ထပ်မံဆုံတွေ့ခြင်း
Vol. 5 Ch. 75
နီယန် ထွက်သွားပြီးနောက် မှောင်မည်းအုံ့မှိုင်းနေသည့် တောအုပ်ထဲတွင် ဝမ်ရှို့ဟုန် တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။
နေဝင်နေပြီ ဖြစ်သည်။ တောအုပ်သည် တဖြည်းဖြည်း ပို၍ မှောင်လာခဲ့ကာ အစွန်းရှိ သင်္ချိုင်းဂူများမှ ထွက်ပေါ်နေသော မီးစုန်းများကိုလည်း မသဲမကွဲ မြင်နေရလေသည်။ မီးစုန်းအား တစ္ဆေမီး ဟုလည်း ခေါ်ကြသေးသည်။
ဝမ်ရှို့ဟုန်၏ အသက်ရှူသံ ပုံမှန် ပြန်ဖြစ်လာသည် နှင့်အမျှ နေ့ခင်းဘက်မှ တောအုပ်၏ ငြိမ်သက်မှုသည် မယုံနိုင်လောက်အောင် ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းတစ်ခုဖြင့် အစားထိုးခြင်း ခံလိုက်ရတော့သည်။
ကြောက်မက်ဖွယ် ကောင်းသော တစ္ဆေငိုသံများ လွင့်မျောနေသော တစ္ဆေမီးများ မှိန်ဖျဖျ အလင်းရောင် နှင့် ဟိုတစ်စု ဒီတစ်စု သင်္ချိုင်းဂူများသည် ဝမ်ရှို့ဟုန်၏ အာရုံများကို နှိပ်စက်နေကြတော့သည်။
ဝမ်ရှို့ဟုန်သည် နီယန် မဟုတ်ချေ။ သူမသည် စိတ်ပြောင်းလွယ်ကာ ယုတ်မာတတ်သော်လည်း ၁၇ နှစ်အရွယ် မိန်းကလေး တစ်ယောက်သာ ဖြစ်နေသေးသည်။ ဤကဲ့သို့ ထိတ်လန့်ဖွယ်ရာမျိုး တစ်ကြိမ်တစ်ခါမှ မကြုံဖူးချေ။
ထိုအချိန်တွင် သူမသည် ကြောက်လွန်းသဖြင့် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။ သူမ ခေါင်းအား တင်းတင်းကြပ်ကြပ် ဖက်ထားပြီးနောက် အော်ဟစ်လိုက်လေသည်။
"ငါ့နား မလာကြနဲ့ ငါ့နား မလာကြပါနဲ့ မေမေ ဖေဖေ သမီးကို လာကယ်ကြပါဦး"
ဝမ်းနည်းစရာ ကောင်းသည်မှာ တောအုပ်ထဲတွင် တုံ့ပြန် လိုက်သည့် တစ်ခုတည်းသော အသံမှာ ခြောက်ခြားဖွယ်ရာ တစ္ဆေငိုသံများသာ ဖြစ်နေလေသည်။
နီယန် မြစ်ကမ်းပါးသို့ ရောက်ရှိလာခဲ့ကာ သူမ၏ မျက်နှာထားမှာလည်း သက်သောင့်သက်သာ ဖြစ်နေခဲ့လေသည်။ သူမသည် လယ်ထဲတွင် အလုပ် လုပ်နေသည့် လမ်းသွား လမ်းလာများအား ချိုမြိန် တောက်ပလှသည့် အပြုံးဖြင့် နှုတ်ဆက်လိုက်လေသည်။ အစောပိုင်း ခဏတာ အချိန်လေးတွင် တောအုပ်အတွင်း၌ နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေသည့် သူနှင့် သူမအား မည်သူကများ ဆက်စပ်တွေးမိလိမ့်မည်နည်း။
နီယန်သည် မြစ်ကမ်းပါးတွင် ရပ်လိုက်ပြီးနောက် ဘောင်းဘီရှည်အား ခေါက်တင်လိုက်လေရာ သူမ၏ ဖြူဝင်းသွယ်လျသည့် ခြေထောက်လေး ပေါ်လာခဲ့သည်။ သူမ၏ ခြေဖဝါးများသည် လက်ရာမြောက် သည့် လက်ရာတစ်ခုကဲ့သို့ သေသပ် လှပလွန်းလှပေသည်။ သူမ၏ ပြောင်လက်ကာ ကြည်လင်နေသော ခြေသည်းများသည် ခရုခွံလေးများ စီတန်းထားသကဲ့သို့ ဖြစ်နေခဲ့ကာ ပန်းနုရောင်သမ်းလျှက် အနုပညာလက်ရာ တစ်ခုကဲ့သို့ နူးညံ့သိမ်မွေ့နေခဲ့သည်။
သွယ်လျသည့် လူရိပ်တစ်ခု မြစ်တစ်ဖက်ကမ်းမှ လျှောက်လာပြီးနောက် ထိုမြင်ကွင်းအား မြင်လိုက်ရသည်။ မိန်းကလေး တစ်ယောက်သည် ဘောင်းဘီအား တစ်ဝက်လောက် ခေါက်တင်ပြီးနောက် မြစ်ထဲသို့ တစ်လှမ်းချင်း ဆင်းနေလေသည်။ သူမ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် တည်ငြိမ်လှသည်။ နေဝင်ချိန်အလင်းရောင်မှ မြစ် မျက်နှာပြင်ပေါ်သို့ ကျရောက်နေခဲ့ကာ ရွှေရောင် အရောင်ဟပ်ကာ သူမနှင့်အတူ လှပသော ပုံရိပ်တစ်ခု ဖော်ဆောင်နေလေသည်။
ကျောဘက်မှ မြင်ကွင်းလေးကပင် လူအား စိတ်ကူးယဉ်စေသည်။ အကယ်၍ သူမသည် ယခု အနောက်သို့ လှည့်ပြီး သူ့အား ပြုံးပြလိုက်မယ်ဆိုလျှင် မည်ကဲ့သို့ ဂယက်ရိုက်ခတ်မှုမျိုး ဖြစ်လာလိမ့်မည်နည်း။ ထိုအမျိုးသားမှ အံ့အားသင့်သွားခဲ့ကာ ထိုနေရာတွင်ပင် ရပ်နေမိလျှက် ညှို့ယူဖမ်းစားခံလိုက်ရသကဲ့သို့ ဖြစ်သွားတော့သည်။
ဤသည်မှာ ပြီးခဲ့သည့် အကြိမ်တွင် ကုန်တိုက်၌ သူ တွေ့ခဲ့ဖူးသော ကောင်မလေး မဟုတ်ပေလော။
‘သူမနဲ့ ဒီလောက် မြန်မြန် ထပ်တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး’
ထိုအချိန်တွင် သူ၏ ခေါင်းထဲ အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။ သူမသည် မြစ်ထဲခုန်ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားနေသည်များလား။
ထိုအတွေးဝင်လာသည်နှင့် တစ်ပြိုင်နက် ထိုအမျိုးသား၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ကာ ဂျာကင်အင်္ကျီအား ချွတ်လျှက် မြေကြီးပေါ် ပစ်ချလိုက်ကာ မြစ်ဆီသို့ ပြေးသွားလိုက်လေတော့သည်။
နီယန် သည် အနောက်ကနေ ဆွဲမခြင်း ခံလိုက်ရသောအခါ မျှော်လင့်မထားသည့် အားတစ်ခုဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရသကဲ့သို့ ကြောင်အသွားပြီးနောက် ထိုအမျိုးသား၏ ရှပ်အင်္ကျီကော်လာအား အလိုအလျောက် လှမ်းဆွဲလိုက်မိလေသည်။
တစ်ချိန်တည်းမှာပင် လန်းဆန်းကာ ပြတ်သားသည့် အမျိုးသားသုံး ရေမွှေးနံ့တစ်ခု သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။ နီယန် သည် ထိုအမျိုးသားအား မော့ကြည့်လိုက်မိသည်။
သူမ၏ မြင်ကွင်းထဲတွင် ထင်ရှားပြတ်သားသည့် မျက်နှာသွင်ပြင် ပါးလွှာသော နှုတ်ခမ်း စူးရှသော မျက်ခုံးနှင့် မျက်လုံးများ ပါရှိသည့် မျက်နှာတစ်ခု ရှိနေခဲ့သည်။ အေးစက်ကာ တင်းမာသည့် အကြည့် ဖြစ်သော်လည်း နူးညံ့ သိမ်မွေ့မှုများလည်း ပြည့်နှက်နေခဲ့လေသည်။
‘အင်း သူက တော်တော် ချောတာပဲ’
‘ပြီးတော့ တစ်ယောက်ယောက်နဲ့ တူနေသလိုပဲ’
တစ်နည်းနည်းဖြင့် ထိုမျက်နှာအား မြင်လိုက်ရချိန်တွင် နီယန် လူမိုက် မိုဘိုင်ချွမ်းအား သွားသတိရ လိုက်လေသည်။ သို့သော် ထိုမျက်နှာသည် မိုဘိုင်ချွမ်းထက် သိသိသာသာ ပို၍ တည်ငြိမ်လေသည်။ နီယန် သည် သူ၏ ကော်လာအား မြဲမြဲ ဆုပ်ကိုင်ထားကာ ဆူပူလိုက်လေတော့သည်။
"ရှင် ဘာလုပ်တာလဲ နေ့ခင်းကြောင်တောင် နှာဘူးကောင် လုပ်ချင်နေတာလား ကျွန်မကို အောက်ချပေး"
ထိုအမျိုးသား၏ မျက်နှာထားမှာ အလွန် တင်းမာနေခဲ့ကာ စကားတစ်ခွန်းမှ မပြောခဲ့ချေ။ သူ၏ ရင်ခွင်ထဲမှ လူအား ထွေးပိုက်ထားရင်းဖြင့် ကမ်းစပ်ဆီသို့ ခြေလှမ်း ကျယ်ကျယ်လှမ်း လျှောက်သွားလိုက်လေသည်။
"ငါ့ကို လွှတ်စမ်း"
နီယန်မှ မရပ်မနား ရုန်းကန်နေခဲ့သည်။
သို့သော် သူ၏ လက်မောင်းသည် သူမအပေါ် သံဖြင့် သွန်းလောင်းထားသကဲ့သို့ ဖြစ်နေခဲ့သည်။ သူမ မည်မျှပင် ရုန်းကန်ပါစေ သူသည် မလှုပ်မယှက် ရှိနေလေသည်။
နီယန်သည် လက်ရုံးရည် ရှိသည့် အမျိုးသမီး တစ်ဦး ဖြစ်သည်။ သန်မာလှပါသည် ဆိုသော် မိုဘိုင်ချွမ်းပင်လျှင် သူမ၏ လက်ချက်ဖြင့် လဲကျခဲ့ရသေးသည် မဟုတ်လော။ ဤနေ့တွင် အမျိုးသားတစ်ယောက် ထံ ရှုံးနိမ့်ရလိမ့်မည် ဟု သူမ မထင်ထားခဲ့ချေ။ နီယန်မှ ဒေါသထွက်သွားခဲ့ကာ သူ၏ လည်ပင်းအား လှမ်းဆွဲကာ အော်ဟစ်လိုက်လေသည်။
"နှာဘူးကောင် ငါ့ကို အခုလွှတ်စမ်း"
သို့သော် ထိုအမျိုးသားမှ နှုတ်ဆိတ်နေခဲ့ပြီး နီယန်အား ပွေ့ချီလျက် မြန်ဆန်ကာ တည်ငြိမ်သည့် ခြေလှမ်းများဖြင့် ကမ်းစပ်နားသို့ သယ်ဆောင်သွားခဲ့သည်။
မိန်းကလေး၏ ဒေါသထွက်နေသည့် မျက်နှာအား ငုံ့ကြည့်လိုက်ချိန်တွင် သူ သည် မျက်မှောင်အနည်းငယ် မကြုတ်ဘဲ မနေနိုင်တော့ချေ။
‘ဒီလောက် လှပပြီး ကိုယ်လုံးကိုယ်ပေါက်လည်း ကောင်းရဲ့သားနဲ့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်ရတာပါလိမ့်’
နီယန်သည် ဒေါသထွက်လွန်းနေခဲ့ကာ ရုန်းမရသဖြင့် သူ၏ ညှပ်ရိုးအား ကိုက်ချလိုက်လေတော့သည်။ ချက်ချင်းပင် ငန်ကျိကျိနှင့် ချိုမြမြ အရသာတစ်ခု သူမ၏ ပါးစပ်အတွင်း ပြည့်နှက်သွားခဲ့ကာ သွေးစအချို့ သူ၏ ရှပ်အင်္ကျီဖြူပေါ် စွန်းထင်းသွားတော့သည်။
သို့သော် ထိုအမျိုးသားမှ လွှတ်ပေးမည့်ပုံ မပေါ်ဘဲ ကမ်းစပ်ရောက်သည်အထိ နီယန်အား ပွေ့ချီထားလေသည်။ ကမ်းစပ်နား ရောက်မှသာ သူမအား လွှတ်ပေးလိုက်တော့သည်။ သို့သော် သူမ မြစ်ထဲ ပြန်မခုန်ချ နိုင်စေရန် အတွက် သူမ၏ လက်ကောက်ဝတ်အား တင်းတင်းကြပ်ကြပ် ဖမ်းချုပ်ထားကာ တင်းမာစွာ ပြောလိုက်လေသည်။
"မင်း ရူးနေလား မင်းကို ကယ်တဲ့သူကို ဒီလိုပဲ ဆက်ဆံရလား"
"ငါ့ကို လွှတ်စမ်း"
နီယန်မှ သူ၏ လက်အား ခါချလိုက်လေသည်။
"ရှင် ရူးနေလား ဘယ်သူက ရှင့်ကို လာကယ်ခိုင်းနေလို့လဲ"
သို့သော် သူ၏ လက်သည် သူမ၏ လက်ကောက်ဝတ်တွင် ကော်နှင့် ကပ်နေသကဲ့သို့ ဖြစ်နေခဲ့ကာ သူမ ရုန်းမထွက်နိုင်ပေ။