တစ်ဖန်ပြန်လည်ဆုံတွေ့ခြင်း
Vol. 5 Ch. 70
ဆွန်းချွန်းရှန်သည် နီယန်၏ ရှေ့တွင် တမင်သက်သက် ကြွားဝါပြနေခြင်းသာ ဖြစ်သည်။
‘ငါးချဉ်ဟင်းရည်ခေါက်ဆွဲ တစ်ပွဲပဲ မဟုတ်ဘူးလား’
‘ဘယ်သူက မလုပ်တတ်လို့လဲ’
‘နီယန်က အောက်တန်းစား ကောင်မလေး တစ်ယောက်ပါပဲ’
‘အရင်တုန်းက သူတို့ရဲ့ စီးပွားရေးကို လုယူခဲ့တတင် မကဘူး သူ့သမီးကိုလည်း ဖမ်းဆီးခံရအောင်တောင် လုပ်ခဲ့သေးတယ်’
ကျူးယုံဟုန် အဖမ်းခံရသည်မှာ ကိစ္စမရှိသော်လည်း အရေးကြီးသည်မှာ တက္ကသိုလ်တက်နေသည့် သူမ၏ သားကိုပါ ရိုက်ခတ်သွားတာပင် ဖြစ်သည်။ ယခုဆိုလျှင် သူမ၏ သားမှာ ကျောင်းနားထားရပြီး ဖြစ်ကာ အိမ်တွင် စုံစမ်းစစ်ဆေးမှုများ ခံယူနေရပြီ ဖြစ်သည်။ သူမ၏သား ကျောင်းပြန်တက်နိုင်မယ့်ရက်အား သူမ မသိတော့ချေ။
သူတို့ မိသားစုတွင် မိသားစု သုံးဆက်တိုင်တိုင် လယ်သမားများ ဖြစ်ခဲ့ကြကာ မည်သူမှ အောင်မြင်သူ မဖြစ်နိုင်ခဲ့ချေ။ နောက်ဆုံးတွင် ရွှေရောင်ဖီးနစ်ငှက် တစ်ကောင် ပိုင်ဆိုင်လိုက်နိုင်ပြီဟု ထင်မှတ်နေစဉ် နီယန် ဆိုသည့် ကောင်မလေးကြောင့် ပျက်စီးသွားခဲ့ရလေသည်။
နီယန်သာ မရှိလျှင် ယခုလို ဘေးဒုက္ခ ကပ်ဆိုးကြီး ဖြစ်လာနိုင်ပါ့မည်လား။ တစ်ခဏတာမျှ ဆွန်းချွန်းရှန်သည် နီယန်အား ကိုက်သတ်ပစ်ချင်စိတ် ပေါက်သွားခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် သူမသည် အောင်မြင်စွာ လက်စားချေနိုင်ခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နီယန်၏ ဖောက်သည် အားလုံးကို အောင်မြင်စွာ လုယူနိုင်ခဲ့ပြီ ဖြစ်သည်။ ယနေ့ မနက်တွင် နီယန်၏ ခေါက်ဆွဲများသည် တစ်ပွဲမှ မရောင်းရသေးသည်မှာ သိသာနေခဲ့ပေသည်။ နီယန် သည် ယခုအချိန်တွင် ပြုံးနိုင်သေးပေလိမ့်မည်။ သို့သော် မနက်ဖြန် မနက်ကျလျှင် ငိုရပေတော့မည်။
‘အပေါစား မိန်းမ နင်နဲ့ ထိုက်တန်တယ်’
ထိုသို့ တွေးရင်းဖြင့် ဆွန်းချွန်းရှန် ပို၍ ကျေနပ် အားရသွားခဲ့လေသည်။ နီယန်မှာမူ မည်သို့မှ မဖြစ်သကဲ့သို့ ဆွန်းချွန်းရှန်အား လစ်လျူရှု ထားလိုက်တော့သည်။
ဤသည်မှာ မာနကြီး၍ မဟုတ်ဘဲ ဆွန်းချွန်းရှန်၏ ငါးချဉ်ဟင်းရည် အရသာမှာ ဆိုးရွားလွန်း၍ပင် ဖြစ်ပေသည်။ဈေးပေါပေါဖြင့် ရောင်း၍ ရလျှင်တောင်မှ ဈေးသက်သာသည်အား လိုက်ရှာသည့် လူနည်းစုမှလွဲရင် ဖောက်သည် အများကြီးအား ထိန်းထားနိုင်လိမ့်မည် မဟုတ်ချေ။
အရသာအား အမှန်တကယ် ဂရုစိုက်သည့် သူတွေမှာမူ နောက်တစ်ခေါက် ပြန်လာမည့် ဖောက်သည်များ ဖြစ်လာလိမ့်မည် မဟုတ်ချေ။
မည်သို့ဆိုစေ ငါးချဉ်တည်ခြင်း ဖြစ်စေ ငရုတ်သီး အရသာ ဖြစ်စေ နီယန်၏ ငါးချဉ် ဟင်းရည် ခေါက်ဆွဲမှ အချဉ်ဖတ် ဖြစ်စေ အားလုံးတွင် လျှို့ဝှက် ချက်ပြုတ်နည်းလမ်းများ ပါဝင်နေခဲ့လေသည်။ ဆွန်းချွန်းရှန်မှာမူ လှည့်ကွက်များ ကုန်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သူမသည် အဘယ်ကြောင့်များ ထိုကဲ့သို့ လူမျိုးများနှင့် တန်းတူဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရမည်နည်း။ တကယ်တမ်း ဆိုရလျှင် သူမသည် ဆွန်းချွန်းရှန်အား ကျေးဇူးပင် တင်သင့်သေး၏။
အဆင့်တန်း နိမ့်ကျသည့် အရာ ရှိမှသာ အထက်တန်းကျသော အရာသည် ပေါ်လွင်လာလိမ့်မည် မဟုတ်ပါလော။ စကားပုံဟောင်း တစ်ခုပင် ရှိသေး၏။ ‘အတုခိုးလို့ရပေမယ့် ဘယ်တော့မှ ကျော်တက်လို့ မရဘူး’ ဟု ပြောတတ်ကြလေသည်။
နီယန်သည် ဟင်းသီးဟင်းရွက်ဈေးသို့ ရောက်လာသောအခါ ဟင်းသီးဟင်းရွက်အချို့ အသား သစ်သီးများနှင့် ငါး ၁၀ ကောင်ခန့် ဝယ်ယူပြီးနောက် စက်ဘီးပေါ်တွင် ချည်နှောင်လိုက်လေသည်။
အိမ်ပြန်ရန် စက်ဘီးနင်း၍ ထွက်တော့မည့်ဆဲဆဲတွင် 'ကျန်လီပေါင်' အားဖြည့်အချိုရည်ဘူးများကို ကိုင်ဆောင်ထားကြသည့် ခေတ်ဆန်ဆန် လူငယ် အမျိုးသား အမျိုးသမီး အချို့အား တွေ့လိုက်ရလေသည်။
ကျန်လီပေါင် ဆိုသည်မှာ ဤခေတ် ဤအချိန်အခါအတွက် ထူးခြားလှသည့် အချိုရည်တစ်မျိုး ဖြစ်လေသည်။
အချိုရည် ...
နီယန်သည် ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် အကြံတစ်ခု ရသွားတော့သည်။ ဤအချိန်တွင် ကျန်လီပေါင် တစ်ဘူးသည် အတော် ဈေးကြီးလှကာ မိသားစု အများစုမှာမူ မတတ်နိုင်ကြချေ။ သို့သော် ရေခဲစိမ်ထားသည့် ကျန်လီပေါင်မှာမူ အပူဒဏ်အား တွန်းလှန်ရာတွက် အလွန် ကောင်းသည့် အာနိသင် ရှိလေသည်။
အခုချိန်သည် နွေရာသီ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဖောက်သည် အများစုက ငါးချဉ် ဟင်းရည်ခေါက်ဆွဲ တစ်ဝက်လောက် စားပြီးလျှင် ချွေးများ ထွက်လာကာ ရေငတ်ပြေချင်ကြပေလိမ့်မည် ဖြစ်သည်။
ခေါက်ဆွဲတစ်ပွဲအား ပြား ၃၀ ပေးစားသည့် ဖောက်သည်များ ရေငတ်ပြေဖို့ရန် အတွက် ကျန်လီပေါင် (သို့မဟုတ်) တာပိုင်ရှစ် သစ်သီးအရသာ ဂက်စ်ပါသည့် အချိုရည်အား တစ်ယွမ်ကျော် ပေးကာ သေချာပေါက် သောက်ကြလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ဂက်စ်ပါသည့် အချိုရည်များ အစား တခြား အဖျော် ယမကာများကို သူမ အသုံးပြု၍ ရပေသည်။ အရသာကောင်းပြီး ဈေးသက်သာမည် ထို့အပြင် ငါးချဉ်ဟင်းရည်ခေါက်ဆွဲနှင့်လည်း လိုက်ဖက်မည်ဆိုလျှင် သေချာပေါက် ရောင်းကောင်းလိမ့်မည် ဖြစ်သည်။
နီယန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားကာ စက်ဘီးအား ချက်ချင်း လှည့်လိုက်ပြီးနောက် အခြားတစ်ဖက်သို့ ဦးတည်သွားလိုက်လေသည်။ လမ်းတွင် လျိုတုန်းလျန်၏ ဆိုင်ရှေ့မှ ဖြတ်သွားခဲ့သည်။
လျိုဝေသည် ကျောင်းသွားနေခဲ့သည်။ ယနေ့ ဆိုင်ထဲတွင် ရှိနေသူများမှာ လျိုတုန်းလျန်နှင့် သူ၏ ဇနီး ချန်ကျင်းဖုန်း တို့ ဖြစ်လေသည်။ ဇနီးမောင်နှံနှစ်ဦး ဆိုင်အဝတွင် စကားပြောနေကြခြင်း ဖြစ်သည်။ နီယန် စက်ဘီးစီးလာသည်အား မြင်လျှင် လျိုတုန်းလျန်မှ ပြုံးပြလိုက်ပြီးနောက် နှုတ်ဆက်လိုက်လေသည်။
"ယန်ယန် ဘယ်လိုဖြစ်ပြီး ပြန်ရောက်လာတာလဲ"
နီယန်၏ စက်ဘီးအနောက်တွင် ချိတ်ထားသည့် လတ်ဆတ်သည့် မြက်စားငါး အချို့အား သူ သတိထားမိလိုက်လေသည်။
‘ဒီကောင်မလေးရဲ့ စီးပွားရေးက တကယ်ပဲ အဲဒီလောက် ကောင်းတာလား’
‘မဖြစ်နိုင်တာ’
‘သူမလို မိန်းကလေးငယ်လေး တစ်ယောက်က ဘယ်လိုလုပ် အရသာရှိတာ ချက်တတ်မှာလဲ’
‘ပြီးတော့ လူတိုင်း မကြိုက်ကြတဲ့ ငါးလေ’
‘လူတွေ လှောင်ပြောင်တာ မခံရအောင် သူ့စီးပွားရေး ကောင်းသယောင် ဟန်ဆောင်နေတာ ဖြစ်မယ်’
‘ဒါပေမယ့် ဘာလို့’
‘သူမ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ’
လျိုတုန်းလျန်သည် မျက်လုံးများအား မှေးစက်လိုက်ပြီးနောက် နီယန်၏ မျက်နှာအား ဝေ့ဝဲကြည့်လိုက်လေသည်။ နီယန်မှာ စာမတတ်သည့်တိုင် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း သူမ၏ မျက်နှာမှာ အမှန်ပင် ထူးခြားလှပကြောင်း ငြင်းမရနိုင်ချေ။ သူသည် နေ့တိုင်း စီးပွားရေး လုပ်ရင်းဖြင့် လူပေါင်းများစွာအား တွေ့ဖူးသော်လည်း နီယန်လောက် လှပသူအား တစ်ခါမှ မတွေ့ဖူးပေ။ ဖြစ်နိုင်တာသည်မှာ...
လျိုတုန်းလျန်သည် ရုတ်တရက် သူ့သား လျိုဝေအား သတိရသွားမိသည်။ သူ့သားသည် တော်တော်လေး ရုပ်ရည်ချောမောကာ အထက်တန်းကျောင်းသား ဖြစ်ရုံသာမက နောင်တစ်ချိန်တွင် တက္ကသိုလ် ကျောင်းသား ဖြစ်လာမည့်သူ ဖြစ်သည့်အပြင် သူ၏ အနာဂတ်သည် အကန့်အသတ် မရှိပေ။
နီယန်ရဲ့ ရည်မှန်းချက်များသည် အမှန်တယ်ကိုပင် ကြီးမားလွန်းလှသည်။ သူ၏ သားကိုပင် ပစ်မှတ်ထားရဲအောင်ပင် ရဲတင်းလှသည်။ လျိုတုန်းလျန် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ထိုသို့ တစ်ဖက်သတ် တွေးမိရင်း လျိုတုန်းလျန် နီယန်အား ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးထဲတွင် သတိထားမှုများ ရှိနေခဲ့သည်။
သူ၏ သား ဖြစ်သူသည် အလွန်ပင် အောင်မြင်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် ဇနီးကောင်းကောင်း ရှာဖို့ရန် အတွက် စိတ်ပူစရာ မလိုချေ။ ထို့အပြင် အိမ်ထောင်ပြုသည် ဆိုသည်မှာ လူမှုရေးနဲ့ စီးပွားရေး အဆင့်အတန်း တူညီမှ ဖြစ်သင့်သည် ဟု ဆိုကြသေးသည် မဟုတ်ပါလော။ နီယန်ကဲ့သို့ အဆင့်အတန်း မြင့်ချင်နေသည့် သူမျိုးသည် သူ၏ သား ဖြစ်သူနှင့် လုံးဝ မထိုက်တန်ပေ။