ထပ်မံဆုံတွေ့ခြင်း
Vol. 5 Ch. 71
သူ၏ သားသည် ပိုမို ကောင်းသည့် မိန်းကလေးမျိုးနှင့်သာ ထိုက်တန်ပေသည်။ အနာဂတ်တွင် သူဌေး သမီး တစ်ယောက်နှင့်ပင် လက်ထပ် နိုင်လောက်သေးသည်။ လျိုတုန်းလျန်တွင် ဤကဲ့သို့သော အတွေးမျိုး ရှိနေလိမ့်မည်ဟု နီယန် စိတ်ကူးပင် မယဉ်ဖူးခဲ့ပါချေ။ သူမသည် လှိုက်လှဲစွာ ပြုံးပြရင်း ပြန်ပြောလိုက်လေသည်။
"မင်္ဂလာပါ ဦးလေးနဲ့ အန်တီ သမီး ဆေးဆိုင်မှာ ပစ္စည်းသွားဝယ်မလို့ပါ"
‘ဆေးဆိုင် သွားမလို့ ဟုတ်လား’
တကယ်လို့ သူက ဆေးဆိုင်ကို သွားတာဆိုရင် ဘာလို့ လမ်းမှာတင် ဝင်မဝယ်ခဲ့တာလဲ ခုမှ ဘာလို့ ပြန်လှည့်လာရတာလဲ’
‘သူမ တစ်ခုခုတော့ ကောက်ကျစ်စဉ်းလဲတာ လုပ်နေတာ သေချာတယ်’
လျိုတုန်းလျန်၏ မျက်လုံးထဲတွင် လှောင်ပြောင်သည့် အရိပ် အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။ နီယန်သည် စက်ဘီးအား အလွန်မြန်မြန် နင်းသွားရာ မျက်စိတစ်မှိတ်အတွင်း ထိုလင်မယားကို ကျော်တက်သွားလေတော့သည်။ ချန်ကျင်းဖုန်းမှ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"ဟေး အဲဒီကောင်မလေးက ရှင် အရင်က ပြောဖူးတဲ့ နီယန် ဆိုတာလား သူက တော်တော် ယဉ်ကျေးတာပဲ တောကလာတဲ့ မိန်းကလေးနဲ့ လုံးဝ မတူဘူးဘဲ"
ပုံမှန်ဆိုရင် တောကနေ ရောက်လာသည်မှာ မကြာသေးသည့် လူများသည် အလွန် ရှက်တတ်ကြကာ ထိန်းထိန်း သိမ်းသိမ်း နေတတ်ကြလေသည်။ ထို့အပြင် နှိမ့်ချတတ်ကြသေးသည်။ သို့သော် ချန်ကျင်းဖုန်းမှာမူ နီယန်၏ အမူအရာတွင် ယုံကြည်မှုကိုသာ တွေ့ခဲ့ရလေသည်။
ထို့အပြင် သူမသည် အရမ်း လှပလေသည်။ ဖြတ်သွားရင်း တစ်ချက်ကလေးသာ မြင်လိုက်ရသည့်တိုင် နီယန်မှ ချန်ကျင်းဖုန်းအား အထင်ကြီး လေးစားသွားအောင် ပြုလုပ်နိုင်ခဲ့လေသည်။ လျိုတုန်းလျန်မှ နှာခေါင်းရှုံ့လိုက်ပြီးနောက် ပြောလိုက်လေသည်။
"အဲဒီကောင်မလေးမှာ ကြီးကျယ်တဲ့ အစီအစဉ်တွေ ရှိနေတယ်"
ချန်ကျင်းဖုန်း မှ အံ့သြသွားပြီးနောက် ပြန်မေးလိုက်သည်။
"ရှင် ဘာကို ဆိုလိုတာလဲ"
ထို့နောက် လျိုတုန်းလျန်မှ သူ တစ်ဖက်သတ် တွေးနေသည်များအား ချန်ကျင်းဖုန်းကို ပြောပြလိုက်လေတော့သည်။ ထိုစကားအား ကြားပြီးနောက်တွင် ချန်ကျင်းဖုန်း၏ မျက်နှာမှာ အံ့သြမှင်သက်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။
"လျိုရေ ရှင့်ရဲ့ သုံးသပ်ချက်က ဖြစ်နိုင်ချေ ရှိတယ်လို့ ကျွန်မ ထင်တယ် ဒါပေမယ့် စိတ်မပူပါနဲ့ ကျွန်မတို့ရဲ့ ရှောင်ဝေက အဲဒီလောက် အပေါ်ယံမဆန်ပါဘူး သူက စဉ်းစားဆင်ခြင်ဉာဏ် ရှိတဲ့ ကလေးတစ်ယောက်ပါ နီယန်မှာ လှည့်ကွက်ကလေး နည်းနည်းပါးပါး ရှိတယ် ဆိုရင်တောင် ရှောင်ဝေက သူ့အကွက်ထဲ ဝင်မှာ မဟုတ်ပါဘူး"
လျိုတုန်းလျန် မှ ခေါင်းညိတ်လိုက်မိသည်။ ချန်ကျင်းဖုန်းမှ သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်သည်။
"ဒီကောင်မလေးက ဒီလိုဖြစ်နေလိမ့်မယ်လို့ ကျွန်မ တကယ် မထင်ထားမိဘူး သူ့မိဘတွေက ဘယ်လိုများ သွန်သင်ဆုံးမခဲ့ကြတာလဲ တကယ့် အရှုံးသမားတွေပဲ ကံကောင်းလို့ ကျွန်မတို့ ရှောင်ဝေက အဲဒီလို မဟုတ်တာ"
**
နီယန်သည် ဆေးဆိုင်သို့ ရောက်ရှိလာခဲ့သည်။ သူမသည် ဝင်ပေါက်တွင် စက်ဘီးအား ရပ်လိုက်လေသည်။ ယခုအချိန်သည် အနောက်တိုင်း ဆေးပညာ ခေတ်စားလာခဲ့ကာ တိုင်းရင်းဆေးပညာ ကျဆင်းနေသည့် အရေးကြီးသည့် ကာလဖြစ်လေရာ တိုင်းရင်း ဆေးဆိုင်ထဲ၌ အရောင်းဝန်ထမ်းမှ လွဲ၍ အခြားဖောက်သည် ဟူ၍ မရှိချေ။
လူတစ်ယောက် ဝင်လာသည်အား မြင်သောအခါ အရောင်းဝန်ထမ်းမှ စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်လိုက်လေသည်။
"မင်္ဂလာပါ ရဲဘော် ဘာများ ကူညီပေးရမလဲ"
နီယန်မှ ပြုံးလျှက် ပြန်ဖြေလိုက်လေသည်။
"ကျွန်မကို ဆီးသီးမည်း တစ်ကီလို တရုတ်ဆီးသီး တစ်ကီလို လိမ္မော်ခွံခြောက် တစ်ကီလို နွယ်ချို တစ်ကီလို နဲ့ ချဉ်ပေါင်ဖူးခြောက် တစ်ကီလိုလောက် ပေးလို့ရမလားရှင်"
သာမန်အားဖြင့် လူအများသည် တိုင်းရင်းဆေးအား ဂရမ် နှင့် ဝယ်လေ့ရှိကြသော်လည်း ဤကောင်မလေးကတော့ ကီလို နှင့် တောင်းနေသည်လေ။
အရောင်းဝန်ထမ်းမှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် မေးလိုက်လေသည်။
"ရဲဘော်လေး ပစ္စည်းတစ်ခုချင်းစီကို တစ်ကီလို ယူမှာ သေချာရဲ့လား"
‘ဆယ်ဂရမ် မဟုတ်ဘဲနဲ့လား’
နီယန်မှ ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ပါတယ် ဘယ်လောက်ကျလဲရှင် ကျွန်မ အရင် ရှင်းလိုက်မယ်"
"ခဏလေး စောင့်ပါ တွက်လိုက်ဦးမယ်"
အရောင်းဝန်ထမ်းက သူ၏ ပေသီးခုံအား ယူလိုက်ကာ စတင်၍ တွက်ချက်လိုက်လေတော့သည်။ နီယန်သည် နံရံပေါ်ရှိ ဈေးနှုန်းစာရင်းအား တစ်ချက် ကြည့်လိုက်ပြီနောက် ပြောလိုက်လေသည်
"ဆေး ငါးကီလို ဆိုတော့ နှစ်ယွမ် လေးပြား နဲ့ သုံးလီ ကျမှာပေါ့"
(**တရုတ် ငွေကြေးတွင် ယွမ်သည် အဓိက ငွေကြေး စနစ် တစ်ခုဖြစ်ကာ
‘ဆင့်’သည် ၁ယွမ် ၏ ၁၀၀ ပုံ ၁ ပုံ ရှိလေသည်။ (၀.၀၄ယွမ်) ဟု မှတ်နိုင်သည်။
‘လီ’မှာမူ ၁ယွမ်၏ ၁၀၀၀ပုံ ၁ပုံ (သို့) ၁ ဆင့်၏ ၁၀ ပုံ ၁ ပုံ ရှိလေသည်။ (၀.၀၀၃ယွမ်) ဟု သတ်မှတ်နိုင်လေသည်။
သို့သော် နေ့စဉ်သုံး ငွေကြေးလောကတွင် ခီဆိုသည်မှာ သိပ်မတွေ့ရတော့ပေ။ ထိုအစား စာရင်းအင်းများ အတိုးနှုန်း တွက်ချက်မှုများနှင့် ရေးဟောင်း ငွေကြေးစနစ်တွင်သာ အသုံးများလေသည်။ **)
ထိုသို့ ပြောပြီးနောက် နီယန်သည် အိတ်ကပ်ထဲမှ ပိုက်ဆံ အကြွေများအား ထုတ်လိုက်ကာ ကောင်တာပေါ်တွင် တင်လိုက်တော့သည်။
‘နှစ်ယွမ်၊ လေးပြား နဲ့ သုံးလီ ဟုတ်လား’
‘ဒီကောင်မလေးက ဒီလောက် တိတိကျကျ တွက်ချက်နိုင်တာလား’
‘သူ ခန့်မှန်းပြောလိုက်တာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား’
အရောင်းဝန်ထမ်းမှ နီယန်အား မော့မကြည့်ဘဲ သံသယဖြင့် ပေသီးခုံတွင်သာ ဆက်လက် တွက်ချက်နေလိုက်သည်။
သို့သော် ခဏအကြာတွင် အရောင်းဝန်ထမ်းသည် သူ၏ ပေသီးခုံပေါ်မှ ရလဒ်အား မြင်လိုက်ရချိန်တွင် နီယန်၏ အတိအကျ တွက်ချက်နိုင်စွမ်းအား အံ့သြမှင်သက် သွားခဲ့လေတော့သည်။
‘ဒီကောင်မလေးက တကယ်ကို ထူးချွန်တာပဲ’
‘သူမက နောက်ဆုံးဂဏန်းအထိ တိတိကျကျ တွက်ချက်လိုက်တာ’
အရောင်းဝန်ထမ်းသည် ကောင်တာပေါ်မှ ပိုက်ဆံများအား သိမ်းယူလိုက်ပြီး နောက် ဆေးများအား ချိန်တွယ်လိုက်ကာ နီယန်အား ပေးလိုက်တော့သည်။ ထို့နောက် စပ်စုချင်စိတ်ဖြင့် မေးလိုက်လေသည်။
"ရဲဘော်လေး ဒီဆေးတွေ အများကြီးကို ဘာလုပ်ဖို့ လိုတာလဲ"
“ပြီးတော့ ဒီဆေးတွေက ရောဂါကို မပျောက်ကင်းစေနိုင်ဘူး ပုံမှန် ကုထုံးတွေမှာ အထောက်အကူပြု ဆေးအဖြစ်ပဲ သုံးလို့ရတာ”
နီယန်မှ ပြုံးပြီး ပြောပြလိုက်သည်။
"တကယ်တော့ ဒါတွေက ဆေး မဟုတ်ပါဘူး အဖျော်ယမကာ လုပ်ဖို့ သုံးမလို့ပါ"
"ဒီဆေးတွေကို အဖျော်ယမကာ လုပ်လို့ ရတယ်လား"
အရောင်းဝန်ထမ်း မှ အံ့သြသွားလေတော့သည်။ နီယန် မှ ခေါင်းညိတ်လိုက်သည်။
ဆီးသီးဖျော်ရည် အတွက် အဓိက ပါဝင်ပစ္စည်းများအား ဝယ်ယူပြီးနောက် နီယန်သည် သကြားခဲ နှင့် နန်းလုံးကြိုင်မျိုးနွယ်ဝင် ပန်းခြောက် အချို့ ဝယ်ရန် ဆိုင်သို့ ထပ်သွားလိုက်လေသည်။
(**မူရင်းမှာတော့ နန်းလုံးကြိုင်မျိုးနွယ်ဝင် ပန်းခြောက်လို့ မရေးထားပါဘူး ‘Osmanthus flowers (အော့စ်မန်းသပ်စ် ပန်း) လို့သာ သုံးထားပါတယ်။ မြန်မာလိုဆို တစ်ချို့က နန်းလုံးကြိုင်ပန်းမျိုးနွယ်လို့ ယူဆကြသည်။
ထိုပန်းများသည် အထူးသဖြင့် တရုတ် ဂျပန် နှင့် ဟိမဝန္တာတောင်တန်း ဒေသများတွင်သာ အဓိကပေါက်လေ့ ရှိသည့် အလွန် မွှေးပျံ့လှသည့် ပန်းများ ဖြစ်လေသည်။
ထိုပန်းများ၏ နာမည် ကြီးရသည့် အချက်မှာ သူ၏ မွှေးရနံ့ကြောင့် ဖြစ်လေသည်။ ရနံ့သည် ပန်းနံ့ သက်သက်သာ မဟုတ်ဘဲ မက်မွန်သီး သို့မဟုတ် အနံ့ရှိသည့် အသီးနံ့မျိုးနှင့် ဆင်တူလေသည်။ အလွန် ချိုအေးကာ စွဲမက်ဖွယ်ရာ ကောင်းလှသဖြင့် ကမ္ဘာကျော် ရေမွှေး တံဆိပ်များတွင် အခြေခံ အနေဖြင့် အသုံးများလေသည်။
ထို့အပြင် တရုတ် ယဉ်ကျေးမှုတွင် ထိုပန်းများအား အစားအသောက်များထဲတွင် ထည့်သွင်း အသုံးပြုလာခဲ့သည်မှာ ရာစုနှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ထိုပန်းများအား လက်ဖက်ခြောက်အဖြစ် အသုံးပြုသကဲ့သို့အချိုပွဲများနှင့် ပန်းနံ့ပါသည့် ဝိုင်များ ပြုလုပ်ရာတွင်လည်း အသုံးပြုကြသေးသည်။
သည့်အပြင် တရုတ်နိုင်ငံတွင် ထိုပန်းများအား “gui hua”ဟု ခေါ်ကြကာ လကွယ်ပွဲတော် ၏ သင်္ကေတအဖြစ် သတ်မှတ်လေသည်။ အဘယ်ကြောင့်ဆိုသော် လပေါ်တွင် ထိုပန်းပင် ရှိသည်ဟု ရှေးဒဏ္ဍာရီများတွင် ယုံကြည်ကြသည့် အတွက် ဖြစ်သည်။ **)
နေ့လယ် နှစ်နာရီလောက်မှသာ နီယန် အိမ်သို့ ပြန်ရောက် ရှိလာခဲ့သည်။ နီချွေ့ဟွာမှ တံခါးဝတွင် စောင့်နေလေသည်။ နီယန် စက်ဘီးစီးပြီး အိမ် ပြန်လာသည်အား မြင်သောအခါ နီချွေ့ဟွာမှ သူမအား ကြိုဆိုရန် ချက်ချင်း ထွက်လာတော့သည်။
"ယန်ယန် ဒီနေ့ ဘာလို့ ဒီလောက် နောက်ကျနေတာလဲ"
ပုံမှန် ရက်များ ဆိုလျှင် နီယန်သည် ၁၂ နာရီလောက်ဆိုလျှင် အိမ်ပြန်ရောက်နေကျ ဖြစ်လေသည်။ နီယန် တစ်စုံတစ်ခု မတော်တဆ ဖြစ်သွားမည်ကို နီချွေ့ဟွာ အလွန် စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။ နီယန်မှ လျှို့ဝှက်နက်နဲစွာဖြင့် ပြုံးလိုက်ပြီးနောက် ပြောလိုက်လေသည်။
"သမီး စိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်းတချို့ ဝယ်လာလို့ပါ"
"ဘာ စိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်းတွေလဲ"
သမီးဖြစ်သူ၏ ပြောင်နောက်လိုသည့် သဘော သဘာဝအား သိထားသော်လည်း နီချွေ့ဟွာသည် စပ်စုချင်စိတ် အနည်းငယ် ဖြစ်လာသည်ကို မတားဆီးနိုင်ခဲ့ပေ။
နီယန်မှ လျှို့ဝှက်ချက်အား ဆက်လက် ထိန်းသိမ်းထားရင်းဖြင့် ပြောလိုက်သည်။
"ညကျရင် အမေ သိရမှာပါ ဒါနဲ့ ယွန်းယွန်း ရော"
နီချွေ့ဟွာ ရယ်မောလိုက်ကာ ပြန်ဖြေလိုက်သည်။
"ယွန်းယွန်းက အိပ်နေတယ် အိုးထဲမှာ သမီးအတွက် ထမင်းဟင်း ချန်ထားတယ် သွားစားလိုက်ဦး အမေ ဒီပစ္စည်းတွေကို သိမ်းပေးထားမယ်"