အခန်း (၆၆)
Vol. 5 Ch. 66
အခန်း (၆၆)
နီချွေ့ဟွာအား ထိုသို့မြင်လိုက်ရချိန်တွင် နီယန်သည် သူမ၏ နား အနားသို့ ကပ်၍ စကား အနည်းငယ် တီးတိုး ပြောလိုက်လေသည်။
ဤထူးဆန်းလှသည့် အဝတ်အစားများ၏ ရည်ရွယ်ချက်အား နားလည်သွားသောအခါ နီချွေ့ဟွာသည် ချက်ချင်း မျက်နှာတစ်ခုလုံး နီရဲသွားခဲ့ကာ တစ်ကိုယ်လုံး နေမထိထိုင်မသာ ဖြစ်သွားတော့သည်။
"ယန်ယန် သွားကြစို့"
သူမ ပြောလိုက်လေသည်။ နီယန်မှ ရယ်မောလိုက်ကာ ပြောပြလိုက်တော့သည်။
"အမေ ရှက်စရာ ဘာမှ မရှိပါဘူး အခုခေတ်မှာ မြို့ကလူတိုင်း ဒါတွေ ဝတ်ကြတာပဲ ဒါတွေက အမျိုးသမီး ရောဂါတွေကို ကာကွယ်ပေးနိုင်ရုံတင် မကဘူး ရင်သားတွဲကျတာကိုလည်း ကာကွယ်ပေးနိုင်တယ်"
ထိုသို့ နီယန်မှ ပြောပြနေသော်ငြားလည်း နီချွေ့ဟွာမှာမူ အနည်းငယ် နေရခက်နေဆဲပင် ဖြစ်လေသည်။
"မြို့ကလူတိုင်း ဒါတွေ ဝတ်ကြတာလား"
"ဟုတ်တယ်"
နီယန်မှ ခေါင်းညိတ်လိုက်ပြပြီး နီချွေ့ဟွာအား ဆွဲခေါ်သွားတော့သည်။
"အမေ ကြိုက်တဲ့ ပုံစံ ရွေးလိုက်"
နီချွေ့ဟွာ၏ မျက်နှာသည် ပြုတ်ထားသော ပုစွန်ကဲ့သို့ ရဲရဲနီနေခဲ့သည်။
"ဘာပဲဖြစ်ဖြစ် အထဲက ဝတ်ရတာပဲ ဘယ်ပုံစံဖြစ်ဖြစ် ရပါတယ်"
နီချွေ့ဟွာ ထိုသို့ အရှက်သည်းနေသည်အား မြင်သောအခါ နီယန်သည် သူမအား အခက်တွေ့အောင် ဆက်မလုပ်တော့ပေ။ သူမသည် မိန်းကလေးငယ်များနှင့် အမျိုးသမီးများအတွက် သင့်တော်သည့် ပုံစံနှစ်မျိုးအား ရွေးချယ်လိုက်ကာ အရောင်းဝန်ထမ်းအား ပြောလိုက်သည်။
"ဒီပုံစံတွေထဲက C cup နဲ့ D cup နှစ်ထည်စီ ပေးပါ"
C cup များသည် သူမအတွက်ဖြစ်ကာ D cup များသည် နီချွေ့ဟွာအတွက် ဖြစ်လေသည်။ ပြောရမည် ဆိုလျှင် နီယန်၏ ကောင်းမွန်လှသည့် မျိုးရိုး ဗီဇအားလုံးသည် နီချွေ့ဟွာထံမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်လေသည်။ ထို့အပြင် သူမသည် မကြာသေးမီတွင် ပြုလုပ်ကာ စားသောက်ခဲ့သည့် အစားအသောက် ကုထုံးသည်လည်း အထောက်အကူ ပြုခဲ့ခြင်း ဖြစ်သည်။
ထိုအလှအပနှင့် ကျန်းမာရေး ချက်ပြုတ်နည်းများသည် အလကား စားခဲ့ရခြင်း မဟုတ်ပေ။ အမျိုးသမီးချင်း ဖြစ်သည့် အားလျော်စွာ နီယန်မှ ဆိုဒ်များအား ပြောလိုက်သောအခါ အရောင်း ဝန်ထမ်းမလေး၏ မျက်လုံးများ အတွင်း၌ မနာလို ဝန်တိုမှုများအား ဖုံးကွယ်ထား၍ မရနိုင်ခဲ့ချေ။
ထိုမျှလောက် သွယ်လျသည့် ကောင်မလေးတွင် ယခုလို ပြည့်ဖြိုး လှပသည့် ခန္ဓာကိုယ် အချိုးအစား ရှိလိမ့်မယ်လို့ ဘယ်သူ ထင်လိမ့်မည်နည်း။ ထို့အပြင် သူမသည် အရမ်းလည်း လှနေသေး၏။
လောကကြီးသည် အမှန်တကယ် မတရားလှချေ။
"လေးထည်ဆိုတော့ ၉၈ ယွမ် ကျပါတယ်"
အရောင်းဝန်ထမ်းမှ ဆက်ပြောလိုက်သည်။
‘၉၈ ယွမ် ဟုတ်လား’
‘ဒီလို အဝတ်စ သေးသေးလေးက အဲ့လောက် ဈေးကြီးတာလား’
နီချွေ့ဟွာမှ အံ့အားသင့်သွားခဲ့ကာ နီယန်အား တားရန် ပြင်လိုက်စဉ်မှာပင် နီယန်မှ ပိုက်ဆံချေပြီးနေပြီ ဖြစ်သည်။ နီယန်သည် နီချွေ့ဟွာ၏ စိုးရိမ်ပူပန်မှုအား သတိပြုမိသည့် အတွက်ကြောင့် တိုးတိုးလေး နှစ်သိမ့်လိုက်သည်။
"အမေ စိတ်မပူပါနဲ့ သမီးတို့မှာ ပိုက်ဆံရှိပါတယ် အရင်ကလို ချို့ချို့တဲ့တဲ့နဲ့ ချွေတာနေစရာ မလိုတော့ပါဘူး သမီးတို့ရဲ့ အနာဂတ် ခရီးလမ်းကြောင်းက ပန်းပွင့်လေးတွေ ပွင့်လန်းလာသလိုမျိုး နေ့တိုင်း ပိုကောင်းလာတော့မှာ"
နီချွေ့ဟွာသည် နီယန်၏ တောက်ပသည့် မျက်လုံးများအား ကြည့်လိုက်ကာ မသိစိတ်မှ ခေါင်းညိတ်လိုက်မိတော့သည်။ အတွင်းခံများ ဝယ်ပြီးနောက် နီယန်သည် ညီမလေး နီယွန်းအတွက် အဝတ်အစား အစုံအလင်နှင့် နောက်ဆုံးတွင် ဖိနပ်များပါ မကျန် ဝယ်ပေးလိုက်သည်။ ခေါင်းအစ ခြေအဆုံး အတွင်းရော အပြင်ပါ အရာအားလုံး အသစ်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ကုန်တိုက်မှ ထွက်ခွာလာ ပြီးနောက်တွင် နီယန်သည် နီချွေ့ဟွာအား ကုန်စုံဆိုင် အချို့သို့ ခေါ်သွားခဲ့ကာ နေ့စဉ်သုံး ပစ္စည်းအချို့ ဝယ်ယူခဲ့သေးသည်။ ယခင်အချိန်များတွင် နီချွေ့ဟွာသည် တောရွာတွင်သာ အမြဲနေထိုင်ခဲ့ရသဖြင့် ကမ္ဘာကြီးနှင့် ထိတွေ့မှု နည်းပါးလှကာ အမြင်ကျဉ်းမြောင်းခဲ့လေသည်။
ပေကျင်း၏ စည်ကားသိုက်မြိုက်ကာ ကြီးပွား တိုးတက်သော လမ်းမများအား ကြည့်ရင်းဖြင့် နီချွေ့ဟွာသည် သူမ မည်မျှ သေးနုပ်ခဲ့ကြောင်း သဘောပေါက်လာခဲ့တော့သည်။ သူမ၏ ဘေးရှိ ထူးချွန် ထက်မြက်လှသည့် သမီးဖြစ်သူအား ကြည့်ရင်း နီချွေ့ဟွာသည် အနာဂတ်တွင် သန်မာသောသူ ဖြစ်လာရန်နှင့် နီယန်အား အောက်ဆွဲချသူ မဖြစ်စေရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်တော့သည်။
ဈေးဝယ်ပြီး အိမ်ပြန်ရောက်လာချိန်တွင် ည ၇ နာရီ ကျော်နေခဲ့ပြီ ဖြစ်သည်။ ဟင်းချက်ရန် အချိန်မလောက်တော့ချေ။ ထို့ကြောင့် နီယန်သည် ကျန်းမာရေး အတွက် ပိုကောင်းမွန်သည့် ယာဂု တစ်အိုးကြီးသာ ချက်လိုက်တော့သည်။ ထိုယာဂုထဲတွင် ပုစွန် ဟင်းသီးဟင်းရွက် အသားနှင့် မုန်လာဥနီ အတုံးလေးများ ပါဝင်သည်။ ၎င်းသည် အရသာရှိရုံသာမက အသားအရေအားလည်း ဖြူဝင်းစေကာ ရင်သားကို ဖွံ့ဖြိုးစေသည့် အာနိသင်လည်း ရှိသေးသည်။
မြေအိုးထဲတွင် ယာဂု ဆူပွက်နေစဉ် နီယန်သည် အာလူးကပ်ကြော် အချို့ လုပ်လိုက်သေးသည်။ အာလူးကပ်ကြော်ပေါ်တွင် ငရုတ်သီးဆီ သုတ်လိမ်းပြီး နှမ်းနှင့် မြေပဲထောင်းများကို ဖြူးလိုက်သည့် အခါတွင်မူ စပ်ရှိန်းရှိန်းနှင့် လတ်ဆတ်သည့် အာလူးကပ်ကြော်၏ အရသာနှင့် အရသာရှိသော ကျန်းမာရေး ယာဂုနှင့် တွဲဖက်လိုက်လျှင်မူ အမှန်တကယ့်ကိုပင် နတ်သုဒ္ဓါ တစ်မျိုးပင် ဖြစ်သွားလေခဲ့သည်။
အမျိုးသမီး ၃ ဦးသည် ယာဂုတစ်အိုးနှင့် အာလူးကပ်ကြော် ၁၀ ခုကျော်အား လွယ်လွယ်ကူကူပင် ကုန်စင်အောင် စားသောက်လိုက်ကြတော့သည်။
နီချွေ့ဟွာနှင့် သူမ၏သမီးဖြစ်သူတို့ ဤနေရာသို့ ပြောင်းရွှေ့လာသည့် အချိန်မှစ၍ နီချန်ကွေ့အတွက် သူမ၏ ခင်ပွန်း ဆုံးပါးသွားသည့် နောက်ပိုင်း အပျော်ရွှင်ဆုံး အချိန်များ ဖြစ်ကောင်း ဖြစ်နိုင်လေသည်။
ယခင်ကမူ သူမသည် အလုပ်မှ ပြန်လာတိုင်း အေးစက်နေသည့် အိုးများနှင့် မီးဖိုများကိုသာ တွေ့ရလေ့ရှိသည်။ ထို့ကြောင့် သူမ အလုပ်မဆင်းချင်သလို အိမ်လည်း မပြန်ချင်ခဲ့ပေ။ ယခုအခါ သူမ နေ့စဉ် အမျှော်လင့်ဆုံးသော အရာမှာ အလုပ်ဆင်းချိန်ပင် ဖြစ်လေသည်။
နီချွေ့ဟွာနှင့် နီယန်တို့သည် သူမ၏ ဆွေမျိုးများ မဟုတ်ကြသည့်တိုင် သူမအား မိသားစုဟူသည့် ခံစားချက်အား ပေးစွမ်းနိုင်လေသည်။
ညစာစားပြီးနောက်တွင်....
နီချွေ့ဟွာသည် ယနေ့ လမ်းမှ ဝယ်လာသည့် အဝတ်အစားသစ်များအား နီချန်ကွေ့အား ပြသလိုက်သည်။ နီယန်ကဲ့သို့ သမီးကောင်း တစ်ယောက် ပိုင်ဆိုင်ထားသဖြင့် နီချွေ့ဟွာသည် သူမ၏ ပျော်ရွှင်မှုအား ကမ္ဘာပေါ်ရှိ လူတိုင်းနှင့် မျှဝေချင်နေခဲ့ခြင်း ဖြစ်သည်။ နီချန်ကွေ့မှ ပြုံးလျှက် ပြောလိုက်တော့သည်။
"ဒီအဝတ်တွေက တကယ် လှတာပဲ ရှင်တို့သမီး ယန်ယန်က ဟင်းချက်ကောင်းရုံတင် မကဘူး အဝတ်အစား ရွေးတဲ့နေရာမှာလည်း အမြင်ရှိသားပဲ"
နီချွေ့ဟွာမှ ပြစ်တင် ပြောဆိုလိုက်သည်။
"သူသိတာဆိုလို့ ပိုက်ဆံသုံးဖို့ပဲ ရှိတာ"
နီချန်ကွေ့သည် နီချွေ့ဟွာ၏ ကျောအား ပုတ်လိုက်လေသည်။
"ဒီလောက် လိမ္မာတဲ့ သမီးမျိုး ရထားမှတော့ ရှင်လုပ်ရမှာက စောင်ခေါင်းမြီးခြုံပြီး ကြိတ်ပြုံးနေဖို့ပဲ ရှိတော့တယ်လေ”
ထိုစကားကို ကြားသောအခါ နီချွေ့ဟွာသည် သဘောကျစွာ မျက်လုံးများ မှေးမှိတ်သွားသည် အထိ ပြုံးလိုက်မိလေတော့သည်။
ဟုတ်ပေသည်။ သူမ၏ တစ်သက်တာတွင် နီယန်အား သမီးအဖြစ် ရရှိထားခြင်းသည် တကယ့်ကို ကောင်းချီးမင်္ဂလာ တစ်ပါးပင် ဖြစ်လေသည်။ နီယန်သာ မရှိခဲ့လျှင် သူမသည် ဒမ်ကျေးရွာတွင် ရုန်းကန်နေရဆဲ ဖြစ်ပေလိမ့်မည်။
နောက်တစ်နေ့တွင် နီယန်သည် ပုံမှန်အတိုင်း သူမ၏ ဆိုင်တွင် ခေါက်ဆွဲ ရောင်းနေခဲ့သည်။ အခြားနေ့များနှင့် မတူဘဲ ယနေ့ ဆိုင်ရှေ့တွင် တန်းစီနေသည့် လူတန်းကြီး မရှိချေ။ လီကုန်းချန် အပါအဝင် လူအနည်းငယ်သာ ကျဲကျဲပါးပါး ရပ်နေကြလေသည်။
"ရှောင်နီ ရောက်လာပြီလား"
နီယန် လာနေသည်အား မြင်သောအခါ လီကုန်းချန်သည် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"မင်္ဂလာနံနက်ခင်းပါ မစ္စတာ လီ"
နီယန်မှ အနည်းငယ် ဦးညွှတ်လိုက်လေသည်။
"မင်္ဂလာနံနက်ခင်းပါ"
လီကုန်းချန်မှ ဆက်ပြောလိုက်သည်။
"အိုး ဒါနဲ့ ရှောင်နီ ကျွန်တော် မင်းနဲ့ ဆွေးနွေးစရာ ကိစ္စလေး တစ်ခုရှိလို့"
နီယန်သည် မီးဖိုကို ပြင်ဆင်နေရင်း ပြောလိုက်လေသည်။
"ပြောပါ မစ္စတာလီ"
ယမန်နေ့တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စပြီးနောက် လီကုန်းချန်သည် နီယန်အပေါ် ထားရှိခဲ့သော မရင့်ကျက်သည့် အတွေးများအား လုံးဝ ဖျောက်ဖျက် ပစ်လိုက်ပြီ ဖြစ်လေသည်။
ထိုကောင်မလေးသည် သာမန်လူမဟုတ်ကြောင်းနှင့် သူကဲ့သို့ လူသေး လူမွှားတစ်ယောက် ကစား၍ရသည့်သူ တစ်ဦး မဟုတ်ကြောင်း သူ နက်နက်ရှိုင်းရှိုင်း နားလည်လိုက်ပြီ ဖြစ်သည်။
လီကုန်းချန်သည် နီယန်အား သူ၏ ရည်ရွယ်ချက်အား လိမ္မာပါးနပ်စွာ မည်သို့ ရှင်းပြရမည်ကို စိတ်ထဲတွင် ပြင်ဆင်နေခဲ့သည်။
"ဒီလိုပါ ကျွန်တော်တို့ အိမ်က သခင်မကြီးက ရှောင်နီရဲ့ ခေါက်ဆွဲကို တကယ် ကြိုက်တယ် ဒါပေမယ့် သက်ကြီးရွယ်အိုတွေက ပိုပြီး မျှတတဲ့ အစားအသောက်ကို စားဖို့ လိုအပ်တယ်လေ ဒါကြောင့် ရှောင်နီများ နေ့တိုင်း မနက်ခင်းပိုင်းမှာ သူ့အတွက် သင့်တော်မယ့် အစားအသောက် တချို့ ယူလာပေးလို့ ရနိုင်မလားလို့ပါ"
ထိုသို့ ပြောပြီးနောက် လီကုန်းချန်မှ ဆက်ပြောလိုက်သည်။
"ဈေးနှုန်းကို ညှိနှိုင်းလို့ ရပါတယ် အဓိက သူ ကြိုက်ဖို့ပဲ လိုတာပါ"
နီယန် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"ကောင်းပါပြီ ကျွန်မ စမ်းကြည့်ပါ့မယ် ဒါပေမဲ့ ဒီနေ့တော့ နောက်ကျသွားပြီ မနက်ဖြန်မှ စောစောလာယူလိုက်ပါ"
နီယန်၏ ဘက်မှ ဤမျှ လျင်မြန်စွာ သဘောတူလိုက်သဖြင့် လီကုန်းချန် အံ့အားသင့် သွားခဲ့ရသည်။
"ဒါဆို ရှောင်နီ မင်း သဘောတူတယ်ပေါ့"
ယမန်နေ့ကလေးမှတင် မစ္စတာဆုန်းမှ လစာအများကြီး ပေး၍ ကမ်းလှမ်းခဲ့သည်ကိုပင် သူမမှ စားဖိုမှူး လုပ်ရန် ငြင်းခဲ့သေးသည် မဟုတ်ပါလော။
ယနေ့ကျမှ အဘယ်ကြောင့်များ ယခုလို မြန်မြန် သဘောတူလိုက်ရလေသနည်း။ နီယန်မှ သူ့အား အခြေအနေ တစ်ခုခုဖြင့် ညှိနှိုင်းလိမ့်မည်ဟု လီကုန်းချန် ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ နီယန်မှ ခေါင်းညိတ်လိုက်လေသည်။
"အင်း ကျွန်မ စမ်းကြည့်ပါ့မယ် ဒါပေမယ့် ရှင်တို့ သခင်မကြီးက ကျွန်မချက်တာကို ကြိုက်မကြိုက်တော့ မသေချာဘူးနော်"
ပိုက်ဆံရှာ၍ ရမည့် အခွင့်အရေးအား ငြင်းပယ်ရမည် ဆိုသည်မှာ အဓိပ္ပါယ် မရှိလှချေ။ မည်သို့ပင် ဖြစ်စေ ဟင်းတစ်ပွဲ ချက်ရသည်မှာ အလွန် ခက်ခဲလှသည့်မှ မဟုတ်ပါပေ။ ထို့ပြင် ဤအလုပ်သည် ပုံမှန် မနက်ကိုး ညငါး အလုပ်နှင့်လည်း မတူညီချေ။
"ကောင်းပြီလေ"
လီကုန်းချန်သည် နီယန်အား ငွေစက္ကူ အတန်ကြီး တစ်ရွက် ကမ်းပေးလိုက်တော့သည်။
"ဒါက စရန်ငွေပါ ဒါဆို အဆင်ပြေပြီနော် ရှောင်နီ ကျွန်တော် မနက်ဖြန်မနက် လာယူလိုက်မယ် တကယ်လို့ သခင်မကြီး ကြိုက်တယ်ဆိုရင် မစ္စတာဆုန်းက ခင်ဗျားကို တစ်လ ယွမ်တစ်ရာ ပေးမယ်လို့ ပြောတယ် အဓိကက သခင်မကြီး ကောင်းကောင်း ခံတွင်း တွေ့ပြီး စားဝင်ဖို့ပါပဲ”
"ကောင်းပါပြီ"
နီယန် အနည်းငယ် ခေါင်းညိတ် လိုက်လေသည်။ လီကုန်းချန်မှ ဆက်ပြောလိုက်သည်။
"ဒါဆိုလည်း အခုတော့ ပုံမှန်အတိုင်း ခေါက်ဆွဲ သုံးပွဲလောက် လုပ်ပေးပါဦး"
ထိုသို့ ပြောပြီးနောက်တွင် လီကုန်းချန် ရုတ်တရက် တစ်စုံတစ်ခု ထူးဆန်းနေသည်အား သတိထားမိကာ မေးလိုက်မိသည်။
"ကျွန်တော် လာတာ စောလွန်းလို့လား ဒီနေ့ ဘာလို့ ဘယ်သူမှ တန်းမစီကြတာလဲ"
နီယန်သည်လည်း စဉ်းစားရခက်နေခြင်း ဖြစ်သည်။ ထိုစဉ်မှာပင် ခေါက်ဆွဲလာစားသည့် အမျိုးသမီးကြီးတစ်ဦး ရောက်ရှိလာခဲ့သည်။
"သူဌေးမလေး ခေါက်ဆွဲတစ်ပွဲ လုပ်ပေးပါအုန်း"
"ဟုတ်ကဲ့"
နီယန် ပြန်ဖြေလိုက်လေသည်။ နီယန် ပြန်ဖြေပြီးနောက် ထိုအမျိုးသမီးကြီးမှ ဆက်လက်၍ ပြောလိုက်လေသည်။
"သူဌေးမလေး ခေါက်ဆွဲကို ဈေးလျှော့ပေးလို့ မရဘူးလား ဟိုဘက်က အချဉ်တည်ထားတဲ့ ငါးခေါက်ဆွဲက တစ်ပွဲကို နှစ်ယွမ်ခွဲပဲ ရှိတာ ညည်းတို့ဆိုင်က သုံးယွမ် တောင် ပေးရတယ်"