← Chapters

ထပ်မံဆုံတွေ့ခြင်း

Vol. 5 Ch. 73

ထပ်မံဆုံတွေ့ခြင်း

Vol. 5 Ch. 73

သူတို့ဆီ လျှောက်လာနေသည့် မိန်းကလေးငယ်အား သူတို့ စိုက်ကြည့်နေကြပြီးနောက် မျက်ဝန်းများထဲတွင် အံ့သြမှင်သက်မှုများ ပြည့်နှက်နေခဲ့တော့သည်။ ဝမ်ရှို့ဟုန်သည် တော်တော်လေး လှသည်ဟု သူတို့ အမြဲ ထင်ခဲ့ကြသည့်တိုင် ဤကောင်မလေးနှင့် ယှဉ်လိုက်လျှင် ဝမ်ရှို့ဟုန်သည် နှိုင်းယှဉ်စရာပင် မလိုတော့ချေ။ ထို့ကြောင့် ဝမ်ရှို့ဟုန်သည် သူမအပေါ် မနာလို ဝန်တို ဖြစ်နေရသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။

မိန်းမတစ်ယောက်၏ မနာလိုစိတ်သည် အမှန်တကယ်ကို ကြောက်စရာ ကောင်းလှပေသည်။

"အစ်ကိုလီ"

ထိုလူများအား မြင်လျှင် ဝမ်ရှို့ဟုန်မှ ပြုံးရွှင်လှသည့် မျက်နှာဖြင့် ရှေ့တိုးသွားပြီးနောက် အမျိုးသားတစ်ဦး၏ လက်မောင်းအား ဦးဆောင်၍ ချိတ်လိုက်လေသည်။

"ဘာလို့ ဒီလောက် နောက်ကျနေတာလဲ"

အစ်ကိုလီ ဟု ခေါ်သည့် အမျိုးသားမှ ငုံ့ပြီး ဝမ်ရှို့ဟုန်၏ ပါးအား နမ်းလိုက်လေသည်။

ဤခေတ်ကာလတွင် လူမြင်ကွင်း၌ အချစ်ပြခြင်းအား တင်းတင်းကျပ်ကျပ် တားမြစ်ထားကာ ဝမ်ရှို့ဟုန် နှင့် အစ်ကိုလီ တို့၏ ရင်းနှီးလှသည့် အပြုအမူများသည် မြင်သူတိုင်းမှ ညစ်ညမ်းသည့် ထို အပြုအမူအတွက် သေချာပေါက် တိုင်ကြားကြလိမ့်မည် ဖြစ်သည်။

သို့သော် ဤနေရာတွင် တောရွာ ဖြစ်နေသည့်အပြင် လူသူကင်းဝေးလှသည့် သစ်တောအုပ်လေး ဖြစ်နေသည့် အတွက် မည်သူကမှ ယခုလို အသေးအဖွဲ ကိစ္စအား ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ ဝမ်ရှို့ဟုန် မှ တခစ်ခစ် ရယ်လိုက်ပြီးနောက် နီယန်အား တစ်ချက်ကြည့်ကာ ချွဲနွဲ့စွာ ပြောလိုက်လေသည်။

"အစ်ကိုလီ ဒီမှာလေ ပြီးခဲ့တဲ့တစ်ခေါက်က သူ ကျွန်မကို အနိုင်ကျင့်ခဲ့တာ"

နီယန် မျက်ခုံး အနည်းငယ် ပင့်လိုက်မိသည်။

ဝမ်ရှို့ဟုန်မှ သူမအား ပုံမှန်ဆို ရှောင်နေကျ ဖြစ်ပါလျက်နှင့် ယခုအခါ အဘယ်ကြောင့်များ ရုတ်တရက် ဤမျှလောက် သတ္တိရှိလာရသနည်းဟု သူမ တွေးနေခဲ့ခြင်း ဖြစ်သည်။ ထင်ရှားသည်မှာ ဝမ်ရှို့ဟုန်သည် သူမအတွက် အကာအကွယ် ပေးမယ့်သူအား ရှာတွေ့ထားခြင်း ပင် ဖြစ်ပေလိမ့်မည်။

"မင်းက နီယန် မဟုတ်လား"

အစ်ကိုလီမှ ဆေးလိပ် မီးညှိလိုက်ရင်းဖြင့် ယုတ်မာလှသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ နီယန်မှ ညင်သာစွာ ခေါင်းညိတ် လိုက်ပြီးနောက် တိုးတိုးလေး ပြန်ဖြေသည်။

"ဟုတ်တယ် ငါပဲ"

သူမ၏ အမူအရာသည် သက်သောင့်သက်သာ ဖြစ်နေခဲ့ကာ အပြုံးရိပ်လေး တစ်ခုပင် ပါနေသေးလေသည်။ သူမ၏ မျက်ဝန်းထဲတွင် ထိန်းချုပ်မရသည့် အရိပ်အယောင်တစ်ခုနှင့် လွှမ်းမိုးထားသည့် အေးစက်ကာ ကျက်သရေ ရှိနေခြင်းများသည် ဤလူများအား ခြိမ်းခြောက်မှု တစ်ခုအဖြစ် သူမ မသတ်မှတ်ကြောင်း ရှင်းလင်းစွာ ပြသနေခဲ့လေသည်။

ဝမ်ရှို့ဟုန်သည် အစ်ကိုလီ၏ ရင်ခွင်ထဲတွင် သက်သောင့်သက်သာ မှီရင်းဖြင့် အောင်နိုင်သူ၏ အပြုံးဖြင့် မျက်နှာ မှာ ဝင်းပနေခဲ့သည်။

"အစ်ကိုလီ ပြီးခဲ့တဲ့တစ်ခါ သူ ကျွန်မကို အရမ်း အနိုင်ကျင့်ခဲ့တာ ဒီတစ်ခါတော့ အစ်ကို ကျွန်မအတွက် တရားမျှတမှု ရအောင် ကူညီပေးရမယ်နော်"

ထိုသို့ ပြောပြီးသည်နှင့် ဝမ်ရှို့ဟုန်သည် ယုတ်မာလှသည့် အရောင်များ တောက်လောင်နေသည့် မျက်လုံးများဖြင့် နီယန်အား စိုက်ကြည့်လိုက်တော့သည်။

သစ်တောအုပ်လေး၏ ဘေးပတ်လည်တွင် လယ်ကွင်းများ ဝန်းရံထားကာ ပြင်ပလူ လာရောက် လည်ပတ်ခဲလေသည်။ ဤနေ့ ဤနေရာတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့လျှင်ပင် နီယန်သည် အကူအညီတောင်းရန် မည်သူမှ ရှိလိမ့်မည် မဟုတ်ချေ။

ဝမ်ရှို့ဟုန်၏ စကားအား ကြားလိုက်ရချိန်တွင် နီယန်မှ ပြုံးလိုက်မိတော့သည်။

"ကိုယ့်ခန္ဓာကိုယ်ကို သုံးပြီး ငါ့ကို လက်စားချေဖို့ ကြိုးစားတာလား ဝမ်ရှို့ဟုန် နင့် စွမ်းဆောင်နိုင်ရည်က ဒါအကုန်ပဲလား"

"နင်"

ဝမ်ရှို့ဟုန်သည် သွားများအား တင်းတင်းကြိတ်လိုက်ပြီးနောက် လက်သီးများကို အကြိမ်ကြိမ် ဆုပ်လိုက်ဖြန့်လိုက် လုပ်နေမိတော့သည်။ ထို့နောက် မျက်နှာပေါ်မှ ဒေါသများ ပျောက်ကွယ်သွားကာ ဟန်ဆောင် ရှက်ရွံ့မှုဖြင့် အစားထိုးလိုက်လေသည်။ သူမသည် အစ်ကိုလီ ဆိုသူအား မော့ကြည့်ပြီးနောက် ညည်းတွားလိုက်တော့သည်။

"အစ်ကိုလီ ကြည့်ပါဦး အစ်ကို့ ရှေ့မှာတောင် သူက ဒီလောက် ရဲရဲတင်းတင်း လုပ်ရဲသေးတယ်နော်"

အစ်ကိုလီမှ သူ၏ လက်ပါးစေများအား တစ်ချက် ကြည့်လိုက်ရာတွင် သူတို့သည် ချက်ချင်း သဘောပေါက်သွားခဲ့ကာ နီယန်အား ဝိုင်းရန် လျင်မြန်စွာ ရှေ့တိုးလာကြတော့သည်။

အမျိုးသား ၅ ယောက်သည် သူတို့ကြားတွင် တစ်ယောက်တည်း ဖြစ်နေသော သေးသေးသွယ်သွယ် နီယန်အား ဝိုင်းထားလိုက်လေရာ ကူကယ်ရာမဲ့နေသည့် အခြေအနေမျိုးအား ဖန်တီးလိုက်ကြလေသည်။

ဝမ်ရှို့ဟုန်သည် နီယန်အား ကြည့်နေရင်းဖြင့် ကျေနပ်အားရမှုဖြင့် မျက်လုံးများသည် အရောင် တောက်ပနေလျှက် ရှိသည်။

‘ဒီလူ ၅ ယောက် ရှိနေမှတော့ နီယန် မသေရင်တောင် စုတ်ပြတ်သတ်သွားမှာပဲ’

‘ဒီနေ့ ပြီးရင် နီယန် ကျင်းဟွာကျေးရွာမှာ ဆက်နေဖို့ မျက်နှာ ရှိတော့မှာ မဟုတ်ဘူး’

‘နီယန် အဲ့ကောင်မက ကိုယ့်ကိုယ်ကိုယ် သိပ်မြင့်မြတ်လှပြီလို့ ထင်နေတာလား’

‘ဒီနေ့ ဝမ်ရှို့ဟုန် ဆိုတဲ့ ငါက အဲဒီ မာနတွေကို ခြေဖဝါးအောက်မှာ နင်းချေပစ်ပြီး နီယန်ဆိုတဲ့ မိန်းမပျက်မကို ငါ ခံစားခဲ့ရတဲ့ အရှက်ကွဲမှုတွေကို မြည်းစမ်းစေဖို့ စီစဉ်ထားတယ်’

ထိုသို့သော အတွေးများသည် ဝမ်ရှို့ဟုန်အား အလွန်ပင် ကျေနပ်စေခဲ့ကာ မဲ့ပြုံး ပြုံးလိုက်မိတော့သည်။

"ညီမလေး မင်းက တော်တော် ဆွဲဆောင်မှု ရှိတာပဲ"

လက်ပါးစေ တစ်ယောက်မှ သူ၏ လက်ကြမ်းကြီးဖြင့် နီယန်၏ မေးစေ့အား ကိုင်ရန် လက်လှမ်းလိုက်ရင်း ညစ်ညမ်းစွာ ပြုံးလိုက်လေသည်။

နီယန်သည် လူ ၅ ယောက်၏ အလယ်တွင် ရပ်နေလျှက် ရှိကာ သစ်ရွက်များကြားမှ နေရောင်ခြည် တစ်ခုသည် သူမ၏ အသားအရေပေါ်သို့ ကျရောက်နေလေရာ သူမအား ပိုမို အေးစက်စွာဖြင့် အလှပိုစေတော့သည်။

အရမ်း လှပတယ် ဒါပေမယ့် ရေခဲတမျှ အေးစက်မှုတွေနဲ့ ထိတွေ့နေတယ်...

နီယန်အား ကြည့်ရင်းဖြင့် ဝမ်ရှို့ဟုန် နှာခေါင်းရှုံ့လိုက်မိသည်။

‘နီယန်က ဒီလိုအချိန်မှာ ဒီလောက် မာနကြီးသလို လုပ်ပြနေတာ ဘာသဘောလဲ စောင့်ကြည့်လိုက်စိမ်းပါ သူ ဒီလိုပုံစံကို ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ပါဘူး’

လက်ပါးစေ၏ လက်သည် နီယန်အား ထိတော့မည့်ဆဲဆဲတွင် သူမသည် လှမ်း၍ နီးကပ်လာသည့် ထိုသူ၏ လက်ကောက်ဝတ်အား ဖမ်းဆွဲလိုက်လေတော့သည်။

ရုတ်တရက် "ဂျွတ်" ဟူသော အရိုးကျိုးသံ လေထဲတွင် ပျံ့လွင့်သွားပြီးနောက် နာကျင်စွာ အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။ တလွဲဆံပင်ကောင်းနေသည့် ထို လူမိုက်သည် ယခုအခါ ကျိုးသွားသည့် လက်အား ကိုင်ထားရင်းဖြင့် မျက်နှာ ရှုံ့မဲ့လျှက် မြေကြီးပေါ်တွင် ကွေးနေခဲ့လေပြီ။

နီယန် မည်မျှ အားသုံးလိုက်သည် ဆိုသည်မှာ မည်သူမှ မသိကြချေ။ သို့သော် ထိုသူ၏ လက်သည် အခုချိန်တွင် အသုံးမဝင်တော့ချေ။

ကျန်ရှိနေသည့် လူမိုက်များသည် ထိုမြင်ကွင်းအား ကြည့်လျှက် ထိတ်လန့်တကြား ခြေလှမ်းတစ်လှမ်း နောက်ဆုတ်သွားကြတော့သည်။ သို့သော် သူတို့သည် ချက်ချင်း သတိပြန်ဝင်လာကြကာ တစ်ယောက်ကို တစ်ယောက် ကြည့်လျှက် နီယန်ဆီသို့ ပြေးဝင် သွားကြကုန်တော့သည်။ ဤတစ်ကြိမ်တွင်မူ အမှန်တကယ် တိုက်ခိုက်ရန် ရည်ရွယ်ထားပုံ ရလေသည်။

ဝမ်ရှို့ဟုန်သည် မျက်လုံးပြူးလျှက် ထိတ်လန့်စွာ ကြည့်နေမိကာ နှလုံးခုန်သံများ လည်ချောင်းဝအထိ ရောက်နေခဲ့လေတော့သည်။ နီယန်မှ တိုက်ခိုက်ရာတွင် မည်မျှပင် တော်နေသည် ဖြစ်စေ ယောက်ျား ၄ ယောက်အား တစ်ပြိုင်နက် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ ယခု ဖြစ်သွားသည်မှာ မတော်တဆ တိုက်ဆိုင်သွားခြင်းသာ ဖြစ်ပေမည်။

All Chapters