← Chapters

တို့တွေ ကောင်းကောင်းမွန်မွန် နေရဖို့ဆိုတာ မလွယ်ကူလှဘူး

Vol. 5 Ch. 69

တို့တွေ ကောင်းကောင်းမွန်မွန် နေရဖို့ဆိုတာ မလွယ်ကူလှဘူး

Vol. 5 Ch. 69

ပဲစိမ်းရေ၏ အရသာမှာ သာမန်သာ ဖြစ်လေသည်။ သို့သော်လည်း ကျန့်ရှန်ကျင်း၏ ကြိုးစားအားထုတ်မှုအား လေးစားသောအားဖြင့် သက်ကြီးပိုင်း နှစ်ဦးသည် ဟင်းရည်အား မော့သောက် လိုက်ကြကုန်သည်။

"အဘွား ကျွန်မ ပါးစပ်သုတ်ပေးမယ်"

ကျန့်ရှန်ကျင်းသည် သန့်ရှင်းသော လက်ကိုင်ပဝါ တစ်ထည်အား အချိန်ကိုက် ကမ်းပေးလိုက်လေသည်။ ဘေးနားတွင် ရှိနေသည့် အဘွားမိုမှ စနောက်လိုက်သည်။

"တကယ်ပါပဲ အဘွားအရင်းက အဘွားအရင်းပါပဲ ကြည့်ပါဦး ပန်းကန်တွေ လှမ်းပေးလိုက် လက်ကိုင်ပဝါ ပေးလိုက်နဲ့ ငါလို လူစိမ်း တစ်ယောက်ကတော့ အဲဒီလို အခွင့်ထူးမျိုး မခံစားရပါဘူးလေ"

‘အဘွားအရင်း ဟုတ်လား’

ကျန့်ရှန်ကျင်း၏ စိတ်နှလုံးထဲတွင် အေးစက်စက် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သခင်မကြီး ကျန့်မှ သူမအား မည်သည့် အချိန်တုန်းကမှ သွေးသားရင်းချာ မြေးမလေးလို မဆက်ဆံခဲ့ဖူးချေ။ ထို့ကြောင့် ထို အခေါ်အဝေါ် အသုံးနှုန်းသည် အလွန်ပင် ရီစရာကောင်းလှပေသည်။ ကျန့်ရှန်ကျင်းမှ အပြုံးဖြင့် မှတ်ချက်ပေးလိုက်သည်။

"အဘွားမိုရယ် ရှောင်တျယ် သက်သာလာရင် သူက ကျွန်မထက်တောင် ပိုပြီး သိတတ်ရိုသေဦးမှာပါ"

ဟုတ်ပေသည်။ အဘွားမိုမှ ထိုစကားအား ကြားရသည်မှာ နှစ်သက်လှသည်။ မိုဟူတျယ် သေချာပေါက် ပြန်ကောင်းလာမည် ဟုလည်း သူမ အခိုင်အမာ ယုံကြည်ထားလေသည်။

ပြောရမည် ဆိုလျှင် ကျန့်ရှန်ကျင်းသည် အမှန်တကယ်ကိုပင် လူချစ်လူခင်ပေါများသူ တစ်ဦး ဖြစ်ပြီး လူကြီးတွေရဲ့ မျက်နှာသာပေးမှုကို လည်း မည်သို့ သိမ်းသွင်း ယူရမည်ကိုု သေချာပေါက် သိရှိလေသည်။ အမှန်တကယ်တွင် သူမနှင့် သခင်မကြီး ကျန့်တို့ သွေးသား မတော်စပ်ကြောင်း သူမအမေ ပြောပြခဲ့သည့် နေ့မှစ၍ သူမသည် သတိထားနေထိုင်ခဲ့ကာ သူမ၏ စကား သို့မဟုတ် လုပ်ရပ်များဖြင့် ဤလူကြီးနှစ်ဦးအား စိတ်အနှောင့်အယှက် ဖြစ်စေမည်ကိုလည်း စိုးရိမ်ခဲ့မိသည်။

ထို့ကြောင့် ဤနှစ်များ တစ်လျှောက် သူမ၏ လိမ္မာပြီး စာနာတတ်သော အပြုအမူ အားလုံးသည် ဟန်ဆောင်မှု သက်သက်သာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ကျန့်မိသားစုမှ ဤလူကြီးနှစ်ဦးအား ဖားထားရမည် ဖြစ်ကာ သို့မှသာ ကျန့်မိသားစုမှ အရာအားလုံးကို အမွေဆက်ခံခွင့် ရရှိမည် ဖြစ်သည်။

သို့သော်လည်း ယနေ့ သခင်မကြီး ကျန့်၏ စကားများအား ကြားလိုက် ရချိန်တွင် သူမသည် မကြုံစဖူး ခြိမ်းခြောက်မှု တစ်ခုအား ခံစားလိုက်ရသည်။

သခင်မကြီး ကျန့်၏ စကားများအရ သူတို့သည် ပျောက်ဆုံးနေသော သွေးသားရင်းချာ သမီးအား နှစ်ပေါင်းများစွာ လျှို့ဝှက် ရှာဖွေနေခဲ့ကြခြင်း ဖြစ်ကာ ရှာမတွေ့သေးခြင်းသာ ဖြစ်ကြောင်း ကောက်ချက်ချရန် မခဲယဉ်းပေ။

သို့သော် အကယ်၍များ...

အကယ်၍များ တစ်နေ့နေ့မှာ သူတို့ ရှာတွေ့သွားခဲ့လျှင်...

ထို အချိန် ကျရောက်လာခဲ့လျှင် သူတို့ မိသားစု မည်သို့ လုပ်ြရမည်နည်း။

ထို့ကြောင့် ကျန့်မိသားစုမှ အဘိုးအိုနှင့် အဘွားအိုတို့ သေတမ်းစာ စောစော ရေးဆွဲစေရန် နည်းလမ်းတစ်ခု သူမ ရှာဖွေရမည် ဖြစ်သည်။ ။ သို့မဟုတ်ပါက သူမ မည်သည့်အချိန်တွင်မှ စိတ်အေးရလိမ့်မည် မဟုတ်ပေ။

‘ကျန့်မိသားစု ပိုင်ဆိုင်သမျှ အားလုံးက သူမ ဟာပဲ’

‘ဘာလို့ သူမက အကုန်လုံးကို ပြန်ပေးလိုက်ရမှာလဲ’

ထိုသို့ တွေးမိရင်း ကျန့်ရှန်ကျင်း၏ မျက်လုံးများထဲတွင် အလင်းမှိန်မှိန်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ ထိုအချိန်တွင် တံခါးအား တွန်းဖွင့်ကာ တစ်စုံတစ်ယောက် ဝင်လာပြန်သည်။ ကြင်နာတတ်ပုံရသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး တံခါးအပြင်မှ ဝင်လာခြင်း ဖြစ်ပေသည်။

"မေမေ အန်တီမို"

"လင်လင် ရောက်လာပြီလား"

အဘွားမိုမှ ကျယ်ပြန့်လှသည့် အပြုံးဖြင့် နှုတ်ဆက်လိုက်လေသည်။ ရောက်လာသူမှာ သခင်မကြီး ကျန့်၏ မွေးစားသမီး ကျန့်လင်လင်မှလွဲ၍ တခြားသူ မဟုတ်ပေ။

ကျန့်လင်လင် ရောက်လာသည်နှင့် သခင်မကြီး ကျန့်၏ နောက်တွင် ရပ်လျှက် ပခုံးများအား နှိပ်နယ် ပေးနေလိုက်သည်။ အဘွားမိုမှ ကျန့်လင်လင် မည်မျှ မိဘအား သိတတ်ကြောင်း မရပ်မနား ချီးကျူးပြောဆိုနေခဲ့သည်။ ကျန့်ရှန်ကျင်းမှ ဆက်ပြောလိုက်သည်

"ကျွန်မ အမေက အဘွားကို နှိပ်ပေးနေတာဆိုတော့ အဘွားမို ကျွန်မလည်း အဘွားမိုကို နှိပ်ပေးမယ် ကျွန်မ အနှိပ်နည်းသစ်တစ်ခု ခုတလောလေးကမှ သင်ထားတာ"

ကျန့်ရှန်ကျင်း မှ ပြောရင်း အဘွားမိုအား စတင် နှိပ်နယ်ပေးလိုက်လေသည်။ အဘွားမိုမှာ ကျေနပ်လွန်း၍ ပါးစပ်ပင် မစေ့နိုင်အောင် ပြုံးနေခဲ့မိသည်။

ဤ သားအမိ နှစ်ယောက်သည် လူကြီးများ စကားပြောနေသည်အား မနှောင့်ယှက်ဘဲ တိတ်တဆိတ် နှိပ်နယ်ပေးနေကြလေသည်။

အဘွားမိုသည် ကျန့်ရှန်ကျင်း၏ နှိပ်နယ်မှုအောက်တွင် ကျေနပ်စွာ မျက်လုံးမှိတ်ထားလိုက်လေသည်။ ရုတ်တရက် တစ်ခုခုအား သတိရသွားသကဲ့သို့ သခင်မကြီး ကျန့်မှ မေးလိုက်သည်။

"အားရွမ် နင့်ရဲ့ ဆဋ္ဌမမြောက် သားလေး အခုတလော ဘယ်လိုလဲ"

ထိုစကားအား ကြားချိန်တွင် ပုံမှန်ဆိုလျှင် တည်ငြိမ် နေလေ့ရှိသော ကျန့်ရှန်ကျင်း၏ မျက်ဝန်းတွင် အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားခဲ့သည်။ အဘွားမိုမှ မျက်လုံးမှိတ်ထားရင်း စိတ်ပျက်လက်ပျက် ပြောလိုက်လေသည်

"ဒီအတိုင်းပါပဲ လုံးဝ အသုံးမကျတဲ့ကောင်"

သခင်မကြီး ကျန့်မှ သက်ပြင်းချလိုက်မိသည်။

"နင့်ကလေးတွေ အကုန်လုံးက အရမ်း တော်ကြတာပဲ ဒီ ခြောက်ယောက်မြောက် တစ်ယောက်ပဲ"

‘လုံးဝ အသုံးမကျတဲ့ လူဖြစ်လာရတယ်ပေါ့လေ’

အဘွားမိုတွင် စုစုပေါင်း ကလေး ခြောက်ယောက် ရှိလေသည်။ သားငါးယောက်နှင့် သမီးတစ်ယောက် ဖြစ်သည်။ သခင်မကြီး ကျန့် ပြောသည့် 'ခြောက်ယောက်မြောက်' ဆိုသည်မှာ အဘွားမို၏ အငယ်ဆုံးသား ဖြစ်ကာ သူမအတွက် စိတ်အပူရဆုံး သား ဆိုလျှင်လည်း မမှားချေ။

မြေးဖြစ်သူ မိုဘိုင်ချွမ်း အပါအဝင် မိုမိသားစု၏ အခြားသော ကလေး ငါးယောက်စလုံးမှာ ပေကျင်းတွင် ဩဇာအာဏာကြီးမားလှသည့် ပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။ ထို ခြောက်ယောက်မြောက် ကလေးမှာမူ မိုမိသားစုတွင် အထင်ကြီးစရာ အနည်းဆုံးဖြစ်လေသည်။

ကောင်းပြီ သူ့အကြောင်း ပြောရလျှင်မူ....

သူသည် တက္ကသိုလ် မည်သည့်အချိန်ကမှ မတက်ခဲ့ချေ။

အလုပ်လည်း တစ်ခါမှ မလုပ်ဖူးချေ။

ယခုအချိန်ထိ သူသည် အလေလိုက်နေဆဲ ဖြစ်သည်။ သူသည် အခြေခံအားဖြင့် စားလိုက် သေမယ့်နေ့ စောင့်လိုက် လျှောက်သွားလိုက်နှင့် တစ်ခါတစ်လေ အိမ်ကိုပင် လနဲ့ချီကာ ပြန်မလာတတ်ပေ။ တစ်ခါတလေ ဆိုလျှင် တစ်နှစ်လောက်ပင် ကြာတတ်သေးသည်။ ။ ထို့ကြောင့် သူသည် ပေကျင်း၏ အထက်တန်းလွှာ အသိုင်းအဝိုင်းကြားတွင် ဟာသတစ်ခု ဖြစ်လာခဲ့ရလေသည်။

"ဟူး သူ့အကြောင်း မပြောပါနဲ့တော့"

သခင်မကြီးမိုမှ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိသည်။

"အဲဒီကောင်လေးက တကယ်ကို ခေါင်းကိုက်စရာပါပဲဟယ်"

သခင်မကြီး ကျန့်မှ သခင်မကြီးမို၏ လက်အား ပုတ်ပေးရင်း နှစ်သိမ့်လိုက်လေသည်။

"သိပ်ပြီး စိတ်မပူပါနဲ့ လူတိုင်းက ကိုယ့်အရှိန်နဲ့ကိုယ် ကြီးပြင်း လာကြတာပါပဲ"

"ထားလိုက်ပါတော့"

သခင်မကြီးမိုမှ မုန်းတီးစွာ ရေရွတ်လိုက်မိသည်။

"ငါ့ တစ်ဘဝလုံး သူ လူရာဝင်လာဖို့ မျှော်လင့်တာကို လက်လျော့လိုက်တာ ကြာပါပြီ"

သခင်မကျန့်သည် သမီးဖြစ်သူ၏ မျက်နှာအမူအရာများအား တိတ်တဆိတ် ကြည့်နေလိုက်သည်။ သူမ ကြည့်နေသည်မှာ ခဏတာမျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မိုမိသားစု၏ ထို မလေးမစားလုပ်တတ်သည့် ခြောက်ယောက်မြောက် သားအကြောင်း ပြောတိုင်း သူမ၏ သမီး ကျန့်ရှန်ကျင်း၏ ပုံစံ သည် ပျက်ပျက်သွားတတ်လေသည်။

မိုမိသားစု၏ ထို အသုံးမကျသည့် ခြောက်ယောက်မြောက် သားမှာ အရည်အချင်း သိပ်မရှိသော်လည်း ရုပ်ရည်သည် ချောမောလှသည်မှာလည်း အမှန်ပင် ဖြစ်သည်။

‘မဖြစ်နိုင်တာ သူ့သမီးက မိုမိသားစုရဲ့ အသုံးမကျတဲ့ ခြောက်ယောက်မြောက် သားကို သဘောကျနေတာများလား’

ကျန့်လင်လင်သည် စိတ်ပူသလို ခံစားလိုက်ရသည်။ သူမသမီးအား ဆုန်းပေချန် သို့မဟုတ် မိုဘိုင်ချွမ်း ကဲ့သို့ အဆင့်အတန်းရှိသူမျိုးနှင့် လက်ထပ်ရန်သာ ရည်မှန်းထားရမည် ဖြစ်သည်။ မိုမိသားစု၏ တစ်ဦးတည်းသော ကလေကချေ ဖြစ်သည့် ခြောက်ယောက်မြောက် သားနှင့် ဇာတ်သိမ်း၍ မဖြစ်ချေ။

‘လုံးဝ မဖြစ်ဘူး’

ထို အဓိပ္ပာယ်မရှိသော အတွေးအား သူမ သမီး၏ စိတ်ထဲမှ ချက်ချင်း မောင်းထုတ်ပစ်ရပေမည်။ ထို့ကြောင့် နေ့လယ်စာ စားချိန်တွင် ကျန့်လင်လင်သည် သူမသမီးနှင့် သီးသန့် စကားပြောရန် အခွင့်အရေး ရသွားခဲ့လေသည်။

"ရှန်ကျင်း"

ကျန့်လင်လင်မှ ကျန့်ရှန်ကျင်းအား လှမ်းခေါ်လိုက်လေသည်။

"ဘာကိစ္စလဲ မေမေ"

ကျန့်ရှန်ကျင်းမှ လှည့်ကြည့်လိုက်မိသည်။ တိုးတိုးတိတ်တိတ် အသံဖြင့် ကျန့်လင်လင်မှ မေးလိုက်လေသည်။

"မေမေ သိချင်လို့ သမီး မိုမိသားစုရဲ့ ခြောက်ယောက်မြောက် သားကို ကြိုက်နေတာများလား"

ကျန့်ရှန်ကျင်းမှ အနည်းငယ် အနေခက်စွာဖြင့် ပြန်ဖြေလိုက်မိသည်။

"မဟုတ်ပါဘူး"

"မဟုတ်ဘူး ဟုတ်လား"

ကျန့်လင်လင် မျက်လုံးများအား မှေးစက်လိုက်ကာ တင်းမာစွာဖြင့် ပြောလိုက်သည်။

"ရှန်ကျင်း ညည်းက ငါ့သမီးပါ ညည်း ဘာတွေးနေလဲဆိုတာ ငါ ပြောနိုင်တယ်နော် ငါ ပြောတာ နားထောင်စမ်း ဒီ အဓိပ္ပာယ်မရှိတဲ့ အတွေးကို အခုချက်ချင်း ရပ်လိုက်တော့ အချိန်ရရင် ဆုန်းပေချန် ဒါမှမဟုတ်လဲ မိုဘိုင်ချွမ်း ဘက်ကို ပိုပြီး လုံ့လစိုက်စမ်းပါ သူတို့ထဲက တစ်ယောက်ယောက်က မိုမိသားစုရဲ့ ခြောက်ယောက်မြောက် သားထက် အဆတစ်ထောင် ပိုကောင်းတယ်"

စကားအဆုံးတွင် ကျန့်လင်လင်မှ လေးနက်စွာ ဆက်ပြောလေသည်

"ရှန်ကျင်း နင့်အမေက ဒီလိုဘဝမျိုး ရဖို့ ရုန်းကန်ခဲ့ရတာ သမီးကို ကမ္ဘာ့ထိပ်ဆုံးမှာပဲ အမြဲ ရှိစေချင်တယ် မိုမိသားစုရဲ့ အဲဒီ ခြောက်ယောက်မြောက် သားက သူ့မိသားစုဆီက ပိုက်ဆံတောင်းဖို့ပဲ သိတာ သူက သမီးကို ဘာများ ပေးနိုင်မှာမို့လို့လဲ"

ကျန့်ရှန်ကျင်းမှ လိမ္မာစွာ ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်ကဲ့ မေမေ သမီး နားလည်ပါပြီ"

‘ဒါပေါ့ သူမက ထိပ်ဆုံးမှာပဲ နေချင်တာ’

‘တကယ်တော့ သူမက ထိပ်ဆုံးရဲ့ အထိပ်ဆုံးမှာ နေချင်တာ’

တချို့ ကိစ္စတွေအား သူမအမေဖြင့် ဆွေးနွေးရသည်မှဦ သက်သောင့်သက်သာ မရှိ၍သာ ဖြစ်သည်။ ကျန့်လင်လင် မှ နောက်ထပ် တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် ကျန့်ရှန်ကျင်းမှ ဦးအောင် ပြောလိုက်လေသည်

"အော် မေမေ သမီး ဒီနေ့ တစ်ခု ကြားခဲ့တယ်"

"ဘာကြားခဲ့တာလဲ"

ကျန့်လင်လင်မှ အမြန်မေးလိုက်လေသည်။ ကျန့်ရှန်ကျင်းမှ ဆက်ပြောသည်။

"အဲဒီ အဘွားကြီးက သူ့သမီးအရင်းကို နှစ်ပေါင်းများစွာ တိတ်တဆိတ် လိုက်ရှာနေတယ်လို့ ကြားတယ် သမီး စိတ်ပူတယ်"

ကျန့်လင်လင် မှ မျက်မှောင်ကြုတ်လိုက်လေသည်။

"အဲဒီ ပြဿနာကောင် နှစ်ကောင် ငါက သူတို့ကို ကောင်းတာကလွဲပြီး ဘာမှ မလုပ်ပေးခဲ့ဘဲနဲ့ သူတို့က ငါတို့ကို လူစိမ်းတွေလို သဘောထားတုန်းပဲ ရှန်ကျင်း စိတ်မပူနဲ့၊ နင့်အမေ ရှိနေသရွေ့ ငါတို့ပိုင်တဲ့အရာ ဘယ်တစ်ခုကိုမှ ဘယ်သူ့ကိုမှ ယူခွင့်မပေးဘူး"

သူမအမေ၏ ကတိစကားကြောင့် ကျန့်ရှန်ကျင်း စိတ်သက်သာရာ ရသွားတော့သည်။

**

ယုထစ်လမ်းမှ မနက်ခင်းဈေး၌...

ဈေးသည် သိပ်မစည်ကားသည့် အတွက်ကြောင့်သာ ဖြစ်ပေမည်။ နီယန်သည် နေ့လယ်လောက်မှ သူမ၏ ခေါက်ဆွဲ ပန်းကန် ၅၀၀ အကုန် ရောင်းထွက်သွားခဲ့သည်။ ဆိုင်အား ရှင်းလင်းပြီးနောက် သူမသည် စက်ဘီးစီးလျှက် ဟင်းသီး ဟင်းရွက်ဈေးသို့ ထွက်လာခဲ့လေသည်။

လမ်းတွင် အသစ်ဖွင့်ထားသော ငါးချဉ်ဟင်းရည်ဆိုင်နားမှ အမှတ်တမဲ့ ဖြတ်သွားမိသည်။ နေ့လယ်စာစားချိန် နီးကပ်လာပြီဖြစ်ရာ ဆိုင်ထဲတွင် ခေါက်ဆွဲစားသူများနှင့် ပြည့်နေရုံသာမက တန်းစီနေသည့် လူတန်းရှည်ကြီးလည်း ရှိနေခဲ့သည်။ သို့သော် သူမအား ပိုအံ့သြစေသည်မှာ ထိုဆိုင်၏ ပိုင်ရှင်ပင် ဖြစ်သည်။

ထိုလူမှာ တခြားသူ မဟုတ်ဘဲ လွန်ခဲ့သော တစ်လခန့်က အဖမ်းခံခဲ့ရသည့် ကျူးယုံဟုန်၏ မိခင် ဆွန်းချွန်းရှန် ပင် ဖြစ်သည်။ ကျူးယုံဟုန် ထောင်ထဲတွင် ရှိနေဆဲဖြစ်ရာ ဆွန်းချွန်းရှန်တွင် ကျူးယုံဟုန်နှင့် ရုပ်ချင်းဆင်တူသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးမှ ဝိုင်းကူပေးနေခဲ့သည်။ ထိုအမျိုးသားမှာ ကျူးယုံဟုန်၏ ဖခင် ဖြစ်မည်ဟု သူမ ယူဆလိုက်လေသည်။

‘တကယ့် စိတ်ဝင်စားစရာကောင်းတဲ့ မိသားစုပဲ’

သမီးဖြစ်သူက ပြိုင်ဘက်ကို ဖျက်ဆီးဖို့ လူမိုက်တွေ ငှားတယ် မိဘတွေကကျတော့ တိုက်ရိုက်ကို အတုခိုးတဲ့သူတွေ ဖြစ်လာကြတယ်’

နီယန် ထိုနေရာအား ဖြတ်သွားသည်အား သတိထား မိလိုက်သောအခါ ဆွန်းချွန်းရှန်သည် ခေါင်းအား မော့လျှက် အောင်နိုင်သူ၏ လေသံဖြင့် လှမ်းအော်လိုက်သည်။

"လာကြပါ လာကြပါ အရသာရှိတဲ့ ငါးချဉ်ဟင်းရည်ခေါက်ဆွဲ တစ်ပွဲကို ၂ ပြားခွဲပဲ တစ်ပွဲကို ၂ ပြားခွဲပဲနော်"

All Chapters