← Chapters

ရွာသို့ ပြန်ရောက်ခြင်း

Vol. 5 Ch. 64

ရွာသို့ ပြန်ရောက်ခြင်း

Vol. 5 Ch. 64

အားယွီလေးမှ အလင်းလုံးလေးအား ရွေးချယ်လိုက်ရာ ထိုအလင်းလုံးမှာ သူမ၏ ရှေ့သို့ ပျံဝဲ ရောက်ရှိ လာခဲ့တော့သည်။

[အဲ..]

အသားလုံးလေးသည် အလင်းလုံးအား ဖွင့်ကြည့်လိုက်ချိန်တွင် ၎င်းမှာ အာဟာရရည် တစ်သေတ္တာ ဖြစ်နေကြောင်း သိလိုက်ရလေသည်။

[ဒါက အဆင့်မြင့် လောကဆီက အာဟာရရည်ပဲ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ကုသပေးနိုင်တယ်]

အားယွီလေးမှာမူ လုံးဝ နားမလည်ခဲ့ချေ။

"နတ်သူငယ်လေး ဒါကဘာကြီးလဲ"

[ပစ္စည်းကောင်းပဲ စိတ်ဝိညာဉ် စမ်းရေထက် အများကြီး ပိုကောင်းတယ်]

[ကလေးမ မင်းကံကောင်းတာပဲ]

စိတ်ဝိဉာဉ် စမ်းရေသည် ဇီဝခွန်အားအား ပြန်လည် ဖြည့်တင်းပေးနိုင်သည့် တိုင် စိတ်ပိုင်းဆိုင်ရာကိုမူ ပြုပြင် ကုသမပေးနိုင်ချေ။ စုစုပေါင်း အာဟာရရည် ပုလင်းငယ် ဆယ်လုံး ပါဝင်လေသည်။ သာမန် စိတ်ကျန်းမာရေး ဝေဒနာများဆိုလျှင် တစ်လုံးတည်းနှင့်ပင် ပျောက်ကင်းအောင် ကုသပေးနိုင်ပေသည်။

သာမန်အားဖြင့် ထိုကဲ့သို့ ကံစမ်းမဲမျိုးသည် မဲနှိုက်သူ၏ လိုအပ်ချက်အပေါ် မူတည်ပြီး ကျရောက် တတ်စမြဲ ဖြစ်သည်။ သို့သော် အားယွီမှာ ယခုလက်ရှိတွင် ဤအာဟာရရည်အား မလိုအပ်သေးချေ။

"ဒါကို စားလို့ရလားဟင်"

အားယွီလေးမှာမူ ထိုမေးခွန်းအားသာလျှင် စိုးရိမ်တကြီး တွေးနေရှာသည်။

[ရတာပေါ့ ဒါပေမဲ့ ဒါက ကုသဖို့အတွက် သုံးတာ မင်းအတွက် ငါအရင် သိမ်းထားပေးမယ် အသုံးဝင်မယ့် အချိန်ကျမှ ငါပြောပြမယ်]

"ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးပါပဲ နတ်သူငယ်လေးက တကယ်ကို ကောင်းတာပဲ"

အားယွီလေးသည် အသားလုံးလေးအပေါ် ချီးကျူးစကားဆိုရန် ဝန်မလေးခဲ့ပေ။

[အဟမ်း ဘာလို့ အဲ့ဒီလောက် ယဉ်ကျေးနေရတာလဲ]

အသားလုံးလေးသည် ရှက်ရွံ့သွားခဲ့ကာ ၎င်း၏ အမွှေးပွ ခန္ဓာကိုယ်လေးအား လိမ်ကျစ်လိုက်မိသည်။ အားယွီလေး၏ အသိစိတ်မှာ ရုတ်တရက် သမ်းဝေလာခဲ့တော့သည်။

[ဒီမှာပဲ အရင်အိပ်လိုက်ပါ ရောက်သွားရင် ငါနှိုးလိုက်မယ်]

အသားလုံးလေး၏ အတောင်ပံနှစ်ဖက် ခတ်လိုက်သည်နှင့် ငှက်မွှေးများဖြင့် ပြုလုပ်ထားသော ကုတင်ငယ်လေးတစ်လုံး မြေပြင်ပေါ်တွင် ပေါ်လာခဲ့လေသည်။

အားယွီလေးသည် မျက်လုံးများကို ပွတ်သပ်ရင်း ထိုအပေါ်တွင် လှဲချလိုက်ကာ တဖြည်းဖြည်း အိပ်ပျော် သွားလေတော့သည်။

နေရာလွတ် အိတ်ကပ် အတွင်း၌ အိပ်စက်ရသည်မှာ အပြင်လောကတွင် အိပ်စက်ရသည်ထက် ပို၍ သက်သောင့်သက်သာ ရှိလှပေသည်။

အနည်းဆုံးတော့ နေရာလွတ်လေးထဲတွင် ငြိမ်သက် တိတ်ဆိတ်နေလေသည်။ လှည်းပေါ်တွင်မူ အတော်လေး လှုပ်ခါလွန်းလှသည်။

ဟူမိသားစုရွာမှ ရွာသားများ ရွာသို့ ပြန်ရောက်လာချိန်တွင် အခြားတစ်နေရာမှ မိန်းကလေးတစ်ဦးသည်လည်း သတင်းစကားအား လက်ခံရရှိလိုက်လေသည်။

"ဒုတိယသခင်မလေး အားလုံး စီစဉ်ပြီးပါပြီ"

တစ်စုံတစ်ယောက်မှ ထိုမိန်းကလေးထံသို့ သွားရောက် သတင်းပို့လိုက်လေသည်။ ထိုမိန်းကလေးမှာမူ မျက်မှောင်ကြုတ်လိုက်မိသည်။

"အရင်တုန်းက ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုလည်း နင်တို့ စုံစမ်းမထားဘူး အခုကျမှ အားလုံး အဆင်ပြေပါတယ်လို့ လာပြောနေတော့ ငါနင်တို့ကို တကယ် မယုံနိုင်တော့ဘူး"

"ဒုတိယသခင်မလေး ခွင့်လွှတ်ပေးပါ အရင်တုန်းက အဲ့ဒီလူနှစ်ယောက်က အသုံးမကျလို့ပါ သူတို့ကို ရှင်းပစ်လိုက်ပါပြီ ဒီတစ်ခါတော့ သွေးမိုးမျှော်စင် အဖွဲ့က လူတွေကို ဖိတ်ခေါ်ထားပါတယ် ဒီတစ်ခါတော့ သေချာပေါက် အမှားအယွင်း ရှိမှာ မဟုတ်တော့ပါဘူး"

ထိုမိန်းကလေးမှာမူ စိုးရိမ်နေဆဲပင် ဖြစ်သည်။ အမျိုးသား အစောင့်တပ် ဘုရားကျောင်းတွင် အဆိုးရွားဆုံး ကံမကောင်းသည့် မဲစာလိပ်အား နှိုက်မိပြီးချိန်မှ စတင်၍ သူမ၏ စိတ်ထဲတွင် အမြဲလိုလို ဂနာမငြိမ် ဖြစ်နေခဲ့ရလေသည်။

ကပ်ဘေးတစ်ခုဆိုသည်မှာ နှစ်ပေါင်း တစ်ထောင် တိုင်အောင် ကြာရှည်တတ်သည်ဟု ဆိုစမှတ် ပြုခဲ့ကြသည်။ အစောပိုင်းတွင် ဗီလိန် ဇာတ်ပို့မ တစ်ယောက်သည် ဤမျှ လွယ်လွယ်ကူကူနဲ့ ဇာတ်သိမ်းသွားသည်မှာ ဖြစ်နိုင်ပါ့မလားဟု သူမ တွေးမိခဲ့သေးသည်။ နောက်ပိုင်းတွင် သူမ စစ်ဆေး ကြည့်လိုက်သောအခါ မျှော်လင့်ထားသည့်အတိုင်းပင် တစ်ဖက်လူမှာ သေဆုံးသွားခြင်း မရှိသေးကြောင်း တွေ့လိုက်ရလေသည်။

ယခုအချိန်တွင် သူမအနေဖြင့် ထိုလူအား နောက်တစ်ကြိမ် ထပ်မံ ဓားဖြင့် ထိုးရုံသာ ရှိတော့သည်။

"ဒီကိစ္စက အရမ်းအရေးကြီးတယ် ငါတို့ရဲ့ မဟာချန် နိုင်ငံတော် တစ်ခုလုံး ကိုတောင် သက်ရောက်မှု ရှိနိုင်တယ် ငါတို့ ပေါ့ဆလို့ မဖြစ်ဘူး"

ထို မိန်းကလေးမှ လေးနက်သောလေသံဖြင့် ပြောလိုက်လေသည်။ သူမသည် ကလေးမလေး တစ်ယောက်အား ဒုက္ခပေးနေခြင်း မဟုတ်ပေ။ သူမသည် တိုင်းပြည်တစ်ခုလုံးအား ကယ်တင်နေခြင်းသာ ဖြစ်လေသည်။

မူရင်းဝတ္ထုထဲတွင် ထို ဗီလိန်ဇာတ်ပို့မသည် အလွန် ဆိုးသွမ်းလှပေသည်။ သူမအပေါ် သနားညှာတာမှု ပေးနေစရာ မလိုချေ။

"ဒုတိယသခင်မလေးက တကယ့်ကို အမြော်အမြင် ရှိတာပဲ"

လက်အောက် ငယ်သား အစေခံ ဖြစ်သူမှာ လေးစားအားကျသည့် အကြည့်ဖြင့် ကြည့်လိုက်မိသည်။ သို့သော် သူ့စိတ်ရင်းထဲတွင်တော့ မဟာချန်နိုင်ငံတော် အကြောင်းအား ထည့်ပြောနေခဲ့ကာ မိမိကိုယ်ကို မင်းမျိုး မင်းနွယ် တစ်ပါးကဲ့သို့ ပြောဆိုနေသည့် ထို မိန်းကလေးငယ် အပေါ် အထင်အမြင် သေးနေမိလေသည်။

"အရင်တစ်ခေါက်တုန်းက အဲ့ဒီလူ မဟာချန်နိုင်ငံ ထဲကနေ ထွက်သွားပြီဆိုတာကို နင်တို့ စုံစမ်းမိတယ်မလား ဒီတစ်ခါတော့ သူ့ကို တောင်ပေါ်မှာ ဒီတိုင်း ပစ်မထားခဲ့နဲ့တော့ အနာဂတ်ရောက်ရင် ရှင်းရခက်မှာ စိုးလို့ တွေ့တဲ့နေရာမှာပဲ အပြတ်ရှင်းပစ်လိုက်"

"ဟုတ်ကဲ့ပါ"

သူမ၏ လက်အောက်ငယ်သား ထွက်ခွာသွားပြီးနောက် ထိုမိန်းကလေးသည် စားပွဲတွင် ထိုင်လိုက်ပြီးနောက် တုန်ယင်နေသည့် လက်များဖြင့် လက်ဖက်ရည် တစ်ခွက်အား ငှဲ့လိုက်လေသည်။

သူမသည် အေးစက်နေသော လက်ဖက်ရည်အား တစ်ငုံလောက် သောက်လိုက်ကာ မိမိကိုယ်ကို နှစ်သိမ့်လိုက်မိသည်။

"ဝန်ထုတ်ဝန်ပိုး ဖြစ်မနေနဲ့ ဒါက စာအုပ်တစ်အုပ်ပဲ နောင်ကျရင် အိမ်ပြန်ရမှာပဲလေ အခုက မပြန်ခင်မှာ ဗီလိန်ဇာတ်ပို့မကို ကူညီပြီး ရှင်းထုတ်ပေးရုံ သက်သက်ပါပဲ ကုသိုလ်ယူနေတာပါ"

ထိုသို့ တွေးလိုက် မိချိန်မှသာလျှင် သူမ၏ နှလုံးသား အတွင်းမှ ဂနာမငြိမ်ဖြစ်မှုများ တဖြည်းဖြည်း လျော့ပါးသွားခဲ့ရလေသည်။

ထိုအချိန်၌ပင် ယုံတင်းခရိုင်ရုံးရှိ ဧည့်သည်ဆောင် တစ်ခုအတွင်းသို့ ချင်ဟွိုင် ဝင်ရောက်လာရာ ခုတင်ပေါ်တွင် လဲလျောင်းနေသည့် လူတစ်ယောက်အား တွေ့လိုက်ရသည်။

အကယ်၍ အားယွီလေးသာ ထိုနေရာတွင် ရှိနေခဲ့မည်ဆိုရင် သူမ ရေတိုက်ခဲ့သည့် သွေးသံရဲရဲဖြင့် ဦးလေးကြီး ဖြစ်နေကြောင်း တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေမှာ အသေအချာပင် ဖြစ်သည်။ ထိုလူမှ ချင်ဟွိုင်အား မြင်လိုက်သည်နှင့် ခုတင်ပေါ်မှ ဆင်းရန် ရုန်းကန်လိုက်လေသည်။

"သခင်လေး"

ချင်ဟွိုင်မှ ညာလက်အား မြှောက်ပြလိုက်ပြီးနောက် လှုပ်ရှားစရာ မလိုကြောင်း ပြသလိုက်လေသည်။

"ခင်ဗျား ဘာလို့ ကျွန်တော်တို့နောက် လိုက်လာတာလဲ နောက်ယောင်ခံ လိုက်တဲ့သူတွေကို မျက်ခြေဖြတ်နိုင်ခဲ့ရဲ့လား"

ချီကျားမှ ချင်ဟွိုင်၏ နောက်မှနေ၍ ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။

"အားလုံးကို ရှင်းပစ်လိုက်ပါပြီ"

ထိုလူမှ ဆက်ပြောလိုက်လေသည်။

"သခင်မကြီးရဲ့ စကားကို လာပါးတာပါ သခင်မကြီးက ပြောပါတယ် သခင်လေးကို ဒီမှာပဲ အေးအေး ဆေးဆေး နေစေချင်တယ်တဲ့ အချိန်တန်မှပဲ ပြန်ခေါ်လာခဲ့မယ်လို့ မှာလိုက်ပါတယ်"

ချီကျားသည် မသိစိတ်ဖြင့် ချင်ဟွိုင်အား လှမ်းကြည့် လိုက်သော်လည်း သူ၏ မျက်နှာထားမှာ မည်သည်ကိုမှ မကြားလိုက်သကဲ့သို့ အေးစက်နေသည်ကိုသာ တွေ့လိုက်ရလေသည်။

သတင်းရရှိပြီးနောက် ကျောင်းကျန့်သည် လက်ထောင် တရားသူကြီးချောင်အား အလျင်အမြန် ညွှန်ကြားလိုက်ပြီး နောက် ချင်ဟွိုင်ရှိရာသို့ အပြေးအလွှား ရောက်လာခဲ့လေသည်။

တံခါးဝသို့ အရောက်တွင် ထိုစကားများအား သူ အမှတ်မထင် ကြားလိုက်ရပြီးနောက် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့သည်။ အခြေအနေ မကောင်းတော့ကြောင်း သူ၏ အာရုံဆဋ္ဌမမှ သတိပေးနေခဲ့သည်။

ထင်ထားသည့်အတိုင်းပင် ဖြစ်သည်။ နောက်တစ်ခဏ၌ နှင်းထုထဲမှ ထွင်းထုထားသကဲ့သို့သော လူငယ်လေး၏ စကားသံအား သူတို့ ကြားလိုက်ရတော့သည်။ လူငယ်လေး၏ မျက်နှာပေါ်တွင် ထူးဆန်းလှသည့် အပြုံးတစ်ခုပင် ချိတ်ဆွဲထားသေးသည်။

"ကောင်းပြီလေ"

သူသည် ထိုနေရာတွင် မလိုအပ်သည့် သူ တစ်ဦး ဖြစ်ကြောင်း ဟိုး အရင် အချိန်များကတည်းမှ သိရှိပြီးသား ဖြစ်သည်။ ယခုလို ဖြစ်သွားသဖြင့် သာ၍ ကောင်းလှပေသည်။

အမှန်တကယ်တော့ အားယွီလေးသည် ဟူမိသားစုရွာသို့ ပြန်ရောက်နေပြီ ဖြစ်သည်။ ရွာသူရွာသားများသည် ထွက်ကြိုကြကာ အစားအစာများအား ကူညီ သယ်ဆောင်လာပေးသည့် အရာရှိအချို့ကိုလည်း တွေ့လိုက်ရလေသည်။

ရွာသူရွာသားများမှာ ကြောက်ရွံ့တုန်လှုပ်နေကြကာ အရာရှိများအား မပျော်မရွှင် ဖြစ်စေမိမည်ကို စိုးရိမ်နေကြလေသည်။

...

ရွာသူကြီးဟူမှ သူတို့အား အလျင်အမြန် လှမ်းခေါ်လိုက်တော့သည်။

"အရာရှိမင်းတို့ ပင်ပန်းသွားကြပြီ ဒီမှာပဲ ထမင်းစားသွားကြပါလား"

အမှုထမ်းများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြကာ ခေါင်းခါပြ လိုက်ကြသည်။

"စားဖို့ မလိုတော့ပါဘူး ကျုပ်တို့ လုပ်စရာ အလုပ်ကိစ္စတွေ ရှိသေးတယ် ဒီတော့ အကြာကြီးနေဖို့ အဆင်မပြေဘူး"

"လွန်ခဲ့တဲ့ တစ်ခေါက် လာတုန်းက သောက်ခဲ့ရတဲ့ ပဲနို့များ ရှိသေးလား"

တိုက်ဆိုင်စွာပင် သူတို့သည် ယခင်က ဟူမိသားစုရွာသို့ လာရောက်ဖူးသည့် အရာရှိများ ဖြစ်နေကြသည်။ ထိုပဲနို့အား သောက်ပြီးနောက် ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့ကြသော်လည်း အရသာမှာ အမှန်ပင် မဆိုးလှချေ။ ထို့အပြင် သောက်ပြီးသည့်နောက် လန်းဆန်း တက်ကြွသွားသည် ဟု ပင်ခံစားခဲ့ရသေးသည်။

ဝမ်းပျက်ရခြင်းမှာ သေချာ ကျိုချက် မထားသည့် အတွက်ကြောင့်သာ ဖြစ်တန်ရာ၏။ ခရီးမထွက်မီ နည်းနည်းလောက် သောက်လိုက်ရလျှင် သေချာပေါက် ကောင်းမွန်ပေလိမ့်မည်။ ရွာသူကြီး ဟူမှာမူ အခက်တွေ့ သွားလေတော့သည်။

"ဒါက"

‘ဒီအရာရှိတွေ ဘာဖြစ်နေကြတာလဲ သူတို့က လူတွေကို ဒုက္ခလာပေးနေကြတာပဲ’

ယုတ္တိကျကျ စဉ်းစားကြည့်လျှင်မူ ယခုလို ရာသီဥတုမျိုးတွင် ပဲနို့ ရှိစရာ အကြောင်းမရှိချေ။ အဘိုးအိုဝမ်၏ မိသားစုတွင် အနည်းငယ် ရှိနေသော်လည်း ရွာသူကြီးဟူသည် သူတို့အား ဖော်ကောင်မလုပ်ချင်ပေ။

...

"ပဲနို့တော့ မရှိတော့ပါဘူး ဒါပေမဲ့ သကြားရည်တော့ အများကြီး ရှိပါတယ် အရာရှိမင်းတို့ စိတ်မရှိဘူးဆိုရင် အရင် မြည်းစမ်းကြည့်လို့ ရပါတယ်"

ထိုသို့ပြောပြီးနောက် ရွာသူကြီးဟူသည် မိမိဇနီးသည်အား သွားခေါ်လိုက်ပြီး အိမ်တွင် ရေနွေးအနည်းငယ် ပြင်ဆင်ခိုင်း လိုက်လေသည်။

အမှုထမ်းများမှာ အနည်းငယ် နှမြောတသ ဖြစ်မိသော်လည်း သူ့အား အခက်တွေ့အောင် မလုပ်ကြတော့ပေ။

‘သကြားရည်ဆိုလည်း သကြားရည်ပေါ့ ဒါလည်း လယ်သမားတွေ ထုတ်ပေးနိုင်တဲ့ ရှားပါးပစ္စည်း တစ်ခုပဲလေ’

အခြားတစ်ဖက်တွင်မူ အားယွီလေးမှာ ခုန်ပေါက်ပြေးလွှား ကစားနေခဲ့လေပြီ။ မကြာမီ သူမသည် အဘိုးအိုဝမ်၏ မြေးများနှင့် ဆုံတွေ့လိုက်သည်။ ဝမ်ဝူလန်မှ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"ညီမလေး အားယွီ ခရိုင်မြို့ကို သွားရတာ ဘယ်လိုနေလဲ ခရိုင်မြို့က ကြီးလား စည်ကားလား ခရိုင်မြို့မှာ ပစ္စည်းကောင်းတွေ အများကြီး ရှိလား"

ဝမ်လျိုလန်သည်လည်း ဝင်မေးလိုက်ပြန်သည်။

"ခရိုင်မြို့မှာ သကြားကပ် ဇီးသီးတွေ ရောင်းတယ်လို့ ကြားတယ် ညီမလေး စားရလား"

သကြားကပ် ဇီးသီးအကြောင်း ပြောလိုက်သည်နှင့် အားယွီလေးမှာ သူမ၏ ပါးစပ်တစ်ခုလုံး နာကျင်လာသလိုပင် ခံစားလိုက်ရလေသည်။ သကြားကပ် ဇီးသီး တစ်ချောင်းလုံး ကုန်အောင်စားဖို့ သူမ အတော်လေး ကြိုးစားခဲ့ရသည် မဟုတ်ပါလော....

"သကြားကပ် ဇီးသီးတွေက ချဉ်တယ် မစားကောင်းပါဘူး"

အားယွီလေးမှ ကလေးကစားစရာ ဗုံကလေး လှုပ်ယမ်းသကဲ့သို့ ခေါင်းကို တွင်တွင်ခါပြလိုက်တော့သည်။

"သမီး သကြားကပ် ဇီးသီး ထပ်မစားချင်တော့ဘူး"

သူမ၏ အစ်ကိုများမှာ ချက်ချင်း စကားမပြောနိုင် ဖြစ်သွားကြတော့သည်။ သူတို့မှာ သကြားကပ် သစ်သီးဆိုသည်အား တစ်ခါမှ မမြင်ဖူးကြသော်လည်း အားယွီမှာမူ မနှစ်သက်ခြင်း ဖြစ်နေလေပြီ ဖြစ်သည်။

။

အချို့လူတွေကျ မိုးခေါင်လို့ သေရပြီး အချို့ကျတော့ ရေကြီးလို့ ရေနစ်သေရတယ် ဆိုတာ ဒါမျိုးကို ပြောတာများလား....

ရွာသူကြီးဟူ ဘက်တွင်တော့ မိသားစု အသီးသီးမှ ခေါင်းဆောင်များအား ခေါ်ယူလိုက်ပြီးနောက် နန်းတွင်းမှ ပေးပို့လိုက်သော အစားအစာများနှင့် မျိုးစေ့များအား လူတိုင်းရှေ့တွင် ဝေငှ ပေးလိုက်လေသည်။ အဘိုးအိုဝမ်၏ အိမ်သို့ ရောက်ချိန်တွင် သူတို့ အများအပြား ဝေစု ရရှိလိုက်ကြသည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းတွင် အိမ်ထောင်စုစာရင်း၌ နာမည်ပေါက် ရှိကြသဖြင့် အစားအစာ ပိုမို ရရှိလိုက်ကြခြင်း ဖြစ်သည်။ ဤအချက်ကြောင့် အခြားသူများအား အလွန်အမင်း မနာလို ဖြစ်သွားစေသည်။

"ကလေးများများ မွေးလေလေ ငါတို့ဘဝ ပိုခက်ခဲလေလေလို့ ဘယ်သူ ပြောတာလဲ ကြည့်စမ်း အခု သူတို့ အစားအစာ ပိုရနေကြတယ် မဟုတ်လား"

"ငါသာ ရွေးချယ်ရမယ်ဆိုရင် ကလေးတွေ အများကြီး မွေးပြီး ပြုစုပျိုးထောင်ရတာထက် အစားအစာ နည်းနည်းပဲ ရတာကို ရွေးလိုက်မယ် ဒီလောက် ကလေးတွေ အများကြီးကို ပြုစုပျိုးထောင်ဖို့ ဘယ်လိုလုပ် လောက်ငမှာလဲ"

ရွာသူရွာသားများမှာ စိတ်လှုပ်ရှားစွာ ပြောဆို နေကြသော်လည်း အားယွီလေးမှာမူ သူမ၏ အစ်ကိုများနှင့် ကစားရန် တောင်နောက်ဖေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

"မိုးရွာနေတာ သုံးရက်ဆက်တိုက် ရှိနေပြီ တောင်ပေါ်က မှိုတွေ အခုဆို ကောင်းကောင်း ပေါက်နေလောက်ပြီ မှိုသွားရှာပြီး ညစာကျရင် မှိုဟင်းချို ချက်သောက်ကြရအောင်"

ဝမ်ဝူလန်မှ လှည့်ကြည့်လိုက်ကာ အားယွီလေးအား လှမ်းခေါ်လိုက်လေသည်။ မည်သည့် မှိုဟင်းချိုမျိုးသည် အရသာရှိကြောင်းကိုပင် သူသည် အားယွီလေးအား ရှင်းပြနေသေးသည်။

အမှန်တွင်မူ အားယွီလေး တစ်ခုမှ နားမလည်သော်လည်း သူမ၏ အစ်ကိုများ ပြောသည်ကိုသာ ပြုံးရွှင်စွာ နားထောင်နေခြင်းအား မရပ်တန့်နိုင်ချေ။

နောက်ဆုံးတွင် တောင်ပေါ်သို့ တက်သည့် ဤခရီးစဉ်၌ သူတို့ မှိုများ သိပ်မတွေ့ခဲ့ကြပေ။ ထိုအစား အားယွီလေးသည် ထင်းရှူးပင်အောက်မှ ထူးခြားသည့် အရာတစ်ခုကို တူးဖော်မိ လိုက်လေသည်။

All Chapters