် သူက မျက်နှာပေါ်တွင် မာနကြီးပြီး နားလည်ရခက်သော အမူအရာတစ်ခုဖြင့် လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေသည်။

လူ့ဘီလူးကြီးမှာမူ စိတ်လှုပ်ရှားစွာဖြင့် တိုက်ပွဲဝင်ပုဆိန်ကို လက်ဖြင့် ဖမ်းယူလိုက်ပြီး အပေါ်အောက်ကြည့်လိုက်သည်။ သူသည် လုံးလုံးလျားလျား ရင်သပ်ရှုမောဖြစ်နေပြီး ယုံရခက်နေသည့်ပုံပေါ်သည်။

သို့သော် ပိုင်ရှောင်ချန်းက အားရကျေနပ်ဟန်မတူဘဲ ချောင်းပင်ဟန့်လိုက်သည်။

လူထွားကြီးက ထိုသည်ကို ကြားသောအခါ ချက်ချင်းတုံ့ပြန်လေသည်။ ပိုင်ရှောင်ချန်းကို ရိုသေလေးစားစွာ ကြည့်ရင်း သူက ရုတ်တရက် အော်လိုက်သည်။

" နတ်ဘုရားပဲ။ လုံးဝလက်ဖျားခါလောက်ပါပေတယ်။ ဒါက ကျုပ်ဘဝတစ်လျှောက်လုံး မြင်ခဲ့သမျှထဲ အံသြစရာအကောင်းဆုံးစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပဲ။ ပြီးတော့ ချက်ချင်းလက်ငင်းကို လုပ်ပစ်လိုက်တာ။ အခုအချိန်မှာတော့ မဟာအကြီးအကဲပိုင်၊ ကျုပ် လုံးဝယုံကြည်သွားပါပြီ။ တစ်မိုးအောက်မှာ ပြိုင်စံရှား စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင်ဆိုတဲ့ နာမည်အတိုင်းပဲ။ တကယ်ပဲ တစ်မိုးအောက်မှာ ပြိုင်စံရှားတဲ့ စိတ်စွမ်းအင် အဆင့်မြှင်တင်ရေး ဆိုင်ပါပဲဗျာ။ ”

" ကြည့်ပါ ကိုယ့်လူတို့။ ကျုပ် တိုက်ပွဲဝင်ပုဆိန်ရဲ့ ခုနစ်ဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက ပြီးသွားပြီ။ ဒီနေရာက လုံးဝ ပြိုင်ဘက်ကင်းပဲ။ ကျုပ် နောက်ကျရင် ဒီကို သေချာပေါက် ပြန်လာဦးမယ်"

လူတိုင်း သူ့စကားများကို ရှင်းရှင်းလင်းလင်းကြားရလေသည်။ အချိန်တိုအတွင်း လူအုပ်ထဲရှိ လူများ၏ မျက်နှာများအပေါ်တွင် ထူးဆန်းပြီး လှောင်ပြောင်သော အမူအရာများ ပေါ်လာတော့သည်။ ဤလူထွားကြီး၏ သရုပ်ဆောင်စွမ်းရည်မှာ လုံးဝဆိုးဝါးလွန်းလှရာ ပွင့်ပွင့်လင်းလင်း ကြော်ညာနေသည့်အလားဖြစ်နေတော့သည်။ သူက တစ်ခါမှ တွေ့ဖူးပုံမပေါ်သည့်တိုင် စိတ်စွမ်းအဆင့်မြှင့်တင်သူ၏မျိုးရိုးနာမည်မှာ ပိုင်ဖြစ်ကြောင်းပင် သိနေသည်။

ပိုင်ဟောက်က ခပ်ယဲ့ယဲ့ပြုံးရင်း ဘေးတွင် ရပ်နေ၏။ ဤလူထွားကြီးသည် ၁၀၀ရာခိုင်နှုန်း လူလိမ်ဖြစ်ပေသည်။ ပိုင်ဟောက်က ထိုအကြံကို စဉ်းစားမိသည်ဖြစ်ပြီး သူ့ဆရာ၏ခွင့်ပြုချက်ရပြီးနောက် သင့်တော်သော လူတစ်ယောက်ကို ရှာ၍ အလုပ်ခန့်ခဲ့ခြင်းဖြစ်သည်။ သို့သော် ပိုင်ဟောက်က အနည်းဆုံးချဲ့ကားနေသည့်ပုံပေါက်အောင် အတန်ငယ် တည်းဖြတ်ခဲ့သော်ငြား ဇာတ်ညွှန်းရေးသူမှာကား ပိုင်ရှောင်ချန်းဖြစ်သည်။

ပိုင်ဟောက်မှာ အစက ဤလူထွားကြီးကို ပို၍ ထိန်းထိန်းသိမ်းသိမ်းပြုမူရန် ၊ မသိသာစေရန် အကြံပြုခဲ့သည်။ သို့သော် ယခုအခါ ဘူးပေါ်သလို ပေါ်သွားခဲ့ချေပြီ။

ပိုင်ရှောင်ချန်းမှာလည်း မကျေနပ်ပေ။ မျက်မှောင်ပင် ကြုတ်နေလေပြီ။ သို့သော် သူမကျေမနပ် ဖြစ်နေရသည့် အကြောင်းရင်းကား ဤလူထွားကြီးက ရှည်ရှည်ဝေးဝေးမပြောသောကြောင့်ဖြစ်သည်။ ဤလူအတွက် သူ၏မူလအစီအစဉ်က စိတ်စွမ်းအင်အဆင့်မြှင့်တင်သူကို ချီးမွမ်းပြီးမှ ဆိုင်ကို ပြောမည်။ ထို့နောက် စိတ်စွမ်းအင်မြှင့်တင်ထားသည် ပစ္စည်း။ ဖြစ်စဉ်တစ်ခုလုံးသည် အနိမ့်ဆုံး အမွှေးတိုင်တစ်တိုင် လောာင်ကျွမ်းသည်အထိ ကြာသင့်သည်။

သူက မကျေမနပ်ဖြစ်နေသည့်တိုင် အကျိုးအကြောင်းမလျော်ညီသည့် တစ်ခုကိုမျှဝင်မပြောပေ။ သူက မျက်နှာပေါ်တွင် နက်နဲပြီး လေးစားဖွယ်အသွင်ဖြင့် ရပ်လျက် ကောင်းကင်ကိုမော့ကြည့်နေသည်။

လူထွားကြီးက ကျယ်လောင်စွာ ချောင်းဟန့်လိုက်ပြီးနောက် သူပိုင်ဆိုင်သည့် ဝိညာဉ်ဆေးများကို ပေးကာ အလွန်ပျော်ရွှင်နေသည်ပုံဖြင့် ထွက်သွားတော့သည်။ လူအုပ်ထဲရှိ လူအများမှာ အနေရခက်သော အကြည့်များဖလှယ်လိုက်ကြသော်လည်း တခဏကြာသော် လူတစ်ယောက်က အံကြိတ်၍ ဆိုင်ထဲလျှောက်သွားသည်။

လူထွားကြီးသည် လူလိမ်ဖြစ်ခဲ့ပြီး လုံးဝသိသာသည်။ သို့သော် ခုနစ်ဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း အလုပ်ဖြစ်သွားသည်မှာ ဝိညာဉ်ကျင့်ကြံသူအများစုအတွက် လုံလောက်ပြီဖြစ်သည်။

ဆိုင်သည် ထိုနေ့က ဖောက်သည်ခြောက်ယောက်ရခဲ့ပြီး ခြောက်ခုအနက် တစ်ခုသာ မအောင်မြင်ပေ။ သို့သော် အောင်မြင်မှု ငါးခုက အတော်လေးဆူညံပွက်လောရိုက်သွားစေသည်။

ထိုသို့ အောင်မြင်မှုနှုန်းသည် အံ့ဖွယ်သရဲဖြစ်လေရာ ဒုတိယနေ့တွင် ဖောက်သည်အယောက် ၂၀ ရလေသည်။ ထိုမှစပြီး တဖြည်းဖြည်း တက်လာတော့သည်။ နောက်လဝက်အတွင်း တစ်မိုးအောက်မှာ ပြိုင်စံရှား နံပါတ်တစ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင်သည် ထိုပတ်ဝန်းကျင်တွင် အုတ်အုတ်ကျက်ကျက် ဖြစ်နေစေတော့သည်။

မကြာမီ သတင်းစကားများ ပြန့်သွားကြရာ မြို့နယ်ရှစ်ဆယ့်ကိုးခု ရှိ လူတိုင်းနီးပါး ထိုအကြောင်း ကြားသွားကြလေသည်။ ဖောက်သည်များ ပိုမို၍ ဆိုင်ထံရောက်လာကြပြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုတိုင်း မအောင်မြင်သော်ငြား ခြောက်ဆယ်ရာခိုင်နှုန်းကျော် အောင်မြင်မှုနှုန်းသည် ဒေသခံဝိညာဉ်ကျင့်ကြံသူများအတွက် လက်ဖျားခါလောက်သော အရာတစ်ခုဖြစ်ပေသည်။ နောက်လများအတွင်း ပိုင်ရှောင်ချန်းမှာ အလွန်အလုပ်များလာကာ ပိုင်ဟောက်က စည်းမျဉ်းအသစ်အချို့ ပြုလုပ်လိုက်လေသည်။ တစ်ချက်မှာ တစ်နေ့တွင် အော်ဒါဆယ်ခုသာ ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

နောက်တစ်ခုက အမုန်းဝိညာဉ်များနှင့် ပတ်သက်သည်။ ပိုင်ရှောင်ချန်းသည် သူ၏ မီးတောက်ဖန်တီးခြင်းအတွက် အမုန်းဝိညာဉ်အမြောက်အမြားလိုအပ်ပြီး သူ့တွင် သိုလှောင်ထားသည်များရှိသော်လည်း ၎င်းမှာ အကန့်အသတ်ရှိသေးသည်။ သူသာ ဂရုမစိုက်လျှင် နောက်ဆုံးတွင် ကုန်သွားမည်ဖြစ်သည်။

ထို့ကြောင့် ဆိုင်မှ ဝိညာဉ်ဆေးရောင်းခြင်းဟူသော နောက်ထပ် စီးပွားရေးလုပ်ငန်းတစ်ခုထပ်ဖွင့်လိုက်သည်။ အမှန်တကယ်တော့ ထိုဆေးများအား ဝယ်ရန် အသုံးပြုရသည့်ငွေကြေးက အမုန်းဝိညာဉ်များဖြစ်သည်။

မြေရိုင်းသားများအတွက် ဝိညာဉ်ဆေးများသည် ကျင့်ကြံအားထုတ်ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေပြီး စီးပွားရေးကောင်းသော လုပ်ငန်းတစ်ခုလည်း ဖြစ်ပေသည်။

ပိုင်ရှောင်ချန်းကမူ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် ဝိညာဉ်ဆေးများ ပြုလုပ်နိုင်သည်။ ထိုသည်က သူ၏ဆိုင်ကို ဈေးကွက်တွင် ချက်ချင်း အပြိုင်အဆိုင်ဖြစ်သွားစေသည်။ မြို့နယ်ရှစ်ဆယ့်ကိုးခုရှိ ဝိညာဉ်ဆေးဆိုင်အများအားလုံးအနက် အဆင့်မြင့်ဝိညာဉ်ဆေးရောင်းနိုင်သည့်ဆိုင်က မရှိသလောက်ရှားသည် မဟုတ်ပါလော။ ပိုင်ရှောင်ချန်း၏ ဆိုင်ကမူ လူအများ ဝယ်နိုင်သရွေ့ သို့မဟုတ် သူတို့မှာ ဝိညာဉ်ဆေးများအတွက်ပေးရန် ဝိညာဉ်များ လုံလုံလောက်လောက်ရှိနေသရွေ့ ရောင်းပေးနိုင်သည်။

ထိုနည်းအားဖြင့် မကြာမီ ပိုင်ရှောင်ချန်း၏ဆိုင်ကား မြို့နယ်အားလုံးတွင် နာမည်ဂုဏ်သတင်းကြီးမားလာတော့သည်။

All Chapters