အခန်း (၂၅၉-၂၆၀)
Vol. 26 Ch. 259-260
အခန်း (၂၅၉) မုဆိုးကြယ်ကို အသုံးပြုခြင်း
လုံချန်းသည် အခန်းထဲရှိ သားရဲကို မြင်လိုက်ရသည့်အခါ မှင်တက်သွားတော့သည်။
"လာ နောက်နေတာလား" သူက သားရဲကို ကြည့်ရင်း ရေရွတ်လိုက်မိသည်။
သူသည် လက်ထဲတွင် ဆေးလုံးကို ကိုင်ထားရင်း ဆေးလုံးနှင့် သားရဲအား ဟိုကြည့်ဒီကြည့် လုပ်နေမိသည်။ ထိုသားရဲမှာ လေဟာနယ် နတ်သမီးယင်ကောင်ဟု လူသိများသော သားရဲ ဖြစ်သည်။
၎င်းမှာ သေးငယ်သော ပိုးမွှားလေးနှင့် တူပြီး အရွယ်အစားမှာ ၁ မီလီမီတာခန့်သာ ရှိသည်။ ကမ္ဘာပေါ်ရှိ ခြင်တစ်ကောင်ထက်ပင် ပို၍ သေးငယ်နေသေးသည်။
"ဒီဆေးလုံးကို သူ့ကို ဘယ်လိုကျွေးရမှာလဲ။ ဆေးလုံးရဲ့ အရွယ်အစားက ဒီယင်ကောင်ထက် အဆ ၂၀ မက ပိုကြီးနေတာကို" လုံချန်းက ညည်းတွား လိုက်သည်။
သူသည် ထိုသားရဲကို မြင်ပြီး အံ့သြနေမိသလို ဘာလုပ်ရမှန်းလည်း မသိတော့ပေ။ အကယ်၍ သူ၏ အာရုံခံစားမှုသာ အလွန် ထက်မြက်မနေပါက ထိုသေးငယ်လှသော သားရဲကို မြင်နိုင်ရန်ပင် ခဲယဉ်းပေလိမ့်မည်။
"အမ်... ငါ့ရဲ့ အရှင်မင်းသမီး ရွှင်းရေ" လုံချန်းက အကူအညီတောင်းရန် ခပ်တိုးတိုး ခေါ်လိုက်သည်။
ရွှင်းသည် သူ၏ဘေးတွင် ပေါ်လာသည်။
"ဘာလဲ" သူမက မေးလိုက်သည်။
လုံချန်းက သူမကို အားနာသလို အပြုံးဖြင့် ကြည့်လိုက်သည်။
"ဒီစမ်းသပ်မှုကို အောင်မြင်အောင် နင် ကူညီနိုင်မလား။ ဒီသေးသေးလေးကို ဒဏ်ရာမရဘဲ အိပ်ပျော်သွားအောင် ငါ လုပ်ရမယ်" သူက အကူအညီ တောင်းလိုက်သည်။
ရွှင်းသည် ထောင့်တစ်နေရာတွင် ပျံသန်းနေသော သားရဲလေးကို လှမ်းကြည့်လိုက်သည်။
"ဒါကတော့ ခက်ခဲလိမ့်မယ်။ အဲဒါ လေဟာနယ် နတ်သမီးယင်ကောင်ပဲ။ တစ်ယောက်ယောက်က ဒါကို ဒီလောက် ကောင်းမွန်တဲ့ အခြေအနေနဲ့ ဖမ်းမိထားတာကို ငါ အံ့သြမိတယ်" သူမက လုံချန်းကို ပြောသည်။
"ယေဘုယျအားဖြင့် သူတို့က ဘယ်သူ့ကိုမှ ဒုက္ခပေးနိုင်လောက်အောင် အားမသန်ကြဘူး၊ ဒါပေမဲ့ သူတို့ရဲ့ ခုခံနိုင်စွမ်းကလည်း အတော်လေး အားနည်းတယ်။ တကယ်လို့ နင်က သူ့ကို ဖမ်းဖို့ ကြိုးစားရင် အားနည်းနည်းလေး သုံးလိုက်ရုံနဲ့ သူ သေသွားနိုင်ခြေ အများကြီး ရှိတယ်" သူမက ဆက်လက် ရှင်းပြသည်။
"အဲဒါကို လုပ်နိုင်မယ့် နည်းလမ်း လုံးဝ မရှိဘူးလား။ ငါ သူ့ကို ဆေးကျွေးပြီး အိပ်ပျော်အောင် လုပ်ရမှာ" လုံချန်းက တိုးတိုးလေး ပြောလိုက်သည်။
ရွှင်းသည် လုံချန်း လုပ်ဆောင်နိုင်မည့် ရွေးချယ်စရာများကို အချိန်အနည်းငယ်ကြာ စဉ်းစားနေမိသည်။
"နည်းလမ်း တစ်ခုတော့ ရှိတယ်" ခဏအကြာတွင် သူမက ဆိုသည်။
မျှော်လင့်ချက် စကားလုံးကို ကြားလိုက်ရသဖြင့် လုံချန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ငါ့ရဲ့ လှပတဲ့ ရွှင်းလေးက ငါ့ကို ကူညီမယ်ဆိုတာ ငါ သိသားပဲ" လုံချန်းက သူမကို ကြည့်ရင်း ပြောလိုက်သည်။ လုံချန်းက သူမကို လှပသည်ဟု ပြောလိုက်သဖြင့် ရွှင်း၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည်။
"ငါ ဘာလုပ်ရမလဲ" သူက ထပ်မေးလိုက်သည်။
"အင်း... မုဆိုးကြယ်ကို အပြင်ထုတ်ပြီး သူ့ကို ဆေးလုံး ကျွေးလိုက်ပါ" သူမက ခပ်တိုးတိုး ပြောသည်။
"အမ်... နင် တစ်ခုခု မှားနေပြီ ထင်တယ်။ ငါက ဒီနတ်သမီးယင်ကောင်ကို အိပ်ခိုင်းရမှာလေ၊ မုဆိုးကြယ်ကို မဟုတ်ဘူး" လုံချန်းက ခါးသက်သက် အပြုံးဖြင့် ပြောလိုက်သည်။ သူမက မေးခွန်းကို မှားနားလည်သွားသည်ဟု သူ ထင်လိုက်ခြင်း ဖြစ်သည်။
"ငါ သိတယ် အရူးရဲ့။ ငါ ဘာမှ မမှားဘူး။ သူ့ကို အိပ်ပျော်စေမယ့် တစ်ခုတည်းသော နည်းလမ်းက မုဆိုးကြယ်ကို အိပ်ခိုင်းဖို့ပဲ" သူမက စိတ်တိုတိုဖြင့် ပြောလိုက်သည်။
"ဪ... ပိုပြီး ရိုးရိုးရှင်းရှင်းလေး ရှင်းပြပေးလို့ ရမလား" လုံချန်းက ဇဝေဇဝါ မျက်နှာထားဖြင့် မေးလိုက်သည်။
"လေဟာနယ် နတ်သမီးယင်ကောင်က ဆေးလုံးကို မစားနိုင်ဘူး၊ ဘာလို့လဲဆိုတော့ သူက အစာမစားတတ်လို့ပဲ။ သူတို့က အိပ်ပျော်နေတဲ့ သားရဲ ဒါမှမဟုတ် လူသားတွေရဲ့ သွေးကိုပဲ သောက်တတ်ကြတာ။ သူတို့က တော်တော် ကြောက်တတ်ကြတယ်၊ အဲဒါကြောင့် နိုးနေတဲ့ သူတွေအနားကို မကပ်ကြဘူး။ သူတို့ရဲ့ ထက်မြက်တဲ့ အာရုံတွေက တကယ့်ကို အိပ်ပျော်နေတာလား၊ အိပ်ချင်ဟန် ဆောင်နေတာလား ဆိုတာကို ခွဲခြားနိုင်စွမ်း ရှိတယ်"
"ဪ... နင် ဆိုလိုတာကို ငါ နားလည်ပြီ။ မုဆိုးကြယ်က ဆေးလုံးကို စားလိုက်တဲ့အခါ အိပ်ဆေးက မုဆိုးကြယ်ရဲ့ ကိုယ်ထဲမှာ ရှိနေမယ်။ အဲဒီအချိန်မှာ ယင်ကောင်က သူ့သွေးကို သောက်လိုက်ရင် အိပ်ဆေးက ယင်ကောင်ရဲ့ ကိုယ်ထဲကို ရောက်သွားမှာပေါ့"
"အင်း၊ နင်က မုဆိုးကြယ်ကိုပဲ သုံးလို့ရမယ်။ ဘာလို့လဲဆိုတော့ နှင်းခဲလေးရဲ့ သွေးက ဆေးရဲ့ အာနိသင်ကို ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာ ငါတို့ မသိလို့ပဲ။ ပိုးဖလံကျတော့လည်း အပြင်မှာ အစာမစားနိုင်ဘူးလေ"
"နင် ကိုယ်တိုင်လည်း စားလို့ ရပေမဲ့ နင့်ရဲ့ ထူးခြားတဲ့ သွေးမျိုးဆက်ကြောင့် ဒီလောက် အားနည်းတဲ့ ဆေးလုံးက နင့်ကို သက်ရောက်မှု ရှိမှာ မဟုတ်ဘူး။ အဲဒါကြောင့် မုဆိုးကြယ် တစ်ကောင်ပဲ ကျန်တော့တယ်"
"ဟုတ်သားပဲ။ နင် ပြောတဲ့အတိုင်း ငါ လုပ်ပါ့မယ်"
"မုဆိုးကြယ်" လုံချန်းက သူ၏ ရှေးဟောင်းလက်စွပ်ထဲရှိ သားရဲနယ်မြေထဲက မုဆိုးကြယ်ကို စိတ်ဖြင့် လှမ်းခေါ်လိုက်သည်။
မုဆိုးကြယ်သည် လုံချန်း၏ ခေါ်သံကို ကြားသည်နှင့် လက်စွပ်ထဲမှ ချက်ချင်း ထွက်ပေါ်လာသည်။
"ဟေး သူငယ်ချင်း... မင်း ဒီဆေးလုံးကို စားပေးဖို့ လိုတယ်။ ဒါက အန္တရာယ် မရှိပါဘူး၊ ဒါပေမဲ့ မင်းကို နာရီနည်းနည်းလောက် အိပ်ပျော်သွားစေလိမ့်မယ်" လုံချန်းက လက်ဖဝါးပေါ်တွင် ဆေးလုံးကို တင်ကာ မုဆိုးကြယ်ဘက်သို့ ကမ်းပေးလိုက်သည်။
စင်စစ် လုံချန်းက ဘာမှ ရှင်းမပြလျှင်ပင် မုဆိုးကြယ်က သူခိုင်းသမျှအား ချက်ချင်း လုပ်ဆောင်မည်ကို သိသော်လည်း မုဆိုးကြယ်အား ရှင်းပြရန် သူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မုဆိုးကြယ်သည် နှေးကွေးသော ခြေလှမ်းများဖြင့် လျှောက်လာကာ လုံချန်း၏ လက်ပေါ်က ဆေးလုံးကို စားလိုက်သည်။
၅ မိနစ်ခန့် ကြာပြီးနောက် ဆေးအာနိသင် ပြလာပြီး မုဆိုးကြယ် အိပ်ပျော်သွားတော့သည်။
"ကျေးဇူးပဲ သူငယ်ချင်း" လုံချန်းက ပြောလိုက်သည်။
သူသည် နောက်သို့ ဆုတ်လိုက်ပြီး မုဆိုးကြယ်နှင့် အလှမ်းဝေးသော နေရာတွင် နေလိုက်သည်။ သူ ရှိနေခြင်းကြောင့် နတ်သမီးယင်ကောင်က ချီတုံချတုံ ဖြစ်နေမည်ကို သူ မလိုချင်ပေ။
ယင်ကောင်သည် မိနစ် ၃၀ ခန့်အထိ မုဆိုးကြယ်ကို လျစ်လျူရှုကာ မူလနေရာတွင်သာ ပျံနေခဲ့သည်။ အချိန်အနည်းငယ် ကြာပြီးနောက်မှသာ မုဆိုးကြယ်ဆီသို့ စတင် ပျံသန်းလာတော့သည်။
၎င်းသည် မုဆိုးကြယ်၏ ကျောပေါ်တွင် နားလိုက်ပြီး အပ်ချည်မျှင်ကဲ့သို့ သေးသွယ်သော နှုတ်သီးကို မုဆိုးကြယ်၏ အသားထဲသို့ ထိုးသွင်းကာ သွေးစုပ်တော့သည်။ စက္ကန့်အနည်းငယ်မျှ သွေးစုပ်ပြီးနောက် ၎င်းမှာ ဗိုက်ပြည့်သွားပုံရသည်။
နတ်သမီးယင်ကောင်သည် မူလနေရာသို့ ပြန်လည် ပျံသန်းသွားသည်။
၁၀ မိနစ်ကျော် ကုန်ဆုံးသွားသော်လည်း ယင်ကောင်မှာ ထူးထူးခြားခြား ပြောင်းလဲမှု မရှိဘဲ ဆက်လက် ပျံသန်းနေဆဲ ဖြစ်သည်။
"ဘာလို့ အာနိသင် မပြသေးတာလဲ" လုံချန်းက အံ့သြစွာ ရေရွတ်လိုက်သည်။
"အလုပ်ဖြစ်မှာပါ။ ခဏလေး ထပ်စောင့်ဦး။ သူတို့က သွေးကို အစာခြေဖို့ အချိန်ယူရတယ်" ရွှင်းက အေးအေးဆေးဆေး ပြန်ဖြေသည်။
သူမ၏ စကားမှာ မှော်ဆန်လှသည်။ သူမ ပြောပြီးပြီးချင်းမှာပင် ယင်ကောင်မှာ ဖြည်းဖြည်းချင်း အောက်သို့ ဆင်းလာပြီး မြေပြင်ပေါ်တွင် နားလိုက်တော့သည်။
နောက်ထပ် စက္ကန့်အနည်းငယ် အကြာတွင် ယင်ကောင်လေးမှာ နောက်ဆုံး၌ အိပ်ပျော်သွားတော့သည်။
လုံချန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ရှေ့သို့ လှမ်းကာ အိုရိုင်ယွန်ကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်သည်။
သူသည် အခန်းတံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။
စင်္ကြံလမ်းတွင် အကြီးအကဲကျွင်းနှင့် ကျိရှန်းတို့ ရပ်နေသည်ကို တွေ့လိုက်ရသည်။ မင်ယုနှင့် ကျိချင်းတို့လည်း အပြင်ရောက်နေကြပြီ ဖြစ်သည်။
"နင်တို့ ဘယ်လိုဖြစ်ပြီး ဒီလောက်အမြန် အောင်မြင်သွားတာလဲ" လုံချန်းက အံ့သြတကြီး မေးလိုက်သည်။
သူတို့အားလုံး အပြင်သို့ ရောက်နှင့်နေသည်ကို တွေ့လိုက်ရသဖြင့် သူ မှင်တက်သွားရသည်။
"ကြည့်ရတာ မရီးတို့ နှစ်ယောက်လုံးက ကံကောင်းကြတာပဲ။ သူတို့က အရမ်းကို ယဉ်ပါးတဲ့ လမင်းယုန်ကို ရကြတာလေ။ အဲဒီယုန်တွေက ဒုက္ခအများကြီး မပေးဘဲ ဆေးလုံးကို စားလိုက်ကြတာ။ ဒါနဲ့ သူတို့ စမ်းသပ်မှု အောင်မြင်သွားတယ်" ကျိရှန်းက သူတို့ ကိုယ်စား ဝင်ပြောပေးလိုက်သည်။
"အစ်ကိုချန်းရော ဘယ်လိုလဲ?ဒ" သူက မေးမြန်းလိုက်သည်။
"ငါလည်း အောင်မြင်ပါတယ်။ အကြီးအကဲကျွင်း စစ်ဆေးကြည့်လို့ ရပါပြီ" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။
"ကဲ... ကြည့်ကြသေးတာပေါ့" အကြီးအကဲကျွင်းက တည်ငြိမ်သော လေသံဖြင့် ပြောကာ လုံချန်း ရွေးချယ်ခဲ့သည့် အခန်းထဲသို့ ဝင်သွားသည်။
လုံချန်းနှင့် အခြားသူများလည်း နောက်မှ လိုက်ဝင်သွားကြသည်။
"အစ်ကိုချန်း... သားရဲက ဘယ်မှာလဲ" အခန်းထဲတွင် ဘာသားရဲမှ မမြင်ရသဖြင့် ကျိရှန်းက အံ့သြတကြီး အော်ဟစ်လိုက်တော့သည်။
အခန်း (၂၆၀) ဇနီးသည်များ
အကြီးအကဲကျွင်းကမူ ထိုသားရဲကို အလွယ်တကူပင် သတိပြုမိသွားသည်။
သူသည် ထောင့်တစ်နေရာသို့ လျှောက်သွားပြီး လေဟာနယ် နတ်သမီး ယင်ကောင်လေးကို အသာအယာ ကောက်ယူကာ စစ်ဆေးကြည့်ရှုလိုက်သည်။
"နတ်သမီး ယင်ကောင်လေးကို ထိတွေ့ကိုင်တွယ်ထားတဲ့ ဘာဒဏ်ရာမှ မရှိပါလား။ မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ" သူက သံသယရှိသော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
"အကြီးအကဲကျွင်း ကျုပ်ကို ပေးလိုက်တဲ့ ဆေးလုံးကြောင့်ပါပဲ" လုံချန်းက ပြန်ဖြေသည်။
"လိမ်မနေနဲ့၊ နတ်သမီး ယင်ကောင်က ဆေးလုံးကို မစားနိုင်ဘူး၊ ပြီးတော့ သူတို့က လူသားတွေကိုလည်း မယုံကြည်ကြဘူး။ မင်း ဘယ်လိုလုပ်ခဲ့တာလဲ"
"ကျုပ် မလိမ်ပါဘူး အကြီးအကဲ။ သူက အကြီးအကဲရဲ့ ဆေးအာနိသင်ကြောင့် အိပ်ပျော်နေတာပါ" လုံချန်းက ပြုံးလျက် ပြန်ပြောသည်။
"ကောင်းပြီလေ၊ ဒါဆိုရင် မင်း သူ့ကို ဆေးလုံး ဘယ်လိုကျွေးခဲ့လဲဆိုတာ ပြောပြစမ်း" အကြီးအကဲကျွင်းက မယုံကြည်သေးဘဲ ထပ်မေးသည်။
"ရိုးရိုးလေးပါ။ နတ်သမီးယင်ကောင်တွေက အိပ်ပျော်နေတဲ့ လူသား ဒါမှမဟုတ် သားရဲတွေရဲ့ သွေးကို စုပ်ယူတတ်တယ်ဆိုတာ သိထားပြီးသားပါ။ အဲဒီ ဗဟုသုတကို ကျွန်တော် အခွင့်ကောင်းယူလိုက်တာပါ" လုံချန်းက ဆိုသည်။
အကြီးအကဲကျွင်ယ၏ မျက်နှာထားမှာ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည့်အလား ပြောင်းလဲသွားသည်။
"ဒါဆို မင်း ဆိုလိုတာက... မင်းကိုယ်တိုင်..." သူက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ဟုတ်ပါတယ်။ ကျုပ် ကိုယ်တိုင် ဆေးလုံးကို စားပြီး အိပ်ပျော်သွားခဲ့တာပါ။ အဲဒီနောက် ဘာဖြစ်သွားလဲဆိုတာ ကျုပ် မသိပေမဲ့၊ နတ်သမီး ယင်ကောင်က ကျုပ်သွေးကို စုပ်ယူပြီး အိပ်ပျော်သွားတာကတော့ ရှင်းနေတာပဲ မဟုတ်လား" လုံချန်းက အကြီးအကဲကျွင်း၏ စကားကို ဖြည့်စွက်ပေးလိုက်သည်။
"အံ့သြစရာပဲ၊ တကယ့်ကို အံ့သြစရာပဲ။ မင်းရဲ့ ဗဟုသုတ ကြွယ်ဝမှုကို ငါ တော်တော် သဘောကျမိတယ် လူငယ်လေး။ လေဟာနယ် နတ်သမီးယင်ကောင် ဒါမှမဟုတ် သူတို့ရဲ့ အလေ့အထအကြောင်းကို သိတဲ့သူ သိပ်မရှိဘူး၊ ဒါပေမဲ့ မင်းကတော့ သိနေတာပဲ"
"ဒါကတော့ မင်းရဲ့ ယာယီတပည့် တံဆိပ်ပြားပဲ။ သေချာ သိမ်းထားပါ။ မင်းသာ ဒီဂိုဏ်းထဲမှာ ဆက်ရှိနေမယ်ဆိုရင် ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ နောက်ရက် နည်းနည်းလောက်နေရင် ကျင်းပမယ့် တပည့်ရွေးချယ်ပွဲမှာ မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ မျှော်လင့်နေမယ်"
အကြီးအကဲကျွင်းမှာ လုံချန်းကို ဆက်တိုက် ချီးကျူးနေတော့သည်။ သူသည် သားရဲများအကြောင်း ဗဟုသုတရှိသူများကို သဘောကျတတ်ပြီး လုံချန်းမှာ ထိုကဲ့သို့သော သူတစ်ဦးဖြစ်သည်ဟု သူ ယူဆလိုက်သည်။ သူသည် ချက်ချင်းပင် ယာယီတပည့် တံဆိပ်ပြားကို လုံချန်းအား ပေးလိုက်သည်။
မင်ယုနှင့် အခြားသူများမှာလည်း သူတို့၏ တံဆိပ်ပြားများကို ရရှိထားပြီးသား ဖြစ်သည်။
"ငါ့နောက် လိုက်ခဲ့ကြ၊ ငါ မင်းတို့ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ သူက မင်းတို့ တည်းခိုဖို့အတွက် စီစဉ်ပေးလိမ့်မယ်"
"မင်းတို့က ယာယီတပည့်တွေပဲ ဖြစ်သေးတဲ့အတွက် ပညာရပ်ခန်းမထဲက ပညာရပ်တွေကို ရွေးချယ်ခွင့်ရတာမျိုးလို တပည့်အစစ်အမှန်တွေရဲ့ အခွင့်အရေးအားလုံးကိုတော့ ရဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဆရာတွေ သင်ကြားတဲ့ အတန်းတွေကိုတော့ တက်ရောက်နိုင်ပါတယ်"
အကြီးအကဲကျွင်းက ရှေ့မှ လျှောက်သွားပြီး အခြားသူများက နောက်မှ လိုက်သွားကြသည်။ ခဏအကြာတွင် အကြီးအကဲကျွင်းမှာ လှပသော အဆောက်အဦးတစ်ခု ရှေ့တွင် ရပ်လိုက်သည်။
"ငါက ပြစ်ဒဏ်ပေး အကြီးအကဲပဲ၊ ဒါကတော့ ပြစ်ဒဏ်ပေး ခန်းမပေါ့။ ဂိုဏ်းထဲမှာ တစ်ခုခု ပြဿနာရှိရင် ငါ့ဆီ လာခဲ့လို့ ရတယ်" အကြီးအကဲကျွင်းက အဆောက်အဦးကို ညွှန်ပြရင်း ပြောလိုက်သည်။
"အကြီးအကဲကျွင်း... အကြီးအကဲရဲ့ သတင်းစကားကို ကျွန်မ ရပါတယ်။ ကျွန်မ ဘာမှားလုပ်မိလို့လဲ။ စီချွမ်း ပြောတာတွေ တစ်ခုမှ မဟုတ်ပါဘူးလို့ ကျွန်မ ကျိန်ဆိုရဲပါတယ်။ ကျွန်မ သူ့ကို မရိုက်ပါဘူး၊ သူက လေ့ကျင့်နေတုန်း တောရိုင်းသားရဲ အတိုက်ခံရတာပါ။ ကျွန်မက သူ့ကို ကယ်ခဲ့တာပဲ ရှိတာ"
စိုးရိမ်ပူပန်နေပုံရသော မိန်းကလေးတစ်ဦးမှာ ပြေးလာပြီး အကြီးအကဲကျွင်း အနားတွင် ရပ်လိုက်သည်။ သူမမှာ အမောတကော ဖြစ်နေသော်လည်း စကားပြောသည်ကို မရပ်တန့်ပေ။
ထိုမိန်းကလေးမှာ အသက် ၂၀ ခန့်သာ ရှိဦးမည်။ သူမမှာ အတော်လေး အရပ်ရှည်ပြီး ၅ ပေ ၁၀ လက်မခန့် ရှိသဖြင့် မင်ယုနှင့် ကျိချင်းတို့ထက်ပင် အရပ်ပိုရှည်နေသည်။
သူမသည် သူမ၏ ကိုယ်လုံးကိုယ်ပေါက် အလှအပကို ပေါ်လွင်စေသော အနီရောင် ဝတ်စုံကျပ်ကျပ်ကို ဝတ်ဆင်ထားသည်။ သူမ၏ ရင်သားအလှမှာ ထိုဝတ်စုံကျပ်ကျပ်အောက်တွင် ပိုမို သိသာထင်ရှားနေသည်။
လုံချန်းသည် သူမ၏ အလှအပကို တစ်ချက်မျှ မြင်လိုက်ရသည်။ ထိုမိန်းကလေးမှာ ဝတ်စုံအောက်တွင် ဘာမှ ဝတ်ဆင်ထားပုံ မရပေ။ လုံချန်းက ခိုးကြည့်မိသော်လည်း သိပ်တော့ မသိသာအောင် ထိန်းထားသည်။
'ယောကျ်ားတွေကတော့ ဘယ်တော့မှ သင်ခန်းစာ မရဘူးပဲ' သူ၏ စိတ်ထဲတွင် ရွှင်း၏ လှောင်ပြောင်သံကို ကြားလိုက်ရသည်။ လုံချန်း၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသော်လည်း ပြန်မဖြေခဲ့ပေ။
"တိတ်စမ်း။ ငါ နင့်ကို ခေါ်တာ အဲဒါကြောင့် မဟုတ်ဘူး။ ဒီလူတွေကို လိုက်ပြပေးဖို့ ခေါ်တာ" အကြီးအကဲကျွင်းက ထိုမိန်းကလေးကို ကြည့်ကာ ပြောလိုက်သည်။
"သူတို့က ငါတို့ သားရဲခန်းမရဲ့ ယာယီတပည့်သစ်တွေပဲ။ သူတို့ကို ဂိုဏ်းအနှံ့ လိုက်ပြပေး၊ ပြီးတော့ ဂိုဏ်းရဲ့ အခြေခံ ဗဟုသုတတွေနဲ့ စည်းကမ်းတွေကို သင်ပြပေးလိုက်။ အဲဒါတွေ ပြီးရင်တော့ သူတို့ကို ယာယီတပည့်တွေနေတဲ့ အဆောင်ဆီ ခေါ်သွားလိုက်" လုံချန်းနှင့် အခြားသူများကို ညွှန်ပြရင်း ဆက်ပြောသည်။
အကြီးအကဲကျွင်းက သူမကို အပြစ်ပေးရန် ခေါ်ခြင်းမဟုတ်မှန်း သိလိုက်ရသဖြင့် မိန်းကလေးမှာ စိတ်အေးသွားပုံရသည်။
"ဒါပေမဲ့ အကြီးအကဲကျွင်း... ကျွန်မမှာ ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာ ရှိသေးတယ်။ တခြားတစ်ယောက်ယောက်ကိုပဲ ခိုင်းလိုက်ပါလား" သူမက ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ကာ ထွက်သွားရန် ကြိုးစားလိုက်သည်။
သူမ၏ အမူအရာကို မြင်လိုက်ရသည့်အခါ အကြီးအကဲကျွင၏ မျက်နှာတွင် စိတ်ပျက်သော အရိပ်အယောင် ပေါ်လာသည်။
"ဟုတ်လား၊ ငါထင်တာတော့ စီချွမ်းရဲ့ တိုင်တန်းချက်က မှန်နေပုံရတယ်။ နင် သူ့ကို အကြောင်းမဲ့ ရိုက်ခဲ့တာပဲ။ သူ့အတွက် တရားမျှတမှု ရအောင် ငါ ဘာလုပ်ပေးရမလဲဆိုတာ ကြည့်ရသေးတာပေါ့" သူက တည်တည်တံ့တံ့ လေသံဖြင့် ပြောလိုက်သည်။
မိန်းကလေးမှာ ခြေလှမ်းရပ်သွားပြီး ဖော်ရွေသော အပြုံးဖြင့် ပြန်လှည့်လာသည်။
"ဪ... နောက်တာပါ အကြီးအကဲရယ်။ ကျွန်မက နောက်လိုက်တာပါ။ သေချာပေါက် သူတို့ကို လိုက်ပြပေးမှာပေါ့။ သူတို့က ကျွန်မတို့ ဂိုဏ်းအတွက် အရေးပါတဲ့ တပည့်သစ်တွေပဲဟာ" သူမက ပြောလိုက်သည်။
"ကောင်းပြီ။ နင့်အကြောင်း တစ်ယောက်ယောက်က လာတိုင်တာနဲ့တင် နင့်ကို ဒီပြစ်ဒဏ်ပေး ခန်းမမှာ နေ့တိုင်း သန့်ရှင်းရေး လုပ်ခိုင်းမှာနော်။ အဲဒါကြောင့် အလုပ်ကို သေချာလုပ်" အကြီးအကဲကျွင်းက ဆိုသည်။
"ဟုတ်ကဲ့ပါ အကြီးအကဲ" သူမက အပြုံးဖြင့် ပြန်ဖြေလိုက်သော်လည်း စိတ်ထဲတွင်တော့ သူမ၏ ကံဆိုးမှုကို ကျိန်ဆဲနေလေသည်။
"ကံကောင်းကြပါစေ ကလေးတို့" အကြီးအကဲကျွင်းက အခြားသူများကို နှုတ်ဆက်ကာ ပြစ်ဒဏ်ပေးရေး ခန်းမအတွင်းသို့ ဝင်သွားတော့သည်။
"ဟူး... နောက်ဆုံးတော့ သူ သွားပြီ" ထိုမိန်းကလေးက သက်ပြင်းချရင်း ပြောသည်။
သူမသည် လုံချန်းနှင့် အခြားသူများကို ကြည့်လိုက်သည်။
"ကဲ... ငါ နင်တို့ကို ဂိုဏ်းအနှံ့ လိုက်ပြပေးရမယ်ပေါ့။ ငါ့နာမည်က မီကန်ပါ" သူမက သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ သူမသည် ရှောင်လွှဲ၍ မရတော့မှန်း သိလိုက်သဖြင့် အလုပ်ကို ကောင်းကောင်းလုပ်ရန် ဆုံးဖြတ်လိုက်ပုံရသည်။
"နင်တို့ နာမည်တွေက ဘယ်သူလဲ" သူမက ထပ်မေးသည်။
"ကျွန်တော်က ကျိရှန်းပါ"
"ကျွန်တော်က လုံချန်း"
"ကျွန်မက မင်ယုပါ"
"ကျွန်မက ကျိချင်းပါ"
သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ကြသည်။
"ဪ... မောင်လေးချန်းက တော်တော် ချစ်ဖို့ကောင်းတာပဲ။ လာ... အစ်မနားကို ကပ်နေနော်" ထိုမိန်းကလေးက ပြောပြောဆိုဆို လုံချန်း၏ လက်ကို ဆွဲကာ သူမအနားသို့ ဆွဲခေါ်လိုက်သည်။
လုံချန်းမှာ သူမအနားတွင် ရပ်နေရသဖြင့် သူမဆီက ထွက်ပေါ်လာသော မွှေးပျံ့သည့် အနံ့ကို ခံစားလိုက်ရသည်။
"ဒါက နည်းနည်း မသင့်တော်ဘူးလို့ မထင်ဘူးလား မီကန်မမ" ကျိချင်းက စိတ်ပျက်လက်ပျက် လေသံဖြင့် ဖြတ်ပြောလိုက်သည်။
အမှန်တကယ်တွင် မင်ယုနှင့် ကျိချင်း နှစ်ယောက်လုံး စိတ်တိုနေကြသော်လည်း ကျိချင်းက ဦးအောင် ပြောလိုက်ခြင်း ဖြစ်သည်။
"ဟင်... အဆင်ပြေပါတယ်၊ မဟုတ်ဘူးလား။ သူကိုယ်တိုင်တောင် ဘာမှ မပြောတာပဲ။ ဒါနဲ့ နင်က ဘာလို့ သူ့အကြောင်းကို ဂရုစိုက်နေရတာလဲ" သူမက သူမ၏ လှပသော မျက်နှာတွင် သဘောကျနေသော အပြုံးဖြင့် မေးလိုက်သည်။
ကျိရှန်းက သူမ၏ စကားကို ကြားလိုက်ရသည့်အခါ မချိပြုံး ပြုံးလိုက်မိသည်။
"ဪ... မမ မသိသေးလို့ပါ။ သူတို့ နှစ်ယောက်လုံးက အစ်ကိုချန်းရဲ့ ဇနီးသည်တွေလေ" သူက ထိုမိန်းကလေးကို ပြန်ဖြေလိုက်သည်။
မီကန်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ သိသိသာသာ မှင်တက်သွားပြီး မယုံနိုင်စရာ ကောင်းလှသည့် မျက်နှာထားဖြင့် လုံချန်းကို ကြည့်လိုက်တော့သည်။