မိမိမလိုလားအပ်သည့်အရာကို သူတပါးအပေါ် မပြုလုပ်သင့်ဘူး
Vol. 5 Ch. 62
လျိုရှန်ရှန်သည် သူမ၏ တူမအရင်း ဖြစ်သည်။ အသက်ကြီးသည့် ဆွေမျိုးတစ်ဦး အနေဖြင့် သူမ၏ သွေးသားရင်း ဖြစ်သည့် တူမနှင့် မည်သို့ ရန်ငြိုးဖွဲ့ နိုင်လိမ့်မည်နည်း။ နီချွေ့ဟွာမှ ရယ်မောလိုက်ပြီးနောက် ခေါင်းယမ်းလိုက်လေသည်။
"ကိစ္စမရှိပါဘူး ကလေးက"
စကားမဆုံးခင် ရပ်တန့်သွားပြီးနောက် သူမ ဆက်ပြောလိုက်သည်။
"ယောင်းမ ရှင်နဲ့ အစ်ကိုနဲ့ ဒီနှစ်တွေအတွင်း အဆင်ပြေကြတယ် မဟုတ်လား"
လျိုကျွမ်း ခေါင်းညိတ်လိုက်လေသည်။
"ငါတို့ အဆင်ပြေပါတယ် ဒါပေမယ့် အဲ့ဒါက ငါ့မောင်လေးရဲ့ ကျေးဇူးကြောင့်ပါ မဟုတ်ရင် နီတကျူးက သူ့အရည်အချင်းနဲ့သူ အလုပ်သမား ဖြစ်လာနိုင်မယ် ထင်လို့လား ငါ့မောင်သာ ထိန်းချုပ်ပြီး မလုပ်ပေးခဲ့ရင် သူ ဘာမှ ပြီးမြောက် အောင်မြင်မှာ မဟုတ်ဘူး"
နီချွေ့ဟွာသည် အဆင်မပြေစွာဖြင့် ရယ်မောလိုက်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ယောင်းမ ရှင်နဲ့ အစ်ကို နှစ်ယောက်လုံး အခု စက်ရုံမှာ အလုပ်လုပ်နေကြတာလား"
လျိုကျွမ်းသည် မေးခွန်းအား ဖြေမည့်အစား ပြန်မေးလိုက်သည်။
"ယန်ယန် ကျောင်းထွက်လိုက်တာလား"
"ဟုတ်တယ်"
နီချွေ့ဟွာ ခေါင်းညိတ်လိုက်ကာ ရှက်ရွံ့စွာ ဝန်ခံလိုက်သည်။
"ဒါက တကယ်ပဲ မိခင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ ညံ့ဖျင်းမှုပါပဲ ကလေးအတွက် ခက်ခဲခဲ့ပါတယ်"
လျိုကျွမ်းမှ ဆက်ပြောလိုက်လေသည်။
"ယန်ယန် ကျောင်းစောစော ထွက်လိုက်ရတာ တကယ် နှမြောစရာပဲ သူ့ပညာရေး အခြေခံက ဘယ်လောက်ထိ ရောက်ခဲ့လဲ"
လျိုကျွမ်း၏ ရည်ရွယ်ချက်အား နီချွေ့ဟွာ သေချာမသိသော်လည်း သူမ ဖြေလိုက်ဆဲပင် ဖြစ်သည်။
"အလယ်တန်းပါ"
‘အလယ်တန်း ဟုတ်လား...’
လျိုရှန်ရှန်သည် ဤစကားအား ကြားလိုက်သောအခါ သူမ ချက်ချင်း စိတ်သက်သာရာ ရသွားခဲ့သည်။ သူမသည် နီယန်လောက် မလှပသည့် တိုင်အောင် သူမ၏ ပညာရေး အခြေခံသည် ပို၍ မြင့်မားလှသည်။ သူမသည် အထက်တန်း နောက်ဆုံးနှစ်တွင် ရှိနေခဲ့ပြီး နောက်နှစ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုနိုင်သေးသည်။ အနာဂတ်တွင် သူမသည် တက္ကသိုလ်တက်ရောက်ကာ မြို့သား တစ်ဦးနှင့် လက်ထပ်ဦးမည် ဖြစ်သည်။
မြို့ကြီးတွင် မည်သူကမျှ နီယန်ကဲ့သို့ စာမတတ်သူအား လက်ထပ်ချင်လိမ့်မည် မဟုတ်ပေ။ ထိုအချိန်ရောက်လျှင် သူမသည် နီယန်ထက် အဆင့်အတန်း မြင့်မားနေမည် ဖြစ်သလို သူမ၏ ကလေးများနှင့် မျိုးဆက်များသည်လည်း ထိုနည်းတူပင် ဖြစ်လိမ့်မည်။
တောသူမ နီယန်မှာမူ ပန်းပွင့်၏ အလှကို ပေါ်လွင်စေသည့် သစ်ရွက်စိမ်း အဖြစ်သာ ရှိနေရန် ကံပါလာသူ ဖြစ်လေသည်။ ထိုသို့ တွေးမိလိုက်ချိန်တွင် လျိုရှန်ရှန်သည် ကြီးမားလှသော သာလွန်မှုအား ခံစားလိုက်ရသည်။ နီယန်အပေါ်ထားရှိသည့် သူမ၏ အကြည့်များသည် ပို၍ အထင်သေးစရာ ကောင်းလာခဲ့သည်။ လျိုကျွမ်းသည် ကြီးစွာသော ဝမ်းနည်းမှုဖြင့် ပြောလိုက်လေသည်။
"အော် အလယ်တန်းပဲ ရှိတာလား ငါက ယန်ယန် စက်ရုံမှာ အလုပ်ရအောင် နည်းလမ်းရှာပေးဖို့ ငါ့မောင်လေးကို ပြောမလို့ စဉ်းစားနေတာ ဒါပေမယ့် အခု စက်ရုံက အထက်တန်းပညာရေးနဲ့ အထက်ရှိတဲ့သူတွေကိုပဲ ခန့်တာ ဘယ်လိုလုပ်ပြီး အခြေအနေတွေ ဒီလိုဖြစ်သွားရတာလဲ"
လက်တွေ့တွင် လျိုကျွမ်းသည် နီချွေ့ဟွာအား ဖြတ်ချလိုရုံသာ ဖြစ်သည်။
‘နီယန်က စက်ရုံမှာ အလုပ်လုပ်မယ် ဟုတ်လား’
‘အိပ်မက်သာ မက်နေလိုက်...’
နီချွေ့ဟွာနှင့် သူမ၏သမီးသည် သူတို့မိသားစု စက်ရုံ အလုပ်သမားများ အဖြစ် ကြီးပွား နေသောကြောင့်သာ ဆွေမျိုးစပ် နေကြခြင်း ဖြစ်သည်။
‘အရှက်မရှိလိုက်ကြတာ...’
‘သူတို့မိသားစုအပေါ် အခွင့်ကောင်းယူချင်နေတာလား’
‘မရစေရဘူး’
နီချွေ့ဟွာ ရယ်မောလိုက်ကာ ပြောလိုက်လေသည်။
"ရပါတယ် ယောင်းမရယ် ယောင်းမရဲ့ စေတနာကို တန်ဖိုးထားပါတယ် တကယ်တော့ ကျွန်မက ယန်ယန်ကို ဆက်ပြီး ကျောင်းတက်စေချင်တာပါ"
နီချွေ့ဟွာ၏ စကားမဆုံးခင်မှာပင် တံခါးပွင့်လာခဲ့သည်။ အလုပ်သမား ယူနီဖောင်း ဝတ်ထားသည့် နီတကျူးသည် အသားတစ်တုံး ကိုင်လျက် အပြင်မှ ဝင်လာခဲ့သည်။ သူ့အား မြင်လိုက်ရသောအခါ နီချွေ့ဟွာသည် စိတ်လှုပ်ရှားစွာ ထရပ်လိုက်မိသည်။
"အစ်ကို"
နီတကျူးသည် ထိုနေရာတွင် အေးခဲစွာ ရပ်နေခဲ့ကာ တုံ့ပြန်ရန် အချိန်အနည်းငယ် ယူလိုက်ရလေသည်။ ကာလကြာရှည် ခွဲခွာခဲ့ရသည့် မိသားစုနှင့် ပြန်လည် ဆုံတွေ့ခြင်းမှ ဖြစ်ပေါ်လာသင့်သည့် ပျော်ရွှင်မှုမျိုး သူ့မျက်နှာပေါ်တွင် မရှိဘဲ သဘောမတွေ့ မနှစ်မြို့သည့် အရိပ်အယောင်သာ ရှိလေသည်။
"ချွေ့ဟွာ နင် နင် ဒီမှာ ဘာလုပ်နေတာလဲ"
နီတကျူး၏ တုံ့ပြန်မှုကို မြင်သောအခါ နီယန် သိလိုက်သည်မှာ ဤဦးလေးသည် လုံးဝ မျှော်လင့်ချက် မရှိတော့ဟူ၍ ဖြစ်သည်။ သူသည် ဒမ်ကျေးရွာမှ နီတကျူး မဟုတ်တော့ပေ။ နီချွေ့ဟွာမှာမူ သိပ်အများကြီး မတွေးနိုင်တော့ဘဲ နီယန်အား အနားသို့ အမြန် ဆွဲခေါ်လိုက်သည်။
"ယန်ယန် ဒါ သမီးရဲ့ ဦးလေးလေ နှုတ်ဆက်လိုက်ပါဦး"
နီယန်မှ လိမ္မာစွာဖြင့် ပြောလိုက်လေသည်။
"မင်္ဂလာပါ ဦးလေး"
နီတကျူးသည် မျက်ခုံးများအား နက်ရှိုင်းစွာ တွန့်ချိုးလိုက်သည်။
"နင်က ဘာလို့ ကလေးကို ခေါ်လာတာလဲ"
လျိုကျွမ်းသည်လည်း လက်ပိုက်လျှက် ဘေးနားတွင် ရပ်နေခဲ့ပြီး ပြဇာတ် ကြည့်နေသကဲ့သို့ စကားတစ်ခွန်း ဖြည့်စွက်ကာ ဝင်ပြော လိုက်လေသည်။
"ချွေ့ဟွာက မူကျင်းပေါင်နဲ့ ကွာရှင်းလိုက်လို့ နင့်ဆီမှာ ခိုလှုံဖို့ ပေကျင်းကို တမင်တကာ လာခဲ့တာတဲ့"
ထိုစကားအား ကြားလိုက်ရသောအခါ နီတကျူး၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
"ဘာ ကွာရှင်းလိုက်တယ် ဟုတ်လား နင် ဘယ်လိုလုပ် ကွာရှင်းလိုက်တာလဲ ဘာလို့ ကွာရှင်းတာလဲ နင် ဘာအရှက်မရှိတဲ့အလုပ် လုပ်ခဲ့လို့လဲ မူကျင်းပေါင်က နင့်ကို ကွာရှင်းချင်တာလား မူမိသားစုက နင်လိုလူနဲ့ ဘယ်လိုလုပ် ပတ်သက်မိသွားပါလိမ့်"
ထိုစကားများကြောင့် နီယန် မျက်ခုံးအနည်းငယ် တွန့်သွားပြီးနောက် နီတကျူးကို ရိုးရှင်းစွာ စောင့်ကြည့် နေလိုက်သည်။
အစ်ကိုတစ်ယောက်အနေဖြင့် ညီမဖြစ်သူ ကွာရှင်း ပြတ်စဲခြင်း အပေါ် ပထမဆုံး တုံ့ပြန်မှုသည် သူမ ယောက္ခမအိမ်တွင် မတရားခံခဲ့ရသလားဟု စိုးရိမ်ခြင်း မဟုတ်ပါဘဲ သူမ တစ်စုံတစ်ခု အမှား ကျူးလွန်ခဲ့သလားဟု မေးခွန်းထုတ်ခြင်း ဖြစ်နေခဲ့သည်။ သူ့ညီမအား သက်ရှိပြဿနာကောင် ဟုပင် ကျိန်ဆဲလိုက်သေးသည်။
ထိုသို့သော အစ်ကိုမျိုးသည် အမှန် တကယ် လွန်လွန်းလှပေသည်။
"အဲ့ဒီလို မဟုတ်ပါဘူး"
နီချွေ့ဟွာ ချက်ချင်း ထိတ်လန့်သွားခဲ့ကာ ငိုယိုလျှက် ပြောလိုက်သည်။
"အစ်ကို ကျွန်မပြောတာ နားထောင်ပါဦး အဲ့ဒီလို မဟုတ်ပါဘူး ကျွန်မ မူမိသားစုမှာ တကယ် ဆက်မနေနိုင်တော့လို့ပါ အစ်ကို မသိပါဘူး သူတို့က တကယ့်ကို လူစိတ်မရှိကြဘူး ကျွန်မရဲ့ သားကြီးကို စွန့်ပစ်ချင်ရုံ သာမကဘဲ ယန်ယန်ကိုပါ မိန်းမစိုး တစ်ယောက်နဲ့ ပေးစားဖို့ ကြံစည်နေကြတာ ပိုဆိုးတာက မူကျင်းပေါင်က သူ့ကလေးကို လွယ်ထားတဲ့ ဘယ်ကမှန်းမသိတဲ့ မိန်းမတစ်ယောက်ကို အိမ် ပြန်ခေါ်လာခဲ့တယ် အခြေအနေတွေ ဒီလိုဖြစ်နေမှတော့ ကျွန်မ ဒီလို ဘဝမှာ ဘယ်လို ဆက်နေနိုင်မှာလဲ"
နီတကျူးသည် နီချွေ့ဟွာကြောင့် ဒေါသထွက်လွန်း၍ သေတော့မလို ဖြစ်နေခဲ့သည်။
‘ဘာလဲ နင်က ကိုယ့်ယောက်ျားကို ထိန်းထားနိုင် လောက်အောင် အရည်အချင်း မရှိဘဲနဲ့ အခု ငါ့ဆီလာပြီး တိုင်တောနေတာလား’
‘စွန့်ပစ်ခံ ဖိနပ်အိုတစ်ရန်လို နည်းနည်းလေးမှတောင် အရှက်မရှိပါလား’
သူသည် နောက်ဆုံးတွင် ကောင်းမွန်သော နေ့ရက်အချို့အား စတင်၍ ပိုင်ဆိုင်နေပြီ ဖြစ်ရာ ဤအသုံးမကျသည့် ညီမသည် သူ့အား အောက်သို့ ဆွဲချသွားရန် ခွင့် မပြုနိုင်ပေ။ နီတကျူးသည် နီချွေ့ဟွာအား ဒေါသတကြီး လက်ညှိုးထိုးလျှက် အော်ဟစ် ပြောဆိုလိုက်သည်။
"နင် အရည်အချင်း မရှိတာ နင့်အပြစ်ပဲ ဘယ်သူက နင့်ကို သားယောက်ျားလေး မမွေးနိုင်အောင် လုပ်လို့လဲ နင်ကိုယ်တိုင်က သားယောက်ျားလေး မမွေးပေးနိုင်ဘဲနဲ့ သူ့ကို တခြားတစ်ယောက် ရှာခွင့်မပေးချင်ဘူးလား မူမိသားစု မျိုးဆက်ပြတ်သွားတာကို နင်က ထိုင်ကြည့်နေချင်တာလား"
နီချွေ့ဟွာသည် သူမ၏ အစ်ကိုအရင်း ပါးစပ်မှ ဤသို့သော ရက်စက် ပြင်းထန်လှသည့် စကားများ ထွက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့မိချေ။ သူမ စိတ်ကူးထားခဲ့သော မောင်နှမသံယောဇဉ်နှင့် ကွာခြားလွန်းလှပေသည်။ မျက်ရည်များ ပြည့်နေသည့် မျက်လုံးများဖြင့် သူမ မေးလိုက်မိသည်။
"ဒါဆို ယန်ယန်ကရော သူက အရမ်းငယ်သေးတယ်လေ ၁၇ နှစ်ပဲ ရှိသေးတာ သူက မိန်းမစိုးတစ်ယောက်နဲ့ လက်ထပ်ဖို့ ထိုက်တန်လို့လား"
နီတကျူးမှ အေးစက်စွာ ပြန်ဖြေလိုက်သည်။
"အဲ့တော့ သူ လက်ထပ်လိုက်ရရင် ဘာဖြစ်လဲ ဒါက မိဘတွေရဲ့ ဆန္ဒနဲ့ အောင်သွယ်တော်ရဲ့ စကားပဲလေ မိန်းကလေးတစ်ယောက်အနေနဲ့ သူက လက်မထပ်ဘဲ အိမ်မှာနေပြီး သူများ ရှာကျွေးတာ ထိုင်စားနေသင့်တာလား"
"ဦးလေးက အမှန်တရားကို ပုံဖျက်တာ တော်တော်ကျွမ်းကျင်တာပဲ"
နီယန်သည် တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။
"သမီး မှတ်မိတာ မမှားဘူးဆိုရင် ဝမ်းကွဲအစ်မ ရှန်ရှန်က သမီးထက် တစ်နှစ်ကြီးတယ် အဲ့ဒီ မိန်းမစိုးကလည်း မိန်းမမယူရသေးဘူး မိန်းကလေးတွေက စောတာ ဖြစ်ဖြစ် နောက်ကျတာ ဖြစ်ဖြစ် လက်ထပ်ရမှာပဲဆိုတော့ ဘာလို့ သူ့ကို အဲ့ဒီလူနဲ့ လက်ထပ်မပေးလိုက်တာလဲ"
"အော်... ပြီးတော့လေ"
နီယန်မှ ဆက်ပြောလိုက်သည်။
"အဒေါ်ကလည်း အခုထိ ဦးလေးကို သားယောက်ျားလေး မမွေးပေးရသေးဘူးနော် ဦးလေးက သားရဖို့ တခြားမိန်းမ ရှာဖို့ စီစဉ်နေတာလား ဒါမှမဟုတ် ရှာတောင် တွေ့ပြီးနေပြီလား"
ထိုသို့ ပြောလိုက်ရင်း နီယန်သည် သူမ၏အကြည့်အား လျိုကျွမ်းထံသို့ လှည့်လိုက်လေသည်။ နီယန်၏ စကားလုံးများသည် နက်ရှိုင်းစွာ ထိုးနှက်လိုက်မိသည်။ လျိုကျွမ်းသည် နီတကျူးအား စူးစူးရဲရဲ စိုက်ကြည့်ရင်း သွားများကို ကြိတ်နေခဲ့သည်။ သူမသည် နီတကျူးအား အစိမ်းလိုက် ဝါးစားချင်နေပုံ ပေါက်နေလေသည်။
နီတကျူး မကြာသေးမီ အချိန်အတွင်း ထူးထူးဆန်းဆန်း ပြုမူနေသည်ဟု သူမ ခံစားရသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ အမှန်တကယ်တွင် သူသည် သားယောက်ျားလေး လိုချင်နေခြင်း ဖြစ်နိုင်သည်။ သူသည် မည်သို့သော အရာများအား လျို့ဝှက်ထားနေသနည်း။
‘နီတကျူး ဘယ်လိုတောင် ရဲတင်းနေတာလဲ ခဏနေ တံခါးပိတ်ပြီးရင် သူ့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်နေလိုက်’
တခြားတစ်ဖက်တွင်မူ နီတကျူးသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။ နီယန် ဤကဲ့သို့သော စကားများ ပြောလိမ့်မည်ဟု သူ့ခေါင်းထဲတွင် တစ်ခါမျှ မတွေးခဲ့ဖူးပေ။
‘ ဒီ မနာခံတတ်တဲ့ တူမ ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ သူမက သူ့ဦးလေးအရင်းကိုတောင် ပြန်လှန်ပြောရဲတယ်’
သို့သော် သူမ၏ ပြောစကား တစ်ခွန်းကိုမျှ ငြင်းချက်ထုတ်ရန် သူ့အတွက် မဖြစ်နိုင်ပေ။
"ရိုင်းစိုင်းလိုက်တာ ရိုင်းစိုင်းလိုက်တာ နင့်ကို ရိုက်သတ်ပစ်မယ် မလေးမစား လုပ်တဲ့ကောင်မ"
နီတကျူးသည် ညာဘက်လက်အား တန်းတန်းမတ်မတ် မြှောက်လိုက်ကာ နီယန်၏ မျက်နှာကို ရိုက်ရန် ရွယ်လိုက်လေသည်။ သူသည် ယန်ယန်၏ ဦးလေးဖြစ်သည်။ သူ အမှန်တကယ် ရိုက်သတ်လိုက်လျှင်တောင် ဘယ်သူမှ သူ့အား ဘာမှ လုပ်နိုင်မည် မဟုတ်ချေ။
ဤမြင်ကွင်းကြောင့် လျိုရှန်ရှန် ကြောက်လန့်ကာ ပါးစပ်အား အုပ်လိုက်သော်လည်း သူမ၏ မျက်လုံးများကမူ သူတစ်ပါး ဒုက္ခရောက်သည်ကို ကြည့်ကာ ကျေနပ်နေသည့် အရိပ်အယောင်ဖြင့် တောက်ပနေခဲ့သည်။
‘ရိုက်လိုက်စမ်း’
‘ဒီ တောသူမကို ရုပ်ပျက်ဆင်းပျက်ဖြစ်သွားအောင် သူ ရိုက်နှက်ပစ်လိုက်ရင် ကောင်းမယ်’
နီယန်၏ လှပသည့် မျက်နှာအား မြင်တိုင်း သူမ ပျို့အန်ချင်လာမိသည်။
‘ဒီလောက်လှပတဲ့ မျက်နှာက ဘာလို့ နီယန်ဆီမှာ ပါလာရတာလဲ လောကကြီးက တကယ်ကို မတရားဘူး’
နောက်ခံဖြစ်ဖြစ် ပညာအရည်အချင်းဖြစ်ဖြစ် သူမသည် နီယန်ထက် အဆပေါင်းရာချီ သာလွန်လှပေသည်။ အဘယ်ကြောင့် သူမသည် နီယန်၏ တစ်ဝက်လောက်တောင်မှ မလှရလေသနည်း။
နီယန်သည် သူမဆီသို့ ရောက်လာသောလက်အား တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။ သူမသည် လက်အား ညင်သာစွာ မြှောက်လိုက်ပြီးနောက် နီတကျူး၏ လက်ကောက်ဝတ်အား ဖမ်းဆုပ်လျှက် ရယ်မောကာ ပြောလိုက်သည်။
"မခံနိုင်တော့ဘူးလား 'မိမိမလိုလားအပ်တဲ့အရာကို သူတပါးအပေါ် မပြုလုပ်သင့်ဘူး' ဆိုတဲ့ စကားကို မကြားဖူးဘူးလား ဦးလေးက ဒါလေးတောင် မခံနိုင်ဘဲနဲ့ သမီးနဲ့ သမီးအမေအပေါ် အတင်းအဓမ္မ လုပ်ပိုင်ခွင့် ဘယ်ကရလာတာလဲ ဦးလေးက တကယ့်ကို အစ်ကိုကောင်း ဦးလေးကောင်းပါပဲ"