သူမ မူနေတာများလား
Vol. 5 Ch. 67
နီယန်သည် သူမ၏ ငါးချဉ်ဟင်းရည်ခေါက်ဆွဲ နာမည်ကြီးလာပြီးနောက် အတုခိုးမည့်သူများ ပေါ်လာမည်ကို အစောပိုင်း အချိန်များထဲမှ သိထားခဲ့လေသည်။ သို့သော်လည်း ထိုသူများသည် ယခုလောက် မြန်မြန် ရောက်လာကြလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပါချေ။
သူမသည် ဈေးဆစ်ရန် ကြိုးစားနေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးအား ကြည့်နေလိုက်လေသည်။ ထို့နောက် နီယန်မှ အပြုံးဖြင့် ပြောလိုက်တော့သည်
"စိတ်မရှိပါနဲ့ ရဲဘော် ဒါက တစ်ပိုင်တစ်နိုင် အလုပ်လေးမို့လို့ပါ ဈေးထပ်လျှော့ပေးလို့ မရတော့ပါဘူး"
အတုခိုးသူ၏ ငါးချဉ်ဟင်းရည် ခေါက်ဆွဲဆိုင်မှာ ယခုလေးတင် ဖွင့်လှစ်လိုက်ခြင်းဖြစ်ရာ တစ်ပွဲလျှင် ၅ ပြား ဈေးပိုသက်သာလေသည်။ သဘာဝကျစွာပင် လူတိုင်းသည် အသစ်အဆန်းနှင့် ဈေးသက်သာမှုကိုသာ ရှာဖွေရင်း ထိုလူသစ်ဆိုင်အား ရွေးချယ်သွားကြခြင်း ဖြစ်သည်။
အတုခိုးသူ ပေါ်လာခြင်းသည် နီယန်အတွက် ကောင်းကျိုးရော ဆိုးကျိုးပါ ရှိနေခဲ့သည်။ ကောင်းကျိုးမှာ အရည်အသွေး ကွာခြားမှုသည် နှိုင်းယှဉ်လိုက်မှသာ ထင်ရှားလာမည် ဖြစ်သည်။
နီယန်သည် ယခုအခါ အချဉ်တည်ခြင်းနှင့် ငရုတ်သီး အနှစ်တို့အတွက် လျှို့ဝှက် ချက်ပြုတ်နည်းအား အသုံးပြုထားလေရာ အတုခိုးသူအနေဖြင့် ထပ်တူညီသော အရသာကို မည်သည့်အခါမျှ တုပနိုင်မည် မဟုတ်ချေ။
နီယန်သည် သူမ၏ ကိုယ်ပိုင် စွမ်းရည်အပေါ် ယုံကြည်မှု အပြည့်ရှိနေဆဲ ဖြစ်သည်။ ဆိုးကျိုးမှာမူ ဒီမနက်ခင်းအတွက် သူမ၏ ဖောက်သည် အများစုအား ထိုသူတို့ လုယူသွားကြခြင်းပင် ဖြစ်သည်။ ဤစကားအား ကြားသောအခါ သက်လတ်ပိုင်းအမျိုးသမီးသည် ထိုင်စရာနေရာတစ်ခု ရှာလိုက်ပြီး ဆက်ပြောလေသည်
"ဟိုဘက်ဆိုင်မှာ လူတန်းကြီးက သိပ်မရှည်ရင် ကျွန်မ ဟိုမှာပဲ သွားစားလိုက်တော့မှာ ကဲပါ ကျွန်မကို အရင်ဆုံး တစ်ပွဲ လုပ်ပေးပါ"
နီယန်မှ ပြုံးလျှက် ပြောလိုက်သည်။
"ကောင်းပါပြီ ခဏလောက် စောင့်ပေးပါနော်"
လီကုန်းချန်သည် နီယန်အား ကြည့်ရင်းဖြင့် ဤမိန်းကလေးသည် ပိုပို၍ စိတ်ဝင်စားဖို့ ကောင်းလာသည်ဟု တွေးနေမိလေသည်။ သူမ၏ စီးပွားရေး အလုခံနေရချိန်တွင်ပင် သူမသည် တည်ငြိမ် အေးဆေးနေဆဲပင် ဖြစ်သည်။
‘သူမ လုံးဝ စိတ်မပူဘူးလား’
သူမသည် ဆယ်ကျော်သက်အရွယ်သာ ရှိသေးသော်လည်း လူကြီးအများစုပင် မလုပ်နိုင်သည့် အလုပ်များကို လုပ်ကိုင်နေခြင်း ဖြစ်သည်။ နီယန်သည် ပြုတ်ထားသော ခေါက်ဆွဲမျာအား တည်ခင်းပေးလိုက်လေသည်။ ထိုအချိန်တွင် ခေါက်ဆွဲစားရန် နောက်ထပ် ဖောက်သည်အချို့ ရောက်လာကြသည်
"သူဌေးမလေး ခေါက်ဆွဲ သုံးပွဲပေးပါ ငရုတ်သီးနဲ့ နံနံပင် ပိုထည့်ပေးပါ ရှာလကာရည် မထည့်နဲ့နော်"
"ဟုတ်ကဲ့ ခဏလောက် စောင့်ပေးပါနော်"
နီယန်မှ အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ ယခင်ကလောက် တန်းစီစောင့်ဆိုင်းနေသည့် ဖောက်သည်များ မများတော့သော်လည်း စားပွဲဝိုင်းလေး ၅ ဝိုင်းမှာ မည်သည့်အခါမျှ လွတ်မနေခဲ့ပါချေ။
ဖောက်သည်များသည် ဝင်လိုက်ထွက်လိုက်နှင့် ရှိနေကြသည်။ မည်သို့ပင်ဆိုစေကာမူ အရည်အသွေးဟူသည် လစ်လျူရှုထား၍ မရနိုင်သည့် အရာဖြစ်ရာ နီယန်တွင် သစ္စာရှိသော ဖောက်သည်ဟောင်းများစွာ ရှိနေဆဲပင် ဖြစ်လေသည်။
နီယန်သည် သူမ၏ ဆိုင်လေးရှေ့တွင် အမြဲမပြတ် အလုပ်ရှုပ်နေခဲ့သည်။ သူမသည် အပေါ်ပိုင်းတွင် အပြာနုရောင် ရှပ်အင်္ကျီနှင့် အောက်ပိုင်းတွင် အနက်ရောင် ခြေပွဘောင်းဘီကို ဝတ်ဆင်ထားခဲ့သည်။
သူမ၏ အဝတ်အစားများက 'တောဆန်သည်' ဟု ထင်ရသော်လည်း သူမဆီမှ ရှေးဆန်လှသည့် အလှတရားတစ်ခု ကျက်သရေရှိစွာ ထွက်ပေါ်နေခဲ့သည်။ အပြာနုရောင်သည် အလွန် ရွေးချယ်ရခက်သည့် အရောင်ဖြစ်ကာ အသားအနည်းငယ် ညိုသူများနှင့်ဆိုလျှင် ကြည့်ကောင်းမည် မဟုတ်ချေ။
ဝတ်ဆင်ပုံ မတတ်ပါမူ ပြောင်းပြန် အကျိုးသက်ရောက်မှု ကိုပင် ဖြစ်စေနိုင်သည်။ သာမန်အားဖြင့် အရောင်များသည် လူအား ပံ့ပိုးပေးသော်လည်း နီယန်၏ အခြေအနေတွင်မူ လူကသာ အရောင်ကို ပံ့ပိုးပေးနေခြင်း ဖြစ်သည်။
အပြာနုရောင်သည် သူမအတွက် သီးသန့်မွေးဖွားလာသကဲ့သို့ ဖြစ်နေခဲ့ကာ သူမ၏ ဖြူဝင်းလှသည့် အသားအရေအား ပိုမို ကြည်လင်၍ တောက်ပသွားစေလေသည်။
အငွေ့တလူလူ ထွက်နေသည့် ရေနွေးငွေ့များသည် သူမ၏ မျက်နှာအား ဝိုးတဝါး ဖြစ်စေပြီးနောက် ကျောက်စိမ်းကဲ့သို့သော သူမ၏ မျက်နှာသွင်ပြင်ကို မပီမပြင်နှင့် ဖမ်းဆုပ်ရခက်သော ပုံစံဖြစ်သွားစေလေရာ သူမသည် နတ်သမီးနယ်မြေထဲ ရောက်နေသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့် အလှတရားအား ပိုမို ပေါ်လွင်စေခဲ့သည်။
မလှမ်းမကမ်းတွင် အနက်ရောင် ကားတစ်စီး ရပ်ထားလျှက် ကားပေါ်တွင် ထိုင်နေသည့် အမျိုးသားသည် ပါးလွှာသော နှုတ်ခမ်းများအား တင်းတင်းစေ့လျှက် ထိုမြင်ကွင်းအား တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။
သူသည် လက်အတွင်း၌ ဖိုင်တစ်ဖိုင်အား ကိုင်ထားခဲ့ကာ သူ၏ အေးစက်လှသော မျက်နှာမှာမူ ခံစားချက်ကင်းမဲ့လုနီးပါး ဖြစ်နေခဲ့သည်။ ခဏအကြာတွင် သူသည် ပါးလွှာသော နှုတ်ခမ်းအား ဖွလျှက် လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"သူ ဒီမှာ ဈေးဆိုင်ခင်းနေတာ ဘယ်လောက်ကြာပြီလဲ"
ယာဉ်မောင်း ရှောင်ကျောက်မှ လေးစားသမှုဖြင့် ဖြေကြားလိုက်သည်
"တစ်လကျော်လောက် ရှိပါပြီ"
"တစ်လကျော်တောင် ရှိပြီလား"
မိုဘိုင်ချွမ်းသည် မျက်လုံးများအား အနည်းငယ် မှေးစက်လိုက်ပြီးနောက် ဆက်မေးလိုက်လေသည်
"သူက ဒီတစ်လလုံးလုံး ဈေးဆိုင်ခင်းပြီး ခေါက်ဆွဲ ရောင်းနေခဲ့တာလား"
ယာဉ်မောင်း ရှောင်ကျောက်မှ ခေါင်းညိတ်လျှက် ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်"
စကားပြောပြီးနောက် သူသည် ထပ်ဖြည့်စွက်၍ ပြောလိုက်သည်။
"ကျွန်တော် စုံစမ်းထားသလောက်ဆိုရင် အရောင်းအဝယ်က တော်တော်ကောင်းပုံ ရပါတယ် မနက်တိုင်း လူတွေ တန်းစီနေကြတာ ဒီမနက်တော့ ဘာဖြစ်သွားလဲ မသိဘူး"
ဤသို့ပြောရင်း ရှောင်ကျောက်သည် ထူးဆန်းစွာဖြင့် ခေါင်းကို ကုတ်လိုက်မိသည်။ထိုစကားအား နားထောင်ရင်း မိုဘိုင်ချွမ်းမှ မည်သည်ကိုမှ ပြန်မပြောခဲ့ပေ။
သူသည် မျက်ခုံးများအား တင်းတင်းကြပ်ကြပ် တွန့်ချိုးထားခဲ့ကာ သူ၏ မျက်ဝန်းများမှ ပင်လယ်ပြင်ကဲ့သို့ နက်ရှိုင်းလျှက် မည်းနက်နေခဲ့သည်။ သူသည် လူများအား အကဲခတ်ရာတွင် ကျွမ်းကျင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလေ့ရှိသော်လည်း ဤ နီယန် ဆိုသည့် မိန်းကလေးကိုမူ သူ လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့သည်။ စုံစမ်းသိရှိချက်များအရ နီယန်သည် အိမ်ထောင်မရှိဖူးပေ။ ထိုအစား သူမသည် ဒမ်ကျေးရွာမှ သူမ၏ ဉာဏ်ရည်အား အသုံးပြုကာ ထွက်ပြေးလာပြီးနောက် ပေကျင်းသို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။
ထိုသို့ဆိုလျှင် သူမသည် သူ့ကြောင့်များ ပေကျင်းအား ရွေးချယ်ခဲ့ခြင်းပင်လော။ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းမှ ဒုတိယအကြိမ် ထို့နောက် တတိယအကြိမ်အထိ အားလုံးသည် သူမ၏ အစီအစဉ်များ ဖြစ်နေမည်လော။
ပေကျင်းတွင် သူမဘာသာသူ အဆင်ပြေအောင် နေနိုင်ခြင်းအား ကြည့်ခြင်းဖြင့် သူမသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သက်သေပြနေခဲ့သည်။ မိုဘိုင်ချွမ်း၏ အကြည့်များ ပိုမိုနက်ရှိုင်းသွားခဲ့သည်။ ရှောင်ကျောက်မှ ထပ်မံ၍ ပြောလိုက်သည်
"ဒါနဲ့ သခင်လေး သခင်လေးဆုန်း ကလည်း သူမကို တော်တော်လေး စိတ်ဝင်စားနေပုံရတယ်လို့ ကျွန်တော် သိထားပါတယ်"
"ပြောစမ်း"
မိုဘိုင်ချွမ်းသည် အိတ်ကပ်ထဲမှ စီးကရက်တစ်ဗူးအား ဆွဲထုတ်လိုက်လေသည်။ မီးညှိပြီးနောက် နှုတ်ခမ်းထောင့်တွင် ကိုက်ထားလိုက်ရာ ပါးလွှာသော နှုတ်ခမ်းများသည် စီးကရက်အား ဖွဖွလေး ကိုက်ထားရင်း အသက်ရှူသွင်း ရှူထုတ်လိုက်ပုံမှာ ပြောမပြတတ်အောင် ဆွဲဆောင်မှု ရှိနေသည်။
ဆုန်းပေချန်ကို သူမအပေါ် စိတ်ဝင်စားသွားအောင် အည်သည့် အရာများ လုပ်ဆောင်လိုက်လေသနည်း။
ဤကောင်မလေးသည် ငယ်ရွယ်သော်လည်း သူမသည် တော်တော်လေး အရည်အချင်းရှိလေသည်။ မိုဘိုင်ချွမ်းသည် လှပသည့် မီးခိုးကွင်းလေးတစ်ခုအား ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်လေသည်။ ရှောင်ကျောက်သည် စကားလုံးများအား ဂရုတစိုက် ရွေးချယ်ပြီးမှ ဆက်ပြောလေသည်
"သခင်မကြီး အခုတလော အကြိုက်ဆုံး ခေါက်ဆွဲက နီယန်ဆီက ဝယ်လာတာပါ"
"သူ့ ဆီကလား"
မိုဘိုင်ချွမ်း အံ့အားသင့်သွားခဲ့ကာ သံသယ အရိပ်အယောင်တစ်ခု မျက်လုံးထဲတွင် ဖြတ်ပြေးသွားလေသည်။ ရှောင်ကျောက်မှ ခေါင်းညိတ်လိုက်လေသည်
"ဒါ့အပြင် သခင်လေးဆုန်းက နီယန်ကို လစာအများကြီးပေးပြီး အလုပ်ခန့်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ရှောင်လီ ပြောပြချက်အရဆိုရင် သူက လစာကို ၅ သောင်းကျော်အထိတောင် တိုးပေးခဲ့တာတဲ့ သူက နီယန်ကို လစာကြိုက် သလောက်တောင်းဆိုပြီး ကမ်းလှမ်းခဲ့ပေမယ့် ဘာမှ သူမကို စိတ်လှုပ်ရှားအောင် မလုပ်နိုင်ခဲ့ပါဘူး"
‘ဒါက စိတ်ဝင်စားစရာပဲ’
လစဉ်လစာ ၅ သောင်းကျော်ဆိုသည်မှာ မည်သည်ကို ပြနေသနည်း။ ဤသည်မှာ ချက်ချင်း ချမ်းသာသွားမယ့် သဘောပင် ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရရင် ဘယ်သူမှ ဤမျှလောက် များပြားသည့် စည်းစိမ်ဥစ္စာအား မငြင်းဆန်နိုင်ကြချေ။
နီယန် ခေါက်ဆွဲရောင်းနေတာသည်မှာ ပိုက်ဆံလိုချင်သည့်အတွက် ဖြစ်ရပေမည်။ ထိုသို့ဆိုလျှင် မည်သည့်အတွက်ကြောင့် သူမသည် ဆုန်းပေချန်အား ငြင်းဆန်ရလေသနည်း။ဤမျှ များပြားလှသည့် စည်းစိမ်ကို ငြင်းပယ်နိုင်ရသနည်း။ သူမသည် ယခုထက် ပိုမြင့််သည့် နေရာအား မျှော်မှန်းထားလို့ မဟုတ်လျှင်...
စကားပုံတစ်ခုတောင် ရှိသေးသည် မဟုတ်ပါလော။ ‘အလှပဆုံး အရာများသည် သေစေနိုင်တဲ့ အဆိပ်အတောက်တွေ သယ်ဆောင်လာတတ်သည် ‘ ဟူ၍ ဖြစ်ပေသည်။
မိုဘိုင်ချွမ်းသည် ဖီးနစ်ငှက်၏ မျက်ဝန်းများကဲ့သို့ မည်းနက်နေခဲ့ကာ နက်ရှိုင်းလှသည့် မျက်လုံးများအား မှေးစက်လိုက်လေသည်။ ခဏအကြာတွင် သူသည် နီယန်ထံမှ အကြည့်ကို ဖြည်းညှင်းစွာ လွှဲလိုက်ပြီးနောက် ပြောလိုက်သည်။
"သွားကြစို့ ပြန်ကြမယ်"
မည်သို့ပင် ဆိုစေကာမူ နီယန်သည် မိန်းကလေး တစ်ဦးသာ ဖြစ်ပေသည်။ သူမ မည်မျှပင် ကြိုးစားပါစေ သူ၏ တောင်အား ရွှေ့နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ဆုန်းပေချန်သည်လည်း လူအ မဟုတ်ချေ။
သူသည် အချစ်ရေးကိစ္စတွေမှာ အတွေ့အကြုံ ရင့်ကျက်ပြီးသားဖြစ်ကာ အကယ်၍ နီယန်မှ သူ့အား ပစ်မှတ်ထားခဲ့လျှင်ပင် သူမသည် ကိုယ်ရော စိတ်ပါ ဆုံးရှုံးကာ လက်ဗလာနှင့်ပင် အဆုံးသတ်သွားရပေလိမ့်မည် ဖြစ်သည်။
သို့သော်လည်း မိုဘိုင်ချွမ်းသည် နီယန်မှ နောက်ထပ် မည်သည်အား ပြုလုပ်မည် ဆိုတာကို စောင့်ကြည့်ချင်နေမိသည်။ လောလောဆယ်တွင် သူသည် စောင့်ကြည့်ရုံသာ လိုအပ်လှပေသည်။
အချိန်တန်ရင် သူမရဲ့ လှပလွန်းလှသည့် မျက်နှာဖုံးအား သူကိုယ်တိုင် ခွာချပြပေးလိုက်မည် ဖြစ်သည်။
ကားသည် ဖုန်လုံးကြီးများအား လှိုင်ခနဲ ထစေလျက် အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်သွားလေတော့သည်။
**
မိုမိသားစု အိမ်တော်...
ဆံပင်ဖြူဖြူနှင့် သက်ကြီးပိုင်း အမျိုးသမီးကြီး နှစ်ဦးသည် မိုဟူတျယ်၏ အခန်းထဲတွင် ထိုင်နေကြသည်။ တစ်ဦးမှာ သခင်မကြီးမို ဖြစ်သည်။
နောက်တစ်ဦးမှာ သခင်မကြီးမို၏ မိတ်ဆွေဟောင်း ကျန့်မိသားစုမှ သခင်မကြီး ကျန့် ဖြစ်သည်။ သက်ကြီးပိုင်း အမျိုးသမီးကြီး နှစ်ဦးသည် ကုတင်ပေါ်တွင် လဲလျောင်းနေသည့် မိုဟူတျယ်အား ကြည့်ရင်းဖြင့် သူတို့၏ မျက်ဝန်းများတွင် ရင်နာမှုနှင့် ဝမ်းနည်းမှုတို့ ပြည့်နှက်နေလေသည်။
သနားစရာကောင်းလှသည့် မိုဟူတျယ် ထို ကလေးလေးသည် နေ့တိုင်း ရောဂါဝေဒနာ ခံစားနေခဲ့ရကာ အရိုးပေါ်အရေတင် ဖြစ်နေရှာပြီ ဖြစ်သည်။ သခင်မကြီး ကျန့်မှ လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။
"အာရွမ် မင်း အစောပိုင်းတုန်းက ပြောတော့ ကျန်းနန်မှာ ရှောင်တျယ်ရဲ့ ရောဂါကို ကုပေးနိုင်လောက်တဲ့ နာမည်ကြီး ဆရာဝန်တစ်ယောက် ရှိတယ်ဆို အခြေအနေ ဘယ်လိုလဲ ဆရာဝန်က သူ့ကို လာကြည့်ပေးပြီလား"
ထိုစကားအား ကြားလိုက်ရချိန်တွင် သခင်မကြီးမိုမှ သက်ပြင်းချလိုက်သည်။
"အဲဒီ နာမည်ကြီး ဆရာဝန်က သိပ် မာနကြီးတာ မိုမိသားစု နဲ့ ယန်မိသားစုက ဘယ်သူ့ကိုမှ မကုပေးဘူးလို့ ငြင်းနေတယ် ငါလည်း သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းထားတယ် မကြာခင် သတင်းရလောက်ပါပြီ"
သခင်မကြီးမို ပြောသည့် သူငယ်ချင်းမှာ လီရှန်းရှန်း ဖြစ်လေသည်။ လီရှန်းရှန်းသည်လည်း ကျန်းနန်မှ သမားတော်ကြီးအား သေချာပေါက် စည်းရုံးပေးမည်ဟု ကတိပေးထားလေသည်။ ယခုအခါ သခင်မကြီးမို၏ မျှော်လင့်ချက်အားလုံးသည် ထိုကျော်ကြားလှသည့် သမားတော်ကြီးအပေါ်တွင်သာ ရှိနေလေသည်။ ထိုစကားအား ကြားလိုက်ရချိန်တွင် သခင်မကြီး ကျန့်မှ ခေါင်းညိတ်လိုက်လေသည်။
ထိုအချိန်တွင် မိုဟူတျယ်သည် ကုတင်ပေါ်မှ ဖြည်းညှင်းစွာ နိုးထလာခဲ့သည်။ မျက်လုံးဖွင့်ဖွင့်ချင်း သူမ ပထမဆုံး ပြောလိုက်သည့် စကားမှာ ထိုသို့ ဖြစ်လေသည်။
"အဘွား ဒီရက်ပိုင်း ကွေ့ပေါင် ကျွန်မဆီ လာသေးလားဟင်"