စောင့်ဆိုင်းခြင်း
Vol. 5 Ch. 61
အဖွားအိုကျိုး နှင့် အခြားလူများသည် ခရိုင်ရုံးရှေ့တွင် စုရုံးကာ ပြဿနာရှာခဲ့ကြသဖြင့် လက်ထောက် တရားသူကြီးချောင်၏ ဖမ်းဆီး အကျဉ်းချထားခြင်းအား ခံလိုက်ရလေသည်။ အချုပ်ခန်းထဲသို့ ရောက်သွားပြီးနောက်တွင် သူတို့သည် ထိတ်လန့်တကြား မဖြစ်ကြသေးချေ။
အခြားလူများ ထွက်သွားပြီးနောက်တွင် အဖွားအိုကျိုးသည် အိတ်ကပ်ထဲမှ ငွေအချို့အား ထုတ်ယူလိုက်ပြီးနောက် ထောင်စောင့်အား လက်ယပ် ခေါ်လိုက်သည်။
"မောင်လေး ဒီကိုလာပါဦး"
ထောင်စောင့်သည် စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။
"ဘာလုပ်မလို့လဲ အထဲမှာပဲ ငြိမ်ငြိမ်နေစမ်း"
အဖွားအိုကျိုးသည် အမှန်တကယ်တော့ သူတို့ကဲ့သို့ လူများအား မှတ်တမ်းတင်ထားမည် မဟုတ်ကြောင်း သိနေခဲ့သည်။ သူတို့အား သုံးရက်မှ ငါးရက်ခန့် ချုပ်ထားပြီးနောက် ပြန်လွှတ် ပေးလိုက်မည်သာ ဖြစ်သည်။ သို့သော် မည်သူမှ ထောင်ထဲတွင် နေရသည်အား ကျင့်သားရနိုင် ပါမည်နည်း။
ထို့အပြင် ဤနေရာသည် ကျား မ ရောနှောထားသည့် အချုပ်ခန်း ဖြစ်နေသေး၏။ အကယ်၍ သူမသာ ဤနေရာတွင် တစ်ရက်လောက် နေလိုက်ရလျှင် သူမ၏ ဂုဏ်သတင်းများ ပျက်စီးသွားပေလိမ့်မည် ဖြစ်သည်။ နောင်အနာဂတ်တွင် သူမည် မည်ကဲ့သို့ အောင်သွယ်တော် ဆက်လုပ်နိုင် ပါတော့မည်နည်း။
"မောင်လေး ဒီတစ်ခါ ပြန်လွတ် ပေးဖို့ဆိုရင် ဘယ်လောက် ပေးရမလဲဆိုတာ ကူညီပြီး မေးပေးလို့ရမလား"
သူမကဲ့သို့ ကြီးလေးသော ရာဇဝတ်မှု ကျူးလွန်ထားခြင်း မရှိသူများသည် ငွေအချို့ ပေးလိုက်လျှင် ပြန်လွတ် နိုင်ကြောင်း အဖွားအိုကျိုး သိထားပြီး ဖြစ်ပေသည်။ ယခင်တုန်းက ခရိုင် တရားသူကြီးမင်း ရှိစဉ် အချိန်က ဆိုလျှင် ငွေစ ၁၀၀တေး မရှိဘဲနှင့် ထွက်သွားနိုင်ရန် အတွက် စိတ်ကူး၍ပင် မရနိုင်ချေ။ သာမန် မိသားစုများဆိုလျှင် ထိုပမာဏာအား မည်သို့မျှ တတ်နိုင်မည် မဟုတ်ပါချေ။
"ငွေစ နှစ်ဆယ်တေး ပါ"
ထောင်စောင့်သည် ငွေအကြောင်း ကြားလိုက် ရသည့်အခါတွင် သူ၏ သဘောထားမှာ ပိုမို၍ ကောင်းမွန် လာလေတော့သည်။ လက်ထောက် တရားသူကြီး ချောင်သည် လက်ရှိတွင် နန်းတော်မှ စစ်ဆေးရေး အရာရှိမင်းအား အစိုးရရုံး ကိစ္စများအား ကူညီစီမံပေးနေရပြီး သူတို့သည် ထိုငွေပမာဏများအား အမြဲတမ်း မှတ်တမ်း တင်ထားလေ့ ရှိလေသည်။
ထိုငွေများကို များသောအားဖြင့် အစိုးရရုံးကိစ္စများနှင့် သာမန် ပြည်သူများ အတွက် သုံးစွဲလေ့ ရှိသော်လည်း သူတို့သည်လည်း ထိုအတွင်းမှ အနည်းနှင့်အများ အကျိုးအမြတ် ရရှိကြပါသည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် အဖွားအိုကျိုးသည် သူမ၏ အဝတ်အစားများအား ပုတ်ခါလျှက် ခရိုင် အချုပ်ခန်း အတွင်းမှ လမ်းလျှောက် ထွက်လာခဲ့တော့သည်။
သို့သော် သူမသည် အချုပ်ခန်းထဲမှသာ ထွက်လာနိုင်ခြင်း ဖြစ်သည်။ ပြစ်မှု ကျူးလွန်ထားသူ ဖြစ်သည့်အတွက် သူမသည် ခရိုင်ရုံးတွင် နေ့ဝက်ခန့် နေရဦးမည်ဖြစ်ကာ ပြန်မထွက်သွားနိုင်သည့် အချိန်အတွင်း စာပေပညာရှင် အဘိုးအို တစ်ဦး၏ ဆုံးမ စကားများအား နားထောင်ရဦးမည် ဖြစ်ပေသည်။
ထို စာပေပညာရှင် အဘိုးအိုသည် အမျိုးသမီးများအား အထင်သေးတတ်သူ ဖြစ်သဖြင့် အဖွားအို ကျိုးအား မြင်သောအခါ မိသားစုအား အရှက်ရစေသည်ဟု ဆိုကာ ဆူပူ ကြိမ်းမောင်းလေတော့သည်။
အဖွားအိုကျိုးသည် အေးစက်လှသည့် ထိုင်ခုံပေါ်တွင် ထိုင်နေရခြင်း ဖြစ်သည်။ စာပေပညာရှင် အဘိုးအို၏ "မိဘမရိုသေသည့် မိန်းမ" ဟု ပြောသည်အား ကြားလိုက်ရသောအခါ သူမသည် အံကြိတ်လိုက်မိကာ စိတ်အတွင်း၌ တွေးလိုက်မိတော့သည်။
"ဟူ မိသားစု ရွာ ဟုတ်လား စောင့်နေလိုက်ကြ ဒီကိစ္စက မပြီးသေးဘူး"
သူမအား ပြစ်မှား စော်ကားခြင်း အတွက် ပေးဆပ်ရမည့် တန်ကြေးရှိကြောင်း ထို စုတ်ပြတ်နေသည့် ရွာမှ လူများအား သူမ သိစေချင်မိသည်။ နောင်အနာဂတ်တွင် သူတို့ရွာမှ အောင်သွယ်တော် တစ်ယောက်ယောက် လိုအပ်လာချိန်တွင် သူတို့အား ဒူးထောက်လျှက် သူမကို တောင်းပန်ခိုင်းရမည် ဖြစ်သည်။
ကျောင်းကျန့်သည် ခရိုင်ရုံး၏ တရားဝင် ကိစ္စရပ်များအား ဖြေရှင်းပြီးနောက်တွင် ပခုံးအား နှိပ်နယ်ရင်းဖြင့် စာကြည့်ခန်းထဲမှ ထွက်လာခဲ့လေသည်။
"ထျန်း မိသားစုက ခရိုင်ဝန်အသစ်ကို ဘယ်တော့လောက်မှ ပို့ပေးမှာလဲ ငါ သူ့အလုပ်တွေကို လုပ်ပေးနေရတာ ပြီးခါနီးနေပြီ"
အကယ်၍သာ သူသည်သာ အစောပိုင်း အချိန်ကတည်းမှ သိခဲ့မည် ဆိုလျှင် ဤ နန်းတော်မှ စစ်ဆေးရေး အရာရှိ အလုပ်အား လက်ခံခဲ့လိမ့်မည် မဟုတ်ချေ။ မူလတွင် သူသည် ကုသိုလ် ရစေရန် အတွက် ကောင်းမှု တစ်ခုခု ပြုလုပ်ရန် နေရာ သေးသေးလေး တစ်ခုကိုသာ ရွေးချယ်ခဲ့သည်ဟု ထင်မှတ်ခဲ့သည့်တိုင် နောက်ဆုံးတွင် ဤနေရာ၌ သောင်တင် နေခဲ့ရခြင်း ဖြစ်သည်။
ဒုက္ခများလိုက်တာ....
သူသည် ဘေးနားရှိ အစေခံအား ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။
"သခင်လေး ဘယ်သွားတာလဲ"
အစေခံသည် နေရာတစ်ခုအား ပြောပြလိုက်သည်။ ကျောင်းကျန့် ထိုနေရာသို့ သွားလိုက်ချိန်တွင် ချင်ဟွိုင်သည် ဇရပ်ဆောင် တစ်ခုနားတွင် ထိုင်လျက် ရေကန်အား ငေးငိုင်စွာ ကြည့်နေသည်ကိုသာ မြင်တွေ့လိုက်ရသည်။
နွေဦးပေါက်ရာသီ ဖြစ်သည့်အတွက် ရေကန်ထဲတွင် သေးငယ်ကာ နုနယ်လှသည့် ကြာရွက် အနည်းငယ်သာ ရှိနေသေးသည်။
"မင်း ဟိုကောင်မလေးနဲ့ ဘယ်လိုလဲ အဲ့ကလေးမလေးက ဆုမွန်ကောင်း တစ်ခုနဲ့ မတူဘူးလား သူ့ရဲ့ စိတ်နေ သဘောထားကလည်း ကောင်းမွန်ပြီးတော့ လိမ္မာတယ် ဝမ်နင်မြို့က သခင်မလေးတွေ ထက်လည်း မညံ့ပါဘူး"
ချင်ဟွိုင်မှ ပြန်မဖြေခဲ့သော်လည်း ကျောင်းကျန့်မှာမူ ဂရုမစိုက်ပေ။ ဤကလေးသည် စကားပြောရသည်အား မကြိုက်လှသဖြင့် သူသည်လည်း ကျင့်သားရနေခဲ့ပြီ ဖြစ်လေသည်။
ကျောင်းကျန့်သည် အားယွီလေး အကြောင်းအား ဆက်ပြော နေခဲ့ပြီးနောက် နှင်းပြိုကျချိန်တွင် သူမသည် လူတစ်ယောက်အား ခေါ်ယူကာ သူ့အား မည်သို့ မည်ပုံ ကယ်တင်ခိုင်းခဲ့ကြောင်း အပါအဝင် အကြောင်းအရာ အားလုံးအား ပြောပြနေခဲ့ခြင်း ဖြစ်သည်။
"ပြောရရင် သူက ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ"
ကျောင်းကျန့်မှ ပြုံးလျက် ပြောပြလိုက်သည်။
"ဒီနေ့ သူတို့က ငါ့ကတိကို တည်ပေးဖို့ ခရိုင်ရုံးကို ရောက်လာကြတယ် စဉ်းစားကြည့်လိုက်တော့ သူတို့က ငါ့ကို ဖြည့်ဆည်း ပေးခိုင်းစေချင်တဲ့ ကတိက မခက်ခဲပါဘူး ဒါပေမဲ့ ဒီကိစ္စကို မင်းဆီ လွှဲပေးလိုက်ရင် ပိုကောင်းမယ်လို့ ထင်တယ်"
စကားပြောရင်း ထိုနေရာသို့ ရောက်ချိန်တွင် ကျောင်းကျန့်မှ စကားပြောနေခြင်းအား ရပ်တန့်လိုက်သည်။ ချင်ဟွိုင်၏ လက်ချောင်း ထိပ်များသည် ဒူးပေါ်တွင် လှုပ်ရှားသွားပြီးနောက် သူ၏ မျက်နှာသည် ကျောင်းကျန့်ဘက်သို့ အလိုအလျောက် စောင်းသွားခဲ့လေသည်။
“ပြီးတော့”
"ထားလိုက်ပါတော့ မင်း စိတ်ဝင်စားမှာ မဟုတ်ပါဘူး"
ထို့နောက် ကျောင်းကျန့် ထွက်ခွာ သွားလေတော့သည်။ ချင်ဟွိုင်သည် နှုတ်ခမ်းအား စေ့ထားလိုက်ကာ သူ၏ မျက်လုံးများ အတွင်း၌ အမျိုးအမည် မသိသည့် ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့တော့သည်။
"ချီကျား"
လူတစ်ယောက်သည် သစ်ပင်ပေါ်မှ ခုန်ဆင်းလာခဲ့ကာ ကျောင်းကျန့်၏ လမ်းအား အေးစက်စွာ ပိတ်ရပ်လိုက်သည်။
"သခင်ကြီး သခင်လေးကို ဘာလုပ်စေချင်တာလဲ"
ကျောင်းကျန့် အမှန်တကယ် လန့်သွားလေသည်။ သူသည် ခြေလှမ်း နှစ်လှမ်းခန့် နောက်ဆုတ် လိုက်ပြီးမှ မတ်တပ်ရပ်လျှက် ဒေါသတကြီး ပြောလိုက်တော့သည်။
"မင်းတို့ သခင်လေးက ကိုယ့်ပါးစပ်နဲ့ကိုယ် မေးလို့ ရတာကို နားမလည်ဘူးလား သူက နေ့တိုင်း မင်းနာမည်ကို အော်ခေါ်ဖို့တော့ တော်တော် ဝီရိယရှိသားပဲ"
သူသည် ငယ်ရွယ်သော်လည်း အတော်လေး ဒေါသကြီးလှပေသည်။ ကျောင်းကျန့်သည် ချင်ဟွိုင်ထံသို့ ပြန်လျှောက်သွားပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်တော့သည်။
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ.. ငါမင်းကို ပြောပြမယ်"
ချင်ဟွိုင်၏ စိတ်ကြီးသည့် အကျင့်ကိုသာ နားမလည်ခဲ့လျှင် သူသည် အမှန်တကယ်ပင် သူ့အား စနောက်ချင်လိမ့်မည် မဟုတ်ပေ။ သို့သော် ထို ကောင်စုတ်လေးအား စနောက်လိုက်တိုင်း သူ့ဘာသာ သူသာ ဒေါသထွက်ရသည်က များလေသည်။
ထိုသို့ စဉ်းစားကြည့်မိ လိုက်ချိန်တွင် သူကိုယ်တိုင်လည်း ရူးနေခြင်းသာ ဖြစ်လောက်ပေမည်။
"အဲဒီကောင်မလေးက ဟူ မိသားစု ရွာက မဟုတ်ဘူး လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရွာသားတွေ ကောက်ရခဲ့တာ ငါ စုံစမ်းသိရသလောက်တော့ သူက အရင်က"
ကျောင်းကျန့်သည် အားယွီလေး၏ နောက်ကြောင်းအား အတိုချုပ် ရှင်းပြလိုက်ပြီးနောက် နောက်ဆုံးတွင် ပြောလိုက်တော့သည်။
"ကောင်မလေး မကြီးပြင်းခင်တုန်းက အများကြီး ဒုက္ခရောက်ခဲ့ပုံရတယ် ဒါကြောင့် သူက တကယ်တမ်း လေးနှစ်ရှိနေပြီ ဖြစ်ပေမဲ့ ကြည့်ရတာ နှစ်နှစ်သမီးပုံစံ ဖြစ်နေတာ သူတို့က ကလေးကို အသက်နှစ်နှစ်လို့ စာရင်း သွင်းချင်နေပြီးတော့ အစိုးရရုံးက အသိအမှတ်ပြုတဲ့ အထောက်အထား တစ်ခု ပေးစေချင်နေကြတာ"
ဤနေရာတွင် ကျောင်းကျန့်မှ ဆက်လက် ပြောဆိုလိုက်သည်။
"ငါထင်တာတော့ အဖွားအို ဝမ်က အတော်လေး ဗဟုသုတရှိပုံရတယ် စာရင်းသွင်းရုံ တစ်ခုတည်းနဲ့ အဆင်မပြေမှာ ကြောက်လို့ ငါ့ဆီလာပြီး မှတ်ပုံတင်ထဲမှာ အချက်အလက်တချို့ကို နည်းနည်း ထပ်ပြီး မွမ်းမံပေးဖို့နဲ့ နာမည်ပြောင်းပေးဖို့ တောင်းဆိုလာတာ ဒီကိစ္စက ကိုယ်ဝန်ဆောင် အမျိုးသမီး စာရင်းသွင်းတာတို့ လက်သည်က မွေးပေးတာတို့လို အသေးစိတ် အချက်အလက် တချို့ မလွဲမသွေ လိုအပ်တယ်.. မင်းရဲ့ အနီရောင် အစောင့်တပ်ဖွဲ့ထဲမှာ ဒီလိုကိစ္စတွေကို ကျွမ်းကျင်တဲ့ လူနှစ်ယောက်လောက် မရှိဘူးလား ပိုပြီး လက်တွေ့ကျအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူတို့ကို စဉ်းစားခိုင်းလိုက်ပါ"
ချင်ဟွိုင်သည် နားထောင်နေပြီးနောက် နှုတ်ဆိတ်နေလျှက် ရှိသည်။ ကျောင်းကျန့်သည် သူ့ဘာသာသူ စကားပြောနေသည်ဟု ထင်မှတ်နေသော်လည်း လူငယ်လေးသည် ရုတ်တရက် တိုကင်ပြား အသေးလေး တစ်ခုအား ထုတ်လိုက်ပြီးနောက် ဘေးနားရှိ ကျောက်စားပွဲပေါ်တွင် တင်လိုက်သည်။
"ဟေ့ ငါက သာမန်ကာလျှံကာ ပြောလိုက်တာပါ မင်းက တကယ် ရက်ရောတာပဲ အရင်တုန်းက ငါ့မှာ အရေးတကြီး ကိစ္စရှိလို့ မင်းဆီက ဒီတိုကင်ပြားကို တောင်းတုန်းကကျတော့ မင်း ငါ့ကို မပေးခဲ့ဘူး"
ချင်ဟွိုင် ထိတ်လန့်လုနီးပါး ဖြစ်သွားသည်အား မြင်လိုက်ရချိန်တွင် သူသည် တိုကင်ပြားအား အမြန်သိမ်းလိုက်ကာ ရယ်မောလျှက် ပြောလိုက်သည်။
"ငါ့အထင် အဲဒီကောင်မလေးက အရမ်း ကံကောင်းပုံရတယ် ဒီတစ်ခါ မင်း သူ့ကို ကူညီလိုက်ရင် နောင်ကျရင် သူက မင်းကို အများကြီး ပြန်ကူညီလိမ့်မယ်"
ကျောင်းကျန့်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ ဖြစ်သော်လည်း နောင်တွင် အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူ၏ လက်ရှိ ရထားသော သတင်း အချက်အလက်များ အရ ဝမ်ရူယွီ ဟု စာရင်းသွင်းထားသည့် ထို ကောင်မလေးသည် အမှန်တကယ်ပင် အတော်လေး ထူးခြားနေခဲ့သည်။
သူမ၏ ရွှေရောင်မျက်လုံးများ သာမက အန္တရာယ်မှ အကြိမ်ကြိမ် လွတ်မြောက်နိုင်စွမ်း ရှိခြင်းသည်လည်း စုံစမ်း စစ်ဆေးရ ကျိုးနပ်ပေသည်။ သို့သော် ထိုမျှလောက်သာ ဖြစ်သည်။ သူ၏ အသက်အား ကယ်တင်ခဲ့သည့် အတွက် ကျေးဇူးဆပ်သည့် အနေဖြင့် ခြေရာလက်ရာများအား ဖုံးကွယ်ပေးရုံသာ ဖြစ်လေသည်။
...
ကျောင်းကျန့်အတွက်မူ အဖွားအို ဝမ်မှ အားယွီ၏ နောက်ကြောင်းအား ဖုံးကွယ်ပေးရန် အကူအညီတောင်းခြင်းမှာ ထမင်းစား ရေသောက် သလောက်ပင် လွယ်ကူသော ကိစ္စဖြစ်လေသည်။ သူမ ခန္ဓာကိုယ်၏ ထူးဆန်းမှုများအား ဖုံးကွယ်ပေးလိုက်ခြင်း သည်သာ အမှန်တကယ် ကျေးဇူးဆပ်ခြင်း ဖြစ်သည်။
အားယွီလေးသည် ဤအကြောင်းများအား မသိရှာပေ။ သူမသည် အစားအစာ ရရှိရန်အတွက် အဖွားအို ဝမ်နှင့်အတူ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ အစားအစာ လာယူကြသူ များလွန်းသဖြင့် သူတို့သည် တစ်နေ့ကုန် စောင့်ဆိုင်းနေခဲ့သည့် တိုင် တန်းစီနေသော လူတန်းကြီး၏ အလယ်လောက် သို့သာ ရောက်ရှိသေးသည်။ ရွာသားများသည်လည်း စိတ်မရှည်နိုင် ဖြစ်လာကြတော့သည်။
"ငါတို့ ဒီအတိုင်း ဆက်စောင့်နေရင် ငါတို့အလှည့် ရောက်တဲ့ အချိန် အစားအစာတွေ ကုန်သွားလောက်ပြီ"
ရွာလူကြီး ဟူမှ ပြောလိုက်လေသည်။
"စိတ်မပူကြပါနဲ့"
အရာရှိမင်း ကျန်း သည် သူတို့ကို ပြောပြရန် လူလွှတ်လိုက်ပြီး ဖြစ်လေရာ သူတို့သည် အေးအေး ဆေးဆေး စောင့်နေသမျှ ကာလပတ်လုံး အစားအစာများ သေချာပေါက် ရရှိလိမ့်မည် ဖြစ်သည်။
သို့သော် မလိုအပ်သော ပြဿနာများ မဖြစ်စေရန်အတွက် သူသည် အခြားသူများ၏ ရှေ့တွင် ဤစကားအား ပြောပြ၍မရချေ။ တစ်နေ့လုံး အားယွီလေးသည် လှည်းပေါ်တွင် ငြိမ်ကုပ်စွာ ထိုင်နေခဲ့ကာ ဆူဆူညံ ပြုလုပ်ခြင်း မရှိခဲ့ပေ။ သို့သော် သူမ အိပ်ပျော်သွားချိန်တွင် အသားလုံးလေးသည် သူမအား နေရာလွတ် အတွင်းသို့ ခေါ်ကာ သူနှင့်အတူ အပင်စိုက်ခိုင်းလေတော့သည်။
အစပိုင်းတွင် အားယွီလေးသည် နေရာလွတ်ထဲမှ ရေအား ထုတ်ကာ လူတိုင်းအား တိုက်ချင်သော်လည်း အဖွားအို ဝမ်မှ တည်ငြိမ်စွာဖြင့် သူမလေးအား တားဆီးခဲ့လေသည်။
[သူတို့ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ မသန့်စင်ရသေးဘူး.. ဒါကြောင့် ရေကို သောက်ပြီးရင် ဝမ်းသွားလိမ့်မယ် အဲ့ခါကျရင် ရွာထဲက လူတိုင်း ဝမ်းသွားနေကြလိမ့်မယ် အဲ့လိုသာ ဖြစ်လာရင် ဘယ်သူက ဒီလှည်းတွေကို စောင့်ကျန်ခဲ့မှာလဲ]
...
အားယွီလေးသည် ထိုအချက်အား အဓိပ္ပာယ် ရှိသည်ဟု ယူဆလိုက်သဖြင့် အသားလုံးလေးကို ရေမတောင်းတော့ဘဲ ပီယိုနီ ပန်းပွင့်လေးများ နှင့်သာ ဆက်လက်၍ ဆော့ကစား နေလိုက်တော့သည်။
ခရိုင်မြို့ထဲတွင် ရောက်နေသည့် ထိုနေ့ တစ်နေ့လုံးစာ အတွက် လူတိုင်းသည် ရိက္ခာခြောက်များကိုသာ စားသုံး ကြရလေသည်။ ကံကောင်း ထောက်မစွာဖြင့်ပင် သူတို့ ယူဆောင်လာသည့် ရိက္ခာခြောက်များသည် တစ်နေ့တာ အတွက် လုံလောက်မှု ရှိနေခဲ့သည်။
ရွာလူကြီး ဟူ သည် ကြေးပြားနှစ်ပြား ထုတ်လိုက်ပြီးနောက် အားယွီလေး စားရန် အသားပေါက်စီ တစ်လုံး ဝယ်ပေးချင်နေခဲ့သည်။ သို့သော်ငြားလည်း အားယွီလေးသည် ပေါက်စီလုံးအား မြင်လိုက်ရချိန်တွင် တံတွေးမြိုချလိုက်သည်အား ရွာလူကြီး ဟူ မြင်သော် ရယ်ရမလို ငိုရမလို ဖြစ်သွားပြီးနောက် သူမအတွက် ပေါက်စီတစ်လုံး ဝယ်ပေးလိုက်လေတော့သည်။ ထို့နောက် ကျန်ရှိနေသည့် ကြေးပြား တစ်ပြားဖြင့် သူမအတွက် သကြားကပ် သစ်သီးချောင်း တစ်ချောင်း ဝယ်ပေးလိုက်တော့သည်။