အခန်း (၅၈၁-၅၈၂)
Vol. 59 Ch. 581-582
အခန်း ၅၈၁ - ဓားတစ်လက်တည်းနှင့် မလုံလောက်သောလောက
"အမြဲတမ်း သတ်ဖို့ဖြတ်ဖို့ပဲ ပြောမနေစမ်းနဲ့ ဒီလောကကြီးမှာ ဓားတစ်လက်တည်းနဲ့တင် မလုံလောက်ဘူးကွ"
"တကယ်လို့ ဓားက အရာရာကို ဖြေရှင်းနိုင်မယ်ဆိုရင် ဒီကိစ္စကို မင်းကို မခိုင်းဘဲ ငါ့လက်ထဲ ဘာလို့ အပ်ထားပါ့မလဲ"
ဟု ဝတ်စုံဖြူနှင့်လူငယ် ချင်နယဲ့က ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်သည်။
သူ၏နောက်တွင် ဒူးထောက်နေသော ဝတ်စုံနက်ဝတ်ကျင့်ကြံသူ၏ မျက်နှာမှာ တစ်ခဏအတွင်း ညိုမှောင်သွားသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက တိုးတိုးလေး မေးလိုက်သည်။
"သခင်လေးချင် သခင်လေးရဲ့ အမြင်က ဘယ်လိုရှိလဲ တကယ်လို့ အဲဒီလူက နေမင်းသီး ကို တကယ်ရှာတွေ့သွားရင် သခင်လေး အရင်က ပြင်ဆင်ထားတဲ့ အစီအစဉ်တွေ အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူးလား"
"ငါ မင်းကို တစ်ခု မေးမယ် ချူလန်က ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းကို တစ်ခုခု ဖုံးကွယ်ထားတာ ရှိလား"
ချင်နယဲ့က တွေးတောဟန်ဖြင့် မေးလိုက်သည်။
ဝတ်စုံနက်ဝတ်ကျင့်ကြံသူက ခေတ္တစဉ်းစားပြီး ခေါင်းခါလိုက်သည်။
"ဘာမှ ဖုံးကွယ်ထားတာ မရှိပါဘူး"
"ဒါဆိုရင် ရှင်းနေတာပဲ နေမင်းသီးဆိုတာ အရမ်းအရေးကြီးတဲ့ အရာလေ သူမအနေနဲ့ ဒါကို လျှို့ဝှက်ထားပြီး ရှာတွေ့မှသာ ထုတ်ပြောရမှာ"
ချင်နယဲ့က အထင်သေးသော အပြုံးဖြင့် ဆိုသည်။
"သူမက ဘာလို့ မင်းကိုတောင် မဖုံးကွယ်ဘဲ ပြောပြရတာလဲ သတင်းပေါက်ကြားသွားပြီး ရှုပ်ထွေးကုန်မှာကို သူမ မကြောက်ဘူးလား နေမင်းသီးကို ငါတို့ ချင်မျိုးနွယ်စုရဲ့ ဘိုးဘေးတွေတင်မကဘူး တစ်လောကလုံးက ကျင့်ကြံသူတွေက မလိုချင်ကြဘူးလို့ မင်းထင်လို့လား"
ဝတ်စုံနက်ဝတ်ကျင့်ကြံသူမှာ ချင်နယဲ့ ဆိုလိုသည့် အရိပ်အမြွက်ကို ရိပ်မိသွားသလိုရှိသော်လည်း သေချာမသိသေးသဖြင့်
"ဒါဆိုရင် သခင်လေး ဆိုလိုတာက..."
"ဒီနေ့ပြီးရင် ချင်စံအိမ်တော်တစ်ခုလုံးက သခင်မကြီးမှာ နေမင်းသီးအတွက် သဲလွန်စရှိနေပြီဆိုတာ သိသွားကြလိမ့်မယ် အကျိုးဆက်အနေနဲ့ ချင်ဖုန်း ကို ပေးမယ့် ပြစ်ဒဏ်က ကြန့်ကြာသွားလိမ့်မယ်"
ချင်နယဲ့က ပြုံးလျက် ဆိုသည်။
"သခင်မကြီးက ချင်ဖုန်းအတွက် ဒီလောက်အထိ အားထုတ်တာ တကယ်ကို ချီးကျူးစရာပဲ"
"ဪ သခင်လေး ဆိုလိုတာက ဒါတွေအားလုံးက ချင်ဖုန်းရဲ့ ပြစ်ဒဏ်ကို အချိန်ဆွဲဖို့ သခင်မကြီးက ဇာတ်လမ်းဆင်နေတာပေါ့ ဟုတ်လား"
"ငါ တာအိုတစ်ထောင်ဂိုဏ်း ကို ရောက်ဖူးတယ် အဲဒီမှာ ဘာမှမကျန်တော့ဘူး အဲဒီလိုနေရာမျိုးကနေ နေမင်းသီးရှိတဲ့နေရာကို ဘယ်လိုလုပ် သိနိုင်မှာလဲ ဒါက လုံးဝ ယုတ္တိမရှိဘူး"
"သခင်မကြီးက လူတွေယုံအောင် တာအိုတစ်ထောင်ဂိုဏ်းရဲ့ နာမည်ကို အသုံးချလိုက်တာပဲ အဲဒီ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအတွက်တော့ စိုးရိမ်စရာမလိုဘူး သူ့ကို စောင့်ကြည့်ရုံပဲ ထားလိုက်ပါ"
"နောက်တစ်ပတ်ဆိုရင် ချင်မျိုးနွယ်နဲ့ လန်ယာမျိုးနွယ် ကြားက စစ်ပွဲက စတော့မှာ၊ ဘယ်သူမှ တားလို့မရတော့ဘူး"
ချင်နယဲ့၏ မျက်ဝန်းထဲတွင် နက်နဲသော အငွေ့အသက်များ ပေါ်လာသည်။
ချင်နယဲ့က ချူလန်၏ လုပ်ရပ်မှာ ဟန်ဆောင်မှုသက်သက်ဟု ထင်မှတ်နေသည်ကို သိလိုက်ရချိန်တွင် ဖန့်ချန်သည် သူ၏ ဝိညာဉ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ချင်နယဲ့မှာ အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်မှာသာ ရှိသေးသဖြင့် ဖန့်ချန်အနေနှင့် အချိန်မရွေး သတ်နိုင်သော်လည်း သူ၏ ရည်ရွယ်ချက်မှာ ချင်နယဲ့မှတစ်ဆင့် ဝိညာဉ်သွေးဂိုဏ်း၏ အမြစ်ကို ဆွဲထုတ်ရန်ဖြစ်သည်။
ဖန့်ချန်၏ ဝိညာဉ်အာရုံ ခန္ဓာကိုယ်ထဲ ပြန်ရောက်လာပြီးနောက် အပြင်မှ အစေခံမလေး၏ အသံကို ကြားလိုက်ရသည်။
"သခင်လေးဖန့် ရှိပါသလားရှင် သခင်မကြီးက ခေါ်ခိုင်းလိုက်လို့ပါ"
ဖန့်ချန်က ဘေးခန်းရှိ လီတောက်ယဲ့ကို လှည့်ကြည့်ကာ
"လီတောက်ယဲ့ မှတ်ထားဦး ငါတို့ ဒီနေ့မှ စတွေ့တာနော် ဘာမှ မလွတ်စေနဲ့"
ဟု သတိပေးပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။
သူသည် အစေခံမလေး၏နောက်မှ လိုက်ပါကာ ချူလန်၏ အဆောင်သို့ ရောက်သွားသည်။
ချူလန်က အစေခံမလေးကို အပြင်ထွက်ခိုင်းလိုက်ပြီး ဖန့်ချန်ကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"မင်းခိုင်းသမျှ ငါ အကုန်လုပ်ပြီးပြီ ငါ မင်းကို ခေါ်လာတာက ဖုန်းအာအတွက် အချိန်ဆွဲဖို့ ဇာတ်လမ်းဆင်နေတာလို့ သူတို့ တကယ်ယုံကြပါ့မလား"
"ပုံမှန်ဆိုရင်တော့ သူတို့ ယုံကြမှာပါ တကယ်လို့ မယုံရင်တောင် ကျွန်တော့်ကို အရေးမပါတဲ့သူတစ်ယောက်လိုပဲ သတ်မှတ်ထားကြမှာပါ"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ချူလန်က ခေတ္တတိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။
"ဘာလို့ ဒီလိုနည်းလမ်းကို သုံးရတာလဲ မင်း လျှို့ဝှက်လာရင်လည်း ရတာပဲလေ ငါ မှားတွက်ခဲ့ရင် ဝိညာဉ်သွေးဂိုဏ်းက မင်းကို သေချာပေါက် လိုက်သတ်လိမ့်မယ် အဲဒါက မင်းအတွက် အရမ်းအန္တရာယ်များတယ်"
သူမက ခေတ္တရပ်ကာ အံ့အားသင့်စွာဖြင့်
"ဒါမှမဟုတ် မင်းက ဝိညာဉ်သွေးဂိုဏ်းသားတွေကို အပြင်ထွက်လာအောင် မင်းကိုယ်မင်း ငါးစာ အဖြစ် အသုံးချနေတာလား မင်းနဲ့ ဝိညာဉ်သွေးဂိုဏ်းကြားမှာ ဘာရန်ငြိုးတွေ ရှိနေလို့လဲ"
"ကျွန်တော်နဲ့ သူတို့ကြားက ရန်ငြိုးက တော်တော်ရှုပ်ထွေးတယ် အဲဒါကို ထပ်မမေးတာက ပိုကောင်းပါလိမ့်မယ် သခင်မကြီးနဲ့ ကျွန်တော်ဟာ ရည်မှန်းချက်တူနေတယ်ဆိုတာ သိထားရင် လုံလောက်ပါပြီ"
သူတို့ စကားပြောနေစဉ် အပြင်မှ အစေခံမလေး၏ အော်ဟစ်သံ ကြားလိုက်ရသည်။
"သခင်လေး ချင်နယဲ့"
ချူလန်၏ မျက်နှာ အရိပ်အယောင် ပြောင်းလဲသွားသည်။
"ချင်နယဲ့ ရောက်လာပြီ"
သူမက ဖန့်ချန်ကို ကြည့်လိုက်ရာ ဖန့်ချန်မှာ ဘာမှမဖြစ်သလို တည်ငြိမ်နေသည်ကို တွေ့ရသဖြင့် သူမ၏ ယုံကြည်မှုမှာ ပို၍ တိုးလာသည်။
ခဏအကြာတွင် ချင်နယဲ့ ဝင်လာပြီး ချူလန်ကို ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်သည်။
"နှုတ်ခွန်ဆက်သပါတယ် သခင်မကြီး"
"နယဲ့အာ အားမနာပါနဲ့"
ချူလန်က ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် ဆိုသည်။
ချင်နယဲ့က ပြုံးလိုက်သည်။
"သခင်မကြီး တာအိုတစ်ထောင်ဂိုဏ်းကို သွားပြီး နေမင်းသီးရှိတဲ့နေရာကို သိတဲ့ ကျင့်ကြံသူတစ်ယောက်ကို တွေ့ခဲ့တယ်လို့ ကြားပါတယ်"
"သူက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက် တစ်ရာ တောင်းတယ်ဆိုတာလည်း သိရပါတယ် ဒါကြောင့် ဒါကို သခင်မကြီးအတွက် ယူလာပေးတာပါ"
ချင်နယဲ့က သူ၏ သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက် တစ်ရာကို ထုတ်ကာ ချူလန်အား ပေးလိုက်သည်။
"ဖုန်းအာက ဒီတစ်ခါ တော်တော်အမှားကြီး လုပ်ခဲ့တာပါ ဘိုးဘေးတွေရှေ့မှာ ကျွန်တော်တောင် ကာကွယ်ပေးဖို့ ခက်နေတယ်"
"တကယ်လို့ သူ့အမှားကို ပြင်ဆင်နိုင်မယ့် အခွင့်အရေးရှိရင် ဝိညာဉ်ကျောက် တစ်ရာဆိုတာ ဘာမှမဟုတ်ပါဘူး ကျေးဇူးပြုပြီး လက်ခံပေးပါ"
ချူလန်က တွန့်ဆုတ်နေဟန်ဖြင့်
"ဒါက မင်းအမေသာ သိရင် ငါ့ကို အပြစ်တင်လိမ့်မယ်"
"ကျွန်တော့်အမေက နားလည်တတ်တဲ့သူပါ အပြစ်မတင်ပါဘူး"
ချင်နယဲ့က အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
ချူလန်က ဝိညာဉ်ကျောက်တွေကို လက်ခံလိုက်ပြီး ဖန့်ချန်ဘက်သို့ လှည့်လိုက်သည်။
"တာအို ဖန့် အခု နေမင်းသီးရှိတဲ့နေရာကို ပြောပြလို့ ရပြီလား"
ဖန့်ချန်က ဝိညာဉ်ကျောက်တွေကို သိမ်းလိုက်ပြီး ပြုံးလိုက်သည်။
"သခင်မကြီး အခုက အချိန်မကျသေးဘူး ကျွန်တော့်ကို အချိန်လေး နည်းနည်း ထပ်ပေးပါဦး"
"ဘယ်လောက်ကြာမှာလဲ"
ချူလန်က မျက်မှောင်ကြုတ်ကာ မေးသည်။
"အမြန်ဆုံးဆိုရင် သုံးရက်ကနေ ငါးရက်၊ အကြာဆုံးဆိုရင် တစ်ပတ်ပေါ့ စိတ်ချပါ ကျွန်တော် ဒါကို သေသေချာချာ ကိုင်တွယ်ပေးပါ့မယ်"
ချင်နယဲ့၏ မျက်ဝန်းထဲတွင် လှောင်ပြောင်ရိပ်အချို့ ဖြတ်ပြေးသွားသော်လည်း သူက ယဉ်ကျေးစွာပင် နှုတ်ဆက်ကာ ထွက်သွားတော့သည်။
သူ ထွက်သွားပြီးနောက် ချူလန်က သက်ပြင်းချလိုက်သည်။
"သူ တကယ်ပဲ ငါတို့နှစ်ယောက်ကို လာစမ်းတာပဲ"
"သခင်မကြီး ကျွန်တော် ခဏနေရင် ပြန်လာခဲ့မယ်"
ဖန့်ချန်က ပြုံးလျက် အပြင်သို့ ထွက်သွားသည်။
နာရီဝက်ခန့်အကြာတွင် ဖန့်ချန် ပြန်ရောက်လာပြီး ချူလန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"သခင်မကြီး နေမင်းသီးရှိတဲ့နေရာကို ကျွန်တော် သိပြီ အဲဒါက တခြားနေရာမှာ မဟုတ်ဘူး ချင်စံအိမ်တော်ထဲမှာပဲ ရှိနေတာ"
"ဘာ"
ချူလန်က ဒေါသတကြီး အော်လိုက်သည်။
"ချင်စံအိမ်မှာ နေမင်းသီး တစ်လုံးပဲ ရှိတာ အဲဒါကို ဖုန်းအာက လန်ယာယွီ ကို ပေးလိုက်ပြီလေ မင်းက...."
"အဲဒါက အမှန်တရားပဲ နေမင်းသီးက လန်ယာယွီ ဆီကို လုံးဝ မရောက်သွားသေးဘူး အခု အဲဒီအသီးက ချင်နယဲ့ ရဲ့ လက်ထဲမှာ ရှိနေတာ"
ဖန့်ချန်၏ စကားကြောင့် ချူလန်မှာ မှင်တက်သွားတော့သည်။
အခန်း ၅၈၂ - ချင်ဖုန်း မင်းကရော ထိုက်တန်ရဲ့လား
ချူလန်သည် သူမ၏သား ချင်ဖုန်း၏ ပြဿနာနောက်ကွယ်တွင် ထိုမျှလောက်အထိ ရှုပ်ထွေးလှသော ပတ်သက်မှုများ ရှိနေလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့မိပေ။
သူမသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
"အဲဒီကိစ္စဖြစ်ပြီးကတည်းက ဖုန်းအာက ငါ့ကို တစ်ခွန်းမှ မပြောတော့ဘူး ဘယ်သူပဲ သွားကြည့်ကြည့် သူက ဘာမှပြန်မပြောဘဲ လူသေကောင်တစ်ယောက်လို ငြိမ်နေတာ ဘိုးဘေးကိုယ်တိုင် မေးတာတောင် သူက ဆွံ့အနားမကြားသူလို လုပ်နေခဲ့တာပဲ"
သူမက ဖန့်ချန်ကို ကြည့်လိုက်သည်။
"တကယ်လို့ နေမင်းသီး က ချင်နယဲ့ဆီမှာ ရှိနေတာဆိုရင် ငါ လူလွှတ်ပြီး ပြန်တောင်းခိုင်းလိုက်မယ် ဒါဆိုရင် အရာရာ ပြေလည်သွားမှာပဲ"
"သခင်မကြီး ဒီကိစ္စကို ကျွန်တော့်လက်ထဲမှာပဲ ထားလိုက်တာက ပိုကောင်းပါလိမ့်မယ် အချိန်ကျလာရင် နေမင်းသီးကို ကျွန်တော်ကိုယ်တိုင် သွားယူပါ့မယ်"
ဟု ဖန့်ချန်က အကြံပြုလိုက်သည်။
"မင်းလက်ထဲ ထားမယ် ဟုတ်လား မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်မှာပဲ ရှိသေးတာ ချင်နယဲ့ရဲ့ ကျင့်စဉ်က မင်းထက် အများကြီး သာပါတယ် သူ့ဆီကနေ မင်း ဘယ်လိုလုပ်ပြီး နေမင်းသီးကို ပြန်ယူနိုင်မှာလဲ"
ချူလန်က လက်မခံနိုင်သလို ခေါင်းခါသည်။
"ငါ ဟယ်ပိုင်ယန်ကိုပဲ ဒီကိစ္စကို ကိုင်တွယ်ခိုင်းလိုက်မယ်"
ဖန့်ချန် သတိထားမိသည်မှာ ချူလန်သည် ချင်ဖုန်းကို ပြစ်ဒဏ်မှ လွတ်မြောက်စေရန်သာ အာရုံစိုက်နေပြီး သူမ၏ လုပ်ရပ်များက ဝိညာဉ်သွေးဂိုဏ်း ကို သတိပေးသလို ဖြစ်သွားနိုင်သည်ကို ထည့်မတွက်ထားခြင်းပင်။
သူမသည် ဝိညာဉ်သွေးဂိုဏ်းကိုပင် ဂရုမစိုက်သလို ဖြစ်နေသည်။
"သခင်မကြီး ခင်ဗျားက ဝိညာဉ်သွေးဂိုဏ်းနဲ့ ရန်သူမဖြစ်ချင်ဘူးဆိုတာ ကျုပ် နားလည်ပါတယ် ဒါပေမဲ့ ဒီကိစ္စကြောင့် ခင်ဗျားက သူတို့နဲ့ ပတ်သက်မိသွားပြီ ခင်ဗျားတို့ဘက်က မလိုချင်လည်း သူတို့က ခင်ဗျားနဲ့ ချင်ဖုန်းကို လွှတ်ပေးမှာ မဟုတ်ဘူး"
"တကယ်လို့ ခင်ဗျားဘက်က သူတို့ကို သွားပြီး သတိပေးသလို ဖြစ်သွားရင် ကျုပ် ကတော့ ဒီအတိုင်း လှည့်ထွက်သွားရုံပဲ"
"ချင်မျိုးနွယ်စုနဲ့ လန်ယာမျိုးနွယ်စု ဘာဖြစ်ဖြစ် ကျုပ်နဲ့ မဆိုင်ဘူး ဒါပေမဲ့ ချင်ဖုန်းကတော့ အန္တရာယ်ကနေ လွတ်မှာ မဟုတ်ဘူး"
"ဝိညာဉ်သွေးဂိုဏ်းသာ ဒေါသထွက်သွားရင် ခင်ဗျားတို့ သားအမိဟာ နောင်တစ်ချိန်မှာ သူတို့ရဲ့ လျှို့ဝှက်တိုက်ခိုက်မှုတွေကို အမြဲတမ်း စိုးရိမ်နေရလိမ့်မယ်"
ဖန့်ချန်က စကားကို ခေတ္တရပ်လိုက်သည်။
"တကယ်လို့ ကျုပ် က ဒီကိစ္စကို ကိုင်တွယ်မယ်ဆိုရင်တော့ ဝိညာဉ်သွေးဂိုဏ်းက သိသွားရင်တောင် ကျုပ် ကိုပဲ ရန်ငြိုးထားလိမ့်မယ်ခင်ဗျားတို့ သားအမိဆီကို ရန်ငြိုးတွေ ရောက်လာမှာ မဟုတ်ဘူး"
ချူလန်သည် စိတ်လှုပ်ရှားစွာဖြင့် ဝေခွဲမရဖြစ်နေသည်။
သူမသည် ၁၅ မိနစ်ခန့်အထိ တိတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာ စကားပြောလာသည်။
"နောက် ၁၅ ရက်နေရင် ဘိုးဘေးက မျိုးနွယ်စုကောင်စီကို ခေါ်ယူပြီး ဖုန်းအာကို လူသိရှင်ကြား အပြစ်ပေးတော့မယ် အဲဒီအချိန်မတိုင်ခင် မင်း တစ်ခုခု လုပ်ရမယ်"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ သခင်မကြီး"
ချူလန်သည် ဖန့်ချန်ကို အဆောင်အပြင်အထိ လိုက်ပို့ပေးသည်။
သို့သော် တံခါးဝသို့ ရောက်သည့်အခါ မျက်လုံးများ နီမြန်းနေသော လူငယ်တစ်ဦးနှင့် ထိပ်တိုက်တိုးတော့သည်။
ထိုလူငယ်မှာ ရက်ပေါင်းများစွာ အိပ်မပျော်ထားသကဲ့သို့ မျက်လုံးများ သွေးတိုးနေပြီး ဖန့်ချန်ကို ဝါးစားမတတ် စိုက်ကြည့်နေသည်။
"ဖုန်းအာ"
ချူလန် အံ့သြသွားသည်။
သူမ၏သားသည် ရက်ပေါင်းများစွာ အခန်းထဲတွင် အောင်းနေခဲ့ရာမှ ယခုပထမဆုံးအကြိမ် အပြင်သို့ ထွက်လာခြင်းပင်။
"အမေ..."
ချင်ဖုန်း၏ အသံမှာ အက်ကွဲနေသည်။
ချူလန်သည် သူမ၏သားက သူမကို ခေါ်လိုက်သဖြင့် ဝမ်းသာအားရ ဖြစ်သွားသော်လည်း စိတ်ကို ထိန်းကာ တိုးတိုးလေး ဆိုလိုက်သည်။
"ဖုန်းအာ မကြောက်နဲ့နော် အမေ မင်းကို ပြစ်ဒဏ်က လွတ်အောင် လုပ်ပေးမယ့် နည်းလမ်း ရှာထားပြီးပြီ"
"အမေ ဒီကိစ္စမှာ ကျွန်တော် မှားခဲ့တာပါ ကျွန်တော် မှားရင် ကျွန်တော် ပြစ်ဒဏ်ခံရပါ့မယ် ကျွန်တော့်အတွက်နဲ့ အမေ စိတ်မပင်ပန်းပါနဲ့တော့"
ဟု ချင်ဖုန်းက လေသံနှိမ့်နှိမ့်ဖြင့် ဆိုသည်။
ထို့နောက် သူက ဖန့်ချန်ဘက်သို့ လှည့်ကာ လူသတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"အခုချက်ချင်း ချင်စံအိမ်ကနေ ထွက်သွားစမ်း မင်း ငါ့အမေကို အသုံးချနေတဲ့ ကိစ္စကို ငါ ထပ်ပြီး အရေးယူမှာ မဟုတ်ဘူး"
"ဒါပေမဲ့ မင်း မထွက်သွားဘူးဆိုရင်တော့ ငါက အကျဉ်းသား ဖြစ်နေရင်တောင် မင်းကို အပိုင်းပိုင်းဖြစ်အောင် ငါ လုပ်ပစ်မယ်"
ချူလန်က ကြားဖြတ်ပြောလိုက်သည်။
"ဖုန်းအာ မင်းထင်သလို မဟုတ်ပါဘူး အမေ့ကို ယုံပါ အမေက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ဒီလို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ လှည့်စားမှုကို ဘယ်လိုလုပ် ခံရပါ့မလဲ"
ဖန့်ချန်သည် သူ၏ မီးခိုးရောင် မျက်ဝန်းများဖြင့် ချင်ဖုန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ချင်ဖုန်း မင်းကရော မင်းအမေ ကို တကယ် ဂရုစိုက်ရဲ့လား"
ချင်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ငါ့ကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ"
"သခင်မကြီးက မင်းအတွက် မျှော်လင့်ချက် မကုန်သေးဘူး ဒါပေမဲ့ မင်းကတော့ တစ်လောကလုံးက မင်းကို အကြွေးတင်နေသလိုမျိုး မင်းပဲ ဒုက္ခရောက်နေသလိုမျိုး ဘာလို့ ဟန်ဆောင်နေရတာလဲ ငါ မင်းကို တစ်ခု မေးမယ်. ချင်ဖုန်း မင်းကရော အမေဖြစ်သူရဲ့ ဒီလို ဂရုစိုက်မှုမျိုးကို ရဖို့ ထိုက်တန်ရဲ့လား"
ဖန့်ချန်သည် စကားအဆုံးတွင် လှည့်ထွက်သွားခဲ့သည်။
ချင်ဖုန်းမှာတော့ မှင်တက်ကာ ရပ်ကျန်ခဲ့တော့သည်။
ချူလန်က စိုးရိမ်တကြီးဖြင့် ချင်ဖုန်း၏ လက်ကို ဆွဲလိုက်သည်။
"ဖုန်းအာ စိတ်မပူနဲ့နော် အမေ မင်းကို ကူညီမှာပါ"
"အမေ... သူပြောတာ မှန်တယ်ထင်တယ်..."
ချင်ဖုန်း၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။
"ကျွန်တော် တော်တော် မိုက်မဲခဲ့တာပဲ အမေ့ကို ဒုက္ခတွေ ပေးခဲ့မိပြီ"
ချူလန်က သားဖြစ်သူကို နှစ်သိမ့်ပေးလိုက်သည်။
ချင်ဖုန်း စိတ်ငြိမ်သွားသည့်အခါ သူမက မေးမြန်းလိုက်သည်။
"ဖုန်းအာ လန်ယာယွီ နေမင်းသီးကို စားတာကို မင်း မျက်မြင်တွေ့ခဲ့တာလား"
"ယွီအာက ပြောတယ် နေမင်းသီးကို ဘေးကင်းတဲ့နေရာမှာမှ စားရမယ်တဲ့"
" ကျွန်တော် မျက်မြင်မတွေ့ခဲ့ပေမဲ့ သူမက ရွှေအမြုတေအဆင့်ရဲ့ ပထမအကြိမ် ဘေးဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့တာတော့ အမှန်ပဲ အဲဒီအသီးကို ကျွန်တော်တို့ ပြန်မရနိုင်တော့ဘူး အမေ"
ဟု ချင်ဖုန်းက တိုးတိုးလေး ဖြေသည်။
ချူလန်၏ စိတ်ထဲတွင် အတွေးများ လှည့်ပတ်နေသည်။ သူမက ထပ်မေးလိုက်သည်။
"အဲဒီအချိန်တုန်းက လန်ယာယွီ ဘေးဒုက္ခနဲ့ ကြုံနေရတယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ မင်းနဲ့ သူမက တစ်နေရာစီမှာ ရှိနေတာ မဟုတ်လား"
ချင်ဖုန်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ဝန်ခံလိုက်သည်။
"အဲဒါ. ချင်နယဲ့ ပြောပြတာပါ သူက ယွီအာ ဒုက္ခရောက်နေတာကို သိလိုက်ပေမဲ့ လန်ယာမျိုးနွယ်စုက ဘာမှ မလုပ်ပေးဘူးလို့ ပြောခဲ့တာ"
"အမေ ဒီကိစ္စက ချင်နယဲ့နဲ့ ဘာမှမဆိုင်ပါဘူး ကျွန်တော် သူ့ကို မထိခိုက်စေချင်လို့ တစ်စုံတစ်ယောက်က မေးရင်တောင် မပြောခဲ့တာပါ"
ချူလန်သည် အေးစက်စွာ ပြုံးလိုက်ပြီး ချင်ဖုန်း၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
"အင်းပါ ချင်နယဲ့နဲ့ မဆိုင်ပါဘူး ဒီကိစ္စမှာ သူ့ကို ဆွဲမသွင်းတော့ပါဘူး"
သူမ၏ သားမှာ စိတ်နှလုံး ကောင်းလွန်းသော်လည်း နုံအလွန်းလှသည်။
သူမ၏ မျက်ဝန်းထဲတွင် လူသတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
အညစ်အကြေးတွေကိုတော့ သူမကိုယ်တိုင်ပဲ ရှင်းပစ်ရတော့မည်။
နောက်ရက်များတွင် ချင်စံအိမ်အတွင်း၌ ကောလာဟလများ ပျံ့နှံ့လာသည်။
တာအိုတစ်ထောင်ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက နေမင်းသီးရှိရာကို သိသည်ဟူသော သတင်းအပြင်၊ ၎င်းမှာ ချူလန်က သားဖြစ်သူကို ကယ်ရန် ဇာတ်လမ်းဆင်နေခြင်းဖြစ်သည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်လာသည်။
ဖန့်ချန်နှင့် လီတောက်ယဲ့တို့မှာမူ ချင်စံအိမ်တော်မှ နှစ်လမ်းခန့်ဝေးသော ဝိညာဥ်ရင်းမြစ်ရပ်ကွက် တွင် လမ်းလျှောက်ရင်း အေးအေးဆေးဆေး စကားပြောနေကြသည်။
သူတို့နောက်တွင် တစ်စုံတစ်ယောက်က တိတ်တဆိတ် စောင့်ကြည့်နေသည်။
ဖန့်ချန်နှင့် လီတောက်ယဲ့တို့သည် လူစည်ကားသော ကျောက်မျက်ဖြတ်သည့် ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်သွားကြသည်။
ထိုနေရာတွင် ချင်နယဲ့နှင့် အခြားသော မင်းစိုးရာဇာ လူငယ်အချို့ကို တွေ့လိုက်ရသည်။
"အစ်ကို ချီဖာ ဒီကျောက်က တကယ်ကို အရည်အသွေး ကောင်းပါတယ် ဖြတ်လိုက်ပါတကယ်လို့ ရှုံးရင် ကျွန်တော့်တာဝန် ထားလိုက်ပါ"
ဟု ချင်နယဲ့က လူငယ်တစ်ဦးကို ပြုံးလျက် ပြောနေသည်။
"ဖန့်ချန် အဲဒါ အပြာရောင်တာအိုနယ်မြေ ရဲ့ သခင်လေး မဟုတ်လား"
ဟု လီတောက်ယဲ့က တီးတိုးမေးလိုက်သည်။
ဖန့်ချန် ခေါင်းညိတ်လိုက်သည်။
ချင်နယဲ့သည် ထိုလူကို အသုံးချကာ အပြာရောင်တာအိုနယ်မြေနှင့် ဆက်သွယ်ထားခြင်း ဖြစ်ပေလိမ့်မည်။
ချင်နယဲ့၏ နောက်ကွယ်တွင် ဝိညာဉ်သွေးဂိုဏ်းနှင့် မည်သို့ ပတ်သက်နေသည်ကို ဖန့်ချန် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။