အားယွီက သာမန်မဟုတ်ပါ
Vol. 5 Ch. 68
သမားတော်ဟူသည် မြို့ထဲတွင် နှစ်အနည်းငယ်ကြာ နေထိုင်ခဲ့ကာ ဆေးဖက်ဝင်အပင်ပေါင်း ရာချီကို မြင်ဖူးခဲ့လေသည်။ ဂျင်ဆင်းနှင့် လင်းဇီးမှိုတို့သည် ဈေးကြီးသော်လည်း ရရှိနိုင်သေးသည်။ သို့သော် ဤမှိုမျိုးကိုမူ ငွေရှိလျှင်ပင် ဝယ်ချင်မှ ဝယ်၍ ရနိုင်ပေမည်။
ဤမြေအောင်းမှိုနက်များ ပေါက်ရောက်ရန် အခြေအနေများမှာ အလွန် ခက်ခဲကြမ်းတမ်းလှကာ ၎င်းတို့အား ရှာဖွေရန် အထူးနည်းလမ်းလည်း မရှိပေ။ ကျွမ်းကျင်သူတစ်ဦး တောင်ပေါ်သို့ တက်ရောက် တူးဖော်လျှင်ပင် ၎င်းတို့အား ရှာတွေ့နိုင်ချင်မှ ရှာတွေ့ပေလိမ့်မည်။ ထို့ကြောင့် သမားတော်ဟူ ပင်လျှင် ဤမှိုမျိုးအား အကြိမ်ရေ အနည်းငယ်ခန့်သာ မြင်ဖူးခဲ့ခြင်း ဖြစ်သည်။
တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်ခြင်းမှာ သူ့ဆရာသည် ထိုစဉ်က သူ့အား ပြောပြခဲ့ဖူးသောကြောင့် ဖြစ်လေသည်။
"ဒီအရာရဲ့ ပုံစံကို မင်း မှတ်ထားရမယ် ဒါက မင်းဘဝမှာ မြင်တွေ့ခွင့်ရတဲ့ တစ်ကြိမ်တည်းသော အခွင့်အရေး ဖြစ်ကောင်းဖြစ်လိမ့်မယ်"
"အဒေါ်ဝမ် ဒါကို ဘယ်ကရတာလဲ ခင်ဗျားမှာ အများကြီးတောင် ရှိနေပါ့လား"
သမားတော်ဟူ အံ့အားသင့်လျှက် အသက်ရှူမှားသွားခဲ့ရတော့သည်။ ထိုမှိုနက်များသည် ကတ်တီချိန် အနည်းငယ် လေးလောက်ပေမည်။ သို့သော် ၎င်းတို့၏ တန်ဖိုးအား တိုင်းတာ၍ပင် ရမည်မဟုတ်ပေ။ သို့တိုင် ၎င်းကို ပေါ့ပေါ့ပါးပါးပင် ထားရှိထားလေသည်။
"ငါတို့ အားယွီ တောင်ပေါ်သွားပြီး တူးလာတာ ကလေးဆိုးလေး တချို့က ဒါတွေကို မြည်းချေးတွေလို့ ထင်ပြီး ကောက်လာကြတာတဲ့လေ"
အဖွားအိုဝမ်မှ သာမာန်ကာလျှံကာပင် ပြောလိုက်လေသည်။
"ရှင်ပြောပုံအရဆိုရင် ဒီအရာက ဆေးဖက်ဝင်ပစ္စည်းအဖြစ် သုံးလို့ရတာလား"
ဟူကတော် အံ့အားသင့်သွားခဲ့လေသည်။
"အားယွီက တောင်ပေါ်သွားပြီး တူးလာတာလား"
သမားတော်ဟူသည် သူတို့ ဝမ်မိသားစု၏ အားယွီအကြောင်းအား သိထားလေသည်။ ထိုကလေးမလေး ဝမ်မိသားစုသို့ စရောက်လာချိန်တွင် သူမ၏ ခန္ဓာကိုယ်မှာ အလွန် အားနည်းနေခဲ့ကာ သေလုနီးပါး ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် သူသည် သူမလေးအား ကုသပေးရန် မရဲခဲ့ဘဲ ဝမ်မိသားစုကိုသာ ကိုယ်တိုင် ပြုစုစောင့်ရှောက်ခိုင်းခဲ့လေသည်။ တကယ်တမ်းတွင် ထိုအချိန်တုန်းက အားယွီ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ဟု သမားတော်ဟူ ထင်မှတ်ခဲ့မိခြင်း ဖြစ်သည်။
မထင်မှတ်ထားသည်မှာ ထိုကလေးမလေးသည် အသက်ရှင်ရုံသာမက ရွာတစ်ရွာလုံးကိုပါ အကျိုးကျေးဇူးများ သယ်ဆောင်လာပေးခဲ့လေသည်။
အခြားအရာများအား ထားလိုက်ဦးတော့ ကတ်တီချိန် ၃၀၀၀ ကျော်လေးသည့် စပါးအုံးမြွေကြီး အကြောင်း သမားတော်ဟူ သိရှိပြီးနောက်တွင် ဆေးစာအုပ်များစွာအား အထူးတလည် ရှာဖွေ စစ်ဆေးကြည့်ခဲ့သော်လည်း ဤမျှကြီးမားလှသည့် စပါးအုံးမြွေမျိုးအား မှတ်တမ်းတင်ထားသည်ကို ရှာမတွေ့ခဲ့ချေ။
ဤသည်မှာ ကောင်းကင်ဘုံမှ ပို့လိုက်သည့်အရာ မဟုတ်ပေလော။ ယခုအခါ သူသည် ထို မြွေသည်းခြေအား သန့်စင်ပြီးပြီ ဖြစ်သည်။ တစ်စိတ်တစ်ပိုင်းအား ရောင်းချခဲ့ကာ သူ့မိသားစုအား ပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။ တစ်စိတ်တစ်ပိုင်းကိုမူ သိမ်းဆည်းထားကာ မျိုးရိုးအမည်အား လက်ဆင့်ကမ်းနိုင်ရန် အတွက် ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုမည် ဖြစ်သည်။
ကောင်းကင်ဘုံမှ အလိုရှိလျှင် ဤကဲ့သို့သော မြွေသည်းခြေမျိုးအား သူ၏ တစ်ဘဝလုံးတွင် တစ်ကြိမ်သာ မြင်တွေ့ခွင့် ရနိုင်ပေမည်။
"ဟုတ်တယ် ငါတို့ အားယွီက ကံကောင်းတဲ့သူပဲ တောင်ပေါ်သွားပြီး တူးလာတာလည်း သူပဲလေ အဲဒါကြောင့် ဆရာ့ကို လာပြတာ တခြား ကလေးဆိုးတွေသာဆိုရင် ဆရာ့ကို လာမေးဖြစ်မှာ မဟုတ်ဘူး"
အဖွားအိုဝမ်မှ နှုတ်ခမ်းမဲ့လိုက်လေသည်။ အားယွီလေး တူးလာခြင်းသာ မဟုတ်လျှင် သူမ၏ မြေးများမှာ တကယ့် မြည်းချေးများကိုသာ ကောက်လာကြပေလိမ့်မည် ဖြစ်သည်။ သမားတော်ဟူ ချက်ချင်း သက်ပြင်းချလိုက်လေသည်။
"ခင်ဗျားတို့ ဝမ်မိသားစုနဲ့ တွေ့ဆုံရတာ အားယွီရဲ့ ကံကောင်းမှုပါပဲ ဝမ်မိသားစုမှာ အားယွီ ရှိနေတာကလည်း ခင်ဗျားတို့ရဲ့ ကံကောင်းမှုပဲ မဟုတ်သေးဘူး ငါတို့ ဟူမိသားစုရွာက အားယွီကို ကယ်တင်ခဲ့တာ ကျွန်တော်တို့ရွာရဲ့ ကံကောင်းမှုလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်"
အခြားအရာများအား မဆိုထားနှင့် အားယွီမှ တော်ဝင် သံတမန်အား ကယ်တင်ခဲ့သည့် အချက်တစ်ခုတည်းနှင့်ပင် သူမသာ မရှိခဲ့လျှင် ကပ်ဘေးကယ်ဆယ်ရေး အစားအစာများ ရရှိရန် မဆိုထားနှင့် ရွာအသီးသီးမှ လူများပင် အသက်ရှင်ကျန်ရစ်ခဲ့ကြမည် မဟုတ်ပေ။
ထိုအချိန်တွင် တော်ဝင်သံတမန် သူတို့ရွာ၌ သေဆုံးသွားကြောင်း နန်းတော်မှ သိရှိသွားလိမ့်မည်။ ဖြစ်နိုင်သည်မှာ သူတို့ရွာတစ်ရွာလုံး အသက်နှင့်ရင်းကာ ပေးဆပ်လိုက်ရပေမည်။
ထို့ပြင် ကပ်ဘေးကယ်ဆယ်ရေး အစားအစာများနှင့် နှင်းပြိုကျမှုအား ရှောင်ရှားရန် အတွက် အားယွီလေးမှ ကူညီပေးခြင်းသာ မရှိခဲ့လျှင် သူတို့ အငတ်ဘေးနှင့် အအေးဒဏ်ကြောင့် သေဆုံးသွားခဲ့သည်မှာ ကြာလောက်ပေပြီ။ ထို့အပြင် ရှန်ယန်းရွာနှင့် တူညီသည့် လမ်းကြောင်းအား သူတို့ လျှောက်လှမ်းမိကောင်း လျှောက်လှမ်းမိနိုင်သေးသည်။
ဟူမိသားစုရွာသားများသည် ရိုးသားကြသော်လည်း သူတို့၏ လူ့သဘော သဘာဝသည် နှိပ်စက်မှုအား ခံနိုင်ရည်မရှိကြပေ။ လူအများအား အခြေအနေတစ်ခုသို့ တွန်းပို့လိုက်သောအခါ လူကောင်းများပင်လျှင် သူတို့၏ မကောင်းစိတ်အား ထိန်းချုပ်နိုင်ကြလိမ့်မည် မဟုတ်ပေ။ အားယွီ၏ ကိစ္စနှင့် ပတ်သက်ပြီး အဖွားအိုဝမ် ဆက်မပြောချင်တော့ပေ။
"ဒီပစ္စည်းက ဘယ်လောက်တန်ဖိုးရှိမယ်လို့ ဆရာ ထင်လဲ ဆရာက ဆေးခန်းတွေ အများကြီး သိတာပဲ ရောင်းပေးပါဦး ရလာတဲ့ ပိုက်ဆံထဲက တချို့ကို ဆရာ့ကို ပေးပါ့မယ်"
သမားတော်ဟူ လန့်ဖျပ်သွားတော့သည်။
"အဒေါ်ဝမ် ဒီမှိုနက်က ပိုက်ဆံအများကြီး တန်တယ်ဗျ တခြားဟာ မပြောနဲ့ ကျွန်တော် သမားတော်လုပ်တုန်းက ဒီမှိုခြောက် နည်းနည်းလေးကတင် ငွေစဘော် အနည်းငယ် တန်ကြေးရှိတယ်"
မှိုနက်များသည် အခြား ဆေးဖက်ဝင်အပင်များနှင့် မတူပေ။ ၎င်းတို့တွင် လတ်ဆတ်သော ဆေးဖက်ဝင် အာနိသင်များ ရှိသဖြင့် လတ်ဆတ်နေလျှင် ပို၍ပင် ဈေးကြီးသေးသည်။ ဆေးဖက်ဝင် အပင်များအနေနှင့်ဆိုလျှင် မှိုနက်များမှ အမြဲတမ်း တန်ဖိုးဖြတ် မရနိုင်အောင် ရှိနေတတ်သည်။
"ဒါတွေက ဈေးပေါမှာ မဟုတ်ဘူး အဒေါ်ဝမ် ခင်ဗျား ကျွန်တော့်ကို ပေးထားရင် ကျွန်တော်တောင် စိတ်ပူနေရလိမ့်မယ်"
"ဆရာ လောဘတတ်မှာကို ငါတောင် မကြောက်တာ ဆရာက ဘာကို ကြောက်နေတာလဲ"
အဖွားအိုဝမ်မှ ပြောလိုက်သည်။
"ဒီအဖွားကြီးက ဘာမှနားမလည်တဲ့ အဘွားကြီးတစ်ယောက်ပါ မြို့နယ် ဒါမှမဟုတ် ခရိုင်မြို့ကို ယူသွားရင် လူတွေက ကြည့်တောင်ကြည့်မှာ မဟုတ်ဘူး အဲဒီကျရင် ငါ လိမ်ညာလှည့်စားခံရလိမ့်မယ် အဲဒီကျမှပဲ ပိုပြီး ဆုံးရှုံးသွားမှာ ကြောက်ရတယ် ဆရာ့ကို ပေးလိုက်တာကမှ ပိုကောင်းဦးမယ် ဘယ်လောက် ရောင်းရမလဲဆိုတာ ဆရာ့ အရည်အချင်းပဲ ရောင်းရပြီးမှ ဒီအဖွားကြီးကို လှည့်စားမယ်ဆိုရင်လည်း ဒါ ဆရာ့ အရည်အချင်းပဲလေ"
အဖွားအိုဝမ် အမှန်တကယ် ဂရုမစိုက်ချေ။ ဤရွာတွင် ငွေကြေးနှင့် ပတ်သက်၍ တကယ်တမ်း မတုန်လှုပ်သူမှာ သမားတော်ဟူ တစ်ဦးတည်းသာ ရှိလေသည်။ ထိုစဉ်အချိန်များတွင် သူသည် အလွန်ရက်ရောသည့် အလုပ်ကမ်းလှမ်းမှုများအား စွန့်လွှတ်ကာ ဆေးကုသရန် ရွာသို့ ပြတ်ပြတ်သားသား ပြန်လာခဲ့ခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ အဖွားအိုဝမ်သည် သူ၏ အကျင့်စရိုက်အား ကောင်းစွာ နားလည်နေခဲ့ပြီ ဖြစ်သည်။ သမားတော်ဟူ နှာခေါင်းကိုသာ ပွတ်လိုက်မိတော့သည်။
"အဒေါ်ဝမ် တကယ်တော့ ကျွန်တော့်မှာ တောင်းဆိုစရာ အသေးလေး တစ်ခုတော့ ရှိတယ် အားယွီ ဘယ်နေရာက တူးလာသလဲဆိုတာ မေးချင်လို့ပါ"
သူသည် ဝမ်မိသားစုဆီမှ မည်သည့်အရာကိုမျှ မောင်ပိုင်စီးလိုစိတ် မရှိချေ။ သူ၏ အသိစိတ်မှ လက်ခံမည် မဟုတ်သော်လည်း မှိုနက်များအား မြင်လိုက်ရချိန်တွင် စိတ်မလှုပ်ရှားဘဲ နေရန်မှာ မဖြစ်နိုင်ခဲ့ချေ။
"နောက်ကျရင် ငါ့အိမ်က ကောင်စုတ်လေးတွေကို ခေါ်ပြီး လိုက်ပြခိုင်းလိုက်မယ် သူတို့အားလုံး အဲဒီကို ရောက်ဖူးကြတယ်"
အဖွားအိုဝမ်မှ ဂရုမစိုက်သလို ပြောလိုက်လေသည်။ ဤအရာသည် အဖိုးတန်လှသည်။ အကယ်၍ သူတို့ ပိုရှာတွေ့နိုင်လျှင် သဘာဝကျကျပင် ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။ ထပ်မတွေ့လျှင်လည်း ကိစ္စမရှိလှပေ။ အဖိုးအိုဝမ်၏ မိသားစုသည် ရွာတွင် နေထိုင်ရဦးမည် ဖြစ်သည်။
ဤကဲ့သို့သော အရာမျိုးအား သူတိူ့သာ သီးသန့် လက်ဝါးကြီးအုပ်ထားခဲ့လျှင် ထိုသည်မှာ ကောင်းချီးမင်္ဂလာ မဟုတ်ဘဲ ဘေးဒုက္ခသာ ဖြစ်လာလိမ့်မည် ဖြစ်သည်။ သမားတော်ဟူ ချက်ချင်း ပျော်ရွှင်သွားလေသည်။
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ ဒါဆို ကျွန်တော် ဈေးမေးပေးမယ် ပုံမှန်ဆိုရင် ဒီလောက်များတဲ့ မှိုနက်တွေကို အတူတူ ရောင်းလေ့မရှိဘူး ဈေးကောင်းကောင်း ရပါ့မလားလို့ စိုးရိမ်မိတယ် ကျွန်တော် နီးစပ်ရာ ခရိုင်မြို့တွေကို သွားမေးကြည့်လိုက်မယ် ဒါဆို ရောင်းရတာ ပိုလွယ်ကူလိမ့်မယ်"
အဓိက အကြောင်းအရင်းမှာ သူတို့ ဈေးအများကြီး ခေါ်မိပါက တစ်ဖက်လူက ဈေးနှိမ်မည်အား စိုးရိမ်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်မှ မနာလိုစိတ် ဖြစ်လာလျှင် ပို၍ ဆိုးရွားလိမ့်မည် ဖြစ်သည်။ သမားတော်ဟူသည် ဤသဘောတရားအား နားလည်လေသည်။
"ဒါတွေကိုသာ ဂရုစိုက်ပေးပါ ဆရာ့လက်ထဲ အပ်လိုက်ရင် ကျွန်မ စိတ်ချရပါတယ်"
အဖွားအိုဝမ်မှ အဓိပ္ပာယ်ပါပါ ပြောလိုက်လေသည်။
"ဒါပေမဲ့ ငါတို့ အားယွီ ကိစ္စနဲ့ ပတ်သက်ပြီး ဆရာ့ကို ဒုက္ခပေးရတော့မယ်"
"ဒုက္ခမဟုတ်ပါဘူး ဒုက္ခ မဟုတ်ပါဘူး”
သမားတော်ဟူ စကားပြောနေရင်း ရုတ်တရက် အဒေါ်ဝမ်မှ တစ်စုံတစ်ခုအား ရည်ညွှန်းနေမှန်း သဘောပေါက်လိုက်တော့သည်။ သူ သေချာစဉ်းစားကြည့်လိုက်ပြီးနောက်ခ ချက်ချင်း နားလည်သွားခဲ့သည်။ ထို့ကြောင့် သူမသည် ဤနေရာမှာ သူ့အား စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေသည်။
"ကောင်းပါပြီ အားယွီက ကျွန်တော်တို့ ဟူမိသားစုရွာက ကလေး တစ်ယေက်ပါ ကျွန်တော် သဘာဝကျကျပဲ သူ့ကို ကာကွယ်ပေးပါ့မယ်"
ထိုစကားအား ကြားလိုက်ရမှသာလျှင် အဖွားအိုဝမ် ခေါင်းညိတ် လိုက်လေသည်။ အမှန်စင်စစ် သူမသည် ဆင်းရဲသည်လည်းမဟုတ် ရက်ရောသည်လည်း မဟုတ်ပေ။ သူမသည် သမားတော်ဟူမှ သူမအား ကျေးဇူးကြွေး တင်စေချင်ခဲ့ခြင်း ဖြစ်သည်။
အနာဂတ်တွင် သူတို့ အစားအစာ စိုက်ပျိုးသည့်အခါ စပါးအုံးမြွေကိစ္စ ပဲနို့ရည်ကိစ္စနှင့် ရေကိစ္စများအား ဖုံးဖိပေးရန် အတွက် သမားတော်ဟူ ကူညီရပေအုန်းမည် ဖြစ်သည်။ အားယွီသည် သာမန်လူတစ်ယောက် မဟုတ်ချေ။ ဤကိစ္စအား ဖုံးကွယ်ထား၍ မရနိုင်သဖြင့် ဖုံးကွယ်ထားရန်လည်း မလိုအပ်ပါချေ။
သို့သော် ၎င်းသည် တစ်ဝက်မှန် တစ်ဝက်မှား ဖြစ်နေရမည်ဖြစ်ကာ တစ်စုံတစ်ယောက်မှ ကူညီထောက်ခံပေးရန် အတွက်လည်း လိုအပ်လှသည်။
ရွာသားများမှာ ဗဟုသုတ နည်းပါးကြသဖြင့် ရွာလူကြီးဟူ သမားတော်ဟူနှင့် အခြားသူများ၏ စကားအား ပို၍ ယုံကြည် လက်ခံလွယ်ကြသည်။ အဖွားအိုဝမ် စကားဆုံးသွား ပြီးနောက်တွင် ဝါးခြင်းတောင်းအား မလျှက် မှိုနက်များအားလုံးကို သွန်ချလိုက်လေတော့သည်။ သမားတော်ဟူ နှမြောတသ ဖြစ်သွားရသည်။
"အဒေါ်ဝမ် ဖြည်းဖြည်းလုပ်ပါ ဒီဟာတွေက ဈေးကြီးတယ်ဗျ"
"ထည့်စရာ တစ်ခုခု သွားရှာချေ ငါ ဒီဝါးခြင်းတောင်း ပြန်ယူသွားရမှာ"
သို့မဟုတ်လျှင် အဘိုးကြီးမှ သူမအား ဝါးခြင်းတောင်း ထားခဲ့ပြီး ပြန်မယူလာသည်အား မြင်လျှင် ထပ်မံ၍ ပွစိပွစိ လုပ်နေဦးမည် ဖြစ်သည်။ အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပေသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အဖွားအိုဝမ် လှည့်ကြည့်လျှက် မေးမြန်းလိုက်သည်။
"ဒါနဲ့ ဆရာပြောတော့ ဒါကို မှိုနက်လို့ ခေါ်တယ်ဆို ဘာအာနိသင် ရှိတာလဲ"
"မှိုနက်တွေက အလွန် အားရှိစေတယ် အမျိုးသား အမျိုးသမီး လူကြီး လူငယ်မရွေး သုံးစွဲနိုင်တယ် အမျိုးသမီးဆိုရင်"
ဆေးဖက်ဝင်အပင်များ အကြောင်း ပြောသည့်အခါ သမားတော်ဟူမှ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်လေသည်။
"ဒါဆို ကောင်းတာပေါ့"
အဖွားအိုဝမ်သည် ကျန်သည့် စကားများအား လုံးဝ နားမထောင်တော့ပေ။ သူမ ပြန်လျှောက်လာခဲ့ကာ အကြီးနှစ်ခုအား ရွေးထုတ်လျှက် ဝါးခြင်းတောင်း အတွင်းသို့ ပြန်ထည့်လိုက်လေသည်။
"အိမ်ကလူတွေကို မြည်းစမ်းကြည့်ဖို့ နှစ်ခု ယူသွားလိုက်မယ်"
လူတိုင်းအား မြည်းစမ်းခိုင်းရန် မဖြစ်နိုင်သော်လည်း အားယွီအတွက် နှစ်ခု ချန်ထားပေးရမည် ဖြစ်သည်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ အနာဂတ်တွင်လည်း အသုံးဝင်လာပေလိမ့်မည်။
သမားတော်ဟူ မှ ဆက်လက်၍ ပြောလိုက်သည်။
" ခန္ဓာကိုယ် အားရှိဖို့အတွက် ဒီအရာကို သုံးတာက ကုန်ကျစရိတ် အရမ်းများလွန်းတယ် မလား"
အဖွားအိုဝမ် လုံးဝ ဂရုမစိုက်ချေ။
"ရပါတယ် အလကား ကောက်လာတာပဲဟာ"
သမားတော်ဟူ ဆွံအသွားမိတော့သည်။
‘အဓိပ္ပာယ်တော့ ရှိသား’
ထိုအချိန်တွင် ဝေးလံလွန်းလှသည့် ယုံတင်းခရိုင်တွင် ရှိနေသည့် ကျောင်းကျန့်သည် ရုတ်တရက် နှာချေလိုက်မိလေသည်။ အစေခံတစ်ဦး စာကြည့်ခန်းထဲသို့ ကျွမ်းကျင်စွာ ပြေးဝင်လာခဲ့သည်။
"သခင်ကြီး သခင်လေးက ရွာမှာ သွားနေချင်တယ်လို့ ပြောနေပါတယ်"