မိဘကို သိတတ်ရိုသေမှုနှင့် ၃၃ နှစ်ကြာ ပျောက်ဆုံးနေသော သမီး
Vol. 5 Ch. 68
သူမ၏ ရောဂါကာလ ရှည်ကြာလာမှုကြောင့် မိုဟူတျယ်တွင် ယန်ကွေ့ပေါင် ဆိုသည့် သူငယ်ချင်းကောင်း တစ်ယောက်သာ ရှိတော့လေသည်။ ထို့အပြင် မည်သည့် မိဘကမျှ သူတို့၏ ကလေးအား ဖျားနာနေသည့် ကလေးတစ်ဦးနှင့် တွဲသွားတွဲလာ လုပ်စေချင်လိမ့်မည် မဟုတ်ချေ။
သူတို့၏ ကလေးများသာ သူမဆီမှ ရောဂါတစ်ခုခု ကူးစက်သွားခဲ့လျှင် မည်သို့ လုပ်ရမည်နည်း။ ယခင်ကဆိုလျှင် ယန်ကွေ့ပေါင်သည် ရက် အနည်းငယ် ကြာတိုင်း သူမအား လာတွေ့လေ့ ရှိလေသည်။
သို့သော် ယခုအခါ သူမ၏ မှတ်ဉာဏ်သာ အမှတ်မမှားဘူးဆိုလျှင် ယန်ကွေ့ပေါင်သည် သူမဆီသို့ မလာသည်မှာ တစ်လကျော်လောက် ရှိနေခဲ့ပြီ ဖြစ်သည်။
ယန်ကွေ့ပေါင်များ တစ်ခုခုများ ဖြစ်နေသလား....
ဤအတွေးဆိုးများ ဝင်လာသည်နှင့် တစ်ပြိုင်နက် မိုဟူတျယ်၏ မျက်နှာသည် မှောင်မိုက်သွားခဲ့သည်။ အဘွားမိုမှ ဆက်ပြောလိုက်သည်။
"အဘွား မြေးကို ပြောထားတယ် မဟုတ်လား ကွေ့ပေါင်ကို သူ့အမေက နယ်ဘက် ခေါ်သွားတယ်လေ သူ ပြန်မရောက်သေးဘူး"
"ကွေ့ပေါင် ပြန်လာမှာလား"
မိုဟူတျယ်မှ ထပ်မံ၍ မေးလိုက်လေသည်။ ထိုမေးခွန်းသည် အဘွားမို အတွက် ဖြေရ အနည်းငယ် ခက်ခဲနေခဲ့သည်။ ယန်ကွေ့ပေါင်အား ဝမ်မေဖုန်း ခေါ်သွားသည်မှဦ တစ်လကျော်နေပြီ ဖြစ်ကာ သတင်းအစအန မည်ငည်ကိုမှ မကြားရသေးချေ။ အခြေအနေအား မည်သူကများ အသေအချာ ပြောနိုင်ပါ့မည်နည်း။ သခင်မကြီး ကျန့်မှ ကြားဖြတ်၍ ဝင်ပြောလိုက်လေသည်
"ယန်မိသားစုက ဝမ်မေဖုန်းနဲ့ သူ့သားကို ပြန်ခေါ်ဖို့ စိတ်ကူးမရှိကြဘူးလား"
ချွေးမဖြစ်သူမှ မှားယွင်းနေခဲ့သည် ဆိုလျှင်ပင် ဤသည်မှာ လူကြီးများ၏ ပြသာနာသာ ဖြစ်သည်။ သို့သော် မြေးဖြစ်သူမှာမူ သူတို့၏ မျိုးဆက် သွေးသားအရင်း ဖြစ်နေလေသည် မဟုတ်လော။ ဤသည်ကိုပင် သူတို့သည် ဂရုမစိုက်ဘဲ ယခုအတိုင်းသာ ပစ်ထားကြတော့မည်လော။ အဘွားမိုမှ ပြောလေသည်
"ကွေ့ပေါင်ရဲ့ အဘွားကလည်း သိပ်ခေါင်းမာတာ သူက ဝမ်မေဖုန်း အမှားဝန်ခံမှာကို စောင့်နေတုန်းပဲ ဝမ်မေဖုန်းသာ အမှားကို ဝန်မခံရင် ယန်မိသားစုက သူတို့ကို သွားပြန်ခေါ်မှာ မဟုတ်ဘူး"
ဤသို့ ပြောပြီးနောက် အဘွားမိုမှသာ ဆက်လက်၍ ပြောလေသည်
"ဒါပေမယ့် ဒါက တကယ်ကို ဝမ်မေဖုန်းရဲ့ အမှားပဲ သူက တက္ကသိုလ် ကျောင်းသူအရွယ် ဆယ်ကျော်သက်လေး တစ်ယောက်ရဲ့ လှည့်စားတာ ခံလိုက်ရတယ်ဆိုတာ ရယ်စရာ မကောင်းလွန်းဘူးလား"
သခင်မကြီး ကျန့်မှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။
"အဲဒီ ကောင်မလေးမှာ တစ်ခုခု စွမ်းဆောင်နိုင်တာ ရှိနေလို့များလား"
အဘွားမိုမှ ပြန်ဖြေလိုက်သည်။
"အစ်မကြီးရေ တို့တွေ အသက်ရှင်လာတာပဲ နှစ်ပေါင်းများစွာ ကြာလှနေပြီ ဆယ်ကျော်သက် အရွယ် သမားတော်ကြီးဆိုတာ မြင်ဖူးလို့လား ပြီးတော့ မိန်းကလေး တစ်ယောက်လေ"
အများကြီး ပြောနေစရာပင် မလိုပါချေ။ တစ်ယောက်တောင်မှ သူမအား မမြင်ဖူးခဲ့ချေ။ ထို့အပြင် တရုတ်ပြည် သမိုင်းတလျှောက် နာမည်ကြီး သမားတော် အားလုံးမှာ အမျိုးသားများ ဖြစ်ကြသည်။ မည်သည့် အချိန်ကများ မိန်းကလေးငယ် တစ်ယောက်သည် သမားတော်ကြီး ဖြစ်လာရသနည်း။ သခင်မကြီး ကျန့်မှ ရယ်မောလိုက်ပြီးနောက် ပြောလိုက်သည်။
"နင် ပြောတာ ဟုတ်ပါတယ်"
ညီအစ်မအရင်းချာ ကဲ့သို့ အဖွားအိုကြီး နှစ်ယောက်သည် ခဏမျှ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေကြလေသည်။ မိုဟူတျယ်သည် ကုတင်ပေါ်တွင် လှဲရင်း နားထောင်နေခဲ့သည်။ ခဏအကြာတွင် သူမ အိပ်ပျော်သွားတော့သည်။ သခင်မကြီး ကျန့်သည် မိုဟူတျယ်၏ လက်အား ကိုင်ထားရင်း သူမ၏ မျက်နှာထားမှာ ခန့်မှန်းရ ခက်ခဲနေလေသည်။ ခဏကြာပြီးနောက် သူမသည် ရေရွတ်လျှက် ပြောလိုက်သည်
"အကယ်၍ ငါသာ အဲဒီတုန်းက ထင်ထင်ကို မပျောက်သွားစေခဲ့ရင် သူ့ကလေးက အခုဆို ရှောင်တျယ်လောက် ရှိနေလောက်ပြီ ဒါတွေအကုန်လုံး ငါ့အမှားတွေပါ ငါ အသုံးမကျခဲ့လို့ ဖြစ်ရတာ"
သူမ၏ အသံတွင် ဝမ်းနည်းမှုနှင့် နောင်တတရားတို့ ပြည့်နှက်နေခဲ့လေသည်။ ထိုအချိန်တွင် လူရိပ်တစ်ခု တံခါးရှေ့မှ ဖြတ်ပြေးသွားခဲ့သည်။
ထိုလူရိပ်သည် ဝေးဝေးမသွားဘဲ ထောင့်တစ်နေရာတွင် ပုန်းကွယ်လျက် အထဲမှ စကားပြောသံများအား နားထောင်နေခဲ့သည်။ ထိုစကားအား ကြားလိုက်ရချိနတွင် အဘွားမိုမှ သက်ပြင်းချလိုက်ပြီးနောက် နှစ်သိမ့်စကား ဆိုလေသည်။
"အားချင်းရယ် အတိတ်က ဖြစ်ပျက်ခဲ့တာတွေက နင့်အမှား မဟုတ်ပါဘူး ကိုယ့်ကိုယ်ကိုယ် သိပ် အပြစ်မတင်ပါနဲ့ အခု နင့်မှာ လင်လင် ရှိနေပြီပဲ မဟုတ်လား လင်လင်က လိမ္မာပြီး မိဘကို သိတတ်တယ် ပြီးတော့ ထူးချွန် ထက်မြက်တဲ့ မြေးမလေး တစ်ယောက်ကိုလည်း နင့်ကို ပေးထားသေးတယ်လေ သူတို့က နင့် သားရင်းသမီးရင်းတွေလိုပါပဲ"
သခင်မကြီး ကျန့်မှ အသံတိမ်ဝင်စွာဖြင့် ပြောလိုက်လေသည်။
"ဒါပေမယ့် ထင်ထင်က ငါ့သမီးရင်းလေ ကိုးလလွယ်ပြီး ငါမွေးခဲ့တဲ့ သမီး သူ ပျောက်သွားတုန်းက သုံးနှစ်ပဲ ရှိသေးတာ အကယ်၍ သူသာ အသက်ရှင် နေသေးရင် ဒီနှစ်ဆို ၃၆ နှစ် ရှိပြီ အကယ်၍ ငါသာ အမေ မပီသဘဲ အသုံးမကျတာမျိုး မဖြစ်ခဲ့ရင် သူ အခုဆို ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နေရလောက်ပြီ အခုတော့ သူ အသက်ရှင်နေလား သေနေလားတောင် ငါ မသိရဘူး"
သခင်မကြီး ကျန့်သည် သမီးမိန်းကလေး တစ်ယောက်အား မွေးစားခဲ့ပြီးနောက် ထိုသမီးမှ သူမအတွက် မြေးများ မွေးပေးခဲ့သော်လည်း သူမ၏ သွေးသားရင်းချာ သမီးကို လွမ်းဆွတ်ခြင်းအား မတားဆီးနိုင်ခဲ့ချေ။
မည်သို့ပင် ဆိုစေကာမူ ဤသည်မှာ ကိုးလလွယ် မွေးခဲ့သည့် ကိုယ့်သွေးသားအရင်းချာ ရင်သွေးလေး ဖြစ်နေသည် မဟုတ်ပါလော။ မည်သို့ မေ့ပစ်နိုင်လိမ့်မည်နည်း။
"စိတ်မပူပါနဲ့ အားချင်းရယ်"
အဘွားမိုမှ သခင်မကြီး ကျန့်၏ လက်အား ပုတ်ပေးလိုက်ရင်း နှစ်သိမ့်လိုက်လေသည်
"ထင်ထင်က ကံကောင်းတဲ့ ကလေးပါ သူ အခု ကောင်းကောင်း မွန်မွန် နေထိုင်နေမှာပါ မကြာခင် နင်တို့တွေ ပြန်ဆုံစည်းနိုင်ပါလိမ့်မယ်"
သခင်မကြီး ကျန့်သည် စိတ်လှုပ်ရှားမှုကြောင့် ဆို့နင့်နေခဲ့ကာ အသံပင် မထွက်နိုင်တော့ချေ။ ၃၃ နှစ်တောင် ကြာခဲ့ပြီ ဖြစ်ကာ သူမ၏ သမီးအား ရှာဖွေသည်ကို တစ်ခါမှ မရပ်တန့်ခဲ့သော်လည်း ယနေ့အထိ မည်သည့် သတင်းအစအနမှ မရခဲ့ချေ။
သခင်မကြီး ကျန့်၏ စိတ်ထဲတွင် မည်သို့ ဖြစ်သွားနိုင်သည်အား ခံစားမိနေသော်လည်း အမှန်တရားအား လက်ခံရန် ဝန်လေးနေခဲ့လေသည်။ သခင်မကြီးမိုသည် ဝမ်းနည်းပူဆွေးမှုထဲ နစ်မြုပ်နေသည့် သခင်မကြီး ကျန့်အား ကြည့်ရင်းဖြင့် မည်သို့ နှစ်သိမ့်ပေးရမည် မသိ ဖြစ်နေတော့သည်။
သွေးသားအရင်း သမီးတစ်ယောက် ဆုံးရှုံးဖူးသူသာလျှင် ဤ နာကျင်မှုအား အမှန်တကယ် နားလည်နိုင်ပေလိမ့်သည်။ ထိုအချိန်တွင် တံခါးဝမှ ခြေသံသဲ့သဲ့အား သူတို့ ကြားလိုက်ရလေသည်။ ထို့နောက် တံခါးခေါက်သံ ပေါ်လာတော့သည်။ သခင်မကြီး ကျန့်သည် မျက်နှာပေါ်မှ မျက်ရည်များအား အလျင်အမြန် သုတ်လိုက်လေသည်။
"ဝင်ခဲ့ပါ"
သခင်မကြီးမို မှ ပြောလိုက်သည်။ အသက် ၁၇-၁၈ အရွယ်ခန့် မိန်းကလေးတစ်ဦး လင်ဗန်းတစ်ချပ်အား ကိုင်ဆောင်လျှက် ဝင်လာခဲ့သည်။
"အဘွား အဘွားမို"
သခင်မကြီးမို မှ မော့ကြည့်လိုက်လေရာ မျက်နှာ ဝင်းလက်သွားလေသည်။
"ရှန်ကျင်း ရောက်လာပြီပဲ"
"ရှန်ကျင်း"
ကျန့်ရှန်ကျင်းအား မြင်လိုက်ရချိန်တွင် သခင်မကြီး ကျန့်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ကျန့်ရှန်ကျင်းသည် သူမ၏ မွေးစားသမီး ကျန့်လင်လင်၏ ကလေး ဖြစ်သော်လည်း ကျန့်ဇနီးမောင်နှံသည် သူတို့၏ မြေးမလေးအား အလွန်ချစ်ခင်ကြပြီး အစစအရာရာ အလိုလိုက်ထားလေသည်။
သူတို့၏ သွေးသားရင်းချာ သမီးအား ရှာမတွေ့နိုင်တော့လျှင် သူတို့ ကွယ်လွန်သွားသည့်အချိန်တွင် အမွေအနှစ်အားလုံးကို ကျန့်ရှန်ကျင်းအား ပေးအပ်ခဲ့ရန်ပင် တိုင်ပင်ထားကြလေသည်။ အကယ်၍ အနာဂတ်တွင် သွေးသားရင်းချာ သမီးအား ပြန်တွေ့ခဲ့လျှင်မူ အမွေတစ်ဝက်အား ကျန့်ရှန်ကျင်းအား ပေးဦးမည် ဖြစ်လေသည်။
ထို့အပြင် ကျန့်ရှန်ကျင်းသည် စာတော်သည့် ကျောင်းသူတစ်ဦး ဖြစ်သည်။ အသက် ၁၈ နှစ်သာ ရှိသေးသော်လည်း ဂုဏ်သတင်း ကျော်ကြားသော တက္ကသိုလ်သို့ ဝင်ခွင့်ရရှိထားပြီး ဖြစ်ကာ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု ပညာရပ်အား လေ့လာသင်ယူနေခဲ့ခြင်း ဖြစ်သည်။
"အဘွားမို ကျွန်မ အဘွားရဲ့ မီးဖိုချောင်ကို ခဏငှားပြီး ပဲစိမ်းရေ ကျိုလိုက်တယ် ဒါက အဘွားအတွက် ဒါကတော့ ကျွန်မအဘွားအတွက်ပါ"
ကျန့်ရှန်ကျင်း ပြောဆိုရင်း ပဲစိမ်းရေ ပန်းကန်များအား လက်နှစ်ဖက်ဖြင့် ကိုင်လျှက် သက်ကြီးပိုင်း အမျိုးသမီးကြီး နှစ်ဦးအား ပေးအပ်လိုက်လေသည်။ သခင်မကြီးမိုမှ နောက်ပြောင်လိုက်သည်။
"ရှန်ကျင်း သမီးက သေသေချာချာကို ခွဲခြားထားတာပဲ ငါ့ဟာထက် ပိုအရသာရှိအောင် နင့်အဘွား ပန်းကန်ထဲ တစ်ခုခုများ ပိုထည့်ထားသေးတာလား"
ရှန်ကျင်းမှ အံ့အားသင့်သွားပြီးနောက် ပြန်ဖြေလိုက်သည်။
"ကျွန်မ အဘွားက ခေါင်းနည်းနည်း ကိုက်နေလို့ သူ့ရဲ့ ပဲစိမ်းရေထဲကို ဆေးဖက်ဝင်အပင် နည်းနည်း ထည့်ထားလို့ပါ"
ထိုစကားအား ကြားချိန်တွက် သခင်မကြီးမိုမှ အံ့အားသင့်သွားလျှက် ပြောလိုက်လေသည်။
"ရှန်ကျင်း သမီးက ဒီ ပဲစိမ်းရေ နှစ်ပန်းကန်ကို သပ်သပ်စီ ပြင်ဆင်ထားတာလား"
"အင်း"
ကျန့်ရှန်ကျင်း ခေါင်းညိတ် ပြလိုက်သည်။
"ရှန်ကျင်း သမီးက တကယ်ကို စာနာတတ်တာပဲ"
သခင်မကြီးမိုသည် ရှန်ကျင်း၏ လက်အား ကိုင်လိုက်ပြီး နောက် ထောက်ခံစွာ ခေါင်းညိတ်ရင်းဖြင့် ပြောလိုက်သည်။
"နင့် အဘွားက ဒီဘဝမှာ နင့်လို ရိုသေပြီး ဂရုစိုက်တတ်တဲ့ မြေးမလေးကို ပိုင်ဆိုင်ထားရတာ သိပ်ကံကောင်းတာပဲ"
ပဲစိမ်းရေ နှစ်ပန်းကန် သီးသန့်ခွဲလုပ်ခြင်းသည် သေးငယ်သော ကိစ္စဟု ထင်ရသော်လည်း ပါဝင်သော စေတနာမှာမူ ထူးခြားလေသည်။ ပြင်ဆင်ရသည်မှဦ ရိုးရှင်းသော်လည်း သီးသန့်ခွဲလုပ်ရသည်မှာ အတော်လေး အလုပ်ရှုပ်စေနိုင်သည်။ သွေးသားရင်းချာ မြေးအများစုတောင် ဤသို့သော မေတ္တာပြဖို့အတွက် သည်းခံနိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ချေ။
‘ရိုသေပြီး ဂရုစိုက်တတ်တယ် ဟုတ်လား’
ထိုစကားအား ကြားချိန်တွင် ရှန်ကျင်း၏ မျက်လုံးများထဲတွင် လှောင်ပြောင်နေဟန် အပြုံးရိပ်တစ်ခု ဖြတ်သန်းသွားလေသည်။ သူမသည် အမှန်တကယ်ကို ချစ်ခင်ကြင်နာတတ်ပါသည်။ သို့သော် သူမရဲ့ မေတ္တာအားလုံးသည် ခွေးများအား ကျွေးလိုက်သကဲ့သို့ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
သူမသည် သခင်မကြီး ကျန့်အား ယခုလို ကောင်းကောင်းမွန်မွန် ဆက်ဆံပြနေသည်ကိုပင် သခင်မကြီး ကျန့်သည် ယခုချိန်ထိ ရာစုနှစ်နဲ့ချီကာ သေဆုံးနေလောက်ပြီဖြစ်သည့် သူ၏ သမီးအရင်းကိုသာ တမ်းတနေဆဲ ဖြစ်သည်။ သဘာဝကျစွာပင် သွေးသည် ရေထက် ပျစ်လေသည်။
မွေးစားသမီးမှ မွေးလာသော သူမလို မြေးမလေးမှာ သွေးသားရင်းချာ ကလေး တစ်ဦးနှင့် မည်ကဲ့သို့ နှိုင်းယှဉ် နိုင်လိမ့်မည်နည်း။ ကျန့်ရှန်ကျင်း၏ စိတ်ထဲတွင် လှောင်ပြောင်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသော်လည်း အပြင်တွင် မပေါ်စေဘဲ ရိုကျိုးစွာ ပြောလိုက်လေသည်
"အဘွားမိုရယ် အဘွား ပြောသလောက်လည်း ကျွန်မ မကောင်းပါဘူး ဒါက မြေးမလေးတစ်ယောက် လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ"
သခင်မကြီး ကျန့်သည် သူမ၏ ထူးချွန်ပြီး နားလည်မှုရှိသည့် မြေးမလေးအား ကြည့်လျှက် ပြောလိုက်လေသည်။
"ရှန်ကျင်းက သူ့အမေနဲ့ တူတူပဲ ငယ်ငယ်လေးကတည်းက အမြဲတမ်း ရိုသေပြီး ချစ်တတ်တယ်"
ထိုသည်အား ကြားချိန်တွင် သခင်မကြီးမိုမှ သဘောတူစွာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"ဒါပေါ့ လင်လင်ကလည်း ရိုသေတတ်တဲ့ ကလေးပဲ တို့ ရှန်ကျင်းလေးက သူ့အမေ တူတာပေါ့"
အနည်းငယ် ရှက်သွားဟန်ဖြင့် ရှန်ကျင်းမှ ပြောလိုက်လေသည်။
"အော် အဘွားတို့ကလည်း ကျွန်မကို စနေကြပြန်ပြီ ပဲစိမ်းရေလေးပဲ အရင် သောက်ကြည့်ကြပါဦး ရင်အေးစေပြီးတော့ နွေရာသီ အပူကို စုပ်ထုတ်ပေးတယ် အဆိပ်အတောက် ပြေစေဖို့လည်း ကူညီပေးတယ်"