← Chapters

တာဝန်

Vol. 5 Ch. 62

တာဝန်

Vol. 5 Ch. 62

ဤသည်မှာ အားယွီလေးအတွက် သကြားကပ် သစ်သီးချောင်းအား ပထမဆုံးအကြိမ် ရရှိဖူးခြင်း ဖြစ်သည်။ သူမသည် အတိုင်းထက်အလွန် ပျော်ရွှင်နေခဲ့လေသည်။

"ဖွားဖွား အရင်စားပါ"

အားယွီလေးသည် သကြားလုံးအား အဖွားအို ဝမ်၏ ရှေ့သို့ မြှောက်ပြလိုက်လေသည်။

"ဖွားဖွားက သကြားလုံး မကြိုက်ပါဘူး မြေးလေးပဲ စားပါ"

ထို့နောက် အားယွီလေးသည် သကြားကပ် သစ်သီးချောင်းအား ရွာလူကြီး ဟူ ထံသို့ ကမ်းပေးလိုက်ပြန်သည်။

"ဘိုးဘိုး ရွာလူကြီး နည်းနည်း စားချင်လား"

"ဘိုးဘိုးလည်း မကြိုက်ပါဘူး ဘိုးဘိုးရွာလူကြီးက အသက်ကြီးပြီလေ သမီးလို လိမ္မာတဲ့ ကလေးလေးတွေပဲ ကြိုက်ကြတာ"

ရွာလူကြီး ဟူမှ ပြုံးလျက် ပြောလိုက်သည်။ အားယွီလေးသည် အရင်စ မစားချင်သေးပေ။ သူမသည် သကြားကပ် ဆီးသီးချောင်းအား ယူပြီးနောက် ဘေးပတ်ဝန်းကျင်အား လိုက်မေးနေပြန်သည်။

ဟူ မိသားစု ရွာမှ လူများသည် ကလေး၏ အစားအစာအား မလုရက်ကြချေ။ သူတို့အားလုံး ခေါင်းခါလျှက် ပြုံးလိုက်ကြကာ မစားချင်ကြောင်း ပြောကြလေသည်။

ထိုအခါမှသာ အားယွီလေး စစားလေတော့သည်။ ပထမတစ်ကိုက်တွင် အလွန်ချိုမြိန်လွန်းသဖြင့် သူမ၏ မျက်လုံးလေးများ ကွေးညွတ်သွားခဲ့သည်။ နောက်ထပ် တစ်ကိုက် ကိုက်လိုက်ချိန်တွင် ဆီးသီးသည် သူမ၏ ပါးစပ်ထဲတွင် အရည်ပျော်သွားလေတော့သည်။

"အာ ချဉ်လိုက်တာ"

အားယွီလေးသည် သူမ၏ ပါးပြင်အား အုပ်လိုက်ပြီး မျက်ရည်များ စီးကျလာတော့သည်။

‘အထဲမှာ ဘာလို့ ဒီလောက် ချဉ်နေရတာလဲ...’

"ဘိုးဘိုး ရွာလူကြီး ဘိုးဘိုး ရွာလူကြီး သကြားကပ် ဆီးသီးတွေ ပျက်နေတယ်"

အားယွီလေးသည် သကြားကပ် ဆီးသီးချောင်းအား မြှောက်ပြကာ တိုင်တောလိုက်လေသည်။

"ဘိုးဘိုး ရွာလူကြီး ဝယ်လာတာတွေက ပျက်စီးနေတဲ့ဟာတွေ"

ရွာလူကြီး ဟူမှ ပြန်ပြောပြလိုက်လေသည်။

"မပျက်ပါဘူး သကြားကပ် ဆီးသီးဆိုတာ အပြင်က ချိုပြီး အထဲက ချဉ်တယ် သူ့အရသာက ဒီလိုပဲ မချဉ်ရင်မှ မကောင်းတာ"

ထိုအချိန်တွင် အားယွီလေးသည် လက်ထဲတွင် ကျန်နေသေးသည့် သကြားကပ် ဆီးသီးချောင်းအား ကြည့်လိုက်မိရာတွင် သူမ၏ မျက်လုံးများထဲ၌ ပျော်ရွှင်မှုများ မရှိတော့ချေ။

သူမလေးသည် အနည်းငယ်ပင် ကြောက်ရွံ့လာမိလေသည်။

‘ဘုရားရေ ချဉ်တဲ့ အသီးတွေ အများကြီးပဲ သူ ဘယ်လိုလုပ် အကုန်ကုန်အောင် စားနိုင်မှာလဲ...’

လူကြီးတွေ မစားချင်ကြသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ ဤမျှလောက် ချဉ်သည့် အသီးများသည် သွားကျွတ် ထွက်မတတ် ချဉ်နေခြင်း ဖြစ်သည်။

လူတိုင်းသည် သူမလေးအား ကြည့်လျှက် မရယ်ဘဲ မနေနိုင်ကြတော့ပေ။ ညအချိန်တွင် မည်သူမျှ မူလနေရာမှ ထွက်မသွားရဲကြပေ။ ထပ်ပြီး တန်းစီရမည်အား ကြောက်ကြသည့် အတွက် ဖြစ်လေသည်။

အစားအစာ လာယူကြသည့် ရွာသားများ အားလုံးသည် ထိုနေရာ၌ပင် အနားယူကြလေတော့သည်။ နွေဦးပေါက်ရာသီ၏ ညများသည်လည်း အေးစက်လှသေးသည်။ ကံကောင်း ထောက်မစွာပင် လူတိုင်း တစ်ယောက်နှင့် တစ်ယောက် ပူးကပ်နေကြသဖြင့် အနွေးဓာတ် အနည်းငယ် ရရှိနိုင်သေးသည်။

ရွာသားများသည် လက်တွန်းလှည်းအား ရှင်းလင်းပြီးနောက် မာကျောသည့် ကုတင်အဖြစ် အသုံးပြုကြတော့သည်။ လှည်းတစ်စီးပေါ်တွင် လူနှစ်ယောက် ကျပ်ကျပ်တည်းတည်း အိပ်ကြရသည်။

စုစုပေါင်း လှည်းလေးစီးသာ ရှိသဖြင့် လူရှစ်ယောက်သာ အိပ်၍ ရသည်။ ကျန်ရှိနေသော လူနည်းစုမှာမူ ခြင်းတောင်းများအား စုစည်းကာ ထိုအပေါ်တွင် လှဲအိပ်လိုက်ကြလေသည်။

အားယွီလေးသည်လည်း လှည်းပေါ်တွင် လှဲလျှက် အဖွားအို ဝမ်၏ ရင်ခွင် အတွင်းသို့ တိုးဝင် လိုက်လေတော့သည်။ သူမသည် ကောင်းကင်ပေါ်မှ ကြယ်များအား လက်ညှိုး ထိုးပြပြီးနောက် မေးမြန်းလိုက်သည်။

"ဖွားဖွား အဲဒါ ဘာကြယ်တွေလဲဟင်"

"အဲဒါက ဗီဂါကြယ်လေ နာရီနည်းနည်း ကြာရင် အဲလ်တာ ကြယ်(အာတိတ် ကြယ်) က ဖြည်းဖြည်းချင်း ထွက်လာလိမ့်မယ်.. သူတို့ကြားထဲမှာ အရမ်းလှပတဲ့ ပုံပြင်လေး တစ်ပုဒ် ရှိတယ်"

(note : (1) Vega Star (ဗီဂါကြယ်) ဆိုသည်မှာ Lyra (လိုင်ရာ) ကြယ်စုတွင် တည်ရှိကာ ည အမှောင်အတွင်း၌ အလွယ်တကူ မြင်နိုင်သည့် ကြယ်တစ်စင်းဖြစ်သည်။ ကမ္ဘာမြေနှင့် အလင်းနှစ် ၂၅နှစ် ခန့် ဝေးကွာကာ မြန်မာပြက္ခဒိန်နှင့် ရာသီဥတု ဆိုင်ရာ ဓလေ့ထုံးတမ်းများအရ ဗီဂါကြယ်အား မိုးရာသီ၏ အစိမ်းရောင် အရောင်အဆင်းကြောင့် “မိုးသီးကြယ်” ဟုလည်း တင်စားခေါ်ဝေါ်ကြသေးသည်။

(2) Altair Star(အဲလ်တာကြယ် (သို့) အာတိတ် ကြယ်)သည် Aquilaအာကိလာ ကြယ်စုတွင် တည်ရှိကာ ကမ္ဘာမြေနှင့် အလင်းနှစ် ၁၇နှစ်ခန့် ဝေးကွာလေသည်။ ညကောင်းကင်တွင် ထင်ရှားလှသည့် ကြယ် တစ်စင်းဖြစ်ကာ အထူးသဖြင့် နွေရာသီတွင် အထူးသာယာစွာ မြင်တွေ့ရတတ်သည်။ )

အဖွားအို ဝမ်သည် နွားကျောင်းသားနှင့် ရက်ကန်းသမလေး၏ ပုံပြင်အား အားယွီလေးကို ပြောပြလိုက်လေသည်။

အဖွားအို ဝမ်၏ ပုံပြင်ပြောပုံသည် သာမန်လူများကဲ့သို့ အသက်မပါဘဲ တောင့်တောင့်တင်းတင်း ဖြစ်မနေခဲ့ချေ။ သူမသည် မူရင်းပုံပြင်အား ပိုမို ကွက်ကွက်ကွင်းကွင်း မြင်သာစေရန် အတွက် ကြွကြွရွရွ ပြောပြတတ်လေသည်။ အားယွီလေးသည် သာမက ဘေးပတ်ဝန်းကျင်မှ ရွာသားများပင်လျှင် ပုံပြင် အတွင်း ဈာန်ဝင်စားသွားကြတော့သည်။ လူတစ်ယောက်မှ ပြောဆိုလိုက်သည်။

"အဘွား နောက်ထပ် ပုံပြင်တစ်ပုဒ်လောက် ပြောပြပါဦး"

အဖွားအို ဝမ် မျက်လုံးလှန်ကြည့်လိုက်မိသည်။

"ပုံပြင်ပြောသူက ပုံပြင်ပြောနေတာလေ အားလုံးက ပုံပြင်ပြောခ ဘယ်လောက် ပေးကြမှာမို့လို့လဲ"

ထိုလူမှ ပြန်ပြောလိုက်သည်။

"ထားလိုက်ပါတော့.. ကျုပ် နားမထောင်တော့ဘူး"

အားယွီလေးသည် နားထောင်ရင်း မျက်လုံးများ မှိတ်ကာ အိပ်ပျော် သွားလေတော့သည်။ အဖွားအို ဝမ်သည် သူမအား ဘေးတိုက် ဖက်ထားလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။

"လိမ္မာတဲ့ ကလေးလေး အေးအေးချမ်းချမ်း အိပ်တော့နော်"

အားယွီလေး အိပ်ပျော်သွားသည့် တိုင်အောင် အဖွားအို ဝမ်သည် သူမလေးအား ကြည့်နေဆဲ ဖြစ်သည်။ အဖွားအို ဝမ်၏ အကြည့်များသည် အလွန် သိမ်မွေ့နူးညံ့လှသည်။ သူမသည် အားယွီလေးကို ကြည့်နေသယောင် ရှိသော်လည်း သူမမှ တစ်ဆင့် ဖြတ်သန်းကာ အခြားလူများအား မြင်ယောင်နေသကဲ့သို့ ရှိလေသည်။

မလှမ်းမကမ်းရှိ ခရိုင်ရုံး ခေါင်မိုးပေါ်တွင် ကောင်လေး တစ်ယောက်သည် တိတ်ဆိတ်စွာဖြင့် ထိုင်နေခဲ့ပြီး အောက်ဘက်မှ သာယာကြည်နူးဖွယ် ကောင်းလှသော မြင်ကွင်းအား ကြည့်နေသည်ကို မည်သူမျှ သတိမထားမိခဲ့ကြချေ။

မျက်တောင်ပင် မခတ်ဘဲ သူသည် အိပ်ပျော်နေသည့် လူသားလေးအား ကြည့်နေမိကာ သူမ၏ ချိုမြိန်စွာ အိပ်စက်နေသည့် မျက်နှာလေးကို အားကျနေသကဲ့သို့ပင် ဖြစ်နေခဲ့သည်။

ရုတ်တရက် သူ သမ်းဝေလိုက်မိသည်။ ထို့နောက် သူသည် အနည်းငယ် အံ့ဩသင့်သွားမိသည်။ သူ ဤမျှလောက် စောစီးစွာ အိပ်ချင်စိတ် မဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ဤနေရာသည် စိမ်းသက်လှသည့် နေရာတစ်ခု ဖြစ်နေသေးသည်။

"သခင်လေး ပင်ပန်းနေပြီ.. ပြန်ကြရအောင်"

ချီကျားသည် သူ၏ ဘေးတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

"အင်း"

ချီကျား၏ ဦးဆောင်မှုအောက်တွင် ချင်ဟွိုင်သည် မည်သူ့ကိုမျှ အသိပေးခြင်း မရှိဘဲ ခရိုင်ရုံး၏ နောက်ဘက်ရှိ ခြံဝင်း တစ်ခု အတွင်းသို့ ဆင်းသက်လိုက်သည်။

နောက်တစ်နေ့တွင် ဟူ မိသားစု ရွာသားများသည် နောက်ဆုံး၌ အစားအစာများအား လက်ခံရရှိသွားကြလေသည်။ လှည်းလေးစီးနှင့် ခြင်းတောင်းအနည်းငယ် ပြည့်သွားသည်သာမက ရိက္ခာအိတ် ၂၀ ကျော်လည်း ပါရှိသေးသည်။

ထိုအရာသည် ရွာသားအချို့၏ မျက်လုံးများအား မနာလို ဝန်တိုစိတ်ဖြင့် နီရဲသွားစေခဲ့သည်။ ကြည့်ရသည်သာ များပြားသည်ဟု ထင်ရသော်လည်း သူတို့ရွာတွင် ကျွေးမွေး စောင့်ရှောက်ရန် လူပေါင်း ၇၀၀ ကျော် ရှိကြောင်း သိထားရမည် ဖြစ်သည်။ ဤအစားအစာများသည် အနည်းငယ်သည် မလောက်ငလုနီးပါးပင် ဖြစ်နေသေးသည်။

လက်ထောက် တရားသူကြီးချောင်သည် မြည်းလှည်း တစ်စီး နောက်မှ လိုက်ပါလျက် အရာရှိအချို့အား ခေါ်ထုတ်လာခဲ့သည်။

"နန်းတော်မှ စစ်ဆေးရေး အရာရှိမင်းကို ကာကွယ်ပေးခဲ့တဲ့ ကောင်းမှု တစ်ခု ပြုလုပ်ခဲ့တဲ့ အတွက် ဒီတစ်ခါ ခင်ဗျားတို့ကို အထူး မျက်နှာသာ ပေးလိုက်ပြီးတော့ ဒီမြည်းလှည်းကို ယာယီ ငှားပေးလိုက်မယ်"

လက်ထောက် တရားသူကြီးချောင်သည် သူတို့အား တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဒီအစိုးရ အရာရှိတွေက ခင်ဗျားတို့နဲ့အတူ ဟူ မိသားစု ရွာကို လိုက်ခဲ့ကြလိမ့်မယ် ပြီးရင် သူတို့က မြည်းလှည်းကို ပြန်ယူလာခဲ့ကြလိမ့်မယ်"

ဘေးပတ်ဝန်းကျင် ရွာများမှ လူများသည် ဤစကားအား ကြားလိုက်ရချိန်တွင် သဘောပေါက် သွားကြလေသည်။ သူတို့၏ အစားအစာ ထောက်ပံ့မှုများသည် အဘယ်ကြောင့် ဤမျှလောက် ပိုများနေရသနည်း ဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ သူတို့သည် နန်းတော်မှ စစ်ဆေးရေး အရာရှိမင်းအား ကယ်တင်ခဲ့ကြသည့် အတွက် ဖြစ်ပေသည်။

နန်းတော်မှ စစ်ဆေးရေး အရာရှိသည် အရာရှိကောင်း တစ်ယောက် ဖြစ်ပေသည်။ သူ ဤနေရာသို့ ရောက်လာချိန်မှစ၍ ယုံတင်း ခရိုင်ရှိ ပြည်သူများအတွက် အလုပ်အများကြီး သက်သာသွားခဲ့သည်။ ထို့အပြင် အနည်းဆုံး မျက်နှာဖုံးစွပ် ရွာသူဌေးများသည် အခြားရွာသားများအား ဖိနှိပ်ရဲခြင်း မရှိကြတော့ပေ။

အခြားရွာများမှ လူတစ်ယောက်သည် ပြုံးပြလိုက်ပြီးနောက် ဟူ မိသားစု ရွာသားများအား ပြောလိုက်သည်။

"ခင်ဗျားတို့က ကောင်းမှု ကုသိုလ်တွေ အများကြီး စုဆောင်းထားတာပဲ နန်းတော်မှ စစ်ဆေးရေး အရာရှိမင်းကိုသာ အချိန်မီ မကယ်တင်နိုင်ခဲ့ရင် အခုချိန် ကျုပ်တို့ ဒီအစားအစာတွေ ရချင်မှ ရနိုင်မှာ"

"ဟုတ်တယ်မလား နန်းတော်မှ စစ်ဆေးရေး အရာရှိမင်းက အကျင့်ပျက် အရာရှိတွေကို မောင်းထုတ် လိုက်ပြီးမှပဲ သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် အစားအစာတွေ ရှိသေးတယ်ဆိုတာ ကျုပ်တို့ သိရတာ"

"ကျုပ် ကြားတာတော့ နန်းတော်မှ စစ်ဆေးရေး အရာရှိမင်း အရင်က အမဲလိုက်သလို အလိုက်ခံရတာက လူတစ်ယောက်က ကြိုသိနေလို့တဲ့"

ထိုရွာသား၏ စကားမဆုံးခင်မှာပင် သူ့ဘေးနားရှိ အခြားသူများသည် ထိုသူ၏ ပါးစပ်အား အလျှင်အမြန် ဝိုင်း အုပ်လိုက်ကြတော့သည်။

"မင်း သေချင်နေတာလား မင်းက အကုန် လျှောက်ပြော နေတာပဲ ဒီမှာ အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့ လူတွေ အရမ်းများလွန်းတယ် မင်းက ကောလာဟလတွေ ဖြန့်ပြီး အသရေဖျက်နေတယ်လို့ လူတွေ ပြောလာရင် မင်းပဲ ခံရလိမ့်မယ်လို့ ငါထင်တယ်"

ဟူ မိသားစု ရွာမှ လူများသည် သူတို့ ပြောနေသည်များအား သေချာ နားမထောင်ကြချေ။ အမှန်တကယ်တွင် သူတို့သည် အစားအစာများအား ပြန်ပို့ရန် အလုအယက် ဖြစ်နေကြသေးသည်။ သူတို့သည် လမ်းခရီးတွင် နာရီ အနည်းငယ်ကြာ လမ်းလျှောက်ရမည် ဖြစ်သဖြင့် မည်သို့ ဖြစ်လာမည် ဆိုသည်အား မည်သူမျှ မသိနိုင်ချေ။

ယုံတင်း ခရိုင်သည် အမှန်တကယ်ပင် အလွန် ဆင်းရဲလှသည်။ သူတို့သည် အလွန် ဆင်းရဲလွန်းခြင်း ကြောင့်ပင် ဤနေရာတွင် ဓားပြများလည်း ရှိနေခြင်းလည်း ဖြစ်သည်။ ကံကောင်းထောက်မစွာပင် အရာရှိတစ်ဦး သူတို့ နောက်သို့ လိုက်ပါလာသဖြင့် သူတို့ အနည်းငယ် ယုံကြည်မှု ရှိလာကြတော့သည်။

...

လက်တွန်းလှည်းတွင်မူ ကြိုးများဖြင့် တင်းကျပ်စွာ စည်းနှောင်ထားသည့် အစားအစာများဖြင့် ပြည့်နှက်နေပြီး ရွာသားများသည်လည်း အားယွီလေးအတွက် အလယ်တွင် နေရာတစ်နေရာ ချန်ထားပေးသေးသည်။

ယခုအခါ အားယွီလေးသည် အလယ်ရှိ အသိုက်ငယ်လေး အတွင်းတွင် ထိုင်လိုက်လေတော့သည်။

[ကလေးရေ တာဝန် တစ်ခုအကြောင်း ငါပြောခဲ့တုန်းကဟာကို မှတ်မိသေးလား]

[တာဝန် အခြေအနေတွေက စတင်နေပြီ မြန်မြန်သွား]

အားယွီလေးသည် လှည်းပေါ်သို့ တက်ပြီး ထိုင်လိုက်ကာစ ရှိသေးသည်။ ရုတ်တရက် အသားလုံးလေး၏ အသံအား ကြားလိုက်ရချိန်တွင် အားယွီလေး၏ မျက်လုံးများသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားတော့သည်။

"အာ ဘာတာဝန်လဲ ဒါပေမဲ့ သမီးတို့ ပြန်တော့မလို့လေ"

[အခုလေးတင် စသွားတာ ဟိုဘက်က လမ်းကြားထဲမှာ စိတ်ဝိဉာဉ် စမ်းရေ လိုအပ်နေတဲ့ လူတစ်ယောက် ရှိတယ် အဲဒီကို မြန်မြန်သွား]

[အခု မသွားရင် နောက်ကျသွားလိမ့်မယ် အဲဒီလူက သေတော့မယ်]

အားယွီလေး ကြားလိုက်ရချိန်တွင် အခြေအနေ အလွန်ဆိုးရွားနေမှန်း သိလိုက်တော့သည်။ ထို့ကြောင့် သူမသည် လှည်းပေါ်မှ ကမန်းကတန်း လျှောဆင်းပြီးနောက် အသားလုံးလေး ပြောသည့် လမ်းကြားဘက်သို့ ဦးတည်သွားလိုက်လေသည်။

အားယွီလေး လှည်းပေါ်မှ ရုတ်တရက် ဆင်းသွားသည်အား မြင်သော် အဖွားအို ဝမ်သည် အလျင်အမြန် အနောက်မှ လိုက်သွားလေသည်။

"အားယွီ ဘယ်သွားမလို့လဲ"

"ဖွားဖွား သမီးကို စောင့်ပါဦး သမီး ခဏနေရင် ပြန်လာခဲ့မယ်"

အားယွီလေးမှာမူ နောက်လှည့်မကြည့်ဘဲ အော်ပြောလိုက်သည်။

...

"လျှောက်မပြေးနဲ့.. မြန်မြန်ပြန်လာခဲ့"

အဖွားအို ဝမ်သည် မည်သို့ စိတ်ချနိုင်ပါမည်နည်း။ သူမသည် အားယွီလေး နောက်သို့ အမြန်လိုက်သွားပြီး လှမ်းခေါ်လိုက်သည်။ အားယွီလေးသည် အသားလုံးလေး ပြောပြသည့် လမ်းကြား အတွင်းသို့ ပြေးဝင်သွားပြီးနောက် ထောင့်ချိုးတစ်ခုသို့ ကွေ့လိုက်သည်။ ရုတ်တရက် သူမသည် ပြင်းထန်လှသည့် သွေးညှီနံ့အား ရလိုက်လေသည်။

သွေးအိုင် အတွင်း၌ လဲလျောင်းနေသည့် လူတစ်ယောက်အား သူမ မြင်လိုက်ရတော့သည်။ ထိုလူသည် သေလုမျောပါး ဖြစ်နေသော်လည်း သူ၏ မျက်လုံးများမှာမူ မီးတုတ်များကဲ့သို့ တောက်ပနေခဲ့သည်။ လူလာနေသည်အား ကြားလိုက်ရချိန်တွင် သူ၏ အကြည့်သည် ချက်ချင်းပင် အန္တရာယ် ပြုမည့်ပုံ ပေါက်သွားခဲ့သည်။

ဒဏ်ရာအား အုပ်ထားသည့် လက်သည် ဘေးသို့ ရွေ့သွားပြီး ဝှက်ထားသော လက်နက်တစ်ခုအား ကောက်ယူ လိုက်လေတော့သည်။

အသားလုံးလေးသည် အန္တရာယ်ရှိလှသည့် အငွေ့အသက်အား ခံစားမိသော်လည်း တာဝန်မှာမူ တစ်ဖက်လူသည် သူတို့ ကယ်တင်ရမည့် ပစ်မှတ်ဖြစ်ကြောင်း ပြသနေခဲ့သည်။ ထို့ကြောင့် ၎င်းသည် အနည်းငယ် ရှုပ်ထွေးသွားခဲ့ကာ အားယွီလေးအား သတိပေးရမည်လား သတိမပေးရမည်လား ဆိုသည်အား ဝေခွဲမတတ်တော့ပါချေ။

အဓိက အကြောင်းရင်းမှာမူ သူသည် ယခင်က ဤကဲ့သို့ အခြေအနေမျိုး မကြုံခဲ့ဖူးသည့် အတွက်ကြောင့် ဖြစ်သည်။ အားယွီလေးသည် ဘာမှ မသိရှာပေ။ ထိုလူသည် သွေးထွက်နေသည်အား မြင်သောအခါ သူမလေး အလျင်အမြန် ပြေးသွားလိုက်မိသည်။

"ဦးဦး သွေးတွေထွက်နေတယ် နာလားဟင်အရမ်း နာမှာပဲ အီး ဟီး သွေးတွေ အများကြီးပဲ"

အားယွီလေးသည် ထိုလူမှ သွေးထွက်နေဆဲ ဖြစ်သည်အား မြင်လိုက်ရချိန်တွ၍် ချက်ချင်းပင် ရင်ထဲ၌ နာကျင်သွားမိလေသည်။ သူမလေး ငိုလိုက်သည့် အတွက် မျက်ရည်များ သူမ၏ မျက်နှာပေါ်သို့ စီးကျလာခဲ့သည်။

အကြောင်းရင်း တစ်ခုခုကြောင့် ထိုလူသည် သူ့ရှေ့ရှိ ကလေးငယ်လေးမှ သူ့အား ကြည့်လျှက် ငိုနေသည်အား မြင်လိုက်ရသောအခါ ဝှက်ထားသော လက်နက်အား ကိုင်ထားသည့် သူ၏ လက် တင်းနေမှု လျော့သွားလေတော့သည်။

‘ကလေးတစ်ယောက်ပါပဲ...’

[သူ့ကို ရေနည်းနည်းလောက် မြန်မြန်တိုက်လိုက်]

အားယွီလေး ပြေးသွားချိန်တွင် အသားလုံးလေး၏ သတိပေးချက်အရ သူမသည် နေရာလွတ်ထဲမှ ရေအား ထုတ်ယူပြီး ဖြစ်လေသည်။ အမှန်တကယ်တွင် ရေအား အဘိုးအိုဝမ်မှ အားယွီလေး အတွက် ပြုလုပ် ပေးထားသည့် ဝါးခွက်ထဲတွင် ထည့်ထားခြင်း ဖြစ်သည်။

၎င်းသည် အားယွီ၏ လက်ဖဝါး အရွယ်အစားခန့်သာ ရှိပြီး ရေ နှစ်ငုံခန့်သာ ဆံ့လေသည်။

"ဦးဦး ရေ သောက်လိုက်ပါ"

အားယွီလေးသည် သူ့အား စိတ်ဝိဉာဉ် စမ်းရေ ကမ်းပေးလိုက်တော့သည်။

All Chapters