အကြွေးဆပ်မည့် အစီအစဉ်
Vol. 5 Ch. 66
ထရပ်ဖဲလ်မှိုများသည် အလွန်ထူးခြားသော အရာများ ဖြစ်ကြလေသည်။ ၎င်းတို့သည် များသောအားဖြင့် ထင်းရှူးပင်များ အောက်တွင် ပေါက်ရောက်လေ့ ရှိကြပြီး အစုလိုက် အပြုံလိုက် ပေါက်ရောက်လေ့ ရှိကြသည်။
အားယွီလေးသည် အသားလုံးလေး၏ အကူအညီဖြင့် အစုလိုက် အပြုံလိုက် ပေါက်ရောက်နေသည့် ထရပ်ဖဲလ်မှို အချို့အား တူးဖော်နိုင်ခဲ့လေသည်။ အားယွီလေး၏ ပန်းခြင်းလေးမှာ ပြည့်နေပြီ ဖြစ်သောကြောင့် ဝမ်ဝူလန်နှင့် အခြားသူများ၏ အိတ်ကပ်များထဲတွင်လည်း ထည့်ထားရလေတော့သည်။
တွင်းများထဲရှိ "မြည်းချေး" များအား ကောက်ယူလိုက် ပြီးနောက် ကလေးတစ်သိုက်သည် တောင်အောက်သို့ ဆင်းလာခဲ့ကြတော့သည်။
အဘိုးအိုဝမ်၏ အိမ်သို့ ပြန်ရောက်ချိန်တွင် လူကြီးများသည် အစားအစာများအား သယ်ယူနေကြဆဲ ဖြစ်လေသည်။ လူတိုင်းသည် မျိုးစေ့များအား ပျိုးထောင်ရန် အတွက် လယ်ကွင်းထဲသို့ ယူဆောင်သွားကြရာ၌ အလုပ်များနေကြလေသည်။
ရာသီဥတုဘေးမှ သီးနှံထွက်နှုန်းအား လုယူနိုင်ရန်အတွက် သူတို့ တစ်ခုခု လုပ်နိုင်သရွေ့ ကျား မ မရွေး သွားရောက် လုပ်ကိုင်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်မိသားစုသည် ယခင် အချိန်များတွင် မြွေသားနှင့် အစားအစာများအား ရက်ရောစွာ ဝေငှပေးခဲ့သောကြောင့် ဟူမိသားစုရွာမှ လူများသည်လည်း ဝမ်မိသားစုအတွက် ပျိုးပင်များ ပျိုးထောင်ရန် ဦးစွာ ကူညီပေးကြလေသည်။
အဘိုးအိုဝမ်၏ မိသားစုတွင် လယ်မြေ ၁၅ မူ သာ ရှိလေသည်။ တစ်မူလျှင် မျိုးစေ့ ၁၀ ကတ်တီနှုန်းဖြင့် တွက်ချက်ထားမှုအရ သူတို့သည် ၁၀ ကတ်တီ စိုက်ပျိုးပြီး ဖြစ်လေသည်။ ယခုမူ သူတို့အနေဖြင့် ကတ်တီ ၁၀၀ ကျော် ထပ်မံ ပျိုးထောင်ရန် ကျန်ရှီနေဦးမည် ဖြစ်သည်။
စပါးပျိုးပင်များအား ပြင်ဆင်ထားသည့် လယ်ကွက်များ အတွင်းတွင် ကြဲပင်ထားလေသည်။ လယ်ကွက်များထဲတွင် ဂျုံ မုယောစပါးနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့အချို့လည်း ရှိပေသည်။
တောင်ပေါ်ဒေသတွင် အစားအစာ စိုက်ပျိုးရန် နည်းလမ်း မရှိသော်လည်း လူတိုင်းသည် ဆောင်းဒဏ်ခံနိုင်ခဲ့ကာ မြေဆီလွှာ မကောင်းသည့်တိုင် ရှင်သန်နိုင်သော နှံစားပြောင်းအချို့အား လစ်လပ်နေသော တောင်ကုန်း အချို့တွင် စိုက်ပျိုး ကြဲပက်ရန် အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။
ဤနေရာများတွင် ကြဲပက်ထားသော မျိုးစေ့များသည် များသောအားဖြင့် ကြီးထွားလာလေ့ မရှိသည့်တိုင် မည်သည့် အရာမှ မရှိသည်ထက် စာလျှင် တော်ပေသေးသည်။
"အစ်ကိုကြီး မနက်ဖြန်ကျရင် မရီးဖန်ကို သူ့မိဘအိမ် ပြန်လိုက်ပို့လိုက်ဦး"
ဟူမိသားစုရွာသားများ၏ အကူအညီဖြင့် မျိုးစေ့ ကတ်တီ ၁၀၀ ကျော်အား လေးနာရီအောက် လျော့နည်းသော အချိန်အတွင်း လယ်ကွက်များထဲ၌ စိုက်ပျိုးနိုင်ခဲ့လေသည်။ ပျိုးပင်များ ကြီးထွား လာသောအခါတွင်လည်း သူတို့သည် စိုက်ပျိုးရန် ကူညီကြပေလိမ့်မည် ဖြစ်သည်။
အဘွားအိုဝမ်မှ အရင် အချိန်များတွင် ချေးယူထားသည့် ပိုက်ဆံများ ပြန်ဆပ်ရန် တွေးတောမိခဲ့ကာ သူမ၏ မိသားစုအား တစ်ယောက်ပြီး တစ်ယောက် ပြန်ခေါ်လျှက် စီစဉ်မှုများ ပြုလုပ်လိုက်လေသည်။ ဝမ်ချွမ်းဖူမှာ ကြောင်အမ်းအမ်း ဖြစ်နေဆဲပင် ဖြစ်သည်။
"သူ့မိဘအိမ်ကို ဘာလို့ သွားရမှာလဲ ကျွန်တော်တို့ လုပ်စရာအလုပ်တွေ အများကြီး ရှိနေသေးတယ် မဟုတ်လား"
ပျိုးထောင်ခြင်းမှာ ပထမအဆင့်မျှသာ ရှိသေးသည်။ သူတို့အနေဖြင့် မြေဆွေးများ ဆက်လက်၍ လုပ်ခြင်း ရေသွင်းခြင်းနှင့် တဲထိုးခြင်းတို့ကိုလည်း ဆက်လက် လုပ်ဆောင်ရဦးမည် ဖြစ်သည်။
"ငါ အရင်က မပြောခဲ့ဘူးလား မင်း အကြွေးတင်နေတဲ့ ပိုက်ဆံကို ပြန်ဆပ်ရမယ်ဆိုတာလေ ချွေးမဖန်ကို သူ့မိဘအိမ်မှာ အခက်တွေ့ရအောင် မလုပ်နဲ့"
အဘွားအိုဝမ်မှ ပြောလိုက်လေသည်။
"ငါတို့မိသားစုက သူ့ဆီကနေ ကြေးပြား ၃၃၀၀ အကြွေးတင်နေတာ ငွေ ၃ တုံးနဲ့ ကြေးပြား ၄၀၀ ယူသွားပြီး သူ့မိဘတွေရှေ့မှာ ပြန်ဆပ်လိုက် ဒါ့အပြင် ငါတို့ ဝယ်လာတဲ့ အသား ၅၀၀ ကတ်တီကိုပါ ယူသွားလိုက်ဦး"
ဝမ်ချွမ်းဖူမှ ပြောလိုက်သည်။
"ကျွန်တော်တို့ ယူထားသလောက်ပဲ ပြန်ပေးမှာပေါ့ ဘာလို့ အဲ့ဒီလောက် အများကြီး ပြန်ပေးနေရမှာလဲ"
ကြေးပြား တစ်ထောင်ကို ငွေတစ်တုံးနှင့် လဲလှယ်နိုင်သော်လည်း တစ်ဖက်လူက သဘောတူချင်မှ တူပေလိမ့်မည်။
ငွေတစ်တုံးသည် ကြေးပြား တစ်ထောင်ထက် ပိုတန်ဖိုးရှိသေးသည်။ ကြေးပြား ၃၃၀၀ သည် ငွေ ၃ တုံးနှင့် ကြေးပြား ၃၀၀ အောက် များစွာ လျော့နည်းပေသည်။
"ဒီငတုံးကောင်ကတော့ အဲ့ဒါ မင်းမိန်းမလေ သူ ဒုက္ခမရောက်အောင် ပိုက်ဆံပိုယူသွားလိုက် အနာဂတ်မှာ သူ အိမ်ပြန်ချင်ရင် ဟိုမှာ သူ့ကို အခက်တွေ့အောင် လုပ်စေချင်လို့လား မိန်းမကို စာနာရမှန်းမသိတဲ့ ယောက်ျားတစ်ယောက် ဖြစ်နေမှတော့ ဘာအသုံးကျတော့မှာလဲ"
ဝမ်ချွမ်းဖူ စကားမပြောနိုင်ခင်မှာပင် ဝမ်ချွမ်းယွမ် ရောက်လာခဲ့လေသည်။ အဘွားအိုဝမ်မှ သူ့ကိုလည်း ခေါ်လိုက်တော့သည်။
"ပြီးတော့ သုံးယောက်မြောက်သား မင်း ဒီတစ်ခါ ပျင်းနေလို့ မရဘူး မင်း ချွေးမကျန်း နဲ့အတူ ပြန်လိုက်သွားရမယ် ပိုက်ဆံပြန်ဆပ်တာက ကိစ္စကြီးတစ်ခုပဲ"
အဘွားအိုဝမ်သည် သူမ၏ သားများ၏ အကျင့်များအား ကောင်းစွာ သိလေသည်။ သူတို့အားလုံးသည် ရိုးသားကြပြီး ဝီရိယရှိပုံ ပေါက်သော်ငြားလည်း သူတို့အားလုံးတွင် ကိုယ်ရည်ကိုယ်သွေး အားနည်းချက်များ ရှိကြသေးသည်။
သားကြီးမှာမူ တာဝန်ယူစိတ် ရှိလွန်းသော်လည်း ပျော့ပြောင်း ညင်သာစွာ ဆက်ဆံတတ်ရန် မသိပေ။ တစ်ခါတစ်ရံ သူသည် အခြားသူများကိုလည်း မတော်တဆ စိတ်အနှောင့်အယှက် ဖြစ်စေတတ်သေးသည်။
ဒုတိယသားသည် ဉာဏ်အကောင်းဆုံး ဖြစ်သည်။ သို့သော် ကံဆိုးစွာပင် သူသည် လေဖြတ်နေသည့် အတွက် ခုတင်ပေါ်တွင် လှဲနေရလေသည်။ ဤနှစ်များတစ်လျှောက် သူသည် များစွာ စိတ်ဓာတ်ကျ မသွားခြင်းကပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။
တတိယသားမှာမူ လိမ်မ္မာသော်လည်း လောကဓံအား ကြုံတွေ့ရချိန်တွင် ရှောင်တိမ်းချင်တတ်သည်။ သူသည် အစားလည်း မက်သလို အိမ်ရှိ ကလေးများကိုလည်း အစားမက်အောင် သင်ပေးသေးသည်။
စတုတ္ထသား အကြောင်းကိုမူ ပြောနေစရာ မလိုတော့ပေ။ သူသည် သူမတစ်ယောက်တည်း ပျိုးထောင်ခဲ့သည့် တစ်ဦးတည်းသော ကလေးဖြစ်သည်။ သူသည် မအသော်လည်း သဘောကောင်းလွန်းကာ အလွယ်တကူ ယုံတတ်သောကြောင့် အလိမ်ခံရတတ်လေသည်။
ထိုအကြောင်းများအား တွေးမိသောအခါ အဘွားအိုဝမ်သည် ခြံဝင်းထဲရှိ အဘိုးအိုဝမ်အား စူးစူးဝါးဝါး လှမ်းကြည့် လိုက်မိတော့သည်။
"ရှင်က ဘာလို့ ပိုပြီး ဉာဏ်ကောင်းအောင် မမွေးလာရတာလဲ နေ့တိုင်း ရှင်တို့ လူစုအပေါ် ကျွန်မ တံတွေးတွေ ဘယ်လောက်တောင် ဖြုန်းတီးနေရသလဲ သိလား တစ်နေ့ကျရင် ကျွန်မ ရှင်တို့ကြောင့် ဒေါသထွက်ပြီး သေရလိမ့်မယ်"
အဘိုးအိုဝမ် ဇဝေဇဝါ ဖြစ်သွားရလေတော့သည်။
"အဖွားကြီးရာ အကယ်လို့ မင်းသာ ငါ့ကို နေ့တိုင်း ဘာမှ မပြောရရင် မင်းလည်ချောင်း ယားလာလို့လားကွ"
"ကျွန်မ လည်ချောင်းကတော့ မယားဖူး လက်ကတော့ ယားနေတာ ရှင့်ရဲ့ ရွတ်တွနေတဲ့ မျက်နှာအိုကြီးကို ပေးပြီး စမ်းကြည့်ချင်လို့လား"
အဘွားအိုဝမ်သည် မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ အန္တရာယ်ရှိသည့် အငွေ့အသက်များအား ထုတ်လွှတ်လိုက်လေတော့သည်။ နောက်ဆုံးတွင်မူ ပြန်ခံပြောရန် သတ္တိမွေးလိုက်မိသည့် အဘိုးအိုဝမ်သည် ချက်ချင်းပင် လည်ပင်းအား ကျုံ့လိုက်ပြီးနောက် တီးတိုး ရေရွတ်လိုက်မိတော့သည်။
"ငါ မင်းအဆင့်အတန်းအထိ လိုက်မနှိမ့်ချတော့ပါဘူး"
အဘွားအိုဝမ်သည် အမျိုးသမီးများအား ခေါ်လိုက်ပြီးနောက်တွင် ပိုက်ဆံ ပြန်ဆပ်မည့် အကြောင်း ပြောပြလိုက်လေသည်။ အဘိုးအိုဝမ်၏ မိသားစုသည် အမြဲတမ်း ခက်ခဲကြမ်းတမ်းခဲ့ရသည်။ ချွေးမ လေးယောက်နှင့် လူတိုင်း၏ မိသားစုသည် လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ ဝမ်မိသားစုအား ပေါ်တင် ထောက်ပံ့ပေးခဲ့ကြသည်။
"ချွေးမဖန် ညည်းရဲ့ မိသားစုက အဝေးဆုံးပဲ အသွားအပြန် သုံးလေးရက်လောက် ကြာလိမ့်မယ် ဒီတစ်ခါ ပြန်ရင် လမ်းခရီးအတွက် အစားအစာ ပိုယူသွား လမ်းမကြီးအတိုင်း သွား လမ်းကြိုလမ်းကြားက မသွားနဲ့ အဆင်ပြေအောင်လို့"
အဘွားအိုဝမ်မှ အဒေါ်ဖန်အား မှာကြားလိုက်သည်။ အဒေါ်ဖန်၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလာခဲ့သည်။
"အာ ဟုတ်ကဲ့ သမီး နားလည်ပါပြီ အမေ"
သူမသည် ဝမ်မိသားစု ဟူမိသားစုရွာသို့ မပြောင်းရွှေ့မီကတည်းမှ လက်ထပ်လာခဲ့သည့်တစ်ဦးတည်းသော ချွေးမ ဖြစ်လေသည်။ အခြား ဇနီးသည် သုံးဦးမှာ အိမ်တစ်လုံး ပိုင်ဆိုင်ပြီးမှသာ လက်ထပ်၍ ဝင်ရောက် လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် ချွေးမဖန်၏ မိသားစုမှာ အဝေးဆုံး ဖြစ်နေရခြင်း ဖြစ်သည်။
"ချွေးမမာ ညည်းတစ်ယောက်တည်း ပြန်ဖို့ အဆင်မပြေရင် နောက်နှစ်ရက်နေရင် ငါလိုက်ပို့ပေးမယ်"
ဒုတိယချွေးမမှာမူ အပင်ပန်းဆုံး ဖြစ်ကြောင်း အဘွားအိုဝမ် သိသည်။ ဒုတိယသားမှာ လေဖြတ်နေခဲ့ကာ ယောက္ခမဖြစ်သူအား နှစ်တိုင်း သွားရောက် မတွေ့ဆုံနိုင်ခဲ့ပေ။ နှစ်သစ်ကူး ပြီးနောက်တွင် အဒေါ်မာ တစ်ယောက်တည်း မိသားစုထံ ပြန်ချိန်တွင် သူမ များစွာ ခံစားခဲ့ရပေလိမ့်မည်။ ချွေမးမာသည် မျက်ရည်များအား သုတ်လိုက်လေသည်။
"အမေ သမီးဘာသာ သွားနိုင်ပါတယ်"
သူမသည် ပိုက်ဆံပြန်ဆပ်ရန် အတွက် သွားမည်ဖြစ်ကာ သူမ၏ မိသားစုသည် သူမပြန်လာမည်အား စောင့်မျှော်နေမည် မဟုတ်ပေ။ ထို စိတ်ပျက်စရာ ကိစ္စများနှင့် ပတ်သက်၍ သူမ သည်းခံနိုင်သ၍ အဆင်ပြေနေလိမ့်မည် ဖြစ်သည်။
တတိယချွေးမ၏ ကျောပြင်ပေါ်မှ ဒဏ်ရာများမှာ ပျောက်ကင်းသွားပြီ ဖြစ်လေသည်။ အားယွီလေးသည် သူမ၏ အစားအသောက် အတွင်းသို့ ရေအား တိတ်တဆိတ် ထည့်ပေးခဲ့သည့် အတွက်ကြောင့် အမာရွတ်မှာ ပျောက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမသည် ဦးဆောင်၍ ပြောလိုက်လေသည်။
"အမေ သမီးအတွက် မပူပါနဲ့ သမီး မိသားစုဆီ ပြန်ရောက်ရင် အဆင်ပြေသွားမှာပါ သမီး အဒေါ်အိမ်ကိုလည်း သွားကြည့်ရဦးမယ်"
ချွေးမကျန်းသည် အဘွားအိုဝမ်၏ တူမဖြစ်သဖြင့် အဘွားအိုဝမ်၏ မိသားစု ဘယ်မှာရှိသည်အား သဘာဝကျစွာပင် သိရှိလေသည်။ သူမ၏ မိသားစုအကြောင်း ပြောလာသည်အား ကြားလိုက်ရသဖြင့် အဘွားအိုဝမ်မှ လျစ်လျူရှုကာ ပြောလိုက်တော့သည်။
"ညည်းသဘောပဲ"
လျိုရှီအတွက်မူ အဘွားအိုဝမ်မှ သူမအား ပြောလိုက်သည်။
"ညည်းလည်း နောက်နှစ်ရက်နေရင် ပြန်တော့ အားယွီကိုပါ ခေါ်သွား သူလည်း လောကကြီးကို ရင်ဆိုင်ရဦးမှာ"
နှစ်သစ်ကူးပြီးနောက်တွငက် လျိုရှီ ဝမ်မိသားစုထဲသို့ လက်ထပ်၍ ရောက်ရှိလာသည်မှာ သုံးနှစ်ရှိပြီ ဖြစ်သည်။ အားယွီသည် နှစ်နှစ်အရွယ် ပုံပေါက်လေသည်။ ထို့အပြင် မိသားစု အတွင်းသို့ လက်ထပ် ဝင်ရောက်ပြီးနောက်ပိုင်း ကိုယ်ဝန်ရရှိသည့် အချိန်ကာလအရဆိုလျှင် ယုတ္တိရှိလေသည်။
လျိုရှီ၏ မိသားစုသည်လည်း အလွန် ဆင်းရဲလွန်းလှသည်။ လက်ထပ်ပြီး သုံးနှစ်အတွင်း လျိုရှီသည် မနှစ်ကမှ တစ်ကြိမ်သာ ပြန်ခဲ့ဖူးကာ ပိုက်ဆံချေးရန်အတွက် ဖြစ်လေသည်။
ထိုအချိန်တွင် သူမသည် လက်ထပ်ပြီးသည့်တိုင် ကလေးမရသေးကြောင်း သူမ၏ မိသားစုအား ပြောပြရန် အလွန် ရှက်ရွံ့နေခဲ့ကာ ဝါးတားတားဖြင့်သာ မသေချာ မရေရာ ဖြေရှင်းခဲ့လေသည်။
"အားယွီရဲ့ မျက်လုံးတွေက"
လျိုရှီသည် ဤကိစ္စအား လွယ်လင့်တကူ ကျော်လွန်သွားနိုင်မည် မဟုတ်ဟု စိုးရိမ်နေမိလေသည်။ အားယွီ၏ မျက်လုံးများထဲတွင် ရွှေရောင်အရာတစ်ခု ရှိနေလေသည်။ သာမန်အားဖြင့် သတိထားမိရန် မလွယ်ကူသော်လည်း သေချာကြည့်လိုက်လျှင်မူ သတိထားမိကြပေလိမ့်မည် ဖြစ်သည်။
...
သူတို့အတွက်မူ ယဉ်ပါးနေပြီ ဖြစ်သဖြင့် အများကြီး မတွေးမိကြတော့ပေ။ သို့သော် အခြားသူများမှာမူ မည်သို့ ထင်ကြမည်နည်း။
"အဲ့ဒါက ဘုရားသခင် ပေးထားတဲ့ ရွှေရောင်အလင်းတန်းလေ သူက အရမ်းကံကောင်းတယ် တခြားကလေးတွေမှာ မရှိကြဘူး အဲ့ဒါက သူတို့မှာ ကံမပါလို့လေ"
အဘွားအိုဝမ်မှ ပြောလိုက်သည်။ လျိုရှီ နားလည် သွားတော့သည်။
"သမီး နားလည်ပါပြီ အမေ"
အဘွားအိုဝမ် ပြောပြီးသွားသောအခါ အမျိုးသမီးများသည် လူစုခွဲလိုက်ကြပြီးနောက် သူတို့ မိသားစုထံ ပြန်ရောက်လျှင် မည်သို့ လုပ်ရမည် ဆိုသည်ကို တွေးတော နေကြလေတော့သည်။
သူတို့သည် ပိုက်ဆံပြန်ဆပ်ရန်သာ ပြန်ကြခြင်း ဖြစ်သဖြင့် များများစားစား စိတ်မပူကြချေ။ သို့သော် ဝမ်ချွမ်းကွေ့မှာ အနည်းငယ် စိုးရိမ်နေလေသည်။ သူသည် အဘွားအိုဝမ်အား တိုးတိုးလေး လှမ်းခေါ်လိုက်လေသည်။ အဘွားအိုဝမ် ဝင်လာပြီးနောက် သူသည် တီးတိုး မေးမြန်းလိုက်သည်။
"အမေ ကျွန်တော်တို့မိသားစုက ပိုက်ဆံကျပ်နေတာ အခုချက်ချင်း ပြန်ဆပ်ဖို့ အလောတကြီး လုပ်စရာ မလိုပါဘူး ပြီးတော့ ဟိုအကြွေးကလည်း ရှိနေသေးတယ်လေ"
"အဲ့ဒီအကြွေးအကြောင်း မသိချင်ယောင် ဆောင်နေလို့ရတယ်လို့ ငါမပြောခဲ့ဘူးလား မင်းအဖေနဲ့ ငါ ကောင်းကောင်း ဖြေရှင်းလိုက်မယ်"
အဘွားအိုဝမ်မှ သူ့စကားအား ဖြတ်၍ ပြောလိုက်သည်။
"လိမ်လိမ်မ္မာမ္မာ နေစမ်းပါ"
ဝမ်ချွမ်းကွေ့ ထိတ်လန့်သွားမိတော့သည်။
"ဘယ်လိုလုပ် မသိချင်ယောင် ဆောင်နေလို့ ရမှာလဲ အဲ့ဒါက ပိုက်ဆံအများကြီးလေ အားလုံးက"
သူ စကားမဆုံးခင်မှာပင် အားယွီလေး၏ စိတ်လှုပ်ရှားနေသည့် အသံအား အပြင်ဘက်မှ ကြားလိုက်ရလေသည်။
"ဖွားဖွားရေ သမီးတို့ ပြန်ရောက်ပြီ"