အပင်မြင့်လေ လေတိုက်ခံရလေ
Vol. 8 Ch. 724
စီးပွားရေးသည် မနက်ခင်းဆိုင်တံခါးမဖွင့်ခင် ဆိုင်အပြင်ဘက်တွင် လူအများ တန်းစီရသည်အထိ ကောင်းသထက် ကောင်းလာတော့သည်။ တစ်ဝက်ခန့်သည် စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုများအတွက် လာကြသည်ဖြစ်ပြီး ကျန်တစ်ဝက်သည် အဆင့်မြင့် ဝိညာဉ်ဆေးများဝယ်ရန် လာကြခြင်းဖြစ်သည်။
ဝိညာဉ်ကျင့်ကြံသူများအတွက် အဆင့်မြင့်ဝိညာဉ်ဆေးများ၏ အကျိုးအာနိသင်ကား စကားလုံးများဖြင့်ဖော်ပြ၍ပင် မရပေ။ ထိုမျှသာမက တစ်မိုးအောက်တွင် ပြိုင်စံရှားနံပါတ်တစ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင်တွင် လူတန်းစားမဟူ အံသြတုန်လှုပ်ရသည်အထိ ဝိညာဉ်ဆေးစုံလင်စွာရလေသည်။
ဆိုင်၏ နာမည်ဂုဏ်သတင်းသည် နေ့စဉ်နေ့တိုင်းကြီးထွားလာ၏။ နှစ်လအတွင်း ၎င်းသည် မြို့နယ်ရှစ်ဆယ့်ကိုးတွင် ထိပ်ဆုံးနာမည်တစ်ခု ဖြစ်လာပြီး ဘေးပတ်လည် မြို့နယ်များတွင် ပြောစရာခေါင်းစီးသတင်း ဖြစ်လာတော့သည်။
အမြတ်များသည် နေ့တိုင်း လုံးခနဲ ရင်းခနဲ တိုးလာခြင်းမဟုတ်သော်လည်း ထိုအနေအထားတမျှ ဖြစ်လာသည်။ အမုန်းဝိညာဉ်များတိုးပွားလာနေခြင်းနှင့်ပတ်သက်၍ ပိုင်ရှောင်ချန်းမှာ အလွန်တရာကျေနပ်နေသည်။ ဤနည်းအတိုင်းသာ ဆက်သွားနေပါက သူ မီးတောက်ဖန်တီးရန် လိုအပ်သည့် ဝိညာဉ်ပမာဏကို လုံးဝကာမိမည်ဖြစ်သည်။
ပိုင်ဟောက်သည်လည်း အကုန်လုံးနှင့်ပတ်သက်၍ များစွာ နှစ်ထောင်းအားရဖြစ်နေတော့သည်။ ပိုင်ဟောက်မှာ ဝိညာဉ်အစေခံအဖြစ် လူအများနားတွင် ခပ်တောင့်တောင့်ရပ်ကာ ဟန်ဆောင်နေရသော်လည်း သူပျော်မြဲပင်။ သူအသက်ရှိသည်ဖြစ်စေ၊ သေပြီးသားဖြစ်စေ သူ့မှာ အမြဲတမ်းတစ်ယောက်တည်းဖြစ်နေသည့်အတွက် ဤကဲ့သို့ လူအများနှင့် ထိတွေ့ဆက်ဆံရန် လိုလားတောင့်တနေခဲ့ရသည်။
ယခုတွင် ဆိုင်က အလွန်နာမည်ကြီးလာပြီဖြစ်သောကြောင့် သူသည် နေ့စဉ်နေ့တိုင်း ဖောက်သည်ပေါင်းစုံနှင့် ဆက်ဆံနေရသည်။ အခြေခံ ဆက်ဆံပြောဆိုခြင်း အနည်းငယ်သာ ပါဝင်သည့်တိုင် ၎င်းသည် သူ့အတွက်တော့ အလွန်ပျော်စရာကောင်းနေဆဲဖြစ်သည်။
အမှန်တကယ်တော့ ဆိုင်သည် ချက်ချင်းလက်ငင်း မယုံနိုင်စရာကောင်းလောက်အောင် နာမည်ကြီးလာသဖြင့် အနီးအနားရှိ ဆိုင်များအကြားတွင် မနာလိုမှုများ ပေါက်ဖွားလာတော့သည်။ ထိုဆိုင်များမှာ ဖိအားများ ခံစားနေရပြီး အချို့က ပြဿနာများပင် ရှာလာတော့သည်။
သို့သော် ပိုင်ဟောက်က အများစုကို အဆင်ပြေချောမွေ့ရန် ဆောင်ရွက်လေသည်။ သူသည် စီးပွားရေး အနုတ်သဘောဆောင်သည်အထိ မထိခိုက်သရွေ့ နောက်ဆုတ်ပေးမည့် လူစားမျိုးဖြစ်သည်။
အစက ပိုင်ရှောင်ချန်းသည် ဖြစ်ပျက်နေသည်များအား သတိပင်မထားမိပေ။ သို့သော် ပြဿနာရှာသူများလာသောအခါ သူဒေါသထွက်စပြုလာတော့သည်။ အထူးသဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် ရာထူးကို ထည့်တွက်လိုက်သည်တွင် ပိုဆိုးသည်။
" ငါက မဟာတံတိုင်းက အရှိန်အဝါကြီးမားတဲ့ စစ်ဦးစီးမှူး၊ သရဲကြီးမြို့တော်ရဲ့ အမှုဆောင်ချုပ်။ ပြီးတော့ သရဲကြီးတပ်ဖွဲ့ရဲ့ တပ်မှူးကြီးက ငါ့ရဲ့ တာအိုလက်တွဲဖော်။ သောက်ရေးမပါတာ။ ငါက ဝိညာဉ်ရေနွေးအိုးထဲမှာ မင်းမျိုးနွယ်တွေ၊ ဆွေကြီးမျိုးကြီး လက်ရွေးစင်တစ်ရာကို ပြန်ပေးဆွဲခဲ့တာ။ ငါဒီမှာ ရိုးရိုးသားသား စီးပွားရေးလုပ်ဖို့ ကြိုးစားနေတာ။ ဘယ်သူ့ကိုမှလဲ ပတ်အနိုင်ကျင့်နေတာမဟုတ်ဘူး။ အခုတော့ ဒီပမွှားလေးတွေက ငါ့ကို ဖိအားပေးရဲတယ်ပေါ့လေ "
ထိုညနေ သူဆိုင်ပိတ်သောအခါ သူက နှာမှုတ်လိုက်ပြီး ပိုင်ဟောက်ကို ပြောသည်။
" တပည့် မနက်ဖြန်ကစပြီး တစ်ယောက်ယောက် ပြဿနာလာရှာရင် ငါ့ကို ခေါ်လိုက်။ သူတို့ကို ငါ့တာဝန်သာထား"
သူသည် လွန်ခဲ့သော ရက်ပိုင်းအတွင်းထဲက စောင့်ကြည့်နေခဲ့ပြီး လာရောက် ပြဿနာရှာကြသည့် လူအများစုမှာ ယင်ယန်ဝိညာဉ်နှင့် အမြုတေအဆင့်ကျင့်ကြံသူများဖြစ်ကြောင်း အတည်ပြုထားပြီး ဖြစ်သည်။ ထို့ကြောင့်လည်း ပိုင်ရှောင်ချန်းက စိုးရိမ်ထိတ်လန့်မှု မရှိခြင်းဖြစ်သည်။
ပိုင်ဟောက်က သူ့ဆရာ မကျေမနပ်ဖြစ်နေသည်ကို ကြည့်ကာ ခပ်ယဲ့ယဲ့သာ ပြုံးလိုက်သည်။ သို့သော် သူက ထိုကိစ္စကို အတန်ငယ်စဉ်းစားပြီးနောက် အကြံတချို့ပေးရန် ဆုံးဖြတ်လိုက်သည်။
" ဆရာ ဒီပတ်ဝန်းကျင်မှာ ကျွန်တော်တို့ဆိုင် ပိုပြီးအခြေကျတဲ့အထိ စောင့်ပါဦးလား။ စီးပွားရေးလည်း အဆင်ပြေနေတာပဲ။ ပြီးတော့ ဂယက်မထစေတာပဲ ကောင်းတယ်ထင်တယ်။ စိတ်မပူပါနဲ့ ကျွန်တော် ဖြစ်လာမှာတွေအကုန် ရင်ဆိုင်ပေးပါ့မယ်"
အမှန်မှာ ပိုင်ဟောက်သည် သူ့ဆရာပြဿနာရှာရာတွင် မည်မျှတော်ကြောင်းကိုသိနေ၍ စိုးရိမ်နေခြင်းဖြစ်သည်။ သရဲကြီးတပ်ဖွဲ့တွင် မည်သို့ဖြစ်ပျက်ခဲ့ကြောင်း တွေးလေလေ သူ့ကိုပိုပြီး စိတ်လှုပ်ရှားစေလေလေဖြစ်တော့သည်။ သရဲကြီးမြို့တော်တွင် သူကြားခဲ့သော သတင်းများအား ပြန်ပြောစရာပင် မလိုချေ။ သူ၏ဆရာက အမြဲတမ်း အထင်မှားခံရသည်ဟု တွေးနေပုံက ပိုင်ဟောက်ကို ရယ်မည်လား၊ ငိုရမည်လား မသိဖြစ်သွားစေသည်။
ပိုင်ဟောက်၏ အကြံကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် စိန်းစိန်းဝါးဝါး ပြူးကျယ်သွားလေသည်။
" မင်း နောက်နေတာလား။ မင်းဆရာက ဒီအတိုင်း ပြုံးပြီး သည်းခံနေမယ့်လူလို့ ထင်နေတာလား "
ပိုင်ဟောက်သည် ကြိတ်၍ သက်ပြင်းချလိုက်ရင်း သူ အသုံးမပြုသည်မှာ ကြာပြီဖြစ်သော ဝှက်ဖဲတစ်ချပ်ကို သုံးရန် ဆုံးဖြတ်လိုက်သည်။
" ဆရာ။ ကျွန်တော်တို့က နန်းမြို့တော်မှာ နှစ်ယောက်ထဲရှိတာ။ ဒီက ဘယ်သူ့ကိုမှ မိတ်ဆွေလို့ သတ်မှတ်လို့မရဘူး။ ဒါ့အပြင် ဆရာ လက်ရွေးစင်တွေကို ဘယ်လိုဖမ်းခဲ့လဲဆိုတာ သတိရဦး။ သူတို့အားလုံး ဒီမှာနေတာနော်၊ ကျွန်တော်တို့ဘာလို့ အသာလေး ငြိမ်မနေရမှာတုံး။ ကိစ္စသေးလေ စိုးရိမ်ရနည်းလေပဲလေဆရာရဲ့"
ကြည့်ရသရွေ့ သူ၏ ဗျူဟာ အလုပ်ဖြစ်ပုံရသည်။ ပိုင်ရှောင်ချန်းမှာ မျက်စိမျက်နှာပျက်သွားပြီး လက်ရွေးစင်အားလုံး၏ အခြေအနေ မည်မျှခါးသီးဆိုးရွားခဲ့ကြောင်း ပြန်တွေးလိုက်သည်။ သူသာ သရဲကြီးမြို့တော်တွင် ဆိုလျှင် ကြီးကြီးကျယ်ကျယ်မဟုတ်ပေ။ သို့သော် ယခုတွင် သူက သူတို့၏ ပိုင်နက်တွင် ဖြစ်ရာ ချက်ချင်းပင် အကုန်လုံးနှင့် ပတ်သက်၍ အပြစ်ရှိသကဲ့သို့ ခံစားလာရတော့သည်။ သို့သော် သူ့မျက်နှာပေါ်တွင် ထိုအသွင်ကို မပြသပေ။ သူက အားပါးတရရယ်ရင်း ပိုင်ဟောက်ပခုံးကို လက်ဖြင့်ဆုပ်လိုက်သည်။
သူ့မျက်လုံးများတွင် ချီးကျူးခြင်းသည့်အရိပ်အယောင်များဖြင့် တဖျပ်ဖျပ်လက်နေပြီး နည်းနည်းလေးပင် မရှက်ရွံ့ဘဲ မျက်နှာပြောင်တိုက်စွာ ပြောလိုက်သည်။
" ဆရာက စနေတာပါ။ မဆိုးဘူး။ မဆိုးဘူး ငါ့တပည့်၊ မင်းရဲ့ သတိရှိတဲ့ စရိုက်က နောက်ထပ်ပေါ်လာပြီပဲ။ အရင်တုန်းက ငါ့ကိုယ်ငါတောင် ပြန်အမှတ်ရတယ်။ မင်း စောစောက ပြောလိုက်တာလောက် မှန်တာမရှိတော့ဘူး။ တကယ်က ငါလဲ အဲဒီအတိုင်းတွေးနေတာ "
ပိုင်ရှောင်ချန်းက သူ၏ယခင်အကြံကို လက်လျှော့လိုက်ကြောင်း မြင်သည့်အခါတွင် ပိုင်ဟောက်မှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချကာ သူ့ဆရာကို အပြင်သို့ ခေါ်ရန် မတွေးတော့ပေ။ ထိုအစား သူက ပြုံးရုံကလေး ပြုံးပြီး စကားဆက်ပြောလိုက်သည်။
ထိုနည်းအားဖြင့် နေ့ရက်များ ဆက်လက် ကုန်လွန်လာ၏။ ထိုအတောအတွင်း ပိုင်ဟောက်သည် ဝယ်သူများထံမှ အမှာများ လက်ခံပြီး ပိုင်ရှောင်ချန်းက ဆယ့်ခြောက်ရောင်ခြယ်မီးတောက် ဖန်တီးခြင်းအတွက် အချိန်များစွာပေး၍ ကုန်ဆုံးသည်။
ညနေခင်းများတွင် ပိုင်ရှောင်ချန်းက မှာကြားထားသည့် မှော်ပစ္စည်းများအားလုံးကို စိတ်စွမ်းအင်မြှင့်တင်ခြင်း ဆောင်ရွက်မည်ဖြစ်ပြီးနောက် လေ့လာမှုများ ပြုလုပ်သည်။ နောက်ထပ် လဝက်ကုန်ဆုံးသွား၏။ နောက်ဆုံးတွင် ပိုင်ဟောက်၏ အကူအညီဖြင့် သူသည် ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ဖန်တီးနည်းကို ပြည့်စုံအောင် ပြုလုပ်နိုင်သွားသည်။
ထိုအချိန်တွင် သူက မီးတောက်ကို အမှန်တကယ် ဖန်တီးရန် ပြင်ဆင်ချက်များ စတင်လုပ်ဆောင်သည်။ မတော်တဆများဖြစ်မည်ကို စိုးရိမ်သောကြောင့် သူက အချုပ်အနှောင်မန္တန်ဝင်္ကပါ အချို့ကို ဝယ်၍ ဆောင်ထားလိုက်သည်။ သူမည်မျှ အဆင်ပြေနေသည်ဆိုလျှင် မျိုးနွယ်စုတစ်စုလုံးကို ကာကွယ်ရန်အတွက် အသုံးပြုနိုင်သည့် ဝိညာဉ်ဝင်္ကပါတစ်ခုကိုပင် ဝယ်လိုက်သေးသည်။ အမျိုးမျိုးသော ဝင်္ကပါများအားလုံး အသုံးပြုရင်း သူက မီးတောက်ဖနိတီးခြင်းအလုပ်ရုံကို အတောင့်တင်းအခိုင်မာဆုံး ရဲတိုက်ကြီးကဲ့သို့ မထိုးဖောက်နိုင်အောင် နေရာချလိုက်သည်။ သို့မှသာလျှင် သူအလုပ်စလုပ်တော့သည်။
ပိုင်ဟောက်အတွက် မည်သို့မည်ဖုံလုပ်ရန် ညွှန်ကြားချက်များ မလိုပေ။ သူက ဆိုင်ကို ချက်ချင်း ပိတ်လိုက်ပြီး စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအမှာများအားလုံးကို ငြင်းဆန်လိုက်သည်။ ထို့နောက် သူက မီးတောက် ဖန်တီးရာတွင် ပိုင်ရှောင်ချန်းကို အကူအညီပေးရန် စိတ်ရောကိုယ်ပါ လုံးလုံးလျားလျား မြှုပ်နှံရန် ပြင်ဆင်လိုက်သည်။
ကံဆိုးစွာ အစပိုင်းတွင် အဆင်မပြေပေ။ လေ့လာမှုများအားလုံးနှင့် ပိုင်ဟောက်၏ အကူအညီနှင့်ပင် ကျရှုံးမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ ကံကောင်းထောက်မစွာ သူ အားထားနိုင်သည့် အမုန်းဝိညာဉ်များစွာ ရှိသည်။ တစ်လလုံးလုံးကုန်သွားပြီးနောက် သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သူရှေ့ရှိ ဆယ့်ငါးရောင်ခြယ်မီးတောက်သည် အမုန်းဝိညာဉ်များစွာကို ဝါးမျိုလိုက်ပြီး ဆယ့်ခြောက်ရောင်မြောက်အရောင် ပေါ်လာတော့သည်။
သူက ချက်ချင်း စိတ်လှုပ်ရှားသွားသော်လည်း သူ၏ ခံစားချက်များကို ထိန်းချုပ်လိုက်သည်။ သူ၏ ချီများကို အခြေကျအောင်လုပ်လိုက်ရင်း စိတ်ကိုရှင်းကာ မီးပင်လယ်ကို ထိန်းချုပ်လိုက်ပြီး သူ့လက်ဝါးပေါ်သို့ တဖြည်းဖြည်း ပြန်ယူလိုက်သည်။ သူက လက်သီးဆုပ်လိုက်ပြီးနောက် လက်ကို ပြန်ဖြန့်လိုက်သည်တွင် .... ဆယ့်ခြောက်ရောင်ခြယ် မီးတောက်တစ်ခု ပေါ်လာတော့သည်။
" အလုပ်ဖြစ်တယ် "
သူက စိတ်လှုပ်ရှားမှုများဖြင့် ရင်တဒိန်းဒိန်းခုန်လျက် အားပါးတရရယ်ရင်း ပြောသည်။ မရေမတွက်နိုင်သော အမုန်းဝိညာဉ်များနှင့် ပိုင်ဟောက်ထံမှ အရေးပါသော အထောက်အပံများ ပေါင်းစပ်လိုက်သောအခါ ယခုအခိုက်အတန့်သည် မီးတောက်ဖန်တီးရာတွင် သူ၏အကောင်းဆုံးအချိန်အပိုင်းအခြားဟု ဆိုနိုင်သည်။ အခြားလူများအတွက် ယခု သူကုန်ဆုံးခဲ့သော အချိန်အပိုင်းအခြားကို ဘေးဖယ်ထား၍ နှစ်ပေါင်းများစွာ ကြိုးစားသည့်တိုင် အောင်မြင်ဖို့လွယ်ကူမည် မဟုတ်ပေ။
ပိုင်ဟောက်မှာမူ ပင်ပန်းနွမ်းနယ်နေသော်လည်း ထပ်တူဝမ်းမြောက်နေသည်။ ထိုမျှသာမက သူ့ဆရာနှင့် ကောင်းကောင်း သိကျွမ်းလာပြီး သူက ချီးကျူးခံရသည်ကို သဘောကျကြောင်း သိသဖြင့် အလျင်အမြန်ပင် မြှောက်ပင့်လိုက်သည်။
ပိုင်ရှောင်ချန်းက အားပါးတရရယ်မောလိုက်ပြီးနောက် နောက်ထပ် စစ်ဆေးမှုအနည်းငယ်လုပ်ရန် စလိုက်သည်။ သူ၏ အောင်မြင်နှုန်းသည် ဆယ့်နှစ်မှ ဆယ်လေးရာခိုင်နှုန်းခန့်သာရှိသဖြင့် အလွန်မမြင့်မားသည့်အတွက် သူသိပ်မပျော်တော့ပေ။ သို့ထိတိုင် ထိုသည်က သူအကောင်းဆုံးလုပ်နိုင်ခြင်းဖြစ်သည်။
" အာ၊ ဘာပဲဖြစ်ဖြစ် ငါ့မှာ အမုန်းဝိညာဉ်တွေ အများကြီးရှိတာပဲ။ ငါ နည်းနည်းလောက် စမ်းကြည့်လိုက်မယ်။ အနည်းဆုံးသော ဒီအတတ်ကို ကျွမ်းသွားတောပေါ့ "
အတန်ငယ်ခပ်ကြာကြာ တွေးပြီးနောက် သူက ချေးများနေရန် မလိုကြောင်း ဆုံးဖြတ်လိုက်သည်။ ထိုမျှသာမက အနည်းငယ်စဉ်းစားပြီးနောက် သူသည် အချိန်အတိုင်းအတာတစ်ခုအထိ သူ၏ ယင်ယန်ဝိညာဉ်အပေါ်၌ နောက်ထပ် စိတ်စွမ်းအင်မြှင့်တင်ခြင်းပြုလုပ်မည်မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။
၎င်းသည် သူ၏ ကျင့်ကြံခြင်းအခြေခံကို တိုးတက်စေမည်ဖြစ်သော်လည်း မြေရိုင်းဒေသတွင် အလွန်အာရုံစိုက်စရာ ဖြစ်သွားပေမည်။ ထိုသို့ တိုက်ဆိုင်မှုများ ခဏခဏဖြစ်နေပါက သံသယများ ဖြစ်လာနိုင်သည်။
" ငါ ဆယ့်ရှစ်ဆ စိတ်စွမ်းအင်အဆင့် မြှင့်တင်နိုင်တဲ့အထိ ဒါမှမဟုတ် အဲဒီထက် ပိုမြှင့်နိုင်တဲ့အထိ စောင့်လိုက်တော့မယ်။ ပြီးရင် ငါရဲ့ ယင်ယန်ဝိညာဉ်ကို တစ်ခါတည်း မြှင့်တင်လိုက်ပြီး အဓိကကျင့်ကြံခြင်းအခြေခံအဆင့်တက်မယ် "
သူက ဆုံးဖြတ်ပြီးသည်တွင် အတန်ငယ်စဉ်းစားပြီးနောက် ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ကို လေ့လာလိုက်သည်။ ထိုအချိန်တွင် ပိုင်ဟောက်က ဆိုင်ကို နောက်တစ်ကြိမ်ထပ်ဖွင့်လိုက်သည်။ ပြောစရာပင်မလိုအောင် တစ်လကြာ ပိတ်ထားပြီးနောက် တံခါးများ ဖွင့်သည်နှင့် စီးပွားရေးကောင်းလာတော့သည်။
အချိန်တို့ ကုန်လာသည်နှင့်အမျှ စီးပွားရေး တိုးတက်လာလေသည်။ ပိုင်ဟောက်က ဆိုင်ကိုဖွင့်ရန် အလွန်အားရကျေနပ်နေရာ ထိုသည်က ပိုင်ရှောင်ချန်း၏နှလုံးသားကို နွေးထွေးသွားစေသည်။ ထို့နောက် သူတွေးနေကျအတိုင်း မည်သည့်နေရာသို့ သူ သွားစေကာမူ ထင်ရှားကျော်ကြားလာသည့် ဉာဏ်ကြီးရှင်ဖြစ်ကြောင်း တွေးနေမိတော့သည်။ သူက သက်ပြင်းချရင်း ယခု သူတို့နေထိုင်နေသည့် တည်ငြိမ်အေးဆေးသော ဘဝလေးတွင် ပျော်ရွှင်နေတော့သည်။ သူသည် လူသားကမ္ဘာတွင် ပုန်းကွယ်နေသည့် လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားအလားပင် ခံစားနေရလေသည်။ သူနောင်တရသည့်တစ်ခုတည်းသောအရာမှာ သူ၏ ထာဝရအရိုးများကို ကျင့်ရန် သက်စောင့်အားတစ်စက်မှ မရှိသည်ပင်။
“ အပင်မြင့်လေ လေတိုက်ခံရလေ ” ဆိုသည့် ဆိုးရိုးစကားရှိသည် မဟုတ်ပါလော။ ပိုင်ရှောင်ချန်း၏ ဆိုင် အလွန်နာမည်ကြီးလာသည့်အချက်က မနာလိုမရှုစိမ့်ဖြစ်နေသူများအဖို့ မျက်စိဆံပင်မွှေးစူးစရာ ဖြစ်နေတော့သည်။
ဗဟိုဧကရာဇ်မြို့တော်၏ အလယ်ပိုင်းဒေသရှိ မြို့နယ် ၈၉တွင် လူပေါင်းများစွာ စုဝေးနေကြသည့် ခမ်းနားကြီးကျယ်သော အဆောက်အအုံကြီးတစ်ခုရှိသည်။
ထိုလူများအားလုံးသည် နက်နဲသိမ်မွေ့သော ကျင့်ကြံခြင်းအခြေခံများနှင့် ချောမောပြေပြစ်သော ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့အထဲရှိ အားအနည်းဆုံးမှာ အလယ်ပိုင်း ယင်ယန်ဝိညာဉ်အဆင့်ဖြစ်ပြီး အချို့က မဟာစက်ဝန်းတွင်ဖြစ်သည်။ မြို့တော်ရှိ မင်းမျိုးနွယ်များနှင့် ရင်းနှီးကျွမ်းဝင်သည့် မည်သူမဆို ထိုလူများက အမျိုးမျိုးသော မင်းမျိုးနွယ်နှင့် အထက်တန်းလွှာမိသားစုများမှ အိမ့်ရှေ့စံများနှင့် လက်ရွေးစင်များဖြစ်ကြောင်း သတိပြုမိမည်ဖြစ်သည်။
သူတို့ထဲက တစ်ယောက်သည် နတ်ဝံပုလွေလးဖြစ်ပြီး နောက်တစ်ယောက်က လီထျန်ရှန်ဖြစ်သည်။ မြောင်လင်းအာလည်း ရှိသည်။
သူတို့အားလုံးက တင်းမာသော အမူအရာများဖြင့် တစ်ယောက် ပထမဆုံးစကားစပြောမည်ကို စောင့်နေကြလေသည်။ ထိုသို့ဖြစ်သွားသည်နှင့် နတ်ဝံပုလွေလေးက ဦးစွာဆို၏။
"ကဲ ခင်ဗျားတို့်အားလုံးလဲ သိတဲ့အတိုင်း ပိုင်ဟောက်က ဒီ ဗဟိုဧကရာဇ်မြို့တော်မှာတဲ့။ သူ သရဲကြီးတပ်ဖွဲ့မှာပဲနေရင်တော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ သူက ကျုပ်တို့ကို လုံးဝ အထင်သေးပြီး မြို့နယ် ရှစ်ဆယ့်ကိုးမှာတောင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင် ဖွင့်လိုက်သေးတယ်"
သူတို့အားလုံးသည် ပိုင်ရှောင်ချန်းကို ဖော်ပြ၍ပင် မရသော အတိုင်းအတာအထိ မုန်းတီးသည်။ ဝိညာဉ်ရေနွေးအိုးထဲမှ အဖြစ်အပျက်များသည် သူတို့အားလုံးအတွက် ရှက်ဖွယ်ကောင်းလှသော အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့သည်။ ပိုင်ရှောင်ချန်းက သူတို့ကို ဖမ်းပြီး အရိုးအရင်းသာ ကျန်သည့်တိုင်အောင် သူတို့၏သက်စောင့်အားများကိုစုပ်ယူခဲ့ရာ အကျိုးဆက်အနေဖြင့် လက်ရွေးစင်တစ်ဦးတစ်ယောက်စီတိုင်း သူသေသည်ကို မြင်ချင်လာကြတော့သည်။
" ကျုပ်ကြားတာတော့ သရဲကြီးတပ်ဖွဲ့ကနေ သူကန်ထုတ်ခံရတာတဲ့ "
"ဟုတ်တယ်၊ အဲဒါ အမှန်ပဲ"
" ဘယ်လောက် အရှက်မရှိလိုက်လဲ"