အခန်း (၆၃)
Vol. 5 Ch. 63
အခန်း (၆၃)
အားယွီလေးသည် ရေအား ကမ်းပေးလိုက်သော်လည်း တစ်ဖက်လူသည် သတိထားနေပုံရပြီး လက်မခံခဲ့ချေ။
"ဦးဦး အားယွီရဲ့ ရေက အရမ်းသောက်လို့ ကောင်းတယ်"
အားယွီလေးသည် ခေါင်းအား ပြင်းပြင်းထန်ထန် ငြိမ့်ပြလိုက်လေသည်။
"မြည်းကြည့်ပါလား ချိုတယ်"
သေချာသည်မှာ ထိုလူသည် သောက်ချင်စိတ် မရှိချေ။ ဤကလေးသည် ကြင်နာတတ်ပုံ ပေါ်သော်လည်း သူသည် သူတစ်ပါးအား ယုံကြည်နိုင်သည့် အခြေအနေတွင် မရှိချေ။
"သူက မသောက်ချင်ဘူး"
အားယွီလေး၏ မျက်နှာတွင် မျက်ရည်များ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ သူမ အလွန် စိတ်ပူပန်နေခဲ့ကာ အသားလုံးလေးမှ ဖြေရှင်းနည်း တစ်ခုခု စဉ်းစားပေးနိုင်မည်ဟုလည်း မျှော်လင့်နေမိသည်။
[သူက ဒဏ်ရာ ပြင်းထန်နေတော့ လှုပ်ရှားနိုင်မှာ မဟုတ်ဘူး သူ့ပါးစပ်ထဲ လောင်းထည့်ဖို့ ကြိုးစားကြည့်]
အသားလုံးလေး သည်လည်း သိပ်မသေချာချေ။
အားယွီလေးသည် ရေခွက်လေးအား ပြန်ကောက်ကိုင် လိုက်ပြီးနောက် ခြေဖျားလေးထောက်လျှက် ထိုလူ၏ ပါးစပ်ထဲသို့ လောင်းထည့်ချင်နေခဲ့သည်။
"အားယွီ.. ဘယ်တွေသွားနေတာလဲ"
ထိုအချိန်တွင် အဖွားအို ဝမ် ရုတ်တရက် ပေါ်လာခဲ့သည်။ မြေကြီးပေါ်တွင် လဲလျောင်းနေသည့် လူ၏ မျက်နှာထားသည် အေးစက်သွားခဲ့ကာ သူ၏ ဝှက်ထားသည့် လက်နက်အား ပြန်လည် ဆုပ်ကိုင်လိုက်မိသည်။
"အားယွီ"
ထို့နောက်တွင် အဖွားအို ဝမ်၏ ပုံရိပ်သည် လုံးဝ ပေါ်ထွက်လာတော့သည်။ သွေးအိုင်ထဲတွင် လဲနေသည့် လူအား သူမ တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်လုံးအိမ် ကျဉ်းမြောင်းသွားတော့သည်။
ထိုလူ၏ လက်ချောင်းထိပ်များ လှုပ်ရှားသွားခဲ့ကာ..
"ဖွားဖွား"
အားယွီလေးမှ ပျော်ရွှင်စွာ အော်ခေါ်လိုက်လေသည်။ ထိုလူ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူသည် လက်အား အားကုန်လွှဲလိုက်ပြီးနောက် အတွင်းအားဖြင့် တွန်းပို့လိုက်သည့် လျှို့ဝှက်လက်နက်သည် ပျံထွက်သွားလေတော့သည်။
‘ဒုတ်’
လျှို့ဝှက်လက်နက်သည် အဖွားအို ဝမ်အား မထိမှန်ဘဲ ထိုအစား နံရံပေါ်မှ အနက်ရောင်ဝတ် လူတစ်ယောက် ပြုတ်ကျလာခဲ့သည်။ အနက်ရောင်ဝတ် လူသည် ဓားမြှောင် တစ်ချောင်းအား ကိုင်ထားဆဲ ဖြစ်သည်။ လျှို့ဝှက်လက်နက် ထိမှန်ပြီးနောက် သူ ပြုတ်ကျလာခဲ့ကာ တစ်ပြိုင်နက် ကိုင်ဆောင်ထားသော ဓားမြှောင်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင် သွားလေတော့သည်။
သေဆုံးသွားသည့်တိုင် အနက်ရောင်ဝတ် လူသည် တုံ့ပြန်မှု မရှိခဲ့ချေ။ သူသည် လျှို့ဝှက် လက်နက်ကြောင့် သေဆုံးသွားခြင်းလား သို့မဟုတ် သူ၏ ကိုယ်ပိုင် ဓားမြှောင်ကြောင့် သေဆုံးသွားခြင်းလား မသိနိုင်ခဲ့ချေ။ သူ၏ မျက်လုံးများ ပြူးကျယ်နေခဲ့ပြီး မျက်လုံးများ မမှိတ်ဘဲ သေဆုံးသွားလေတော့သည်။
နောက်ဆုံးအားကို သုံးလိုက်ပြီးနောက်တွင် မြေကြီးပေါ်တွင် လဲလျောင်းနေသည့် လူ၏ ဗိုက်ထဲမှ သွေးများ ပန်းထွက်လာကာ ထိန်းချုပ်၍ မရနိုင်တော့ချေ။
"မြန်မြန် သွား"
သူ အော်ပြောနိုင်သည်မှာ ဤလောက်သာ ဖြစ်ပြီး ထိုသို့ အားတင်း ပြောလိုက်ပြီးနောက် သတိလစ်သွားတော့သည်။
[အာ သူသေတော့မယ် သူ့ကို ရေတိုက်လိုက်]
အဖွားအို ဝမ်သည်လည်း သူမအား ချောင်းမြောင်း တိုက်ခိုက်ချင်နေသည့် အနောက်မှ လူအား မြင်လိုက်ရလေသည်။ သူမသည် အားယွီလေးထံသို့ အမြန်ပြေးသွားပြီးနောက် ပွေ့ချီသွားချင်နေမိသည်။
"ဖွားဖွား ရေ ဦးဦးကို ဒီရေတိုက်လိုက်ပါ ဦးဦး သေတော့မယ်"
အားယွီလေးသည် ရေများ မဖိတ်စင်သွားစေရန် အတွက် ရင်ခွင်ထဲရှိ ရေခွက်ကို အလျင်အမြန် ကာကွယ်လိုက်လေသည်။
အဖွားအို ဝမ်သည် အသေးစိတ် မမေးတော့ချေ။ သူမသည် ရေခွက်အား ယူလိုက်ကာ ရေလောင်းထည့်ရန် သတိလစ်နေသည့် လူ၏ ပါးစပ်အား ဖွင့်လိုက်တော့သည်။
သူသည် သတိလစ်နေခဲ့ကာ သူ့ဘာသာသူ မျိုချနိုင်စွမ်း မရှိတော့ချေ။ အဖွားအို ဝမ်သည် လက်တစ်ဖက်ဖြင့် သူ့ပါးစပ်အား အုပ်ပြီးနောက် ကျန်လက်တစ်ဖက်ဖြင့် သူ၏ ပခုံးကိုကိုင်ထားရုံသာ တတ်နိုင်လေတော့သည်။ သူမသည် သူ့အား နှစ်ချက်ခန့် လှုပ်ခါလိုက်ရာတွင် ရေများ လည်ချောင်း အတွင်းသို့ စီးဝင်သွားလေတော့သည်။
"ကဲ သွားကြစို့"
ထို့နောက်တွင် သူမသည် ထိုလူအား လှည့်၍ပင် မကြည့်တော့ပေ။ အဖွားအို ဝမ်သည် လက်ကိုင်ပဝါတစ်ထည်အား ထုတ်လိုက်ပြီးနောက် ခွက်တွင် ပေနေသည့် သွေးများအား သုတ်လိုက်ကာ သူမ၏ လက်များကိုပါ သုတ်လိုက်တော့သည်။
ထို့နောက်တွင် အဖွားအို ဝမ်သည် သူမ၏ မြေးမလေး ပိုင်ဆိုင်သည့် စိတ်ဝိဉာဉ် စမ်းရေအား အလဟဿ မဖြစ်စေချင်ဟု ခံစားလိုက်ရလေသည်။ ထို့ကြောင့် သူမသည် ဤလူ၏ ခါးအား စမ်းသပ်လိုက်ရာတွင် ဆေးပုလင်းငယ် နှစ်ပုလင်း လျှို့ဝှက်လက်နက်တစ်ခုနှင့် ဓားမြှောင်အနည်းငယ်အား ထုတ်ယူလိုက်နိုင်လေသည်။
သူမသည် မနှစ်မြို့စွာဖြင့် ပြန်ထည့်ပေးလိုက်သည်။ နောက်ဆုံးတွင် သူမသည် ပိုက်ဆံအိတ်တစ်ခုအား တွေ့သွားခဲ့သည်။ အတွင်း၌ သွေးစွန်းနေသော ငွေစက္ကူများနှင့် ငွေစအကျိုးအပဲ့များ ပါရှိနေသည်။
အဖွားအို ဝမ်သည် ငွေစ အနည်းငယ်ကိုသာ ရွေးထုတ်လိုက်ပြီးနောက် အားယွီလေးအား ပွေ့ချီကာ ထွက်ခွာ သွားလေတော့သည်။
ထိုလူသည် သွေးမထွက်တော့သည်ကို သူမ သတိထား မိလိုက်သည်။ သွေးများ ခြောက်သွားခြင်းလား သို့မဟုတ် ရပ်တန့်သွားခြင်းလား ဆိုသည်ကိုတော့ သူမ မသိချေ။ အားယွီလေးသည် သူမ၏ ဖွားဖွား မည်သည်အား လုပ်ဆောင်နေသည်ကို မသိဘဲ ဘေးမှနေ၍ လိမ္မာစွာဖြင့် ငြိမ်ငြိမ်လေး ကြည့်နေခဲ့လေသည်။
"ဖွားဖွား ဟိုဘက်မှာ နောက်ထပ် ဦးဦးတစ်ယောက် ရှိသေးတယ်"
အားယွီလေးသည် သေဆုံးနေသည့် အနက်ရောင်ဝတ် လူအား လက်ညှိုးထိုးပြလိုက်လေသည်။
"အဲဒါ လူဆိုး ဦးဦးကြီး သူ့ကို ဂရုမစိုက်နဲ့"
ဤသည်မှာ ကောင်းသည့် အရာ ဟုတ်မဟုတ် သူမ မသိသော်လည်း သူမသည် သူ့အား ရန်မစချင်ခြင်းသာ ဖြစ်သည်။
"အော်"
အဖွားအို ဝမ်သည် ခရိုင်မြို့သို့ ယခင်က ရောက်ဖူးထားသဖြင့် ခန့်မှန်းခြေ တည်နေရာအား သိလေသည်။ သူမသည် အားယွီလေးအား ပွေ့ချီပြီးနောက် အခြား လမ်းကြားတစ်ခုသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
ထိုဘက်တွင်လည်း ကုန်သည်များစွာရှိသည့် လမ်းတစ်လမ်း ရှိလေသည်။ သူမသည် အသားသည် တစ်ဦး၏ ဆိုင်သို့ လျှောက်သွားပြီး သွေးစွန်းနေဆဲ ဖြစ်သည့် ငွေစအသေးလေးအား ဘေးနားရှိ ဝက်သားပုံထဲသို့ ပစ်ထည့်လိုက်လေသည်။
"ငါ့ကို အသား ဆယ်ကတ်တီလောက် ပေး အဆီတစ်ဝက် အသားတစ်ဝက်နော်"
အသားသည်သည် အသားအား ရွေးရင်း ငွေစကို တူးထုတ်လိုက်ကာ နှမြောတသစွာဖြင့် ပြောလိုက်လေသည်။
"အဘွားကြီး အသား ဝယ်ချင်ရင် အသား ဝယ်လေ ဘာလို့ ငွေစကို လျှောက် ပစ်နေတာလဲ သွေးတွေတောင် အများကြီး ပေနေသေးတယ် နံလိုက်တာ"
"ဟွန်း နင့်လို အသားသည်ကများ သွေးနံ့ကို ကြောက်နေ သေးတာလား ငါ အလျင်လိုနေတယ် ငါ့မိသားစုက စောင့်နေတာ အချိန်ဆွဲမနေနဲ့"
အဖွားအို ဝမ်မှ စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။
"ငါ အတော်များများ ဝယ်ပြီးပြီ နင့်ဘေးက ဝက်ကလီစာတွေ အကုန်လုံး ငါ့ကို ပေးလိုက် ဘာပဲဖြစ်ဖြစ် သိပ်ဈေးရတာမှ မဟုတ်တာ"
ဝက်အူများသည် အမှန်တကယ်ပင် တန်ဖိုး မရှိလှပေ။ သွေးညှီနံ့ ပြင်းထန်သည်သာမက ဖယ်ရှား၍ မရနိုင်သည့် ကလီစာနံ့လည်း ရှိနေသေးသည်။ လူအများစုသည် ဤအရသာအား မကြိုက်ကြချေ။
"ကောင်းပြီလေ မိတ်ဆွေဖွဲ့တယ် သဘောထားပြီး အပို ပေးလိုက်မယ် ကျုပ်ဆိုင်ကို နောက်တစ်ခေါက် ထပ်လာပြီး အားပေးဖို့ မှတ်ထားဦး"
"အေးပါ"
ဝက်အူ ငါးကတ်တီ ခြောက်ကတ်တီခန့်နှင့် အသား ငါးကတ်တီခန့် ရှိလေသည်။ အသားသည် သည် အသားအား ဂရုတစိုက် လှီးဖြတ်ပြီးနောက် သေချာ ထုပ်ပိုးပေးနေသဖြင့် အချိန်အနည်းငယ် ကြာသွားခဲ့သည်။
အဖွားအို ဝမ် အသားကို သယ်လိုက်သောအခါ အားယွီလေးသည် အောက်သို့ဆင်းကာ ကိုယ်တိုင် လမ်းလျှောက်ရန် အစပြုလိုက်လေသည်။
လမ်းမပေါ်သို့ ရောက်သည်နှင့် တပြိုင်နက် လူတစ်စု အလျင်အမြန် ပြေးထွက်လာသည်အား သူတို့ ကြားလိုက်ရလေသည်။
"မြန်မြန် မြန်မြန် မြန်မြန်"
ဘေးနားမှ လူတစ်ယောက်သည် တီးတိုး ရေရွတ်လိုက်လေသည်။
"ငါကြားတာတော့ ဟိုနားမှာ လူသတ်မှု ဖြစ်သွားတယ်တဲ့ နေရာတိုင်းမှာ သွေးတွေချည်းပဲ ကြောက်စရာကြီး"
"ငါတို့ခရိုင်မှာ လူသတ်မှု မဖြစ်တာ ကြာပြီ.. ခရိုင်လူကြီးမင်းတော့ အရမ်း အလုပ်များတော့မယ် ထင်တယ်"
"သွားပြီး အခြေအနေ သွားကြည့်ရအောင်"
"မင်းက ဘာသွားလုပ်မလို့လဲ ညကျရင် အိမ်မက်ဆိုးတွေ မက်မနေဘူးလား အဲဒါအစား ဒုက္ခသည်တွေ အစားအစာ လာယူတာ သွားကြည့်တာကမှ ပိုကောင်းဦးမယ်"
...
ထိုစကားအား အားယွီလေး ကြားလိုက်ရသောအခါ သူမသည် အဖွားအို ဝမ်အား မေးချင်သွားလေသည်။
"ဖွားဖွား"
"စကားမပြောနဲ့တော့ ဘိုးဘိုးရွာလူကြီးနဲ့ တခြားလူတွေ စိတ်ပူပြီး စောင့်နေကြတော့မယ် အဲဒီကို မြန်မြန်သွားကြစို့"
"အော် အော်"
အသားအား ကြိုးများဖြင့် ချည်နှောင်ထားပြီးနောက် ငှက်ပျောရွက် တစ်လွှာဖြင့် ထုပ်ပိုးထားသဖြင့် အခြားသူများ၏ အမြင်အား ကာကွယ် ပေးထားနိုင်လေသည်။
သို့မဟုတ်ပါက သူတို့သည် ဒုက္ခသည်များ ဖြစ်လျက်နှင့် အသား ဝယ်သည်ကိုသာ အခြားသူများ မြင်ပါက ကန့်ကွက်မည့်သူများ အမြဲ ရှိနေတတ်သည်။
သူတို့သည် ဟူ မိသားစု ရွာ၏ အစားအစာ သယ်ယူပို့ဆောင်ရေး အဖွဲ့ထံသို့ ပြန်လျှောက်လာသောအခါ ရွာလူကြီး ဟူ သည် စိတ်ပူနေပြီး ဖြစ်သည်။
"ခင်ဗျားတို့ ဘယ်သွားနေကြတာလဲ ဟိုနားမှာ လူသတ်မှု ဖြစ်သွားတယ် လူတစ်ယောက် အသတ်ခံလိုက်ရတယ်လို့ ကြားတယ် ကျုပ်တို့က ဒီမှာ ပိတ်မိနေပြီး ခင်ဗျားတို့ကို ရှာမတွေ့ဘူး"
လူတိုင်း အမှန်တကယ် စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။
"အားယွီက ရှူးရှူးပေါက်ချင်လို့ အိမ်သာကျင်း သွားရှာပေးနေတာ"
အဖွားအို ဝမ်သည် လက်ထဲရှိ အသားများအား လှည်း၏ အတွင်းဆုံးအပိုင်းသို့ ထိုးထည့်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။
"အသားတွေ ရောင်းကောင်းနေတာ တွေ့လို့ နည်းနည်း ဝယ်လိုက်တာ ရှင် ဘာလူသတ်မှုအကြောင်း ပြောနေတာလဲ လူတစ်စု ပြေးနေတာတော့ ကျုပ်တို့ မြင်လိုက်သေးတယ်"
"ထားလိုက်ပါတော့ ခင်ဗျားတို့ မမြင်လိုက်တာ ကောင်းပါတယ်.. ကျုပ် အသားဝယ်ဖို့ မေ့သွားတယ် ပြန်ရောက်ရင် ကျုပ်ကို နည်းနည်းလောက် ခွဲပေးပါ မူရင်းဈေးအတိုင်း ခင်ဗျားဆီက ပြန်ဝယ်ပါ့မယ်"
သူတို့ ဘာမှ မဖြစ်သည့် အကြောင်း မြင်လိုက်ရချိန်မှသာ ရွာလူကြီး ဟူ သည် ဆက်မမေးတော့ခြင်း ဖြစ်သည်။
"ရတာပေါ့"
...
ထိုဖြစ်ရပ်ငယ်လေး ပြီးသွားပြီးနောက် ဟူ မိသားစု ရွာမှ လူများသည် နောက်ဆုံးတွင် ရွာသို့ ပြန်ရန် ထွက်ခွာ လာခဲ့ကြတော့သည်။ ခရိုင်မြို့ အဝင်ဝသို့ ရောက်သောအခါ သူတို့သည် နောက်ဆုံးမိနစ်တွင် မေးမြန်းစစ်ဆေးခြင်း ခံလိုက်ရသေးသည်။
သူတို့နှင့် ပတ်သက်၍ ပြဿနာ မရှိသည့် အတွဥ် သူတို့အား အမြန်ပင် လွှတ်ပေးလိုက်လေသည်။ အားယွီလေးသည် လှည်းပေါ်တွင် မျက်လုံးမှေးလျက် လှဲနေခဲ့သည်။ လူတိုင်းသည် သူမလေးအား အိပ်ပျော်သွားပြီဟု ထင်မှတ်နေကြသော်လည်း သူမသည် တကယ်တမ်းတွင် အသားလုံးလေး နှင့်အတူ နေရာလွတ်အတွင်းသို့ ရောက်နေခြင်း ဖြစ်သည်။
[ကလေးလေး မင်း အရမ်းတော်တာပဲ မင်း အဲဒီလူကို ကယ်ခဲ့တယ်]
အသားလုံးလေး၏ အမြင်အာရုံမှာ ကန့်သတ်ချက် ရှိသဖြင့် အဝေးတွင် မည်သို့ ဖြစ်ပျက်နေသည်အား အာရုံမခံနိုင်ခဲ့ချေ။
သို့သော် တာဝန် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း အကြောင်းကြားစာမှ ပြသနေသည်အား သူ မြင်လိုက်ရလေသည်။ ဆိုလိုသည်မှာ အားယွီသည် သေဆုံးတော့မည့် လူတစ်ယောက်အား ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ စိတ်ဝိဉာဉ် စမ်းရေ၏ မှော်ဆန်သော အစိတ်အပိုင်း ဖြစ်သည်။ ၎င်းသည် သက်ရှိသတ္တဝါများ၏ ဇီဝကမ္မ ဖြစ်စဉ်အား လျင်မြန်စွာ ပြုပြင်ပေးနိုင်ကာ မူလ အတိုင်း အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိစေနိုင်လေသည်။
အကယ်၍ လူတစ်ယောက်သည် ဒဏ်ရာ အပြင်းအထန် ရထားကာ သေဆုံးရန် အသက်တစ်ဝက်သာ ကျန်တော့လျှင်ပင် ၎င်းသည် ပြန်လည် ကုစားပေးနိုင်သေးသည်။ အားယွီလေး သည်လည်း အလွန် ပျော်ရွှင်နေခဲ့သည်။
"အဲဒီ ဦးဦးက သက်သာလာပြီလား ကောင်းလိုက်တာ"
[မင်း ယာယီ တာဝန်တစ်ခုကို ပြီးမြောက်ခဲ့တယ်.. နေရာလွတ်ကို အဆင့်မြှင့်တင်ဖို့ သိပ်အထောက်အကူ မပြုပေမဲ့ လက်ဆောင်အိတ် အသေးလေး တစ်လုံးတော့ ရှိတယ်]
အားယွီလေး စိတ်ဝင်တစား စူးစမ်းချင် မိသွားတော့သည်။
"လက်ဆောင်အိတ် အသေးလေးက ဘာလဲဟင် စားလို့ ရလား"
[ဟ ဘယ်ရမလဲ ဒါက တခြား နတ်သူငယ်လေးတွေဆီက လက်ဆောင်ပါ ဒါပေမဲ့ မင်းက တစ်ခုပဲ ရွေးလို့ရမယ်]
[လက်ဆောင်တွေက အမျိုးမျိုး ရှိတယ် တချို့က အရမ်း အသုံးဝင်တယ် တချို့ကျတော့ လုံးဝ အသုံးမဝင်ဘူး]
[မင်း ဘယ်လက်ဆောင် ရမလဲဆိုတာကတော့ မင်းရဲ့ ကံတရားပေါ်ပဲ မူတည်တယ်]
အသားလုံးလေးမှ တတ်နိုင်သမျှ ရိုးရှင်းအောင် ရှင်းပြလိုက်လေသည်။ အသားလုံးလေးသည် ဤသည်မှာ လူသစ် လက်ဆောင် ဖြစ်လောက်မည်ဟု ခံစားမိလေသည်။
အမှန်တကယ်တွင် တာဝန်မှာ အတော်လေး ရိုးရှင်းလေသည်။ သေလုမျောပါး လူတစ်ယောက်အား ရေတိုက်ရုံမျှသာ ဖြစ်သည်။ စိန်ခေါ်မှု မဟုတ်ပေ။ လက်ဆောင်ထုပ် သည်လည်း အဆင့်နိမ့်သာ ဖြစ်လောက်ပေသည်။
[ကလေးလေး တစ်ခု ရွေးလိုက်]
အသားလုံးလေး အတောင်ပံ ခတ်လိုက်ရာ လေထဲတွင် အလင်းရောင် ဘောလုံး ငါးလုံး ပေါ်လာခဲ့သည်။ အလင်းရောင် ဘောလုံး တစ်လုံးစီသည် အရောင်မတူကြပေ။ အားယွီလေး၏ မျက်လုံးများသည် တစ်ဖက်မှ တစ်ဖက်သို့ ခေါက်တုံ့ခေါက်ပြန် ကြည့်နေမိသည်။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူမသည် လက်အား မြှောက်လျှက် အလယ်ရှိ အပြာရောင် ဖျော့ဖျော့ အလင်းရောင် ဘောလုံးလေးအား လက်ညှိုး ထိုးပြလိုက်လေသည်။
"သမီး ဒါ လိုချင်တယ်"
"ကိုကိုက ဒီအရောင် ဝတ်ထားတာ ကြည့်လို့ ကောင်းတယ်"
အသားလုံးလေးသည် ထိုကောင်ငယ်လေးမှ အပြာရောင် ဖျော့ဖျော့ အဝတ်အစားများ ဝတ်ဆင်ထားပုံ ရသည်အား သတိရသွားမိသည်။ သူမ မေ့ဖို့ ခက်ခဲပေလိမ့်မည်။
[ဒါဆို မင်း ဘာလက်ဆောင် ရမလဲဆိုတာ ကြည့်လိုက်ကြစို့]