အခန်း (၆၅)
Vol. 5 Ch. 65
ထိုအမျိုးသားသည် ထိုနေရာတွင် ရပ်နေရင်း ဖြင့် နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးတက်သွားကာ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မူလက ထိုသားအမိ နှစ်ယောက်သည် ရန်လိုသည့် အရောင်း ဝန်ထမ်းမလေးနှင့် ရင်ဆိုင်ရာတွင် သေချာပေါက် အရေး နိမ့်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
အံ့အား သင့်စရာကောင်းသည်မှာ ၁၆ နှစ် ၁၇ နှစ်ခန့်သာ ရှိသေးပုံရသည့် မိန်းကလေး တစ်ယောက်သည် ထိုမျှ ပြင်းထန်သည့် တန်ပြန်တိုက်စစ်အား ဆင်နွှဲနိုင်ခြင်း ဖြစ်လေသည်။ စကားလုံးတိုင်း ဝါကျတိုင်းသည် သူ့အား အံ့အားသင့်စေခဲ့ကာ နက်နက်ရှိုင်းရှိုင်း စွဲမက်စေခဲ့လေသည်။
မြို့ကြီးပြကြီးတွင် ကြီးပြင်းလာသည့် မိန်းကလေး အများစုသည်ပင် သူမကဲ့သို့ သတ္တိမျိုး ရှိချင်မှ ရှိလိမ့်မည် ဖြစ်သည်။ ထိုစဉ်မှာပင် ဘီယာဗိုက်နှင့် ထောင်ထောင် မောင်းမောင်း လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် နောက်ဘက်မှ ရောက်လာပြီး နောက် ထိုအမျိုးသား၏ ရှေ့တွင် ရပ်လျက် ရိုသေစွာ ပြောလိုက်လေသည်။
“ဒီဘက်ကို ကြွပါခင်ဗျာ”
ထိုအမျိုးသားသည် သူ၏အကြည့်အား ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်ပြီးနောက် ရှေ့သို့ ဆက်လက် လျှောက်လှမ်း သွားလိုက်တော့သည်။
သူသည် ပေါ့ပေါ့ပါးပါး လှုပ်ရှားနေသည့် တိုင် သူ၏ အမူအရာမှ ကြီးမားလှသည့် အရှိန်အဝါတစ်ခု ဖြာထွက်နေခဲ့သည်။ ထိုသူသည် မည်သည့် နေရာသို့ ရောက်နေသည် ဖြစ်စေ ဘုရင်တစ်ပါးကဲ့သို့ တည်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။
နီယန်သည် အဝတ်လဲခန်းရှေ့တွင် နီချွေ့ဟွာအား စောင့်နေစဉ် သူမအား တစ်စုံတစ်ယောက်မှ သြဇာညောင်းလျှက် အကဲခတ်နေသည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်အား သတိပြုမိလိုက်သည်။ နီယန်မှ ပြန်လှည့် ကြည့်လိုက်ရာတွင် အရပ်ရှည်ကာ ခန့်ညားထည်ဝါသည့် ပုံရိပ်တစ်ခုကိုသာ တွေ့လိုက်ရလေသည်။
ကျောက်စိမ်းသစ်ပင်ကဲ့သို့ မြင့်မားလှသည့် အရပ်အမောင်းဖြင့် သူ၏ ပုံရိပ်သည်ပင်လျှင် ကြောက်ရွံ့ခြင်းနှင့် လေးစားခြင်းအား ဖြစ်ပေါ်စေရန် လုံလောက်ပေသည်။
ပေကျင်းအား ရောက်ခါစဖြစ်သည့် အတွက်ကြောင့် သူမသည် လူ့အဖွဲ့အစည်းအတွင်းမှ ထိုကဲ့သို့ ရာထူးကြီးမားလှသည့် ပုဂ္ဂိုလ်မျိုးအား မမှတ်မိချေ။ ဖြစ်နိုင်သည်မှာ သူမ အထင်မှားခြင်းသာ ဖြစ်ပေလိမ့်မည်။ နီယန်သည် သူမ၏အကြည့်အား သာမာန်ကာလျှံကာ ပြန်ရုတ်သိမ်းလိုက်ပြီးနောက်တွင် နောက်ထပ် မည်သည်ကိုမှ မစဉ်းစားတော့ချေ။
ငါးမိနစ်ခန့် ကြာသောအခါ နီချွေ့ဟွာသည် အဝတ်လဲခန်းထဲမှ ထွက်လာခဲ့သည်။ သူမအနေဖြင့် စကတ်အား ပထမဆုံး အကြိမ် ဝတ်ဆင်ဖူးခြင်း ဖြစ်သောကြောင့် အထူးတလည် နေရခက်နေသည့် ပုံရကာ စကတ်အနားစအား မကြာခဏ ဆွဲနေခဲ့သည်။ နီယန်သည် အဝတ်လဲခန်းမှ ထွက်လာသည့် သူမ၏အမေ ဖြစ်သူအား ကြည့်လျှက် ခေတ္တမျှ မှင်သက်သွားမိသည်။
‘လူမှာ အဝတ် တောင်းမှာ အကွပ်’ ဆိုသည်မှာ အမှန်ပင် ဖြစ်ပုံရသည်။ ဤဝတ်စုံအား ဝတ်ထားလိုက်ချိန်တွင် နီချွေ့ဟွာသည် လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက်ကဲ့သို့ ဖြစ်သွားတော့သည်။ သူမ၏ အသားအရေသည် သဘာဝအတိုင်း ဖြူဝင်းနေခဲ့ကာ နီယန်နှင့် အလွန်တူညီသည့် မက်မွန်ပွင့် ပုံစံ မျက်လုံးများကိုလည်း ပိုင်ဆိုင်ထားသေးသည်။
လွန်ခဲ့သည့် တစ်လအတွင်း စားသောက်ခဲ့သော အစားအသောက်နှင့် ဆေးဝါး ကုသမှုများကြောင့် သူမ၏ မျက်နှာပေါ်မှ တင်းတိပ်များနှင့် အရေးအကြောင်းများ မှေးမှိန်သွားခဲ့ကာ အသက် ၂၀ ကျော် အရွယ်ကဲ့သို့ ဖြစ်နေခဲ့တော့သည်။ သူမသည် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် မည်သည့် နေရာတွင်မှ တူညီပုံ မရှိတော့ချေ။
နီယန်၏ အံ့အားသင့်နေသော မျက်နှာထားအား မြင်သောအခါ နီချွေ့ဟွာမှ စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
“ယန်ယန် တကယ်ပဲ ရုပ်ဆိုးနေလား အမေ အခုပဲ သွားချွတ်လိုက်တော့မယ်”
နောက်သို့လှည့်ကာ နီချွေ့ဟွာသည် အဝတ်လဲခန်းထဲသို့ ပြန်ဝင်ရန် ပြင်လိုက်လေသည်။
“နေပါဦး အမေရဲ့”
နီယန်သည် သူမ၏ အမေဖြစ်သူအား ချက်ချင်း တားလိုက်လေသည်။
“ဘာဖြစ်လို့လဲ”
နီချွေ့ဟွာသည် နားမလည်နိုင်စွာ နောက်ပြန် လှည့်ကြည့်လိုက်မိသည်။ နီယန်သည် နီချွေ့ဟွာအား မှန်တစ်ချပ် ရှေ့သို့ ခေါ်ဆောင် သွားလိုက်သည်။
“အမေ ကိုယ့်ဘာသာကိုယ် ကြည့်ကြည့်လိုက်”
မှန်ထဲမှ ပုံရိပ်အား မြင်လိုက်ရချိန်တွင် နီချွေ့ဟွာ ထိတ်လန့်သွားမိသည်။ သူမ ဤကဲ့သို့သော နေ့ရက်မျိုး ရရှိနိုင်လိမ့်မည်ဟု မည်သည့် အချိန်ကမှ စိတ်ကူး မယဉ်ခဲ့ဖူးချေ။ လူတိုင်းတွင် အလှအပအား မြတ်နိုးစိတ် ရှိကြလေသည်။
အိမ်ထောင်သည် အမျိုးသမီးတစ်ဦးဖြစ်သည့် နီချွေ့ဟွာပင်လျှင် ခြွင်းချက် မဟုတ်ခဲ့ချေ။ ထိုအချိန်တွင် သူမသည် ရှုပ်ထွေးလှသည့် ခံစားချက်များ လွှမ်းမိုးခြင်းကို ခံစားလိုက်ရသည်။ သူမ၏ အိမ်ထောင်သက်တမ်း တစ်လျှောက်လုံးတွင် ဤမျှ လှပသည့် ဝတ်စုံအား ပထမဆုံးအကြိမ် ဝတ်ဆင်ဖူးခြင်း ဖြစ်လေသည်။
အမှန်တကယ်ကိုပင် အလွန် လှပလွန်းနေခဲ့သည်။ သူမ မင်္ဂလာဆောင်စဉ် အချိန်တွင် ဝတ်ခဲ့သည့် အနီရောင် မင်္ဂလာဝတ်စုံထက်ပင် ပို၍ လှပနေသေး၏။
“ယန်ယန် ဒါ တကယ်ပဲ အမေလား”
နီချွေ့ဟွာမှ နီယန်၏ လက်အား ဆုပ်ကိုင်လျှက် စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်လေသည်။
“အမေ မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ”
နီယန်မှ ပြန်ပြောလိုက်သည်။
“ဒီဝတ်စုံနဲ့ အမေက တကယ်ကို လှနေတာ”
နီချွေ့ဟွာသည် မှန်ရှေ့တွင် ရပ်လျှက် သူမ၏ပုံရိပ်အား အထက်အောက် ကြည့်လိုက် ပြီးနောက် ပြောလိုက်လေသည်။
“လှတော့ လှပါတယ် ဒါပေမယ့် အလုပ်လုပ်တဲ့အခါ သိပ်အဆင်ပြေမှာ မဟုတ်ဘူး”
နီချွေ့ဟွာသည် လက်တွေ့ကျသည့် အမျိုးသမီး တစ်ဦး ဖြစ်ကာ အသေးစိတ် အချက်အလက်များအား အမြဲ ထည့်သွင်း စဉ်းစားလေ့ ရှိသည်။ နီယန်မှ ရယ်မောလိုက်ကာ ပြောလိုက်သည်။
“သမီးတို့က ဒမ်ကျေးရွာမှာ ရှိနေသေးတယ်လို့ အမေ ထင်နေတာလား သမီးတို့ လယ်ထဲဆင်းပြီး ပင်ပင်ပန်းပန်း လုပ်စရာ မလိုတော့ဘူးလေ ဘယ်လို အလုပ်ကြမ်းတွေ ရှိနိုင်မှာမို့လို့လဲ ဒီဝတ်စုံကို ဝယ်မယ်”
နီချွေ့ဟွာသည် အဆင့်မြင့်ဆိုင်ကြီးအား တွေဝေစွာ ဝေ့ဝဲ ကြည့်လိုက်မိသည်။
“ဒီနေရာက အရမ်းခမ်းနားတော့ ဝတ်စုံက ဈေးကြီးမှာပဲနော် သမီးက ပိုက်ဆံကို ပင်ပင်ပန်းပန်း ရှာနေရတာ မဝယ်ပါနဲ့တော့”
နီယန်မှ သာမာန်ကာ လျှံကာ ပြန်ပြောလိုက်သည်။
“ပိုက်ဆံဆိုတာ သုံးဖို့ ရှာထားတာလေ မဟုတ်ရင် စက္ကူတွေ ဖြစ်နေမှာပေါ့ ပြီးတော့ သိပ်လည်း ဈေးမကြီးပါဘူး”
ယခင် အတွေ့အကြုံများမှ သင်ခန်းစာယူကာ အရောင်း ဝန်ထမ်းမလေးသည် သားအမိနှစ်ယောက် ဤဝတ်စုံအား တတ်နိုင်မည်ဟု မယုံကြည်သည့် တိုင် သူမ၏ မျက်နှာအမူအရာအား ကောင်းစွာ ဖုံးကွယ်ထားလိုက်တော့သည်။ သူမသည် ရိုးရှင်းစွာ ပြောလိုက်သည်။
“ဒီဝတ်စုံက ၂၈ ယွမ် ကျပါတယ်”
၂၈ ယွမ် ဆိုသည်မှာ အနာဂတ်ကာလတွင် အမဲသား တစ်ပေါင်ဝယ်ရန်သာ လုံလောက်ပေလိမ့်မည်။ သို့သော် ဤခေတ်တွင်မူ အိမ်လခ နှစ်လစာ ပေးနိုင်သေးသည်။ သာမန် အလုပ်သမားတစ်ဦး၏ လစာမှာ ၂၈ ယွမ်သာ ရှိလေသည်။
ထိုစကားအား ကြားလိုက်ရချိန်တွင် နီချွေ့ဟွာသည် ကြောက်လန့်ကာ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။
“ဈေးကြီးလိုက်တာ ထားလိုက်တော့ ထားလိုက်တော့”
အရောင်း ဝန်ထမ်းမလေးသည် ဤသို့ဖြစ်မည်အား သိနေခဲ့သည်။ သူမ၏ မျက်လုံးများတွင် အထင်သေးမှုများ တဖြည်းဖြည်း ပေါ်လာခဲ့ကာ စိတ်မရှည်စွာ ပြောလိုက်တော့သည်။
“ဒါက ကွမ်ကွမ်က နောက်ဆုံးပေါ် ဒီဇိုင်းလေ အရည်အသွေးမြင့် ပိတ်စကို သုံးထားတော့ နည်းနည်းတော့ ဈေးကြီးမှာပေါ့ မလိုချင်ရင် ပြန်သိမ်းလိုက်တော့မယ်”
‘သူတောင်းစားမ နှစ်ယောက်’
‘အဝတ်အစားတောင် မဝယ်နိုင်ဘဲနဲ့ ဒီမှာ လူကြီး လူကောင်းတွေလို လာပြီး ဟန်ရေးပြနေကြသေးတယ်’
‘ရွံစရာကောင်းလိုက်တာ’
နီယန် ဖျော့တော့စွာ ပြုံးလိုက်မိသည်။
“ဒါကို ယူမယ် ထုပ်ပေးပါ”
နီယန်မှ ရုတ်တရက် ထိုကဲ့သို့ ပြောလာလိမ့်မည်ဟု အရောင်းလဝန်ထမ်းမလေး မမျှော်လင့်ထားခဲ့ချေ။ သူမ၏ မျက်လုံးထဲမှ အထင်သေးမှုများသည် အံ့သြမှုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
‘ထုပ်ပေးပါ ဟုတ်လား’
‘သူက ကြွားနေတာလား တကယ် ပြောနေတာလား’
အရောင်း ဝန်ထမ်းမလေး မတုံ့ပြန်နိုင်ခင်မှာပင် နီယန်သည် ခုနက သူတို့ ကြည့်ခဲ့သည့် အဝတ်အစား အနည်းငယ်ကို ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်ပြီးနောက် ပြောလိုက်သည်။
“ဒီတစ်ခုရယ် ဒီတစ်ခုရယ်ပါ ယူမယ် အားလုံး အတူတူ ထုပ်ပေးပါ”
“ရှင် ရှင် အကုန်လုံး လိုချင်တာလား”
အရောင်းဝန်ထမ်းမလေးသည် စိတ်လှုပ်ရှားစွာဖြင့် တံတွေး မြိုချလိုက်မိသည်။ နီယန် ခေါင်းညိတ် ပြလိုက်သည်။
“ဟုတ်တယ်”
“ယန်ယန် ဘာလို့ အဲ့လောက် အများကြီး ဝယ်နေရတာလဲ”
နီချွေ့ဟွာသည် နီယန်အား တားရန် အလျှင်အမြန် ကြိုးစားလိုက်သည်။ နီယန်မှ ရယ်မောလိုက်ပြီးနောက် ပြောလိုက်သည်။
“အမေက နေ့တိုင်း စကတ် တစ်ထည်တည်း ဝတ်နေလို့မှ မရတာ”
နီယန်သည် ဖက်ရှင်နှင့် ပတ်သက်လျှင် အမြင်ရှိသူဖြစ်ကာ သူမ အစောပိုင်းတွင် ရွေးချယ်လိုက်သည့် အဝတ်အစား အားလုံးသည် နီချွေ့ဟွာနှင့် ကွက်တိ လိုက်ဖက်နေခဲ့ခြင်း ဖြစ်သည်။
“ဒါပေမယ့် အမေ ဒီလောက် အများကြီး မလိုပါဘူး ပြီးတော့ ဒီအဝတ်တွေက အရမ်းဈေးကြီးတယ်လေ အမေ့မှာလည်း အဝတ်တွေ ရှိပါသေးတယ် ဝတ်စုံတစ်စုံတည်းနဲ့တင် ၂၈ ယွမ်ဆိုတော့ ဒီအဝတ်တွေ အားလုံးဆိုရင် တစ်ရာနီးပါး ကျမှာပေါ့ တွေးမိတာနဲ့တင် ရင်နာရတယ်”
နီချွေ့ဟွာမှ မှတ်ချက်ပြုလိုက်မိသည်။ နီယန်မှ ဆက်ပြောလိုက်သည်။
“သိပ်မများပါဘူး ဒီဝတ်စုံ အပါအဝင်မှ ၄ ထည်ပဲ ရှိသေးတာ”
ဒမ်ကျေးရွာမှ သူတို့ ယူလာသည့် အဝတ်အစားများသည် ဟောင်းနွမ်းနေခဲ့ကာ ဖာထေးထားသော အဝတ်များ ဖြစ်ကြသည်။ ထိုအဝတ်များသည် ယခုအချိန်အတွက် မသင့်တော်တော့သဖြင့် နီယန်သည် နီချွေ့ဟွာအတွက် ဝတ်စုံသစ် ၄ စုံ ဝယ်ပေးလိုက်ခြင်း ဖြစ်သည်။ ထိုစကတ် ဝတ်စုံ အပြင် ကျန်သည့် ၃ စုံမှာ နေ့စဉ်ဝတ် အဝတ်အစားများ ဖြစ်ကြသည်။
“ဒါပေမယ့်”
နီချွေ့ဟွာ တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်စဉ်မှာပင် နီယန်သည် သူမ၏ ပခုံးအား ညင်သာစွာ ဖိလိုက်ပြီးနောက် ပြောလိုက်သည်။
“အမေ ဒါပေမယ့် မရှိတော့ဘူး သမီးတို့ ဒမ်ကျေးရွာမှာ မရှိတော့ဘူးလေ သမီးတို့ ဘဝတွေ ပိုကောင်းလာတော့မှာ အဝတ်အစား အနည်းငယ်လောက်တော့ သေချာပေါက် တတ်နိုင်ပါသေးတယ်”
ဘေးမှ အရောင်း ဝန်ထမ်းမလေးသည် သူမ၏ သဘောထားအား လုံးဝ ပြောင်းလဲလိုက်ပြီ ဖြစ်ကာ အလွန်ရိုသေစွာ မေးမြန်းလိုက်သည်။
“အခုပဲ ထုပ်ပေးရမလား ရှင်”
နီယန်မှ သူမအား တစ်ချက် ကြည့်လိုက်ကာ ပြန်ပြောလိုက်သည်။
“ထုပ်လိုက်ပါ”
“ဟုတ်ကဲ့ပါ ခဏလောက် စောင့်ပေးပါနော်”
အရောင်း ဝန်ထမ်းမလေးသည် အနည်းငယ် ဦးညွှတ်လိုက်ကာ ချိုသာစွာဖြင့် ပြုံးပြလိုက်ပြီးနောက် အဝတ်အစားများ ထုပ်ပိုးရန် လှည့်ထွက်သွားတော့သည်။ သူမအား ထိုသို့ မြင်လိုက်ရသောအခါ နီချွေ့ဟွာမှ အံ့အားသင့်စွာ ပြောလိုက်သည်။
“ဒီမိန်းကလေးရဲ့ သဘောထားက ဘာလို့ စာအုပ်လှန်လိုက်သလို ဒီလောက်မြန်မြန် ပြောင်းလဲသွားရတာလဲ အခုဏတုန်းက အဲ့လို မဟုတ်ပါဘူး”
နီယန်မှ ရယ်မောလိုက်ကာ ပြောလိုက်သည်။
“ဒါ လောကသဘာဝပါဘဲ သူ့အပြစ် မဟုတ်ပါဘူး”
“အော်”
နီချွေ့ဟွာသည် နားလည် သလိုလိုဖြင့် ခေါင်းညိတ် မိလိုက်သည်။ အဝတ်အစား ၄ ထည်အတွက် စုစုပေါင်း ၁၀၈ ယွမ် ကျသင့်လေသည်။ နီယန်သည် လိုလို လားလားဖြင့်ပင် ပိုက်ဆံ ထုတ်ပေးလိုက်သော်လည်း ဘေးမှ နီချွေ့ဟွာမှာမူ ရင်နာနေရဆဲ ဖြစ်သည်။
သူမဘဝတွင် အဝတ်အစားအတွက် ယွမ် ၁၀၀ သုံးမည့်နေ့ ရောက်လာလိမ့်မည်ဟု မည်သည့် အချိန်ကမှ စိတ်မကူးမိခဲ့ချေ။
၁၀၈ ယွမ် ဆိုသည်မှာ မူမိသားစု၏ တစ်နှစ်စာ ဝင်ငွေနီးပါး ရှိလေသည်။ အဝတ်အစားများ ဝယ်ပြီးနောက် နီယန်သည် နီချွေ့ဟွာအား အတွင်းခံ ကောင်တာသို့ ခေါ်ဆောင် သွားလိုက်သည်။
ဘရာစီယာများသည် ၁၉၁၄ ခုနှစ်ကတည်းကမှ စတင် ပေါ်ပေါက်ခဲ့သော်လည်း တောရွာများသို့ ရောက်ရှိမလာသေးချေ။ နီယန်သည် ၁၇ နှစ် ရှိနေပြီ ဖြစ်သော်လည်း ရှေးဟောင်း ရင်စည်းကိုသာ ဝတ်ဆင်နေရဆဲ ဖြစ်ကာ နီချွေ့ဟွာ ဆိုလျှင် ဘရာစီယာအား မြင်ပင် မမြင်ဖူးသေးပေ။
ထို့ကြောင့် ထိုအချိန်က တောနယ်များတွင် အမျိုးသမီး အများစု၏ ရင်သားများသည် အသက် ၃၀ မပြည့်ခင်မှာပင် အရွယ်မတိုင်မီ လျော့ရဲကျဆင်းလာလေ့ ရှိကြသည်။
နီယန်သည် မကြာသေးမီ အချိန်များတွင် အစားအသောက်ဖြင့် အသားအရေ ထိန်းသိမ်းမှုကို ဂရုစိုက်နေသော်လည်း နီချွေ့ဟွာ၏ ရင်သားများသည် လျော့ရဲကျဆင်းစ ပြုနေပြီ ဖြစ်သည်။ သို့သော် ဘရာစီယာ၏ အကူအညီနှင့် အစားအသောက် ကုထုံးတို့ ပေါင်းစပ်လိုက်လျှင် သူမသည် ပြီးပြည့်စုံသည့် ရင်သားပုံစံအား သေချာပေါက် ပိုင်ဆိုင်လာပေလိမ့်မည် ဖြစ်သည်။
ဤသည်မှာ နီချွေ့ဟွာအတွက် ဘရာစီယာအား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ သူမ စူးစမ်းလိုစိတ်ဖြင့် မေးမြန်း လိုက်သည်။
“ယန်ယန် ဒါက ဘာကြီးလဲ”