သင်ခန်းစာပေးဖို့ လက်တွေ့အရေးယူခြင်း
Vol. 5 Ch. 64
နီချွေ့ဟွာသည် သူမ၏ မိဘအရင်းများမှာ မည်သူမည်ဝါ ဆိုသည်အား သိချင်နေမိခဲ့သည်။ နီယန်သည်လည်း ထိုနည်းတူစွာပင် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ အတိတ်ဘဝတွင် နိုင်ငံခြားသားများမှ ဆွေမျိုးများ ရှာဖွေရန် အတွက် ဒမ်ကျေးရွာသို့ ရောက်ရှိလာခဲ့ဖူးသည်အား သူမ မှတ်မိနေသောကြောင့် ဖြစ်ပေသည်။
ထိုသူများသည် ကောင်းမွန်သပ်ရပ်စွာ ဝတ်စား ဆင်ယင် ထားကာ ကားမောင်း လာကြသဖြင့် လူအများ၏ အာရုံစိုက်မှုကိုလည်း ရရှိခဲ့သည်။
သို့သော် ထိုအချိန်၌ နီချွေ့ဟွာသည် သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး နီယန်မှာလည်း အိမ်ထောင်ဦးစီးမှ အိမ်ထဲ၌သာ လှောင်ပိတ်ထားခြင်း ခံခဲ့ရသည်။ သူမသည် ပြင်ပကမ္ဘာအကြောင်း ထွေထွေထူးထူး မသိခဲ့ရသကဲ့သို့ ထိုဆွေမျိုး လာရှာသူများသည် နီချွေ့ဟွာနှင့် ပတ်သက်ခြင်း ရှိ မရှိ ဆိုသည်အားလည်း မသိခဲ့ရပေ။
နီချွေ့ဟွာသည်လည်း ယောက်ျားလေးများသာ လိုချင်ကာ မိန်းကလေးအား မလိုချင်သည့် ခေတ်ရေစီးကြောင်းကြောင့် စွန့်ပစ်ခံခဲ့ရခြင်း ဖြစ်သည်လား ဆိုသည်ကို သေချာ မသိခဲ့ပေ။ သို့မဟုတ် အခြား ဖုံးကွယ်ထားသည့် ဇာတ်လမ်းတစ်ပုဒ် ရှိနေသေးသည်လား...
နီယန် မျက်ခုံးအနည်းငယ် ကျုတ်လိုက်မိသည်။ သားအမိနှစ်ယောက် အတူတူ လျှောက်ထွက်လာခဲ့ကြသည်။ သူတို့သည် လုံခြုံရေး ဝန်ထမ်း အနားမှ ဖြတ်သွားသောအခါ ထိုသူမှ နွေးထွေးစွာ မေးလိုက်လေသည်။
"ဘာလို့ ဒီလောက်မြန်မြန် ပြန်ထွက်လာတာလဲ နီတကျူးကို တွေ့ခဲ့လား"
နီယန်မှ ပြုံးပြလိုက်ကာ ပြန်ပြောလိုက်သည်။
"ကျွန်မတို့ လူမှားသွားလို့ပါ"
လုံခြုံရေးဝန်ထမ်းမှ ခေါင်းကုတ်လိုက်မိသည်။
"ဒါကြောင့်ကိုး အဲ့ဒါကြောင့် ငါလည်း စဉ်းစားနေတာ နီတကျူးက သူ့မိသားစုမှာ တစ်ဦးတည်းသောသားလေ ဘယ်လိုလုပ် ညီမတစ်ယောက် ရှိနေတာလဲလို့ အော် လူမှားသွားတာကိုး"
နီချွေ့ဟွာ၏ အခြေအနေအား ထည့်သွင်းစဉ်းစားပြီးနောက် နီယန်သည် အမေဖြစ်သူအား နှစ်သိမ့်ရန်အတွက် အစားအသောက် စားရန် စားသောက်ဆိုင် တစ်ဆိုင်ကို ရှာဖွေလိုက်သည်။ အစားအသောက်များ မှာယူပြီးနောက်တွင် နီယန်သည် နီချွေ့ဟွာအား ရေတစ်ခွက် ငှဲ့ပေးလိုက်လေသည်။
"အမေ မဝမ်းနည်းမနေပါနဲ့ အဲ့ဒီလို လူစားမျိုးတွေက ဝမ်းနည်းပေးဖို့ မတန်ပါဘူး အဲ့ဒီလို အစ်ကိုမျိုးကို အသိအမှတ် မပြုပေးရတာက ပိုကောင်းပါတယ်"
"အင်း"
နီချွေ့ဟွာသည် မျက်လုံးများ နီရဲလျက် ခေါင်းညိတ်လိုက်သည့်တိုင် သူမ၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေဆဲ ဖြစ်လေသည်။ နီယန်မှ သက်ပြင်းချလိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်။
"အမေ နီတကျူးက အမေ့ကို အသိအမှတ် မပြုရင်တောင် အမေ့မှာ သမီးနဲ့ ညီမလေး ရှိသေးတယ်လေ စိတ်မပူပါနဲ့ တစ်နေ့ကျရင် သူတို့ ဒီနေ့လုပ်ခဲ့တဲ့ ကိစ္စအတွက် နောင်တရ သွားအောင် သမီး လုပ်ပြမယ်"
ထိုကဲ့သို့ စကားပြောနေစဉ် နီယန်၏ မျက်လုံးများထဲတွင် မိမိကိုယ်ကို ယုံကြည်မှုများ လျှံကျလာခဲ့ကာ တောက်ပသည့် အရောင်အဝါများ ဖြာထွက်နေခဲ့သည်။ နီချွေ့ဟွာသည် နီယန်၏ လက်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် အမေ မဝမ်းနည်းတော့ဘူး အမေ လုံးဝ မဝမ်းနည်းတော့ပါဘူး"
နီယန် ပြောသည်မှာ မှန်ပေသည်။ နီတကျူးသည် ကိစ္စရပ်များအား ဖြေရှင်းရာတွင် အလွန် သွေးအေး ရက်စက်လွန်းလှသည်။ အကယ်၍ သူမသာ ထိုကဲ့သို့ အစ်ကို အကြောင်း ဆက်တွေးနေဦးမည်ဆိုလျှင် သူမသည် လူနုံလူအ တစ်ယောက် ဖြစ်သွားပေလိမ့်မည် ဖြစ်သည်။ အနာဂတ်တွင် သူမနှင့် နီယန်တို့သည် အတူတူ ကောင်းမွန်လှသည့် ဘဝတစ်ခုအား တည်ဆောက်ရန် ကြိုးစားသွားမည်ဖြစ်ကာ မည်သူ့ကိုမျှ သူတို့အား လှောင်ပြောင်ခွင့် ပေးတော့မည် မဟုတ်ချေ။ နီယန်မှ ဆက်လက် ပြောလိုက်သည်။
"ဒါဆို အမေ ပြုံးလိုက်တော့ အမေ သိလား အပြုံးတစ်ခုက အသက်ဆယ်နှစ် ပိုရှည်စေတယ်တဲ့"
ထိုမျှ ချင့်ချိန် စဉ်းစားတတ်သည့် သမီးဖြစ်သူအား ကြည့်ရင်း နီချွေ့ဟွာ ပြုံးလိုက်မိသည်။
"ဒါပေါ့"
နီယန် အနည်းငယ် ပြုံးလိုက်မိသည်။
"အမေ နောက်ဆိုရင် အရေးမပါတဲ့ သူတွေအတွက် သမီးတို့ ဝမ်းနည်းနေစရာ မလိုတော့ပါဘူး ကိုယ့်ဘဝကို ကိုယ် ဘာသာ နေပျော်အောင် နေရမယ်လေ အရေးကြီးဆုံးက ပစ္စုပ္ပန်မှာ နေထိုင်ဖို့ပဲ အတိတ်က အရာတွေကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့"
"အင်း"
နီချွေ့ဟွာမှ ခေါင်းညိတ်လိုက်လေသည်။ စားသောက်ပြီးနောက် သားအမိနှစ်ယောက်သည် ကလေးအား ခေါ်လျက် ကုန်တိုက်ကြီး အတွင်းသို့ လမ်းလျှောက် ထွက်လာခဲ့ကြလေသည်။
ဤသည်မှာ နီချွေ့ဟွာအတွက် ထိုကဲ့သို့သော အဆင့်မြင့် ကုန်တိုက်ကြီးမျိုးတွင် ပထမဆုံးအကြိမ် ဈေးဝယ် ထွက်ဖူးခြင်း ဖြစ်လေရာ သူမ၏ မျက်လုံးများထဲတွင် စူးစမ်းလို စိတ်များ ပြည့်နှက်နေခဲ့သည်။
ထိုခေတ်အခါ ကာလများတွင် ကုန်တိုက်များသည် နိုင်ငံပိုင်များ ဖြစ်ကြသဖြင့် အရောင်းဝန်ထမ်းများသည် အတော်လေး မောက်မာကြကာ လူများအား အထင်သေးသည့် မျက်လုံးများဖြင့် ကြည့်လေ့ရှိပေသည်။ မည်သို့ပင် ဆိုစေ နိုင်ငံပိုင် ကုမ္ပဏီတွင် အလုပ်လုပ်ရခြင်းသည် လူအများစု လက်လှမ်း မမီနိုင်သည့် အာမခံချက်ရှိသည့် အလုပ်တစ်ခုဟု သတ်မှတ် ထားကြခြင်း ကြောင့် ဖြစ်သည်။
အနာဂတ်ကာလတွင်မူ ဝယ်သူသည် ဘုရင်ဖြစ်လာပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ အရောင်း ဝန်ထမ်းမများသည် ဘုရင်ဖြစ်ကာ ဝယ်သူသည် သူတို့၏ မျက်နှာအား ကြည့်နေရသည့် အချိန် ဖြစ်နေခဲ့သည်။
သာမန်အဝတ်အစားများ ဝတ်ဆင်ထားကာ ကလေးတစ်ယောက်နှင့် ရောက်လာသည့် နီယန်နှင့် နီချွေ့ဟွာအား မြင်သောအခါ အရောင်းဝန်ထမ်းများသည် သူတို့အား အလေးအနက် မထားကြပေ။ သူတို့၏ မေးခွန်းများကိုပင် ဖြေဆိုရာတွင် ဂရုမစိုက်သည့် လေသံဖြင့် ဖြေဆိုကြကာ အလွန်အမင်း စိတ်မရှည်မှုအား ပြသနေခဲ့ကြလေသည်။
အဘယ်ကြောင့်ဆိုသော် ဤလူများသည် တောမှလာသည့် တောသူ တောင်သားများ ဖြစ်ကြောင်း သိသာနေသောကြောင့် ပင် ဖြစ်သည်။
နီယန်မှာမူ ဂရုမစိုက်ချေ။ သူမသည် နီချွေ့ဟွာအား ခေါ်ဆောင်ကာ ကောင်တာတစ်ခုမှ တစ်ခုသို့ ကူးလျှက် အဝတ်အစားများအား ရွေးချယ်နေခဲ့သည်။
"အမေ ဒီတစ်ခုက အမေနဲ့ လိုက်မယ်လို့ သမီး ထင်တယ်"
နီယန်သည် လိုက်ဖက်ညီသည့် စကတ် ဝတ်စုံတစ်စုံအား ကောက်ကိုင်လိုက်ကာ နီချွေ့ဟွာအား ကမ်းပေးလိုက်လေသည်။ ၎င်းသည် စတိုင်ကျသည့် ဝတ်စုံတစ်ခု ဖြစ်ကာ အပေါ်ပိုင်းတွင် ပန်းကွက် အကွက်အစင်း ရှပ်အင်္ကျီနှင့် အောက်ပိုင်းတွင် အနက်ရောင် စကတ်ဖြစ်ကာ စကတ်ပေါ်တွင် မသိမသာ ပန်းပွင့်ပုံစံလေးများ ပါရှိသေးသည်။
နီချွေ့ဟွာသည် ငြင်းပယ်ရန် အတွက် သူမ၏ လက်များအား အမြန် ယမ်းလိုက်လေသည်။
"ဒါက သမီးတို့လို ကောင်မလေးတွေ ဝတ်တာပါ အမေနဲ့ မသင့်တော်ပါဘူး"
နီယန် ပြုံးလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ဘယ်ကောင်မလေးက ဒါမျိုး ဝတ်မှာလဲ ဒါ့အပြင် အမေက မအိုသေးပါဘူး သွားပြီး ဝတ်ကြည့်လိုက်ပါ ဒီဝတ်စုံက အမေနဲ့ တကယ် လိုက်ပါတယ်"
နီယန်သည် နီချွေ့ဟွာအား အဝတ်လဲခန်းဆီသို့ တွန်းပို့လိုက်သည်။ ထိုစဉ်မှာပင် အနီးနား၌ ရပ်နေသည့် အရောင်း ဝန်ထမ်းမလေး တစ်ဦးသည် သူတို့ထံ လျှောက်လာခဲ့ပြီး လက်ညှိုးထိုးလျှက် အမိန့်ပေးလိုက်သည်။
"ရှင် ဒီဝတ်စုံကို ဝတ်ကြည့်လို့ မရဘူး ဝတ်ကြည့်မယ်ဆိုရင် ဝယ်မှရမယ်"
ထိုစကားအား ကြားသောအခါ နီချွေ့ဟွာသည် ကြောက်လန့်သွားပြီးနောက် ဝတ်စုံအား ချက်ချင်း ပြန်ချလိုက်လေသည်။
"မဝတ်ကြည့်တော့ပါဘူး မဝတ်ကြည့်တော့ပါဘူး ယန်ယန် သွားရအောင်"
နီယန်သည် အနိုင်ကျင့်ရန် လွယ်ကူသောသူ တစ်ဦး မဟုတ်ပေ။ သူမ၏ ယခင်ဘဝတွင် သူမသည် စားသောက်ဆိုင်ပေါင်း တစ်ရာကျော်အား ပိုင်ဆိုင်ကာ စီမံခန့်ခွဲခဲ့သူ တစ်ဦး ဖြစ်ပြီး ပြတ်သား တည်ငြိမ်သည့် အရောင်အဝါတစ်ခုအား ပိုင်ဆိုင်ထားလေသည်။ နီယန်သည် အရောင်း ဝန်ထမ်းမလေးအား ပြုံးပြလိုက်ကာ ပြန်မေးလိုက်သည်။
"ဝတ်ကြည့်လို့ မရဘူး ဟုတ်လား ဒီဝတ်စုံကို ဝတ်ကြည့်လို့ မရဘူးလို့ သီးသန့် ပြဋ္ဌာန်းထားတဲ့ ဒီဆိုင်ရဲ့ စည်းကမ်းချက်ကို ကျွန်မကို ပြပေးနိုင်မလား ပြီးတော့ ဝတ်ကြည့် လိုက်တာနဲ့ ဝယ်ရမယ်ဆိုတဲ့ စည်းကမ်းကရော ဘယ်မှာလဲ ဒါမှမဟုတ် ဒီကုန်တိုက်ကြီး တစ်ခုလုံးကို ရှင်တို့မိသားစု ပိုင်တာမို့လို့ ရှင်ကြိုက်သလို စည်းကမ်းတွေ ထုတ်နေတာများလား"
နီယန်သည် ပြောနေစဉ် ပြုံးနေသော်လည်း အရောင်းဝန်ထမ်းမလေးသည် သူမ၏ မျက်နှာတွင် ဟာသ အရိပ်အယောင်အား မတွေ့ရချေ။
ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ.....
သူမသည် ဆယ်ကျော်သက်အရွယ်သာ ရှိသေးသောာ်ငြားလည်း သူမ၏ လွှမ်းမိုးထာနိုင်သည့် အရှိန်အဝါသည် လေနှင့် ရေစီးကြောင်းများအား ဆန့်ကျင်နေသည့် သင်္ဘောကြီး တစ်စင်းကဲ့သို့ ခံစားရစေသည်။ နီယန်၏ နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားပြီးနောက် ပြောလိုက်သည်။
"ရှင့်ရဲ့ ကြီးကြပ်ရေးမှူးကို အခု သွားခေါ်ပေးပါ ကြီးကြပ်ရေးမှူးက ဝန်ထမ်းတွေကို ပုံမှန် ဘယ်လို လေ့ကျင့် ပေးထား သလဲဆိုတာ ကျွန်မ သိချင်မိတယ်"
အရောင်းဝန်ထမ်းမလေး၏ ခန္ဓာကိုယ်မှ ချွေးစေးများ ထွက်လာခဲ့တော့သည်။ နီယန်မှ သူမအား ဤကဲ့သို့ ရင်ဆိုင်ရဲလိမ့်မည်ဟု သူမ မည်သည့် အချိန်ကမျှ မမျှော်လင့်ထားခဲ့ချေ။ ပုံမှန်အားဖြင့် ထက်မြက်သည့် အရောင်းဝန်ထမ်းမလေးသည် နီယန်အား လုံးဝ အကဲခတ် မှားသွားခဲ့လေပြီ ဖြစ်သည်။
ယနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စအား အထက်လူကြီးများ သိသွားခဲ့လျှင် သူမ၏ ခိုင်မြဲနေသည့် အလုပ်နေရာလေး သေချာပေါက် ဆုံးရှုံးရတော့မည် ဖြစ်သည်။
နီယန်အား အနိုင်ကျင့်ရလွယ်ကူမည့် တောသူမလေးဟု သူမ ထင်မှတ်ခဲ့သော်လည်း တကယ်တမ်းတွင် သူမသည် မြို့ပြမှ အလိုလိုက်ခံထားရသည့် မိန်းကလေးများထက် ပို၍ စိတ်ဓာတ်ခိုင်မာသည့် သူ တစ်ဦး ဖြစ်နေသည်။
"သွားရအောင် ယန်ယန် ပြန်ကြရအောင်"
နီချွေ့ဟွာသည် ကြောက်လန့် တကြားဖြင့် အသံတုန်ယင်နေခဲ့ကာ စကားထစ်နေတော့သည်။ နီယန်သည် နီချွေ့ဟွာဘက်သို့ လှည့်ကာ ညင်သာစွာ နှစ်သိမ့်ပေး လိုက်သည်။
"စိတ်မပူပါနဲ့ အမေ အခုခေတ်မှာ လူတိုင်း တန်းတူပါပဲ"
နီချွေ့ဟွာသည် တောမှ သိပ်မကြာသေးခင် ရောက်ရှိ လာသူ ဖြစ်ကာ သူမသည် မည်သည့် နေရာ ရောက်ရောက် သူတစ်ပါးထက် အမြဲ နိမ့်ကျနေသည်ဟု ခံစားရလေ့ရှိသည့် မွေးရာပါ သိမ်ငယ်စိတ်အား သယ်ဆောင်လာသည် သူတစ်ဦး ဖြစ်နေခဲ့သည်။
နီယန်သည် သူမ၏အမေအား ဤမျှလောက် ခေတ်မမီတော့သည့် အကျင့်ဟောင်းများအား ဖျောက်ဖျက်နိုင်ရန်နှင့် အမှန်တကယ် လွတ်လပ်၍ သန်မာသည့် သူ တစ်ဦး ဖြစ်လာစေရန် ကူညီပေးမည်ဟု တိတ်တဆိတ် ဆုံးဖြတ်လိုက်လေတော့သည်။
ထို့ကြောင့် သူမ၏အမေအား ကိုယ့်တန်ဖိုးကို ကိုယ် မြင်လာနိုင်စေရန် အတွက် ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စအား သေချာပေါက် ဖြေရှင်းဖို့ လိုအပ်နေခြင်း ဖြစ်လေသည်။
နီချွေ့ဟွာမှ အလွန် ကြောက်လန့် နေသည်အား မြင်သော် အရောင်း ဝန်ထမ်းမလေး၏ စိတ်ထဲ၌ အထင်သေးသည့် မီးတောက်တစ်ခု လင်းလက်သွားခဲ့သည်။ နီချွေ့ဟွာသည် အရိုင်းအစိုင်း တောသူတစ်ယောက် ဖြစ်လင့်ကစား သူမတွင် ဤမျှလောက် ထက်မြက်သည့် သမီးတစ်ယောက် ရှိနေသည် ဆိုသည့် အချက်အား ဘယ်သူကများ လျစ်လျူရှုနိုင်မည်နည်း။
ဒုက္ခရောက်မည့် အချိန်တွင် မည်သို့ ထိန်းသိမ်းရမည်အား သိသည့် အရောင်း ဝန်ထမ်းမလေးသည် သူမ၏ လေသံအား ချက်ချင်း ပြောင်းလဲကာ ပြောလိုက်လေသည်။
"ညီမလေးတို့ ခုနက နားလည်မှုလွဲသွားတာ ရှိရင် တောင်းပန်ပါတယ် ဒီဝတ်စုံကို တကယ်ပဲ ဝတ်ကြည့်လို့ ရပါတယ် ရော့ ယူလိုက်ပါ"
နီယန်သည် အရောင်းဝန်ထမ်းမလေးအား ကြည့်လိုက်ပြီးနောက် သူမ၏ လေသံမှာ ညီညာလျှက် တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်လေသည်။
"ရှင် ကျွန်မအမေကို အခု ချက်ချင်း တောင်းပန်လိုက်ပါ"
သူမ၏ လေသံသည် မသိမသာလေး ဖြစ်သော်လည်း ငြင်းဆန်ရန် နေရာ မပေးဘဲ ဟိန်းထွက်နေခဲ့သည်။
‘တောင်းပန်ရမယ် ဟုတ်လား....’
အရောင်း ဝန်ထမ်းမလေးသည် အံ့အားသင့်သွားပြီးနောက် နီယန်အား မယုံကြည်နိုင်စွာဖြင့် ပြန်ကြည့်လိုက်မိသည်။ သူမသည် တောသူတစ်ယောက်အား ပြန်လည်၍ တောင်းပန်ရမည် ဟု ပြောလိုက်ခြင်းပင်လော။
မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
သို့သော် နီယန်၏ ကြည်လင်ကာ အေးစက်သည့် အကြည့်နှင့် ဆုံမိသွားချိန်တွင် သူမ အလျှင်အမြန် အရှုံးပေးလိုက်ရတော့သည်။ ရိုသေဟန်ဆောင်လျက် သူမသည် နီချွေ့ဟွာဘက်သို့ လှည့်လိုက်ကာ ပြန်လည် တောင်းပန်လိုက်သည်။
"နားလည်မှု လွဲသွားတဲ့ အတွက် တောင်းပန်ပါတယ် အစ်မရယ် ခွင့်လွှတ်ပေးပါနော်"
နီယန် မကျေနပ်မှာအား စိုးရိမ်သဖြင့် သူမ ခါးကိုပင် နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်သေးသည်။ အရောင်း ဝန်ထမ်းမလေးမှ သူမအား အမှန်တကယ် တောင်းပန်နေသည်အား မြင်လိုက်ရချိန်တွင် နီချွေ့ဟွာ ကြောင်အသွားခဲ့ရသည်။ သူမသည် မိန်းမောတွေဝေစွာဖြင့် ပြန်ပြော လိုက်မိတော့သည်။
"ရ ရပါတယ်"
တောင်းပန်စကားဆိုပြီးနောက် ဦးညွှတ်လိုက်ပြီ ဖြစ်သဖြင့် နီယန်သည် အရောင်း ဝန်ထမ်းမလေး၏ အဆင့်အတန်းအထိ ဆင်းကာ မဖက်ပြိုင်ရန် အတွက် ဆုံးဖြတ်လိုက်တော့သည်။
ပထမဆုံးအနေဖြင့် နီယန်သည် ပြဿနာ မဖြစ်စေဘဲ နီချွေ့ဟွာအတွက် သင့်တော်သည့် အဝတ်အစား အချို့အား အေးအေး ဆေးဆေး ဝယ်ပေးချင်ရုံသာ ဖြစ်လေသည်။ သို့သော် အငြင်းပွားမှုအား မီးထိုးပေးခဲ့သူမှာ အရောင်းဝန်ထမ်းမလေးသာ ဖြစ်သည်။ အကယ်၍ သူမသည်သာ ပြန်လည်၍ မတိုက်ခိုက်ခဲ့လျှင် သူမအား အနိုင်ကျင့်ရလွယ်သူဟု ထင်သွားနိုင်ပေသည်။
နီယန်သည် ဝတ်စုံအား ယူလိုက်ပြီးနောက် နီချွေ့ဟွာအား အနီးနားရှိ အဝတ်လဲခန်းသို့ လမ်းပြ ခေါ်ဆောင်သွားခဲ့သည်။
"အမေ သမီး အပြင်က စောင့်နေမယ်နော်"
နီချွေ့ဟွာသည် သက်ပြင်းချလျှက် ပြန်ပြောလိုက်သည်။
"ဒီကလေးကတော့လေ"
ထို အဖြစ်အပျက်အားလုံးအား အရပ်ရှည်ကာ ခန့်ညားထည်ဝါသည့် ပုံရိပ်တစ်ခုမှ ကြည့်ရှုနေခဲ့လေသည်။ ထိုအရပ်ရှည်သည့် ပုံရိပ်အား အထက်သို့ မော့ကြည့်လိုက်လျှင် အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ဖြစ်နေခဲ့သည်။ ထို့အပြင် သူသည် အနက်ရောင် ဦးထုပ်အား ဆောင်းထားသဖြင့် သူ၏ မျက်နှာ အသွင်အပြင်များအား ဖုံးအုပ်ထားလျှက် ရှိကာ ပီပြင် ထင်ရှားလှသည့် မေးရိုးကိုသာ မြင်တွေ့ရနိုင်လေသည်။
ထိုအမျိုးသားထံမှ လျှို့ဝှက်ဆန်းကြယ်ကာ ဂုဏ်သိက္ခာ ကြီးမားသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။