တစ်နေ့ကျရင် ရှင် မော့ကြည့်ရင်တောင် မြင်နိုင်တော့မှာ မဟုတ်ဘူး
Vol. 5 Ch. 63
ရုတ်တရက် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ တိတ်ဆိတ်လွန်းသဖြင့် အသက်ရှူသံများကိုသာ ကြားနေရသည်။ အခန်းထဲရှိ မျက်လုံးအားလုံး နီယန်အပေါ် ကျရောက်နေခဲ့လေသည်။
နီယန်သည် နီတကျူး၏လက်အား လွယ်လွယ်ကူကူ ဖမ်းဆုပ်လိုက်နိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြသလို ထိုတောသူမသည် ထိုကဲ့သို့သော စကားလုံးများအား ပြောဆို လိမ့်မည်ဟုလည်း မထင်ထားခဲ့ကြပေ။
သူမသည် ဆယ်ကျော်သက်တစ်ဦး မဟုတ်သကဲ့သို့ တောမှ ရောက်လာခါစ လူတစ်ယောက် မဟုတ်သလိုမျိုး တည်ငြိမ်နေခဲ့သည်။
"ငါ့ကို လွှတ်စမ်း"
နီတကျူး ရုန်းကန်လိုက်သော်လည်း နီယန်၏ လက်သည် သူ၏လက်ကောက်ဝတ်အား မလှုပ်မယှက် ညှပ်ထားသကဲ့သို့ ဖြစ်နေသည်။
ကိုယ်တိုင်သာ မကြုံတွေ့ခဲ့ရလျှင် နီတကျူးအနေဖြင့် သူ့ခွန်အားသည် ထိုကောင်မလေးထက် နည်းနေသည်အား ယုံကြည်မိလိမ့်မည် မဟုတ်ပေ။
"နင့်ဦးလေးကို လွှတ်ပေးလိုက်ပါ ကလေးရယ်"
နီချွေ့ဟွာသည် သူမ၏ ကလေးအား ပွေ့ထားရင်းဖြင့် နီယန်အနားသို့ လျှောက်လာကာ အမြန်ပြောလိုက်သည်။ နီယန်သည် နီချွေ့ဟွာကို တစ်ချက် ကြည့်လိုက်ပြီးနောက် လက်အား လွှတ်ပေးလိုက်တော့သည်။ နီတကျူးသည် သူတို့နှစ်ယောက်လုံးကို စူးစူးရဲရဲ ကြည့်လိုက်ပြီးနောက် တံခါးပေါက်ဆီသို့ လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
"နင်ပျိုးထောင်ထားတဲ့ သမီးလိမ္မာလေးကို ကြည့်စမ်းပါဦး မူမိသားစုက နင့်ကို လက်မခံတာ အံ့သြစရာ မရှိတော့ဘူး ငါ့မျက်စိရှေ့က ထွက်သွားကြစမ်း ငါ နင်တို့ကို မသိဘူး"
ထိုစကားအား ကြားသောအခါ နီချွေ့ဟွာသည် ထိတ်လန့်သွားခဲ့ကာ နီယန်၏ လက်မောင်းအား အမြန်ဆွဲလိုက်လေသည်။
"ယန်ယန် နင့်ဦးလေးကို အမြန်တောင်းပန်လိုက် တောင်းပန်ပါတယ်လို့ ပြောလိုက်"
ထို့နောက် သူမသည် နီတကျူးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"အစ်ကို သူ တမင်လုပ်တာ မဟုတ်ပါဘူး သူက ငယ်ပါသေးတယ် စိတ်ထဲ မထားပါနဲ့"
နီချွေ့ဟွာသည် အလွန်အမင်း နှိမ့်ချနေပုံ ပေါက်နေခဲ့သည်။ သူမ၏ မိဘများ ဆုံးပါးသွားခဲ့ပြီ ဖြစ်ရာ သူမအတွက် ကျန်ရှိနေသည်မှာ ဤအစ်ကို ဖြစ်သူ နီတကျူးသာ ဖြစ်သည်။ ဆိုရိုးစကားအတိုင်းပင် အစ်ကိုကြီးသည် ဖခင်သဖွယ် ဖြစ်သည်လေ။
နီတကျူး မည်သို့ပင် ပြောဆိုနေသည် ဖြစ်စေ မည်သို့ပင် လုပ်နေသည် ဖြစ်စေ သူမကောင်းဖို့အတွက်သာ ဖြစ်လေသည်။ မည်သို့ဆိုစေ မည်သည့် အစ်ကိုမဆို ကိုယ့်ညီမအရင်းအား ဒုက္ခပေးမည် မဟုတ်ချေ။
လျိုရှန်ရှန်သည် လျိုကျွမ်း၏ လက်မောင်းအား ကိုင်ထားရင်း သူမ၏အကြည့်များသည် အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေကာ တိုးတိုးလေး ပြောလိုက်သည်။
"အမေ ကြည့်စမ်း သူ ဒူးထောက်ခယနေတာ သူတို့ တကယ်ပဲ သမီးတို့အိမ်မှာ နေဖို့ ကြံစည်နေတယ်လို့ အမေထင်လား"
‘နီချွေ့ဟွာက အရှက်မရှိလိုက်တာ ဂုဏ်သိက္ခာရှိတဲ့ ဘယ်လူမဆို ဒီလိုဆက်ဆံခံရရင် နီတကျူးကို ကျောခိုင်းပြီး ထွက်သွားကြမှာပဲ ဒါပေမယ့် သူကကျ နီတကျူးကို ဆက်ပြီး တောင်းပန်နေသေးတယ် တောသူတွေက တောသူတွေပါပဲ သူ့မှာ ကျောရိုးမရှိဘူး သူတို့အိမ်မှာ နေရဖို့အရေး သူ့သိက္ခာကိုတောင် စွန့်လွှတ်ထားတယ်’
"မပူပါနဲ့"
လျိုကျွမ်းသည် လျိုရှန်ရှန်၏ ပေါင်အား ပုတ်လိုက်သည်။
"ငါက ဒီသူတောင်းစားမကို ငါတို့အိမ်မှာ လုံးဝ ပေးမနေဘူး"
လျိုရှန်ရှန် ခေါင်းညိတ်လိုက်ပြီးနောက် သူမမျက်နှာတွင် ကဲ့ရဲ့ ပြစ်တင်သည့် အပြုံးများ ပြည့်နှက်နေခဲ့သည်။
"ယန်ယန် နင့်ဦးလေးကို မြန်မြန်တောင်းပန်လိုက်လေ"
နီယန် ဘာမှမပြောသည်ကို မြင်သောအခါ နီချွေ့ဟွာ ငိုတော့မည့်ပုံ ပေါက်နေလေသည်။ နီယန်သည် နီချွေ့ဟွာကို ငုံ့ကြည့်လိုက်လေတော့သည်။
"အမေ မမြင်ဘူးလား သူတို့က အမေ့ကို ညီမတစ်ယောက်အနေနဲ့တောင် အသိအမှတ် မပြုချင်ကြဘူး သမီးတို့ကို ကြိုဆိုဖို့ဆိုတာ ဝေးရော"
ထိုစကားအား ကြားသောအခါ နီချွေ့ဟွာသည် အလျှင်အမြန် ကြားဖြတ်၍ ပြောလိုက်သည်။
"ယန်ယန် ပေါက်ကရတွေ မပြောစမ်းနဲ့"
ထို့နောက် သူမ နီတကျူးနှင့် လျိုကျွမ်းဘက်သို့ လှည့်ကာ ထပ်မံ၍ ရှင်းပြလိုက်လေသည်။
"အစ်ကို ယောင်းမ ယန်ယန် ဆိုလိုတာ အဲ့ဒါ မဟုတ်ပါဘူး ကျေးဇူးပြုပြီး နားလည်မှု မလွဲပါနဲ့"
နီယန်မှာမူ ပြောစရာစကား မရှိတော့ပေ။
ဤအခြေအနေမျိုး ဒီအထိ ရောက်လာသည်ကိုပင် နီချွေ့ဟွာအနေဖြင့် နီတကျူး မိသားစု၏ သရုပ်မှန်အား မမြင်သေးကြောင်း သူမ ဘယ်တုန်းကမှ မတွေးမိခဲ့ချေ။ လျိုကျွမ်းသည် အပြုံးတစ်ခုဖြင့် ရှေ့သို့ တိုးလာခဲ့သည်။
"အခု ဒီကိစ္စကို ပြောနေကြမှတော့ ငါ တစ်ခုလောက် ရှင်းအောင် ပြောရမယ် ချွေ့ဟွာ နင်နဲ့ နီတကျူးက မောင်နှမအရင်းတွေ မဟုတ်ကြဘူး နင်တို့မှာ ဘာသွေးသားတော်စပ်မှုမှ မရှိဘူး နင်က နီတကျူးအဖေ ကောက်ရခဲ့တဲ့ မိဘမဲ့ကလေး တစ်ယောက်ပဲ နင်သာ တကယ် သူ့ညီမဆိုရင် ငါတို့ ဘာလို့ မကြိုဆိုရမှာလဲ ဒါပေမယ့် နင်က မဟုတ်ဘူးလေ ပြီးတော့ အခု နီတကျူးက လျူမိသားစုထဲ ဝင်ရောက် လက်ထပ်ထား ပြီးပြီဆိုတော့ သူက နင်နဲ့ ပတ်သက်စရာ အကြောင်း ပိုတောင်မရှိတော့ဘူး နင့်မှာ အရှက်ရှိရင် ငါတို့အိမ်ကနေ ထွက်သွားသင့်တယ် သွားတော့ ငါတို့ ရဲမခေါ်ခင်နဲ့ အခြေအနေတွေ ရုပ်ပျက်ဆင်းပျက် မဖြစ်ခင်ပေါ့"
လျိုကျွမ်း၏ စကားများသည် ကြည်လင်နေသည့် ကောင်းကင်မှ မိုးကြိုးပစ်ချ လိုက်သကဲ့သို့ နီချွေ့ဟွာအား တည့်တည့် ထိမှန်သွားသည်။ နီချွေ့ဟွာသည် မည်သို့မျှ ပြန်မတုံ့ပြန်နိုင်ဘဲ အကြာကြီး ရပ်နေမိလေသည်။
နီယန်သည်လည်း အံ့အားသင့်သွားခဲ့သည်။ သူမ၏ အမေနှင့် နီတကျူးတို့ သွေးသားတော်စပ်မှု မရှိကြောင်း သူမ ဘယ်တုန်းကမှ မထင်ထားခဲ့မိချေ။
မထူးဆန်းပါပေ။ နီချွေ့ဟွာတွင် လှည့်ဖြားတတ်သည့် အမူအကျင့် လုံးဝမရှိပါဘဲနှင့် နီတကျူးမှာမူ ထိုမျှ ယုတ်မာသည့် လူတစ်ယောက် ဖြစ်နေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ထို့အပြင် သူတို့တွင် သိသာထင်ရှားသော တူညီမှု တစ်ခုမှလည်း မရှိကြချေ။ ဤအချက်အား သိလိုက်ရပြီးနောက် နီယန်သည် အကြောင်းပြချက်မရှိဘဲ စိတ်သက်သာရာ ရသွားခဲ့သည်။
နီချွေ့ဟွာသည် နီတကျူးအား မော့ကြည့်ရန် အချိန်အနည်းငယ် ယူလိုက်ရပြီးနောက် သူမ၏ လေသံတွင် မယုံကြည်နိုင်မှုများ လွှမ်းမိုးသွားခဲ့သည်။
"အစ်ကို"
နီတကျူး၏ မျက်နှာထားသည် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့လေပြီ။
"လျိုကျွမ်းပြောတာ မှန်တယ် ငါက နင့်အစ်ကို မဟုတ်ဘူး နင်က မလိုချင်လို့ စွန့်ပစ်ခံထားရတဲ့ အရိုင်းအစိုင်း ကလေး တစ်ယောက်ပဲ အခု ထွက်သွားတော့ မိသားစုလို ဟန်ဆောင်ပြီး ပြန်မလာခဲ့နဲ့"
"အစ်ကို"
နီချွေ့ဟွာသည် ဤလက်တွေ့ဘဝအား လက်ခံရန် ဝန်လေးနေခဲ့ကာ နီတကျူးအား စိုက်ကြည့်နေမိတော့သည်။
"ငါက နင့်အစ်ကို မဟုတ်ဘူးလို့ ပြောနေတယ်လေ နင် ဘယ်တော့မှ သဘောပေါက်မှာလဲ"
နီတကျူးသည် နီချွေ့ဟွာအား စူးစူးရဲရဲ ကြည့်လိုက်ခဲ့သည်။
"နင် ဘာကြံစည်နေလဲ ငါမသိဘူး မထင်နဲ့ နင် ငါ့မိသားစုဆီက ကပ်စားလို့ ရမယ်ထင်နေတာလား အိပ်မက်သာ မက်နေလိုက်"
နီချွေ့ဟွာသည် နီတကျူး၏ လက်မောင်းကို တွယ်ဖက်ထားလျှက် ငိုကြွေးလိုက်လေသည်။
"အစ်ကို. ဒါ အမှန်မဟုတ်ဘူးလို့ ပြောပါ အစ်ကိုက ကျွန်မရဲ့ အစ်ကိုပါ ဟုတ်တယ်မလား အစ်ကိုက ကျွန်မရဲ့ အစ်ကိုပါ"
နီတကျူးသည် နီချွေ့ဟွာအား ကြမ်းတမ်းစွာ တွန်းထုတ် လိုက်တော့သည်။
"နင့်မှာ အရှက်မရှိဘူးလား ငါ ဒီလောက် ပြောနေတာတောင် နင်က ဘယ်လိုလုပ်ပြီး ဒါကို အတင်းပြောနေရတာလဲ နားမလည် နိုင်ဘူးလား"
သူတို့၏ ရန်ဖြစ်သံသည် လူအများ၏ အာရုံစိုက်မှုအား ဆွဲဆောင်လိုက်မိပြီး မကြာခင်မှာပင် လူအုပ်ကြီးသည် သူတို့အား ဝိုင်းရံလာကြလေတော့သည်။
"ဘာတွေဖြစ်နေတာလဲ"
"ဘယ်သူသိမှာလဲ ငါတို့လည်း အခုမှ ရောက်တာ"
ဘယ်ခေတ် ဘယ်ကာလမှာ မဆို ပွဲကြည့် ပရိသတ်တွေများသည် ရှိသမြဲပင် ဖြစ်သည်။ ထို အခွင့်အရေးအား အသုံးချပြီးနောက် လျိုကျွမ်းမှ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"သူ့ကို ကြည့်ကြပါဦး ဒီလောက် အရှက်မရှိတဲ့လူမျိုး မြင်ဖူးကြလား ငါတို့ နီတကျူးက တစ်ဦးတည်းသော သားပါ သူ့မိဘတွေ ဆုံးတာ ကြာပါပြီ သူ့မှာ ညီမလည်း မရှိပါဘူး ဒီမိန်းမက ရွာတစ်ရွာတည်းမှာ အတူကြီးပြင်းခဲ့လို့ နီတကျူးကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာပါ အခု နီတကျူးက အလုပ်ရပြီး ပိုက်ဆံရှာနိုင်တော့ သူက ဆွေမျိုး တော်ချင်နေတယ် ငါတို့ သူ့ကို မောင်းထုတ်လို့တောင် မရဘူး ဖြစ်နေတယ်"
"ဟုတ်တယ် ငါလည်း ထူးဆန်းတယ်လို့ ထင်နေတာ နီတကျူးက တစ်ဦးတည်းသောသားလေ ဒါပေမယ့် ဒီမိန်းမက နီတကျူးရဲ့ ညီမပါလို့ အတင်းပြောနေတာ ဒါဆို သူက လိမ်လည်လှည့်ဖြားတဲ့သူ ပေါ့"
"ငါလည်း စဉ်းစားနေတာ သူက နီတကျူးနဲ့ ဘာမှလည်း မတူဘူး "
"ဘုရားရေ ကမ္ဘာပေါ်မှာ ဒီလောက် အရှက်မရှိတဲ့လူမျိုး ဘယ်လိုလုပ် ရှိနိုင်ရတာလဲ"
ပတ်ဝန်းကျင်မှ တီးတိုးပြောဆိုသံများကို နားထောင်လျှက် နီယန်သည် နီတကျူးနှင့် လျိုကျွမ်းအား ကြည့်လိုက်မိသည်။ သူမ၏ နှင်းဆီရောင် နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားပြီးနောက် စကားလုံး တစ်လုံးချင်းစီ ပြောလိုက်တော့သည်။
"ဒီစကားကို မှတ်ထားလိုက်ပါ အခုအချိန်မှာ ရှင်တို့က ကျွန်မကို အထင်သေးနေကြပေမယ့် တစ်နေ့ကျရင်တော့ ကျွန်မကို မော့ကြည့်ရင်တောင် မြင်နိုင်တော့မှာ မဟုတ်ဘူး"
သူမ၏ လေသံတွင် တည်ငြိမ်နေသည့်တိုင် နက်ရှိုင်းစွာ ပဲ့တင်ထပ်သွားစေမည့် ရှင်းပြ၍မရသော စွမ်းအားတစ်ခု ကိန်းအောင်းနေခဲ့သည်။
လူအုပ်ကြီးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ သူတို့၏ မျက်လုံးများတွင် တုန်လှုပ်မှုများ ထင်ဟပ်နေတော့သည်။ သူမသည် မိန်းကလေးငယ် တစ်ဦးသာ ဖြစ်သော်လည်း ရှင်းပြ၍ မရသော ဖိအားတစ်ခုအား ထုတ်လွှတ်နေလေသည်။
ထို့နောက် နီယန်သည် သူမ၏ ညီမလေးအား လက်တစ်ဖက်ဖြင့် ပွေ့လျှက် ကျန်လက်တစ်ဖက်ဖြင့် နီချွေ့ဟွာအား ဆွဲလိုက်သည်။
"အမေ သွားရအောင်"
နီချွေ့ဟွာသည် ကြောင်တောင်တောင်နှင့် လမ်းပျောက်နေသူ တစ်ဦးသကဲ့သို့ နီယန်၏ နောက်သို့ လိုက်ပါသွားတော့သည်။ လျိုကျွမ်းသည် နီယန် ထွက်ခွာသွားပုံအား ကြည့်ပြီး လှောင်ပြောင် ရယ်မောလိုက်လေသည်။
"တောသူမကများ လေကြီးမိုးကြီး ပြောနေလိုက်တာ နင့်ခါး နာသွားမှာ မကြောက်ဘူးလား နင်သာ တကယ် အဲ့လောက် စွမ်းဆောင်ရည်ရှိရင် ဒီနေ့ ဘာလို့ ငါတို့ကို လာတောင်းပန်နေရတာလဲ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေတာပဲ"
လျိုရှန်ရှန်သည်လည်း တခစ်ခစ် ရယ်မောလိုက်မိသည်။
"ဟုတ်ပ သူသာ အဲ့လောက် စွမ်းဆောင်ရည်ရှိရင် ဒီနေ့ ဘာလို့ ငါတို့ကို လာတောင်းပန်နေရတာလဲ 'မော့ကြည့်ရင်တောင် မမြင်နိုင်ဘူး' ဟုတ်လား သူက သူ့ကိုယ်သူ ဘာမှတ်နေလဲ မသိဘူး ရွံစရာကောင်းလိုက်တာ"
‘နီယန်လို တောသူမ တစ်ယောက်က ဘာများ စွမ်းဆောင်နိုင်မှာမို့လဲ မြို့ထဲမှာ လမ်း သန့်ရှင်းရေးလောက်ပဲ လုပ်ဖြစ်မှာပေါ့’
‘အဲ့ဒီအလုပ်အတွက်တောင် အရည်အချင်း မမီလောက်ဘူး အောက်တန်းစားဆိုတာ ဘယ်တော့မဆို အောက်တန်းစားပါပဲ’
နီယန်သည် နီချွေ့ဟွာနှင့် သူမ၏ ညီမလေးအား အလုပ်သမား ဝင်းထဲမှ ခေါ်ထုတ်လာခဲ့သည်။ လမ်းတစ်လျှောက်လုံး နီချွေ့ဟွာသည် သူမ၏ ဝိညာဉ် ပျောက်ဆုံးသွား သကဲ့သို့ ဖြစ်နေခဲ့ပြီး နီတကျူး၏ အေးစက်သည့် စကားလုံးများသည် သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
သူမသည် အသက် ၃၆ နှစ် ရှိပြီဖြစ်သည့် အပြင် သူမ၏ အတိတ် အကြောင်းအား အစ်ကိုဖြစ်သူ၏ နှုတ်မှ ယခုလေးတင် ကြားခဲ့ရခြင်း ဖြစ်လေသည်။ ချက်ချင်းဆိုသလို ဤ သတင်း အချက်အလက်အား လက်ခံရယူရန် ခက်ခဲနေခဲ့သည်။
သူမသည် အမှန် တကယ်ပင် မွေးစားခံထားရခြင်း ဖြစ်နေခဲ့သည်လား...
ထိုသို့ ဆိုလျှင် သူမ၏ မိဘအရင်းများသည် ယခု မည်သည့် နေရာတွင် ရှိနေသနည်း။