ထပ်မံဆုံတွေ့ခြင်း
Vol. 5 Ch. 72
နီယန်သည် အမှန်တကယ် ဗိုက်ဆာနေခဲ့ပြီ ဖြစ်သည်။
"ဒါဆို သမီး အရင် သွားစားလိုက်ဦးမယ် ပင်ပန်းခံပေးလို့ ကျေးဇူးပါပဲ အမေ"
"သွားပါ သွားပါ"
နီချွေ့ဟွာသည် နီယန်အား ကြည်နူးဖွယ်ရာ အပြုံးဖြင့် ကြည့်နေလိုက်လေသည်။ နေ့လယ်စာသည် အမှန်ပင် ကောင်းမွန်လှသည်။ ဟင်းနှစ်ပွဲနှင့် ဟင်းရည်တစ်ခွက် ပါဝင်လေသည်။ ဝက်သား ငရုတ်သီးစိမ်း ငရုတ်ကောင်းကြော် သခွားသီးသနပ် နှင့် ခရမ်းချဉ်သီးကြက်ဥဟင်းရည်တို့ ဖြစ်သည်။
စိတ်တိုင်းကျ စားသောက်ပြီးနောက် နီယန် မီးဖိုချောင်သို့ ပြန်လည် ရောက်ရှိလာသည်။ မီးဖိုချောင်ထဲတွင် နီချွေ့ဟွာသည် ငါးအား ပါးပါးလှီးခြင်းနှင့် ငါးအရိုးဟင်းရည် လုပ်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေပြီ ဖြစ်သည်။
နီယန်သည် သူမ ဝယ်လာသော ဆေးဖက်ဝင်အပင် ၅ ထုပ်အား ထုတ်လိုက်ပြီးနောက် ဒယ်အိုးအပြားတစ်လုံးအား ရှာကာ အချိုးအစားအတိုင်း သကြားခဲ ဆီးသီးမည်း တရုတ်ဆီးသီး လိမ္မော်ခွံခြောက် နှင့် နှင်းလုံးကြိုင် မျိုးနွယ် ပန်းတို့အား ထည့်လိုက်လေသည်။ ရေ အများကြီး ထည့်ပြီးနောက် အရင်ဆုံး မီးပြင်းဖြင့် ဆူပွက်အောင် တည်ကာ ထို့နောက် မီးအေးအေးဖြင့် နှပ်ထားလိုက်လေသည်။
ရေ စတင် ဆူပွက်လာသည်နှင့် တစ်ပြိုင်နက် လန်းဆန်းစေသည့် ချိုချဉ်မွှေးရနံ့တစ်ခု လေထဲသို့ ပျံ့လွင့်လာလေရာ မယုံနိုင်လောက်အောင် ဆွဲဆောင်မှု ရှိနေခဲ့သည်။ ငါးလှီးနေရင်း နီချွေ့ဟွာမှ မေးလိုက်လေသည်။
"ယန်ယန် သမီးပြောတဲ့ ပစ္စည်းကောင်းဆိုတာ ဒါလား"
နီယန်မှ ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်တယ် ဒါပဲ အမေ"
နီချွေ့ဟွာမှ ဆက်မေးလေသည်။
"ဒါက ဘာကြီးလဲ"
နီယန် ဒယ်အိုးပြား၏ အဖုံးကို ဖွင့်လိုက်ရာ အစောပိုင်း၌ ကြည်လင်နေသော ရေသည် ခရမ်းရောင်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
"မေမေ ဒါကို ဆီးသီးဖျော်ရည် လို့ ခေါ်တယ် အဆီဓာတ်ကို ဖယ်ရှားပေးတယ် ဘေလုံး ကို အားကောင်းစေပြီးတော့ ခံတွင်းမြိန်စေတယ်"
တကယ်တမ်းတွင် ဆီးသီးဖျော်ရည်၏ အာနိသင်များသည် ထိုထက်သာ မကပါချေ။ ဆီးသီးဖျော်ရည်သည် ချီဓာတ်အား ပြန့်ပွားစေကာ သွေးကြောပိတ်ဆို့မှုကိုလည်း ဖြေရှင်းပေးနိုင်လေသည်။ ရေငတ်ပြေစေရန် အတွက် တံတွေးထွက်စေသည်။ အဆုတ်စွမ်းအင်ကိုလည်း စုစည်းပေးသေးသည်။ စိုးရိမ်ပူပန်မှုကို သက်သာစေကာ စိတ်အား ငြိမ်သက်စေလေသည်။ ပုံမှန် သောက်သုံးပေးလျှင် ရောဂါဘယ ကင်းဝေးပြီး ခန္ဓာကိုယ်ကိုအား သန်မာစေသောကြောင့် ပူပြင်းလှသည့် နွေရာသီတွင် တန်ဖိုးရှိလှသည့် ကျန်းမာရေး အဖျော်ယမကာ တစ်မျိုး ဖြစ်လေသည်။
"ဒါကို သောက်လို့ ရလား"
နီချွေ့ဟွာမှ အနံ့ကောင်းနေသကဲ့သို့ ဖြစ်နေသည့် အတွက် ရှူရှိုက်ရင်း မေးလိုက်လေသည်။
"အင်း"
နီယန် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်လေသည်။ ဆီးသီးဖျော်ရည်အား မီးအေးအေးဖြင့် မိနစ် ၃၀ ခန့် တည်ထားပြီးနောက် နောက်ထပ် မိနစ် ၃၀ ခန့် နှပ်ထားလျှင် အရသာ ပို၍ ကောင်းပေသည်။
မီးပိတ်လိုက် ပြီးနောက် နီယန်သည် အိမ်နောက်ဖေးသို့ ပြန်သွားလိုက်ကာ နီချွေ့ဟွာ ဆေးကြောပြီးနောက် အချဉ်တည်အိုးထဲ ထည့်ထားသည့် ဟင်းရွက်စိမ်းများဖြင့် အချဉ်တည်လိုက်လေသည်။
အချဉ်တည်ခြင်းသည် အချိန်တော်တော်လေး ပေးရသဖြင့် နီယန်သည် ဟင်းသီးဟင်းရွက် အားလုံးကို အချဉ်တည်ရန် ညနေစောင်းအထိ အချိန်ပေး အလုပ်ရှုပ်နေခဲ့သည်။
ညနေစောင်း ရောက်လာချိန်တွင် ဆီးသီးဖျော်ရည် နှပ်ထားသည်မှာလည်း ပြီးသွားခဲ့ပြီ ဖြစ်သည်။ နီယန်သည် ပြီးသွားပြီဖြစ်သည့် ဆီးသီးဖျော်ရည်အား လွန်ခဲ့သော ရက်အနည်းငယ်မှ ဝယ်ထားသည့် ဖန်ပုလင်းများ အတွင်းသို့ ထည့်လိုက်ပြီးနောက် ခဏကြာ အေးသွားစေရန် ရေတွင်းထဲတွင် ချိတ်ဆွဲထားလိုက်လေသည်။ ညစာစားချိန်ရောက်လျှင် ချိုချဉ်အရသာရှိသည့် ဆီးသီးဖျော်ရည်အား သူတို့ သောက်သုံးနိုင်ကြတော့မည် ဖြစ်သည်။
နီယန်သည် ပြီးစီးသွားသည့် ဆီးသီးဖျော်ရည်အား အလွန် မျှော်လင့်နေမိလေသည်။ အိမ်အလုပ် အားလုံး ပြီးသွားသောအခါ နီယန်သည် နီချွေ့ဟွာအား ပြောကြားကာ ရေပုံးဆွဲလျှက် မြစ်ဆီသို့ လျှောက်သွားလိုက်တော့သည်။
သူမ မြစ်ထဲတွင် ငါးဖမ်းမြှုံးများ ချထားခဲ့သော်လည်း နှစ်ရက်လောက် မစစ်ဆေးရသေးသည့် အတွက် အခုဆိုလျှင် ငါး တော်တော်များများ မိနေလောက်ပြီ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် နီယန်သည် စိတ်အားထက်သန်လှသည့် ရွာသားအချို့နှင့် တွေ့ဆုံခဲ့လေသည်။
တစ်ယောက်အကြောင်း တစ်ယောက် သိလာရပြီးနောက် အစပိုင်းတွင် နီယန်အပေါ် အမြင်စောင်းလျှက် ပြဿနာရှာခဲ့သူများသည် စိတ်သဘောထား တော်တော်လေး ပြောင်းလဲလာကြပြီ ဖြစ်သည်။ ပထမအချက်မှာ ကလေးများ၏ ဝါဒဖြန့်မှုကြောင့် ဖြစ်လေသည်။ ဒုတိယအချက်မှာ နီယန်သည် မည်သူနှင့် တွေ့သည်ဖြစ်စေ အမြဲတမ်း ပြုံးပြလျှက် ကြင်နာစွာ နှုတ်ဆက်တတ်သောကြောင့် ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် လှပပြီး ယဉ်ကျေးလှသည့် မိန်းကလေး တစ်ယောက်အား မည်သူမှ မကြိုက်ဘဲ နေလိမ့်မည် မဟုတ်ချေ။
"ရပ်လိုက်!"
ထိုအချိန်တွင် လက်မောင်းတစ်ခု နီယန်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီးနောက် သူမ၏ လမ်းအား ပိတ်ဆို့လိုက်လေသည်။ နီယန် အနည်းငယ် မော့ကြည့်လိုက်ရာ သူမရှေ့တွင် ရပ်နေသူမှာ သူမ မတွေ့ရသည်မှာ ကြာပြီဖြစ်သည့် ဝမ်ရှို့ဟုန် ဖြစ်နေသည်အား တွေ့လိုက်ရလေသည်။
"ဘာကူညီပေးရမလဲ"
နီယန် မျက်ခုံးအနည်းငယ် ပင့်လိုက်လျှက် မေးလိုက်သည်။ ဝမ်ရှို့ဟုန်သည် နီယန်အား ကြည့်ကာ ရင်ဘတ်ပေါ် လက်ပိုက်လျက် အောင်မြင်သူ၏ အပြုံးဖြင့် ပြောလိုက်လေသည်။
"တစ်နယ်သား ငါနဲ့ လိုက်ခဲ့ရဲလား"
‘ဒီ ဝမ်ရှို့ဟုန် က ဘာဖြစ်နေတာလဲ’
‘သူမက ခွန်အားချင်းလည်း မယှဉ်နိုင် စကားနိုင်လည်း မပြောနိုင်ဘဲနဲ့ တစ်ခါခါ သူမရှေ့ လာလာပြီး ရှိနေကြောင်း ပြချင်နေတာပဲ’
နီယန်သည် အစပိုင်းတွင် သူမအား ဂရုမစိုက်ချင်သော်လည်း ဝမ်ရှို့ဟုန်မှ သူမနား တစ်ချိန်လုံး ဝဲနေလျှင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလိမ့်မည်ဟု တွေးမိသဖြင့် ဝမ်ရှို့ဟုန် မျက်နှာအား နောက်ထပ် မြင်စရာမလိုရန် အတွက် တစ်ခါတည်း အပြတ်ရှင်းမည့် နည်းလမ်းအား ရှာရတော့မည် ဖြစ်သည်။
"ရှေ့က သွားလေ"
နီယန်မှ တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ငါ့နောက်လိုက်ခဲ့"
ဝမ်ရှို့ဟုန်သည် အောင်နိုင်သူ အပြုံးဖြင့် လှည့်ထွက်သွားတော့သည်။ မူလတွင် နီယန် သူမနောက် လိမ်လိမ်မ္မာမ္မာ လိုက်လာစေရန် မည်သို့ ပြုလုပ်၍ ခေါ်ဆောင်ရမည်ကို သူမ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ ဤတစ်ကြိမ်တွင် နီယန်သည် အလွန်ပင် ပူးပေါင်းဆောင်ရွက်နေခြင်းပင် ဖြစ်သည်။ သူမသည် သေလမ်းရှာနေသကဲ့သို့ပင် ဖြစ်ပေသည်။
‘တကယ့် မိန်းမလည်ပဲ’
ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါ့ကိုမျး အဲဒီလို ဆက်ဆံရဲတယ် ဒီတစ်ခါတော့ ဘယ်သူက ဆရာလဲ ဆိုတာ ပြလိုက်မယ်’
ဝမ်ရှို့ဟုန်သည် နီယန်အား သစ်တောအုပ် တစ်ခုဆီသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားခဲ့သည်။
သစ်တောမှာ ကြီးမားလှကာ မိုးထိအောင် မြင့်မားသော သစ်ပင်ကြီးများသည် ပြင်းထန်လှသော နေရောင်ခြည်အား ကာဆီးထားသဖြင့် အတွင်းဘက်တွင် အရိပ်ရကာ အနည်းငယ် အေးစိမ့်နေခဲ့သည်။
ဟိုနားဒီနားတွင် လူသူကင်းမဲ့လျှက် ရှိသည့် သင်္ချိုင်းဂူတစ်ခုအားလည်း မြင်တွေ့ရတတ်ပြီး ပူပြင်းလှသည့် နွေရာသီတွင်ပင် ကျောချမ်းစရာ ကောင်းနေခဲ့လေသည်။
ဤခေတ်ကာလတွင် မဖြစ်မနေ မီးသင်္ဂြိုဟ်ရမည် ဆိုသော ဥပဒေ မရှိသေးချေ။ ထို့ကြောင့် လူများ သေဆုံးလျှင် ယေဘုယျအားဖြင့် တောင်ကုန်းများ သို့မဟုတ် သစ်တောများ ထဲ၌ မြှုပ်နှံလေ့ရှိကြလေသည်။
ရှေ့တွင် ရှိသည့် မလှမ်းမကမ်း သင်္ချိုင်း မြေစွန်းနား၌ ရိုင်းစိုင်းကာ ဆိုးသွမ်းဟန် ရသည့် လူငယ် ငါးယောက် ခြောက်ယောက် စုဝေးနေကြလေသည်။
ဝမ်ရှို့ဟုန်မှ နီယန် နှင့်အတူ လမ်းလျှောက်လာသည်အား မြင်သောအခါ တစ်ယောက်မှ ဆေးလိပ်အား အမြန်လွှင့်ပစ်လိုက်ပြီးနောက် ချက်ချင်း သတိကပ်လိုက်လေသည်
"သူတို့ လာနေပြီ သူတို့ လာနေပြီ"
ထိုစကားအား ကြားချိန်တွင် ကျန်ရှိနေသူများသည်လည်း ဝမ်ရှို့ဟုန်နှင့် နီယန်ဘက်သို့ အာရုံစိုက်လာခဲ့ကြကာ သူတို့၏ မျက်လုံးများတွင် ရန်လိုမှုများဖြင့် တောက်လောင်နေခဲ့လေသည်။