မြည်းချေး မဟုတ်ပါ
Vol. 5 Ch. 67
"ပိုက်ဆံကိစ္စအတွက် ပူမနေနဲ့ အခုနေ မင်းသာ ကျန်းမာအောင်ပြန်နေတာက အမေ့အတွက် အကူအညီအများကြီး ဖြစ်စေတယ်"
အဖွားအိုဝမ် စကားပြောပြီးသည့်နောက်တွင် ဝမ်ချွမ်းကွေ့ မည်သို့တွေးနေသည်အား ဂရုမစိုက်တော့ဘဲ အားယွီလေးအား ကြိုဆိုရန် အတွက် အိမ်ထဲမှ ထွက်ခွာသွားခဲ့လေသည်။
ဝမ်ချွမ်းကွေ့သည် အဖွားအိုဝမ်၏ ကျောပြင်အား ကြည့်ကာ ရင်ထဲရှိ စကားများကို မျိုသိပ်လိုက်ရလေတော့သည်။ တကယ်တမ်းတွင်မူ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ၏ခြေထောက်များတွင် ခံစားမှုအချို့ ရှိလာသည်ဟု သူ့အမေအား ပြောပြချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ စိတ်ထင်ယောင်ထင်မှား ဖြစ်နေခြင်း ဟုတ်မဟုတ်ကိုမူ သူ မသိချေ။ သို့သော် ဤခြေထောက်တစ်စုံသာ မရှိခဲ့ပါက သူတို့မိသားစုသည် ဤမျှလောက် အကြွေးတင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် သူ့မိဘများ တင်ရှိနေသည့် ကြီးမားလှသည့် အကြွေး ငွေပမာဏလည်း ရှိနေသေးသည်။
မိသားစုတွင် လုပ်အားတစ်ခု လျော့နည်းသွားခြင်းသည် ငွေရှာမည့် သူတစ်ဦး လျော့နည်းသွားခြင်း ဖြစ်ကာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့်သူ တစ်ဦး တိုးလာခြင်းဖြစ်လေရာ ထို့ကြောင့်သာ သူတို့၏ ဘဝများသည် အထူးပင် ခက်ခဲကျပ်တည်းနေခဲ့ရခြင်း ဖြစ်သည်။
"ငါးနှစ်တောင် ရှိနေပြီ ဘာကို မျှော်လင့်နေသေးတာလဲ"
ဝမ်ချွမ်းကွေ့သည် ရုတ်တရက် သူ့ခြေထောက်အား သူ ထိုးနှက်လိုက်မိလေသည်။ နောက်တစ်ခဏတွင်မူ သူ့မျက်နှာအမူအရာ တောင့်တင်းသွားခဲ့ရတော့သည်။
"ကျွတ် နာလိုက်တာ"
သူသည် နာကျင်မှုကြောင့် အော်ဟစ်လုနီးပါး ဖြစ်သွားသော်လည်း သူ့မျက်နှာပေါ်တွင် ဝမ်းနည်းမှုမရှိဘဲ ဝမ်းသာမှုများသာ ပြည့်နှက်သွားခဲ့လေတော့သည်။
"အားယွီလေး ဖွားဖွားကို ပြဖို့ ကောင်းတာလေးတွေ ရှာတွေ့ခဲ့တာလား"
အဖွားအိုဝမ်၏ ကျယ်လောင်လှသည့် အသံ ထွက်ပေါ်လာသဖြင့် ဝမ်ချွမ်းကွေ့သည် သူ့မျက်နှာအမူအရာအား ပြန်လည် ထိန်းသိမ်းလိုက်ရတော့သည်။ သူသည် အချိန်နည်းနည်းလောက် ထပ်စောင့်ရဦးမည် ဖြစ်သည်။ ယခုမှ နာကျင်မှုအား ခံစားရုံသာ ရှိသေးကာ ခြေထောက်များ ပြန်ကောင်းလာပြီဟု ဆိုလိုခြင်း မဟုတ်သေးချေ။
လမ်းတလျှောက်လုံးတွင် ဝမ်ဝူလန်နှင့် အခြားသူများသည် ပစ္စည်းများအား လွှင့်ပစ်လိုက်ရန် အားယွီလေးအား အကြိမ်ကြိမ် နားချခဲ့ကြသော်လည်း သူမလေးသည် အလွန်ခေါင်းမာလှကာ ဖွားဖွားနှင့် မေမေတို့အား ပြသရန်အတွက် ပြန်သယ်သွားမည်ဟုသာ အတင်းအကျပ် ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။ သူမလေးသည် လွှင့်ပစ်ရန် ဆန္ဒမရှိရုံသာမက သူတို့ကိုလည်း လွှင့်ပစ်ခွင့် မပေးခဲ့ပေ။ ကောင်လေးများခမျာ အလွန်စိတ်ဆင်းရဲနေကြရရှာလေသည်။
သူတို့ အရိုက်ခံရမည့် မြင်ကွင်းအား စိတ်ကူးကြည့်နေမိကြပြီ ဖြစ်သည်။
ဟူး သူတို့ညီမလေးသည် သူတို့စကားအား နားမထောင်ချေ။
‘ထားလိုက်ပါတော့ သူတို့ညီမလေးကို အလိုလိုက်ရုံသာ ရှိတော့တယ်’
‘အရိုက်ခံရရုံပဲ မဟုတ်လား သည်းခံလိုက်ရင် ခဏလေးနဲ့ ပြီးသွားမှာပါလေ’
ညီမလေး အားယွီရဲ့ ပစ္စည်းတွေကို သူတို့ လုယူပြီး လွှင့်ပစ်လို့မှ မဖြစ်နိုင်တာဘဲလေ ဟုတ်တယ်မလား’
အားယွီလေးသည် ခြံဝင်း အဝင်ပေါက်သို့ လျှောက်သွား လိုက်သည်နှင့် အဖိုးအိုဝမ်သည် အနောက်မှ လိုက်ပါလာသည့် မြေးများ၏ အိတ်ကပ်ထဲတွင် တစ်စုံတစ်ခု ရှိနေပုံရသည်အား အဝေးမှပင် လှမ်းမြင်လိုက်ရလေသည်။
သူတို့ ဖြည်းညှင်းစွာ နီးကပ်လာခဲချိန်တွင် အိတ်ကပ်ထဲမှ ပစ္စည်းများအား မြင်လိုက်ရသောအခါ အဖိုးအိုဝမ်၏ မျက်မှောင်များမှာ ကြုံ့ဝင်သွားခဲ့ပြီး မျက်ခုံးမွှေးများကြားမှ ရေပင်ညှစ်ထုတ်၍ ရနိုင်လောက်သည့်အထိ မျက်နှာပျက်သွားခဲ့ရလေသည်။
"မင်းတို့က ဘာလို့ မြည်းချေးတွေကို အိမ်သယ်လာကြတာလဲ"
ဝမ်ချွမ်းမန်သည် ထိုစကားအား ကြားလိုက်ရသဖြင့် ကိုင်းညွှတ်ကာ ကြည့်ရှုလိုက်လေသည်။ သူသည် ဦးစွာ ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။
"ဟားဟားဟား ဒီကံဆိုးတဲ့ ကလေးတွေက ဒါကြီး နံတယ်လို့ မထင်ကြဘူးလား"
"ညီမလေး အားယွီက ကောက်ခိုင်းလို့ပါ"
ဝမ်ချီးလန်မှ တိုးတိုးလေး ရေရွတ်လိုက်လေသည်။ ဝမ်ချွမ်းမန် မျက်နှာပေါ်ရှိ အပြုံးများသည် အားယွီလေးအား လှမ်းကြည့်လိုက်သည့်အခါ အေးခဲသွားခဲ့ရတော့သည်။ အမှန်တကယ်ပင် သူ့သမီးလေး၏ မျက်နှာပေါ်တွင် နာကျင်ခံစားရသည့် အမူအရာအား သူ မြင်လိုက်ရသည့် အတွက်ကြောင့် ဖြစ်သည်။ သူ အလျင်အမြန် ပြန်ပြောလိုက်သည်။
"ဟုတ်တယ် ဒါက မြည်းချေး မဟုတ်လောက်ပါဘူး မြည်းချေးက အရမ်းချောမွတ်တာလေ ဒါက ကြည့်ရတာ နည်းနည်း ကြမ်းတမ်းနေတယ် ကြည့်ရတာ မြည်းချေးလောက်တောင် ကြည့်မကောင်းဘူး"
နောက်ဆုံးတွင်မူ သူပြောလေလေ အားယွီလေးမှာ ပို၍ ဝမ်းနည်းလေလေ ဖြစ်လာခဲ့တော့သည်။ အဖွားအိုဝမ် အပြင်ထွက်လာသည်နှင့် အားယွီလေး၏ နှုတ်ခမ်းများ စူထော်နေခဲ့ကာ ငိုတော့မည့်အသွင် ဖြစ်နေသည်အား မြင်လိုက်ရသည်။
"အမယ်လေး ငါ့မြေးလိမ္မာလေး ဘာဖြစ်လို့လဲ ဘာလို့ စိတ်မပျော်မရွှင် ဖြစ်နေပြန်တာလဲ"
"ဖေဖေက သမီးကို ဆူတယ်"
အားယွီလေးသည် သူမ၏ လက်ချောင်းလေးအား ဆန့်ထုတ်လိုက်ကာ ဝမ်ချွမ်းမန်အား ညွှန်ပြလိုက်လေသည်။ အဖွားအိုဝမ်သည်လည်း အစောပိုင်းတွင် သူပြောလိုက်သည့်စကားအား ကြားလိုက်ရလေသည်။
စဉ်းစားမနေတော့ဘဲ ဘေးနားမှ ပစ္စည်းတစ်ခုအား ကောက်ယူကာ ပစ်ပေါက်လိုက်လေတော့သည်။
"ဝမ်ချွမ်းမန် နင်ကမှ တကယ့် မြည်းချေးတုံး နင်က နေ့တိုင်း လူတွေကို အနိုင်ကျင့်ဖို့ပဲ သိတယ် နင့်အသက် ဘယ်လောက်ရှိနေပြီလဲ နည်းနည်းလောက် ဆင်ခြင်လို့ မရဘူးလား ထပြီး ဖယ်စမ်း"
ဝမ်ချွမ်းမန်သည် သူ့အမေ၏ ဆူပူကြိမ်းမောင်းမှုအား ခံရသည်မှာ ယဉ်ပါးနေခဲ့ပြီ ဖြစ်သည်။ ပစ္စည်းတစ်ခု ပစ်ဝင်လာသည်အား မြင်သောအခါ သူသည် အလွန် ကျွမ်းကျင်စွာပင် ရှောင်တိမ်းလိုက်လေသည်။ ထို့နောက် သူသည် ပြုံးဖြီးဖြီး လုပ်လိုက်ကာ ပြောလိုက်သည်။
"ဟာ အမေရာ အားယွီ ကောက်လာမှန်း ကျွန်တော်မှ မသိတာ"
အကယ်၍သာ သူသိခဲ့လျှင် သူ့သမီးလေး၏ ရှေ့တွင် ထိုစကားမျိုး ပြောမိလိမ့်မည် မဟုတ်ပေ။
"ဟေ့ ငါ့ခြင်းတောင်း"
အဖိုးအိုဝမ်မှ အလျင်အမြန် လှမ်းအော်လိုက်သည်။
"မြန်မြန် ကောက်ပေးလိုက်လေ မင်းအဖေ လာကောက်တာကို လိုချင်နေသေးတာလား"
ဝမ်ချွမ်းမန် ဆွံအသွားလေတောသည်။ မြေးဖြစ်သူများသည် မလှုပ်ရဲကြပေ။ သူတို့အားလုံးသည် အိတ်ကပ်ထဲတွင် "မြည်းချေး" များကိုယ်စီဖြင့် ခြံဝင်းထဲတွင် တန်းစီရပ်နေကြလေသည်။ သူတို့ပုံစံမှာ အရိုက်ခံရရန် စောင့်ဆိုင်းနေကြသည့်အလား ဖြစ်နေခဲ့သည်။
"ညီမလေး အားယွီက လိုချင်တယ်ဆိုလို့ပါ"
ဝမ်လျူလန်မှ တိုးတိုးလေး ပြောလိုက်သည်။ သို့သော် ဝမ်ဝူလန်သည် ဝင်ပြောလိုက်လေသည်။
"ကျွန်တော်တို့လည်း သဘောတူခဲ့ကြတာပါ"
ထိုသို့ပြောပြီးနောက် သူသည် ဝမ်လျူလန်အား အမူအရာဖြင့် ပြလိုက်လေသည်။ ညီမလေး အားယွီသည် အလွန် ငယ်ရွယ်လှသေးသည်။ အကယ်၍ သူမ အရိုက်ခံရလျှင် မည်သို့ ခံနိုင်ရည် ရှိနိုင်ပါမည်နည်း။
အမှန်ပင်။ သူသည် ဤမျှလောက် ချစ်ဖို့ကောင်းသည့် ညီမလေးအား မည်သို့ သစ္စာဖောက်ရက်ပါမည်နည်း။
"အားယွီ မြေးလေး ပင်ပန်းနေပြီမလား လာပါဦး ဘာတွေ တွေ့လာလဲ ဖွားဖွားကို ပြပါဦး"
အဖွားအိုဝမ်မှ ထိုသို့ ပြောလိုက်သော်လည်း အားယွီလေး ကောင်းမွန်သည့်အရာ တစ်ခုခု ရှာတွေ့လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အားယွီလေးသည် သူမ၏ ပန်းခြင်းတောင်းလေးအား လိမ္မာစွာဖြင့် ကမ်းပေးလိုက်တော့သည်။
သူမသည် ပတ်ပတ်လည်တွင် ထုပ်ပိုးထားသော သစ်ရွက်ကြီးများအား ဆွဲဖယ်လိုက်ပြီးနောက် ရတနာတစ်ပါးအား ဆက်သသကဲ့သို့ လက်ထဲတွင် မြှောက်ပြလိုက်သေးသည်။
"ဖွားဖွား ကြည့်ပါဦး ဒီမှာ အများကြီးပဲ"
ပထမကြည့်လိုက်မိသည့် အချိန်တွင် အဖွားအိုဝမ်သည်လည်း အားယွီလေး တစ်နေရာရာမှ ကောက်လာသည့် မြည်းချေးများဟုသာ ထင်မှတ်လိုက်မိလေသည်။ အရင်အချိန်များတွင် သူတို့ရွာတွင် မြည်းတစ်ကောင် ရှိခဲ့ဖူးကာ ရွာလူကြီးဟူသည် ထိုမြည်းအား အလွန် တယုတယ ထားခဲ့ခြင်း ဖြစ်သည်။ ရွာလူကြီးသည် မြည်းအား အနားယူစေချင်သည်ဟု ဆိုကာ ရွာပတ်ပတ်လည်တွင် မကြာခဏ ဆွဲခေါ်သွားလေ့ရှိလေသည်။ ထို့နောက် မြည်းသည် နေရာတိုင်းတွင် အမြဲတမ်း မစင်စွန့်လေ့ရှိသည်။
ရွာထဲတွင် မြည်းချေးများနှင့် ဆော့ကစားရသည်အား နှစ်သက်သည့် ကလေးအချို့ အမြဲရှိတတ်လေသည်။ နွားချေးနှင့် ဆော့ကစားရသည်ကို နှစ်သက်သူများလည်း ရှိသော်လည်း နွားချေး ခြောက်သွားပြီးနောက်တွင် အနံ့အသက် လုံးဝ မရှိတော့ပေ။ သို့သော် မြည်းချေးအတွက်မူ ထိုသို့ ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။
အဖွားအိုဝမ် အနီးကပ် သေချာကြည့်လိုက်သောအခါ သူမ၏ မျက်နှာအမူအရာ အနည်းငယ် အေးစက်သွားခဲ့လေသည်။
"အားယွီ ဒါကို ဘယ်ကနေ တွေ့ခဲ့တာလဲ"
"တောင်ပေါ်ကပါ"
အားယွီလေးသည် သူမ၏ လက်ချောင်းလေးဖြင့် တောင်ဘက်သို့ ညွှန်ပြလိုက်ပြီး သူမ၏ ရင်ဘတ်ရှေ့တွင် စက်ဝိုင်းပုံစံ ထပ်မံ ဝိုက်ပြလိုက်တော့သည်။
"အရမ်းကြီးတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ အားယွီ တွင်းတူးလိုက်တာ အဲဒီတွင်းထဲမှာ ရှိနေကြတာ"
ဝမ်ဝူလန်မှ ဘေးမှနေ၍ အော်ပြောလိုက်လေသည်။
"ဖွားဖွား အဲဒါ ထင်းရှူးပင်ပါ ထင်းရှူးပင်အောက်မှာ မြှုပ်ထားတာ ဘယ်သူ မြှုပ်သွားလဲတော့ မသိဘူး"
ထိုလူသည် အလွန် ယုတ်မာလှသည်။ ဝေးဝေးလံလံ မမြှုပ်ဘဲထားသဖြင့် သူတို့၏ ညီမလေး အားယွီ ရှာတွေ့သွားခြင်း ဖြစ်သည်။
"အင်း"
အဖွားအိုဝမ် လျှောက်သွားလိုက်ပြီး ဝမ်ချွမ်းမန်အား ပစ်ပေါက်ရန် အသုံးပြုခဲ့သည့် ခြင်းတောင်းကို ပြန်ဆွဲယူလိုက်လေသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူမသည် အိမ်ထဲသို့ ပြန်ဝင်သွားခဲ့ကာ ပန်းခြင်း တောင်းလေး အတွင်းရှိ မှိုနက်များအား ထည့်ရန် ကြက်ဥများ ပြည့်နေသော ဝါးခြင်းတောင်းအား ယူထုတ်လာခဲ့တော့သည်။ သူမသည် မြေးများကိုလည်း ထည့်ခိုင်းလိုက်လေသည်။ ဝမ်ချွမ်းမန် စိတ်ရှုပ်ထွေး သွားခဲ့ရသည်။
"အမေ ဒီမြည်းချေးတွေကို တကယ် သိမ်းထားမလို့လား"
သူ့အမေသည် အားယွီအား အလွန် အလိုလိုက်မှန်း သိသော်လည်း ဤသည်မှာ နည်းနည်း များလွန်းနေသည် မဟုတ်ပါလော။
အားယွီ အိမ်ကို စရောက်လာချိန်တွင် အနည်းငယ် ရှက်ရွံ့တတ်သေးသည်အား သူ မှတ်မိနေသေးသည်။ အခုချိန်တွင်မူ သူမလေးသည် အများကြီး ပို၍ လန်းဆန်းတက်ကြွလာပြီ ဖြစ်သည်။ အစောပိုင်းက ဆိုလျှင်မူ သနားစရာ ကောင်းအောင်ပင် ဟန်ဆောင်နေလိုက်သေးသည်။ မည်သို့ပင်ဆိုစေကာမူ ဝမ်ချွမ်းမန် အတော်လေး ပျော်ရွှင်နေမိလေသည်။ သူ၏ သမီးလေး ပိုမို၍ လှုပ်ရှားတက်ကြွနေခြင်းသည် ပို၍ ကောင်းလှပေသည်။
"အမေ ဒါက မဖြစ်ဘူးလေ နောက်ကျရင် အားယွီက ဒီမြည်းချေးတွေကို အကောင်းမှတ်ပြီး သွားကစားနေရင် ဘယ်လိုလုပ်မလဲ"
ဤသည်မှာ ဝမ်ချွမ်းမန် စိတ်ပူနေသည့် အရာဖြစ်သည်။
"နင်တစ်ယောက်တည်းပဲ စကားပြောတတ်တာလား ရေခပ်ပြီးပြီလား လယ်မြေတွေ ပေါက်ပြားပေါက်ပြီးပြီလား ကြက်ခြံတွေ ပြင်ပြီးပြီလား"
အဖွားအိုဝမ်၏ မေးခွန်းတိုင်းနှင့်အတူ ဝမ်ချွမ်းမန်၏ ဟန်ပန်မှာ ကျဆင်းသွားရတော့သည်။ နောက်ဆုံးတွင် သူသည် အဖွားအိုဝမ်၏ ဖိအားပေးမှုကြောင့် ရေပုံးအား ကောက်ကိုင်လျှက် ထွက်ပြေးရတော့သည်။
"အမေ ကျွန်တော် အခု သွားပြီ"
အဖွားအိုဝမ်သည် ပစ္စည်းများအား ထုပ်ပိုးပြီးနောက် လျူရှီအား ပြောလိုက်လေသည်။
"ငါတို့ ဝက်အူစုံ တစ်ဇလုံ ဝယ်ထားတယ်မလား ဒီနေ့ အသား တစ်ကီလို လှီးလိုက်"
ကျန်သည့်အသားများအား ချွေးမများ၏ မိဘအိမ်များသို့ ပေးရန် သူမ စီစဉ်ထားခြင်း ဖြစ်သည်။လျူရှီမှ ခေါင်းညိတ်လိုက်သည်အား မြင်သော် အဖွားအိုဝမ်သည် အပြင်သို့ ထွက်လာခဲ့တော့သည်။
"ဖွားဖွား ဘယ်သွားမလို့လဲ"
အားယွီလေးမှ အလျင်အမြန် မေးလိုက်လေသည်။ အဖွားအိုဝမ်မှ ပြန်ပြောလိုက်သည်။
"ဖွားဖွား သမားတော်ဟူကို သွားရှာမလို့ အိမ်ပြန်ပြီး ခဏလောက် ဆော့နေနော် ဖွားဖွား ခဏနေရင် ပြန်လာခဲ့မယ်"
အားယွီလေး ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့ လမ်းမှာ ဂရုစိုက်သွားနော်"
ဤသည်မှာ အားယွီလေး မကြာသေးမီကမှ သင်ယူထားသည့်အရာ ဖြစ်လေသည်။
"အေးပါ"
အားယွီလေးမှလွဲ၍ ဝမ်မိသားစုရှိ လူတိုင်းသည် အားယွီလေး သတိမထားမိခင် အဖွားအိုဝမ်သည် ထိုမြည်းချေးများအား လွှင့်ပစ်လိုက်ပြီဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။ တကယ်တမ်းတွင်မူ အဖွားအိုဝမ်သည် မှိုနက်များပါသည့် ခြင်းတောင်းအား သယ်ဆောင်လျှက် သမားတော်ဟူ၏ အိမ်သို့ တန်းတန်းမတ်မတ် သွားခဲ့ခြင်း ဖြစ်သည်။
သမားတော်ဟူသည် ခြံဝင်းထဲတွင် ဆေးဖက်ဝင်အပင်များအား နေလှန်းနေစဉ် အဖွားအိုဝမ်မှ သူမ၏ လက်အတွင်းရှိ ခြင်းတောင်းအား သူ့ဆေးပင်ပုံပေါ်သို့ တင်လိုက်လေသည်။
“ဘုန်း”
"ဟာ အဒေါ်ဝမ် ဒါတွေက"
သမားတော်ဟူ စကားပြောရန် ပြင်လိုက်စဉ် ခြင်းတောင်းထဲရှိ ပစ္စည်းများအား မြင်လိုက်ရသောအခါ သူ့မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားခဲ့သည်။
"ဒါ ဒါ ဒါ ဒါတွေက မှိုတွေမလား အမည်းရောင်ထရပ်ဖဲလ်မှိုတွေ မဟုတ်ဘူးလား"