← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇) နတ်ဘုရားသားရဲကို ရှာဖွေခြင်း

"နှလုံးသားမိစ္ဆာက ပိုးအိမ်ထဲမှာ ရှိနေတဲ့ နေ့တိုင်းက နင့်အတွက် သူ့ကို ရင်ဆိုင်ဖို့ ပိုသန်မာလာအောင် ပြင်ဆင်နိုင်မယ့် ရက်တွေပဲ။ အဲဒါကြောင့် နောက်ထပ် ၁၄ ရက်အတွင်းမှာ... လူမသတ်ရဘူး။ မိန်းမနဲ့ အတူမနေရဘူး" ရွှင်းက လုံချန်းကို အမိန့်ပေးနေသည့်အလား စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ... ငါ့ရဲ့ ဘုရင်မကြီး" လုံချန်းက ရယ်မောရင်း ကုတင်ပေါ်တွင် လှဲချလိုက်သည်။

"ဟွန့်... နောက်ဆုံးတော့ နင် ငါ့ကို ဘယ်လို ခေါ်ရမလဲဆိုတာ သိသွားပြီပဲ" လုံချန်းက သူမကို ဘုရင်မဟု ခေါ်သည်ကို ကြားလိုက်ရသဖြင့် ရွှင်း၏ မျက်နှာတွင် ဂုဏ်ယူသော အပြုံးတစ်ခု ပေါ်လာသည်။

"ဟားဟားဟား... အဲဒါက နင့်ကို အဲဒီလောက် ပျော်စေတယ်ဆိုရင် ငါ နင့်ကို ဘုရင်မလို့ ခေါ်ဖို့ ဝန်မလေးပါဘူး၊ ဒါပေမဲ့ နင်ကလည်း ငါ့ကို အရှင်မင်းကြီးလို့ ပြန်ခေါ်ရမယ်နော်" လုံချန်းက နောက်ပြောင်သလို ပြန်ပြောလိုက်သည်။

"ဟွန့်... အိပ်မက်ပဲ မက်နေလိုက်" ရွှင်းက ပြောလိုက်သည်။

ထို့နောက် သူမသည် လုံချန်းကို တစ်ယောက်တည်း ထားခဲ့ကာ ပြန်လည် ပျောက်ကွယ်သွားတော့သည်။

'သူ့ကို စနောက်ရတာ တော်တော် ပျော်ဖို့ကောင်းတာပဲ' လုံချန်းက ပြုံးလျက် ရေရွတ်လိုက်သည်။

"နင့်စကားတွေကို ငါ ကြားနေရတယ်နော်... ကောင်စုတ်" ရွှင်း၏ ဒေါသထွက်နေသော အသံက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

"ငါ နောက်တာပါ" လုံချန်းက ခါးသက်သက် အပြုံးဖြင့် ပြန်ဖြေသည်။ ရွှင်းက ဘာမှ ပြန်မပြောတော့ပေ။

အချိန်အနည်းငယ် ကြာပြီးနောက် လုံချန်း အိပ်ပျော်သွားတော့သည်။

အလွန်အမင်း ဝေးကွာလှသော တစ်နေရာတွင်... မီတာ ၁၀၀၀ ကျော် မြင့်မားသော တိမ်တောင်တိမ်လိပ်များကြား၌ နန်းတော်ကြီးတစ်ဆောင် ရှိနေသည်။ ၎င်း၏ နံရံများမှာ မျက်စိတစ်ဆုံး ရှည်လျားလှသည်။

နန်းတော်အတွင်းရှိ ဝရံတာတစ်ခုပေါ်တွင် အမျိုးသားတစ်ဦးသည် ကောင်းကင်ကို ငေးကြည့်ရင်း ရပ်နေသည်။ ကောင်းကင်တွင် တောက်ပသော ကြယ် ၁၀ ပွင့် ရှိနေသော်လည်း ၎င်းတို့အနက် တစ်ပွင့်မှာ ကျန်ရှိသော ကိုးပွင့်ထက် ပို၍ ထူးခြားနေသည်။

ထို ၁၀ ပွင့်မြောက် ကြယ်မှာ ကျန်ကိုးပွင့်ထက် ပိုမို တောက်ပနေပြီး ပို၍ မြင့်မားသော နေရာတွင် ရှိနေသည်။

ထိုအမျိုးသားမှာ ဆံပင်ဖြူနှင့် အပြာနုရောင် မျက်လုံးများ ရှိသည်။ သူသည် အပေါ်ပိုင်းဗလာ ဖြစ်နေပြီး လူသားနှင့် တူသော်လည်း တစ်ခုခု ထူးခြားနေသည်မှာ သိသာလှသည်။

သူ့တွင် သာမန်လူသားလက်များအစား လက်သည်းခြေသည်းများ ရှိနေသည်။ သူ၏ အသားအရေမှာ ဖြူဖွေးနေပြီး ကိုယ်ပေါ်တွင် အမည်းရောင် အစင်းကြောင်းများ ရှိသည်။

"၁၀ ပါးမြောက် နတ်ဘုရားသားရဲ အကြောင်းကို စုံစမ်းလို့ ရပြီလား" ထိုလူက တစ်စုံတစ်ယောက်ကို မေးလိုက်သော်လည်း သူ ဘယ်သူ့ကို ပြောနေသလဲဆိုသည်မှာ မထင်ရှားပေ။

"မရသေးပါဘူး အရှင်မင်းကြီး။ ကျွန်တော်တို့ရဲ့ အရင်းအမြစ်အားလုံးကို သုံးပြီး ကြိုးစားခဲ့ပေမဲ့ ၁၀ ပါးမြောက် သားရဲရဲ့ စွမ်းအင်အရင်းအမြစ်ကို ရှာမတွေ့ခဲ့ပါဘူး။ သူက ချောက်နက်ကြီးထဲကို ဝါးမျိုခံလိုက်ရသလိုပါပဲ၊ သူရဲ့ နတ်ဘုရားစွမ်းအင် အစအနလေးတောင် ချောက်ထဲကနေ အပြင်ကို ပေါက်ကြားမလာပါဘူး" တစ်စုံတစ်ယောက်က ပြန်ဖြေသည်။

"ဖီးနစ် မျိုးနွယ်စုနဲ့ တခြားသူတွေကို မေးကြည့်ဦး။ သူတို့ ဘာများ သိထားလဲဆိုတာကို" သူက ခပ်တိုးတိုး ပြောလိုက်သည်။ သူ၏ အသံမှာ တိုးသော်လည်း လူတို့ကို အလိုအလျောက် နာခံစေနိုင်သည့် ထူးဆန်းသော စွမ်းအင်များ ပါဝင်နေသည်။

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး။ ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်" အဖြေပေးသံ ထွက်လာသည်။

ထို့နောက်တွင် ဘာမှ ထပ်မပြောတော့ဘဲ ထိုအမျိုးသားမှာ ၁၀ ပွင့်မြောက် ကြယ်ကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေတော့သည်။

ညတာ ကုန်ဆုံးသွားပြီး နံနက်စောစောတွင် လုံချန်း နိုးလာခဲ့သည်။

သူသည် အဝတ်အစားလဲကာ အခန်းထဲက ထွက်လာခဲ့သည်။ မင်ယု၏ တံခါးကို ခေါက်လိုက်ရာ သူမ နိုးနေပြီး ထွက်ခွာရန် အဆင်သင့် ဖြစ်နေသည်ကို တွေ့ရသည်။

သူသည် ကျိချင်း၏ တံခါးကို ခေါက်ရန် ပြင်လိုက်သော်လည်း သူ၏လက် တံခါးကို မထိမီမှာပင် တံခါးမှာ ပွင့်လာသည်။

လုံချန်း၏လက်မှာ တံခါးကို မခေါက်မိဘဲ ကျိချင်း၏ ရင်ဘတ်ကို သွားထိမိသဖြင့် ကျိချင်းမှာ အံ့သြတုန်လှုပ်သော အသံ ထွက်ပေါ်လာသည်။

"ချစ်သူက မနက်စောစောစီးစီး ဒီလောက်တောင် စိတ်ထနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ကဲ... အချိန်တော့ နည်းနည်း ကျန်ပါသေးတယ်။ အထဲကို ဝင်လာခဲ့ပါလား" ကျိချင်းက လုံချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ မြှူဆွယ်သော လေသံဖြင့် ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ အခု အဲဒီအတွက် အချိန်မဟုတ်ဘူး။ နင် အဆင်သင့် ဖြစ်နေတာ ကောင်းပါတယ်။ ငါတို့ မကြာခင် ထွက်ကြမယ်" လုံချန်းက ပြောလိုက်သည်။

သူသည် ကျိချင်း၏ မြှူဆွယ်မှုများကို လျစ်လျူရှုကာ လှည့်ထွက်လာခဲ့သည်။ သူသည် ကျိရှန်း၏ အခန်းဆီသို့ လျှောက်သွားပြီး တံခါးခေါက်လိုက်သည်။

"တစ်ယောက်ယောက်ကို ရှာနေတာလား"

တံခါး ပွင့်မလာသော်လည်း လုံချန်း၏ ပုခုံးကို တစ်စုံတစ်ယောက်က ပုတ်လိုက်သည်။ ထိုအသံကို သူ မှတ်မိသည်။

"မင်း အပြင်တောင် ရောက်နေပြီလား" လုံချန်းက လှည့်ကြည့်ရင်း ပြုံးလိုက်သည်။ ကျိရှန်းမှာ သူ့နောက်တွင် ရပ်နေသည်ကို တွေ့ရသည်။

"အင်း... ငါ မနက်ခင်း လမ်းလျှောက်ထွက်ရင်း တည်းခိုခန်းအတွက် ပိုက်ဆံရှင်းခဲ့ပြီးပြီ။ ငါတို့ ဘယ်အချိန်မဆို ထွက်လို့ ရတယ်" ကျိရှန်းက ပြန်ဖြေသည်။

လုံချန်းက ကျေးဇူးတင်သလို ခေါင်းညိတ်ပြလိုက်သည်။ သူတို့အားလုံး တည်းခိုခန်းမှ ထွက်ခွာပြီး ခရီးစဉ်ကို ပြန်လည် စတင်ခဲ့ကြသည်။

သူတို့သည် မနားတမ်း ခရီးနှင်ခဲ့ကြပြီး ၄ နာရီခန့်အကြာတွင် သားရဲတောင်တန်းသို့ ရောက်ရှိလာကြသည်။

သားရဲတောင်တန်းသည် သားရဲခန်းမ တည်ရှိရာ နေရာဖြစ်သည်။ သားရဲခန်းမမှာ သားရဲတောင်၏ ထိပ်ဖျားတွင် တည်ရှိသည်ဟု ဆိုကြသည်။

လုံချန်းနှင့် အခြားသူများသည် တောင်အောက်ခြေတွင် ရပ်ကာ ရှေ့က လမ်းကို စိုက်ကြည့်နေကြသည်။

"မြင်းရထားက ရှေ့ဆက်သွားလို့ မရတော့ဘူး။ ငါတို့ တောင်ထိပ်ကို ခြေလျင်ပဲ သွားရလိမ့်မယ်" ကျိရှန်းက ပြောလိုက်သည်။

"အဲဒီလိုပဲ ဖြစ်ရမယ်။ ရှေ့က လမ်းအခြေအနေက တော်တော် ဆိုးတယ်။ လမ်းလျှောက်သွားတာပဲ ရမယ်" လုံချန်းက ပြန်ပြောသည်။

"ရွန်... ငါတို့ အခု ခြေကျင်သွားတော့မယ်။ ဒီမှာ နှစ်ရက်လောက် စောင့်နေပေးပါ။ တကယ်လို့ ငါတို့ ပြန်မလာဘူးဆိုရင် အနီးဆုံးမြို့ကို သွားပြီး အနားယူလိုက်ပါ" လုံချန်းက မြင်းရထားမောင်းသမားကို ပြောလိုက်သည်။

ရွန်က ခေါင်းညိတ် နာခံသည်။

သူတို့အားလုံး တောင်ထိပ်ဆီသို့ ခြေလျင် ခရီးစတင်ခဲ့ကြပြီး ရွန်ကို နောက်၌ ချန်ထားရစ်ခဲ့သည်။ ကျိရှန်းသည် လုံချန်းတို့နှင့်အတူ လမ်းလျှောက်ရန် သူ၏ ဝိညာဉ်ဝါးမျို ဝံပုလွေကို သားရဲအိတ်ထဲသို့ ပြန်ထည့်ထားခဲ့သည်။

သူတို့အားလုံး သန်မာသော ကျင့်ကြံသူများ ဖြစ်သဖြင့် တောင်တက်ရသည်မှာ အခက်အခဲ မရှိပေ။

နှစ်နာရီမပြည့်မီမှာပင် တောင်ထိပ်သို့ ရောက်ရှိသွားကြပြီး နောက်ဆုံးတွင် သားရဲခန်းမကြီးကို မြင်လိုက်ရသည်။

သားရဲခန်းမမှာ ခန်းမတစ်ခုနှင့် မတူဘဲ ဂိုဏ်းတစ်ဂိုဏ်းလုံးနှင့် ပိုတူနေသည်။ ၎င်းမှာ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းထက် အဆပေါင်းများစွာ ပိုကြီးမားသည်။

'သားရဲခန်းမရဲ့ ဌာနခွဲတစ်ခုတည်းကတောင် ဒီလောက်ကြီးရင်၊ ဌာနချုပ်က ဘယ်လောက်တောင် ကြီးမားလိမ့်မလဲ' လုံချန်းသည် သားရဲခန်းမကို ကြည့်ရင်း မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

"ခမ်းနားတယ် မဟုတ်လား" လုံချန်း၏ အံ့သြနေသော မျက်နှာထားကို မြင်သဖြင့် ကျိရှန်းက ရယ်မောရင်း မေးလိုက်သည်။

"တော်တော် ကောင်းပါတယ်" လုံချန်းက ပြုံးလျက် ပြန်ဖြေသည်။

သူတို့သည် ဂိုဏ်း၏ အဝင်ဝသို့ လျှောက်သွားကြသည်။ တံခါးဝရှိ အစောင့်များက သူတို့ကို သတိပြုမိသွားကြသည်။

"မင်းတို့ ဘယ်သူတွေလဲ။ ဒီကို ဘာလာလုပ်တာလဲ" လုံချန်းတို့ နီးကပ်လာသည့်အခါ သူတို့က မေးမြန်းလိုက်ကြတော့သည်။

အခန်း (၂၅၈) စမ်းသပ်မှုလား

"မင်းတို့ ဘယ်သူတွေလဲ။ ဒီကို ဘာလာလုပ်တာလဲ" လုံချန်းတို့ နီးကပ်လာသည့်အခါ အစောင့်များက မေးမြန်းလိုက်ကြသည်။

"ငါက တောက်ပသောနေမင်း အင်ပါယာက ဒုတိယမင်းသား ကျိရှန်းပါ။ သားရဲခန်းမကို ဝင်ဖို့ လာခဲ့တာပါ" ကျိရှန်းက ရှေ့သို့ လှမ်းတက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

သူသည် သူ၏ အဆင့်အတန်းကို သက်သေပြသည့် တော်ဝင်တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။

"တောက်ပသောနေမင်း အင်ပါယာက မင်းသားလား။ ခဏလောက် စောင့်ပေးပါဦး သခင်လေး။ ကျွန်တော် အကြီးအကဲကျွင်းကို သွားသတင်းပို့လိုက်ပါ့မယ်" အစောင့်က ပြောသည်။

သူက အကျယ်ကြီး လေချွန်လိုက်ရာ လင်းယုန်ငယ်တစ်ကောင် ပျံသန်းလာသည်။ ထိုလင်းယုန်မှာ ကမ္ဘာပေါ်ရှိ သာမန်လင်းယုန်တစ်ကောင်နှင့် အရွယ်အစား တူညီသည်။

အစောင့်သည် စာတစ်စောင်ရေးကာ လင်းယုန်၏ ခြေထောက်တွင် ချည်နှောင်လိုက်သည်။

"ဒီစာကို အကြီးအကဲကျွင်းဆီ ယူသွား" သူက လင်းယုန်ကို ပြောလိုက်သည်။

လင်းယုန်သည် တောင်ပံခတ်ကာ သားရဲခန်းမအတွင်းသို့ ပျံဝင်သွားတော့သည်။

ကျိရှန်းနှင့် အခြားသူများသည် အပြင်တွင် စောင့်ဆိုင်းနေကြသော်လည်း သိပ်မကြာမီမှာပင် အရပ်ရှည်ပြီး ဗလကောင်းကောင်းနှင့် အမျိုးသားတစ်ဦး ဂိုဏ်းထဲမှ ထွက်လာသည်။ ထိုလူမှာ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် ဖီးနစ်ငှက်ပုံစံ အမှတ်အသား ပါရှိသည်။

အကြီးအကဲသည် ထိုနေရာတွင် ရပ်ကာ ကျိရှန်းကို ခဏမျှ အကဲခတ်လိုက်သည်။

"မင်းသားကျိရှန်း၊ မင်းကို ဒီမှာ တွေ့ရတာ ဝမ်းသာပါတယ်။ မင်း ငါတို့ဌာနခွဲကို လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး၊ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့လည်း ဒါက သဘာဝကျပါတယ်။ တခြားဌာနခွဲက မြောက်ပိုင်း လအင်ပါယာမှာ ရှိနေတာကိုး။ ကဲ... အထဲဝင်ကြရအောင်" အကြီးအကဲက ဆိုသည်။

ကျိရှန်းက အခြားသူများကို ပြုံး၍ ကြည့်လိုက်သည်။

"သွားကြစို့ သူငယ်ချင်းတို့" ကျိရှန်းက ပြောသည်။

"မင်းသားလေးကို အားနာပေမဲ့ သူတို့ကတော့ ဝင်လို့မရဘူး။ စည်းကမ်းကို မင်းသိမှာပါ။ ခန်းမထဲကို ပြင်ပလူ လုံးဝ ပေးမဝင်ဘူး။ တပည့်တွေပဲ ဝင်ခွင့်ရှိတယ်" အကြီးအကဲကျွင်းက ဖြတ်ပြောလိုက်သည်။

ကျိရှန်းမှာ အကြီးအကဲကျွင်း၏ စကားကြောင့် မှင်တက်သွားသည်။

"သူတို့က ပြင်ပလူတွေ မဟုတ်ဘူး။ ကျုပ်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ" ကျိရှန်းက ဇွတ်ပြောသည်။

"ဒါပေမဲ့ စည်းကမ်းက စည်းကမ်းပဲ။ ငါတို့က ဌာနချုပ်ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်" အကြီးအကဲကျွင်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဒါဆို ကျုပ်ကျတော့ ဘာလို့ ဝင်လို့ရတာလဲ။ ကျုပ်လည်း တပည့်မှ မဟုတ်တာ" ကျိရှန်းက ပြန်လည် ချေပသည်။

သူ့ကို ဝင်ခွင့်ပေးသည်မှာ သူ၏ မြင့်မားသော လူမှုအဆင့်အတန်းကြောင့် ဖြစ်မည်ဟု သူ ထင်နေသည်။ ၎င်းမှာ လုံချန်းတို့အတွက် မတရားဟု သူ ခံစားရသည်။

အကြီးအကဲကျွင်းက ကျိရှန်းကို ကြည့်လိုက်သော်လည်း ဒေါသထွက်ပုံ မရပေ။

"အဲဒါက မင်းရဲ့ ခမည်းတော်ကြောင့်ပါ။ မင်းရဲ့ ခမည်းတော်က သားရဲခန်းမ ဌာနချုပ်ရဲ့ တပည့်ဟောင်း တစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒါကြောင့် သူ့ရဲ့ သားသမီးတွေကို သားရဲခန်းမရဲ့ ယာယီအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုထားတာ။ တစ်နည်းအားဖြင့် ပြောရရင် မင်းက ငါတို့ခန်းမရဲ့ ယာယီတပည့် တစ်ယောက်ပေါ့။ အဲဒါကြောင့် မင်း ဝင်လို့ရပြီး သူတို့ကတော့ မရတာ" အကြီးအကဲကျွင်းက ရှင်းပြသည်။

"ကျုပ်တို့ရော ဒီဂိုဏ်းရဲ့ တပည့်ဖြစ်နိုင်မယ့် နည်းလမ်း ရှိမလား" လုံချန်းက ရှေ့သို့ လှမ်းတက်ကာ မေးမြန်းလိုက်သည်။

"အခုလောလောဆယ်တော့ မရှိသေးဘူး။ တပည့်သစ် ရွေးချယ်ပွဲ စမ်းသပ်မှုကို နောက်ထပ် ၃ လအကြာမှ ကျင်းပမှာပါ။ အဲဒီအချိန်ကျမှ လာခဲ့ပါ" အကြီးအကဲကျွင်းက ပြန်ဖြေသည်။

"သူတို့ ဝင်လို့မရဘူးဆိုရင် ကျုပ်လည်း မဝင်တော့ဘူး။ သွားကြစို့" ကျိရှန်းက ပြောလိုက်သည်။

သူသည် လှည့်ထွက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

ကျိရှန်း ထွက်သွားသည်ကို မြင်သောအခါ အကြီးအကဲမှာ ဝေခွဲမရ ဖြစ်သွားပုံရသည်။

"သူတို့ ဝင်ခွင့်ရနိုင်မယ့် နည်းလမ်းတစ်ခုတော့ ရှိပါသေးတယ်"

သူတို့ ထွက်မသွားမီ အကြီးအကဲက လှမ်းပြောလိုက်သည်။ ကျိရှန်းက ခြေလှမ်းရပ်ကာ ပြန်လှည့်လာသည်။

"ဘယ်လို နည်းလမ်းလဲ" ကျိရှန်းက မေးသည်။

"သူလည်း ယာယီတပည့် ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဆိုရင် ဂိုဏ်းထဲဝင်ပြီး အမြဲတမ်းတပည့်အဖြစ် အရွေးခံရမယ့် စာမေးပွဲတွေ ကြေညာတဲ့အထိ စောင့်နေလို့ ရပါတယ်"

"ယာယီတပည့် ဖြစ်ဖို့အတွက် စမ်းသပ်မှု အသေးစားလေးတစ်ခုပဲ အောင်မြင်ဖို့ လိုပါတယ်။ မိန်းကလေးတွေအတွက်လည်း အတူတူပါပဲ" အကြီးအကဲက ဆက်ပြောသည်။

ကျိရှန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက လုံချန်းကို ဝေခွဲမရသော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်သည်။

"မင်း ဘယ်လို ထင်လဲ အစ်ကိုချန်း" သူက မေးမြန်းလိုက်သည်။

လုံချန်းက စဉ်းစားရန် အချိန်အတော်ကြာ ယူလိမ့်မည်ဟု အကြီးအကဲကျွင်း ထင်ထားသော်လည်း အံ့သြစရာကောင်းစွာပင် လုံချန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဘာမှ ရွေးချယ်စရာ မရှိတာထက်တော့ ပိုကောင်းပါတယ်။ အဲဒီ စမ်းသပ်မှုမှာ ငါ ပါဝင်ပါ့မယ်" လုံချန်းက ပြောလိုက်သည်။

"ကျွန်မတို့လည်း ပါဝင်ပါ့မယ်" မင်ယုနှင့် ကျိချင်းက တစ်ပြိုင်တည်း ပြောလိုက်ကြသည်။

"ကောင်းပြီ။ ငါ့နောက် လိုက်ခဲ့ကြ" အကြီးအကဲကျွင်းက ဆိုသည်။

သူသည် ဂိုဏ်းအတွင်းသို့ ပြန်ဝင်သွားသည်။ လုံချန်းနှင့် အခြားသူများသည် နောက်မှ လိုက်သွားကြသည်။ စမ်းသပ်မှုက ဘာအကြောင်း ဖြစ်မလဲဆိုသည်ကို အားလုံးက တွေးတောနေကြသော်လည်း ဘယ်သူမှ မသိကြပေ။

အဆောက်အဦးငယ်တစ်ခု ရှေ့တွင် သူ ရပ်လိုက်ပြီး ပြန်လှည့်ကြည့်လိုက်သည်။

"သားရဲသခင်ကောင်း တစ်ယောက်မှာ ရှိရမယ့် အဓိက အရည်အချင်းက ဘာလဲဆိုတာ မင်းတို့ သိကြလား" အကြီးအကဲကျွင်းက မေးလိုက်သည်။

သူသည် အဖြေကို စောင့်ဆိုင်းရင်း သဘောကျနေသော အပြုံးဖြင့် ကြည့်နေသည်။

"ခွန်အားလား" ကျိရှန်းက ဖြေသည်။

အကြီးအကဲကျွင်းက ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။

"မဟုတ်ဘူး။ အဲဒါက အရေးကြီးတာ မှန်ပေမဲ့ အဓိက အရည်အချင်းကတော့ သားရဲတစ်ကောင်ကို တည်ငြိမ်အောင် လုပ်နိုင်စွမ်းနဲ့ သူငယ်ချင်းဖြစ်အောင် လုပ်နိုင်စွမ်းပဲ။ ခွန်အားက သားရဲကို ယဉ်ပါးအောင် ကူညီပေးနိုင်ပေမဲ့၊ သားရဲက ယဉ်ပါးဖို့ ဆန္ဒမရှိသရွေ့ သူက သေဖို့ပဲ ရွေးချယ်သွားလိမ့်မယ်"

"အရေးကြီးတာက သားရဲနဲ့ နီးစပ်အောင် ကြိုးစားဖို့ပဲ။ အဲဒီအခါမှ သူက အသေခံမယ့်အစား မင်းရဲ့ ယဉ်ပါးမှုကို ခံယူတာက ပိုကောင်းတယ်လို့ ယူဆသွားမှာ" သူက ရှင်းပြသည်။

အခြားသူများသည် သူ၏ စကားကို စိတ်ဝင်တစား နားထောင်နေကြသည်။

"ဒါကပဲ စမ်းသပ်မှု ဖြစ်လာလိမ့်မယ်။ ငါ့နောက်က အဆောက်အဦးမှာ အခန်းပေါင်း ရာနဲ့ချီ ရှိတယ်၊ အခန်းတိုင်းမှာ ယဉ်ပါးအောင် မလုပ်ရသေးတဲ့ သားရဲတစ်ကောင်စီ ရှိတယ်။ အချို့သားရဲတွေက ကြမ်းတမ်းနိုင်သလို အချို့ကတော့ တည်ငြိမ်နေနိုင်တယ်။ ဒါကြောင့် စမ်းသပ်မှုက မင်းတို့ရဲ့ ကံအပေါ်မှာလည်း မူတည်လိမ့်မယ်"

"မင်းတို့ သုံးယောက်က ကြိုက်တဲ့ အခန်းကို ရွေးပြီး ဝင်သွားလို့ ရတယ်။ သားရဲတွေကို အစာ ကောင်းကောင်း ကျွေးထားပြီးသား။ စမ်းသပ်မှု အောင်မြင်ဖို့ စည်းကမ်းချက်ကတော့ သားရဲကို ဒီ အိပ်ဆေး ကျွေးနိုင်ဖို့ပဲ။ တကယ်လို့ မင်းတို့က သားရဲကို တိုက်ခိုက်တာ တွေ့ရင်တော့ အရည်အချင်း ပျက်ယွင်းသွားလိမ့်မယ်။ ငါ ထပ်ပြောမယ်... သားရဲရဲ့ ကိုယ်ပေါ်မှာ ဘာဒဏ်ရာမှ မရှိစေရဘူး"

"သားရဲ အိပ်ပျော်သွားပြီဆိုတာနဲ့ အပြင်ထွက်ပြီး ငါတို့ကို အကြောင်းကြားရမယ်၊ ငါတို့ လာစစ်ဆေးပါ့မယ်" သူက ရှင်းပြချက်ကို အဆုံးသတ်လိုက်သည်။

'အတင်းအကျပ် ဖမ်းဆီးထားတဲ့ သားရဲတစ်ကောင်ကို မတိုက်ခိုက်ဘဲ တစ်ခုခု ကျွေးဖို့လား။ ပြီးတော့ သူတို့က ဗိုက်ဆာနေတာလည်း မဟုတ်ဘူး။ တော်တော် စိတ်ဝင်စားဖို့ ကောင်းမှာပဲ' လုံချန်းက တံခါးကို ကြည့်ရင်း တွေးလိုက်သည်။

အကြီးအကဲကျွင်းက တံခါးမကြီးကို တွန်းဖွင့်လိုက်သည်။

"အထဲဝင်လို့ ရပြီ" သူက ကြေညာလိုက်သည်။

"ဟုတ်ကဲ့" လုံချန်းနှင့် အခြားသူများသည် ခေါင်းညိတ်ကာ အထဲသို့ ဝင်သွားကြသည်။

ခဏမျှ ပတ်ကြည့်ပြီးနောက် အားလုံးက အခန်းတစ်ခန်းစီကို ရွေးချယ်ကာ ဝင်သွားကြတော့သည်။

လုံချန်းသည် အခန်းထဲရှိ သားရဲကို ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။

"လာ နောက်နေတာလား" လုံချန်းက မချိပြုံးဖြင့် ရေရွတ်လိုက်မိတော့သည်

All Chapters